မော်မုန်ကျမ်း—ကျွန်ုပ်တို့ဘဝခရီးလမ်းရှိအဖိုးမဖြတ်နိုင်သောရတနာ
မော်မုန်ကျမ်းစာထဲမှာ တွေ့ရှိရတဲ့ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ပွဲခံပျော်မွေ့ ကြတာနဲ့အမျှ၊ ဝိညာဥ်တော်က ကျွန်တော်တို့ကို ထာဝရသမ္မာတရားတော်တွေကို နားလည်ဖို့ကူညီပေးပါလိမ့်မယ်။
သင့်ရဲ့ဘဝကို ပြောင်းလဲနိုင်တဲ့ လက်ဆောင်တစ်ခုကို တစ်စုံတစ်ယောက်က သင့်ကိုပေးခဲ့ဖူးတဲ့အချိန်ကို သတိရနိုင်ပါသလား။ ဒီအောက်တိုဘာလက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးလက်ဆောင်တွေထဲကတစ်ခုကို ရရှိခဲ့တာနှစ်ပေါင်း ၄၀ ပြည့်မယ့်လဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝတုန်းက ကျွန်တော့်အတန်းဖော်တစ်ဦးမှာ တခြားလူငယ်အများစုနဲ့မတူတဲ့ အလင်းရောင်ရှိနေတာကို သတိထားမိခဲ့ပါတယ်။ သူနဲ့အတူရှိနေရတာကို ကျွန်တော်နှစ်သက်ခဲ့ပါတယ်။ တစ်နေ့မှာ၊ သူက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့အသင်းသားဖြစ်ကြောင်း ကျွန်တော့်ကိုပြောခဲ့ပါတယ်။ ပြီးတော့ သူက ကျွန်တော့်ကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်၊ ဒါကတော့ မော်မုန်ကျမ်းစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သူက ကျွန်တော့်ကို စာမျက်နှာနည်းနည်းဖတ်ခိုင်းပြီးတော့ ကျွန်တော့်ရဲ့ မေးခွန်းတွေကိုဖြေနိုင်မယ့် မိတ်ဆွေနှစ်ယောက်နဲ့တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမိတ်ဆွေတွေက သာသနာပြုတွေပါပဲ။
ကျွန်တော် သာသနာပြုတွေနဲ့ တွေ့တဲ့အခါ၊ သူတို့က ခရစ်တော်ရဲ့ သြဝါဒကို သွန်သင်ပေးခဲ့ပြီး ပရောဖက်မော်ရော်နိုင်းရဲ့ဖိတ်ခေါ်ချက်ကို လိုက်နာဖို့ ဖိတ်ကြားခဲ့ပါတယ်၊ “ဤအရာတို့ကို သင်တို့လက်ခံရရှိသောအခါ၌လည်း သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ၊ သင်တို့သည် ဤအရာတို့ မှန်၊ မမှန် ဘုရားသခင်၊ ထာဝရအဘအား ခရစ်တော်၏နာမတော်အားဖြင့် မေးလျှောက်ရမည့်အကြောင်းဖြစ်၏။ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိ၍၊ ရိုးသားသောစိတ်နှလုံးဖြင့်၊ စစ်မှန်သောရည်ရွယ်ချက်ဖြင့် မေးလျှောက်ကြလျှင်၊ သူသည် ထိုအရာ၏အမှန်တရားကို သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သင်တို့ထံသို့ ထင်ရှားစွာပြတော်မူလိမ့်မည်” (မော်ရော်နိုင်း ၁၀:၄)။
ကျွန်တော် မော်မုန်ကျမ်းရဲ့စာမျက်နှာပေါင်းများစွာကိုဖတ်ပြီး ဆုတောင်းခဲ့ပါတယ်။ သာသာနာပြုတွေသင်နေတဲ့အရာအားလုံးကို ကျွန်တော် နက်နက်ရှိုင်းရှိုင်းနားမလည်သေးပေမယ့်၊ ကျွန်တော်ဖတ်နေတဲ့အရာက ကောင်းမြတ်ပြီး ဘုရားသခင်ထံမှဖြစ်ကြောင်း နှလုံးသားထဲကခံစားမိပါတယ်။ ကျွန်တော်က မော်ရော်နိုင်းရဲ့ကတိတော်ကို အတည်ပြုချက်ရခဲ့ပါတယ်၊“သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့်လည်း၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၏ အမှန်တရားကို သိနိုင်ကြ၏။” (မော်ရော်နိုင်း၁၀:၅)။
ကျွန်တော် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှာ ဗတ္တိဇံခံပြီးတဲ့အချိန်၊ သူငယ်ချင်းအချို့က ကျွန်တော်ဟာ ဆုံးဖြတ်ချက်အမှားကိုချခဲ့တယ်လို့ ကျွန်တော့်ကိုအယုံသွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုသံသယတွေ ဒါမှမဟုတ် ဆန့်ကျင်မှုတွေနဲ့ ကြုံရတဲ့အခါတိုင်း၊ ကျမ်းစာတွေကိုလေ့လာခြင်းနဲ့ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နဲ့ပြုထားတဲ့ ပဋိညာဉ်တွေကို မှန်ကန်စွာစောင့်ထိန်းဖို့ ပြန်လည်အတည်ပြုချက်ရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး၊ မော်မုန်ကျမ်းစာအုပ်ဟာ ကျွန်တော့်ရဲ့အဖော်ဖြစ်လာခဲ့ပြီး ဒီလူ့ဇာတိခရီးစဉ်အတွင်းမှာ အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုဖြစ်လာခဲ့ပါတယ်။
မော်မုန်ကျမ်းဟာ စာအုပ်တစ်အုပ်ထက်ပိုပါတယ်။ အဲဒါက ယေရှုခရစ်တော်ရဲ့ တခြားသောသက်သေခံချက်ဖြစ်ပြီး ပရောဖက်ပြုဟောခြင်းနဲ့ ဗျာဒိတ်တော်ရဲ့ဝိညာဉ်တော်အားဖြင့် ပရောဖက် အများအပြားက ရေးသားခဲ့ကြတာပါ။
မော်မုန်ကျမ်းမှာမှတ်တမ်းတင်ထားတဲ့ အရေးအပါဆုံးဖြစ်ရပ်ကတော့ သခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ပြီးသိပ်မကြာမီမှာ နီဖိုင်းအမျိုးသားတွေကို ကိုယ်တိုင်အမှုတော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ မော်မုန်ကျမ်းက “ဧဝံဂေလိတရားတော်၏ ဩဝါဒများကို ရှင်းပြပြီး၊ ကယ်တင်ခြင်းအစီအစဉ်၏အဓိကအချက်များကို ဖော်ပြ၍၊ ယခုဘဝ၌ ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ လာမည့်ဘဝ၌ ထာဝရကယ်တင်ခြင်းကိုလည်းကောင်းရရှိခြင်းငှာ ပြုရမည့်အရာတို့ကိုလည်း လူသားတို့ကို ပြောပြထားပါတယ်”(မော်မုန်ကျမ်းနိဒါန်း)။
မော်မုန်ကျမ်း၊ ယေရှုခရစ်တော်၏အခြားသောသက်သေခံချက်ရဲ့ ပထမဆုံးထုတ်ဝေမှုကို ၁၈၃၀ ခုနှစ် မတ်လမှာ နယူးယောက်ပြည်နယ်က မြို့ငယ်လေးတစ်ခုမှာ လုပ်ခဲ့ပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်ဟာ ၁၈၂၉ ခုနှစ်မှာ ဒီစာအုပ်ကိုဘာသာပြန်ပြီးတဲ့အချိန်မှာ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။ သူက စာအုပ်တစ်အုပ်လုံးနီးပါးကို ၇၅ ရက်ထက်မကြာအောင် ဘာသာပြန်ဆိုနိုင်ခဲ့ပြီး၊ ပုံနှိပ်တဲ့အဆင့်ကတော့ ခုနစ်လလောက်ကြာခဲ့ပါတယ်။
ယနေ့မှာတော့၊ နိုင်ငံပေါင်း ၁၅၀ ကျော်က အချိန်ပြည့်သာသနာပြု ၈၀,၀၀၀ လောက်ဟာ မော်မုန်ကျမ်းဟာ မှန်ကန်ပြီး ယေရှုခရစ်တော်ကို သက်သေခံကြောင်း သက်သေပြဖို့အတွက် စေတနာ့ဝန်ထမ်းအဖြစ် သူတို့ရဲ့အသက်တာကိုဆပ်ကပ်ပြီး အမှုတော်ဆောင်နေကြပါတယ်။
ဒီနှစ် ဇွန်လက လတ်တလော ကျင်းပခဲ့တဲ့ သာသနာပြုခေါင်းဆောင်အသစ်များအတွက်ဟောပြောပွဲမှာ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က မော်မုန်ကျမ်းအပေါ် ခိုင်မာတဲ့ သက်သေခံချက်ကို ဒီလို ဝေငှခဲ့ပါတယ်၊ “မော်မုန်ကျမ်းဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်ပါတယ်။ ၎င်းဟာ ခရစ်တော်ရဲ့ဩဝါဒကိုသင်ပေးပြီး ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းအကြောင်းကို တခြားဘယ်စာအုပ်ထက်မဆို ပိုမိုရှင်းပြထားပါတယ်။”
မော်မုန်ကျမ်းကိုလေ့လာခြင်းအားဖြင့် ယေရှုခရစ်တော်ထံ ကျွန်တော်တို့ရဲ့ပြောင်းလဲခြင်း ပိုလေးနက်လာစေဖို့ ကူညီနိုင်မယ့် အကြံပြုချက်သုံးချက်ကို ပေးချင်ပါတယ်ခင်ဗျာ၊
၁။ သင့်ရဲ့နေ့စဉ်လေ့လာခြင်းမှာ လုံ့လရှိပြီး ပုံမှန်လုပ်ဆောင်ပါ
အယ်လမာနဲ့ မောဇိယရဲ့သားတွေလိုပဲ၊ “[ကျွန်တော်တို့ဟာ] ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိနိုင်ခြင်းငှာ၊ ကျမ်းစာများကို လုံ့လဝီရိယထက်သန်စွာ [စေ့စေ့ဖတ်]ကြပြီး” သမ္မာတရား၌ ကျွန်တော်တို့ခိုင်မာကြရပါမယ် (အယ်လမာ ၁၇:၂)။
ဂျော်ဂျီယာပြည် အတ္တလန်တာမြို့သာသနာမှာ သာသနာခေါင်းဆောင်တွေအနေနဲ့ အမှုတော်ဆောင်နေတဲ့အချိန်မှာ၊ ကျွန်တော့်ဇနီးနဲ့ကျွန်တော်က သာသနာပြုတိုင်းကို တစ်နေ့မှာ အနည်းဆုံးမိနစ်၃၀လောက် မော်မုန်ကျမ်းဖတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီကတိကဝတ်က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို တိုးတက်စေခဲ့ပြီး အံ့သြဖွယ်အမှုတွေကို ရှာဖွေပြီးမျှော်လင့်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
သာသနာပြုခြင်းပြီးဆုံးသွားတဲ့အခါ နေ့စဉ်ကျမ်းစာလေ့လာဖို့ အချိန်တွေအရင်လောက်မရနိုင်တော့တာ ဖြစ်နိုင်ပေမယ့်၊ သင်က နေ့စဉ် ဆုတောင်းပြီး မော်မုန်ကျမ်းကို ဦးစားပေးလေ့လာမယ်ဆိုရင် ဝိညာဉ်ရေးရာခွန်အားနဲ့ ကိုယ်တော်ရှင်နဲ့ သူ့ရဲ့ကတိတော်တွေအပေါ် ယုံကြည်မှုကို ပိုမိုတွေ့ရှိရမယ်လို့ ကျွန်တော်ကတိပေးပါတယ်။
၂။ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်များကို ပွဲခံပျော်မွေ့ခြင်းဖြင့် သင့်ရဲ့လေ့လာမှုကို ပိုအဓိပ္ပာယ်ရှိအောင်ပြုလုပ်ပါ
နီဖိုင်းက ဒီလိုသွန်သင်ပေးခဲ့ပါတယ်၊ “ခရစ်တော်၏နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြလော့။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့သည် သင်တို့ပြုရမည့်အရာမှန်သမျှကို ပြောပြလိမ့်မည်”(၂ နီဖိုင်း ၃၂:၃)။
ပွဲခံပျော်မွေ့ကြတယ်ဆိုတာ ဖတ်တာထက်ပိုပါတယ်၊ ဒါဟာ အနှစ်အရသာကိုသိရှိခြင်း၊ စဥ်းစားဆင်ခြင်ခြင်းနဲ့ အသုံးချခြင်းဖြစ်ပါတယ်။ မော်မုန်ကျမ်းကိုလေ့လာတဲ့အခါ၊ သင့်ရဲ့ကျမ်းစာလေ့လာမှုကို ပိုအဓိပ္ပာယ်ရှိအောင်လုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပါ။ ဥပမာ၊
-
ဧဝံဂေလိစာကြည့်တိုက် အက်ပ်မှာ ရရှိနိုင်တဲ့ သင်ထောက်ကူကိရိယာတွေကိုအသုံးပြုပါ။
-
ဘုရားသခင်ရဲ့အစီအစဉ်ကို ကျွန်တော်တို့ နားလည်ဖို့ကူညီပေးခြင်းနဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ ပဋိညာဉ်တွေပြုပြီး စောင့်ထိန်းဖို့ ဦးဆောင်လမ်းညွှန်ပေးတဲ့ ထာဝရသမ္မာတရားတွေကို ဖော်ထုတ်တာမျိုး။
-
အရေးပါတဲ့ စကားစုတွေကို မှတ်သားပြီး အဲဒီလေ့လာနေစဉ်အတွင်းမှာ သင်သိရှိလာတဲ့အရာတွေကို သိမ်းဆည်းဖို့ သင့်ရဲ့အထင်အမြင်တွေကို မှတ်တမ်းတင်တာမျိုး တို့ဖြစ်ပါတယ်။
မော်မုန်ကျမ်းမှာ ကျွန်တော်တို့စိတ်ဝိညာဉ်ရဲ့မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့ တန်ခိုးရှိပါတယ်။ နီဖိုင်း ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့က “ခပ်သိမ်းသောကျမ်းစာတို့ကို ငါတို့အတွက် ငါကျင့်သုံးသည်မှာ၊ ငါတို့၏အကျိုးနှင့် သင်ယူခြင်းအတွက်ဖြစ်ပါတယ်” (၁ နီဖိုင်း ၁၉:၂၃)။
ကျွန်တော်တို့ ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့ကြတာနဲ့အမျှ၊ ဒါဟာ ဗျာဒိတ်တော်ရဲ့တံခါးကိုဖွင့်ပေးပြီး ကိုယ်တော်နဲ့နီးစပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဘဝရဲ့အခြေအနေအမျိုးမျိုးမှာ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို ပြသပေးပါလိမ့်မယ်။
၃။ မော်မုန်ကျမ်းရဲ့ မှန်ကန်ခြင်းအပေါ် သင့်ရဲ့ သက်သေခံချက်ကို မျှဝေပါ
လေဟိက သူ့မိသားစုကို အသက်ပင်ရဲ့အသီးကို မျှဝေပေးချင်ခဲ့သလိုမျိုးပဲ (ရှု ၁ နီဖိုင်း ၈:၁၂)၊ မော်မုန်ကျမ်းအပေါ် သက်သေခံချက်ရလာတဲ့အခါ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားကိုသိရှိခြင်းက ရရှိလာတဲ့ ဝမ်းမြောက်ခြင်းကို မျှဝေချင်တဲ့ အလိုဆန္ဒ ဖြစ်ပေါ်လာပါတယ်။
ကျွန်တော်တို့ရဲ့ သာသနာပြုတစ်ယောက်ဖြစ်ပြီး၊ ကျွန်တော်တို့နဲ့အတူ ဒီကဏ္ဍကိုတက်ရောက်နေတဲ့၊ ညီအစ်မဘန်ဆန်က၊ သူ့ရဲ့မောင်လေးကို ကူညီချင်တဲ့စိတ်ဆန္ဒကို ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက၊ သူ့မောင်လေးက ကောလိပ်တက်ဖို့ ပြင်ဆင်နေပြီး သာသနာပြုထွက်ဖို့ မသေချာခဲ့ပါဘူး။ ကျွန်တော့်စိတ်ထဲမှာပေါ်လာတာကတော့ ညီအစ်မဘန်ဆန်ကို သူမ သာသနာပြုတဲ့ ပထမလေးလထဲမှာ မော်မုန်ကျမ်းကိုဖတ်ဖို့ ဖိတ်ခေါ်ပြီး၊ သူမ အကြိုက်ဆုံးအခန်းငယ်တွေကိုမှတ်သားစေကာ၊ အဲဒီစာအုပ်ကို သူ့မောင်လေးဆီပို့ပေးဖို့ တိုက်တွန်းဖို့ပါပဲ။
ညီအစ်မဘန်ဆန်က သူမှတ်သားထားတဲ့မော်မုန်ကျမ်းစာအုပ်ကို ပို့ပေးပြီး ညတိုင်းကျမ်းစာဖတ်ဖို့ သူ့မောင်လေးကို ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမက ကျွန်တော့်ကို ပြန်ပြောပြပါတယ်၊ “ကျွန်မ သာသနာပြုမထွက်ခင်တုန်းက ကျွန်မမောင်လေးက အချိန်ပြည့်သာသနာပြုထွက်ဖို့ မသေချာခဲ့ပါဘူး။ တဖြည်းဖြည်း၊ အချိန်ကြာလာတော့၊ မော်မုန်ကျမ်းကိုဖတ်ရင်းနဲ့ သူ့ဘဝမှာ ဝမ်းမြောက်ခြင်းတွေတိုးပွားလာပြီး သာသနာပြုထွက်ဖို့ စဉ်းစားလာခဲ့ပါတယ်။”
ညီအစ်မဘန်ဆန် သာသနာပြုခြင်းပြီးဖို့ နှစ်ပတ်အလိုမှာ၊ သူ့မောင်လေးက သာသနာပြုအမှုတော်ဆောင်ဖို့ ခေါ်သွင်းစာကို ရရှိခဲ့ပါတယ်။ အခုဆိုရင် သူက မက္ကဆီကို တူးစ်တလာ ဂူတီအဲရက်ဇ် သာသနာမှာ အမှုတော်ဆောင်နေပါပြီ။ မော်မုန်ကျမ်းကနေတစ်ဆင့်၊ အယ်လ်ဒါဘန်ဆန် ဟာ သူ့ဘဝကို ဝိညာဉ်ရေးရာရှင်းလင်းမှုဖြင့် သိမြင်လာပြီး၊ ဒါက သူ့ကို ကိုယ်တော်ရှင်ကို အမှုတော်ဆောင်ဖို့နဲ့ အရာအားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်စိတ်ချစေခြင်းကို ဦးဆောင်ပေးခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်က ခရစ်တော်ရဲ့နှုတ်ကပတ်တော်တန်ခိုးကြောင့် ဖြစ်ပေါ်လာတဲ့ အမှန်တကယ် အံ့ဖွယ်တစ်ခုပါပဲ။
ကျွန်တော်ရဲ့ချစ်လှစွာသောညီအကိုမောင်နှမများခင်ဗျာ၊ မော်မုန်ကျမ်းကို နက်နက်ရှိုင်းရှိုင်းလေ့လာကြဖို့ သင်တို့အယောက်ချင်းစီကို ကျွန်တော်တိုက်တွန်းပါတယ်။ မော်မုန်ကျမ်းထဲမှာတွေ့ရတဲ့ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ ပွဲခံပျော်မွေ့ကြတာနဲ့ အမျှ၊ ဝိညာဉ်တော်က ကျွန်တော်တို့ကို ထာဝရသမ္မာတရားတွေကို နားလည်စေပြီး ကိုယ်တော်ရှင်ရဲ့ သတင်းစကားကို ကြားနာဖို့ ကိုယ်တော်ရှင်ပြင်ဆင်ပေးထားတဲ့သူတွေဆီ ခိုင်မာတဲ့သက်သေခံချက်ကို မျှဝေဖို့ ကူညီပေးမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကိုယ်တော်ရှင်က၊ “ငါ၏ရွေးကောက်ထားသောသူများသည် ငါ၏အသံကို ကြားနာလျက်၊ သူတို့စိတ်နှလုံးကို မာကျောစေခြင်းမရှိကြ” (ဩဝါဒနှင့်ပဋိညာဉ်များ ၂၉:၇)လို့ မိန့်တော်မူခဲ့ပါတယ်။ ယုံကြည်ခြင်းနဲ့ဘုရားသခင်ကိုမေးလျှောက်သူတိုင်းဟာ မော်မုန်ကျမ်းရဲ့ အမှန်တရားနဲ့ အထွဋ်အမြတ်ဖြစ်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် သက်သေခံချက်ရရှိကြလိမ့်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ဒီအကြောင်းကို ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။