အထွေထွေညီလာခံ
ထာဝရဘုရား၏ကြီးမြတ်သောဆုကျေးဇူးများ- ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၊ ရှင်ပြန်ထမြောက်ခြင်း၊ ပြန်လည်ဆောင်ယူခြင်း
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


13:57

ထာဝရဘုရား၏ကြီးမြတ်သောဆုကျေးဇူးများ- ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၊ ရှင်ပြန်ထမြောက်ခြင်း၊ ပြန်လည်ဆောင်ယူခြင်း

ကျွန်တော်တို့က ယေရှုခရစ်တော်ရဲ့ထမြောက်ရာနေ့မှာ ငြိမ်းချမ်းခြင်း၊ ဖြစ်ပေါ်လာခြင်းနဲ့ ပိုင်ဆိုင်ခြင်းတွေကို ရှာတွေ့နိုင်ပါတယ်၊ အဲဒါတွေက စစ်မှန်ပြီး၊ ဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာဖြစ်ပြီး ကာလအစဉ်အဆက် တည်မြဲစွာရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာက၊ ကျွန်တော်တို့ရဲ့ မနက်စောစောဧဝံဂေလိတရားတော်အတန်းက သမ္မာကျမ်းပိုဒ်တွေကို အလွတ်ကျက်ခဲ့ကြပါတယ်။ ပင်ကိုအားဖြင့် ကျွန်တော်က တိုတဲ့စာပိုဒ်တွေကို စိတ်ဝင်စားခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာမှာ စကားလုံးနှစ်လုံးသာရှိတဲ့ အတိုဆုံးကျမ်းပိုဒ်ဖြစ်တဲ့ ရှင်ယောဟန် ၁၁:၃၅—“ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ၏” ပါဝင်ပါတယ်။

အခုကျွန်တော့်အတွက်တော့၊ ဝမ်းနည်းခြင်းနဲ့ဝမ်းမြောက်ခြင်းအားဖြင့် ယေရှုမျက်ရည်ကျတော်မူတဲ့အချက်က အံ့ဖွယ်ကောင်းတဲ့စစ်မှန်မှုဖြစ်ကြောင်း သက်သေခံပါတယ်၊ မြင့်မြတ်တဲ့ဘုရားသားတော်က ကိုယ်ခန္ဓာပိုင်းဆိုင်ရာသေခြင်းရှိရာအသက်တာဆီ လာရောက်ခဲ့ပြီး ကျွန်တော်တို့ကို ဘယ်လိုကောင်းချီးပေးပြီး အမြဲအတူရှိမလဲဆိုတာကို လူ့ဇာတိ​အတိုင်းသင်ယူခဲ့ပါတယ်။

ကျွန်တော်တို့ ပူဆွေးမှု သို့မဟုတ် ဝမ်းမြောက်မှုမှာ ငိုကြွေးကြတဲ့အခါ၊ ယေရှုခရစ်တော်က အပြည့်အဝနားလည်ပါတယ်။ ထာဝရဘုရားရဲ့ကြီးမြတ်တဲ့ဆုကျေးဇူးတွေဖြစ်တဲ့၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၊ ရှင်ပြန်ထမြောက်ခြင်း၊ ပြန်လည်ဆောင်ယူခြင်းတို့ကို ကျွန်တော်တို့အလိုအပ်ဆုံးအခိုက်အတန့်တွေမှာ ကိုယ်တော်က ရှိနေနိုင်ပါတယ်။

ငိုကြွေးနေသော ယေရှု။

မာ​ရိ​နဲ့ မာ​သ​က သေဆုံးသွားတဲ့ သူတို့ရဲ့မောင် လာဇရုအတွက် မျက်ရည်ကျကြပါတယ်။ သနားကြင်နာမှုခံစားရခြင်းဖြင့် ယေရှု မျက်ရည်ကျပါတယ်။ ကိုယ်တော်က လာဇရုကိုအသက်ပြန်ရှင်စေပါတယ်။

ယေရှုက ပသခါပွဲအကြိုနေ့မှာ ယေရုရှလင်မြို့ကို ကြည့်ရှုတော်မူပါတယ်။ ကြက်​မ​က မိမိရဲ့သား​ငယ်​တွေကိုပြုတဲ့အတိုင်း ကိုယ်တော်ရဲ့လူတွေကို မစု​ရုံး​နိုင်တာကြောင့် ​ကိုယ်တော် မျက်ရည်ကျပါတယ်။ ဒီနေ့ ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက ဖြစ်ခဲ့နိုင်တာတွေအတွက် ကျွန်တော်တို့ဝမ်းနည်းတဲ့အခါ ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးပါတယ်။

စ​ပျစ်​ဥ​ယျာဉ်​ရှင်​က အမှုတော်ဆောင်ညီအစ်ကိုမောင်နှမတွေအဖြစ် ကျွန်တော်တို့ပါဝင်နိုင်တဲ့ သူ့ရဲ့ကျွန်တွေကို “ငါ၏​ဥယျာဉ်​အတွက် အဘယ်​အရာကို ငါသာ၍ ပြုနိုင်ခဲ့​လေမည်နည်း”လို့ သူမေးတဲ့အခါ ငိုကြွေးပါတယ်။

မာရိက သင်္ချိုင်း​တော်​မှာ ဝမ်းနည်းခြင်းကြီးစွာရပ်နေပါတယ်။ “အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း” လို့ ယေရှုက ညင်သာစွာမေးပါတယ်။ ကိုယ်တော်က “ညဦးယံမှာ ငိုကြွေးခြင်းကလာ၍ တည်းခိုပြီး နံနက်ယံမှာတော့ ဝမ်းမြောက်ခြင်းလာ”ကြောင်း သိပါတယ်။ ရှင်ပြန်ထမြောက်ခြင်းက အားလုံးအတွက် မိုးသောက်အာရုဏ်ကိုယူဆောင်လာပါတယ်။

မော်မုန်ကျမ်းရှိတိုင်းပြည်တွေမှာ သစ္စာရှိတဲ့လူ​အစု​အဝေးက ကိုယ်တော့်ထံ လာကြတဲ့အခါ ယေရှုရဲ့ဝမ်း​မြောက်ခြင်းက ပြည့်​စုံပါတယ်။ ကိုယ်တော် ငို​ကြွေးတော်မူပါတယ်။

“သူတို့၏ ကလေး​သူငယ်တို့​ကိုလည်း တစ်ယောက်​ပြီး​တစ်ယောက်​ခေါ်၍ ကောင်းချီး​ပေးတော်မူ​ပြီးလျှင်၊ သူတို့​အတွက် ခမည်းတော်​ထံသို့ ဆုတောင်း၏။

“ဤသို့​ပြုတော်မူ​ပြီးလျှင်၊ တစ်ဖန်​ငို​ကြွေးတော်မူ၏။”

ဒါကယေရှုခရစ်တော်၌ ထမြောက်ရာနေ့ဖြစ်ပါတယ်၊ ကိုယ်တော်က ကျွန်တော်တို့စိတ်နှလုံးရဲ့တောင့်တမှုတွေနဲ့ ကျွန်တော်တို့စိတ်ဝိညာဉ်ရဲ့ မေးခွန်းတွေကို ဖြေပေးပါတယ်။ ကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းမျက်ရည်တွေကလွဲလို့ ကျွန်တော်တို့ရဲ့မျက်ရည်တွေကို ကိုယ်တော်သုတ်ပေးပါတယ်။

ကျွန်တော်တို့ရဲ့မျက်ရည်တွေစီးကျလာတဲ့အခါ ကျွန်တော်တို့ တစ်ခါတစ်ရံ တောင်းပန်ပြီး ရှက်ကြပါတယ်။ ဒါပေမယ့် ယေရှုခရစ်တော်ဟာ ဘဝရဲ့နာကျင်မှုတွေနဲ့ ဝမ်းမြောက်မှုတွေကို နားလည်ကြောင်းသိခြင်းက ကျွန်တော်တို့ အခါးနဲ့အချိုကို တွေ့ကြုံရတဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ခွန်အားထက်ပိုလွန်တဲ့ ခွန်အားကိုပေးနိုင်ပါတယ်။

တောင်အမေရိကမှာ ဖခင်တစ်ဦး ငိုရှိုက်နေပါတယ်။ သူ့ဘဝရဲ့လင်းလက်မှုတစ်ခုဖြစ်တဲ့ သူ့သမီးငယ်လေးဆုံးပါးသွားခဲ့ပါတယ်။ “သူမကိုနောက်တစ်ကြိမ်တွေ့ဖို့ ကျွန်တော်ဘာမဆိုပေးပါမယ်” လို့ဆိုကာ ကျွန်တော့်ရင်ခွင်မှာ သူငိုပါတယ်။ ကျွန်တော်လည်းငိုပါတယ်။

ပွဲဘလာ မက္ကဆီကိုဗိမာန်တော် ဆက်ကပ်ခြင်း၌ တွေ့ရသည့် အသင်းလူကြီးဂေါင်း။

ပွဲဘလာ မက္ကဆီကို ဗိမာန်တော်ဆက်ကပ်ခြင်းမှာ ချစ်ရတဲ့ညီအစ်မတစ်ဦးရဲ့မျက်နှာမှာ ပျော်ရွှင်ခြင်းမျက်ရည်တွေစိုနေပါတယ်။ သူမရဲ့အသွင်အပြင်တွေက ယုံကြည်ခြင်းနဲ့ စွန့်လွှတ်ခြင်းတွေ ဖြာထွက်နေပါတယ်။ သူမက “Todos mis hijos están aquí en el templo hoy”—“ကျွန်မကလေးတွေအားလုံး ဒီနေ့ဗိမာန်တော်တွင်း ဒီနေရာမှာရှိနေကြပါတယ်” လို့ပြောပါတယ်။ ထာ​ဝ​ရ​ဘု​ရားရဲ့​အိမ်​တော်​မှာ စုဝေးကြတဲ့မျိုးဆက်တွေက ဝမ်းမြောက်ခြင်းနဲ့ ကျေးဇူးတင်ခြင်းရဲ့ မျက်ရည်တွေကို ယူဆောင်လာပါတယ်။

ရက်စက်တဲ့ပြည်တွင်းစစ်မှာ မိသားစုတွေနဲ့ အိမ်နီးချင်းတွေက တစ်ဦးကိုတစ်ဦး မပြောပြချင်ခဲ့တဲ့အရာတွေကို ပြုမူခဲ့ကြပါတယ်။ ခါးသက်တဲ့မျက်ရည်တွေက မျှော်လင့်ခြင်းသို့ တဖြည်းဖြည်းလမ်းကြောင်းပေးလာပါတယ်။ သူမရဲ့အသံတုန်ယင်စွာနဲ့ ရွာငယ်တစ်ခုမှ အမျိုးသမီးတစ်ဦးက “အိမ်နီးချင်းရှင့်၊ ကျွန်မ မသေဆုံးခင်၊ သင်ပျောက်နေတဲ့ မိသားစုဝင်တွေကို ဘယ်မှာရှာရမလဲဆိုတာ ကျွန်မသင်တို့ကိုသိစေချင်ပါတယ်”လို့ ပြောပါတယ်။

တောက်ပရွှန်းလဲ့နေတဲ့သတို့သမီးနဲ့ ခန့်ညားတဲ့သတို့သားကို ထာ​ဝ​ရ​ဘု​ရားရဲ့​အိမ်​တော်​မှာ တံဆိပ်ခတ်ပါတယ်။ သူ့လိုပဲ သူမက အသက်၇၀ရှိပါပြီ။ လှပတဲ့သတို့သမီးတစ်ယောက်ဖြစ်တဲ့ သူမဟာ ဒီနေ့ကို ထိုက်တန်စွာစောင့်နေခဲ့တာပါ။ သူမဟာ ရှက်ကိုးရှက်ကန်းနဲ့ သူမရဲ့သတို့သမီးဝတ်စုံကို ဒီဘက်၊ ဟိုဘက် ဝှေ့ယမ်းနေပါတယ်။ ကျွန်တော်တို့ ဝမ်းမြောက်တဲ့မျက်ရည်တွေကျကြပါတယ်။ ဘုရားသခင်ရဲ့ကတိတော်တွေ ပြည့်စုံခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ပဋိညာဉ်တွေက ကောင်းချီးများ ယူဆောင်ပေးပါတယ်။

မုဆိုးမညီအစ်မတစ်ယောက်ကို အိမ်မှာသင်ကြားပေးနေစဉ်၊ လူငယ်လေး ဘွိုင်းဒ် ခေ၊ ပက်ကာက စိတ်ထိခိုက်ဖွယ်သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရပါတယ်။ သူမယောက်ျားနဲ့ သဘောထားကွဲလွဲမှုတစ်ခုဖြစ်ပြီးနောက်၊ ညီအစ်မက နောက်ဆုံးထိခိုက်စေတဲ့ စကားတစ်ခွန်းကိုပြောခဲ့ပါတယ်။ အဲဒီနေ့မှာ မျှော်လင့်မထားတဲ့မတော်တဆမှုတစ်ခုက သူမယောက်ျားရဲ့အသက်ကို ယူသွားခဲ့ပါတယ်။ “ကျွန်မနှုတ်ခမ်းက သူကြားခဲ့တဲ့နောက်ဆုံးစကားလုံးတွေက အဲ့ဒီရင့်သီးပြီး မလိုမုန်းထားတဲ့ စကားဖြစ်ခဲ့တာကိုသိပြီး ငရဲထဲမှာ ကျွန်မ နှစ်ငါးဆယ်ကြာနေထိုင်ခဲ့ပါတယ်”လို့ဆိုကာ မုဆိုးမကရှိုက်ငိုခဲ့ပါတယ်။

ယေရှုခရစ်တော်၌ထမြောက်ရာနေ့က ကန့်လန့်ကာရဲ့နှစ်ဘက်လုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကို ပြုပြင်၊ ပြန်လည်သင့်မြတ်၊ မှန်ကန်အောင်ပြုလုပ်ဖို့ ကျွန်တော်တို့ကိုကူညီပါတယ်။ ယေရှုက ပူဆွေးမှုကို ကုသနိုင်ပါတယ်၊ ကိုယ်တော်က ခွင့်လွှတ်ခြင်းပေးနိုင်ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ သို့မဟုတ် သူတို့ပြောခဲ့တဲ့ သို့မဟုတ် လုပ်ခဲ့တဲ့အရာတွေမှ ကျွန်တော်တို့နဲ့အခြားသူတွေကို လွတ်မြောက်စေနိုင်ပါတယ်၊ သို့မဟုတ်လျှင် ကျွန်တော်တို့ကို ဖမ်း​ဆီး​ချုပ်​နှောင်နိုင်ပါတယ်။

ယေရှုခရစ်တော်၌ထမြောက်ရာနေ့က ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ခွင့်ပြုခြင်းကို ခံစားရစေပါတယ်။ ဒီလောကက ကျွန်တော်တို့ အလွန်အရပ်ရှည်တယ်၊ အလွန်အရပ်ပုတယ်၊ အလွန်ဝတယ်၊ အလွန်ပိန်တယ်၊ မတော်ဘူး၊ မလှဘူး၊ သို့မဟုတ် ဝိညာဉ်ရေးရာမလုံလောက်ဘူးလို့ ကျွန်တော်တို့ကိုပြောပါတယ်။ ယေရှုခရစ်တော်၌ဝိညာဉ်ရေးရာပြောင်းလဲခြင်းအားဖြင့်၊ ကျွန်တော်တို့က ပြီးပြည့်စုံချင်လွန်းတဲ့ဖိစီးမှုမှ လွတ်မြောက်နိုင်ပါတယ်။

ထမြောက်ရာရွှင်လန်းခြင်းဖြင့် ကျွန်တော်တို့သီဆိုကြတာက “သေခြင်းအောင်၍ လွတ်မြောက်ပြီ။ ခရစ်တော်၏အောင်ပွဲကြီး။” ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့ကို သေခြင်းမှ၊ အိုမင်းအားနည်းခြင်းများမှ၊ ရုပ်ပိုင်းဆိုင်ရာမပြည့်စုံခြင်းများမှ လွတ်မြောက်စေပါတယ်။ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကလည်း ကျွန်တော်တို့ကို ဝိညာဉ်ရေးရာပြန်လည်မွမ်းမံပေးပါတယ်။ ကိုယ်တော်က အပြစ်နှင့်ကွဲကွာခြင်းမှ ကျွန်တော်တို့လွတ်မြောက်ရန် ထောက်ပံ့ဖို့ သွေးများကျသလိုငိုကြွေးရင်း ချွေးပေါက်​မှန်သမျှမှ သွေးများ​ထွက်ခဲ့ပါတယ်။ ကိုယ်တော်က ပြည့်ဝပြီး သန့်ရှင်းစင်ကြယ်စွာ ကျွန်တော်တို့ကို အချင်းချင်းနှင့် ဘုရားသခင်နှင့်အတူ ပြန်လည်ပေါင်းစည်းစေပါတယ်။ ကောင်းသောအရာတိုင်းမှာ၊ ယေရှုခရစ်တော်က ဖြစ်ခဲ့တာသာမက ဖြစ်နိုင်တာကိုပါ ကြွယ်ဝစွာ ပြန်လည်မွမ်းမံစေပါတယ်။

ယေရှုရဲ့အသက်တာနှင့်အလင်းက ကိုယ်တော့်ရဲ့သားသမီးအားလုံးအတွက် ဘုရားသခင်ရဲ့မေတ္တာအကြောင်း သက်သေခံပါတယ်။ ကျွန်တော်တို့ရဲ့အဘဘုရားသခင်က ခေတ်အဆက်ဆက်နဲ့ နေရာဒေသအသီးသီးမှာ ကိုယ်တော့်ရဲ့သားသမီးအားလုံးကိုချစ်တာကြောင့် ဓလေ့ထုံးတမ်းတွေနဲ့ယဉ်ကျေးမှုတွေမှာ ကိုယ်တော်၌ ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို လာရောက်ရှာဖွေရန် ကိုယ်တော်ရဲ့ချစ်ခြင်းဖြင့် ဖိတ်ကြားခြင်းကို ကျွန်တော်တို့တွေ့ရှိရပါတယ်။ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ်၊ ကျွန်တော်တို့ဘယ်သူဖြစ်ဖြစ်၊ တူညီတဲ့ဖန်ဆင်းရှင်ရဲ့သားသမီးများအဖြစ် မြင့်မြတ်တဲ့သွင်ပြင်လက္ခဏာကို ကျွန်တော်တို့ဝေမျှပါတယ်။ အလားတူ စိတ်ဓာတ်ဖြင့်၊ ရှေးယခင်အဲ​ဂု​တ္တု​ပြည်မှဖြစ်ရပ်တွေကတဆင့် အဘအာဗြံဟံနှင့် ပဋိညာဉ်ဆက်နွယ်မှုမှာ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာတို့က ဘာသာရေးအမွေအနှစ်တွေကို ဝေမျှကြပါတယ်။

အဘအာဗြံဟံက အဲ​ဂု​တ္တု​ပြည်သို့ရောက်လာခဲ့ပြီး ကောင်းချီးပေးခဲ့ပါတယ်။

အဲ​ဂု​တ္တု​ပြည်မှာကျွန်အဖြစ်ရောင်းစားခံခဲ့ရတဲ့ ယောသပ်က ဖာရောဘုရင်ရဲ့အိမ်မက်က ဝ​ပြော​တဲ့​ခု​နစ်​နှစ်​နောက်မှာ အ​စာ​ခေါင်း​ပါး​တဲ့ခု​နစ်​နှစ်​ရောက်လာမယ်လို့အဓိပ္ပါယ်ရကြောင်းကို သိခဲ့ပါတယ်။ ယောသပ်ကသူ့မိသားစုနဲ့ သူလူမျိုးကို ကယ်တင်ခဲ့ပါတယ်။ မိမိတို့ရဲ့ပဋိညာဉ်တွေကိုစောင့်ထိန်းတဲ့သူတွေအတွက် အရာရာတိုင်းက ကောင်းကျိုးအတွက် အတူတကွလုပ်ဆောင်ကြောင်းဘုရားသခင်ရဲ့ပိုကြီးမားတဲ့အစီအစဉ်ကိုတွေ့တဲ့အခါ ယောသပ်ငိုကြွေးခဲ့ပါတယ်။

ဖာရောဘုရင်ရဲ့အိမ်သူအိမ်သားတွေနဲ့ အဲ​ဂု​တ္တု​ပြည်မှာ ကြီးပြင်းခဲ့တဲ့ မောရှေက ဘုရားသခင်ရဲ့သားသမီးတွေစုဝေးဖို့အတွက် သော့တွေကိုရရှိခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည်အပ်နှင်းခဲ့ပါတယ်။

အဲဂုတ္တုပြည်သို့ ထွက်ပြေးလာကြသည့် ယောသပ်၊ မာရိနှင့် ယေရှု။

ပရောဖက်ပြုချက် ပြည့်စုံစေဖို့၊ ယောသပ်၊ မာရိနဲ့ နို့စို့သူငယ်ခရစ်တော်က အဲ​ဂု​တ္တု​ပြည်မှာ ခိုလှုံရာကိုရှာဖွေခဲ့ကြပါတယ်။ ကိုင်ရိုမှာ၊ ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်စလင်ယုံကြည်သူတစ်ဦးက ရိုသေစွာပြောတာက “ကုရ်အာန်ကျမ်းက ယောသပ်၊ မာရိနဲ့ သူငယ်တော်ယေရှုတို့ ကျွန်တော့်နိုင်ငံမှာ လုံခြုံမှုနဲ့ သန့်ရှင်းရာဌာနကိုရှာဖွေတွေ့ရှိခဲ့ကြကြောင်း သွန်သင်ပါတယ်။ ကျွန်တော့်နိုင်ငံမှာ၊ ယေရှုကလမ်းလျှောက်တတ်စ ကလေးတစ်ယောက်အဖြစ် ကျွန်တော်တို့ရဲ့အစာကိုစားပြီး ကိုယ်တော့်ရဲ့ပထမဆုံးခြေလှမ်းတွေကိုလှမ်းကာ ကိုယ်တော့်ရဲ့ပထမဆုံးစကားလုံးတွေကိုပြောခဲ့ပါတယ်။ ကျွန်တော့်ဒီနိုင်ငံမှာ ကိုယ်တော်နဲ့ကိုယ်တော်ရဲ့မိသားစုကို သစ်သီးပေးဖို့ အပင်တွေက ကိုင်းညွတ်ကြကြောင်း ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်တော်ရဲ့ရှိနေခြင်းက ကျွန်တော်တို့လူမျိုးနဲ့ တိုင်းပြည်ကို ကောင်းချီးပေးခဲ့ပါတယ်။”

ဘုရားသခင်ရဲ့ ကိုယ်ကျင့်တရားနဲ့ သေခြင်းရှိရာရွေးချယ်ပြုမူနိုင်ခွင့်အစီအစဉ်က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအားဖြင့် သင်ယူဖို့ ကျွန်တော်တို့ကို ခွင့်ပြုပါတယ်။ ကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးဘဝသင်ခန်းစာတစ်ချို့က ကျွန်တော်တို့ဘယ်တော့မှ ရွေးချယ်မှာမဟုတ်တဲ့အရာတွေမှလာပါတယ်။ မေတ္တာ၌ ယေရှုခရစ်တော်က အောက်အရပ်ဆီသို့ ဆင်းသက်ပြီး အထက်အရပ်ခပ်သိမ်းသောအရာတို့ ဆီသို့တက်သွားတော်မူခဲ့ပါတယ်။ ကိုယ်တော်က ဖန်တီးနိုင်စွမ်းနဲ့ကြည်နူးခြင်း၊ အကျိုးမမျှော်ကိုးတဲ့ကြင်နာမှု၊ နောင်တ​ရခြင်း​အလို့ငှာယုံကြည်ခြင်း​နှင့် ခွင့်လွှတ်ခြင်းအတွက် ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့လုပ်နိုင်စွမ်းတွေမှာ ဝမ်းမြောက်ပါတယ်။ နောက်ပြီး လူသားတွေရဲ့ရွေးချယ်မှုကြောင့်မကြာခဏဖြစ်ပေါ်တဲ့ ကျွန်တော်တို့လူသားတွေရဲ့ဆင်းရဲဒုက္ခ၊ ရက်စက်မှု၊ မတရားမှု ကြီးမားခြင်းကြောင့် ကိုယ်တော်ကဝမ်းနည်းစွာငိုကြွေးသလိုပဲ ကောင်းကင်ဘုံနှင့် ကောင်း​ကင်​ဘုံ၏​အ​ရှင်ဘု​ရား​သ​ခင်ကလည်း ၎င်းတို့နှင့်အတူ ငိုကြွေးပါတယ်။​

ထမြောက်ရာနွေဦးကာလတိုင်းက ဝိညာဉ်ရေးရာအစီအစဉ်တကျဖြစ်ခြင်းနဲ့ အတူတကွဆုံစည်းခြင်းကို သက်သေခံပါတယ်၊ ၎င်းတို့က ယေရှုခရစ်တော်အားဖြင့် အပြစ်ဖြေခြင်းမင်္ဂလာ၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ပြန်လည်ဆောင်ယူခြင်းရဲ့ မြင့်မြတ်တဲ့ပုံစံအစိတ်အပိုင်းနှစ်ခုလုံး ဖြစ်ကြပါတယ်။ ဒီသန့်ရှင်းမွန်မြတ်ပြီး ပုံဆောင်ချက်ဖြစ်တဲ့ အတူဆုံစည်းခြင်းက မတော်တဆ သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ သံလွင်ခက်တနင်္ဂနွေနေ့၊ သန့်ရှင်းသောရက်သတ္တပတ်နှင့် ထမြောက်ရာနေ့က ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရှင်ပြန်ထမြောက်ခြင်းကို ကျင်းပပါတယ်။ ဒီနေ့လို၊ ဧပြီလ၆ရက်နေ့တိုင်းမှာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်ရဲ့တည်ထောင်ခြင်းနှင့် ဖွဲ့စည်းခြင်းကို ကျွန်တော်တို့ အထိမ်းအမှတ်အဖြစ် ကျင်းပကြပါတယ်။ ဒီပြန်လည်ဆောင်ယူခြင်းက အထွေထွေညီလာခံ၌ ဧပြီလတိုင်းရဲ့ ပထမတနင်္ဂနွေနေ့မှာ ကျွန်တော်တို့စုဝေးတဲ့ အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။

ရှင်ပြန်ထမြောက်သောယေရှုခရစ်တော်၊ မောရှေ၊ ဧလိုင်ယနဲ့ ဧလိယတို့က ၁၈၃၆ခုနှစ်၊ ထမြောက်ရာတနင်္ဂနွေနေ့မှာ အသစ်ဆက်ကပ်ထားတဲ့ ကာ့တ်လန်းဗိမာန်တော်မှာ ယဇ်ပုရောဟိတ်သော့များနှင့် အခွင့်အာဏာကို ပြန်လည်အပ်နှင်းတဲ့အခါ ပြန်လည်ဆောင်ယူခြင်းကလည်း ရောက်လာပါတယ်။ အဲဒီနေ့ အဲဒီအခြေအနေမှာ ပြန်လည်ဆောင်ယူထားတဲ့ယေရှုခရစ်တော်၏အသင်းတော်ထံ ဘုရားသခင်ရဲ့အခွင့်အာဏာနှင့် ကိုယ်တော်ရဲ့သားသမီးတွေကိုစုဝေးဖို့၊ ကိုယ်တော်ရဲ့သားသမီးတွေ ကိုယ်တော့်ထံပြန်လာရန်ပြင်ဆင်ဖို့နဲ့ မိသားစုများထာဝရပေါင်းစည်းဖို့ ကောင်းချီးများရောက်လာခဲ့ပါတယ်။ အဲဒီနေ့မှာ ပြန်လည်ဆောင်ယူခြင်းက ထမြောက်ရာပွဲနဲ့ ပသခါပွဲနှစ်ခုလုံးပေါ်ပေါက်ခြင်းဖြင့် ဗျာဒိတ်တော်ကိုပြည့်စုံစေခဲ့ပါတယ်။

ကာတ့်လန်းဗိမာန်တော်ရှိ အသင်းလူကြီးဂေါင်း။

ကာ့တ်လန်းဗိမာန်တော်အပါအဝင်၊ ပရောဖက်ဂျိုးဇက်နဲ့အခြားသူတွေက ကျွန်တော်တို့ရဲ့အဘဘုရားသခင်နဲ့ သူ၏သားတော်ယေရှုခရစ်တော်ကို ရူပါရုံ၌ မြင်ခဲ့တဲ့ အိုဟိုင်းရိုရှိ သန့်ရှင်းမွန်မြတ်တဲ့နေရာအများအပြားကို ကျွန်တော်မကြာသေးမီက လည်ပတ်ခဲ့ပါတယ်။ ပရောဖက် ဂျိုးဇက်က ကောင်းကင်ဘုံဟာ ဘယ်လိုမျိုးလဲဆိုတာကို မြင်ခဲ့ပါတယ်။ ကောင်းကင်ဘုံ၌ ကောင်းကင်ဘုံရှင်အဘက ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေနိုင်ငံတော်တစ်ခုမှာ “သူ့လက်ဖြင့် ဖန်ဆင်းတော်မူသော ခပ်သိမ်းသောအရာတို့ကို ကယ်တင်”ပါတယ်။ တစ်ခုတည်းသောခြွင်းချက်တွေကတော့ တမင်တကာ “ခမည်းတော်ဖော်ပြတော်မူလေပြီးနောက်၊ သားတော်ကို ငြင်းဆိုကြ” တဲ့သူတွေဖြစ်ပါတယ်။

ကိုယ်တော်ရဲ့သေခြင်းရှိရာအမှုတော်ဆောင်ခြင်းစတင်ခဲ့တဲ့အခါ ယေရှုက အချိန်တိုင်း၊ နေရာတိုင်း၊ အခြေအနေတိုင်းမှာ ကျွန်တော်တို့ရရှိဖို့လိုလားတဲ့အရာအားလုံးကိုယ်စီဖြင့် ကျွန်တော်တို့ကိုကောင်းချီးပေးဖို့ ကိုယ်တော်ရဲ့သာသနာကို ကြေညာခဲ့ပါတယ်။ ရက်၄၀အစာရှောင်ပြီးနောက် ယေရှုက တ​ရား​ဇ​ရပ်​သို့​ဝင်ကာ ဖတ်​ရွတ်​ခဲ့တာက “ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို ဘိ​သိက်​ပေး​တော်​မူ​ပြီ။ ကြေ​မွ​သော​သူ​တို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သောသူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့် မျက်​စိ​ကန်း​သော​သူ​တို့​အား မျက်​စိ​မြင်​ပြန်​ခြင်း အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို ကယ်​မ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ​ဟု လာ​သ​တည်း။”

ဆင်းရဲခြင်း၊ နှလုံးကြေကွဲခြင်း၊ ဖမ်းချုပ်ခံရခြင်း၊ မျက်မမြင်၊ ညှဉ်း​ဆဲခံရခြင်း—ဒါတွေက ကျွန်တော်တို့တစ်ဦးချင်းစီကို ဖော်ပြပါတယ်။

ဟေရှာယအနာဂတ္ထိကျမ်းက မျှော်လင့်ခြင်း၊ လွတ်မြောက်ခြင်း၊ အာမခံချက်၏ မေရှိယထံမှလာတဲ့ကတိတော်ကို ဆက်လက်ဖော်ပြပါတယ်၊ “စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။”

ဒါကြောင့် ကျွန်တော်တို့ ကြွေးကြော်ကြတာက “ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။”

ထမြောက်ရာကာလတိုင်းမှာ၊ ပုံဆောင်ချက်တစ်ခုလုံးအဖြစ်၊ ယေရှုခရစ်တော်အားဖြင့် ထာဝရဘုရား၏ကြီးမြတ်သောဆုကျေးဇူးများ၊ ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာ၊ ကိုယ်တော် (နှင့် ကျွန်တော်တို့အားကတိထားတော်မူသော) အစစ်အမှန်ရှင်ပြန်ထမြောက်ခြင်း၊ ဘုရားသခင်၏သားသမီးအားလုံးကိုကောင်းချီးပေးဖို့ ယဇ်ပုရောဟိတ်သော့များနှင့် အခွင့်အာဏာနှင့်အတူ ကိုယ်တော်ရဲ့ နောက်ပိုင်းကာလအသင်းတော်၏ပြန်လည်ဆောင်ယူခြင်းကို ကျွန်တော်တို့ ကျင်းပကြပါတယ်။ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​၌ ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။ “ဘုရားသခင်နှင့် သိုးသငယ်အား ဟောရှာဏဖြစ်စေသတည်း” လို့ ကျွန်တော်တို့ ကြွေးကြော်ကြပါတယ်။

“အကြောင်းမူကား၊ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။”

ကျွန်တော်တို့အယောက်တိုင်း ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၊ ရှင်ပြန်ထမြောက်ခြင်း၊ ပြန်လည်ဆောင်ယူခြင်း၌ တည်မြဲစွာ စစ်မှန်၍ဝမ်းမြောက်ဖွယ်ဖြစ်သော၊ ပျော်ရွှင်၍ထာဝရတည်သော ငြိမ်သက်ခြင်း၊ ဖြစ်လာခြင်းနှင့် သက်ဆိုင်ခြင်းကို ရှာဖွေတွေ့ရှိပါစေကြောင်း ယေရှုခရစ်တော်၏သန့်ရှင်းသောနာမတော်၌ ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှု အယ်လမာ ၇:၁၁-၁၂။ ပွဲတော်ဘိသိက်မင်္ဂလာရှိပဋိညာဉ်ဆိုင်ရာကတိတော်ကိုလည်း ဂရုပြုပါ၊ “သူ့အား အစဉ်အမြဲအောက်မေ့ရန်နှင့် ပညတ်တော်တို့ကို စောင့်ထိန်းရန် … [ကျွန်ုပ်တို့]နှင့်အတူ သူ၏ဝိညာဉ်တော်အစဉ်အမြဲ [ကျွန်ုပ်တို့]၌ တည်ရှိစေ”(ဩဝါဒနှင့်ပဋိညာဉ်များ၂၀:၇၇) ကြောင်း ယေရှုခရစ်တော်၏နာမတော်ကို ကျွန်တော်တို့အပေါ်တွင်ခံယူကြပါသည်။

  2. ရှု ရှင်ယောဟန် ၁၁:၃၃–၃၅၊ ၃၉–၄၄

  3. ရှု ရှင်လုကာ ၁၉:၄၁–၄၄၊ လည်းရှု ရှင်မဿဲ ၂၃:၃၇ရှင်လုကာ ၁၃:၃၄

  4. ရှင်ယာကုပ် ၅:၄၁

  5. ရှင်ယောဟန် ၂၀:၁၅

  6. ဆာလံ ၃၀:၅

  7. ၃ နီဖိုင်း ၁၇:၂၁-၂၂

  8. ရှု ဆာလံ ၁၀၇:၉ယေရမိ ၃၃:၃

  9. ရှု ဟေရှာယ ၂၅:၈

  10. ရှု အယ်လမာ ၂၆:၁၂

  11. ရှု ဘွိုင်းဒ် ခေ၊ ပက်ကာ၊ “The Saints Securely Dwell,” အန်ဇိုင်း၊ ဇန်၊ ၁၉၇၃၊ ၈၉-၉၀။

  12. “ထမြောက်မူပြီ၊”ဓမ္မသီချင်းများ၊ နံပါတ်-၁၉၉၊ သည် ၂ နီဖိုင်း ၉:၁၀၏ သတင်းကောင်းကို ပဲ့တင်ထပ်ပါသည်၊ ယေရှုခရစ်တော်သည် “ဤ​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော ဘီလူး​၏​ချုပ်​ကိုင်ခြင်း၊ အထူး​သ​ဖြင့် ထို​ဘီလူး၊ ကိုယ်ခန္ဓာ၏ သေခြင်း​နှင့် ဝိညာဉ်​၏​သေခြင်း​ … သေခြင်း​နှင့် ငရဲ​မှ ငါ​တို့​၏​လွတ်​မြောက်ခြင်း အတွက် နည်း​လမ်း​ကို ပြင်​ဆင်​ပေး​ပါသည်။”

  13. ရှု ကမ္ဘာဦးကျမ်း ၃၇-၄၇။ ယောသပ်၏အဘ၊ ယာကုပ်နှင့် သူ၏မိသားစုကို အဲ​ဂု​တ္တု​ပြည်သို့ သူ၏ခေါ်ဆောင်လာခြင်းသည် ကြာမြင့်စွာကွဲကွာနေသောသားနှင့် အဘ၏ ချစ်ခင်ဖွယ် ပြည်လည်ပေါင်းစည်းခြင်းကို ကိုယ်စားပြုပါသည်။ ၎င်းသည် လီဟိုင်းနှင့် သူ၏မိသားစုပါဝင်သည့် ပဋိညာဉ်ခံသားစဉ်မြေးဆက်နှင့် ယာကုပ်၏မိသားစုကို ကာကွယ်စောင်မသည့် အကြောင်းခံတစ်ခုလည်း ဖြစ်လာပါသည်။ (ရှု ၁ နီဖိုင်း ၅:၁၄–၁၅၆:၂။)

  14. ရှု ကမ္ဘာဦးကျမ်း ၄၅:၁-၈

  15. ရှု ရောမ ၈:၂၈ဩဝါဒနှင့်ပဋိညာဉ်များ ၉၀:၂၄၉၈:၃

  16. ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၁၀:၁၁၊ လည်းရှု ရှင်မာကု ၉:၂–၁၀ရှင်လုကာ ၉:၂၈–၃၆

  17. ရှု ရှင်မဿဲ ၂:၁၃-၁၅

  18. ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၈၈:၆၁၂၂:8

  19. ရှု မောရှေ ၇:၂၈

  20. ထမြောက်ရာနေ့သည် မတ်လ သို့မဟုတ် ဧပြီလတွင် ကျရောက်နိုင်ကြောင်းနှင့် နွေဦးရာသီသည် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ယေဘုယျအားဖြင့် မတ်လ သို့မဟုတ် ဧပြီလတွင် ကျရောက်ကြောင်းသိမှတ်ကာ ထမြောက်ရာနွေဦးကာလအကြောင်းကို ကျွန်တော်တို့ ပြောကြပါသည်။ ထမြောက်ရာနေ့၏ တိကျသောနေ့စွဲကို ပဓာနမထားဘဲ၊ ထမြောက်ရာကာလသည် ယေရှုခရစ်တော်အားဖြင့် ထာဝရဘုရား၏ကြီးမြတ်သောဆုကျေးဇူးများအကြောင်း ကျွန်တော်တို့ကို သတိပေးပါသည်။

  21. ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၂၁:၃၁၁၅:၄

  22. ထမြောက်ရာကာလတိုင်းတွင် ဖြစ်ပေါ်သည့် သန့်ရှင်းမွန်မြတ်သော နှစ်ပတ်လည်နေ့များသည် တစ်ခါတစ်ရံ တိကျစွာ ထပ်တူကျပါသည်။ ဥပမာအားဖြင့်၊ ထမြောက်ရာနေ့နှင့် အထွေထွေညီလာခံသည် ၂၀၂၆နှင့် ၂၀၂၉တွင် တနင်္ဂနွေနေ့၌ တစ်ထပ်တည်းကျရောက်ပါသည်။ သံလွင်ခက်တနင်္ဂနွေနေ့နှင့် အထွေထွေညီလာခံသည် ၂၀၃၁နှင့် ၂၀၃၄တွင် တနင်္ဂနွေနေ့၌ တစ်ထပ်တည်းကျရောက်ပါသည်။ ပသခါပွဲသည် ထမြောက်ရာနေ့နှင့်နီးကပ်ပြီး အထွေထွေညီလာခံအတွင်း ၂၀၂၆နှင့် ၂၀၂၉တွင် ကျရောက်ပါသည်။ ဤနှစ်ပတ်လည်နေ့များ တိကျစွာ ထပ်တူကျသည် မကျသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့၏ အတူဆုံစည်းစေသောနီးကပ်မှုသည် တိုင်ဆိုင်မှု သို့မဟုတ် မတော်တဆအားဖြင့်မဟုတ်ကြောင်း ကျွန်တော်တို့နားလည်ကြပါသည်၊ ၎င်းသည် သန့်ရှင်းမွန်မြတ်သော အထိမ်းအမှတ်ဖြစ်ပါသည်။

  23. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၁၀

  24. ဩဝါဒနှင့်ပဋိညာဉ်များ ၇၆:၄၃၊ လည်းရှု အခန်းငယ် ၄၂

  25. ဥက္ကဋ္ဌဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်က၊ “ဤပြန်လည်ဆောင်ယူထားသောအသင်းတော်၏ ရည်ရွယ်ချက်သည် ဆီလက်ရှယ်လ်ဘုန်းအသရေ၌ ကယ်တင်ခြင်းအတွက်၊ ပိုမိုတိကျစွာပြောရလျှင်၊ ၎င်း၏အမြင့်ဆုံးအဆင့်၌ ချီးမြှောက်ခံရခြင်းအတွက် ဘုရားသခင်၏သားသမီးများကို ပြန်ဆင်ရန်ဖြစ်ပါသည်”ဟု သွန်သင်ပါသည်။ (“ဘုန်းကျက်သရေထွန်းလင်းရာနိုင်ငံတော်များ၊” လီယာဟိုနာ၊ နို၊ ၂၀၂၃၊ ၂၇)။

  26. ဩဝါဒနှင့်ပဋိညာဉ်များ ၇၆:၄၃

  27. ရှင်လုကာ ၄:၁၈၊ လည်းရှု ဟေရှာယ ၆၁:၁

  28. ဟေရှာယ ၆၁:၃

  29. ဟေရှာယ ၆၁:၁၀

  30. ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၉:၇၉

  31. ရှင်ယောဟန် ၃:၁၆