မိသားစုကိုဗဟိုပြုသည့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်
ထာဝရမိသားစုများအကြောင်း ကျွန်ုပ်တို့၏သြဝါဒနှင့် ကျွန်ုပ်တို့၏ယုံကြည်မှုသည် ကျွန်ုပ်တို့အား ခွန်အားဖြည့်ပေးပြီး ပေါင်းစည်းပေးပါသည်။
ကျွန်တော့်ရဲ့ချစ်လှစွာသောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော့်ကိုယ်စားဆုတောင်းပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဆုတောင်းသံတွေကို ခံစားရပါတယ်။
၁။
ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်ရဲ့သြဝါဒဟာ မိသားစုကို ဗဟိုပြုပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုဆိုင်ရာသြဝါဒမှာ မရှိမဖြစ်အရေးကြီးတာကတော့ ဗိမာန်တော်ပါပဲ။ ဗိမာန်တော်မှာလက်ခံရရှိတဲ့ဘိသိက်မင်္ဂလာတွေက ကျွန်တော်တို့ကို ထာဝရမိသားစုတွေအဖြစ် ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘရဲ့မျက်မှောက်ထံ ပြန်လာစေပါတယ်။
ဧပြီ ၂၀၂၅ အထွေထွေညီလာခံမှာ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဗိမာန်တော်အသစ် ၂၀၀ ဆောက်လုပ်မှုကို ကြေညာခဲ့ပါတယ်။ သူက အထွေထွေညီလာခံတစ်ခုပြီးဆုံးတိုင်းမှာ ဗိမာန်တော်အသစ်တွေကို ကြေညာရတာနှစ်သက်ပြီး၊ ကျွန်တော်တို့အားလုံးကလည်း သူနဲ့အတူ ဝမ်းမြောက်ကြပါတယ်။ သို့သော်ငြား၊ အခုအချိန်မှာ စီစဉ်ဆောက်လုပ်ဆဲ အစောဆုံးအဆင့်တွေပဲရှိသေးတဲ့ ဗိမာန်တော်အရေအတွက်အလွန်များတဲ့အတွက်၊ ကျွန်တော်တို့တွေက ဗိမာန်တော်အသစ်တွေကို ဖြည်းဖြည်းချင်းကြေညာတာက သင့်တော်ပါတယ်။ အဲဒါကြောင့်၊ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့အတူ၊ ကျွန်တော်တို့ဟာ ဒီညီလာခံမှာ ဗိမာန်တော်အသစ်တွေကို ကြေညာခြင်းပြုမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က အခုဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အသင်းတော်ရဲ့အသင်းသားတွေကို ဗိမာန်တော်ရဲ့ ဘိသိက်မင်္ဂလာတွေပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲဒီလိုဆောင်ရွက်ရာမှာ ဗိမာန်တော်အသစ်တွေဆောက်လုပ်ခြင်းကို ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ကြေညာမယ်ဆိုတာလည်း အပါအဝင်ဖြစ်ပါတယ်။
ကျွန်တော်ခုနလေးတင်ပြောကြားခဲ့တဲ့ ကျွန်တော်ရဲ့ဟောပြောမှုတစ်စိတ်တစ်ပိုင်းက ကျွန်တော်တို့ရဲ့ချစ်လှစွာသော ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင် ကွယ်လွန်ပြီးနောက် ရေးသားခဲ့တာဖြစ်ပါတယ်။ အခုပြောမယ့်နောက်ပိုင်းကတော့ ယခင်ရက်သတ္တပတ်များစွာကတည်းကရေးသားအတည်ပြုခဲ့ပြီးဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒါက ကိုယ်တော်ရှင်အားဖြင့် လမ်းပြလှုံ့ဆော်တဲ့၊ ကျွန်တော်ရဲ့သင်ကြားမှုတွေကို ကိုယ်စားပြုဆဲဖြစ်ပါတယ်။
၂။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က၊ ထုတ်ပြန်ခဲ့တဲ့ မိသားစုကြေညာချက်က “မိသားစုသည် ဘုရားသခင်တည်ထောင်ထားသောအရာဖြစ်”ပြီး “ဖန်ဆင်းရှင်၏သားသမီးတို့၏ ထာဝရကံကြမ္မာအတွက် သူ့အစီအစဉ်၌ ဗဟိုချက်ဖြစ်”ကြောင်း ကြေညာထားပါတယ်။ ၎င်းက “ဘုရားသခင်၏သားသမီးများအတွက်၊ ပွားများရန်နှင့် မြေကြီးကို ပြည့်စေရန်ဟူသော သူ၏ပညတ်တော်မှာ တရားဝင်လျက်ရှိနေကြောင်း”လည်း ကြေညာထားပါတယ်။ ထို့အပြင် “မွေးဖွားခြင်းနှင့်စပ်လျဉ်းသည့် သန့်ရှင်းမွန်မြတ်သောစွမ်းအားများကို ခင်ပွန်းနှင့် ဇနီးအဖြစ် တရားဝင်လက်ထပ်ထားသည့် ယောက်ျားနှင့် မိန်းမတို့၌သာ အသုံးပြုရမည်ဖြစ်ကြောင်း ဘုရားသခင်မိန့်တော်မူခဲ့သည်ကို ကျွန်ုပ်တို့ထပ်၍ ကြေညာပါသည်။” အဲဒီတုန်းက အသင်းလူကြီး ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဘီဝိုင်ယူတက္ကသိုလ်ကပရိတ်သတ်တွေကို သင်ကြားပေးခဲ့သလိုပဲ၊ မိသားစုဟာ “ဘုရားသခင်ရဲ့ အစီအစဉ်အတွက် အချက်အချာကျပါတယ်။ … အမှန်တော့၊ အစီအစဉ်ရဲ့ ရည်ရွယ်ချက်က မိသားစုကို ချီးမြှောက်ဖို့အတွက် ဖြစ်ပါတယ်။”
ယေရှုခရစ်တော်ရဲ့အသင်းတော်ကို တစ်ခါတစ်ရံ မိသားစုဗဟိုပြုအသင်းတော်အဖြစ် လူသိများကြပါတယ်။ ဟုတ်ပါတယ်။ ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးနဲ့ ကျွန်တော်တို့ရဲ့သေခြင်းရှိရာဘဝရဲ့ရည်ရွယ်ချက်ကို မိသားစုဆိုင်ရာအသုံးအနှုန်းတွေနဲ့ ရှင်းပြထားပါတယ်။ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ဟာ ကောင်းကင်ဘုံရှင်အဘရဲ့ ဝိညာဉ်သားသမီးများကောင်းကျိုးအတွက် သူ့ရဲ့အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဧဝံဂေလိအစီအစဉ်ကို ထာဝရမိသားစုတစ်ခုရဲ့ အစည်းအဝေးမှာ ပထမဆုံးသွန်သင်ခဲ့ပြီး၊ ဒါကို ကျွန်တော်တို့ရဲ့ လောကီမိသားစုတွေကတစ်ဆင့် အကောင်အထည်ဖော်ထားပါတယ်၊ သူ့ရဲ့ ရည်ရွယ်ထားတဲ့ကံကြမ္မာကတော့ ဘုရားသခင်ရဲ့သားသမီးတွေကို ထာဝရမိသားစုတွေအဖြစ် ချီးမြှောက်ဖို့ဆိုတာ ကျွန်တော်တို့ အမှန်တကယ်ပြောနိုင်ပါတယ်။
၃။
ဒီလိုသြဝါဒဆိုင်ရာသင်ကြားမှုရှိပေမယ့်၊ ဆန့်ကျင်မှုလည်းရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အိမ်ထောင်ပြုခြင်းနဲ့ ကလေးမွေးဖွားမှုတွေမှာ ယိုယွင်းလာတာကို ကျွန်တော်တို့ ကြုံနေရပါတယ်။ နှစ်ပေါင်း ၁၀၀ နီးပါးကြာမြင့်စွာ အိမ်ထောင်သည်စုံတွဲတွေ ဦးဆောင်တဲ့အိမ်ထောင်စုအချိုးဟာ ကျဆင်းလာခဲ့ပြီး မွေးဖွားနှုန်းလည်း ကျဆင်းလာနေပါတယ်။ ကျွန်တော်တို့အသင်းသားတွေရဲ့ အိမ်ထောင်ပြုခြင်းတွေနဲ့ မွေးဖွားနှုန်းတွေကတော့ များစွာပိုကောင်းမွန်ပေမယ့်၊ သူတို့လည်း သိသိသာသာ ကျဆင်းလာပါတယ်။ နောက်ပိုင်းကာလသန့်ရှင်းသူများအနေနဲ့ အိမ်ထောင်ပြုခြင်းရဲ့ရည်ရွယ်ချက်နဲ့ သားသမီးတွေရဲ့တန်ဖိုးအပေါ် သူတို့ရဲ့နားလည်မှု မပျောက်ဆုံးသွားဖို့က အလွန်အရေးကြီးပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကြိုးစားအားထုတ်နေတဲ့ အနာဂတ်ပဲဖြစ်ပါတယ်။ “ချီးမြှောက်ခြင်းက မိသားစုအရေးကိစ္စဖြစ်ပါတယ်၊” လို့ ဥက္ကဋ္ဌ နယ်လ်ဆင်က ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ်။ “ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများအားဖြင့်သာ မိသားစုတွေကို ချီးမြှောက်နိုင်ပါတယ်။”
နိုင်ငံတစ်ဝှမ်းက အိမ်ထောင်ပြုခြင်းနဲ့ကလေးမွေးဖွားမှု ကျဆင်းနေတာတွေကို သမိုင်းကြောင်းတွေအရ နားလည်နိုင်ပေမယ့်၊ နောက်ပိုင်းကာလသန့်ရှင်းသူတွေရဲ့ တန်ဖိုးတွေနဲ့ ကျင့်သုံးမှုတွေဟာ အဲဒီလမ်းကြောင်းတွေကို—မလိုက်ဘဲ—တိုးတက်ကောင်းမွန်လာသင့်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျွန်တော်ကလေးဘဝတုန်းက၊ ကျွန်တော်ဟာ အဘိုးအဘွားတွေရဲ့ လယ်ယာမှာနေခဲ့ရပြီး တစ်နေ့တာလုံးလုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှဟာ မိသားစုရဲ့ ဦးဆောင်မှုအောက်မှာပဲ ရှိခဲ့ပါတယ်။ မိသားစုလုပ်ဆောင်မှုတွေကို အာရုံပျက်စေမယ့် တီဗွီတွေ ဒါမှမဟုတ် အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေ မရှိခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ ဒီနေ့ခေတ်ရဲ့ မြို့ပြလူ့အဖွဲ့အစည်းမှာ၊ အသင်းသားအနည်းစုတွေသာ မိသားစုဗဟိုပြုတဲ့ ပုံမှန်လုပ်ဆောင်မှုတွေကို တွေ့ကြုံခံစားနေကြပါတယ်။ မြို့ပြနေထိုင်မှုနဲ့ ခေတ်မီသယ်ယူပို့ဆောင်ရေး၊ စနစ်ကျတဲ့ဖျော်ဖြေရေးနဲ့ အမြန်နှုန်းဆက်သွယ်ရေးစနစ်တွေကြောင့် လူငယ်တွေအတွက် သူတို့ရဲ့အိမ်ကို အိပ်ချိန်နဲ့ တစ်ခါတစ်ရံထမင်းစားရုံသာ အသုံးပြုတဲ့အဆောင်တွေအဖြစ် သဘောထားဖို့ လွယ်ကူသွားစေပါတယ်၊ သူတို့ရဲ့လုပ်ဆောင်မှုတွေအပေါ် မိဘတွေရဲ့လမ်းညွှန်မှုလည်း သိသိသာသာ နည်းပါးသွားပါတယ်။
မိဘတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေဟာလည်း အသင်းတော်ရဲ့ လက်ရှိအသင်းသားအများစု အသက်မွေးဝမ်းကြောင်းပြုတဲ့ပုံစံကြောင့် အားနည်းလာပါတယ်။ အရင်ခေတ်တုန်းက၊ မိသားစုတွေကို စည်းလုံးစေတဲ့ အကြီးမားဆုံးသော ဩဇာလွှမ်းမိုးမှုတစ်ခုကတော့ တောရိုင်းကို လယ်ယာမြေအဖြစ်ပြောင်းလဲပေးတာ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းပြုတာလိုမျိုး—ဘုံရည်မှန်းချက်တစ်ခုအတွက် ကြိုးပမ်းခြင်းမှာ အတူတကွရုန်းကန်ရတဲ့အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။ မိသားစုဟာ စနစ်တကျစီမံဖွဲ့စည်းထားတဲ့ စီးပွားရေးထုတ်လုပ်မှုယူနစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့၊ မိသားစုအများစုဟာ မိသားစုအသင်းအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုကို အလွန်အမင်း မလိုအပ်တဲ့ စီးပွားရေးသုံးစွဲမှုယူနစ်တွေ ဖြစ်နေကြပါတယ်။
IV.
မိဘတွေရဲ့ဩဇာလွှမ်းမိုးမှု လျော့နည်းလာတာကြောင့်၊ ကျွန်တော်တို့ရဲ့ထာဝရမိသားစုကံကြမ္မာအတွက် ပြင်ဆင်ရန် သူတို့ရဲ့ကလေးတွေကို သင်ကြားပေးဖို့ နောက်ပိုင်းကာလသန့်ရှင်းသူများမှာ ဘုရားပေးတာဝန်ရှိနေပါသေးတယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆၈:၂၅)။ ကျွန်တော်တို့မိသားစုတွေအားလုံးဟာ သမာရိုးကျမဟုတ်တဲ့အခါ ကျွန်တော်တို့တော်တော်များများက ဒါကိုလုပ်ဆောင်သင့်ပါတယ်။ ကွာရှင်းခြင်း၊ သေဆုံးခြင်းနဲ့ ကွဲကွာခြင်းဆိုတာ လက်တွေ့အရာတွေပါပဲ။ ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ မိသားစုထဲမှာ ဒါကိုကျွန်တော်ကြုံခဲ့ရပါတယ်။
ကျွန်တော့်အဖေက ကျွန်တော်ခုနစ်နှစ်သားမှာ ဆုံးသွားခဲ့တော့၊ ကျွန်တော့်ညီငယ်၊ ညီမငယ်နဲ့ ကျွန်တော့်ကို မုဆိုးမမိခင်က ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အခက်ခဲဆုံးအခြေအနေတွေထဲမှာတောင်၊ သူမဟာ ဆက်လက်ရုန်းကန်ခဲ့ပါတယ်။ သူမဟာ အထီးကျန်ပြီး စိတ်ထိခိုက်နေခဲ့ပေမယ့်၊ ကိုယ်တော်ရှင်ရဲ့အကူအညီအားဖြင့်၊ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ဩဝါဒကို သူမရဲ့အစွမ်းထက်တဲ့သွန်သင်ခြင်းက ကျွန်တော်တို့ကိုလမ်းညွှန်ပေးခဲ့ပါတယ်။ သူမရဲ့ကလေးတွေကိုပြုစုပျိုးထောင်ရာမှာ ကောင်းကင်ဘုံကအကူအညီအတွက် သူမအများကြီးဆုတောင်းခဲ့ပြီး၊ သူမဟာ ကောင်းချီးပေးခံခဲ့ရပါတယ်။ ကျွန်တော်တို့ကို ပျော်ရွှင်တဲ့အိမ်မှာ ကြီးပြင်းစေခဲ့ပြီး၊ အဲဒီအိမ်မှာ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ရဲ့အဖေဟာ အမြဲတမ်းတည်ရှိတဲ့သူဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ဗိမာန်တော်ထိမ်းမြားခြင်းကြောင့် ကျွန်တော်တို့မှာ အဖေရှိတယ်၊ သူမမှာ ခင်ပွန်းရှိတယ်၊ ကျွန်တော်တို့ဟာ အမြဲတမ်းမိသားစုဖြစ်လိမ့်မယ်လို့ သူမက သင်ကြားပေးခဲ့ပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော့်အဖေကို တခြားအမှုတော်တစ်ခုအတွက် ခေါ်ခဲ့တာကြောင့် အဖေက ခဏတာပဲ ခွဲခွာသွားခဲ့တာပါ။
တခြားမိသားစုတော်တော်များများ ဒီလောက်မပျော်ရွှင်ကြတာကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ကြင်ဖော်မဲ့ဖြစ်တဲ့မိခင်တိုင်းဟာ ကောင်းကင်ဘုံရှင်အဘရဲ့ချစ်ခြင်းမေတ္တာနဲ့ ဗိမာန်တော်ထိမ်းမြားခြင်းရဲ့ နောက်ဆုံးမှာရလာမယ့်ကောင်းချီးတွေအကြောင်း သင်ကြားပေးနိုင်ပါတယ်။ သင်လည်း ဒါကိုလုပ်နိုင်တာပေါ့။ ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ဟာ ဒီဖြစ်နိုင်ခြေကို လူတိုင်းအတွက် အာမခံပေးထားပါတယ်။ ဗိမာန်တော်ထိမ်းမြားခြင်းနဲ့ ထာဝရမိသားစုအဖြစ် တံဆိပ်ခတ်ခံရခြင်းရဲ့ မျှော်မှန်းထားတဲ့ ကောင်းချီးတွေအတွက် ကျွန်တော်တို့အားလုံး ကျေးဇူးတော်ချီးမွမ်းကြပါတယ်။ ကျွန်တော့်အမေလိုပဲ၊ လေဟိက သူ့သားယာကုပ်ကို ဘုရားသခင်ဟာ “သင်၏ဆင်းရဲဒုက္ခများကို သင်၏အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေတော်မူလိမ့်မည်” လို့ပေးတဲ့ကတိကို ကျွန်တော်တို့ကိုးကားရတာကို နှစ်သက်ပါတယ် (၂ နီဖိုင်း ၂:၂ )။ ဒါဟာ ပြည့်စုံတဲ့ ဒါမှမဟုတ် လက်ရှိမပြည့်စုံသေးတဲ့၊ နောက်ပိုင်းကာလသန့်ရှင်းသူမိသားစုတိုင်းအတွက် သက်ဆိုင်ပါတယ်။ ကျွန်တော်တို့က မိသားစုအသင်းတော်ဖြစ်ပါတယ်။
ထာဝရမိသားစုများအကြောင်း ကျွန်တော်တို့ရဲ့သြဝါဒနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်မှုက ကျွန်တော်တို့ကို ခွန်အားဖြည့်ပေးပြီး ပေါင်းစည်းပေးပါတယ်။ ကျွန်တော်တို့ကလေးဘဝ ယုတပြည်နယ်၊ ပေဆန်မြို့အနီးက ကျွန်တော့်အမေဘက်ကအဘိုးဖြစ်သူ ဟားရစ်ရဲ့ ယာခင်းမှာနေခဲ့တုန်းက၊ အဘိုးပြောခဲ့တဲ့ကတိကို ကျွန်တော် ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်အဖေက အလွန်ဝေးကွာတဲ့ ကိုလိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့မှာ ကွယ်လွန်သွားကြောင်း ဝမ်းနည်းစရာသတင်းကို အဘိုးက ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ကျွန်တော်က အိပ်ခန်းထဲကိုပြေးဝင်သွားပြီး အိပ်ရာဘေးမှာ ဒူးထောက်ကာ အသားကုန် ငိုကြွေးခဲ့ပါတယ်။ အဘိုးက ကျွန်တော့်နောက်ကနေလိုက်လာခဲ့ပြီး ကျွန်တော့်ဘေးမှာပဲ ဒူးထောက်ကာ “ငါက မင်းအဖေဖြစ်ပေးမှာပေါ့” လို့ ပြောခဲ့ပါတယ်။ အဲဒီနူးညံ့တဲ့ကတိဟာ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့အခါ ဒါမှမဟုတ် တမ်းတလွမ်းဆွတ်နေတဲ့အခါ ကွက်လပ်တွေကိုဖြည့်ပေးဖို့ ဘိုးဘွားတွေလုပ်နိုင်တဲ့အရာရဲ့ အားကောင်းတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။
ကလေးတွေအတွက် ဒီတာဝန်ကိုဖြည့်ဆည်းပေးတဲ့ ကြင်ဖော်မဲ့မိဘတွေ ဒါမှမဟုတ် လက်ထပ်ထားတဲ့မိဘတွေနဲ့—ဘိုးဘွားတွေလို တခြားသူတွေဟာ—လက်ဦးဆရာတွေဖြစ်ကြပါတယ်။ သူတို့ရဲ့အထိရောက်ဆုံးသင်ကြားမှုကတော့ ပုံသက်သေအားဖြင့်ဖြစ်ပါတယ်။ မိသားစုစက်ဝန်းဟာ အိမ်ထောင်ပြုခြင်းနဲ့ သားသမီးတွေရဲ့အရေးပါမှု၊ ဘဝရဲ့ရည်ရွယ်ချက်၊ ပျော်ရွှင်မှုရဲ့စစ်မှန်တဲ့အရင်းအမြစ်လိုမျိုး ထာဝရတန်ဖိုးတွေကို လက်တွေ့ပြသဖို့နဲ့ သင်ယူဖို့ စံပြနေရာဖြစ်ပါတယ်။ ကြင်နာမှု၊ ခွင့်လွှတ်မှု၊ မိမိကိုယ်ကိုထိန်းချုပ်မှု၊ ပညာရေးနဲ့ သမ္မာအာဇီဝအလုပ်ရဲ့တန်ဖိုးလိုမျိုး၊ ဘဝရဲ့ မရှိမဖြစ်တဲ့အခြားသင်ခန်းစာတွေကို သင်ယူဖို့လည်း အကောင်းဆုံးနေရာဖြစ်ပါတယ်။
တကယ်တော့၊ အသင်းသားအများစုမှာ ဧဝံဂေလိတန်ဖိုးတွေနဲ့ မျှော်လင့်ချက်တွေကို လက်မခံတဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိသားစုဝင်တွေ ရှိကြပါတယ်။ အဲဒီလိုအသင်းသားတွေက ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ သည်းခံမှုကို လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးဆက်ဆံရာမှာ၊ ကျွန်တော်တို့ရှာဖွေနေတဲ့စုံလင်ခြင်းဟာ သေခြင်းရှိရာဘဝရဲ့ စိတ်ဖိစီးမှုများတဲ့အခြေအနေတွေထဲမှာပဲ ကန့်သတ်မထားဘူးဆိုတာ သတိရသင့်ပါတယ်။ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၈:၅၇–၅၉ မှာပါတဲ့ ကြီးမြတ်တဲ့သွန်သင်ချက်က နောင်တနဲ့ ဝိညာဉ်ရေးရာတိုးတက်မှုတွေဟာ သေခြင်းရှိရာဘဝပြီးတဲ့နောက် ဝိညာဉ်လောကမှာ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ကျွန်တော်တို့ကို အာမခံပေးထားပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက၊ မိသားစုတွေ ညီညီညွတ်ညွတ်နဲ့ အချင်းချင်း ခွန်အားဖြည့်ကြတဲ့အခါ၊ သေခြင်းရှိရာဘဝမှာ ကျွန်တော်တို့အားလုံး ကြုံတွေ့ရတဲ့ အပြစ်တွေနဲ့ ရှောင်လွှဲမရတဲ့ချို့ယွင်းချက်တွေကို ယေရှုခရစ်တော်ရဲ့ ဘုန်းကြီးပြီးကယ်တင်သောအပြစ်ဖြေခြင်းမင်္ဂလာကြောင့် နောင်တရခြင်းအားဖြင့် ခွင့်လွှတ်ခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သတိရသင့်ပါတယ်။
V.
ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဟာ၊ ကျွန်တော်တို့ရဲ့ အမြင့်မြတ်ဆုံး စံနမူနာပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့အဆုံးအမတွေနဲ့ ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံမှုကို ကျွန်တော်တို့အသက်တာတွေမှာ အတုယူမယ်ဆိုရင် ကျွန်တော်တို့ ကောင်းချီးခံစားရမှာဖြစ်ပါတယ်။ ခရစ်တော်နောက်ကိုလိုက်ပြီး အချင်းချင်းအစေခံခြင်းမှာကိုယ်ကျိုးစွန့်ခြင်းဟာ အခုခေတ်မှာ အတော်လေးတွေ့နေရတဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ တသီးပုဂ္ဂလဝါဒတွေအတွက် အကောင်းဆုံးကုသမှုပဲဖြစ်ပါတယ်။
မိဘတွေမှာလည်း ကလေးတွေကို ဧဝံဂေလိအခြေခံသြဝါဒတွေအပြင် လက်တွေ့ကျတဲ့အသိပညာတွေ သင်ပေးဖို့ တာဝန်ရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့အရာတွေကို အတူတူလုပ်တဲ့အခါ မိသားစုတွေ စည်းလုံးကြပါတယ်။ မိသားစုပန်းဥယျာဉ်တွေက မိသားစုဆက်ဆံရေးတွေကို တည်ဆောက်ပေးပါတယ်။ ပျော်ရွှင်စရာမိသားစုအတွေ့အကြုံတွေက မိသားစုနှောင်ကြိုးတွေကို ခိုင်မြဲစေပါတယ်။ စခန်းချခရီးထွက်ခြင်း၊ အားကစားလှုပ်ရှားမှုတွေနဲ့ တခြားအပန်းဖြေမှုတွေက မိသားစုတွေကို ပေါင်းစည်းဖို့အတွက် အထူးသဖြင့် တန်ဖိုးရှိပါတယ်။ မိသားစုတွေဟာ ဘိုးဘေးတွေကိုအမှတ်ရဖို့ မိသားစုပြန်လည်ပေါင်းဆုံပွဲတွေ စီစဉ်သင့်ပြီး၊ ဒါတွေက ဗိမာန်တော်ဆီကို ဦးတည်စေပါတယ်။
မိဘတွေဟာ ကလေးတွေကို ခြံဝန်းနဲ့ အိမ်မှုကိစ္စတွေမှာ အလုပ်လုပ်ခြင်း အပါအဝင်၊ အခြေခံလူနေမှုအတတ်ပညာတွေ သင်ကြားပေးသင့်ပါတယ်။ ဘာသာစကားသင်ယူခြင်းဟာ သာသနာပြုအမှုတော်ဆောင်ခြင်းအတွက်ရော ခေတ်သစ်ဘဝအတွက်ပါ အသုံးဝင်တဲ့ ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေရဲ့ဆရာတွေဟာ မိဘတွေ ဒါမှမဟုတ် ဘိုးဘွားတွေ ဒါမှမဟုတ် ဆွေမျိုးရင်းချာတွေ ဖြစ်နိုင်ပါတယ်။ မိသားစုတွေဟာ အုပ်စုဖွဲ့သင်ယူကြပြီး စိုးရိမ်ဖွယ်ကိစ္စရပ်အားလုံးကို မိသားစုနဲ့မိသားစုဝင်တွေနဲ့ အတူတကွတိုင်ပင်ဆွေးနွေးကြတဲ့အခါ ဖွံ့ဖြိုးတိုးတက်လာကြပါတယ်။
တစ်ချို့က၊ “ဒါပေမဲ့ အဲဒါတွေအတွက် အချိန်မရှိဘူး“ လို့ ပြောကောင်းပြောကြပါမယ်။ တကယ်တန်ဖိုးရှိတဲ့အရာကို အချိန်ပေးနိုင်ဖို့၊ မိသားစုဝင်အားလုံးရဲ့နည်းပညာပစ္စည်းတွေကို ပိတ်လိုက်ရင် သူတို့မိသားစုအတွက်အချိန်ကို ဖွင့် နိုင်တယ်ဆိုတာ မိဘအများစုကတွေ့ရှိရမှာပါ။ မိဘများခင်ဗျာ၊ မှတ်ထားပါ၊ အဲဒီကလေးတွေ ညစာအတွက် အမှန်တကယ်လိုချင်တာက သင်နဲ့အတူရှိတဲ့အချိန်ပါပဲ။
မိသားစုတွေအတူတကွ နေ့ရောညပါဒူးထောက်ပြီး ကောင်းချီးတွေအတွက်ကျေးဇူးတင်ဖို့နဲ့ ဖြစ်နေကျစိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး ဆုတောင်းတဲ့အခါ၊ ကြီးမားတဲ့ကောင်းချီးတွေက မိသားစုတွေဆီကိုလာပါတယ်။ အသင်းတော်ဝတ်ပြုအစည်းအဝေးတွေမှာရော တခြားဝတ်ပြုကိုးကွယ်ရာနေရာတွေမှာပါ အတူတကွဝတ်ပြုကိုးကွယ်ကြတဲ့အခါမှာလည်း မိသားစုတွေ ကောင်းချီးခံစားကြရပါတယ်။ မိသားစုဇာတ်လမ်းတွေပြောပြခြင်း၊ မိသားစုအလေ့အထတွေဖန်တီးခြင်းနဲ့ သန့်ရှင်းမွန်မြတ်တဲ့အတွေ့အကြုံတွေကိုမျှဝေခြင်းအားဖြင့်လည်း မိသားစုသံယောဇဉ်တွေကို ခိုင်မြဲစေပါတယ်။ ဥက္ကဋ္ဌ စပန်ဆာ ဒဗယျူ၊ ခင်ဘောလ်က “ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အသက်တာတွေနဲ့ ကျွန်တော်တို့ဘိုးဘွားတွေရဲ့ လမ်းပြလှုံ့ဆော်ပေးတဲ့ ဇာတ်လမ်းတွေက … စွမ်းအားပြင်းတဲ့ သင်ကြားရေးကိရိယာတွေဖြစ်ပါတယ်”လို့ ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့မျိုးဆက်တွေအတွက် လမ်းပြလှုံ့ဆော်ပေးတဲ့ အကောင်းဆုံးအရင်းအမြစ်တွေ ဖြစ်လေ့ရှိပါတယ်။
ကျွန်တော်တို့ထာဝရအဘ၊ ဘုရားသခင်ရဲ့တစ်ပါးတည်းသောသားတော်ဖြစ်တဲ့၊ သခင်ယေရှုခရစ်တော်ကို ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်ရှင်ဟာ ကောင်းကင်ဘုံမိသားစုပြန်လည်ပေါင်းဆုံပွဲသို့ ဦးတည်စေတဲ့ ပဋိညာဉ်လမ်းကြောင်းအတိုင်း လိုက်လျှောက်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်တော်မူပါတယ်။ ကာ့တ်လန်းဗိမာန်တော်မှာ ပြန်လည်ဆောင်ယူခဲ့တဲ့ အခွင့်သော့များရဲ့ လမ်းညွှန်မှုအားဖြင့်၊ ယဇ်ပုရောဟိတ်အခွင့်ရဲ့ တံဆိပ်ခတ်ခြင်းတန်ခိုးတော်တွေက၊ မိသားစုများကို ထာဝရအတွက် အတူတကွပေါင်းစည်းစေပါတယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၁၀:၁၃–၁၆)။ ဒီတန်ခိုးတော်တွေကို ကမ္ဘာတစ်ဝှမ်းရှိ ကိုယ်တော်ရှင်ရဲ့ တိုးပွားလာနေတဲ့ဗိမာန်တော်တွေမှာ လက်ရှိကျင့်သုံးနေကြပါတယ်။ ဧဝံဂေလိတရားတော်ဟာ စစ်မှန်ပါတယ်။ ကျွန်တော်တို့ ဧဝံဂေလိတရားတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြပါစေလို့၊ ယေရှုခရစ်တော်၏နာမတော်၌ ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။