ကိုယ်တော်၏ဆုကျေးဇူးကိုလက်ခံရရှိပါ
သင်ကဘုရားသခင်ချစ်ရတဲ့ သမီးတစ်ယောက်၊ ဘုရားသခင်မြတ်နိုးရတဲ့ သားတစ်ယောက်ဖြစ်ပြီး၊ ကိုယ်တော်က သူ့ရဲ့သန့်ရှင်းပြည့်စုံတဲ့သားတော်ကို သင့်ကိုလက်ဆောင်ပေးခဲ့ပါတယ်။
လက်ဆောင်ပေးခြင်း
လက်ဆောင်ပေးခြင်းဟာ ထုံးတမ်းဓလေ့အားလုံး၊ ယဥ်ကျေးမှုအားလုံးနဲ့၊ ထောင်စုနှစ်များစွာကို လွှမ်းခြုံထားတဲ့လူမှုရေးအလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကာလတစ်လျှောက်မှာ၊ လူတွေက ဆက်ဆံရေးတွေအားကောင်းလာဖို့၊ ချစ်ခြင်းနဲ့ ကျေးဇူးတင်ခြင်းကိုဖော်ပြဖို့နဲ့ မင်္ဂလာဆောင်တွေ၊ မွေးနေ့တွေ၊ အားလပ်ရက်တွေလိုမျိုး အရေးကြီးတဲ့ပွဲတွေအထိမ်းအမှတ်အဖြစ် တစ်ဦးနဲ့တစ်ဦးလက်ဆောင်တွေပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းတွေထဲမှာ တစ်ဦးနဲ့တစ်ဦးလက်ဆောင်ပေးကြတာ လူသားတွေတစ်မျိုးတည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ထောက်ပြနိုင်တဲ့ အခြားဥပမာတွေအများကြီးထဲက၊ ပင်ကွင်းတွေက သူတို့ရဲ့အနာဂတ်ကြင်ဖော်တွေကို တောက်ပတဲ့ကျောက်စရစ်ခဲတွေပေးတယ်လို့ သိကြပြီး၊ ဘိုနိုဘော့စ်မျောက် (ချင်ပန်ဇီရဲ့ ဝမ်းကွဲ)တွေက သူတို့ရဲ့ မိတ်ဆွေဖြစ်မှုစက်ဝန်းကို တိုးချဲ့ဖို့အတွက် အသီးပေးကြပါတယ်။
ဘာလက်ဆောင်တွေသင်ပေးဖူးပါသလဲ။ သင်ချစ်ရတဲ့သူတစ်စုံတစ်ဦးအတွက် ပြီးပြည့်စုံတဲ့ လက်ဆောင်ကို သင်ရှာတွေ့ဖူးတဲ့အချိန်၊ ဒါမှမဟုတ် လုပ်ခဲ့ဖူးတဲ့အချိန်ကို စဥ်းစားကြည့်ပါ။ လက်ဆောင်က ဒီချစ်ရတဲ့သူတစ်ဦး အမှန်တကယ်လိုချင်တဲ့အရာဖြစ်ပြီးတော့ သူတို့တန်ဖိုးထားမယ့်အရာဖြစ်တယ်ဆိုတာ သင်သိနေခဲ့ပါတယ်။ ဘာလက်ဆောင်ဖြစ်ပါသလဲ။ အဲဒါကသင့်အမေအတွက်လား၊ မိတ်ဆွေတစ်ဦးအတွက်လား၊ သင့်ကလေးအတွက်လား၊ ဆရာတစ်ယောက်အတွက်လား၊ အဘိုးအတွက်လား။ အဲဒီလက်ဆောင်ကို သင်ရှာတွေ့ခဲ့တုန်းက သင်ဘယ်လိုခံစားခဲ့ရပါသလဲ။ သင်ချစ်ရတဲ့သူ အဲဒီလက်ဆောင်ကိုဖွင့်မယ့်အကြောင်း သင်စဥ်းစားခဲ့တဲ့အခါမှာ ဘယ်လိုခံစားခဲ့ရပါသလဲ။ အလားတူပဲ၊ ဘယ်အချိန်တုန်းက တစ်စုံတစ်ယောက်က သင့်ကို ပြီးပြည့်စုံတဲ့လက်ဆောင်ကို ပေးခဲ့ပါသလဲ၊ ပြီးတော့ အဲဒါကိုလက်ခံရရှိတာ ဘယ်လိုခံစားရပါသလဲ။
ကျွန်တော့်အတွက် ကျွန်တော့်ဖခင်၏လက်ဆောင်
ကျွန်တော်အသက်ခုနှစ်နှစ်လောက်က၊ မိဘတွေနဲ့အတူ အာရေဗျနိုင်ငံမှာနေတုန်းမှာ၊ Chitty Chitty Bang Bang လို့ခေါ်တဲ့ ကလေးရုပ်ရှင်ထွက်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်က သူ့ဘာသူမောင်းနိုင်၊ ရေပေါ်မှာပေါ်နိုင်ပြီး၊ ပျံတောင်ပျံနိုင်တဲ့ မျက်လှည့်ဆန်တဲ့ကားတစ်စီးရဲ့ အကြောင်းပါ။ Chitty Chitty Bang Bang လိုအရုပ်ကားအသေးစားတွေ ဇာတိမြေအင်္ဂလန်မှာ လုပ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်၊ အို၊ ကျွန်တော်တစ်ခုလောက် အရမ်းလိုချင်ခဲ့ပါတယ်။ သင်လီဗာကိုဆွဲလိုက်တယ်ဆိုရင်၊ အရုပ်ကားရဲ့ အတောင်ပံတွေထွက်လာပါတယ်။ ကျွန်တော့်အဖေက အင်္ဂလန်ကို အလုပ်ကိစ္စနဲ့ခရီးသွားရင်း ကျွန်တော်သူ့ကို တစ်ခုခုပြန်ယူလာစေချင်လားလို့မေးပါတယ်၊ ကျွန်တော်ကသူ့ကို အဲဒီ Chitty Chitty Bang Bang ကားတစ်စီးလောက် အရမ်းလိုချင်ကြောင်း ပြောပြခဲ့ပါတယ်။
သူအလုပ်ခရီးကနေ ပြန်ရောက်လာပါတယ်၊ ပြီးတော့ ဘာကားမှပေါ်မလာပါဘူး။ ကျွန်တော်အရမ်းဝမ်းနည်းပြီး သူသတိမေ့သွားတာဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့၊ နောက်၁၀ရက်လောက်ကြာတော့ ကျွန်တော့်ရဲ့မွေးနေ့ပါ၊ ကျွန်တော့်ကို လှလှပပထုပ်ပိုးထားတဲ့၊ အထုတ်သေးသေးလေးတစ်ခုက စောင့်မျှော်နေပါတယ်။ စိတ်လှုပ်ရှားမှုကြီးစွာနဲ့၊ အကြီးကြီးလည်း သိပ်မမျှော်မှန်းရဲဘဲ၊ ကျွန်တော် လက်ဆောင်ကိုဖွင့်လိုက်ပြီး ကားကိုတွေ့ခဲ့ပါတယ်။ ကျွန်တော်ပျော်လွန်းလို့ ငိုခဲ့ပါတယ်။ ကျွန်တော်လီဗာကို ဆွဲလိုက်တဲ့အခါ အတောင်ပံတွေထွက်လာပါတယ်၊ ရုပ်ရှင်ထဲကကားလိုပါပဲ။ ဒီတန်ဖိုးအထားရဆုံးလက်ဆောင်အတွက် ကျွန်တော့်ရဲ့အဖေကိုဘယ်လောက်တောင် ကျေးဇူးတင်လိုက်ပါသလဲ။ ကျွန်တော် အဲဒီကားနဲ့နှစ်များစွာ ကစားခဲ့ပြီး နောက်ထပ်နှစ်များစွာသိမ်းထားခဲ့ပါတယ်။ ကျွန်တော်အဲဒီကားကို ရရှိရတာကြိုက်ခဲ့သလောက် အနည်းဆုံး အဖေလည်းကျွန်တော့်ကို အဲဒါပေးခဲ့ရတာကိုနှစ်သက်ခဲ့မယ်လို့ ထင်ပါတယ်။
ပေးခြင်း၊ လက်ခံပြီး ဖွင့်ဖောက်ခြင်းနှင့်၊ လက်ခံရရှိခြင်း
လက်ဆောင်ပေးခြင်းမှာ အပိုင်းသုံးပိုင်းပါရှိတယ်လို့ ကျွန်တော်တို့စဥ်းစားနိုင်ပါတယ်၊
-
လက်ဆောင် ပေးခြင်းဆိုတာ၊ ပေးတဲ့သူက လက်ဆောင်ကိုရွေးချယ်၊ ပြုလုပ်၊ သို့မဟုတ် ပြင်ဆင်ပြီး ချစ်ရတဲ့သူတစ်ဦးကို ပေးအပ်ခြင်းဖြစ်ပါတယ်။ အဲဒီမှာပေးတဲ့သူဘက်က အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုခုပေးဖို့အတွက် သေသေချာချာ စဥ်းစားတွေးခေါ်မှု ပါဝင်ပါတယ်။
-
လက်ဆောင်ကို လက်ခံခြင်းနဲ့ ဖွင့်ဖောက်ခြင်းဆိုတာ၊ ရရှိတဲ့သူက ပေးတဲ့သူဆီကလက်ဆောင်ကို—လက်ခံလိုက်တဲ့အခါမှာဖြစ်ပါတယ်၊ မဖွင့်ခင်၊ ဖဲကြိုးကိုဖြည်ပြီး ဘာလက်ဆောင်လဲဆိုတာတွေ့ရှိဖို့ အထုတ်ကို ဖောက်တဲ့အခါမှာ၊—မကြာခဏဆိုသလို အံ့သြခြင်း၊ ကျေးဇူးတင်ခြင်းနဲ့၊ စိတ်လှုပ်ရှားခြင်းတို့ကို ဖော်ပြကြပါတယ်။
-
အဲ့ဒီနောက်မှာ၊ ဒါက အရေးအကြီးဆုံးအပိုင်းဖြစ်နိုင်ပါတယ်၊ လက်ဆောင်ကို လက်ခံရရှိခြင်းပါ။ စိတ်ရင်းအမှန်နဲ့ပေးတဲ့လက်ဆောင်တစ်ခုကို လက်ခံရရှိခြင်းက အဲဒါကိုလက်ခံခြင်းနဲ့ ဖွင့်ဖောက်ခြင်းထက် များစွာပိုပါတယ်။ အဲဒါက လက်ဆောင်ရဲ့တန်ဖိုးကိုသတိပြုမိခြင်းနဲ့ ပေးတဲ့သူကိုကျေးဇူးတင်ကြောင်း ဖော်ပြခြင်းထက်တောင် ပိုပါတယ်။ စစ်မှန်စွာ လက်ဆောင်တစ်ခုကိုလက်ခံရရှိဖို့အတွက်၊ ကျွန်တော်တို့ မိမိကိုယ်တိုင်အတွက် အဲဒါကို တန်ဖိုးထားရပါမယ်၊ ၎င်းကို ကျွန်တော်တို့ ဘဝတွေမှာ အပြည့်အဝအသုံးပြုပြီးတော့၊ ပေးတဲ့သူကို ကျေးဇူးတင်ခြင်းပြည့်စွာနဲ့ သတိရရပါမယ်။
လက်ဆောင်ရရှိခြင်းဆိုတာ အတုံ့အပြန်မဲ့လုပ်ရပ်မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒါက ရည်ရွယ်ချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့လုပ်ငန်းစဥ်ဖြစ်ပြီး အထုတ်တစ်ထုတ်ကိုဖွင့်ဖောက်ရုံထက် အများကြီးပိုပါတယ်။ လက်ခံရရှိခြင်းဆိုတာ ပေးသူနဲ့ လက်ခံသူကြား သံယောဇဉ်နှောင်ကြိုးကို ခိုင်မြဲစေသည့်နည်းဖြင့် လက်ဆောင်နဲ့ ပေးသူရဲ့နှလုံးသားနှစ်ခုလုံးကို တန်ဖိုးထားပြီး ချိတ်ဆက်ခြင်းဖြစ်ပါတယ်။ အဲဒီအရုပ်ကားအကြောင်းစဥ်းစားတာက ကြည်နူးစရာကောင်းတဲ့အမှတ်တရတွေအများကြီးကို သယ်ဆောင်လာပါတယ်၊ အဲဒီလက်ဆောင်နဲ့ တခြားရက်ရောတဲ့လုပ်ရပ်တွေကိုကိုယ်စားပြုတဲ့၊ ကျွန်တော့်အဖေရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းနဲ့ ကျွန်တော့်အတွက်ဂရုစိုက်မှုကို တဖန်ပြန်ခံစားရသလိုပါပဲ။
ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘ၏ ဆုကျေးဇူးများ
ကောင်းကင်ဘုံရှင်အဘမှာ သူ့ရဲ့တန်ဖိုးထားရတဲ့သားသမီးတွေဖြစ်တဲ့၊ ကျွန်တော်တို့တစ်ယောက်ချင်းစီအပေါ်သွန်းလောင်းဖို့ ပြင်ဆင်ထားတဲ့ မရေမတွက်နိုင်တဲ့ အလင်းနဲ့သမ္မာတရားဆုကျေးဇူးများစွာရှိပါတယ်။ ၎င်းတို့ဟာ တောရိုင်းထဲရှိပေါများကြွယ်ဝတဲ့ရင်းမြစ်တစ်ခုကဲ့သို့ ရက်ရောစွာပေးသူဖြစ်တဲ့ ကိုယ်တော့်ရဲ့စေတနာရှိတဲ့နှလုံးသားကနေ စီးဆင်းလာပါတယ်။ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။” အဘနဲ့ ကျွန်တော်တို့ရဲ့ပဋိညာဥ်ဆက်နွယ်မှုမှာ၊ သူက အမြဲတမ်းပေးသူဖြစ်ပြီး ကျွန်တော်တို့က နှိမ့်ချတဲ့လက်ခံသူဖြစ်ပါတယ်။
အဘ၏ဆုကျေးဇူးများအားလုံးထဲမှ အကြီးမြတ်ဆုံး၊ ၎င်းအားဖြင့်အခြားဆုကျေးဇူးများ အားလုံးစီးဆင်းသည်
ဒါပေမဲ့ အဘရဲ့ဆုကျေးဇူးတွေအားလုံးထဲကမှ အကြီးမြတ်ဆုံးဖြစ်တဲ့၊ သူ၏ချစ်စွာသော သိုးသူငယ်၊ သားတော်ယေရှုခရစ်တော်မပါဘဲ ကျွန်တော်တို့ ဘာကိုမှရရှိနိုင်မှာမဟုတ်ပါဘူး။ အဘရဲ့ ဆုကျေးဇူးတွေအားလုံးက၊ ကယ်တင်ရှင်ရဲ့ဂေသရှေမန်နဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ဆန္ဒရှိစွာပေးဆပ်ခဲ့ခြင်းနဲ့ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းအောင်ပွဲကနေ စီးဆင်းအသက်ဝင်လာတာဖြစ်ပါတယ်။ ယေရှုခရစ်တော်၊ ကျွန်တော်တို့ရဲ့ ကရုဏာပြည့်သောရွေးနုတ်ရှင်က၊ ကျွန်တော်တို့ရဲ့အလင်းတို့၏အဘထံမှ အမြင့်ဆုံးဆုကျေးဇူးဖြစ်ပါတယ်။ “ဘုရားသခင်သည် သူ့သားတော်၏ဆုကျေးဇူးအားဖြင့်၊ သာ၍မြတ်သောလမ်းကို [ကျွန်ုပ်တို့အတွက်]ပြင်ဆင်တော်မူ၏။”
ထာဝရသမ္မာတရား၏ အလုံးစုံကို အကျုံးဝင်စေသောဆုကျေးဇူးတစ်ခု
ထာဝရသမ္မာတရားရဲ့ အလုံးစုံကိုအကျုံးဝင်စေတဲ့ ဆုကျေးဇူးတစ်ခုအကြောင်းကျွန်တော်ပြောချင်ပါတယ်၊ အဲဒါက အဘ ကျွန်တော်တို့ကို ပေးအပ်လိုတဲ့—တခြားအရာအားလုံးကို လက်ခံရရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်ကို အထောက်အခံပေးထားပါတယ်၊ ၎င်းဟာ အရေးကြီးတဲ့ဆုကျေးဇူးဖြစ်ပြီးတော့၊ ပြည့်ဝစွာလက်ခံပြီး စိတ်ဝိညာဥ်မှာနက်ရှိုင်းစွာ ရယူတဲ့အခါ၊ ဘဝရဲ့ဝမ်းမြောက်ခြင်းတွေ၊ ခက်ခဲမှုတွေနဲ့၊ ကျွန်တော်တို့ရဲ့အဖြေမရှိတဲ့ မေးခွန်းတွေကို ဆက်စပ်ပေးပြီး၊ ကျွန်တော်တို့ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားသမီးတွေဖြစ်ကြောင်း ဖြေကြားပေးပါတယ်။ အဲဒီသမ္မာတရားက ရင်သပ်ရှုမောဖွယ်ရာကောင်းပါတယ်။ တင့်တယ်လှပါတယ်။ ပြီးတော့ ဒါက တင်စားပုံဖော်ထားတာမဟုတ်ပါဘူး။
သင်ကဒါကို ပထမဆုံးကြားရတာလို့ စဥ်းစားကြည့်ပါ။ သင်ကတကယ်ပဲ ကိုယ်တော်ချစ်မြတ်နိုးရတဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ သင်ကတကယ်ပဲ ကိုယ်တော်ရဲ့တန်ဖိုးရှိတဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သင်ရောက်ရှိနေတဲ့လမ်းကြောင်းက ကိုယ်တော့်ရဲ့ ပျော်ရွှင်ခြင်းအစီအစဥ်ဖြစ်ပါတယ်။ သူ့ရဲ့ အရာအားလုံးကိုသိမြင်တော်မူသောချစ်ခြင်းနဲ့၊ သင့်ကို ဒီလောကကိုမစေလွှတ်ခင်မှာ သင်ဘယ်သူဖြစ်ခဲ့တယ်ဆိုတာ ကိုယ်တော်ကတိတိကျကျသိပါတယ်၊ သူက သင့်ရဲ့ သေခြင်းရှိရာဘဝမှာ တွေ့ကြုံခဲ့ရတာတွေကိုသိပြီးတော့၊ သင့်ရဲ့မနက်ဖြန်တိုင်းအတွက် ကရုဏာကြီးစွာပြင်ဆင်ထားခဲ့ပါတယ်။ အိုး နောက်ပြီး၊ ကိုယ်တော့်ရဲ့လှပတဲ့ဆုကျေးဇူးတွေအားလုံးရဲ့ အမြင့်ဆုံးရည်ရွယ်ချက်ဖြစ်တဲ့၊ သူနှင့်အတူရှိတဲ့ထာဝရအသက်တာကိုရရှိဖို့ တစ်နေ့မှာ သင်သူ့ထံ ပြန်သွားဖို့ သူအရမ်းတောင့်တပါတယ်။
မေးခွန်းက ဒီသမ္မာတရားရဲ့ဆုကျေးဇူးက တကယ်ရှိလား မရှိလားမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့ရှာဖွေပြီးလက်ခံရရှိမလားဆိုတာပဲဖြစ်ပါတယ်။ အဘအားဖြင့် ဆုကျေးဇူးကို ကျွန်တော်တို့အပေါ် သွန်းလောင်းပြီးသားဖြစ်ပါတယ်။ ဆုကျေးဇူးရဲ့ မူလရည်ရွယ်ချက်အတွက် အဖိုးအခကို ကယ်တင်ရှင်က ပေးပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသမ္မာတရားကို သင်နှစ်ပေါင်းများစွာ သင်ကြားခံခဲ့ရတယ်၊ ပြောခဲ့တယ်၊ သီဆိုခဲ့တယ်ဆိုရင်၊ ဒီအလွန်ကောင်းတယ့်အံ့သြဖွယ်က ကြာမြင့်စွာ မှေးမှိန်သွားပြီး သူ့ရဲ့ တန်ခိုးနဲ့ ငြိမ်သက်မှုကို သင်မခံစားရတော့တာ ဖြစ်နိုင်ပါတယ်။
ဒီနားလည်ခြင်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ဆုကျေးဇူးနဲ့၊ သူ့ဆီကစီးဆင်းလာတဲ့ ကောင်းမြတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ မျှော်လင့်ခြင်းအားလုံးကို လက်မခံဘဲ၊ မဖွင့်ဖောက်ဘဲ၊ မရယူကြဘူးဆိုရင်၊ ကျွန်တော်တို့အတွက် ဘယ်လောက်တောင်ဆိုးရွားတဲ့ ဆုံးရှုံးမှုဖြစ်ပါလိမ့်မလဲ။ ပေးသူအတွက် ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်မလဲ။ “လူသည် မိမိအား ဆုကျေးဇူးပေးသော်လည်း ထိုဆုကျေးဇူးကို လက်ခံခြင်းမရှိလျှင် အဘယ်အကျိုးရှိသနည်း။ ရှုလော့၊ ထိုသူသည် မိမိအား ပေးသည့် အရာ၌ ရွှင်လန်းဝမ်းမြောက်ခြင်း မရှိ၊ ဆုကျေးဇူးကို ပေးသောသူ၌လည်း ရွှင်လန်းဝမ်းမြောက်ခြင်းမရှိ။”
သင်ဟာ ဘုရားသခင်ရဲ့ ချစ်လှစွာသော ကလေးအမှန်တကယ်ဖြစ်တယ်ဆိုတဲ့ ကြီးမားတဲ့ သတိပြုမိမှုကို၊ ပထမဆုံးအကြိမ်အဖြစ် သို့မဟုတ် ယခင်ကထက် ပိုမိုကြီးမားတဲ့အတိုင်းအတာအထိ လက်ခံရရှိဖို့ သင့်ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။ သင်က ဖဲကြိုးကိုဖြည်၊ ထုတ်ထားတဲ့ စက္ကူရွက်ကိုဖြဲ၊ ဘူးကိုဖွင့်ပြီး၊ ဒီအခြေခံကျတဲ့သမ္မာတရားကို ကျေးဇူးတင်လေးမြတ်စွာနှိမ့်ချပြီး၊ စစ်မှန်သန့်ရှင်းတဲ့နားလည်မှုနဲ့ တက်ကြွစွာလက်ခံရရှိ ရပါမယ်။ သင်ဟာ အမြင့်ဆုံးသောဘုရားသခင်ရဲ့ ကလေးတစ်ဦးအမှန်တကယ်ဖြစ်တယ်ဆိုတာ သင့်စိတ်နှလုံးကို သန့်ရှင်းသောဝိညာဥ်တော်က သက်သေခံနိုင်ပါတယ်။
သင့်ရဲ့စိတ်ဝိညာဥ်ထဲကို ဒီကြီးမြတ်တဲ့သတိပြုခြင်းကိုကြိုဆိုလိုက်ပြီး အဲဒါအတွက် နှစ်သိမ့်မှုနဲ့စိတ်လှုပ်ရှားမှုနှစ်ခုလုံး ခံစားရတဲ့အချိန်မှာ၊ သင့်ရဲ့ မိမိကိုယ်ကိုနဲ့ လောကကိုမြင်တဲ့ အမြင်တစ်ခုလုံး ပြောင်းလဲသွားပါတယ်။ သင့်ရဲ့ ဘဝထဲမှာဖြစ်နေတာတွေ၊ မဖြစ်နေတာတွေ ဘာတွေပဲရှိပါစေ၊ သင်က ကိုယ်တော့်ရဲ့ ချစ်ခြင်းကို ခံစားနိုင်၊ သူ့ရဲ့အသံကိုကြားနိုင်ပြီး၊ သူ့ရဲ့ လက်တော်ကို သတိပြုမိနိုင်ပါတယ်။ သင်က သင်ကိုယ်တိုင်နှင့် တခြားသူများကို မြင်နိုင်ပုံကို ပြန်လည်သတ်မှတ်နိုင်ပါတယ်။ ကယ်တင်ရှင်နဲ့ သင့်ရဲ့ပဋိညာဥ်ပေါင်းစည်းမှုက ပိုပြီးတောင်အားကောင်းလာပါတယ်၊ ထိုချိုမြိန်တဲ့ ဆုကျေးဇူးရဲ့အမြင်ကိုကြည့်ခြင်းဖြင့်၊ ထူးချွန်ပြောင်မြောက်မှုအသစ်၊ လှပခြင်းနှင့် မျှော်လင့်ခြင်းအသစ်တို့ ဘဝမှာဖြစ်ပေါ်လာပါတယ်။
ဒီပြောင်းလဲစေတဲ့အသိပညာကို သင့်စိတ်ဝိညာဥ်ရဲ့နက်ရှိုင်းတဲ့နေရာမှာ အမှန်တကယ်လက်ခံရရှိနေလားဆိုတာ နားလည်ဖို့ ကျေးဇူးပြုပြီး သင်ဆုတောင်းပါမလား။ သင်တို့ ကျေးဇူးပြုပြီး ဆုကျေးဇူးကိုလက်ခံပါမလား။ သင် ယခင်က လုပ်ဖူးခဲ့တာထက်ပိုပြီး နက်ရှိုင်းစွာ၊ ပိုပြီးလွတ်လပ်စွာ၊ ပိုပြီးများပြားစွာ ပြုလုပ်ကြပါမလား။—ဒီလိုပြုလုပ်ခြင်းအားဖြင့် ထိုအရာနဲ့အတူလာတဲ့ တခြားသောဆုကျေးဇူးတွေအားလုံးနဲ့ သွန်းလောင်းခြင်းခံကြပါမလား။
ထာဝရသမ္မာတရား၏ ဤဆုကျေးဇူးကို လက်ခံရရှိခြင်း
“သင်ဒီဆုကျေးဇူးကိုဘုရားသခင်ဆီမှ လက်ခံရရှိဖို့ ဘာလုပ်ရမလဲ”လို့ သင်စဥ်းစားနိုင်ပါတယ်။ ကောင်းပါပြီ၊ တကယ်တော့၊ ဘာမှလုပ်စရာမလိုပါဘူး။ ဒါက ပေးတဲ့သူဆီက လက်ဆောင်ဖြစ်ပါတယ်။ ဒါက ရိုးရှင်းတဲ့ အချက်ပါပဲ။ လက်ခံလိုက်ပါ။ သင်က သူ့ရဲ့ ကလေးပါ။ သင်က သူချစ်ရတဲ့သူပါ။ ဒါကို မရှုပ်ထွေးလိုက်ပါနဲ့။ သင်ကတစ်နည်းနည်းနဲ့ မထိုက်တန်ဘူးလို့ထင်တဲ့ အတွေးတွေနဲ့ ဒီဆုကျေးဇူးလက်ခံရရှိဖို့ကို မတားဆီးလိုက်ပါနဲ့။ အမှန်တကယ်တော့၊ ကျွန်တော်တို့ထဲကဘယ်သူကမှ “ထိုက်တန်ခြင်းမရှိပါဘူး”၊ အဘရဲ့ဆုကျေးဇူးတွေအားလုံးကို သန့်ရှင်းမြင့်မြတ်သောမေရှိယရဲ့ ကောင်းမြတ်ခြင်း၊ ကရုဏာတော်နဲ့၊ ကျေးဇူးတော်ကြောင့်သာ ရရှိကြတာဖြစ်ပါတယ်၊ ဒါပေမဲ့၊ ကိုယ်တော်က သူ့ရဲ့သားသမီးအယောက်ချင်းစီတိုင်းကို ဒါတွေလက်ခံရရှိဖို့ ဘယ်လောက်တောင့်တလိုက်ပါသလဲ။ အဲနောက်၊ သင်ရဲ့နားလည်မှုအသစ် သို့မဟုတ် ထပ်လောင်းနားလည်မှု ပေါ်ပေါက်လာတာနဲ့၊ ဒီဆုကျေးဇူးပေးသနားတဲ့သူကို ကျေးဇူးတင်ခြင်းဖြင့် ဝမ်းမြောက်လိုက်ပါ။
ကျွန်တော့်အသက်၂၀ကျော်အလယ်ပိုင်းတွေမှာ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကိုရှာဖွေခဲ့ကတည်းက၊ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ သားတစ်ယောက်အမှန်တကယ်ဖြစ်တယ်ဆိုတာ သတိပြုသိရှိလာခဲ့ပါတယ်။ ဒီဆုကျေးဇူးကို ပိုမိုပြည့်ဝစွာ အတွင်းကျကျစိတ်ထဲထားရှိလေ၊ ကျွန်တော်မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ကျွန်တော်က ဘယ်လောက်ပြည့်ပြည့်ဝဝအချစ်ခံရကြောင်း ထက်သန်စွာသိရလေဖြစ်ပါတယ်။ နားလည်မှုတိုးတက်ဖို့ ကျွန်တော့်ကိုကူညီခဲ့တဲ့ အရာတစ်ချို့ကတော့ ကျမ်းစာမှနှုတ်ကပတ်တော်များ၊ ကျွန်တော်ရဲ့ မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာ၊ ဗိမာန်တော်၌ဝတ်ပြုခြင်း၊ တခြားသူများကိုအမှုတော်ဆောင်ခြင်းနှင့် ကျွန်တော့်အဘနဲ့ မြင့်မြတ်တဲ့ဆုတောင်းခြင်းပြုလုပ်တာပဲဖြစ်ပါတယ်။ ဒီလှပတဲ့သမ္မာတရားကိုသာ သိခဲ့မယ်ဆိုရင်၊ ကျွန်တော့်ဘဝရဲ့ အစောပိုင်း ဝမ်းနည်းမှု၊ နာကျင်မှုနဲ့ ပူဆွေးမှုတွေက ဘယ်လိုပြန်လည်ပုံဖော်၊ နှစ်သိမ့်မှုဖြစ်ပြီး၊ တော်တော်များများကို ကျော်လွှားနိုင်ခဲ့မယ်ဆိုတာကို ကျွန်တော်အံ့သြမိပါတယ်။
ခရစ်တော်ထံသို့လာ၍ လက်ခံရရှိပါ
မော်ရော်နိုင်းက ကျွန်တော်တို့ကို “ဘုရားသခင်ထံမှဆုကျေးဇူးတို့ကို မငြင်းဆိုရမည့်အကြောင်း”၊ သို့သော် “ခရစ်တော်ထံသို့ လာ၍၊ ကောင်းမြတ်သောဆုကျေးဇူးတိုင်းကို ဆွဲကိုင်”ဖို့ တိုက်တွန်းထားပါတယ်။ သင်က ခရစ်တော်ထံကို သူ့ရဲ့ချစ်ကြင်နာမှုတွေပေါ်မှာ ယုံကြည်စိတ်ချခြင်းနဲ့လာနိုင်ပြီး ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်း၊ အလင်း၊ သမ္မာတရား၊ ဗျာဒိတ်၊ အသိပညာနဲ့၊ ဉာဏ်ပညာ ဆုကျေးဇူးအားလုံးကို—သင့်ရဲ့ခေါင်းကိုမော့ကာ၊ လက်များဆန့်တန်းပြီး လက်ခံဖို့အဆင်သင့်ဖြစ်နေတဲ့လက်တွေဖွင့်ပြီး လက်ခံရရှိနိုင်ပါတယ်။ သင်ကဒီဆုကျေးဇူးတွေကို လက်ခံရရှိနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင်ကဘုရားသခင်ချစ်ရတဲ့ သမီးတစ်ယောက်၊ ဘုရားသခင်မြတ်နိုးရတဲ့ သားတစ်ယောက်ဖြစ်ကြောင်း အသိပညာထဲမှာ စိတ်ချသေချာမှုရှိနေလို့ပဲဖြစ်ပါတယ်၊ ပြီးတော့ ကိုယ်တော်က သင့်ကိုရွေးနုတ်ဖို့၊ ရှင်းလင်းထောက်ပြဖို့နဲ့၊ သန့်စင်စေဖို့ သူ့ရဲ့သန့်ရှင်းပြည့်စုံတဲ့သားတော်ကို လက်ဆောင်ပေးခဲ့ပါတယ်။
သင် က ဘုရားသခင်ရဲ့ သားသမီးဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့သီဆိုတဲ့ ဆိုလို့ကောင်းတဲ့သီချင်းပဲ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကိုယ်တော့်ဆီက ဒီအသိပညာနဲ့ နားလည်ခြင်းဆုကျေးဇူးကို သင်လက်ခံ၊ ဖွင့်ဖောက်ပြီး၊ ရယူကြပါမလား။ ဒါက အဖိုးတန်ရတနာဖြစ်တာကြောင့် ထိုကဲ့သို့ပင် သင့်အနီးမှာ ကိုင်ဆွဲထားကြပါမလား။ ဒီဆုကျေးဇူးကို ပြန်လည်လက်ခံရရှိပါ၊ သို့မဟုတ် ပထမဆုံးအကြိမ်စစ်မှန်စွာလက်ခံရရှိပါ၊ ပြီးတော့ ဒါက သင့်ဘဝရဲ့ရှုထောင့်တိုင်းကို ပြောင်းလဲဖို့အခွင့်ပေးလိုက်ပါ။ ဒါက သူ့သားတော်ရဲ့ဆုကျေးဇူးအားဖြင့် သင့်အတွက် ဘုရားသခင်ပြင်ဆင်ထားတဲ့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သင်တို့သည်အမှန်တကယ်ပင် ဝမ်းမြောက်ခြင်းရှိနိုင်ကြစေကြောင်းပေတည်း။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။