အထွေထွေညီလာခံ
“သင်သည် ငါ့ကိုချစ်သလော။”
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


11:42

“သင်သည် ငါ့ကိုချစ်သလော။”

ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ချစ်ခြင်းကို ဖော်ပြချင်တယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို ကိုယ်တော်ဘယ်လိုအသိအမှတ်ပြုသလဲဆိုတာ နားလည်ထားသင့်ပါတယ်။

ပျောက်သောသားရဲ့ ပုံဥပမာမှာ၊ အကိုကြီးဖြစ်သူက သူ့ရဲ့ညီ ညံ့ဖျင်းတဲ့ရွေးချယ်မှုတွေပြုလုပ်ခဲ့ပြီး “ကာမဂုဏ်၌လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး”ခဲ့ပြီးနောက် အိမ်ပြန်လာတဲ့အချိန်မှာ အောင်ပွဲကျင်းပဖို့ အစပိုင်းမှာ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အကိုကြီးဖြစ်သူရဲ့ မာနနဲ့ကိုယ်ပိုင်ဖြောင့်မတ်မှုက သူ့ညီနောင်တရပြီးပြန်လာခြင်းရဲ့ ဝမ်းမြောက်မှုကို ထွေးပွေးဖို့ ဝေးကွာစေခဲ့ပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ချစ်ရသူတွေအတွက် စစ်မှန်တဲ့ချစ်ခြင်းကို၊ စကားတွေနဲ့ လုပ်ရပ်တွေနဲ့ သူတို့သိအောင်မပြဘဲ အခွင့်အရေးတွေကျော်လွန်စေခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စစ်မှန်တဲ့ချစ်ခြင်းဝေငှပြီး လက်ခံရရှိခဲ့ကြတဲ့ နောမိနဲ့ ရုသ၊ အမ္မုန်နဲ့ လာမောနိမင်းကြီး၊ ပျောက်သောသားနဲ့ သူ၏ဖခင်၊ ကယ်တင်ရှင်နဲ့ ကိုယ်တော်၏တပည့်တော်များဆိုပြီး အားကောင်းလှတဲ့ပုံဥပမာများစွာ ကျမ်းစာတွေမှာရှိပါတယ်။

ချစ်ခြင်းကို လွတ်လပ်စွာပေးပြီး စစ်မှန်စွာလက်ခံရရှိကြတဲ့အခါမှာ၊ ပေးသူနဲ့ လက်ခံသူနှစ်ဦးလုံးကြားမှာ တိုးပွားတဲ့ချစ်ခြင်းနဲ့ အပြုသဘောဆောင်စက်ဝန်းစတင်လာပါတယ်။

ဘုရားသခင်ရဲ့ ချစ်ခြင်းက စုံလင်ပြီး၊ အတိုင်းအဆမရှိ၊ တည်တံ့ပါတယ်၊ ပြီးတော့ “အချိုဆုံး“ဖြစ်ပါတယ်။ ၎င်းက စိတ်ဝိညာဥ်ကို “အလွန်ကြီးစွာသော ဝမ်းမြောက်ခြင်း” နဲ့ ပြည့်စေပါတယ်။ သို့သော်လည်း၊ တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ အသက်တာတွေမှာ ဘုရားသခင်ရဲ့ချစ်ခြင်းကို သတိထားမိဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့ ချစ်မေတ္တာရှင် ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့သူ့ရဲ့ချစ်ခြင်းခံစားဖို့ အလွန်ဆန္ဒရှိပြီး‌တော့ ကိုယ်တော်သည် “[ကျွန်ုပ်တို့] နားလည်နိုင်ကြစေကြောင်း၊ [ကျွန်ုပ်တို့၏] ဘာသာစကားအတိုင်းဟောတော်မူ၏။” ကိုယ်တော်က သူ့ရဲ့ ကျွန်တော်တို့အပေါ် ချစ်ခြင်းကို ကျွန်တော်တို့တစ်ဦးချင်း၊ သတိထားမိ နိုင်မယ့် နည်းလမ်းတွေနဲ့ ဖော်ပြပါလိမ့်မယ်။ သဘာဝထဲကအလှတရားတွေကို ကျွန်တော်တို့ စောင့်ကြည့်ကြတဲ့အခါ၊ ဒါမှမဟုတ် ဆုတောင်းချက်တွေရဲ့ အဖြေတွေကိုရရှိတဲ့အခါ၊ ဒါမှမဟုတ် အရမ်းလိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ အတွေးတွေရလာတဲ့အခါ၊ ဒါမှမဟုတ် ဝမ်းမြောက်ခြင်းရဲ့ချိုမြိန်တဲ့အခိုက်အတန့်တွေကို ခံစားရတဲ့အခါမှာ ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းကို ခံစားရနိုင်ပါတယ်။ စိတ်နှလုံး နှစ်ခုစလုံးနဲ့ ပဲ့တင်သံဟိန်းနေတဲ့ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘချစ်ခြင်းရဲ့ အကြီးမားဆုံးထင်ရှားမှုကတော့ သူ့ရဲ့ ချစ်လှစွာသောသားတော်ကို အပြစ်ဖြေသူအဖြစ် သူကိုယ်တိုင် ဆက်ကပ်ရန်ခွင့်ပြုပေးတဲ့အခါမှာဖြစ်ပါတယ်။

ပျောက်သောသားရဲ့ အကိုကြီးလိုပဲ၊ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက ကျွန်တော်တို့ပေါ်မှာပဲ မကြာခဏရှိနေပါတယ်။ ကျွန်တော်တို့အတွက် ဘုရားသခင်ချစ်ခြင်းရဲ့ သက်သေကိုရှာဖွေရာမှာ ကျွန်တော်တို့အလွန်နစ်မြုပ်နေကြပြီးတော့၊ မမြင်တွေ့ကြရတဲ့အခါမှာ ကျွန်တော်တို့ စိတ်ပျက်လာကြပါတယ်။ ဒါပေမယ့် လှပတဲ့သဘောတရားတစ်ခုကတော့ ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ ချစ်ခြင်းပြသခြင်းကို ကျွန်တော်တို့ပိုအာရုံစိုက်လေ၊ ကျွန်တော်တို့အပေါ်ကိုယ်တော့်ရဲ့ ချစ်ခြင်းကို ပိုသတိပြုမိလာလေပဲဖြစ်ပါတယ်။ ဒါကြောင့် ကယ်တင်ရှင်က “အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်း” ဆိုတဲ့‌မေးခွန်းကို ဒီရိုးရှင်းပြီး အရေးကြီးတဲ့ ဖိတ်ခေါ်ချက်နဲ့ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊” လို့ ဖြေကြားခဲ့တာဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့အချစ်ရဆုံးသူတွေကို ကျွန်တော်တို့ချစ်ခြင်းပြသတဲ့နည်းလမ်းက သူတို့ချစ်ခြင်းကို သတိပြုမိနိုင်တဲ့နည်းလမ်းမဟုတ်နေပါဘူး။ ဒါဟာ ‌ပေးတဲ့သူနဲ့ လက်ခံရရှိသူနှစ်ဦးစလုံးအတွက် စိတ်ပျက်မှုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ချစ်ရတဲ့သူတွေ ချစ်ခြင်းဖော်ပြရာမှာ သူတို့ဘယ်လိုအသိအမှတ်ပြုကြတယ်ဆိုတာ မေးမြန်းခြင်းက အကူအညီပေးနိုင်ပါတယ်။ ထို့အတူပဲ၊ ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ချစ်ခြင်းကို ဖော်ပြချင်တယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို ကိုယ်တော်ဘယ်လိုအသိအမှတ်ပြုသလဲဆိုတာ နားလည်ထားသင့်ပါတယ်။ ကံကောင်းစွာဖြင့်၊ ကိုယ်တော့်အပေါ်မှာ ကျွန်တော်တို့ချစ်ခြင်းဖော်ပြဖို့ နည်းလမ်းများစွာကို ကျမ်းစာတွေထဲမှာ သူကရှင်းလင်းစွာဖော်ပြထားပါတယ်။

ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလော။

တိဗေရိအိုင်တွင် ပေတရုနဲ့ ရှင်ပြန်ထမြောက်တော်မူသော ကိုယ်တော်ရှင်ကြား သင်ယူဖွယ်ရာဖလှယ်မှုကြားမှာ၊ ကိုယ်တော်ရှင်ကို ကျွန်တော်တို့ချစ်ခြင်းပြသနိုင်မယ့် နည်းလမ်း‌တွေကိုသင်ယူနိုင်ကြပါတယ်။

“ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​၏”

ကိုယ်တော်ရှင်ရဲ့ ဒီစုံစမ်းမေးမြန်းခြင်းရဲ့ အဓိကမေးခွန်းက “သူတို့သည်ငါ့ကိုချစ်သည်ထက် သင်သည် သာ၍ ချစ်သလော” ဖြစ်ပါတယ်။ “သူတို့” ဆိုတာရဲ့အထက်မှာ ကိုယ်တော့်ကိုထားကြတဲ့အခါမှာ ကျွန်တော်တို့ရဲ့ချစ်ခြင်းကို ကိုယ်တော်ရှင်ကိုပြနေတာဖြစ်ပါတယ်၊ “သူတို့” ဆိုတာက လူတစ်ဦးဖြစ်စေ၊ လှုပ်ရှားမှုဖြစ်စေ၊ ဒါမှမဟုတ် ကိုယ်တော့်ကိုကျွန်တော်တို့ရဲ့ ဘဝထဲကနေ အ‌ရေးအကြီးဆုံးလွှမ်းမိုးသူအဖြစ်ကနေ အစားထိုးနေရာဝင်ယူမယ့် အရာတိုင်းဖြစ်နိုင်ပါတယ်။

တစ်နေ့၊ တစ်ပတ်၊ တစ်လ၊ ဒါမှမဟုတ် တစ်နှစ်မှာ ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေ ပြီးမြောက်ဖို့လိုအပ်တဲ့အရာတွေ လုပ်ဖို့အချိန်ဘယ်တော့မှလုံလောက်မှာမဟုတ်ပါဘူး။ လူ့ဇာတိစမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းက ကျွန်တော်တို့ထာဝရကောင်းကျိုးမှာ အ‌ရေးအကြီးဆုံးအရာအတွက် အဖိုးတန်လှတဲ့အချိန်အရင်းအမြစ်တွေကို အသုံးပြုပြီးတော့ သိပ်အရေးမကြီးတဲ့အရာတွေကိုစွန့်လွှတ်ဖို့ ဖြစ်ပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ကပြောခဲ့ပါတယ်၊ “သင်တို့အယောက်ချင်းစီတိုင်းအတွက် မေးခွန်းက … တူတူပါပဲ။ … သင်ဟာ သင့်ရဲ့ဘဝမှာ ဘုရားသခင်ကို အရေးအကြီးဆုံးလွှမ်းမိုးမှုဖြစ်စေရန် အခွင့်ပေးဖို့ လိုလိုလားလား ရှိပါသလား။ နေ့တိုင်း သင်ပြုလုပ်တဲ့အရာတွေမှာ သူ့နှုတ်ကပတ်တော်တွေ၊ သူ့ပညတ်တော်တွေ၊ ပြီးတော့ သူ့ပဋိညာဉ်တွေကို လွှမ်းမိုးဖို့ သင်အခွင့်ပေးမှာလား။ သူ့အသံကို အခြားအရာတွေအားလုံးထက် ဦးစားပေးဖို့ သင်အခွင့်ပေးမှာလား။ သင်ပြုလုပ်စေဖို့ သူလိုအပ်တဲ့အရာမှန်သမျှကို အခြားရည်ရွက်ချက်မှန်သမျှထက် ပိုပြီး အရေးတယူလုပ်ဖို့ သင် လိုလိုလားလား ရှိပါသလား။ သင့်ရဲ့အလိုကို သူ့အလိုတော်အားဖြင့် လွှမ်းခြုံခံရစေရန်သင် လိုလိုလားလားရှိပါသလား။ ကိုယ်တော့်ကို ကျွန်တော်တို့ရဲ့ ပထမဦးစားပေးအဖြစ်ထားကြတဲ့အခါမှာ ကျွန်တော်တို့ရဲ့ တပည့်တော်ဖြစ်ခြင်းနဲ့ ဘုရားသခင်အပေါ်ချစ်ခြင်းကို သရုပ်ဖော်နေတာဖြစ်ပါတယ်။

ငါ၏သိုးတို့ကို ထိန်းလော့

ပေတရုနဲ့ ကယ်တင်ရှင်ကြား ဒီတူညီတဲ့ ဆွေးနွေးမှုရဲ့ နောက်အပိုဒ်မှာ၊ ကျွန်တော်တို့ချစ်ခြင်းမေတ္တာဖော်ပြချက်တွေကို ကိုယ်တော်ရှင်အသိအမှတ်ပြုတဲ့ အခြားနည်းလမ်းကိုသင်ယူနိုင်ပါတယ်၊ “တစ်​ဖန်​[ကိုယ်တော်ရှင်]က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။”

ကိုယ်တော်ရဲ့ သားသမီးတွေကို ကျွန်တော်တို့အစေခံတဲ့အခါ၊ နားထောင်တဲ့အခါ၊ ချစ်တဲ့အခါ၊ မြှင့်တင်ပေးတဲ့အခါ ဒါမှမဟုတ် အမှုတော်ဆောင်တဲ့အခါမှာ ကောင်းကင်ဘုံရှင်အဘကို ကျွန်တော်တို့ရဲ့ ချစ်ခြင်းပြသနေတာဖြစ်ပါတယ်။ အဲဒီအမှုတော်ဆောင်ခြင်းက တခြားသူတွေကို ဝေဖန်ခြင်းမပြုလုပ်ဘဲ အမှန်တကယ်ကြည့်ရှုခြင်းလိုပဲ ရိုးရှင်းတဲ့အရာဖြစ်နိုင်ပါတယ်။ သြဝါဒနှင့် ပဋိညာဥ်များကျမ်းရဲ့ အပိုဒ်ငယ်၇၆မှာ၊ ဆီလက်ရှယ်လ် ဂုဏ်ကျက်သရေကိုအမွေခံကြမယ့် သူတွေရဲ့ စရိုက်လက္ခဏာကို တစ်စေ့တစ်စောင်းတွေ့နိုင်ပါတယ်၊ “သူတို့ကို မြင်သကဲ့သို့ သူတို့​မြင်ကြ၏၊ သူတို့ကို သိသကဲ့သို့ သူတို့​သိကြ၏။” သူတို့က တခြားသူတွေကို ဘုရားသခင်မြင်တဲ့အတိုင်း မြင်ကြပါတယ်၊ ပြီးတော့ ကိုယ်တော်က သူတို့ကို ဘုန်းကြီးသောဘုရားပကတိအလားအလာနဲ့၊ ဖြစ်ထွန်းလာမှာကိုမြင်ပါတယ်။

ကျွန်တော့်ရဲ့ သာသနာပြုပြီးတော့အိမ်ကိုပြန်လာတဲ့အခါ၊ ကျွန်တော်နဲ့ ကျွန်တော့်ညီတွေ ဆယ်ကျော်သက်အရွယ်မှာစခဲ့တဲ့ မြက်ရိတ်တဲ့စီးပွားရေးကို ကျွန်တော်လွှဲပြောင်းယူခဲ့ပါတယ်။ တက္ကသိုလ်မှာ ပညာသင်ရင်းလည်း ကျွန်တော်အလုပ်များနေခဲ့ပါတယ်။ နွေဦးရက်သတ္တပတ်မှာ၊ မိုးသည်းထန်စွာရွာပြီး နီးကပ်လာတဲ့နောက်ဆုံးစာမေးပွဲတွေကြောင့် ကျွန်‌တော်စိတ်ရှုပ်ထွေးပြီး ခြံအလုပ်တွေနောက်ကျခဲ့ပါတယ်။

ရက်သတ္တပတ်အလယ်လောက်မှာ ကောင်းကင်ကရှင်းလင်းသွားပြီး၊ အတန်းတွေပြီးတဲ့အခါမှာ ခြံအလုပ်တွေကိုပြန်အမှီလုပ်ဖို့ ကျွန်တော်စီစဥ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အိမ်သို့ရောက်တဲ့အခါမှာ၊ ကျွန်တော့်ရဲ့ ကုန်တင်ကားနဲ့ ပစ္စည်းကိရိယာတွေ မရှိတော့ပါဘူး။ သိချင်လာတာနဲ့၊ ကျွန်တော်သွားရမယ့် ခြံတွေကိုသွားခဲ့ပါတယ်၊ ခြံတိုင်းက လှလှပပရိတ်ပြီးသားဖြစ်နေပါတယ်။ အစီအစဥ်ထဲက နောက်ဆုံးခြံမှာ၊ ကျွန်တော်ရဲ့ညီ မြက်ရိတ်စက်ရဲ့နောက်မှာတွန်းနေတာကိုမြင်ခဲ့ပါတယ်။ သူကျွန်တော့်ကိုမြင်ပါတယ်၊ ပြုံးပြပြီး လက်ပြပါတယ်။ ကျေးဇူးတင်မှုတွေနဲ့၊ ကျွန်တော်သူ့ကို ဖက်ပြီးကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အစေခံခြင်းလုပ်ရပ်က သူ့အပေါ် ကျွန်တော်ရဲ့ချစ်ခြင်းနဲ့ သစ္စာရှိမှုကို နက်ရှိုင်းစွာအားကောင်းစေခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦးအစေခံခြင်းက ဘုရားသခင်နဲ့ သူ့ရဲ့ချစ်လှစွာသောသားတော်တို့ကို ကျွန်တော်တို့ရဲ့ ချစ်ခြင်းပြသနိုင်တဲ့ အမှားအယွင်းမရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ခပ်သိမ်းသောအရာတို့၌ ဘုရားသခင်၏လက်ကို ဝန်ခံခြင်းရှိပါ

ကျေးဇူးတော်ချီးမွမ်းတတ်သောစိတ်ရှိခြင်းအားဖြင့်လည်း ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို သိသာထင်ရှားစေနိုင်ပါတယ်။ ကိုယ်တော်ရှင်မိန့်မှာခဲ့ပါတယ်၊ “ခပ်သိမ်းသော​အရာတို့၌ ဘုရားသခင်၏​လက်ကို ဝန်ခံခြင်း​မရှိသောသူမှတစ်ပါး …လူသားသည် အဘယ်​အရာနှင့်မျှ သူ့ကို မပြစ်မှား။ ” ကိုယ်တော်ရှင်က ကျွန်တော်တို့ အသက်တာတွေထဲက ကောင်းတဲ့အရာတိုင်းရဲ့ ရင်းမြစ်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းအားဖြင့် ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ချစ်ခြင်းကိုပြသနိုင်ပါတယ်။

ကုမ္ပဏီတစ်ခုစဖွင့်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ၊ ကျွန်တော့်စီးပွားရေးလုပ်ဖော်ကိုင်ဖက်နဲ့ကျွန်တော်က အရေးကြီးတဲ့ အစည်းအဝေးတွေမတိုင်ခင်မှာ ကောင်းကင်ဘုံရှင်အဘရဲ့ အကူအညီကိုတောင်းပြီး စိတ်အားထက်သန်စွာဆုတောင်းကြပါတယ်။ ထပ်ခါထပ်ခါပဲ၊ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို အဖြေပေးခဲ့ပြီးတော့ အစည်းအဝေးတွေ အဆင်ပြေခဲ့ပါတယ်။ အစည်းအဝေးတစ်ခုအပြီးမှာ၊ ကျွန်တော့်ရဲ့လုပ်ငန်းဖော်က ကျွန်တော်တို့ကအကူအညီတောင်းဖို့ မြန်ဆန်ပြီးတော့ ကျေးဇူးတင်တဲ့အခါမှာ နှေးကွေးနေကြောင်းထောက်ပြခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး၊ ကျေးဇူးတင်ခြင်းအတွက် စစ်မှန်တဲ့ဆုတောင်းချက်တွေပြုလုပ်ဖို့၊ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ ကိုယ်တော်ရှင်ရဲ့လက်တော်ကိုသတိပြုမိဖို့ အလေ့အကျင့်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို “ ကျေးဇူးတင်ခြင်းရှိသော သဘောထား” ဖြင့်ပြသပါတယ်။

ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။

ကောင်းကင်ဘုံရှင်အဘနှင့် သူ၏ချစ်လှစွာသောသားတော်တို့အပေါ် ကျွန်တော်တို့ရဲ့ ချစ်ခြင်းကိုပြသနိုင်တဲ့ နောက်ထပ်နည်းလမ်းကတော့ သူတို့ကိုနာခံဖို့ ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ကယ်တင်ရှင်မိန့်မှာခဲ့ပါတယ်၊”ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။” ဒီလိုနာခံမှုမျိုးက မတွေးမခေါ်ဘဲ ဒါမှမဟုတ် တွန်းအားပေးခြင်းကြောင့် နာခံတာမဟုတ်ဘဲ၊ စိတ်ရင်းမှန်နှင့် ချစ်ခြင်းကို လိုလိုလားလားဖော်ပြခြင်းဖြစ်ပါတယ်။ ကောင်းကင်ဘုံမှခမည်းတော်က ကျွန်တော်တို့ကိုနာခံစေဖို့ ဆန္ဒရှိစေချင်ပါတယ်။ ညီအမ ထမရာ ဒက်ဗယျူ၊ ရူးနီးယားက ဒါကို “ချစ်ခြင်းအားဖြင့်နာခံခြင်း” လို့ခေါ်ပါတယ်။ သူမပြောခဲ့ပါတယ်၊ “ကျွန်မတို့မှာ ပြည့်စုံတဲ့နာခံခြင်းမရှိသေးပေမယ့် ကျွန်မတို့က လက်ရှိမှာချစ်ခြင်းအားဖြင့် နာခံဖို့ကြိုးစားကြပါတယ်၊ ကိုယ်တော့်ကိုချစ်တဲ့အတွက်၊ ကိုယ်တော်နဲ့နေဖို့၊ ထပ်တလဲလဲရွေးချယ်ကြပါတယ်။

ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့အား ကိုယ်တော့်ကိုရွေးချယ်‌စေချင်ရန် လှုံ့ဆော်ပေးဖို့ရွေးချယ်ပိုင်ခွင့်ကို ပေးထားပါတယ်။ ကိုယ်တော့်ရဲ့အမှုတော်နဲ့ ဘုန်းတော်က ကျွန်တော်တို့ကိုထာဝရအသက်တာကို ဆောင်ယူလာစေရုံသာမက ကျွန်တော်တို့ရဲ့အကြီးမားဆုံးဆန္ဒဖြစ်တဲ့ ကိုယ်တော့်ဆီပြန်သွားနိုင်ဖို့ မျှော်လင့်ချက်လည်းပါဝင်ပါတယ်။ သို့သော်လည်း၊ သူက ကျွန်တော်တို့ကို နာခံဖို့ဘယ်တော့မှာတွန်းအားပေးမှာ မဟုတ်ပါဘူး။ ဓမ္မသီချင်း “သိ‌စေသော်၊ ဤဝိညာဥ်တော်လွတ်မြောက်ပြီ ”မှာ ကျွန်တော်တို့သီဆိုကြပါတယ်၊

သူခေါ်မည်၊ စည်းရုံးမည်၊ လမ်းညွှန်မည်၊

ပညာ၊ မေတ္တာ၊ အလင်းနှင့် ကောင်းကြီးပေးမည်၊

အမည်မရှိနည်းများနဲ့ ကောင်းမွန် ကြင်နာလော့၊

သို့သော် လူသားတို့အား ဘယ်တော့မှ တွန်းအားမပေး။

သာသနာခေါင်းဆောင်များအနေနဲ့၊ ကျွန်တော့်ဇနီး၊ ခရစ်စတီးနားနဲ့ ကျွန်တော်တို့က နာခံဖို့ရွေးချယ်ခဲ့ကြတဲ့ သာသနာပြုတွေကြောင့် စိတ်ခွန်အားရရှိခဲ့ပါတယ်၊ ဒါဟာသာသနာပြုစံနှုန်းတစ်ခုကြောင့်အတွက်သာမဟုတ်ဘဲ ကိုယ်တော့်ကိုကိုယ်စားပြုပြီး နှိမ့်ချစွာရွေးချယ်ခြင်းအားဖြင့် ကိုယ်တော်ရှင်အပေါ် သူတို့ရဲ့ ချစ်ခြင်းကို ပြသချင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

အသင်းလူကြီး ဒေးလ် ဂျီ၊ ရန်လန်သင်ကြားခဲ့သလိုပါပဲ၊ “ကျွန်တော်တို့ကောင်းကင်ဘုံရှင် အဘဘုရားသခင်ရဲ့ မိဘအနေနဲ့ထိန်းကျောင်းခြင်းက သူရဲ့သားသမီးတွေကို မှန်တာကို လုပ် စေဖို့မဟုတ်ဘဲ၊ မှန်တာကို လုပ်ဖို့ ရွေးချယ် စေဖို့ဖြစ်ပြီး နောက်ဆုံးမှာ သူ့ကဲ့သို့ဖြစ်လာဖို့ပဲဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို ရိုးရိုးရှင်းရှင်းပဲနာခံစေချင်တယ်ဆိုရင်၊ သူက ကျွန်တော်တို့ရဲ့ အပြုအမူတွေကို ဆုချပေးဖို့နဲ့ အပြစ်ပေးဖို့အတွက် ချက်ချင်းပြုလုပ်မှာဖြစ်ပါတယ်။” ကိုယ်တော်ကို ကျွန်တော်တို့နာခံပြီးလိုက်လျှောက်ဖို့ ရွေးချယ်ကြတဲ့အခါမှာ ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ချစ်ခြင်းကို ပြသနေတာဖြစ်ပါတယ်။

ကောင်းကင်ဘုံရှင်အဘနဲ့ ကယ်တင်ရှင်တို့ကို ကျွန်တော်တို့ရဲ့ အသက်တာတွေမှာ ပထမဦးစားပေးကြတဲ့အခါ၊ တစ်ဦးနဲ့တစ်ဦး အစေခံကြတဲ့အခါ၊ သူတို့ဆီကလာတဲ့ ကောင်းချီးတိုင်းကို ကျေးဇူးတင်စွာအသိအမှတ်ပြုကြတဲ့အခါ၊ သူတို့ကို နာခံပြီး လိုက်လျှောက်ကြတဲ့အခါမှာ သူတို့က ကျွန်တော်တို့ရဲ့ချစ်ခြင်းဖော်ပြမှုကို အသိအမှတ်ပြုလာကြပါတယ်။

ကျွန်တော်တို့တစ်ယောက်ချင်းတိုင်းဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့သားသမီးတစ်ဦးဖြစ်ပြီး၊ ကိုယ်တော်က ကျွန်တော်တို့ကို ပြည့်ဝစွာချစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ သူ့ရဲ့ ချစ်ခြင်းကို ကျွန်တော်တို့သတိထားမိနိုင်ပြီး နားလည်နိုင်မယ့် နည်းလမ်းတွေနဲ့ ခံစားစေဖို့သူတောင်းတနေကြောင်း ကျွန်တော်သက်သေခံပါတယ်။ နောက်ပြီး လှပတဲ့သဘောတရားကတော့ ကျွန်တော်တို့ ကိုယ်တော်အပေါ်ရှိတဲ့ချစ်ခြင်းကို ပြသကြတာနဲ့အမျှ ကျွန်တော်တို့အတွက် သူ့ရဲ့ချစ်ခြင်းကိုလည်း ပိုမိုနက်ရှိုင်းစွာ ခံစားလာနိုင်လေပဲ ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှင်လုကာ ၁၅:၁၃

  2. ရှု ရောမ ၈:၃၅-၃၉၊ ဒေးလ် ဂျီ၊ ရန်လန်၊ “Experience God’s Love” (ဘရင်ဂ်ဟမ်ရန်းတက္ကသိုလ်၌ ဝတ်ပြုဟော‌ပြောပွဲ၊ ဒီ၊ ၃၊ ၂၀၂၉)၊ speeches.byu.edu၊ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Divine Love,” လီယာဟိုနာ၊ ဖေ၊ ၂၀၂၃၊ ၁၂-၁၇။

  3. ၁ နီဖိုင်း ၈:၁၁

  4. ၁ နီဖိုင်း ၈:၁၂

  5. ၂ နီဖိုင်း ၃၁:၃

  6. ရှု ရှင်ယောဟန် ၃:၁၆

  7. ရှု ၁ ယောဟန် ၄:၁၉

  8. ရှင်မဿဲ ၂၂:၃၆–၃၇

  9. ကျွန်ုပ်တို့၏လုပ်ဆောင်မှုများအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့မရရှိသော်လည်း၊ ကျွန်ုပ်တို့၏ ဆုတောင်းသံများကို နားညောင်းခြင်း၊ ကျွန်ုပ်တို့အားကောင်းချီးပေးခြင်းနှင့် ကျွန်ုပ်တို့အပေါ် သူ၏ချစ်ခြင်းကို ခံစားရရန်ကူညီပေးခြင်းဖြင့် သူ့အပေါ် ကျွန်ုပ်တို့ထားရှိသည့်ချစ်ခြင်းဖော်ပြချက်ကို အသိအမှတ်ပြုရန် ကိုယ်တော်က စိတ်အားထက်သန်နေပါသည်။

  10. ရှင်ယောဟန် ၂၁:၁၅

  11. “ကျွန်တော်တို့ရဲ့ဘဝမှာ အခြားအရာအားလုံးထက် ဘုရားသခင်ကို ရှေ့တန်းတင်ရမှာဖြစ်ပါတယ်။ ကိုယ်တော် အရင်လာရမှာဖြစ်ပါတယ်။

    “ကျွန်တော်တို့ဘုရားသခင်ကို ပထမဦးစားပေးထားတဲ့အခါမှာ၊ အခြားအရာအားလုံးကသူတို့နဲ့ သင့်လျော်သောနေရာကို ရောက်သွားကြပါမယ် သို့မဟုတ် ကျွန်တော်တို့ရဲ့ အသက်တာထဲကနေထွက်သွားကြပါလိမ့်မယ်။ ကိုယ်တော်ရှင်အတွက် ကျွန်တော်တို့ရဲ့ ချစ်ခြင်းက ကျွန်တော်တို့ရဲ့ ခင်တွယ်မှု၊ အချိန်သုံးစွဲမှု၊ လေ့လာလိုက်စားတဲ့ စိတ်ဝင်စားမှုတွေနဲ့ ကျွန်တော်တို့ရဲ့ ဦးစားပေးမှုအစီအစဥ်တွေကို အုပ်စိုးသွားပါလိမ့်မယ်”(Teachings of Presidents of the Church: Ezra Taft Benson [၂၀၁၄]၊ ၄၀)။ လည်းရှု ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်၊ “Good, Better, Best,” လီယာဟိုနာ, နို၊ ၂၀၀၇၊ ၁၀၄-၈။

  12. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင် “ဘုရားသခင်ကိုအောင်နိုင်ပါစေ၊” လီယာဟိုနာ၊ နို၊ ၂၀၂၀၊ ၉၄။

  13. ရှင်ယောဟန် ၂၁:၁၆

  14. ရှု မောဇိယ ၂:၇

  15. သြဝါဒနှင့် ပဋိညာဥ်များ ၇၆:၉၄

  16. သြဝါဒနှင့် ပဋိညာဥ်များ ၅၉:၂၁

  17. ရှု ဖိလေမုန် ၁:၄-၇

  18. ထောမတ်စ် အက်စ်၊ မွန်စင်၊ “An Attitude of Gratitude,” အန်ဇိုင်း၊ မေ ၁၉၉၂၊ ၅၄။

  19. ရှင်ယောဟန် ၁၄:၁၅

  20. ထမာရာ ဒဗယျူ၊ ရူးနီးယား၊ “သင်၏နောင်တရခြင်းသည် ယေရှုခရစ်တော်အား ဝန်မလေးစေပါ၊ ၎င်းသည် ကိုယ်တော်၏ဝမ်းမြောက်ခြင်းအား တောက်ပစေ၏,” လီယာဟိုနာ၊ မေ ၂၀၂၅၊ ၉၂။

  21. ရှု ၂ နီဖိုင်း ၁၀:၂၃-၂၄ဟေလမန် ၁၄:၃၀-၃၁

  22. ရှု မောရှေ ၁:၃၉

  23. “Know This, That Every Soul Is Free,” ဓမ္မသီချင်းများ၊ နံပါတ်- ၂၄၀။

  24. ရှု မောဇိယ ၅:၂–၅

  25. ဒေးလ် ဂျီ၊ ရန်လန်၊ “Choose You This Day,” လီယာဟိုနာ, နို၊၂၀၁၈၊၁၀၄။

  26. ရှု ပက်ထရစ်ခ် ခီးရွန်၊ “Receive His Gift,” လီယာဟိုနာ၊ မေ ၂၀၂၅၊ ၁၂၁-၂၄။

  27. “ထာဝရအလုံးစုံတို့ရဲ့ ကြီးမြတ်သော ပဌမ ပညတ်တော်ကတော့ ဘုရားသခင်ကိုကျွန်တော်တို့ရဲ့ စိတ်နှလုံးသားအကြွင်းမဲ့၊ ညဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ရန်ဖြစ်ပါတယ်— ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ဒါပေမယ့် ထာဝရအလုံးစုံတို့ရဲ့ ကြီးမြတ်သော ပဌမ သမ္မာတရားကတော့ ဘုရားသခင်က ကျွန်တော်တို့ကို သူ့ရဲ့စိတ်နှလုံးသားအကြွင်းမဲ့၊ ညဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်တော်မူခြင်းဖြစ်ပါတယ်” (ဂျက်ဖရီ အာရ်၊ ဟော်လန်၊ “Tomorrow the Lord Will Do Wonders Among You,” လီယာဟိုနာ၊ မေ ၂၀၁၆၊ ၁၂၇)။

  28. ဟာစစ်ဇ်ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုထားသူတွေအတွက် နဲ့ သူတို့ဆီ ဘုရားသခင်ကမ်းလှမ်းတဲ့ အထူးချစ်ခြင်းနဲ့ ကရုဏာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာလည်း ကိုယ်တော်အတွက် ဟာစစ်ဇ်ကို အပြန်အလှန်ပြုကြပါတယ်။

    “ဘုရားသခင်မှာ သူနဲ့ပဋိညာဉ်ပြုထားသူတွေအတွက် ဟာစစ်ဇ် ရှိတာကြောင့်၊ ကိုယ်တော်က သူတို့ကို ချစ်ပါလိမ့်မယ်။ သူတို့နဲ့ အတူ အလုပ်ဆက်လုပ်ပြီး၊ သူတို့ကို ပြောင်းလဲဖို့ အခွင့်အရေးတွေပေးပါလိမ့်မယ်။ သူတို့နောင်တရကြတဲ့အခါ ခွင့်လွှတ်ပါလိမ့်မယ်။ သူတို့လမ်းလွဲလျှင်၊ သူ့ဆီကိုပြန်လာရာ လမ်းကိုရှာဖို့ ကူညီပါလိမ့်မယ်။

    “သင်နဲ့ကျွန်တော်ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်တစ်ခု ပြုလိုက်ပြီးတာနဲ့တစ်ပြိုင်နက်၊ ကိုယ်တော်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ ပဋိညာဉ်မတိုင်မီကထက် ပိုရင်းနှီးလာပါတယ်” (ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ထာဝရတည်မြဲသော ပဋိညာဥ်၊” လီယာဟိုနာ၊ အောက်၊ ၂၀၂၂၊ ၆)။