အထွေထွေညီလာခံ
ဧဝံဂေလိသတင်းကောင်းလမ်းညွှန်
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


10:39

ဧဝံဂေလိသတင်းကောင်းလမ်းညွှန်

ယေရှုခရစ်‌တော်ကို သင့်ဘဝထဲပိုထည့်လိုက်ခြင်းက ဘယ်လိုမျိုးဖြစ်နိုင်ပါသလဲ။

ကျွန်တော်တို့ရဲ့ ဇာတိပြည်နယ်ဖြစ်တဲ့ လီဝီစီယားနားပြည်နယ်ကို သင်အလည်ရောက်ဖူးတယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ အရသာရှိတဲ့ ဟင်းပွဲတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ—ဂန်ဘို၊ ဂျန်ဘလိုင်ယာ၊ အေတူဖေးရ် ပြီးတော့ စာရင်းထဲမှာနောက်ထပ်အများကြီး ရှိနေပါသေးတယ်။

တစ်ခါတစ်ရံမှာ၊ ဒီအရသာရှိတဲ့ချက်ပြုတ်နည်းတစ်ခုကို ချက်ကြည့်ဖို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ပါဝင်ပစ္စည်းတွေအကုန်လုံးရောနှောပြီး အသေးစိတ်ညွှန်ကြားချက်တွေကို လိုက်လုပ်ပြီးနောက်မှာ စာရင်းထဲမှာမပါတဲ့ နောက်ဆုံးအဆင့်ကတော့ နောက်ဆုံးအကြိမ်အရသာမြည်းကြည့်ပြီး တစ်ခုခုလိုနေသေးလားကြည့်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ၊ ခါရီးယိုလူမျိုး ချက်ပြုတ်ရေးပါရမီရှင်တွေက ကျွန်တော့်နား နားမှာ “အဲထဲကို Tony’s ပိုထည့်လိုက်” လို့တိုးတိုးလေးပြောနေတာကို ကျွန်တော်ကြားနေရပါတယ်။ Tony’s ဆိုတာက ကျွန်တော့်ဇာတိမြို့၊ အာပလူ့စစ်၊ လီဝီစီယားနားပြည်နယ်မှာ လုပ်တဲ့ ခါရီးယိုအရသာမှုန့်တစ်မျိုးဖြစ်ပါတယ်။ ချက်ပြုတ်နည်းကို လိုက်လုပ်ကြည့်နေချိန်မှာ ဖြစ်လာတဲ့မပြည့်စုံတဲ့အရသာကိုဖြည့်စွက်ဖို့အတွက် “လျှို့ဝှက်ပါဝင်ပစ္စည်း” အဖြစ် အဲဒါကိုမကြာခဏ သုံးကြပါတယ်။

ကျွန်တော့်ဇနီး၊ မက်ရှယ်လ်နဲ့ ကျွန်တော်က လီဝီစီယားနားပြည်နယ်မှာ သာသနာခေါင်းဆောင်တွေအဖြစ် အမှုတော်ဆောင်ခွင့်ရတာကို ဂုဏ်ယူခဲ့မိပါတယ်။ သာသနာပြုတွေသူတို့မိသားစုတွေဆီမပြန်ခင် သူတို့ရဲ့နောက်ဆုံးည သာသနာအိမ်မှာ သူမရဲ့ အထူးဂျန်ဘလိုင်ယာချက်ပြုတ်နည်းကို သာသနာပြုတွေကိုသင်ပေးတဲ့ အလေ့အကျင့်တစ်ခု ကျွန်တော်တို့မှာရှိခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်အကြောင်း သူတို့ရဲ့သက်သေခံချက်တွေအပြင်၊ ကျွန်တော်တို့ရဲ့ သာသနာပြုတွေက ချက်ပြုတ်နည်းတွေအတွက် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ပါ သာသနာပြုခြင်းမှ အိမ်ပြန်သွားကြပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်က၊ အသင်းတော်မီဒီယာစာကြည့်တိုက်မှာ ကျွန်တော်လျှောက်ဖတ်ကြည့်နေတုန်း Restoration Conversations with President Russell M. Nelson. [ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်နှင့် ပြန်လည်ဆောင်ယူခြင်းစကားဝိုင်းများ] လို့ခေါ်တဲ့ ဗီဒီယိုအတိုပေါင်းချုပ်ရဲ့ လင့်ဒ်တစ်ခုကို တွေ့ခဲ့ပါတယ်။ စာရင်းမှာရှိတဲ့ဗီဒီယိုအတိုတွေထဲကတစ်ခုရဲ့ ခေါင်းစဥ်က ကျွန်တော့်အာရုံကိုဖမ်းစားခဲ့ပြီး ကျွန်တော့်ကို ပြုံးစေခဲ့ပါတယ်။ အဲဒါကို “Scriptures Are God’s Recipes for Happy Living” [ကျမ်းစာများသည် ပျော်ရွှင်စွာနေထိုင်ခြင်းအတွက် ဘုရားသခင်၏လမ်းညွှန်များဖြစ်ပါသည်] လို့ခေါ်ပါတယ်။ ကျွန်တော်ချက်ချင်းပဲ အဲဒီနှစ်မိနစ်ကြာဗီဒီယိုကိုနှိပ်ပြီး ဥက္ကဋ္ဌ နယ်လ်ဆင်က မူလတန်းကလေးတစ်ဖွဲ့ကို ဘယ်လိုပျော်ရွှင်ရမလဲဆိုတဲ့အကြောင်းသင်ကြားပေးတဲ့ ရိုးရှင်းပြီးအားကောင်းတဲ့ သတင်းစကားကိုကြည့်ခဲ့ပါတယ်။ သူသင်ပေးခဲ့တာကတော့၊ “ကလေးတို့ ကိတ်မုန့်လုပ်တဲ့အခါမှာ၊ လမ်းညွှန်ချက်တွေကိုလိုက်လုပ်တယ်၊ ဟုတ်တယ်မလား။ ပြီးတော့ အမြဲတမ်း ကောင်းတဲ့ရလဒ်ကို ရကြတယ်၊ ဟုတ်တယ်မလား။”

မကြာခင် အသက် ၉၅နှစ်ပြည့်တော့မယ့်အကြောင်းပြောရင်း သူဆက်ပြောပါတယ်၊ “လူတွေကမေးကြတယ်၊ ‘သင်ဘာစားသလဲ။ သင့်ရဲ့လျှို့ဝှက်ချက်ကဘာလဲ။’” သူပြန်ဖြေပါတယ်၊ “လျှို့ဝှက်ချက်ကတော့ ကျမ်းစာတွေလို့ခေါ်ပါတယ်။ သင်တို့လည်း ဖတ်ကြည့်ပြီး စမ်းကြည့်လို့ရပါတယ်။”

ဟုတ်ပါတယ်၊ အဲတာပါပဲ။ ပျော်ရွှင်စွာနေထိုင်ခြင်းရဲ့ ရိုးရှင်းတဲ့လျှို့ဝှက်ချက်က ကျမ်းစာတွေထဲမှာအသေးစိတ်ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ရဲ့လမ်းညွှန်ချက်ကို လိုက်နာဖို့ပါပဲခင်ဗျာ။ ကျွန်တော်က ဒါကို “ဧဝံဂေလိသတင်းကောင်းလမ်းညွှန်” လို့ခေါ်ပါတယ်။

ချက်ပြုတ်နည်းကို လိုက်လုပ်တဲ့အခါ တစ်ခုခုမှားသွားရင် သင်ဘာလုပ်ပါသလဲ။ ဟုတ်ပါတယ်၊ နောက်ဆုံးမှာ သင်အမြဲတမ်း ကောင်းမွန်စွာရရှိဖို့သေချာစေတာကတော့ ဧဝံဂေလိသတင်းကောင်းလမ်းညွှန်ထဲမှာ ထည့်သွင်းထားတဲ့ “လျှို့ဝှက်ပါဝင်ပစ္စည်း”ပဲဖြစ်ပါတယ်။ အဖြေကတော့ အမြဲယေရှုခရစ်တော်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့ရဲ့ပါဝင်ပစ္စည်းတွေက သိပ်မကောင်းဘူးလို့ခံစားရတာ၊ ဒါမှမဟုတ် လမ်းညွှန်ချက်တွေအတိုင်းလိုက်လုပ်ဖို့အခက်တွေ့တာ၊ ဒါမှမဟုတ် တစ်ခုခုကိုအစီအစဥ်အတိုင်းမလုပ်လိုက်တာ၊ ဒါမှမဟုတ် ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့အရာတစ်ခုခုဖြစ်သွားတာ၊ ပြီးတော့ နောက်ထပ် ဒီလိုမျိုးတွေဖြစ်တဲ့ အချိန်တွေရှိကြတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဖြေရှင်းနည်းက ဘာဖြစ်ပါသလဲ။ အဲဒါကတော့ သင့်ရဲ့ဘဝထဲမှာ ယေရှုခရစ်‌တော်ကိုဖိတ်ခေါ်မယ့် အရာတွေကို ရိုးရှင်းစွာထပ်ထည့်ဖို့ပါပဲ။

ဒါဆို၊ ယေရှုခရစ်‌တော်ကို သင့်ဘဝထဲပိုထည့်လိုက်ခြင်းက ဘယ်လိုမျိုးဖြစ်နိုင်ပါသလဲ။

သာသနာဥက္ကဋ္ဌတစ်ဦးအနေနဲ့ အမှုတော်ထမ်းဆောင်နေချိန်မှာ၊ ကျွန်တော်တို့ရဲ့လူငယ်သာသနာပြုတစ်ယောက်ချင်းစီနဲ့ ခြောက်ပတ်တစ်ခါ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တာကို ကျွန်တော်ဝမ်းမြောက်မိပါတယ်။ တစ်ဦးချင်းတွေ့ဆုံတဲ့ အစည်းအဝေးရှိကြတဲ့အခါ၊ သာသနာပြုတွေအတွက် သူတို့ရဲ့ အလုပ်‌ဖော်နဲ့ ထိရောက်သောဆက်ဆံရေးကို ဘယ်လိုတိုးတက်နိုင်ကြောင်း လမ်းညွှန်ချက်ရှာဖွေရတာက သူတို့အတွက် ပုံမှန်ပဲဖြစ်ပါတယ်။

တစ်ခါ အဲ့လိုအစည်းအဝေးမျိုးမှာ၊ သာသနာပြုတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်လူတွေ့မေးမြန်းခြင်းအတွက် ဝင်လာပြီး ခုံမှာထိုင်လိုက်ပါတယ်။ သူ့ရဲ့ကိုယ်ခန္ဓာအမူအရာကနေ သူ့စိတ်ထဲမှာ ကြီးကြီးမားမားလေးလံနေတဲ့တစ်စုံတစ်ခုရှိတယ်ဆိုတာ ကျွန်တော်ပြောနိုင်ခဲ့ပါတယ်။ ကျွန်တော်မေးခဲ့ပါတယ်၊ “အယ်လ်ဒါ၊ ဒီနေ့ဘာကိုဆွေးနွေးချင်ပါသလဲ။” သူက သူ့ရဲ့အလုပ်ဖော်နဲ့ ကြုံတွေ့နေရတဲ့အခက်အခဲအချို့နဲ့ အဲဒါကသာသနာပြုလုပ်ငန်းဆောင်ရွက်ဖို့ သူတို့ရဲ့စွမ်းရည်ကို ဘယ်လိုထိခိုက်စေကြောင်း ဖော်ပြခဲ့ပါတယ်။ သူ့မျက်လုံးထဲမှာမျက်ရည်တွေနဲ့၊ သူက ကျွန်တော့်ကိုကြည့်ပြီးမေးပါတယ်၊ “ဥက္ကဋ္ဌ၊ ကျွန်တော်ဘာလုပ်သင့်ပါသလဲ။”

အဲဒီအချိန်အခိုက်အတန့်မှာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဘယ်လို ပြန်ဖြေရမလဲမသိခဲ့ပါဘူး။ အချိန်ခဏကြာပြီးနောက်၊ ဝိညာဥ်တော်ထံမှ လမ်းပြမှုအတွက် ကျွန်တော်တို့အတူတူ ဒူးထောက်ဆုတောင်းလို့ရမလားလို့ ကျွန်တော်သူ့ကိုမေးခဲ့ပါတယ်။ သူသဘောတူခဲ့ပါတယ်၊ ကျွန်တော်တို့အတူတူဒူးထောက်ပြီး လမ်းပြလှုံ့ဆော်မှုအတွက် ဆုတောင်းခဲ့ကြပါတယ်။

ဆုတောင်းပြီးတဲ့‌နောက်မှာ၊ ကျွန်တော်တို့ ခဏတာဆက်ဒူးထောက်နေခဲ့ကြပြီး နောက်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ထိုင်ခုံပေါ်မှာထိုင်လိုက်ကြပါတယ်။ ကျွန်တော်တို့ အတူတူကျမ်းစာတစ်ခုဖတ်လို့ ရမလားလို့ ကျွန်တော်မေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ကျမ်းစာတွေကိုဖွင့်လိုက်တဲ့အခါမှာ၊ ကျွန်တော်ခဏရပ်ပြီးသူ့ကို ပြောလိုက်ပါတယ်၊ “အယ်လ်ဒါ၊ ကျွန်တော်တို့ဒီကျမ်းစာကိုဖတ်တဲ့အခါ၊ သင့်ကိုယ်သင်ဒီမေးခွန်းကို‌မေးပါ၊ ကျွန်တော်ဒီဂုဏ်ရည်တွေအတိုင်းနေထိုင်မယ်ဆိုရင်၊ ကျွန်တော့်ရဲ့ အလုပ်ဖော်ဆက်ဆံရေးနဲ့ သာသနာပြုလုပ်ငန်းတိုးတက်လာမလား။”

အဲဒီနောက် ကျွန်တော်တို့ မော်ရော်နိုင်း ၇:၄၅ကိုဖွင့်ပြီး အသံထွက်ဖတ်လိုက်ပါတယ်၊ “မေတ္တာ​သည်​ကား၊ စိတ်ရှည်​တတ်၏၊ ထို့အတူ ကြင်​နာ​တတ်၏၊ ထို့အတူ ငြူစူခြင်း​မရှိ၊ ထို့အတူ မာန​ထောင်​လွှားခြင်း မရှိ၊ ကိုယ်​ကျိုး​မ​ရှာ​တတ်၊ လွယ်ကူစွာ အမျက်​မထွက်​စေတတ်၊ မကောင်းမှုကို မတွေး​တတ်၊ ထို့အတူ ဒုစရိုက်၌ ရွှင်​လန်း​ဝမ်း​မြောက်ခြင်း​မရှိ၊ သို့ရာတွင် သမ္မာ​တရား၌ ရွှင်​လန်း​ဝမ်း​မြောက်​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို သည်း​ခံ​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို ယုံ​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို မျှော်လင့်​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို ကြံ့​ကြံ့​ခံ​တတ်၏။”

အဲဒီနောက် အယ်လ်ဒါကမျက်လုံးမှာ မျက်ရည်တွေနဲ့ ကျွန်တော့်ကိုကြည့်ပြီး ပြောပါတယ်၊ “ဟုတ်ပါတယ်၊ ဥက္ကဋ္ဌ၊ ဒါပေမယ့် အဲဒါကလုပ်ဖို့ခက်ပါတယ်။” ကျွန်တော်သဘောတူခဲ့ပြီးတော့ သူက ဒါကိုကိုယ်တော်ရှင်နဲ့အတူတူလုပ်နိုင်တဲ့ မြင့်မြတ်တဲ့အလားအလာရှိတဲ့ ဘုရားသခင်ရဲ့သားတစ်ဦးဖြစ်ကြောင်း ကျွန်တော်သူ့ကိုသတိပေးခဲ့ပါတယ်။

အဲဒီနောက် ကျွန်တော်တို့ကို ကျွန်တော်တို့ရှိနေတဲ့နေရာမှာ စဖို့လိုပြီးတော့ ကိုယ်တော်ရှင်နဲ့အတူတကွ အပြုသဘောဆောင်တဲ့လမ်းကြောင်းကို ရှေ့ဆက် တက်လျက်ရွေ့လျားဖို့လိုအပ်ကြောင်း သတိပေးတဲ့ ခုနစ်ကျိပ်ဝင် အသင်းလူကြီး ခလာ့ခ် ဂျီ၊ ဂီလ်ဘာ့တ် သင်ကြားခဲ့တဲ့ လျောစောက်ရဲ့ပုံဥပမာကို ကျွန်တော်တို့ အကျဥ်းချုပ်ဆွေးနွေးခဲ့ကြပါတယ်။ နောက်ထပ်အဆင့်တွေနဲ့ သူနည်းနည်းစိတ်မွန်းကျပ်နေသေးတယ်ဆိုတာ ကျွန်တော်ခံစားမိပါတယ်၊ ဒါကြောင့် “သေးငယ်၍ရိုးရှင်းသောအမှုများအားဖြင့်၊ ကြီးစွာသောအမှုများပြီးမြောက်၏” ဆိုတဲ့ကျမ်းစာအပေါ် သူ့ရဲ့နားလည်မှုကိုဖော်ပြဖို့ ကျွန်တော်သူ့ကိုတောင်းဆိုခဲ့ပါတယ်။” သူက သေးငယ်ပြီးရိုးရှင်းတဲ့အရာတွေလုပ်ခြင်းဖြင့် ကြီးမားတဲ့အရာတွေဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကို ဆက်လက်ရှင်းပြခဲ့ပါတယ်။ အချိန်တစ်မိနစ်ယူပြီးတော့ သူ့ရဲ့အလုပ်ဖော်ကို ကြင်နာဖို့အတွက် သူလုပ်နိုင်တဲ့ သေးငယ်ပြီးရိုးရှင်းတဲ့ အရာနှစ်ခုကို ဖော်ထုတ်ဖို့ ကျွန်တော်တောင်းဆိုခဲ့ပါတယ်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ၊ သူ့ရဲ့အတွေးတွေကို သူဝေငှလာပါတယ်။ အဲဒီနောက် အချိန်တစ်မိနစ်ယူပြီးတော့ သူ့ရဲ့ အလုပ်ဖော်ကို စိတ်ရှည်ဖို့အတွက် သူလုပ်နိုင်တဲ့ ရိုးရှင်းပြီးသေးငယ်တဲ့ အရာနှစ်ခုကို ဖော်ထုတ်ဖို့ ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့အတွေးနှစ်ခုကို ချက်ချင်းဆိုသလိုပဲ သူဝေငှခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အစည်းအဝေးမတိုင်ခင်ကတည်းက သူဒါကို တွေးတောနေခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။ အဲဒီအရာအချို့ကို ဘုရားသခင်ထံ ဆုတောင်းချက်နဲ့ ယူဆောင်သွားပြီး အတည်ပြုခြင်း၊ လမ်းပြခြင်းနဲ့ သူ့ရဲ့အစီအစဥ်ကို စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့အပေါ် လမ်းပြလှုံ့ဆော်မှုအတွက် မေးမြန်းဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ သူသဘောတူခဲ့ပါတယ်။ ကျွန်တော်တို့အပြီးသတ်လိုက်တဲ့အခါ၊ သူ့ရဲ့အပတ်စဉ်စာထဲမှာ အတိုချုပ်အခြေအနေရေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်ထပ်ရက်သတ္တပတ်အနည်းငယ်ကုန်လွန်သွားချိန်မှာ၊ သူ့ရဲ့အပတ်စဥ်စာထဲမှာ ကိစ္စရပ်တွေ တိုးတက်နေကြောင်း ကျွန်တော်တွေ့နိုင်ခဲ့ပါတယ်။ ဒီတိုးတက်မှုကို သူ့ရဲ့အပတ်စဥ်စာတွေမှာသာမက၊ သူ့အလုပ်ဖော်ရဲ့ အပတ်စဥ်စာတွေမှာလည်း ကျွန်တော်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်လူချင်းတွေ့ရတဲ့အစည်းအဝေးမှာ၊ သူ့ရဲ့ မျက်နှာထားနဲ့ ဝိညာဥ်မှာ နေ့နဲ့ညသဖွယ်ပြောင်းလဲမှုကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ ကျွန်တော်သူ့ကို‌မေးခဲ့ပါတယ်၊ “ဒါဆို၊ အယ်လ်ဒါ မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏ ဆိုတာ မှန်ပါသလား။” သူက အပြုံးနဲ့ပြန်ပြောခဲ့ပါတယ်၊ “ဟုတ်ပါတယ်၊ ပြီးတော့ သေးငယ်၍ ရိုးရှင်းသော​အမှုများ​အားဖြင့်၊ ကြီးစွာသော​အမှုများ ပြီးမြောက်”ပါတယ်။

သင်ဟာ ပျော်ရွှင်စွာနေထိုင်ခြင်းအတွက် ဧဝံဂေလိသတင်းကောင်းလမ်းညွှန်ကို လိုက်လျှောက်တာနဲ့အမျှ၊ ဥက္ကဋ္ဌ နယ်လ်ဆင်ရဲ့ သင်ကြားချက်ကို သတိရပါ၊ “သင့်မှာ ဘယ်လိုမေးခွန်းတွေ သို့မဟုတ် ဘယ်လိုပြဿနာတွေရှိနေပါစေ၊ အဖြေကို ယေရှုခရစ်တော်၏ အသက်တာနှင့် သွန်သင်ချက်တွေမှာ အမြဲတွေ့နိုင်ပါတယ်။ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာ၊ မေတ္တာ၊ ကရုဏာ၊ ဩဝါဒနှင့် ပြန်လည်ဆောင်ယူထားသော အနာငြိမ်းခြင်းနှင့်တိုးတက်မှု ဧဝံဂေလိတရားတော်အကြောင်း ပိုမိုလေ့လာပါ။ သူ့ထံသို့ လှည့်ပါ။ သူ့နောက် လိုက်လျှောက်ပါ။”

သင်က “သူ့ကို နားထောင်”ဖို့ နဲ့ သင့်ရဲ့အသက်တာထဲ ယေရှုခရစ်တော်ကိုဘယ်လို ဖိတ်ခေါ်ရမလဲဆိုတာသိဖို့ လိုအပ်တဲ့အခါမှာ၊ ကိုယ်ပိုင်ဗျာဒိတ်တော်အကြောင်း ဥက္ကဋ္ဌ နယ်လ်ဆင် ကျွန်တော်တို့ကိုသင်ကြားပေးခဲ့တဲ့ အဆင့်တွေကို လိုက်လျှောက်ဖို့ စဥ်းစားကြည့်ပါ။

“သင်ပုံမှန်သွားလို့ရတဲ့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာပါ။ ဘုရားသခင်ရှေ့မှာ သင့်ကိုယ်သင်နှိမ့်ချပါ။ သင့်ရဲ့နှလုံးသားကို သင့်ရဲ့ ကောင်းကင်ဘုံရှင်အဘထံမှာ သွန်းလောင်းပါ။ အဖြေတွေနဲ့ နှစ်သိမ့်မှုအတွက် ကိုယ်တော့်ဆီကိုလှည့်ပါ။

“သင့်ရဲ့ စိုးရိမ်မှုတွေ၊ သင်ရဲ့ ကြောက်ရွံ့မှုတွေ၊ သင့်ရဲ့အားနည်းချက်တွေ—ဟုတ်ပါတယ်၊ သင့်နှလုံးသားရဲ့ အမှန်တောင့်တမှုတွေရဲ့ အကြောင်းကို ယေရှုခရစ်တော်၏နာမတော်ဖြင့် ဆုတောင်းပါ။ အဲဒီနောက် နားထောင်ပါ။ သင့်စိတ်ထဲကို ရောက်လာတဲ့ အတွေးတွေကို ရေးချပါ။ သင့်ခံစားချက်တွေကို မှတ်သားပြီးတော့၊ သင်လုပ်ဆောင်ဖို့ လှုံ့ဆော်ခံရတဲ့အရာကို လက်တွေ့ဆောင်ရွက်ပါ။ သင်ဟာ ဒီလုပ်ငန်းစဥ်ကို တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ထပ်တလဲလဲလုပ်ဆောင်တာနဲ့အမျှ၊ ‘ဗျာဒိတ်တော်အခြေခံသဘောတရားဆီကို တိုးတက်’လာမှာဖြစ်ပါတယ်။”

ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်ဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်က “ကျွန်တော်တို့ [ကျွန်တော်တို့ရဲ့] ကောင်းကင်ဘုံရှင်အဘထံကို ပြန်သွားနိုင်ဖို့ ကျွန်တော်တို့လိုအပ်တဲ့အရာတွေ အားလုံးကိုပြီးမြောက်ခဲ့ပါတယ်။” ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။