ထို့အတူ ငါတို့သည် ခရစ်တော်အကြောင်းကို ပြောကြ၏
ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်ကြပြီး၊ ကိုယ်တော့်ရဲ့အလင်းကို လက်ခံပြီး ဝေမျှဖို့ ကြိုးစားကြပါတယ်။
နိဒါန်း
ရှည်ကြာတဲ့ ပင်လယ်ရပ်ခြား တာဝန်တစ်ခုအဆုံးမှာ၊ ကျွန်တော်နဲ့ဇနီးသည်လီဆာက အိမ်ပြန်ဖို့ အရမ်းနောက်ကျမှထွက်တဲ့ နောက်ထပ်—ညဉ့်နက်ပိုင်း—လေယာဉ်ကိုစီးဖို့အတွက်ပြင်ဆင်ရင်း လေဆိပ်ခရီးသွားနေရာဆီ ဝင်လာခဲ့ပါတယ်။ ရှည်လျားတဲ့တန်းစီရတဲ့နေရာတွေမှာ တစ်လှမ်းချင်းရွေ့လျားနေတဲ့အခြားသူတွေနဲ့အတူ ကျွန်တော်တို့ရပ်နေတုန်း၊ လေယာဉ်အတွက် အချိန်မီရောက်ရှိဖို့၊ နိုင်ငံကူးလက်မှတ်နဲ့ဗီဇာ စစ်ဆေးမှုကို ဖြတ်သန်းဖို့၊ လုံခြုံရေးစစ်ဆေးမှုတွေကို အောင်မြင်စွာ ဖြတ်သန်းဖို့နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ ခရီးသွားဖော်တွေရဲ့ပူပန်မှုတိုးလာတာကို ကျွန်တော်တို့ခံစားခဲ့ရပါတယ်။
အခန်းထဲက ပြင်းထန်တဲ့ စိတ်ဖိစီးမှုနဲ့ ပူပန်မှုအတိုင်းအတာက သူ့အပေါ် သက်ရောက်မှုရှိပုံမရတဲ့ အကောက်ခွန်အရာရှိတစ်ဦးအလုပ်လုပ်နေတဲ့ ဌာနတစ်ခုကို ကျွန်တော်တို့ နောက်ဆုံးမှာရောက်သွားခဲ့ပါတယ်။ သူမက ပြုလုပ်နေကျအတိုင်း မျက်လုံးချင်းတောင်မဆုံကြည့်ဘဲ ကျွန်တော့်စာရွက်စာတမ်းတွေကို လှမ်းယူပြီး၊ ကျွန်တော့်ဓာတ်ပုံကို အတည်ပြုပါတယ်၊ စာမျက်နှာတစ်ခုပြီးတစ်ခုကို လက်မနဲ့လှန်ကြည့်ပြီး၊ နောက်ဆုံးမှာ ကျွန်တော့်ရဲ့နိုင်ငံကူးလက်မှတ်ကို ပြင်းထန်တဲ့မြည်သံနဲ့ တံဆိပ်ရိုက်လိုက်ပါတယ်။
အဲဒီနောက်မှာ လီဆာရဲ့စာရွက်တွေကို လှမ်းယူလိုက်ပါတယ်။ စိတ်ခံစားမှုမရှိဘဲ၊ ခေါင်းငုံ့ပြီး သူမရဲ့အလုပ်အပေါ်အာရုံစိုက်နေခဲ့ပါတယ်၊ သူမရှေ့ကစာရွက်စာတန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေအပေါ် အာရုံစိုက်ရင်း ကျွမ်းကျင်တဲ့မျက်လုံးနဲ့ စနစ်တကျ စာမျက်နှာတွေကို လက်မနဲ့လှန်ကြည့်နေခဲ့ပါတယ်။ သူမကရုတ်တရက်ရပ်လိုက်ပြီး၊ ခေါင်းမော့ကာ စိတ်ရင်းနဲ့ ဖော်ရွေစွာစိုက်ကြည့်လျက် လီဆာနဲ့မျက်လုံးချင်းဆုံလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ တော်တော်လေးအံ့အားသင့်ခဲ့ကြပါတယ်။ ကြင်နာတဲ့အပြုံးနဲ့၊ သူမက လီဆာရဲ့နိုင်ငံကူးလက်မှတ်ကို ညင်သာစွာတံဆိပ်ရိုက်လိုက်ပြီး စာရွက်စာတမ်းတွေ ပြန်ပေးခဲ့ပါတယ်။ ကျွန်တော့်ဇနီးကလည်းပြန်ပြုံးပြခဲ့ပါတယ်၊ စာရွက်စာတမ်းတွေကိုလက်ခံပြီး ဖော်ရွေတဲ့နှုတ်ဆက်စကား အပြန်အလှန်ပြောခဲ့ကြပါတယ်။
“ဘာများဖြစ်သွားခဲ့တာပါလဲ။” မယုံကြည်နိုင်လောက်အောင် ကျွန်တော်မေးခဲ့ပါတယ်။
အဲဒီနောက်မှာ ကျွန်တော့်ကို လီဆာက အဲဒီကိုယ်စားလှယ်မြင်ခဲ့တဲ့အရာကိုပြပါတယ်၊ ကယ်တင်ရှင်ရဲ့ရုပ်ပုံပါတဲ့သေးငယ်တဲ့ကတ်တစ်ခုဖြစ်ပါတယ်။ အဲတာက လီဆာရဲ့ပိုက်ဆံအိတ်ကနေ နိုင်ငံကူးလက်မှတ်ရဲ့ စာရွက်တွေကြားထဲကို မတော်တဆလျှောကျသွားခဲ့တာဖြစ်ပါတယ်။ ဒါက အကောက်ခွန်အရာရှိမြင်ခဲ့တဲ့အရာဖြစ်ပါတယ်။ ဒါက သူမရဲ့ပြောဆိုပြုမှုပုံတစ်ခုလုံးကိုပြောင်းလဲစေခဲ့တဲ့ အရာဖြစ်ပါတယ်။
Grace and Truth, ဆိုင်မွန် ဒူဝီမှ၊ altusfineart.com ၏ပံ့ပိုးပေးမှု ©၂၀၂၅၊ ခွင့်ပြုချက်ဖြင့်အသုံးပြုသည်
ကယ်တင်ရှင်ရဲ့ဒီသေးငယ်တဲ့ပုံက တစ်နည်းအားဖြင့် ဆက်စပ်မှုမရှိနိုင်တဲ့ သူစိမ်းနှစ်ယောက်ရဲ့ နှလုံးသားတွေကိုဆက်သွယ်ပေးခဲ့ပါတယ်။ အဲတာက အလှတရား၊ အံ့ဖွယ်အမှုနဲ့ ယေရှုခရစ်တော်ရဲ့ စစ်မှန်တဲ့အလင်းကို ဖော်ဆောင်ပြီး ခံစားမှုကင်းမဲ့တဲ့ ဆက်ဆံရေးကနေ ရင်းနှီးဖော်ရွေခြင်းသို့ ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီနေ့က ကျန်ရှိတဲ့အချိန်နဲ့ အဲဒီအချိန်ကစပြီး မကြာခဏဆိုသလို၊ အံ့သြခြင်းနဲ့အတူ အဲဒီချိုသာ၊ ရိုးရှင်းတဲ့အခိုက်အတန့်ကို ကျွန်တော်ဆင်ခြင်ခဲ့ပါတယ်၊ ဘုရားသခင်ရဲ့သားသမီးတွေအပေါ် ထားရှိတဲ့ ခရစ်တော်ရဲ့အလင်းရဲ့ အသရေတင့်တဲ့သက်ရောက်မှုမှာ ဝမ်းမြောက်ခဲ့ပါတယ်။
ငါတို့သည် ခရစ်တော်အကြောင်းကို ပြောကြ၏
ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်ကြပြီး ကိုယ်တော့်ရဲ့အလင်းကို လက်ခံ ပြီး ဝေမျှဖို့ ကြိုးစားကြပါတယ်။ “ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း”ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုဆိုင်ရာ လေ့လာမှုပညာဟာ အသင်းတော်ရဲ့နာမည်မှာ အလိုအလျောက် ပါဝင်နေပါတယ်။ ရှေးယခင်ကနဲ့ သက်ရှင်တဲ့ပရောဖက်တွေကတဆင့်၊ “သူ့ကို နားထောင်” ပြီး “ခရစ်တော်ထံသို့လာ” ဖို့ ကျွန်တော်တို့ကို ကောင်းကင်ဘုံရှင်အဘက မိန့်မှာတော်မူခဲ့ပါတယ်။ “ငါတို့သည် ခရစ်တော်အကြောင်းကို ပြောကြ၏၊ ခရစ်တော်၌ ရွှင်လန်းဝမ်းမြောက်ကြ၏၊ ခရစ်တော်အကြောင်းကို ဟောပြောကြ၏၊ [ထို့အတူ]ခရစ်တော်အကြောင်းကို ပရောဖက်ပြု၍ ဟောကြ၏၊”
ယေရှုခရစ်တော်က ဘုရားသခင်ရဲ့သားတော်ဖြစ်ကြောင်း ကျွန်တော်တို့ သွန်သင်ကြပါတယ်၊ ကိုယ်တော့်ရဲ့ မြေကြီးပေါ်အမှုတော်ဆောင်ခြင်းအတွင်းမှာ ယေရှုက သူ့ရဲ့ဧဝံဂေလိတရားတော်ကို သွန်သင်ခဲ့ပြီး သူ့ရဲ့အသင်းတော်ကိုတည်ထောင်ခဲ့ပါတယ်။
ကိုယ်တော့်ဘဝရဲ့အဆုံးသတ်မှာ ဂေသရှေမန်ဥယျာဉ်မှာ၊ သူဒုက္ခဝေဒနာခံစားတဲ့အခါ၊ လက်ဝါးကပ်တိုင်ပေါ်မှာ ကွပ်မျက်ခံရတဲ့အခါ၊ အဲဒီနောက် ရှင်ပြန်ထမြောက်ပြီး သုံးရက်မြောက်တဲ့နေ့မှာ ထမြောက်တော်မူတဲ့အခါ ကျွန်တော်တို့ရဲ့အပြစ်တွေအတွက် ယေရှုကအပြစ်ဖြေတော်မူခဲ့ကြောင်း ကျွန်တော်တို့ သက်သေခံပါတယ်။
ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းယဇ်ကြောင့်၊ ကျွန်တော်တို့နောင်တရကြတာနဲ့အမျှ ခွင့်လွှတ်ခံရပြီး အပြစ်တွေမှ စင်ကြယ်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။ ဒီအရာက ကျွန်တော်တို့ ဘုရားသခင်ရဲ့မျက်မှောက်တော်ဆီ ပြန်သွားဖို့နဲ့ ဝမ်းမြောက်ခြင်းအလုံးစုံကို ရရှိဖို့ ဖြစ်နိုင်အောင်လုပ်ဆောင်နေစဉ်မှာ ကျွန်တော်တို့ကို ငြိမ်သက်ခြင်းနဲ့မျှော်လင့်ခြင်းကို ဆောင်ယူလာပေးပါတယ်။
ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့် သေဆုံးခြင်းဟာ အဆုံးသတ်မဟုတ်ဘဲ၊ ရှေ့ကိုလှမ်းတဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကျွန်တော်တို့ ပရောဖက်ပြုကြပါတယ်။ “ကျွန်တော်တို့သည် သေပြီးနောက် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဤအရာမှာ လူတစ်ဦးချင်းစီ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကာလအစဉ်အဆက်အသက်ရှင်လိမ့်မည်ဟု ဆိုလိုပါသည်။”
ခရစ်တော်ထံသို့လာကြလော့
ကျွန်တော်တို့ကို သွန်သင်ပြီး ဦးဆောင်ဖို့ ဘုရားသခင်ထံမှ ဗျာဒိတ်တော်ရရှိတဲ့ လက်ရှိကာလသက်ရှင်တဲ့ပရောဖက်တွေက ခရစ်တော်ထံသို့လာကြဖို့ ကျွန်တော်တို့ကို တိုးပြီးဖိတ်ခေါ်နေကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ၊ နားတွေနဲ့ မျက်လုံးတွေက ကိုယ်တော့်အပေါ်ပိုပြီးအပြည့်အဝဗဟိုပြုဖို့ ကူညီပေးနေပါတယ်။ ပထမဥက္ကဋ္ဌအဖွဲ့မှ ကြေညာခဲ့တဲ့ ပြုပြင်မွမ်းမံမှုတွေနဲ့ တိုးတက်မှုတွေရဲ့ ဥပမာအများအပြားကို ကိုးကားနိုင်ပါတယ်၊ အဲဒါတွေက ယေရှုခရစ်တော်အပေါ် ကျွန်တော်တို့အာရုံစိုက်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီဥပမာတွေထဲမှာပါဝင်တဲ့ အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-
“မော်မုန်အသင်းတော်”ဆိုတဲ့ နာမည်ကို အသုံးမပြုတော့ဘဲ ၎င်းကိုမှန်ကန်တဲ့နာမည်ဖြစ်တဲ့ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်နဲ့ အစားထိုးဖို့ ဆုံးဖြတ်ချက်။
-
အစည်းအဝေးအိမ်တွေမှာ ပြသဖို့အတွက်၊ ခရစ်တော်ကိုရည်ညွှန်းတဲ့ စိတ်ကူးဉာဏ်သစ်နဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာများ ရရှိနိုင်မှု။
-
“ခရစ်တော်၏တပည့်တော်” နှင့် “ခရစ်တော်ကို မှီခိုအားကိုးကြလော့” လို့ခေါ်တဲ့ ယေရှုခရစ်တော်အပေါ်အာရုံစိုက်တဲ့ လူငယ်အမျိုးသမီးများနှင့် အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ဆောင်ပုဒ်များနဲ့ တေးဂီတများ။
-
သမိုင်းမှာ အသရေအထင်ရှားဆုံး အခမ်းအနားတွေအဖြစ် ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာနဲ့ အမှန်တကယ်ရှင်ပြန်ထမြောက်ခြင်းအပေါ် နက်ရှိုင်းတဲ့အလေးထားမှု။
-
ယေရှုခရစ်တော်အပေါ် အလေးထားမှုဖြင့် ထမြောက်ရာနေ့ကို အားလပ်ရက်တစ်ရက်အဖြစ်သာမဟုတ်ဘဲ၊ အချိန်ကာလတစ်ခုအဖြစ် ကျင်းပခြင်း။
-
ယေရှုခရစ်တော်၏အသင်းတော်ရဲ့ မြင်သာတဲ့အမှတ်အသားနဲ့ ၎င်းရဲ့သင်္ကေတသဘောသဘာဝကို မိတ်ဆက်ပေးခြင်း။
အဲဒီထဲကတချို့ရဲ့ ထိရောက်တဲ့အကျိုးသက်ရောက်မှုကို ကျွန်တော်တို့ အနီးကပ်ကြည့်လိုက်ကြရအောင်။ ပထမ၊ အသင်းတော်သင်္ကေတ။
အသင်းတော်သင်္ကေတ
၂၀၂၀ခုနှစ်မှာ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က အသင်းတော်အတွက် မြင်သာတဲ့အမှတ်အသားသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသင်္ကေတက ခရစ်တော်က သူ့အသင်းတော်ရဲ့ ဗဟိုမှာတည်ရှိပြီး ကျွန်တော်တို့အသက်တာတွေရဲ့ ဗဟိုမှာလည်းရှိသင့်တယ်ဆိုတဲ့ သမ္မာတရားကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ အခု ဒီရင်းနှီးကျွမ်းဝင်တဲ့သင်္ကေတကို ဗိမာန်တော်ထောက်ခံချက်တွေ၊ အသင်းတော်ဝက်ဘ်ဆိုက်တွေနဲ့ မဂ္ဂဇင်းတွေမှာ၊ ဧဝံဂေလိစာကြည့်တိုက် အက်ပ်အတွက် သင်္ကေတအဖြစ်နဲ့၊ လက်နက်ကိုင်တပ်တွေမှာ အမှုထမ်းနေတဲ့ အသင်းတော်ရဲ့ အသင်းသားများစွာအတွက် စစ်တပ်ကိုယ်ပိုင်အမှတ်အသားတံဆိပ်တွေမှာတောင် တွေ့ရပါတယ်။ သင်္ကေတမှာ ထောင့်ကျောက်တစ်ခုအတွင်း ပါဝင်တဲ့အသင်းတော်ရဲ့နာမည်ကို ထည့်သွင်းထားပါတယ်၊ ယေရှုခရစ်တော်က တိုက်ထောင့်အမြစ်ကျောက်ဖြစ်ကြောင်း သတိပေးချက်တစ်ခုဖြစ်ပြီး၊ ဘာသာစကားပေါင်း ၁၄၅မျိုးနဲ့ဘာသာပြန်အသုံးပြုကြပြီး ဒီမှာတော့ ကမ္ဘောဒီးယားဘာသာစကားနဲ့ ပြသထားပါတယ်။
သင်္ကေတရဲ့အလယ်က ဘာတယ် ထောဗယ်ဆင်ရဲ့ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ ချစ်မြတ်နိုးရတဲ့ခရစ်တော် ရုပ်ထုကိုပုံဖော်ထားခြင်းတစ်ခုဖြစ်ပါတယ်၊ ၎င်းကအသင်းတော်နဲ့ကျယ်ကျယ်ပြန့်ပြန့်တွဲဖက်လာပြီး လာရောက်သူများအတွက်ဗဟိုဌာနတွေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ဗိမာန်တော်ဝင်းတွေမှာတွေ့ရပါတယ်။ အသင်းတော်သင်္ကေတမှာ ၎င်းရဲ့ထင်ရှားမှုက ကျွန်တော်တို့လုပ်ဆောင်တဲ့အရာတိုင်းရဲ့ဗဟိုချက်က ခရစ်တော်ဖြစ်သင့်ကြောင်းကို အကြံပြုပါတယ်။ အဲဒီလိုပဲ၊ ကယ်တင်ရှင်ရဲ့ဆန့်တန်းထားတဲ့လက်တော်တွေက သူ့ထံလာတဲ့သူအားလုံးကိုပွေ့ဖက်ထားမယ်ဆိုတဲ့သူ့ရဲ့ကတိတော်ကို ဖော်ပြပါတယ်။ ဒီသင်္ကေတက ကယ်တင်ရှင်ယေရှုခရစ်တော်၏ မေတ္တာရဲ့မြင်သာတဲ့ဖော်ပြမှုတစ်ခုဖြစ်ပါတယ်၊ အသက်ရှင်တဲ့ခရစ်တော်အကြောင်း စဉ်ဆက်မပြတ်သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။
စူးစမ်းလိုစိတ်နဲ့၊ ကျွန်တော်ဟာ အသင်းတော်သင်္ကေတရဲ့ အရေးကြီးတဲ့ အချက်တစ်ချက်နဲ့ပတ်သက်ပြီး မိသားစုတွေနဲ့မိတ်ဆွေများစွာကို မေးမြန်းခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အဲဒီမှာ ဖွဲ့စည်းပါဝင်တဲ့ မြင့်မြတ်တဲ့အင်္ဂါရပ်တစ်ခုကို တော်တော်များများက သတိမထားမိကြတာပါ။ ယေရှုခရစ်တော်က မုခ်ခုံးအောက်မှာ ရပ်နေပါတယ်။ ဒါဟာ ရှင်ပြန်ထမြောက်တဲ့ ကယ်တင်ရှင်က သင်္ချိုင်းမှ ထွက်ပေါ်လာခြင်းကို ပုံဆောင်ပါတယ်။ အသင်းတော်သင်္ကေတအသုံးပြုခြင်းမှာတောင် ရှင်ပြန်ထမြောက်၊အသက်ရှင်တဲ့ခရစ်တော်ကို ကျွန်တော်တို့ စစ်မှန်စွာ ချီးကျူးဂုဏ်ပြုကြပါတယ်။
သာ၍မြင့်မြတ်ပြီး သာ၍သန့်ရှင်းသော ထမြောက်ရာနေ့
အခု ကျွန်တော်တို့ ထမြောက်ရာနေ့ရဲ့အရေးပါမှုကို ဆင်ခြင်ကြည့်ကြရအောင်။ ပထမဥက္ကဋ္ဌအဖွဲ့ရဲ့ ထမြောက်ရာနေ့နဲ့ပတ်သက်တဲ့ လတ်တလောအမှာစကားတွေမှာ၊ ကျွန်တော်တို့ကို “ကိုယ်တော့်ရဲ့သွန်သင်ချက်တွေကိုလေ့လာခြင်းနဲ့ ကျွန်တော်တို့ရဲ့လူမှုအသိုင်းအဝိုင်းမှာ တစ်လုံးတစ်ဝတည်း၊ အထူးသဖြင့် ကိုယ်ပိုင်မိသားစုတွေအတွင်းမှာ ထမြောက်ရာနေ့အစဥ်အလာတွေ တည်ထောင်ဖို့ ကူညီခြင်းအားဖြင့် အသက်ရှင်တဲ့ကယ်တင်ရှင်ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ချီးကျူးဂုဏ်ပြုဖို့” စိန်ခေါ်ထားပါတယ်။ အတိုချုပ်ပြောရရင်၊ ပိုမိုမြင့်မားပြီး ပိုမိုသန့်ရှင်းတဲ့ ထမြောက်ရာနေ့ ကျင်းပခြင်းဆီ ရွေ့လျားသွားဖို့ ကျွန်တော်တို့ကို တိုက်တွန်းထားပါတယ်။
ထမြောက်ရာနေ့နဲ့ပတ်သက်ပြီး ဆက်တိုက်ရရှိတဲ့ ဗျာဒိတ်တော်ကို ကျွန်တော်ချစ်မြတ်နိုးပါတယ်၊ ထမြောက်ရာနေ့ကို မွန်မြတ်ပြီး သန့်ရှင်းတဲ့ကာလတစ်ခုပြုလုပ်ဖို့ သင်တို့ရဲ့အားထုတ်မှုများစွာအတွက် ကျေနပ်နှစ်သက်ပါတယ်။ ထမြောက်ရာတနင်္ဂနွေနေ့မှာ တစ်နာရီကြာပွဲတော်အစည်းအဝေးတစ်ခုကျင်းပခြင်းအပြင်၊ သင့်တော်တဲ့လှုပ်ရှားမှုတွေရဲ့ အခြားဥပမာတွေကတော့ အသင်းတော်စုနဲ့ ပန္နက်ဝတ်ပြုခြင်းတွေ၊ သံလွင်ခက်တနင်္ဂနွေနေ့အပြင် ဥပုသ်သီတင်းပတ်အတွင်း လှုပ်ရှားမှုတွေပါဝင်ပါတယ်။ ဒီအောက်မေ့သတိရခြင်းတွေမှာ ကလေးတွေ၊ လူငယ်တွေနဲ့အတူ လှုပ်ရှားမှုတွေပါဝင်ပြီး မကြာခဏဆိုသလို ဘာသာပေါင်းစုံ ဓမ္မတေးသံစုံကျူးအဖွဲ့တွေ ပူးပေါင်းပါဝင်ကြပါတယ်။ တခြားသူတွေက အသင်းသားတွေနဲ့မိတ်ဆွေတွေအတွက် “အသက်ရှင်သောခရစ်တော်” ဧည့်ခံပွဲတွေကို ကျင်းပခဲ့ကြပြီး ဂိုဏ်းဂဏပေါင်းစုံပါဝင်တဲ့ အသိုင်းအဝိုင်းရဲ့ထမြောက်ခြင်းပွဲတော် အခမ်းအနားတွေမှာ ပါဝင်ခဲ့ကြပါတယ်။
အဲလိုလှုပ်ရှားမှုတွေက ကိုယ်တော့်ရဲ့အောင်ပွဲခံဝင်လာချိန်အတွင်း ကယ်တင်ရှင်ကိုချီးမွမ်းဖို့ အတူတူသံပြိုင်လိုက်ကြတဲ့ ယေရုရှလင်မြို့ကလူထုတွေနဲ့ဆင်တူပါတယ်။ ဒီအရေးအကြီးဆုံးအားလပ်ရက်ကို အမှတ်တရကျင်းပဖို့ မိသားစုတွေအနေနဲ့ အိမ်မှာဝတ်ပြုကိုးကွယ်ရန် ပထမဥက္ကဋ္ဌအဖွဲ့ရဲ့ ဖိတ်ကြားချက်အပေါ် သင်တို့တုံ့ပြန်မှုတွေရဲ့ အကြောင်းပြန်မှုတွေက အထင်ကြီးစရာကောင်းလှပါတယ်။
ထမြောက်ရာကာလဝန်းကျင်မှာ မိသားစုဝတ်ပြုကိုးကွယ်ခြင်းတွေက သိသိသာသာ မြှင့်တက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က၊ ထမြောက်ရာနေ့ကို ရိုသေတဲ့နည်းလမ်းကို တိုးတက်စေဖို့ ကျွန်တော်တို့မိသားစုရဲ့ စိတ်ပိုင်းဖြတ်ခြင်းအကြောင်း ကျွန်တော်ဟောပြောခဲ့ပါတယ်။ ဝန်ခံရမယ်ဆိုရင်၊ ဒါကိုဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ ထမြောက်ရာတနင်္ဂနွေနေ့အတွက် အထူးအစားအစာ၊ အီစတာခြင်းတောင်းတွေနဲ့ အီစတာဥ ရှာပွဲတွေကို ကျွန်တော်တို့နှစ်သက်ခဲ့ကြပြီး အခုလည်းနှစ်သက်နေဆဲပါ။ ဒါပေမဲ့လည်း၊ ယေရှုခရစ်တော်နဲ့ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအပေါ် အာရုံစိုက်ပြီး ရည်ရွယ်ချက်ရှိတဲ့ဝိညာဉ်ရေးရာရှုထောင့်ကို ကျွန်တော်တို့ရဲ့ အခမ်းအနားမှာ ပေါင်းထည့်ခြင်းက ပွဲတော်တွေအားလုံးထဲက ဒီအသန့်ရှင်းဆုံး၊အထိမ်းအမှတ်ပွဲဆီကို ချိုသာတဲ့ဟန်ချက်ညီမှုယူဆောင်ပေးခဲ့ပါတယ်။
ဒီနှစ်ကတော့ ခရစ်တော်ကိုပိုမိုဗဟိုပြုတဲ့ထမြောက်ရာနေ့ ဖြစ်လာစေဖို့ ကျွန်တော်တို့ရဲ့တတိယအကြိမ်အားထုတ်မှုဖြစ်ပါလိမ့်မယ်။ ခရစ္စမတ်ပွဲတော်က ခရစ်တော်ဖွားမြင်ခြင်းရုပ်ပုံတွေလိုပဲ၊ ကျွန်တော်တို့မိသားစုရဲ့ထမြောက်ရာနေ့မှာ ရိုးရှင်းတဲ့ ရှေးခေတ်ဝတ်စုံတွေ၊ ဓမ္မသစ်ကျမ်းနဲ့ မော်မုန်ကျမ်းမှ ကျမ်းစာတွေကိုဖတ်ခြင်း၊ တေးဂီတ၊ ထမြောက်ရာရုပ်ပုံတွေ၊ စွန်ပလွံရွက်တွေ ပါဝင်ပါတယ်။ ကျွန်တော်ရိုးရိုးသားသားပြောရမယ်ဆိုရင် နည်းနည်းတော့ ဆူညံရှုပ်ယှက်ခတ်နေတာပေါ့။ ကလေးတွေနဲ့ မြေးတွေက သံလွင်ခက်တနင်္ဂနွေနေ့ချီးမွမ်းခြင်းတွေကို ဖတ်ရှုပြီး ရွတ်ဆိုကြပါတယ်။ “ဟောရှဏ … ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်း” ပြီးတော့၊ “ဤသူသည် ဂါလိလဲပြည်ရှိ ယေရှုပေတည်း” ဆိုတာ ခရစ္စမတ်အချိန်မှာ “မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်း” ဆိုသလိုမျိုးပဲ ဆက်စပ်မှုရှိပုံပေါ်ပါတယ်။
အခုတော့ ကျွန်တော်တို့ဟာ ရောစပ်ထားတဲ့ အလှဆင်ပစ္စည်းတွေကို နှစ်သက်ကြပါတယ်။ တစ်ချိန်က ယုန်လေးတွေနဲ့ အီစတာဥတွေနဲ့ပဲ အားလုံးနီးပါး အလှဆင်ခဲ့တာကနေ အခုတော့ ခရစ်တော်နဲ့ လစ်လပ်နေတဲ့သင်္ချိုင်းရဲ့ပုံရိပ်တွေ၊ သင်္ချိုင်းအပြင်ဘက် ဥယျာဉ်မှာပေါ်လာတဲ့ ရှင်ပြန်ထမြောက်တဲ့ကယ်တင်ရှင်နဲ့၊ နီဖိုင်းအမျိုးသားတွေဆီ ကယ်တင်ရှင်ရဲ့ပေါ်လာခြင်းတွေနဲ့ ဟန်ချက်ညီစွာ ရှိနေပါတယ်။ ထမြောက်ရာနေ့ကို တစ်ရက်သာမဟုတ်ဘဲ ကာလတစ်ခုဖြစ်လာစေဖို့ ကျွန်တော်တို့လည်း ကြိုးပမ်းနေကြပါတယ်။ ဥပုသ်သီတင်းပတ်တစ်ခုလုံးအတွင်း ကျင်းပကြတဲ့ သံလွင်ခက်တနင်္ဂနွေနေ့၊ ကောင်းသောသောကြာကြီးနေ့နဲ့ မြင့်မြတ်တဲ့အခမ်းအနားတွေကို ပိုမိုနားလည်သဘောပေါက်ကာ၊ အတွေးအခေါ်ပြည့်ဝပြီး ဂုဏ်ပြုကျင်းပဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။
ထမြောက်ရာနေ့က ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းယဇ်နဲ့ စစ်မှန်ပြီးဝမ်းမြောက်ဖွယ်ကောင်းတဲ့ ကိုယ်တော့်ရဲ့ရှင်ပြန်ထမြောက်ခြင်းနှစ်ခုလုံးကို ဂုဏ်ပြုဖို့ ကျွန်တော်တို့ကိုအခွင့်ပေးပါတယ်။ ဥယျာဉ်ထဲမှာနဲ့ ကရာနိထက်မှာ ကယ်တင်ရှင်ရဲ့ဒုက္ခဝေဒနာခံစားခြင်းကို ကျွန်တော်တို့ စိတ်ကူးကြည့်တဲ့အခါ ကျွန်တော်တို့ရဲ့နှလုံးသားတွေညှိုးငယ်ကြပါတယ်၊ ဒါပေမဲ့ လစ်လပ်နေတဲ့သင်္ချိုင်းနဲ့ ကောင်းကင်ဘုံရဲ့စီရင်တော်မူချက်ကို မှန်းကြည့်တဲ့အခါ ကျွန်တော်တို့ရဲ့နှလုံးသားတွေ ဝမ်းမြောက်ကြပါတယ်၊ “ကိုယ်တော်ထမြောက်တော်မူပြီ။”
အမှန်တကယ်ရှင်ပြန်ထမြောက်ခြင်း
မကြာသေးမီက ပထမဥက္ကဋ္ဌအဖွဲ့ရဲ့ “လူသားတွေအတွက်သတင်းစကားအားလုံးထဲမှ အသရေအထင်ရှားဆုံးဖြစ်တဲ့ ထမြောက်ရာနေ့နဲ့ ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုစောင့်မျှော်” ဖို့ တိုက်တွန်းမှုက ဒီအချိန်ကာလရဲ့ အလွန်အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။ ရှင်ပြန်ထမြောက်ခြင်းကို ပုံဖော်ပြီးသင်္ကေတဖြစ်တဲ့သတ်မှတ်ချက်တွေအရ ရှုမြင်ဖို့ များပြားလှတဲ့ ခရစ်ယာန်ဘာသာရေးကျွမ်းကျင်သူတွေအကြား တိုးတက်လာတဲ့ဦးတည်မှုရှိနေတဲ့အချိန်မှာ၊ “ရှင်ပြန်ထမြောက်ခြင်းဆိုတာ အသက်ရှင်ခဲ့ဖူးသူအားလုံးဟာ ရှင်ပြန်ထမြောက်ကြမှာလို့ အဓိပ္ပာယ်ရပြီး ရှင်ပြန်ထမြောက်ခြင်းက အမှန်တကယ်ဖြစ်တယ်။” ဆိုတဲ့ ကျွန်တော်တို့ရဲ့ဩဝါဒကို ကျွန်တော်တို့အတည်ပြုပါတယ်။ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။” ယေရှုခရစ်တော်က အသက်ရှင်တဲ့စိတ်ဝိညာဉ်တိုင်းအတွက် သေခြင်းရဲ့ကြိုးတို့ကို ဖြတ်ခဲ့ပါတယ်။
ယေရှုကျွန်တော်တို့ကို ပေးသနားတဲ့ကျေးဇူးတော်ကို ကျွန်တော်တို့အားလုံးအမှန်တကယ် အံ့အားသင့်ပြီးကြည့်နေကြပါတယ်။ “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ”ဖြစ်ကြောင်း ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်ကို ကျွန်တော်တို့ လက်ခံယုံကြည်ကြပါတယ်။
စီ၊ အက်စ် လူးဝစ်က အတည်တကျပြောဆိုရေးသားခဲ့ပါတယ် “ခရစ်ယာန် ဘာသာကိုဟောပြောဖို့ဆိုတာက အဓိကအားဖြင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောဖို့ [တမန်တော်တွေကို] ရည်ရွယ်တာဖြစ်ပါတယ်။ ရှင်ပြန်ထမြောက်ခြင်းက တမန်တော်ဝတ္တုမှာ မှတ်တမ်းတင်ထားတဲ့ ခရစ်ယာန်ဒေသနာတိုင်းရှိ ဗဟိုကျတဲ့အဓိကဆိုလိုရင်းဖြစ်ပါတယ်။ ရှင်ပြန်ထမြောက်ခြင်းနဲ့ ၎င်းရဲ့အကျိုးဆက်တွေက ‘ဧဝံဂေလိတရားတော်’ သို့မဟုတ် ခရစ်ယာန်တွေဆောင်ယူလာခဲ့တဲ့သတင်းကောင်း ဖြစ်ပါတယ်။”
“ရှင်ပြန်ထမြောက်ခြင်းရှိ၏။ …သင်္ချိုင်းသည် အောင်နိုင်ခြင်းမရှိ၊ သေခြင်း၏နာကျင်မှုကိုလည်း ခရစ်တော်အားဖြင့် ကျော်လွှား၏” လို့ ကျွန်တော်ကြေညာပါတယ်။
နိဂုံးချုပ်နှင့် သက်သေခံချက်
နိဂုံးချုပ်အနေနဲ့ ထမြောက်ရာနေ့ကိုကိုယ်စားပြုတဲ့ သန့်ရှင်းတဲ့အခမ်းအနားတွေကို ပိုပြီးရည်ရွယ်ချက်ရှိစွာ အမှတ်တရကျင်းပဖို့ ကျွန်တော်တို့ရဲ့အသက်ရှင်တဲ့ပရောဖက်နဲ့ သူ့ရဲ့အတိုင်ပင်ခံတွေထံမှ ဖိတ်ခေါ်ချက်တွေကို လက်ခံသူအားလုံးဟာ ယေရှုခရစ်တော်နဲ့ သူတို့ရဲ့ နှောင်ကြိုးဟာ ပိုမိုခိုင်ခံ့လာကြောင်း တွေ့ရှိရမယ်ဆိုတာကိုကျွန်တော်သက်သေခံပါတယ်။
လွန်ခဲ့သော ရက်အနည်းငယ်ကပဲ၊ သူမရဲ့လေးနှစ်အရွယ်မြေးနဲ့အတူ ထမြောက်ရာနေ့ဇာတ်လမ်းကို ဇာတ်တိုက်ခဲ့တဲ့ အဖွားတစ်ယောက်အကြောင်းကို ကျွန်တော်သိခဲ့ရပါတယ်၊ သူတို့က သင်္ချိုင်းပုံ၊ သင်္ချိုင်းဂူကိုပိတ်ထားတဲ့ကျောက်တုံး၊ ယေရှု၊ မာရိ၊ တပည့်တော်တွေနဲ့ တမန်တော်တွေရဲ့ ရိုးရှင်းတဲ့ ပုံတူတွေကို အသုံးပြုကြပါတယ်။ သူ့ရဲ့အဖွားက မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ သင်္ချိုင်းကိုပိတ်ခြင်းနဲ့ဖွင့်ခြင်း၊ ပြီးတော့ ရှင်ပြန်ထမြောက်ချိန် ဥယျာဉ်ရှုခင်းကို ပြောပြနေတဲ့အချိန်မှာ ကောင်လေးက စူးစူးစိုက်စိုက်ကြည့်ပြီး နားထောင်ခဲ့ပါတယ်။ အဲနောက်မှာ သူကရုပ်ပုံတွေကို သူကိုယ်တိုင်ရွေ့ရင်းနဲ့ အံ့ဩစရာကောင်းလောက်အောင် အသေးစိတ်ဇာတ်လမ်းကို သူမိဘတွေကို ဂရုတစိုက် ထပ်ပြောပြခဲ့ပါတယ်။ ဒီချစ်ဖွယ်ကောင်းတဲ့အခိုက်အတန့်နောက်မှာ၊ ကျွန်တော်တို့ ဘာကြောင့် ထမြောက်ရာနေ့ရှိတာလဲဆိုတာ သူသိလားလို့ သူ့ကိုမေးခဲ့ပါတယ်။ ကောင်လေးကမော့ကြည့်ပြီး “ကိုယ်တော်ကအသက်ရှင်တာကြောင့်”လို့ ကလေးအတွေးနဲ့ဖြေခဲ့ပါတယ်။
သူ၊ သင်တို့နဲ့ ကောင်းကင်တမန်တို့နဲ့ ပရောဖက်တို့ရဲ့သက်သေခံချက်တွေမှာ ကျွန်တော့်ရဲ့သက်သေခံချက်ထပ်ပေါင်းထည့်ပါမယ်—ကိုယ်တော်ထမြောက်ခဲ့ပါတယ်၊ ပြီးတော့ ကိုယ်တော်အသက်ရှင်တယ်ဆိုတာကို ကျွန်တော်သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။