သူတို့သည် သူတို့ကိုယ်တိုင်၏ တရားသူကြီးများဖြစ်ကြ၏
ကျွန်တော်တို့ဟာ ယေရှုခရစ်တော်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကိုကျင့်သုံးခဲ့ကြပြီ၊ ဘုရားသခင်နဲ့ ပဋိညာဥ်တွေပြုလုပ်ပြီးစောင့်ထိန်းကြကာ၊ အပြစ်တွေကနေ နောင်တရခဲ့ကြတယ်ဆိုရင်၊ တရားစီရင်တော်မူရာတိုင်ဟာ နှစ်သက်စရာကောင်းပါလိမ့်မယ်။
မော်မုန်ကျမ်းက “ခရစ်တော်ထံသို့ လာကြလော့၊” “သူ့အားဖြင့် စုံလင်ရာသို့ ရောက်စေကြလော့၊” “ဘုရားမဲ့နေခြင်းအမှုခပ်သိမ်းတို့မှလည်း [ကျွန်ုပ်တို့ကိုယ်ကိုယ်] ငြင်းဆိုကြလော့၊” “ဘုရားသခင်ကို [ကျွန်ုပ်တို့] ၏ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ချစ်ကြလော့” ဆိုတဲ့ မော်ရော်နိုင်းဆီက စိတ်ဝိညာဥ်လှုံ့ဆော်မှုပေးတဲ့ ဖိတ်ခေါ်ချက်တွေနဲ့ အဆုံးသတ်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက၊ သူ့ညွှန်ကြားချက်ရဲ့နောက်ဆုံးစာကြောင်းက ရှင်ပြန်ထမြောက်ခြင်းနဲ့ နောက်ဆုံးတရားစီရင်ခြင်းနှစ်ခုစလုံးကို ရည်ညွှန်းထားပါတယ်။
“ငါ၏ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့ တစ်ဖန်ပြန်လည် ပေါင်းစည်း၍၊ ကြီးမြတ်တော်မူသော ယေဟောဝါ၊ ရှင်သန်သူနှင့် သေသူနှစ်မျိုးစလုံးတို့၏ ထာဝရတရားသူကြီး၏ နှစ်သက်စရာကောင်းသော တရားစီရင်တော်မူရာတိုင်ရှေ့၌ သင်တို့ကိုတွေ့ရန် မိုးကောင်းကင်ကို ဖြတ်၍ အောင်နိုင်ခြင်းသို့ ဆောင်ယူခံရသည့် အချိန်တိုင်အောင် ငါသည် မကြာမြင့်မီတွင်၊ ဘုရားသခင်၏ပရဒိသုဘုံ၌ အနားယူခြင်းငှာ သွားတော့မည်” လို့သူပြောခဲ့ပါတယ်။
နောက်ဆုံးတရားစီရင်မှုကို ဖော်ပြဖို့အတွက် မော်ရော်နိုင်းရဲ့ “နှစ်သက်စရာကောင်းသော”ဆိုတဲ့ စကားအသုံးအနှုန်းအပေါ် ကျွန်တော်အလွန်စိတ်ဝင်စားမိပါတယ်။ မော်မုန်ကျမ်းက တခြားပရောဖက်တွေကလည်း တရားစီရင်ခြင်းကို “အသရေထင်ရှားသောနေ့”အဖြစ် ကျွန်တော်တို့ “ယုံကြည်ခြင်းမျက်လုံးဖြင့်ကြည့်[၍] မျှော်လင့်” သင့်သည့်နေ့တစ်နေ့အဖြစ် ဖော်ပြကြပါတယ်။ သို့ပါသော်လည်း၊ ကျွန်တော်တို့ တရားစီရင်ခြင်းနေ့ကိုမျှော်မှန်းကြတဲ့အခါမှာ၊ တခြားပရောဖက်ပြုဆိုင်ရာ ဖော်ပြချက်တွေဖြစ်တဲ့ “အရှက်တရားနှင့် အလွန်ဆိုးရွားသော အပြစ်ရောက်ခြင်း၊” “အလွန်ဆိုးရွားသော ကြောက်ရွံ့ခြင်းနှင့် အကြောက်တရား၊” “အဆုံးမရှိသည့် ဝမ်းနည်းပူဆွေးခြင်းအခြေအနေ”ကဲ့သို့ စကားလုံးတွေက စိတ်ထဲရောက်လာပါတယ်။
ဒီစကားအသုံးအနှုန်းမှာ ရှင်းလင်းပြတ်သားတဲ့ကွဲပြားချက်က ဝိညာဥ်ရေးရာ မပြင်ဆင်ရသေးသူတွေကို သူတို့သတိပေးထားတဲ့ ကြောက်ရွံ့မှုအစား၊ ခရစ်တော်ရဲ့သြဝါဒက မော်ရော်နိုင်းနဲ့ တခြားပရောဖက်တွေကို အဲဒီကြီးမြတ်တဲ့နေ့ကို စိတ်အားထက်သန်ပြီး မျှော်လင့်ချက်ပြည့်ဝစွာစောင့်စားကြဖို့ ရည်ညွှန်းထားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မော်ရော်နိုင်းနားလည်ခဲ့တဲ့ ဘယ်အရာကို သင်နဲ့ကျွန်တော် လေ့လာဖို့လိုအပ်နေပါသလဲ။
ကျွန်တော်တို့ ကောင်းကင်ဘုံရှင်အဘရဲ့ ပျော်ရွှင်ခြင်းအစီအစဥ်နဲ့ ကရုဏာတော်၊ အဘ၏အစီအစဥ်မှာ ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းအခန်းကဏ္ဍနဲ့၊ ကျွန်တော်တို့က ဘယ်လို “[ကျွန်ုပ်တို့ကိုယ်တိုင်]၏ အပြစ်များအတွက် တရားစီရင်တော်မူရာနေ့၌ တာဝန်ရှိနိုင်” ကြမယ်ဆိုတဲ့အကြောင်း စဥ်းစားကြတဲ့အခါမှာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့အကူအညီရရှိဖို့အတွက် ကျွန်တော်ဆုတောင်းပါတယ်။
အဘ၏ ပျော်ရွှင်ခြင်းအစီအစဉ်
အဘ၏အစီအစဥ်ရဲ့ အဓိကအကျဆုံးရည်ရွယ်ချက်တွေကတော့ သူ့ရဲ့ ဝိညာဥ်သားသမီးတွေကို ဇာတိရုပ်ခန္ဓာရရှိဖို့၊ သေခြင်းရှိရာအတွေ့အကြုံတွေကနေ “အကောင်းနှင့် အဆိုး”ကိုလေ့လာဖို့၊ ဝိညာဥ်ရေးရာတိုးပွားလာပြီးတော့ ထာဝရအစဥ်အဆက် တိုးတက်လာဖို့ အခွင့်အရေးတွေနဲ့ ပံ့ပိုးပေးခြင်းပဲဖြစ်ပါတယ်။
သြဝါဒနှင့်ပဋိညာဥ်များကျမ်းမှာ ရည်ညွှန်းထားတဲ့ “စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်”ဟာ ကိုယ်တော့်ရဲ့ သားသမီးတွေကို သေခြင်းမရှိရာနဲ့ ထာဝရအသက်တာကိုခေါ်ဆောင်လာဖို့ ဘုရားသခင်ရဲ့အစီအစဥ်မှာ အဓိကကျပါတယ်။ ဒီအရေးကြီးတဲ့ အခြေခံသဘောတရားကို ကျမ်းစာတွေထဲမှာ ရွေးချယ်ခွင့်နဲ့ လွတ်လပ်စွာရွေးချယ်ပြီး လုပ်ဆောင်နိုင်ခြင်းလို့လည်း ဖော်ပြထားပါတယ်။
“စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်” ဆိုတဲ့စကားရပ်က မှတ်သားစရာအများကြီးပေးပါတယ်။ “စာရိတ္တ”ဆိုတဲ့ စကားလုံးရဲ့ အနက်တူတာတွေကတော့ “ကောင်းမွန်ခြင်း၊” “ရိုးသားခြင်း၊”နှင့် “သီလနှင့်ပြည့်စုံခြင်း”တို့ဖြစ်ပါတယ်။ “ရွေးချယ်ပြုမူနိုင်ခွင့်”ဆိုတဲ့ စကားလုံးရဲ့ အနက်တူတာတွေကတော့ “လုပ်ဆောင်ချက်၊” “လှုပ်ရှားမှု” နဲ့ “အလုပ်”ဖြစ်ပါတယ်။ ဒါကြောင့်၊ “စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်”ကို ကောင်းမွန်၊ ရိုးသား၊ သီလပြည့်စုံပြီး သမ္မာတရားကျသောနည်းလမ်းတွေနဲ့ ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ပြုမူနိုင်မယ့် စွမ်းရည်နဲ့ အခွင့်ထူးလို့ နားလည်နိုင်ပါတယ်။
ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းမှာ “ပြုစရာဖြစ်သောအရာတို့နှင့် အပြုခံဖြစ်သောအရာတို့”နှစ်မျိုးစလုံးပါဝင်ပါတယ်။ စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်က မြင့်မြတ်စွာရေးဆွဲထားတဲ့ “လွတ်လပ်သောလုပ်ဆောင်ချက်၏ စွမ်းအား”ဖြစ်ပြီးတော့ အဲဒါက ကျွန်တော်တို့ကို ဘုရားသခင်၏သားသမီးများအနေနဲ့ ပြုမှုလုပ်ဆောင်ဖို့ကိုယ်စားလှယ်တွေဖြစ်လာပြီး ပြုမူခံရမယ့်အရာတွေဖြစ်မလာဖို့ ခွန်အားပေးပါတယ်။
ကောင်းကင်ဘုံရှင်အဘရဲ့သားသမီးတွေ “သူတို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်မှာလေသည့်ခပ်သိမ်းသောအရာမှန်သမျှ”ကို လုပ်ဆောင်ခြင်း ရှိမရှိသက်သေပြနိုင်တဲ့ နေရာတစ်ခုအဖြစ် ကမ္ဘာမြေကိုဖန်ဆင်းထားခဲ့ခြင်းဖြစ်ပါတယ်။ ” ဖန်ဆင်းခြင်းနဲ့ ကျွန်တော်တို့ရဲ့သေခြင်းရှိရာတည်ရှိမှုအတွက် အဓိကရည်ရွယ်ချက်ကတော့ ကိုယ်တော်ရှင် ကျွန်တော်တို့ကို ဖိတ်ခေါ်ထားသလို ဖြစ်လာပြီး လုပ်ဆောင်ပြုမူရန် အခွင့်အရေးကိုပေးခြင်းပဲဖြစ်ပါတယ်။
ကိုယ်တော်ရှင်က ဧနောက်ကိုအောက်ပါအတိုင်း ညွှန်ကြားခဲ့ပါတယ်၊
“သင်၏ ဤညီအစ်ကိုတို့ကို ရှုလော့။ သူတို့သည် ငါ့လက်၏ လက်ရာများဖြစ်ကြ၏၊ ငါသည်လည်း သူတို့ကို ဖန်ဆင်းတော်မူခဲ့သည့် နေ့၌ သူတို့အား အသိပညာကို ပေး၏။ ဧဒင်ဥယျာဉ်ထဲ၌ ငါသည် လူသားအား ရွေးချယ်ပြုမူနိုင်ခွင့်ကို ပေးတော်မူခဲ့၏။
“သင်၏ညီအစ်ကိုတို့ကိုလည်း ငါမိန့်တော်မူလေ၏၊ တစ်ယောက်ကို တစ်ယောက် ချစ်ရမည့်အကြောင်း၊ ထို့အတူ သူတို့၏အဘ၊ ငါ့ကို ရွေးချယ်ရမည့်အကြောင်း ပညတ်တော်ကိုလည်း ပေး၏။”
ရွေးချယ်ပြုမူပိုင်ခွင့်ကို အသုံးပြုရခြင်းရဲ့ အခြေခံရည်ရွယ်ချက်တွေကတော့ တစ်ဦးနဲ့တစ်ဦးချစ်ကြပြီးတော့ ဘုရားသခင်ကိုရွေးချယ်ဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်နှစ်ခုလုံးက ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနဲ့ချစ်ပြီး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဆိုတဲ့ ပထမနဲ့ဒုတိယအကြီးမြတ်ဆုံးပညတ်တော်တွေနဲ့ တိတိကျကျကိုက်ညီပါတယ်။
ကျွန်တော်တို့ကို ပညတ်တော်မူခဲ့တာကို စဥ်းစားကြည့်ပါခင်ဗျာ—နှိုးဆော်ပေးခဲ့ရုံသာ သို့မဟုတ် အကြုံပြုခဲ့ရုံသာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရွေးချယ်ပြုမူပိုင်ခွင့်ကို သုံးပြီး တစ်ဦးနဲ့တစ်ဦးချစ်ကြပြီး ဘုရားသခင်ကိုရွေးချယ်ဖို့ ပညတ်ခဲ့တာပါ။ ကျမ်းစာတွေထဲမှာ၊ “စာရိတ္တ”ရဲ့ အထူးပြုစကားလုံးက နာမဝိသေသနတစ်ခုပဲမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ရွေးချယ်ပြုမူပိုင်ခွင့်ကို ဘယ်လိုအသုံးပြုသင့်လဲဆိုတဲ့ မြင့်မြတ်တဲ့ညွှန်ကြားချက်ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်အကြံပြုပါရစေ။
ရင်းနှီးပြီးသားဖြစ်တဲ့ “မှန်ရာကိုရွေးချယ်” ဓမ္မသီချင်းကို ဒီလိုခေါင်းစဥ်ပေးထားတာ အကြောင်းပြချက်ရှိပါတယ်။ ကျွန်တော်တို့ လုပ်ချင်တာမှန်သမျှကို ဘယ်အချိန်မှာပဲဖြစ်ဖြစ်လုပ်ဖို့ စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်နဲ့ ကောင်းချီးပေးခံထားရတာမဟုတ်ပါဘူး။ ထို့ထက်၊ အဘရဲ့အစီအစဥ်အရ၊ ကျွန်တော်တို့က ထာဝရသမ္မာတရားနဲ့အညီ ရှာဖွေပြီးပြုမူဖို့အတွက် စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်ကို ရရှိထားတာဖြစ်ပါတယ်။ “[မိမိတို့သဘော]နှင့် မိမိတို့ပြုနိုင်သောသူများ”အဖြစ်၊ ကျွန်တော်တို့ဟာ ကောင်းမြတ်တဲ့အရာတွေမှာ စိတ်ထက်သန်စွာပါဝင်သင့်ပြီးတော့၊ “များစွာသောအရာတို့ကိုလည်း [မိမိတို့]၏ လွတ်လပ်သောစိတ်အတိုင်း ဆောင်ရွက်၍၊ များစွာသော ဖြောင့်မတ်ခြင်းကို ဖြစ်စေရမည်။”
စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်ရဲ့ ထာဝရအရေးကြီးမှုကို သေခြင်းရှိရာမတိုင်မီတိုင်ပင်ဆွေးနွေးခြင်းရဲ့ ကျမ်းချက်တွေမှာ မီးမောင်းထိုးပြထားပါတယ်။ လူစီဖာက သူ့ရဲ့သားသမီးတွေအတွက် အဘ၏အစီအစဥ်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး လွတ်လပ်တဲ့လုပ်ဆောင်နိုင်မှုစွမ်းအားကိုဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။ အရေးအကြီးဆုံးအနေနဲ့၊ နတ်ဆိုးရဲ့ ပုန်ကန်ခြင်းက စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်ရဲ့ အခြေခံသဘောတရားအပေါ် တိုက်ရိုက် ဗဟိုပြုထားခဲ့ပါတယ်။
ဘုရားသခင် ရှင်းပြခဲ့ပါတယ်၊ “သို့ဖြစ်၍၊ ထိုစာတန်သည် ငါ့ကိုဆန့်ကျင်၍ ပုန်ကန်သောကြောင့်၊ ထို့အတူ လူသားအား ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်ပေးထားလေသည့် ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖျက်ဆီးရန် ကြိုးစား အားထုတ်သောကြောင့်၊ … ငါသည် သူ့ကိုပစ်ချခံရစေ၏။”
ရန်သူမာနတ်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အကြံအစည်က ဖြောင့်မတ်ခြင်းမှာပြုမူကြမယ့် ဘုရားသခင်ရဲ့သားသမီးတွေ “သူတို့သဘောနှင့်သူတို့ပြုနိုင်သောသူများ” ဖြစ်လာနိုင်စွမ်းကို ဖျက်ချခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးတွေကို ပြုမူခံရမယ့် အရာဝတ္ထုများအဖြစ်သာ လွှဲအပ်ဖို့ဖြစ်ပါတယ်။
ပြုလုပ်ခြင်းနဲ့ ဖြစ်လာခြင်း
ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ် အလေးပေးပြောခဲ့တာကတော့၊ စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖြောင့်မတ်စွာအသုံးပြုခြင်းအားဖြင့် ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်က ကျွန်တော်တို့ကို တစ်ခုခုကိုသိပြီး တစ်ခုခုဖြစ်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ သူပြောခဲ့တာက၊
“သမ္မာကျမ်းစာနှင့် ခေတ်သစ်ကျမ်းတွေက လူအားလုံးဟာ ၎င်းတို့ရဲ့ ဆောင်ရွက်မှု သို့မဟုတ် လုပ်ဆောင်မှု သို့မဟုတ် ၎င်းတို့၏စိတ်ဆန္ဒများနှင့်အညီ နောက်ဆုံးတရားစီရင်ခြင်းမှာ အကျိုးကျေးဇူးခံစားရမယ့်အကြောင်းပြောထားပါတယ်။ ဒါပေမယ့် တခြားကျမ်းစာတွေက ဒီအကြောင်းကို ကျွန်တော်တို့ ပြီးမြောက်ခဲ့တဲ့ အခြေအနေ အားဖြင့်တရားစီရင်ခြင်းခံရမယ်လို့ ရည်ညွှန်းပြီး အကျယ်ချဲ့ဖော်ပြထားပါတယ်။
“ပရောဖက်နီဖိုင်းက နောက်ဆုံးတရားစီရင်ခြင်းကို ကျွန်တော်တို့ဖြစ်လာခဲ့တဲ့အရာနဲ့ပတ်သက်ပြီး ဖော်ပြထားပါတယ်၊ ‘သူတို့၏အကျင့်များသည် အညစ်အကြေးဖြစ်လေလျှင်၊ သူတို့သည် ညစ်ညမ်းကြမည်။ သူတို့သည် ညစ်ညမ်းကြလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ မနေထိုင်နိုင်ကြ။’ [ ၁ နီဖိုင်း ၁၅:၃၃၊ အလေးပေးထည့်သွင်းထားသည်]။ မော်ရော်နိုင်းက ကြေညာထားပါတယ်၊ ‘ညစ်ညမ်းသောသူသည် ညစ်ညမ်းလျက် ရှိလိမ့်ဦးမည်၊ ဖြောင့်မတ်သောသူသည်လည်း ဖြောင့်မတ်လျက်ရှိလိမ့်ဦးမည်’ [မော်မုန် ၉:၁၄၊အလေးပေးထည့်သွင်းထားသည်]။”
ဥက္ကဋ္ဌ အုတ်ခ်စ် က၊ “ဒီသင်ကြားမှုတွေကနေ ကျွန်တော်တို့အချုပ်နားလည်နိုင်တာကတော့ နောက်ဆုံးတရားစီရင်ခြင်းက ကျွန်တော်တို့ လုပ်ခဲ့တဲ့ အကောင်းနှင့်အဆိုးအပြုအမူတွေရဲ့ စုပေါင်းအကဲဖြတ်မှုတစ်ခုသာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ အပြုအမူနှင့်အတွေးတွေရဲ့ နောက်ဆုံးသက်ရောက်မှု—ကျွန်ုပ်တို့ ဖြစ်လာတဲ့အရာအပေါ်ကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်”လို့ ဆက်ပြီးပြောခဲ့ပါသေးတယ်။
ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာ
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ စိတ်ဆန္ဒတစ်ခုတည်းက ကျွန်တော်တို့ကို မကယ်တင်ပါဘူး၊ ကယ်တင်လည်း မပေးနိုင်ပါဘူး။ “ကျွန်ုပ်တို့သည် စွမ်းအားရှိသမျှ ဆောင်ရွက်ကြပြီးမှ၊”ကျွန်တော်တို့ဟာ ကယ်တင်ရှင်ရဲ့ အနန္တနှင့် ထာဝရအပြစ်ဖြေပေးဆပ်ခြင်းအားဖြင့် ရရှိနိုင်တဲ့ မေတ္တာဂရုဏာတော်ဖြင့်သာ ဘုရားသခင်နဲ့ ညှိနှိုင်းတိုင်ပင်ကြပါတယ်။
အယ်လမာက ကြေညာခဲ့ပါတယ်၊ “ဘုရားသခင်၏သားတော်ကို ယုံကြည်စပြုရမည်မှာ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနုတ်ခြင်းငှာ၊ ကြွလာတော်မူမည်ဖြစ်ကြောင်း၊ သူတို့၏အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ ဒုက္ခဝေဒနာခံစား၍ သေမည်ဖြစ်ကြောင်းနှင့် သေရာမှ တစ်ဖန်ထမြောက်၍၊ ထိုအမှုက ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေသဖြင့်၊ လူသားခပ်သိမ်းတို့သည် သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန် နောက်ဆုံးသော တရားစီရင်တော်မူရာနေ့၌ သူ့ရှေ့မှာ ရပ်ရမည်ဖြစ်ကြောင်းတို့ပေတည်း။”
“ကျွန်ုပ်တို့သည် ခရစ်တော်၏ အသေခံခြင်းကြောင့် ဧဝံဂေလိသတင်းကောင်း၏ ပညတ်တရားနှင့် ဥပဒေသများကိုနာခံလျှင် လူသားများအားလုံး ကယ်တင်ခြင်းရနိုင်သည်ဟု ယုံကြည်ကြပါသည်။” ကျွန်တော်တို့ဟာ အမှန်တကယ် “တစ်ဖန်မွေးဖွား”ပြီး၊၊ ရွေးနုတ်ရှင်ထံမှာယုံကြည်ခြင်းကို ကျင့်သုံး၊ “ရိုးသားသောစိတ်နှလုံး”နှင့် “စစ်မှန်သောရည်ရွယ်ချက်”ဖြင့် နောင်တရကာ၊ “အဆုံးတိုင်အောင်တည်ကြည်ခြင်း” ရှိကြမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ အပြစ်တွေနဲ့ မိုက်မဲတဲ့အကျင့်တွေဟာ ကျွန်တော်တို့ကိုဆန့်ကျင်တဲ့သက်သေခံချက်အဖြစ် ရပ်တည်တော့မှာမဟုတ်ဘူးဆိုတာ ဘယ်လောက်ကျေးဇူးတော်ချီးမွမ်းဖို့ကောင်းလိုက်ပါသလဲခင်ဗျာ။
ဘုရားသခင်အား ခန့်ညားကြောက်ရွံ့သောသဘော
ကျွန်တော်တို့တော်တော်များများက ထာဝရတရားသူကြီးရဲ့ တရားစီရင်တော်မူရာတိုင်ရှေ့မှာရပ်နေရတာက လောကီဥပဒေတရားရုံးမှာ ရပ်နေရတာနဲ့ ဆင်တူမယ်လို့ မျှော်မှန်းထားကြပါတယ်။ တရားသူကြီးက ဦးဆောင်ပါလိမ့်မယ်။ သက်သေတွေလည်း တင်ပြပါလိမ့်မယ်။ အဆုံးအဖြတ်တစ်ခုလည်း ပေးအပ်ပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့လည်း တဖြည်းဖြည်းထွက်ပေါ်လာမယ့်အဖြေကို မသိရမချင်း မသေချာမှုနဲ့ ကြောက်ရွံ့မှုရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမယ့် အဲလို သရုပ်ဖော်ခြင်းက မမှန်ကန်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ကွဲပြားပေမယ့်လည်း ကျွန်တော်မကြာခဏတွေ့ကြုံရတဲ့ လူ့ဇာတိအကြောက်တရားတွေနဲ့ ဆက်နွယ်နေတာကို ကျမ်းစာတွေထဲမှာ “ခန့်ညားကြောက်ရွံ့သောသဘော” သို့မဟုတ် “ထာဝရဘုရားကို ကြောက်ရွံ့သောသဘော”လို့ ဖော်ပြထားပါတယ်။ နှိုးဆော်မှုနှင့် စိုးရိမ်ပူပန်မှုကို ဖြစ်စေတဲ့ လောကကြောက်စိတ်နှင့် မတူဘဲ၊ ဘုရားသခင်ကို ခန့်ညားကြောက်ရွံ့ခြင်းသဘောက ကျွန်တော်တို့ရဲ့ ဘဝထဲကို ငြိမ်သက်ခြင်း၊ အာမခံချက်နှင့် ယုံကြည်စိတ်ချမှုကို ဖိတ်ခေါ်ပေးပါတယ်။
ဖြောင့်မတ်တဲ့ ကြောက်ရွံ့ခြင်းက ကိုယ်တော်ရှင်ယေရှုခရစ်တော်အတွက် ရိုသေခြင်းနဲ့လေးစားမှု၊ ကိုယ်တော့်ရဲ့ ပညတ်တော်တွေကိုနာခံမှု၊ နောက်ဆုံးတရားစီရင်ခြင်းနဲ့ သူ့ရဲ့လက်တော်မှာ တရားမျှတမှုကိုမျှော်လင့်စောင့်စားခြင်း နက်ရှိုင်းတဲ့ခံစားချက်တွေနဲ့ လွှမ်းခြုံစေပါတယ်။ ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့ခြင်းက ရွေးနုတ်ရှင်ရဲ့ မြင့်မြတ်တဲ့ သဘောသဘာဝနှင့် သာသနာကို မှန်ကန်သောနားလည်မှု၊ ကျွန်တော်တို့ရဲ့ အလိုကို ကိုယ်တော်ရဲ့အလိုထံမှာ အညံ့ခံလိုစိတ်၊ ယောက်ျားတိုင်း မိန်းမတိုင်းဟာ မိမိတို့ရဲ့ လူ့ဇာတိအလိုဆန္ဒများ၊ အတွေးများ၊ စကားလုံးများနဲ့ လုပ်ရပ်များအတွက် တရားစီရင်ရာနေ့မှာ တာဝန်ခံရမည်ဆိုတဲ့ အသိပညာရှိခြင်းတွေကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်။
ထာဝရဘုရားကိုကြောက်ရွံ့သောသဘောဆိုတာ ကိုယ်တော့်ရဲ့ မျက်မှောက်တော်မှာ တရားစီရင်ခံရဖို့ လာတဲ့အခါ ကြီးလေးတဲ့စိုးရိမ်မှုရှိခြင်းမဟုတ်ပါဘူး။ ဒါထက်၊ ၎င်းဟာ မိမိတို့ကိုယ်တိုင် ကိစ္စရပ်တွေရဲ့ “အမှန်တကယ်ဖြစ်တည်နေခြင်း”နဲ့ “အမှန်တကယ်ဖြစ်လာနိုင်မယ့်အကြောင်း”ကို အဆုံးစွန်အသိအမှတ်ပြုတဲ့ ရှုထောင့်ကကြည့်ခြင်းပဲဖြစ်ပါတယ်။
လောကမှာနေထိုင်ခဲ့သူတိုင်း၊ ယခုနေထိုင်နေသူတိုင်းနဲ့၊ နောင်နေထိုင်ကြမယ့်သူတိုင်းဟာ “ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ [သူ သို့မဟုတ် သူမ]တို့၏အကျင့်များအတိုင်း၊ တရားစီရင်ခံရစေရန်၊ ဘုရားသခင်၏ တရားစီရင်တော်မူရာတိုင်ရှေ့၌ရပ်ရန် ဆောင်ယူခံရပါလိမ့်မယ်။”
ကျွန်တော်တို့ရဲ့စိတ်ဆန္ဒတွေက ဖြောင့်မတ်ပြီး လုပ်ဆောင်မှုတွေကောင်းမွန်ခဲ့တယ်ဆိုရင်—ဆိုလိုရင်းကတော့ ယေရှုခရစ်တော်ထံမှာ ယုံကြည်ခြင်းကိုကျင့်သုံး၊ ဘုရားသခင်နဲ့ ပြုလုပ်ထားတဲ့ပဋိညာဥ်တွေကို စောင့်ထိန်းပြီး အပြစ်တွေကနေ နောင်တရမယ်ဆိုရင်—တရားစီရင်ခြင်းတိုင်က နှစ်သက်စရာကောင်းပါလိမ့်မယ်။ ဧနုတ် ကြေညာခဲ့သလိုပါပဲ၊ ကျွန်တော်တို့ “[ရွေးနုတ်ရှင်] ရှေ့၌ ရပ်ရပါလိမ့်မယ်။ ထို့နောက်တွင်၊ [ကျွန်ုပ်တို့] ပျော်မွေ့စွာဖြင့် သူ၏မျက်နှာတော်ကို တွေ့မြင်ရပါလိမ့်မယ်။” ထို့နောက် နောက်ဆုံးသောနေ့မှာ ကျွန်တော်တို့ဟာ “ဖြောင့်မတ်ခြင်း အကျိုးကို ခံစားရပါလိမ့်မယ်။”
ဆန့်ကျင်ဘက်အနေနဲ့၊ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒတွေဟာ ဆိုးညစ်ပြီး လုပ်ဆောင်မှုတွေဟာ ညစ်ညမ်းခဲ့မယ်ဆိုရင်၊ တရားစီရင်ရာနေ့ဟာ စိုးရိမ်ပူပန်ခြင်းတွေရှိနေပါလိမ့်မယ်။ ကျွန်တော်တို့မှာ “စုံလင်သောအသိပညာ”၊ “ထင်ရှားစွာအောက်မေ့ခြင်း၊” နဲ့၊ “[ကျွန်တော်တို့၏] အပြစ်ရောက်ခြင်းအကြောင်း အားကြီးသည့်အသိ”တို့ရှိပါလိမ့်မယ်။ “ငါတို့သည် ငါတို့၏ဘုရားသခင်ကို မော့၍ မကြည့်ဝံ့ကြ။ ငါတို့သည် သူ၏မျက်မှောက်မှ ပုန်းကွယ်ခြင်းငှာ၊ တောင်များနှင့် ကျောက်များကို ငါတို့အပေါ်ကျစေရန် အမိန့်ပေးနိုင်လျှင်၊ အလွန်ဝမ်းသာကြလိမ့်မည်။” ပြီးတော့ နောက်ဆုံးသောနေ့မှာ ကျွန်တော်တို့ဟာ“[မိမိတို့၏] မကောင်းကျိုးကို ရရှိလိမ့်မည်။ ”
နောက်ဆုံးမှာတော့၊ ကျွန်တော်တို့ဟာ အဲဒီအချိန်မှာ၊ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ တရားသူကြီးများဖြစ်ကြပါတယ်။ ဘယ်သူကမှ ကျွန်တော်တို့ကို ဘယ်ကိုသွားရမလဲဆိုတာ ပြောဖို့မလိုပါဘူး။ ကိုယ်တော်ရှင်ရဲ့ မျက်မှောက်တော်မှာ၊ ကျွန်တော်တို့ဟာ သေခြင်းရှိရာမှာဖြစ်လာဖို့ကို ရွေးချယ်ခဲ့ကြကြောင်းနဲ့ ထာဝရမှာ ကျွန်တော်တို့ဘယ်နေရာမှာ ရှိသင့်တယ်ဆိုတဲ့အကြောင်း မိမိတို့ကိုယ်တိုင်သိရှိဖို့ရာကို အသိအမှတ်ပြုကြပါလိမ့်မယ်။
ကတိတော်နှင့် သက်သေခံချက်
နောက်ဆုံးတရားစီရင်ခြင်းဟာ နှစ်သက်စရာကောင်းနိုင်တယ်ဆိုတာ မော်ရော်နိုင်းတစ်ဦးအတွက်ပဲ သီးသန့်ထားခဲ့တဲ့ ကောင်းချီးမဟုတ်ကြောင်း နားလည်ပါခင်ဗျာ။
အယ်လမာက ကတိထားရာကောင်းချီးတွေဟာ ကယ်တင်ရှင်ရဲ့ ဆည်းကပ်တဲ့တပည့်တော်တိုင်းအတွက် ရရှိနိုင်တဲ့ကောင်းချီးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သူပြောခဲ့တာက၊
“ပြန်လည်ဆောင်ယူခြင်းဟူသောစကား၏ အနက်သည်ကား၊ မကောင်းမှုအတွက် မကောင်းမှု၊ သို့မဟုတ် လောကီဆိုင်ရာအတွက် လောကီဆိုင်ရာ၊ သို့မဟုတ်၊ နတ်ဆိုးနှင့်ဆိုင်သောအရာအတွက် နတ်ဆိုးနှင့်ဆိုင်သောအရာ—ကောင်းမြတ်သောအရာအတွက် ကောင်းမြတ်ရာ၊ ဖြောင့်မတ်သောအရာအတွက် ဖြောင့်မတ်ရာ၊ တရားမျှတသောအရာအတွက် တရားမျှတရာ၊ ကရုဏာကြီးသော အရာအတွက် ကရုဏာကြီးရာသို့ တစ်ဖန်ပြန်၍ ဆောင်ယူခြင်းသာဖြစ်၏။
“… တရားမျှတစွာ ဆက်ဆံလော့။ ဖြောင့်မတ်စွာတရားစီရင်၍၊ ကောင်းမြတ်သည်ကို အစဉ်မပြတ်ပြုလော့။ သင်သည် ဤအရာခပ်သိမ်းတို့ကို ပြုလျှင်၊ သင်၏အကျိုးကျေးဇူးကို လက်ခံရရှိလိမ့်မည်။ ထိုမှတစ်ပါး၊ သင့်ထံသို့တစ်ဖန် ပြန်ပေးသည့် ကရုဏာကို ရရှိလိမ့်မည်။ ထိုမှတစ်ပါး၊ သင့်ထံသို့ တစ်ဖန်ပြန်ပေးသည့် တရားမျှတခြင်းကို ရရှိလိမ့်မည်။ သင့်ထံသို့ တစ်ဖန်ပြန်ပေးသည့် ဖြောင့်မတ်သောစီရင်ချက်ကို ရရှိလိမ့်မည်။ ထို့အတူ၊ သင့်ထံသို့ ကောင်းမြတ်သောအကျိုးကျေးဇူးပေးသည်ကို တစ်ဖန်ရရှိလိမ့်မည်။”
ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အသက်ရှင်သော ကယ်တင်ရှင်ဖြစ်ကြောင်း ကျွန်တော်ဝမ်းမြောက်စွာ သက်သေခံပါတယ်။ အယ်လမာရဲ့ ကတိတော်က မှန်ကန်ပြီး သင်နဲ့ ကျွန်တော့်အတွက်—ယနေ့၊ မနက်ဖြန်နဲ့၊ ထာဝရအတွက် သက်ဆိုင်ပါတယ်။ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။