အထွေထွေညီလာခံ
ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမေတ္တာတော်
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


14:34

ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမေတ္တာတော်

ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမေတ္တာတော်မှာ အနာငြိမ်းစေခြင်းနဲ့ ခွင့်လွှတ်ခြင်းအပြည့်အစုံကို တွေ့ရှိနိုင်ပါတယ်။

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်အပေါ်ထားတဲ့ကျွန်တော့်ရဲ့ချစ်ခြင်းနဲ့ ကျွန်တော်တို့တစ်ဦးချင်းစီအပေါ် ရှိခဲ့တဲ့ သူ့ရဲ့အလွန်ထူးခြားကောင်းမွန်တဲ့လွှမ်းမိုးမှုအတွက် ကျွန်တော့်ရဲ့ကျေးဇူးတင်ခြင်းကို ကျွန်တော်ဖော်ပြလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံးအတွက်၊ ဥက္ကဋ္ဌဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်ရဲ့ မြင့်မြတ်တဲ့အသက်တာကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြှင့်တင်ခြင်းအတွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။

နှစ်တစ်နှစ်ကုန်လွန်တိုင်း၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်နဲ့ သူ့ရဲ့ကရုဏာကြီးတဲ့အပြစ်ဖြေခြင်းမင်္ဂလာအတွက် ကြီးမားတဲ့မေတ္တာကို ကျွန်တော်ခံစားမိပါတယ်။ ကိုယ်တော့်ရဲ့အမြင့်ဆုံးပေးဆပ်ခြင်း၊ သေခြင်းနဲ့အပြစ်ကို အောင်နိုင်ခြင်းက လူ့သမိုင်းတလျှောက် အကျိုးသက်ရောက်မှုအကြီးဆုံး ပံ့ပိုးမှုဖြစ်ပါတယ်။ ကိုယ်တော့်ရဲ့မြင့်မြတ်တဲ့ဆုကျေးဇူးကို နားလည်ခြင်းက ကျွန်တော့်အတွက်ကတော့ သေလွန်ပြီးနောက်ပိုင်းဆက်လက်ဖြစ်နေမယ့် အဆုံးမရှိတဲ့ ကောင်းကင်ဘုံရဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။

သခင်ယေရှုခရစ်တော်

အပြစ်ကိုခွင့်လွှတ်ခြင်းနဲ့ အခြားသူတွေရဲ့အပြစ်တွေကြောင့်ဖြစ်စေတဲ့ ဒဏ်ရာတွေကိုကုသခြင်းမှာ ကယ်တင်ရှင်ရဲ့တန်ခိုးကြီးတဲ့ကရုဏာတော်ဟာ ဘုရားသခင့်မေတ္တာတော်ရဲ့ အလွန်တရာအံ့ဖွယ်အကောင်းဆုံး ထင်ရှားစွာပြတော်မူခြင်းဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ဆန္ဒက အလွန်ပြင်းထန်တဲ့အပြစ်တွေအတွက် ခွင့်လွှတ်ခြင်းရှာဖွေနေတဲ့သူတွေကို မျှော်လင့်ခြင်းပေးဖို့နဲ့ အခြားသူတွေရဲ့ ပြင်းထန်တဲ့အပြစ်တွေကြောင့်ဖြစ်စေတဲ့ နာကျင်စေတဲ့ဒဏ်ရာတွေကနေ အနာငြိမ်းခြင်းကိုရှာဖွေနေတဲ့သူတွေအတွက် နှစ်သိမ့်ခြင်းပေးဖို့ ဖြစ်ပါတယ်။

ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမေတ္တာတော်မှာ အနာငြိမ်းစေခြင်းနဲ့ ခွင့်လွှတ်ခြင်းအပြည့်အစုံကို တွေ့ရှိနိုင်ပါတယ်။

ယေရှုခရစ်တော်၌ယုံကြည်ခြင်း

သင်ဟာပြင်းထန်တဲ့အပြစ်တွေကိုကျူးလွန်ထားပြီး နောင်တရတဲ့ဖြစ်စဉ်မှာရှိတယ် ဒါမှမဟုတ် အပြည့်အဝနောင်တရဖို့ဆန္ဒရှိပြီးတော့ ခွင့်လွှတ်ခြင်းရဲ့ ပြောလို့​မ​မီ​နိုင်​တဲ့ရွှင်​လန်း​ခြင်း​ကိုခံစားရပါက၊ ဒီအလွန်တရာ အံ့ဖွယ်အမှုက သင့်ကိုစောင့်နေကြောင်း ကျေးဇူးပြုပြီးသိရှိပါ။ ကယ်တင်ရှင်က “ငါ့​ထံ​သို့ လာ​ကြ​လော့”လို့ အဆက်မပြတ်ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်၌ သင့်ရဲ့ယုံကြည်ခြင်းကိုအားကောင်းလာစေခြင်းက ကိုယ်တော့်ကိုသိရှိပြီး၊ သူ့ကိုယုံကြည်ကာ သူ့ထံသင့်ရဲ့နှလုံးသားကိုပေးအပ်ဖို့ သင့်စိတ်ဝိညာဉ်ရဲ့ တောင့်တမှုကို လှုံ့ဆော်စေပါလိမ့်မယ်။ ဧနုတ်က သူ့ရဲ့ကိုယ်ပိုင်ခွင့်လွှတ်ခြင်းအကြောင်းကို ဒီလိုမေးမြန်းခဲ့ပါတယ်၊ “ကိုယ်တော်ရှင်၊ ထိုအမှုသည် အဘယ်သို့​အားဖြင့်၊ ဖြစ်သွား​ပါသနည်း။” ကိုယ်တော်ရှင်က “ယခင်က သင်မကြားဖူး၊ မမြင်ဖူး​ခဲ့လေသော ခရစ်တော်​ကို သင်၏​ယုံကြည်ခြင်းကြောင့်​ပေတည်း”လို့ ပြန်ဖြေခဲ့ပါတယ်။

ပြီးတော့ မော်ရော်နိုင်းက၊ “ဘုရားမဲ့​နေခြင်း​အမှု​ခပ်သိမ်းတို့မှ သင်တို့ကိုယ်​သင်တို့ ငြင်း​ဆို၍၊ ဘုရားသခင်ကို သင်တို့၏ အစွမ်း​သတ္တိ၊ စိတ်နှင့် ခွန်​အား​ရှိ​သမျှဖြင့် ချစ်ကြလျှင်၊ သူ၏​ကျေးဇူ​တော်​သည် သင်တို့​အဖို့ လုံ​လောက်၏”ဟု အခုလိုထပ်ဖြည့်ပြီး ပြောခဲ့ပါတယ်။

အပြစ်မှကျောခိုင်းခြင်း၊ ဘုရားသခင်ဆီကို ပြန်လှည့်လာခြင်းနဲ့ ယေရှုခရစ်တော်၌သင့်ရဲ့ယုံကြည်ခြင်းကို အားကောင်းလာစေခြင်းဟာ လှပတဲ့အစပြုခြင်းပဲ ဖြစ်ပါတယ်။ ဘုရားသခင်ထံ သင့်ရဲ့အလိုကိုနှိမ့်ချစွာဝန်ခံခြင်းမှာ သင့်ရဲ့သင်းအုပ် ဒါမှမဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌထံမှာ ပြင်းထန်တဲ့အပြစ်တွေကိုဝန်ခံခြင်းပါဝင်ပါတယ်၊ ဒါပေမဲ့ သင့်ရဲ့ပြည့်ဝတဲ့ ခွင့်လွှတ်မှုက ကယ်တင်ရှင်ထံမှ လာပါတယ်။ ခွင့်လွှတ်ခြင်းက ယေရှုခရစ်‌တော်ရဲ့ကျေးဇူးတော်အားဖြင့်ပေးတဲ့ မြင့်မြတ်တဲ့ဆုကျေးဇူးဖြစ်ပါတယ်။

ရိုးသားမှု

ဘုရားသခင်ထံ အမှန်တကယ်ပြန်လှည့်လာလိုတဲ့ဆန္ဒက သင့်ရဲ့ကောင်းကင်ဘုံရှင်အဘ၊ သင်ကိုယ်တိုင်၊ ထိခိုက်နစ်နာခဲ့ရသူတွေနဲ့ သင့်ရဲ့ယဇ်ပုရောဟိတ်ခေါင်းဆောင်အပေါ် အပြည့်အဝရိုးသားဖို့ ဆုံးဖြတ်ချက်နဲ့ ပူးတွဲလိုက်ပါလာပါတယ်။ သင့်ရဲ့ကောင်းကင်ဘုံရှင်အဘက ကျိုးပဲ့တဲ့နှလုံးသားနဲ့ကြေကွဲတဲ့စိတ်ဖြင့် သူ့ထံကိုလာဖို့ သင့်ရဲ့ ဆုံးဖြတ်ချက်၌ ဝမ်းမြောက်ပါတယ်။ ကြေကွဲတဲ့စိတ်ရှိခြင်းက ဘုရားသခင်ရဲ့လက်တော်ထဲ မိမိကိုယ်ကို နှိမ့်ချစွာထားခြင်းဖြစ်ပါတယ်၊ ကျိုးပဲ့တဲ့နှလုံးသားရှိခြင်းက “ဘု​ရား​သ​ခင်ရဲ့ အ​လို​တော်​နဲ့ညီတဲ့ဝမ်း​နည်း​ခြင်း​”အဖြစ် တမန်တော်ပေါလုဖော်ပြခဲ့သလိုပဲ၊ ဘယ်လောက်ပဲကြိုးစားရပါစေ ကိုယ်တော့်ထံပြန်လာဖို့ စိတ်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တောင့်တမှုကို ဆောင်ကြဉ်းပေးပါတယ်။

ကျိုးပဲ့သွားသည့်အရာကို ပြန်လည်မွမ်းမံခြင်း

သင့်ရဲ့တမ်းတခြင်းက သင်ချိုးဖဲ့ခဲ့တဲ့အရာကို ပြုပြင်လိုစိတ်ဖြစ်စေပါတယ်။ ဒါပေမဲ့၊ အချို့အရာတွေကို ပြုပြင်ဖို့သင်မစွမ်းဆောင်နိုင်ကြောင်း သဘောပေါက်နားလည်ကာ သင့်အပြုအမူတွေရဲ့အကျိုးဆက်ကြောင့် နာကျင်ခဲ့ရသူတွေကို ကိုယ်တော်ရှင်က သူ့ရဲ့ကျေးဇူးတော်အားဖြင့် ကူညီကုသပေးဖို့ သင်ပြင်းပြစွာ ဆုတောင်းတတ်ပါတယ်။

အခြားသူတွေအပေါ်ပြုခဲ့တဲ့ ပြင်းထန်တဲ့အပြစ်ရဲ့အကျိုးဆက်တွေဟာ ကျော်လွှားဖို့ မကြာခဏ နာကျင်စွာ ခက်ခဲတတ်ပါတယ်။ “သူတို့​ပြုလေသော ပျက်စီးမှု​မှန်သမျှတို့မှ ပြုပြင်ခြင်းငှာ၊ ထက်သန်​ပြင်းပြစွာ​ကြိုးစားလျက်”ရှိခဲ့ကြတဲ့ မောဇိယသားတွေရဲ့ပုံသက်သေနောက်ကို သင်လိုက်လျှောက်နေပါသလား။ သင်မသိမြင်နိုင်တဲ့အရာတွေအကြောင်း သင်လေးစားရသူတွေနဲ့ ပြောဆိုကြည့်ပါ။

ကျွန်တော် ဒီဟောပြောချက်ကို ပြင်ဆင်နေချိန်မှာ၊ နောင်တရပြီး အသင်းတော်ဆီပြန်လာဖို့ဆန္ဒရှိတဲ့ ဖြစ်စဉ်မှာရှိနေတဲ့ သူတစ်ယောက်ဆီက မျှော်လင့်မထားတဲ့ အီးမေးလ်တစ်စောင်ရရှိခဲ့ပါတယ်။ သူ့ရဲ့ဇနီးဟောင်းက “[သူတို့ရဲ့] ထာဝရအိမ်ထောင်ဘက်ပြုထားခြင်း၊ [ကလေးတွေနဲ့ပတ်သက်တဲ့ အခက်အခဲတွေ]၊ ငွေကြေးဖူလုံမှု ဆုံးရှုံးခြင်း၊ … အသုံးစရိတ်တွေကို မပေးနိုင်တော့[ခြင်း]၊ [နဲ့] သစ္စာဖောက်ခံရခြင်းကြောင့် နက်ရှိုင်းစွာ မွန်းကြပ်တဲ့ခံစားချက်တွေ”ရဲ့ ဆုံးရှုံးမှုမှ ခံစားနေရဆဲပါပဲ။

သူ့ရဲ့ယဇ်ပုရောဟိတ်ခေါင်းဆောင်က “[သူ့ရဲ့ဇနီးဟောင်းနဲ့ကလေးတွေအတွက် သူဘာများထပ်လုပ်ပေးနိုင်]လဲဆိုတာကို ဆုတောင်းခြင်းထက်သန်စွာ စဉ်းစားရန် [သူ့ကိုတောင်းဆို]ဖို့ တိုက်တွန်းမှုခံစားခဲ့ရ”ကြောင်း ကျွန်တော့်ကိုသူပြောပြပါတယ်။ ခွင့်ပြုချက်နဲ့ သူ့ရဲ့အီးမေးလ်ထဲက တစ်စိတ်တစ်ပိုင်းကို ကျွန်တော်ဝေမျှပါမယ်၊

“အိမ်ထောင်ကွဲအမိန့်ချမှတ်မှုအရ ကျွန်တော်ပေးလိုက်ရတဲ့[ငွေကြေး]က လိုတာထက်ပိုပြီးရက်ရောခဲ့တယ်လို့ ကျွန်တော် [ပထမ]တော့ ထင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့အသင်းတော်ခွဲဥက္ကဋ္ဌက ကျွန်တော့်ကို အဲဒီအကြောင်း အစာရှောင်ဆုတောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

“အစပိုင်းမှာ၊ ကျွန်တော် နောက်ထပ်ပြန်ဆပ်ပေးရမည့်အရာအကြောင်း အတွေးနဲ့အခက်အခဲရှိခဲ့ပါတယ်။ ကျွန်တော့်အပြစ်တွေက ငွေကြေးနဲ့မဆိုင်တာကြောင့်၊ ‘ရက်ရောတဲ့ပြန်ဆပ်ခြင်း’ဆိုတာ အမှန်တကယ်ဘာကိုဆိုလိုလဲလို့ ကျွန်တော်စဉ်းစားခဲ့ပါတယ် … [ဒါပေမဲ့] ဒါဟာ ငွေကြေးအကြောင်းပဲ မဟုတ်ဘူးဆိုတာ ကျွန်တော်မကြာခင် သဘောပေါက်လာခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ယဇ်ပုရောဟိတ်ခေါင်းဆောင်တွေက [ကျွန်တော့်ဇနီးဟောင်း]နဲ့ ကလေးတွေကို တွေ့ခဲ့ပြီး သူတို့ဟာရုန်းကန်နေရဆဲဖြစ်ကာ ခံစားချက်တွေ မပျောက်ကင်းသေးတာကို သတိပြုမိခဲ့ပါတယ်။ …

“ကျွန်တော့်ရဲ့ပန်းတိုင်အသစ်က ယုံကြည်ခြင်းနဲ့ရှေ့ဆက်ဖို့ဖြစ်ပါတယ်။ … ပြန်ရလိုမှုမျှော်လင့်ချက်မရှိဘဲ ကူညီဖို့ ကျွန်တော့်ရဲ့ဆန္ဒကို ရိုးရှင်းစွာဖော်ပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဝင်ငွေတိုင်းမှာ [သတ်မှတ်ငွေပမာဏကို ကျွန်တော့်ဇနီးဟောင်းဆီပို့]ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အသားတင်လစာရဲ့ ကြီးမားတဲ့ဝေစုဖြစ်ခဲ့ပါတယ်။ ပထမဆုံးငွေကို မပေးခင်မှာပဲ၊ ကိုယ်တော်ရှင်က [အဲဒီပမာဏရဲ့နှစ်ဆ]ကို ပေးဖို့ [လိုအပ်ကြောင်း ကျွန်တော့်စိတ်ထဲမှတိုက်တွန်းခဲ့ပါတယ်]။

“ပြန်ဆပ်ခြင်းဆိုတာ ငွေကြေးအကြောင်းပဲ မဟုတ်ဘူးဆိုတာကို ကျွန်တော်သင်ယူခဲ့ရပါတယ်။ ဒါဟာ ကိုယ်တော်ရှင်ထံ ကျွန်တော့်ရဲ့အသက်တာကို နှိမ့်ချစွာဆက်ကပ်ခြင်းပဲဖြစ်ပါတယ်။ ငွေကြေးက ကျွန်တော့်ရဲ့ညံ့ဖျင်းတဲ့ရွေးချယ်မှုတွေကြောင့် ကျွန်တော့်မိသားစုဆီကနေ ကျွန်တော်ယူခဲ့တဲ့အရာကို အစားထိုးကူညီဖို့ဖြစ်ပါတယ်။ ပြန်ရဖို့ဘာကိုမှမမျှော်လင့်ဘဲ ကတိတွေပြုပြီးစောင့်ထိန်းခြင်းနဲ့ သူမ ငွေတောင်းခံလွှာ‌တွေကို မစိုးရိမ်ရဘဲ ဝိညာဉ်တော်ကိုရှာဖွေနိုင်ဖို့အတွက် ကူညီပေးခြင်းပဲဖြစ်ပါတယ်။”

သင်ချိုးဖဲ့ခဲ့တဲ့အရာကို ပြန်လည်ပေးအပ်ဖို့ သင့်ရဲ့အားထုတ်မှုတွေက ငွေကြေးနဲ့ဘာမှမသက်ဆိုင်နိုင်ပါဘူး၊ ဒါပေမဲ့ သင်ဟာ ကိုယ်တော်ရှင်နဲ့ နှိမ့်ချစွာတိုင်ပင်တဲ့အခါ၊ သင်လုပ်နိုင်တာပိုများကြောင်း တွေ့ရှိနိုင်ပါတယ်။

တရွေ့ရွေ့ပေးသည့် မြင့်မြတ်သောထောက်ခံချက်

ကိုယ်တော့်ရဲ့ခွင့်လွှတ်ခြင်းကို သင်ရှာဖွေတာနဲ့အမျှ၊ သူ့ရဲ့ အပြည့်အဝခွင့်ပြုချက်အပေါ် သင်စောင့်ဆိုင်းတဲ့အခါ စိတ်ရှည်ပါ။ ဒီကျမ်းစာကို ဆင်ခြင်ကြည့်ပါ၊

“သူတို့သည် … သူတို့ကိုယ်​သူတို့ နက်လှစွာသော​နှိမ့်ချခြင်း​ဖြင့်ပင် နှိမ့်ချ[ခဲ့]၍၊ ထိုမှတစ်ပါး၊ … သူတို့၏​ဘုရားသခင်ထံ တစ်နေ့လုံး​တောင်းလျှောက်​ကြ၏။ … [သို့သော်] ကိုယ်တော်ရှင်သည် သူတို့၏​ဒုစရိုက်များကြောင့်၊ သူတို့၏​တောင်းလျှောက်ခြင်းကို​ကြားရန် နှေးကွေး​တော်မူ၏။”

“အဘယ်သို့ပင်​ဖြစ်စေ၊ ကိုယ်တော်ရှင်သည် သူတို့၏​တောင်းလျှောက်ခြင်းများကို ကြားတော်မူ၍၊ … သူတို့၏​ဝန်များကို ပေါ့စပြု​စေ၏။ … ထို့အတူ … သူတို့သည် ထိုပြည်၌ တရွေ့ရွေ့​အောင်မြင်​စပြု​ကြ၏။”

ကိုယ်တော်ရှင်က သူ့ရဲ့ကောင်းချီးနဲ့ ထောက်ခံချက်ကို တရွေ့ရွေ့​ပေးတဲ့အခါ၊ စိတ်ရှည်ပါ။

ကိုယ်တော်ရှင်ရဲ့အချိန်ကျချိန်မှာ၊ “ဤအရာတို့က သင့်ကို စိတ်ညှိုးငယ်​စေခြင်း မရှိစေတော့နှင့်”လို့ သင့်ကိုပြောနေတဲ့ ကိုယ်တော့်အသံတော်ကို သင်ခံစားရပါလိမ့်မယ်။ တစ်နေ့မှာ၊ ကယ်တင်ရှင်ထံ သင်ဆက်လက်ပြန်လှည့်လာတဲ့အခါ၊ သင့်ရဲ့ကောင်းကင်ဘုံရှင်အဘက “အပြစ်​ရောက်ခြင်းကို သူ့သားတော်၏ ကောင်းမှုများ​အားဖြင့် [သင့်စိတ်နှလုံး]မှ​ ဖယ်ရှား​တော်မူမည်။”

ထိခိုက်ဒဏ်ရာရခြင်းနှင့် ဒုက္ခဝေဒနာခံစားခြင်း

အခြားသူရဲ့ပြင်းထန်တဲ့အပြစ်တွေကြောင့် အင်မတန် မမျှတစွာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ သင်တို့အတွက်၊ ကယ်တင်ရှင်ရဲ့မေတ္တာနဲ့ ကရုဏာ၊ သူ့ရဲ့နှစ်သိမ့်မှုနဲ့ ငြိမ်သက်ခြင်းကို ဝေမျှဖို့ ကျွန်တော်တောင့်တပါတယ်။

သင်ခံစားခဲ့ရတဲ့ဝမ်းနည်းခြင်း၊ နှလုံးကြေကွဲခြင်း၊ ဆုံးရှုံးခြင်း၊ သစ္စာဖောက်ခံရခြင်းကြောင့် မွန်းကြပ်တဲ့ခံစားချက်၊ သင်စိတ်ကူးခဲ့တဲ့ဘဝပြောင်းပြန်လှန်သွားခြင်းတွေရှိပေမဲ့ ကယ်တင်ရှင်က သင့်ကို သိတော်မူပြီး ချစ်တော်မူတယ်ဆိုတာ ကျွန်တော် အတိအလင်းအာမခံပါတယ်။ သူ့ကို ဆက်သွယ်ပါ။ သူက သင့်ရဲ့နှစ်သိမ့်မှုနဲ့ခွန်အားဖြစ်ပါတယ်၊ သင်တို့ကို မစချီပင့်ဖို့ ကောင်းကင်တမန်တွေကို သူစေလွှတ်ပါလိမ့်မယ်။ ဘယ်အချိန်မှ သင့်ရဲ့နာကျင်ခြင်း ပျောက်သွားမလဲ၊ သင့်ရဲ့ပူဆွေးမှု လျော့ပါးသွားမလဲ၊ မလိုလားအပ်တဲ့အမှတ်တရတွေကို မေ့လျော့သွားပါလိမ့်မလဲ။ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်သိတာကတော့၊ သင့်ရဲ့ဒုက္ခဝေဒနာခံစားခြင်းပြာတွေမှပေါင်းသရဖူကို ယူဆောင်ပေးဖို့ ကိုယ်တော့်ဆီမှာ တန်ခိုးတော်ရှိတယ် ဆိုတာပါပဲ။

မီချီဂန်၊ ဂရန်း ဘလန်က ကျွန်တော်တို့ချစ်ရတဲ့ ညီအစ်ကိုမောင်နှမတွေဟာ ယေရှုခရစ်တော်၌ သူတို့ရဲ့တုန်လှုပ်ခြင်းမရှိတဲ့ ယုံကြည်ခြင်းနဲ့ သူတို့ရဲ့ရဲရင့်ခြင်းနဲ့ ကိုယ်ကျိုးမငဲ့မှုတို့ဖြင့် ကယ်တင်ရှင်ရဲ့တုနိုင်းမရနိုင်တဲ့ မေတ္တာနဲ့ကျေးဇူးတော်ကို ရရှိခဲ့ကြပြီး ရှေ့လာမယ့်ရက်သတ္တပတ်တွေနဲ့လတွေမှာလည်း ကြွယ်ဝစွာရရှိပါလိမ့်မယ်။

ကိုယ်တော့်ထံသင့်ရဲ့ယုံကြည်ခြင်းကိုဆက်လက်ထားရှိတဲ့အခါ၊ သင့်ရဲ့မှောင်မိုက်တိမ်တိုက်တွေနဲ့ ညဘက်မှာ မချိတင်ကဲရှိုက်ငိုခြင်းတွေကို ဝမ်းမြောက်ခြင်းကြောင့်ကျဆင်းလာတဲ့မျက်ရည်တွေနဲ့ နံနက်ခင်းရဲ့အလင်းမှာငြိမ်သက်ခြင်းအဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။ “သင်​၏ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။ … ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်[သူ​]​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။” အဲဒီအချိန်ကျရောက်လာပါလိမ့်မယ်။ အဲအချိန်လာမယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။

ဥက္ကဋ္ဌ ဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်

ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမေတ္တာတော်ကို အခက်ခဲဆုံးအခြေအနေတွေမှာ တွေ့နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းကျေးဇူးတော်ကို အဆက်မပြတ်လိုအပ်ကြပါတယ်။ ဥက္ကဋ္ဌဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်က ဒီလိုသင်ကြားခဲ့ပါတယ်၊ “သေခြင်းရှိရာဘဝမှာ ကိုယ်တော့်ရဲ့ အပြစ်ဖြေခြင်းအတွေ့အကြုံကြောင့်၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က နေရာတိုင်းမှာရှိတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးအားလုံးကို နှစ်သိမ့်ပေး၊ အနာငြိမ်းပေးပြီး ခွန်အားဖြည့်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ကိုယ်တော်က သူ့ကိုရှာပြီး သူ့အကူအညီကို တောင်းခံသူတို့အတွက်သာ ပြုတော်မူတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တမန်တော်ယာကုပ်က၊ ‘ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်’ (ရှင်ယာကုပ် ၄:၁၀)လို့ သင်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်၌ယုံကြည်ပြီး သူ့အကူအညီအတွက် ဆုတောင်းတဲ့အခါ ထိုကောင်းချီးအတွက် အရည်အချင်းပြည့်မီကြပါတယ်။”

အသင်းလူကြီး ရောဘတ် အီး၊ ဝဲလ်စ်နှင့် အသင်းလူကြီး နီးရယ်လ် အယ်လ်၊ အန်ဒါဆင်

အသင်းလူကြီး ရောဘတ် အီး၊ ဝဲလ်စ်

ကျွန်တော့်ချစ်ရတဲ့မိတ်ဆွေ၊ ဂုဏ်ထူးဆောင် အထွေထွေအာဏာပိုင်ခုနစ်ကျိပ်အဖွဲ့ဝင်၊ အသင်းလူကြီး ရောဘတ် အီး၊ ဝဲလ်စ်က အခု အသက်၉၇နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ကျော်က သူ့ရဲ့အတွေ့အကြုံကို ဝေမျှဖို့ သူ့ဆီကခွင့်ပြုချက်ကို ကျွန်တော်ရရှိခဲ့ပါတယ်။

၁၉၆၀ခုနှစ်မှာ ပါရာဂွေးနိုင်ငံမှာနေထိုင်စဉ်၊ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းရှင်တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့တဲ့ ရောဘတ် ဝဲလ်စ်က အဲဒီအချိန်မှာ အသက်၃၂နှစ်ရှိပါတယ်။ သူနဲ့သူ့ဇနီးသည်၊ မာရိုလ်က ဥရုဂွေးနိုင်ငံမှ ပါရာဂွေးနိုင်ငံကအိမ်ကို မတူညီတဲ့လေယာဉ်နှစ်စင်းရဲ့ လေယာဉ်မှူးတွေအဖြစ် ပျံသန်းခဲ့ကြပါတယ်။ ထူထပ်တဲ့တိမ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါ၊ ရောဘတ်နဲ့ မာရိုလ်က မြင်ကွင်းနဲ့ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ ရောဘတ်က သူ့ဇနီးသည်ရဲ့ လေယာဉ်ပျက်ကျမှုကို သိလိုက်တဲ့အခါ မြေပြင်ပေါ်မြန်မြန်ဆင်းသက်ခဲ့ပါတယ်။ သူ့ဇနီးသည်ရော သူမနဲ့အတူပျံသန်းခဲ့တဲ့ မိတ်ဆွေနှစ်ဦးရော အသက်ရှင်ကျန်ရစ်ခြင်းမရှိခဲ့ကြပါဘူး။ အာဆွန်စီယွန်ကအိမ်မှာ အသက် ခုနစ်နှစ်၊ ငါးနှစ်နဲ့ နှစ်နှစ်အရွယ် သူ့ကလေးတွေရှိနေခဲ့ပါတယ်။

ဝဲလ်စ် မိသားစု

အသင်းလူကြီး ဝဲလ်စ်က သူ့ရဲ့ပူဆွေးမှုကို ဒီလိုပြောပြခဲ့ပါတယ်၊

“ကျွန်တော့်ရဲ့ခံစားမှုတွေကို ဝါးမျိုပစ်ပြီး၊ အာရုံတွေကို ထုံသွားစေတဲ့ ကျွန်တော့်အထဲက ပြည့်ကျပ်နေတဲ့နာကျင်မှုကိုဖော်ပြဖို့ စကားလုံးတွေ ဘယ်တော့မှလုံလောက်မှာမဟုတ်ပါဘူး။ နက်ရှိုင်းတဲ့ ဝမ်းနည်းမျက်ရည်တွေက လွယ်လွယ်နဲ့မရပ်နိုင်ဘဲ စီးကျနေခဲ့ပါတယ်။ ပိုဆိုးတာက၊ ကျွန်တော့်စိတ်က ကျွန်တော့်ဇနီးကွယ်လွန်ခြင်းရဲ့ စိတ်ထိခိုက်စရာအဖြစ်မှန်ကို ရင်ဆိုင်ဖို့ကြိုးပမ်းနေတဲ့အခါ၊ လေယာဥ်ပျက်ကျမှုအတွက် ကျွန်တော့်မှာတာဝန်ရှိတယ်ဆိုတဲ့ခံစားချက်ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ကြီးမားတဲ့အပြစ်ရှိသလို ခံစားခဲ့ရတာကို သတိပြုမိခဲ့ပါတယ်။”

ရောဘတ်က လေယာဉ်ကိုပိုမိုစေ့စပ်စွာမစစ်ဆေးခြင်းနဲ့ သူ့ဇနီးသည်ကို လုံလောက်တဲ့ စက်ကိရိယာပျံသန်းမှု ညွှန်ကြားချက်တွေကို မပေးခဲ့ခြင်းအတွက် သူ့ကိုယ်သူအပြစ်တင်ခဲ့ပါတယ်။ သူဟာ လျစ်လျူရှုတဲ့အပြစ်ရှိတယ်လို့ ခံစားခဲ့ရပါတယ်။

ရောဘတ်က အခုလိုပြောခဲ့ပါတယ်၊

“ကျွန်တော့်စိတ်ဟာ မှောင်မိုက်ပြီး ဝေဝါးသွားခဲ့ပါတယ်။ … [ကလေးတွေအတွက်ကြောင့်သာ၊]—ကျွန်တော် ရှင်သန်နေရုံသက်သက်ပါပဲ ဒီထက် ဘာမှမပိုပါဘူး။”

“ကျွန်တော် … အသက်ဆက်ရှင်ဖို့ ဆန္ဒပျောက်ဆုံးခဲ့ပါတယ်။”

အချိန်တန်လာတဲ့အခါ၊ လေးနက်တဲ့ဝိညာဉ်ရေးရာအတွေ့အကြုံတစ်ခုနဲ့ ရောဘတ်က ကောင်းချီးပေးခံခဲ့ရပါတယ်။ သူက ဒီလိုပြန်ပြောပြခဲ့ပါတယ်၊

“တစ်နှစ်ခန့်ကြာပြီးနောက်၊ ညနေခင်းတစ်ခုမှာ၊ ကျွန်တော်ဒူးထောက်ဆုတောင်းနေချိန်၊ အလွန်တရာအံ့ဩဖွယ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကောင်းကင်ဘုံရှင်အဘထံဆုတောင်းပြီး အသနားခံနေစဉ်မှာ၊ ကယ်တင်ရှင်က ကျွန်တော့်ဘေးမှာ လာခဲ့သလိုကျွန်တော်ခံစားခဲ့ရပြီး ကျွန်တော့်စိတ်ဝိညာဉ်နဲ့ ကျွန်တော့်နားထဲကို ဒီစကားတွေကို ကြားလောက်တဲ့အသံတော်နဲ့ ပြောတာကို ကျွန်တော်ကြားခဲ့ပါတယ်၊ ‘ရောဘတ်၊ ငါ့ရဲ့အပြစ်ဖြေခြင်းယဇ်က သင့်အပြစ်တွေနဲ့သင့်အမှားတွေအတွက် ဆပ်ပေးခဲ့ပြီးပြီ။ သင့်ဇနီးသည်က သင့်ကိုခွင့်လွှတ်ပါတယ်။ သင့်မိတ်ဆွေတွေက သင့်ကိုခွင့်လွှတ်ပါတယ်။ သင့်ဝန်ထုတ်ကို ငါချီမပေးမယ်။ …’

“အဲဒီအချိန်ကစပြီး၊ အပြစ်ရှိမှုခံစားချက် [နဲ့ မျှော်လင့်ချက်ကင်းမဲ့ခြင်း] ဝန်ထုတ်ကို ကျွန်တော့်ဆီက အံ့သြဖွယ်ရုပ်သိမ်းသွားခဲ့ပါတယ်။ ကျွန်တော် ကယ်တင်ခံလိုက်ရပါတယ်။ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာရဲ့ လွှမ်းခြုံထားတဲ့တန်ခိုးတော်ကို ကျွန်တော်ချက်ချင်း နားလည်သဘောပေါက်ခဲ့ပြီး … ဒါက ကျွန်တော့်အပေါ် တိုက်ရိုက်သက်ရောက်ခဲ့ပါတယ်။ … ကျွန်တော်ဟာ … အရင်ကတစ်ခါမှမသိခဲ့တဲ့ အလင်းနဲ့ပျော်ရွှင်မှုကို ခံစားခဲ့ရပါတယ်။ … ကျွန်တော့်ကို မထိုက်တန်တဲ့ဆုကျေးဇူး—ကိုယ်တော်ရှင်ရဲ့ကျေးဇူးတော်ဆုကျေးဇူးပေးခဲ့ပါတယ်။ ကျွန်တော်ဒါနဲ့မထိုက်တန်ခဲ့ပါဘူး—ဒါကိုရထိုက်ဖို့ကျွန်တော်ဘာမှမလုပ်ဆောင်ခဲ့ပါဘူး၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူကျွန်တော့်ကို ပေးခဲ့ပါတယ်။”

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အယောက်တိုင်း “ဘုရားသခင်၏​ကျေးဇူးတော်​ကြောင့်၊ … ခရစ်တော်၏​အသွေးတော် သွန်း​လောင်း​တော်မူခြင်း​ကြောင့်၊ ခရစ်တော်​အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့​ရောက်သဖြင့်၊ အစွန်း​အထင်း​မရှိဘဲ၊ သန့်​ရှင်း[​လာကြ]” ပါစေ။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့ ရွေးနုတ်ရှင်ရဲ့ မေတ္တာ၊ ကရုဏာတော်နှင့် ကျေးဇူးတော်ကို ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော် အသက်ရှင်တော်မူပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့သားသမီးတွေဖြစ်ကြပြီး၊ ပဋိညာဥ်ရဲ့သားသမီးတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ ကိုယ်တော့်ကို ယုံကြည်၊ လိုက်လျှောက်ပြီး အားကိုးကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေနဲ့ အပြစ်တွေမှ ကျွန်တော်တို့ကို သူချီမပါလိမ့်မယ်။ အဲနောက်မှာ၊ ဒီသေခြင်းရှိတာဘဝကိုကျော်လွန်ပြီး၊ ကျွန်တော်တို့အဘရဲ့အိမ်တော်မှာ၊ ကျွန်တော်တို့သူနဲ့အတူ ထာဝရအစဉ်နေကြမှာဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။

မှတ်စုများ

  1. “ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။” (၁ ယောဟန် ၃:၁၆)။

    “သူသည် မိမိလူမျိုးတို့ကို ချည်နှောင်သည့် သေခြင်း၏​ကြိုးများကို ဖြေလွှတ်နိုင်​တော်မူခြင်းငှာ၊ သေခြင်းကိုလည်း သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။ လူ့ဇာတိ​အတိုင်း သူ၏​ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာ​လည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏​အနာ​ရောဂါ​ဝေဒနာများ​အလျောက်၊ လူ့ဇာတိ​အတိုင်း အဘယ်သို့​အားဖြင့် မစရမည်ကို​သိနိုင်ခြင်းငှာ​လည်းကောင်း၊ သူတို့၏​အနာ​ရောဂါ​ဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူ​လိမ့်မည်။” (အယ်လမာ ၇:၁၂)။

  2. “ရှုလော့၊ မိမိအပြစ်များမှ နောင်တရသောသူသည် အပြစ်လွှတ်ခြင်းခံရ၏၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း ၎င်းတို့ကို သတိမရတော့” (သြဝါဒနှင့် ပဋိညာဥ်များ ၅၈:၄၂၊ လည်းရှု မောဇိယ ၂၆:၃၀)။

  3. ရှင်မဿဲ ၁၁:၂၈

  4. သင်၏တိုးပွားလာသောယုံကြည်ခြင်းသည် သင်၏ဆုတောင်းချက်များအား ပို၍စစ်မှန်စေ၊ သင်၏ကျမ်းစာလေ့လာမှုအား ပို၍အဓိပ္ပာယ်လေးနက်စေပြီး သင်၏ဆန္ဒများကို ဘုရားသခင်၏ပညတ်တော်စောင့်ထိန်းခြင်း၌ ပို၍တစ်ထပ်တည်းကျစေပါလိမ့်မည်။

  5. ဧနုတ် ၁:၇

  6. ဧနုတ် ၁:၈

  7. မော်ရော်နိုင်း ၁၀:၃၂

  8. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၅၈:၄၃

  9. ရှု မောဇိယ ၂၆:၂၉

  10. “ထိုမှတစ်ပါး၊ သင်၏အတွေးများနှင့် သင့်စိတ်နှလုံး၏အကြံအစည်များကို သိသူမှာ ဘုရားသခင်မှတစ်ပါး၊ အခြားအဘယ်သူမျှမရှိကြောင်း သင်သိနိုင်စေခြင်းငှာ သင့်ကို ငါပြောပြ၏” (သြဝါဒနှင့် ပဋိညာဥ်များ ၆:၁၆)။

  11. ရှု ၃ နီဖိုင်း ၉:၂၀ဩဝါဒနှင့် ပဋိညာဉ်များ ၅၉:၈

  12. ရှု ၂ ကောရိန္သု ၇:၈–၁၁

  13. မောဇိယ ၂၇:၃၅

  14. ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ရက်တွင် ကိုယ်ရေးကိုယ်တာအီးမေးလ်အား လက်ခံရရှိခဲ့ပါသည်။

  15. မောဇိယ ၂၁:၁၄–၁၅

  16. မောဇိယ ၂၁:၁၅-၁၆

  17. အယ်လမာ ၄၂:၂၉

  18. အယ်လမာ ၂၄:၁၀

  19. ရှု ဟေရှာယ ၆၁:၃

  20. ရှု ယာကုပ် ၃:၁–၂

  21. ရှင်ယောဟန် ၁၆:၂၀၊ ၂၂

  22. ဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်၊ “Strengthened by the Atonement of Jesus Christ,” လီယာဟိုနာ၊ နို၊ ၂၀၁၅၊ ၆၄။

  23. ရှု နီးရယ်လ် အယ်လ်၊ အန်ဒါဆင်၊ The Divine Gift of Forgiveness (၂၀၁၉)၊၂၆၀-၆၁။

  24. မော်ရော်နိုင်း ၁၀:၃၃