အထွေထွေညီလာခံ
ခရစ်တော်၌ စမ်းသပ်ခံရခြင်းနှင့် ခွန်အားဖြည့်ခံရခြင်း
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


13:11

ခရစ်တော်၌ စမ်းသပ်ခံရခြင်းနှင့် ခွန်အားဖြည့်ခံရခြင်း

စမ်းသပ်ခံရတဲ့အခိုက်အတန့်တွေဟာ ကိုယ်တော်ရှင်က သင်တို့ကိုစွန့်ပစ်လိုက်တယ်ဆိုတဲ့ အထောက်အထားတွေမဟုတ်ပါဘူး။ အဲဒီအစား၊ ကိုယ်တော်ရှင်က သင်တို့ကို သန့်စင်စေပြီး ခွန်အားဖြည့်ပေးဖို့ လုံလောက်စွာချစ်တော်မူတယ်ဆိုတဲ့ အထောက်အထားတွေပါ။

ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အတူတကွ စုဝေးကြတဲ့အခါ ကိုယ်တော်ရှင်ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်ဟာ သင်တို့နဲ့ စကားပြောခွင့်ရတာကို နှိမ့်ချမိပါတယ်။ ကျွန်တော်ပြောမယ့် စကားလုံးတွေထက်ပိုပြီး၊ ကိုယ်တော်ရှင် သင်တို့ကိုကြားစေချင်တဲ့အရာကို သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ရဲ့ နှလုံးသားတွေထဲ သယ်ဆောင်သွားပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။

အရင်တုန်းက ကျွန်တော် ကောလိပ်တက်တဲ့နှစ်တွေမှာ ရူပဗေဒနဲ့ သင်္ချာကို သင်ယူဖို့ကြိုးစားခဲ့ဖူးပါတယ်။ ကျွန်တော် ခြေကုန်လက်ပန်းကျခဲ့ပါတယ်။ ကျွန်တော်က လက်လှမ်းမမီတဲ့အရာကို သင်ယူဖို့ကြိုးစားနေသလိုမျိုး စတင်ခံစားခဲ့ရပါတယ်။ ကျွန်တော် ခြေကုန်လက်ပန်းကျလာလေလေ၊ ဆက်ပြီးကြိုးစားဖို့ အင်အားနည်းလာလေလေပါပဲ။ ကျွန်တော့်ရဲ့စိတ်ပျက်အားလျော့မှုကြောင့် ကြိုးပမ်းမှုတွေဟာ အရာမထင်လုနီးပါးဖြစ်ခဲ့တယ်လို့ ကျွန်တော်ခံစားခဲ့ရပါတယ်။ ရပ်တန့်လိုက်ဖို့နဲ့ ပိုလွယ်တဲ့အရာကိုလုပ်ဖို့ ကျွန်တော်စတင်စဉ်းစားလာခဲ့ပါတယ်။

ကျွန်တော် အားနည်းနေတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်ဆုတောင်းတဲ့အခါ၊ ကိုယ်တော်ရှင်ရဲ့ ငြိမ်သက်တဲ့အာမခံချက်ကို ခံစားခဲ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ကိုယ်တော်က “ငါသည် သင့်အားစမ်းသပ်နေ၏၊ သို့သော် ငါသည်လည်း သင်နှင့်အတူရှိ၏” လို့ ပြောတာကို ခံစားခဲ့ရပါတယ်။

ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်အားလုံးကို ကျွန်တော် အဲဒီအချိန်က မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာတော့ သိခဲ့ပါတယ်—ကျွန်တော် အလုပ်ဆက်လုပ်ခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ စဉ်းစားဆင်ခြင်ပြီးကြိုးစားအားထုတ်တဲ့အခါ၊ ကျမ်းစာတွေထဲမှာပါတဲ့ အားပေးမြှင့်တင်သောသတင်းစကားကို ကျွန်တော်နားလည်လာခဲ့ပါတယ်၊ “ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။”

ကျွန်တော့်ရဲ့ ရူပဗေဒအခက်အခဲဟာ တကယ်တော့ ကိုယ်တော်ရှင်ဆီက ဆု‌ကျေးဇူးတစ်ခုဆိုတာ ကျွန်တော် သိလာခဲ့ပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော့်ကိုကူညီမယ်ဆိုတဲ့ ယုံကြည်ခြင်း ကျွန်တော့်မှာရှိခဲ့ရင် မဖြစ်နိုင်ဘူးထင်ခဲ့ရတဲ့ အရာတွေကို ကိုယ်တော်ရှင်ရဲ့အကူအညီနဲ့လုပ်နိုင်ကြောင်း ကျွန်တော့်ကိုသွန်သင်နေခဲ့တာဖြစ်ပါတယ်။ ဒီဆုကျေးဇူးအားဖြင့်၊ ကိုယ်တော်ရှင်က ကျွန်တော့်ကို စမ်းသပ်ခံရပြီး ခွန်အားဖြည့်ခံရဖို့ လုပ်ဆောင်နေခဲ့ပါတယ်။

စမ်းသပ်ခံရခြင်းဆိုတဲ့ စကားလုံးမှာ အဓိပ္ပာယ်အမျိုးမျိုးရှိပါတယ်။ တစ်စုံတစ်ခု စမ်းသပ်ခံရတယ်ဆိုတာ ရိုးရိုးလေး စစ်ဆေးလိုက်တာ မဟုတ်ပါဘူး။ ဒါဟာ ၎င်းရဲ့ ခံနိုင်ရည်ကို တိုးပွားစေဖို့ပါ။ သံမဏိတစ်ချောင်းရဲ့ ခံနိုင်ရည်ကိုစမ်းသပ်ဖို့ ၎င်းကို ဖိအားရဲ့အောက်မှာ ထားရပါတယ်။ ၎င်းရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို မြှင့်တင်ပြီး ထုတ်ဖော်ပြလာတဲ့အထိ အပူ၊ အလေးချိန်နဲ့ ဖိအားတွေကို ထပ်ထည့်ပါတယ်။ စမ်းသပ်မှုကြောင့် သံမဏိဟာ အားနည်းသွားတာမဟုတ်ပါဘူး။ တကယ်တော့ ယုံကြည်စိတ်ချနိုင်လောက်တဲ့အရာ၊ ပိုကြီးမားတဲ့ဝန်တွေကို ခံနိုင်ဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုရှိတဲ့အရာတစ်ခု ဖြစ်လာတာပါ။

ကိုယ်တော်ရှင်ကလည်း ကျွန်တော်တို့ကို ခွန်အားဖြည့်ပေးဖို့ တူညီတဲ့နည်းလမ်းအတိုင်း စမ်းသပ်ပါတယ်။ အဲဒီစမ်းသပ်မှုက အလွယ်တကူ သို့မဟုတ် သက်တောင့်သက်သာဖြစ်တဲ့ အခိုက်အတန့်တွေမှာ မလာပါဘူး။ ကျွန်တော်တို့ခံနိုင်တယ်လို့ ထင်ထားတာထက်ကျော်လွန်ပြီး ဆွဲဆန့်လိုက်ရတယ်လို့ ခံစားရတဲ့အခိုက်အတန့်တွေမှာ လာပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့ ဆက်လက်တိုးတက်ပြီး ကျွန်တော်တို့ရဲ့အားထုတ်မှုတွေမှာ ဘယ်တော့မှ မပင်ပန်းဖို့၊ ဘယ်တော့မှလက်မလျှော့ဖို့၊ ဆက်ကြိုးစားနေဖို့ သွန်သင်ပါတယ်။

ကျွန်‌တော်တို့ဟာ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ဆက်လက်ထားရှိမယ်ဆိုရင်—ခုချိန်မှာ ကိုယ့်အတွက် မဖြစ်နိုင်ဘူးလို့ ခံစားရတဲ့အချိန်မှာတောင်၊ ကျွန်တော်တို့ဟာ ဝိညာဉ်ရေးရာအရ ပိုပြီးသန်မာလာကြပါတယ်။ သန့်ရှင်းမွန်မြတ်တဲ့ ကျမ်းစာမှတ်တမ်းတွေက ဒီသမ္မာတရားကို အလေးပေးဖော်ပြကြပါတယ်။

ဥပမာ၊ ပရောဖက် ‌မော်ရော်နိုင်းဟာ ဒီလိုနည်းနဲ့ပဲ စမ်းသပ်ခံရပြီး ခွန်အားဖြည့်ခံခဲ့ရပါတယ်။ သူက သူ့ရဲ့ နောက်ဆုံးနှစ်တွေမှာ တစ်ယောက်တည်း နေထိုင်ခဲ့ရပါတယ်။ သူ့မှာ မိတ်ဆွေမရှိခဲ့ကြောင်း၊ သူ့ဖခင်ဟာ အသတ်ခံခဲ့ရကြောင်း၊ သူ့လူမျိုးတွေ ဖျက်ဆီးခံခဲ့ရကြောင်း သူရေးသားခဲ့ပါတယ်။ သူ့အသက်ကို သတ်ဖြတ်ချင်သူတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ မော်‌ရော်နိုင်းဟာ စိတ်မပျက်ခဲ့ပါဘူး။ အဲဒီအစား၊ သူ့ကိုသတ်ချင်တဲ့သူတွေရဲ့ သားစဉ်မြေးဆက်တွေအပါအဝင်၊ သူမမြင်ရတော့မယ့်လူတွေအတွက် ယေရှုခရစ်တော်အကြောင်း သူ့ရဲ့ သက်သေခံချက်ကို ပုရပိုက်ပြားတွေပေါ်မှာ ရေးထွင်းခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် ရေးခဲ့တာပါ။ တစ်ချို့က သူ့စကားတွေကို လှောင်ပြောင်ကြမယ်မှန်း သူသိခဲ့ပါတယ်။ တစ်ချို့က သူ့စကားတွေကို ငြင်းပယ်ကြမယ်မှန်း သူသိခဲ့ပါတယ်။ ဒါပေမယ့် သူဆက်ရေးခဲ့ပါတယ်။

သူ့ရဲ့စမ်းသပ်ခံရခြင်းမှာ၊ မော်ရော်နိုင်းရဲ့ ယုံကြည်ခြင်းကို သန့်စင်စေခဲ့ပြီး ခွန်အားဖြည့်ပေးခဲ့ပါတယ်။ ပိုပြီး စင်ကြယ်လာခဲ့ပါတယ်။ သူ့စကားလုံးတွေမှာ အဆုံးတိုင်အောင် သစ္စာရှိစွာတည်ကြည်ခဲ့သူတစ်ဦးရဲ့ တန်ခိုးကို သယ်ဆောင်လာပါတယ်။ သူ့ရဲ့ သက်သေခံချက်ကို ကျွန်တော်တို့ ဖတ်ရှုတဲ့အခါ အဲဒီတန်ခိုးကို ခံစားနိုင်ပါတယ်။

“ယခုတွင်၊ ငါ၊ မော်ရော်နိုင်းသည် ကောင်း​မြတ်​သည်ဟု မှတ်​ယူသော​အရာကို အတော်​အသင့်​ရေး၏။ ငါ၏​ညီအစ်ကို လာမန်​အမျိုးသားတို့​ထံသို့​လည်း ရေး၏။ ခရစ်တော်​ကြွ​လာတော်မူခြင်း​အကြောင်း နိမိတ်​လက္ခဏာကို ပေး​ပြီး​ကတည်းက နှစ်ပေါင်း​လေးရာ့နှစ်​ဆယ်ကျော် ကုန်​လွန်​သွားလေ​ပြီ​ဖြစ်ကြောင်း သူတို့​သိ​စေရန်လည်း ငါ​အလို​ရှိ၏။

“ငါသည် သင်တို့ကို တိုက်​တွန်းရန် စကား​အနည်းငယ်ကို ပြော​ပြီးမှ၊ ဤ​မှတ်​တမ်းတို့ကို တံ​ဆိပ်​ခတ်မည်။

“ရှုလော့၊ သင်တို့ကို ငါ​တိုက်​တွန်း​လို​သည်မှာ၊ သင်တို့သည် ဤအရာတို့ကို ဖတ်သော​အခါ၊ ဘုရားသခင်၏​ဉာဏ်​ပညာ​တော်​အတိုင်း​ဖြစ်လျှင်၊ သင်တို့​ဖတ်​ရမည့်​အကြောင်းနှင့်၊ အာဒံကို ဖန်​ဆင်း​တော်မူခြင်း​ကတည်းက လူ​သားတို့​ဤအရာတို့ကို လက်​ခံရ​ရှိ​ချိန်​အထိ​တိုင်​အောင်၊ သူတို့​အပေါ်၌ ကိုယ်တော်ရှင် အဘယ်မျှကရုဏာကြီးတော်မူ​လေ​ကြောင်းကို သင်တို့​သတိ​ရ၍၊ သင်တို့၏​စိတ်နှလုံး၌ မှတ်​ကျုံး၍၊ စဉ်းစား​ဆင်ခြင်​ရမည့်​အကြောင်းတို့​ပေတည်း။

“ဤအရာတို့ကို သင်တို့​လက်ခံ​ရရှိသော​အခါ၌​လည်း သင်တို့​ကို ငါတိုက်​တွန်းလို​သည်မှာ၊ သင်တို့သည် ဤအရာတို့ မှန်၊ မမှန် ဘုရားသခင်၊ ထာဝရ​အဘအား ခရစ်တော်၏​နာမတော်​အားဖြင့် မေးလျှောက်​ရမည့်​အကြောင်း​ဖြစ်၏။ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိ၍၊ ရိုးသားသော​စိတ်​နှလုံးဖြင့်၊ စစ်​မှန်သော​ရည်ရွယ်ချက်ဖြင့် မေးလျှောက်ကြလျှင်၊ သူသည် ထို​အရာ၏​အမှန်​တရားကို သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုး​အားဖြင့် သင်တို့​ထံသို့ ထင်ရှားစွာ​ပြတော်မူ​လိမ့်မည်။

“သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်လည်း၊ သင်တို့သည် ခပ်သိမ်းသော​အရာတို့၏ အမှန်​တရားကို သိနိုင်​ကြ၏။”

‌မော်ရော်နိုင်းရဲ့ သက်သေခံချက်က အထီးကျန်မှုထဲမှာ သန့်စင်ခံခဲ့ရပေမယ့်၊ မျိုးဆက်တွေအားလုံးကို ကောင်းကင်ဘုံရှိ ကျွန်တော်တို့အဘနဲ့ ကယ်တင်ရှင်ယေရှုခရစ်တော်ကိုရှာဖွေအောင် လမ်းပြဖို့အလင်းနဲ့တောက်ပလျက်ရှိပါတယ်။

နောက်ထပ် မော်မုန်ကျမ်းပရောဖက်တစ်ပါးဖြစ်တဲ့ ယာကုပ်ဟာလည်း ဆင်းရဲဒုက္ခတွေနဲ့ဝမ်းနည်းခြင်းများစွာ ခံစားရတဲ့ကလေးတစ်ယောက်အနေနဲ့ စမ်းသပ်ခံခဲ့ရပြီး ခွန်အားဖြည့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖခင်၊ လေဟိက သူ့ရဲ့စုံစမ်းခံရခြင်းတွေကတဆင့် ဘုရားသခင်က သူ့ကိုကောင်းချီးပေးမယ်လို့ သူ့သားကို သင်ကြားပေးခဲ့ပါတယ်။

“ရှု​ဦး​လော့၊ သင်သည် သင်​၏က​လေး​ဘ​ဝ၌ သင့်​အစ်​ကို​တို့၏​ခက်​ထန်​ကြမ်း​တမ်း​မှု​ကြောင့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် ဝမ်း​နည်း​ခြင်း​များ​စွာ​တို့​ကို ခံ​စား​ရ​လေ​ပြီ။

“သို့​သော်​လည်း၊ ယာကုပ်၊ တော​ရိုင်း​ထဲ​မှ ငါ့​သား​ဦး၊ သင်​သည် ဘုရားသခင်​၏​ကြီး​မြတ်​ခြင်း​ကို သိ​၏။ သူသည် သင်​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို သင်​၏​အကျိုး​အ​တွက် သန့်ရှင်းမွန်မြတ်စေ​တော်​မူ​လိမ့်​မည်။

“သို့​ဖြစ်​၍၊ သင်​၏​ဝိညာဥ်​သည် ကောင်းချီးခံစားရ​လိမ့်​မည်​၊ သင်​၏​အစ်​ကို​နီဖိုင်း​နှင့် လုံ​ခြုံ​စွာ​နေ​ထိုင်​ရမည်၊ သင်​၏​ဘဝကို သင့်​ဘုရားသခင်​၏ အမှုကို ဆောင်ခြင်း၌ ကုန်​လွန်​စေ​ရ​မည်။ သို့​ဖြစ်​၍၊ သင်၏​ရွေးနုတ်​ရှင်​၏ ဖြောင့်​မတ်​ခြင်း​ကြောင့်၊ သင်​ရွေး​နုတ်​ခံ​ရ​ကြောင်း ငါ​သိ​၏။ အကြောင်း​မူ​ကား၊ အချိန်​ကာလ​ပြည့်​စုံ​ခြင်း​သို့ ရောက်​သော​အခါ၊ လူ​သားတို့​အဖို့ ကယ်​တင်​ခြင်း​ကို ဆောင်ယူခြင်း​ငှာ၊ သူ​ကြွ​လာ​သည်​ကို သင်​သိ​မြင်​ပြီး​လေ​ပြီ။”

ပရောဖက်ဂျိုးဇက်စမစ်ဟာ လစ်ဘာတီအကျဉ်းထောင်ထဲရှိနေချိန်မှာ၊ ဒီလိုမျိုး စမ်းသပ်ခံရခြင်းနဲ့ ခွန်အားဖြည့်ခံရခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ သူဝမ်းနည်းပက်လက်အဖြစ်ဆုံးအခိုက်မှာ၊ ပရောဖက်ဂျိုးဇက်က ဟစ်ကြွေးခဲ့ပါတယ်၊

“အို ဘုရားသခင်၊ ကိုယ်တော်သည် အဘယ်မှာ​ရှိသနည်း။…

“ကိုယ်တော်၏လက်တော်ကို အဘယ်မျှကြာအောင် ရုပ်သိမ်းမည်နည်း။”

ကိုယ်တော်ရှင်က ဂျိုးဇက်ရဲ့ဒုက္ခဝေဒနာထဲမှာ ကောင်းမွန်စွာကြံ့ကြံ့ခံခြင်းကနေရရှိလာတဲ့ သန့်ရှင်းစင်ကြယ်ခြင်းအကျိုးကို မြင်ပြီး ပြန်ဖြေတော်မူခဲ့ပါတယ်၊

“ငါ့သား၊ သင်၏စိတ်ဝိညာဉ်ကို ငြိမ်းချမ်းခြင်းရှိစေလော့၊ သင်၏ ဒုက္ခနှင့် ဆင်းရဲဒုက္ခများသည် ခဏသာရှိလိမ့်မည်၊

“ထို့နောက်တွင်၊ သင်သည် ကောင်းစွာကြံ့ကြံ့ခံလျှင်၊ ဘုရားသခင်သည် သင့်ကို အထက်၌ ချီးမြှောက်လိမ့်မည်။ သင်သည် ခပ်သိမ်းသော သင်၏ရန်သူတို့ကို အောင်နိုင်လိမ့်မည်။”

စမ်းသပ်ခံရခြင်းနဲ့ ခွန်အားဖြည့်ခံရခြင်းရဲ့ အကြီးမြတ်ဆုံးဥပမာက ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ဖြစ်ပေါ်လာခဲ့ပါတယ်။ ကိုယ်တော်ဟာ လောကရဲ့ အပြစ်တွေကို သူ့အပေါ်မှာ ခံယူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေနဲ့ ဝမ်းနည်းမှုတွေကို သူ သယ်ယူခဲ့ပါတယ်။ ခါးသောခွက်ကို သူသောက်ခဲ့ပါတယ်။ အချိန်တိုင်းမှာ သစ္စာရှိကြောင်း စမ်းသပ်ခံခဲ့ပါတယ်။

ယေရှုခရစ်တော်ရဲ့ ဘုန်းထင်ရှားသောအပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကိုယ်တော်ဟာ ကျွန်တော်တို့စုံစမ်းခံရတဲ့အချိန်တွေမှာ ခွန်အားဖြည့်ပေးနိုင်ပါတယ်။ သေခြင်းရှိရာဘဝမှာ ကျွန်တော်တို့ ခံစားရမယ့် စိန်ခေါ်မှုအားလုံးကို ကိုယ်တော်ကိုယ်တိုင် ခံစားခဲ့တာကြောင့် သူက ကျွန်တော်တို့ကို ဘယ်လိုမစရမယ်ဆိုတာ သိတော်မူပါတယ်။ “သူ့လူမျိုးတို့၏​နာကျင်မှုများနှင့် ဖျားနာခြင်းတို့ကို သူ့အပေါ်၌ ခံယူလိမ့်မည် … မိမိလူမျိုးတို့ကို သူတို့၏​အနာ​ရောဂါ​ဝေဒနာများ​အလျောက်၊ လူ့ဇာတိ​အတိုင်း အဘယ်သို့​အားဖြင့် မစရမည်ကို​ သူသိနိုင်သည်။”

ဂေသရှေမန်အရပ်၌ရှိသော ကယ်တင်ရှင်

ဂေသရှေမန်ဥယျာဉ်ထဲမှာရှိနေချိန်၊ ကယ်တင်ရှင်ဟာ ဒီစုံစမ်းခြင်းက သူ့ကိုလွန်သွားနိုင်မလားလို့ အမှန်တောင်းလျှောက်ခဲ့ပါတယ်—ဒါပေမဲ့ နောက်ပိုင်းမှာ ဒါက ခမည်းတော်ရဲ့ အလိုတော်ဖြစ်ခဲ့ရင်၊ ကယ်တင်ရှင်က ဒါကို လုပ်ဆောင်မယ်လို့လည်း ဆိုခဲ့ပါတယ်။ တနည်းအားဖြင့်၊ ကယ်တင်ရှင်ဟာ သံသယနဲ့ မရေရာမှုကိုတောင် လက်ခံခဲ့ပါတယ်၊ ဒါပေမဲ့ ကိုယ်တော့်မှာ သူ့ရဲ့ကောင်းကင်ဘုံရှင်အဘ၌ ယုံကြည်ခြင်းရှိခဲ့ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ရဲ့ စမ်းသပ်ခံရခြင်းနဲ့ ခွန်အားဖြည့်ခံရခြင်းတွေက မော်ရော်နိုင်းတို့၊ ယာကုပ်တို့၊ ဒါမှမဟုတ် ပရောဖက်ဂျိုးဇက်တို့နဲ့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမဲ့ ရောက်လာပါလိမ့်မယ်။ မိသားစုဘဝရဲ့ စုံစမ်းခြင်းတွေကတဆင့် အသံတိတ် ရောက်လာချင်ရောက်လာမယ်။ နာမကျန်းမှု၊ စိတ်ပျက်မှု၊ ပူဆွေးမှု ဒါမှမဟုတ် အထီးကျန်မှုတွေကတစ်ဆင့် ရောက်လာချင်ရောက်လာမယ်။

ဒီအခိုက်အတန့်တွေဟာ ကိုယ်တော်ရှင်က သင်တို့ကို စွန့်ပစ်လိုက်ပြီဆိုတဲ့ အထောက်အထားတွေ မဟုတ်ဘူးဆိုတာကို ကျွန်တော် သက်သေခံပါတယ်။ အဲဒီအစား၊ ကိုယ်တော်ရှင်က သင်တို့ကို သန့်စင်စေပြီး ခွန်အားဖြည့်ပေးဖို့ လုံလောက်စွာချစ်တော်မူတယ်ဆိုတဲ့ အထောက်အထားတွေပါ။ ကိုယ်တော်ရှင်က ထာဝရအသက်ရဲ့ ဝန်ကို ထမ်းနိုင်အောင် လုံလောက်စွာသန်မာဖို့ သင်တို့ကို လုပ်ပေးနေတာပါ။

ကျွန်တော်တို့ရဲ့အစေခံခြင်းမှာ ဆက်လက်သစ္စာရှိနေမယ်ဆိုရင်၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သန့်စင်ပေးပါလိမ့်မယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို ခွန်အားဖြည့်ပေးပါလိမ့်မယ်။ ပြီးတော့ တစ်နေ့မှာ ကျွန်တော်တို့ နောက်ပြန်လှည့်ကြည့်ပြီး ဒီစုံစမ်းခြင်းတွေဟာ ကိုယ်တော်ရှင်ရဲ့ မေတ္တာတော်အထောက်အထားတွေဖြစ်ကြောင်း မြင်ရပါလိမ့်မယ်။ ကိုယ်တော်ရှင်နဲ့အတူ ဘုန်း‌တော်မှာ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ကို ပုံသွင်းပေးနေတယ်ဆိုတာ မြင်ရပါလိမ့်မယ်။ ကိုယ်‌တော်ရှင်ရဲ့ တမန်တော်ပေါလုက သူ့ကိုယ်ပိုင်အသက်တာရဲ့အဆုံးမှာပြောခဲ့တဲ့အတိုင်းပဲ၊ “ကောင်းစွာတိုက်လှန်ခြင်းကိုငါပြုပြီ၊ ပြေးရသောလမ်းကိုအဆုံးတိုင်‌တောင်ပြေးပြီ၊ ယုံကြည်ခြင်းတရားကိုစောင့်‌ရှောက်ပြီ။”

ဘုရားသခင် သင်တို့ကိုသိတော်မူကြောင်း ကျွန်တော်သက်သေခံပါတယ်။ သင်တို့ ရင်ဆိုင်နေရတဲ့ စုံစမ်းခြင်းတွေကို သူသိတော်မူပါတယ်။ ကိုယ်တော်ရှင်က သင်တို့နဲ့အတူရှိပါတယ်။ ကိုယ်တော်ရှင်က သင်တို့ကို မစွန့်ပစ်ပါဘူး။ ယေရှုခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ခွန်အား၊ ကျွန်တော်တို့ရဲ့ ရွေးနုတ်ရှင်၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းဖြစ်ပါတယ်။ ကိုယ်တော့်ကို ကျွန်တော်တို့ယုံကြည်ပါက၊ ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာစွမ်းအားကို ကျွန်တော်တို့သည်းခံရမယ့် စုံစမ်းခြင်းတိုင်းနဲ့ ညီမျှအောင် ကိုယ်တော်လုပ်ပေးပါလိမ့်မယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်၌ ကျွန်တော်သက်သေခံပါတယ်၊ အာမင်။