အထွေထွေညီလာခံ
မေတ္တာ—စစ်မှန်သောတပည့်တော်ဖြစ်ခြင်း၏သင်္ကေတ
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


11:29

မေတ္တာ—စစ်မှန်သောတပည့်တော်ဖြစ်ခြင်း၏သင်္ကေတ

တပည့်တော်ဖြစ်ခြင်းရဲ့ စစ်မှန်သောပန်းတိုင်က ယေရှုခရစ်တော်လို အမှန်တကယ် ဖြစ်လာခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က မကြာသေးခင်က၊ “ကျွန်တော်တို့ တပည့်တော်ဖြစ်ဖို့ရာ အမြင့်ဆုံးဦးစားပေးလုပ်ဆောင်ကြ” ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီခွန်အားကြီးတဲ့ဖိတ်ခေါ်ချက်က ယေရှုခရစ်တော်ရဲ့တပည့်တော်အဖြစ် ကျွန်တော့်ရဲ့ကိုယ်ပိုင်လမ်းစဉ်ကို နက်နက်နဲနဲတွေးတောစေပါတယ်။

တပည့်တော်ဖြစ်ခြင်းသည် အစီအစဥ်တကျလုပ်ဆောင်ခြင်းဖြစ်သည်

တပည့်တော်တစ်ဦးဆိုတာဟာ တခြားသူတစ်ဦးရဲ့နောက်လိုက် သို့မဟုတ် စာသင်သားဖြစ်ပါတယ်။ တပည့်တော်တွေက သူတို့ရဲ့ဆရာကဲ့သို့ဖြစ်လာရန် ဘဝတစ်ခုလုံးကိုမြှုပ်နှံထားသော “အလုပ်သင်များ” ဖြစ်ကြပါတယ်။ အဲဒါကြောင့်၊ ယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်ခြင်းက သူရဲ့သွန်သင်ချက်များနှင့်သြဝါဒကို ယုံကြည်ခြင်းထက်ပိုပါတယ်။ အဲဒါက အင်မတန်အရေးကြီးတဲ့၊ ကိုယ်တော်ရဲ့ ဘုရားဂုဏ်တော်ကို အသိအမှတ်ပြုခြင်းနဲ့ ကိုယ်တော့်ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ရွေးနုတ်ရှင်အဖြစ်လက်ခံခြင်း ထက်တောင်ပိုပါသေးတယ်။

ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်က ရှင်းပြခဲ့ပါတယ်၊ “ခရစ်တော်ကို လိုက်လျှောက်ခြင်းဟာ သာမန်ကာလျှံကာလုပ်ခြင်း သို့မဟုတ် အခါအားလျော်စွာသာပြုလုပ်ရတယ့် အလေ့ကျင့်မဟုတ်ပါဘူး။ အဲဒါက အဆက်မပြတ်ကျင့်သုံးရမယ့် ကတိကဝတ်ဖြစ်ပြီး ကျွန်တော်တို့ကို ခပ်သိမ်းသောကာလတို့နဲ့ ခပ်သိမ်းသောအရပ်တို့မှာ လမ်းပြပေးနေတဲ့ အသက်တာ နေထိုင်နည်းဖြစ်ပါတယ်။” တပည့်တော်ဖြစ်ခြင်းက ကိုယ်တော်ရှင်ရဲ့ အပြစ်ဖြေရာယဇ်နဲ့ သူ့ရဲ့ စွမ်း‌ဆောင်နိုင်သောတန်ခိုးအားဖြင့် ကျွန်တော်တို့ အစီအစဥ်ကျနစွာပြောင်းလဲလာနိုင်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ တပည့်တော်ဖြစ်ခြင်းရဲ့ စစ်မှန်တဲ့ပန်းတိုင်ကတော့ ယေရှုခရစ်တော်လို အမှန်တကယ် ဖြစ်လာခြင်းပဲဖြစ်ပါတယ်—“[ကျွန်‌တော်တို့]ရဲ့မျက်နှာထားမှာ ကိုယ်‌တော့်ရဲ့ပုံသဏ္ဍာန်”ကို ရရှိလာတဲ့အထိဖြစ်ပါတယ်။

ကိုယ်တော်ရှင်ရဲ့တပည့်တော်များဖြစ်ဖို့၊ ကျွန်တော်တို့က ကိုယ်တော့်ရဲ့အတွေးတွေနဲ့ အပြုအမူတွေကို ရည်ရွယ်ချက်ရှိရှိ နေ့တိုင်းတုပနေထိုင်ရပါမယ်—ဥပမာအားဖြင့်၊ ကိုယ်တော့်ရဲ့နာခံခြင်း၊ နှိမ့်ချခြင်းနဲ့ စိတ်ရှည်ခြင်းတို့ပဲဖြစ်ပါတယ်။ ကျွန်‌တော်တို့ရဲ့ ပင်ကိုယ်ဗီဇတွေကို အဲဒီဂုဏ်ရည်တွေနဲ့ တဖြည်းဖြည်း ပေါင်းစပ်လိုက်တဲ့အခါ၊ ကျွန်တော်တို့က “[ကိုယ်တော့်ရဲ့]ဘုရားပကတိကိုဆက်ခံသူများ”ဖြစ်လာကြပါတယ်။ ကယ်တင်ရှင်ရဲ့ ဒီစရိုက်လက္ခဏာကိုအတုယူခြင်းဟာ သူ့ကိုယုံကြည်ကိုးကွယ်ခြင်းရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဥက္ကဋ္ဌနယ်လ်ဆင် သွန်သင်ခဲ့သလိုပဲ၊ “ယေရှုအားချစ်မြတ်နိုးခြင်းကို သူ့အားအတုယူခြင်းဖြင့် အကောင်းဆုံးဖော်ပြနိုင်ပါတယ်။”

စစ်မှန်သောတပည့်တော်ဖြစ်ခြင်း၏သင်္ကေတ

ကျွန်တော်တို့အတုယူရမယ့် ယေရှုခရစ်‌တော်ရဲ့ဘုရားဂုဏ်ရည်တွေ မြောက်များစွာထဲက၊ တစ်ခုက အားလုံးထက်သာလွန်မြင့်မြတ်ပြီး တခြားဂုဏ်ရည်တွေအားလုံး ပေါင်းစပ်ပါဝင်နေပါတယ်။ အဲဒီဂုဏ်ရည်ကတော့ ကိုယ်တော့်ရဲ့ဖြူစင်သောချစ်ခြင်း၊ သို့မဟုတ် မေတ္တာပဲဖြစ်ပါတယ်။ ပရောဖက်မော်မုန်နဲ့ တမန်တော်ရှင်ပေါလုတို့က မေတ္တာမရှိလျှင်၊ “[ကျွန်တော်တို့]ကအချည်းနှီးသက်သက်ဖြစ်တယ်”လို့ သတိပေးခဲ့ပါတယ်။ ဒါမှမဟုတ်၊ ပရောဖက်ဂျိုးဇက်စမစ်ကို ဗျာဒိတ်တော်ပေးခဲ့တဲ့အတိုင်း၊ “မေတ္တာမရှိလျှင် ကျွန်တော်တို့က ဘယ်အရာကိုမှမဆောင်ရွက်နိုင်ကြပါ။”

ကယ်တင်ရှင်ကိုယ်တိုင်က ချစ်ခြင်းမေတ္တာကို သူ့ရဲ့စစ်မှန်တဲ့တပည့်တော်များအဖြစ် အသိအမှတ်ပြုခံရမယ့် အမှတ်အသား သို့မဟုတ် သင်္ကေတအဖြစ် သတ်မှတ်ခဲ့ပြီး ဒီလိုကြေညာခဲ့ပါတယ်၊

“သင်တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။

”သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်။​

မေတ္တာဆိုတာ နက်ရှိုင်းတဲ့အယူအဆတစ်ခုဖြစ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်ခဲပါတယ်၊ ဒါပေမဲ့ ခံစားဖူးသူတိုင်း အလွယ်တကူသိမြင်နိုင်တဲ့အရာဖြစ်ပါတယ်။ ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့ မှာ “မေတ္တာသည်၊ ယုံကြည်ခြင်းကဲ့သို့ပင်၊ လက်တွေ့ဆီသို့ ဦးတည်စေသည်”လို့ သွန်သင်ထားပါတယ် အမှန်စင်စစ်၊ မေတ္တာကို “လက်တွေ့ကျသောချစ်ခြင်း” လို့ဖော်ပြနိုင်ပါတယ်။ ဒီဖွင့်ဆိုချက်က ကိုယ်တော်သည် “ကျေးဇူးပြုလျက်လှည့်လည်တော်မူ၏” ဆိုတဲ့ ကယ်တင်ရှင်ရဲ့အသက်တာအား အကျဉ်းချုပ်ဖော်ပြချက်ကို ကောင်းစွာနားလည်စေဖို့ ပံ့ပိုးပေးပါတယ်။”

ကျွန်တော်တို့အရှင်သခင်ဟာ တစ်ပါးသူတွေအတွက် ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့တဲ့နည်းလမ်းကို၊ ယေရှုခရစ်‌တော်ရဲ့နောက်လိုက်များအနေနဲ့ ကျွန်တော်တို့ကလည်း အတုယူသင့်ပါတယ်။ ကယ်တင်ရှင်ဟာ မေတ္တာကို ပုံစံမျိုးစုံနဲ့ ထင်ရှားစေခဲ့ပေမယ့်၊ ကိုယ်တော့်ရဲ့ စစ်မှန်တဲ့တပည့်တော်တွေမှာ အလွယ်တကူတွေ့ရနိုင်တဲ့ ကိုယ်တော့်မေတ္တာရဲ့ အထူးပုံစံသုံးမျိုးကို ကျွန်တော်က ဂရုပြုစေချင်ပါတယ်။

မေတ္တာသည် သနားကြင်နာမှုကို ပြသသည်

ပထမဦးစွာ၊ ကယ်တင်ရှင်ဟာ သနားကြင်နာခြင်းအားဖြင့် မေတ္တာကိုပြသခဲ့ပါတယ်။ မော်မုန်ကျမ်းမှာ မှတ်တမ်းတင်ထားတဲ့အတိုင်း၊ နီဖိုင်းလူမျိုးတွေကို ကိုယ်တော်ရှင်အမှုတော်ဆောင်ခဲ့စဉ်မှာ၊ ကိုယ်တော်ရှင်က လူတွေကို အိမ်ပြန်စေပြီး သူသွန်သင်ခဲ့တဲ့အရာတွေကို စဉ်းစားဆင်ခြင်ဖို့နဲ့ နောက်နေ့မှာ သူတဖန်ပြန်လာခြင်းအတွက် ပြင်ဆင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် မှတ်တမ်းက ဒီလိုဖော်ပြပါတယ်၊

“သူတို့သည်​မျက်​ရည်ကျလျက်​ရှိကြ၏၊ သူ့ကို သူတို့နှင့် အနည်းငယ်မျှ​ပို၍​ကြာအောင် တည်းခို​နေရန် တောင်းပန်​လိုသကဲ့သို့ သူ့ထံသို့ မြဲမြံစွာ​ကြည့်လျက်​ရှိသည်ကို မြင်​တော်မူ၏။

“ထိုသူတို့ကို မိန့်တော်မူ​လေသည်​ကား၊ ရှုလော့၊ ငါ၏​ဝမ်းသည် သင်တို့ကို သနားခြင်းနှင့် ပြည့်၏။”

သနားကြင်နာခြင်းက ဒုက္ခဝေဒနာကို သက်သာစေတဲ့ မေတ္တာရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ သနားကြင်နာခြင်းနဲ့ပြည့်ဝတဲ့၊ ကိုယ်တော်ရှင်ဟာ လူတွေထဲက ဖျားနာသောသူတွေနဲ့ ဒုက္ခရောက်သောသူတို့ကို အနာကင်းစေခဲ့ပါတယ်။ အဲဒီနောက်မှာ၊ ကိုယ်တော်က သူတို့ရဲ့ကလေးတွေကို ကောင်းကင်ဘုံကဆင်းသက်လာတဲ့ တမန်တော်တွေဝန်းရံလျက် ကောင်းချီးပေးခဲ့ပါတယ်။ ကိုယ်တော်ဟာ “သနားခြင်းစိတ်ရှိတော်မူ” ခဲ့တဲ့အတွက်၊ ဒီလိုနူးညံ့ပြီး၊ ချစ်ခြင်းပြည့်ဝတဲ့အမှုတွေကို၊ နောက်ထပ်အများကြီး ပြုတော်မူခဲ့ပါတယ်။

တောင်အမေရိကမှာ လူငယ်သာသနာပြုတစ်ဦးအနေနဲ့ အမှုတော်ဆောင်နေတုန်းမှာ၊ ကျွန်တော်ကလည်း ချစ်ရတဲ့မိတ်ဆွေတစ်ဦးရဲ့ သနားကြင်နာမှုကြောင့် အကျိုးကျေးဇူးခံစားခဲ့ရပါတယ်။ တစ်ညနေမှာ ကျွန်တော်က အဖော်သာသနာပြုနဲ့ သာသနာဥက္ကဋ္ဌရဲ့ အိမ်ကို ကားမောင်းသွားနေတုန်း ၊ စက်ဘီးပေါ်ကလူငယ်တစ်ဦးက ကားရှေ့ကို ရုတ်တရက်ဝင်ချလာပါတယ်။ အဲဒီလိုဖြစ်တာဟာ တအားမြန်သွားတာကြောင့် ကျွန်တော်ကတိုက်မိတာကို ရှောင်ချိန်မရလိုက်ပါဘူး။ ဝမ်းနည်းစွာနဲ့ပဲ၊ အဲဒီလူငယ်ဟာ ကားတိုက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့အသက်ဆုံးရှုံးသွားတဲ့အတွက် ကျွန်တော်ဟာ ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ခဲ့တဲ့ဖြစ်ရပ်ရဲ့ ဆိုးရွားလှတဲ့လက်တွေ့ကို ကြောက်ရွံ့ထိတ်လန့်စွာနဲ့ အံ့အားသင့်စွာ ကျွန်တော်ရုတ်တရက်ရင်ဆိုင်လိုက်ရပြီး၊ ကျွန်တော်ဟာ အကျဉ်းချခံခဲ့ရပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ဒီလောက်ထိခြောက်ခြားပြီး အထီးကျန်မှုကိုမခံစားဖူးပါဘူး။ ကျွန်တော့်ဘဝလက်ကျန်ကို ထောင်ထဲမှာကုန်ဆုံးရတော့မယ်ဆိုပြီး ကြောက်ရွံ့စိတ်ပျက် အားငယ်ခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်သာသနာပြုတစ်ဦးဖြစ်တဲ့၊ အယ်လ်ဒါ ဘရိုင်ယန် ကိုချေဗာက၊ ကားတိုက်မှုအကြောင်းသိသွားပြီး သနားခြင်းစိတ်ရှိခဲ့ပါတယ်။ သူက ထောင်ထဲကိုလာခဲ့ပြီး အကျဉ်းခန်းထဲမှာ ကျွန်တော်အထီးမကျန်အောင် ကျွန်တော်နဲ့အတူနေဖို့ အရာရှိတွေဆီမှာ အနားခံခဲ့ပါတယ်။ အံ့သြဖို့ကောင်းစွာပဲ၊ သူတို့သဘောတူလိုက်ကြပါတယ်။ ဒီနေ့အထိ၊ ကျွန်တော်ဟာ ဒီတပည့်တော်ပြသခဲ့တဲ့ ခရစ်တော်ကဲ့သို့ချစ်ခြင်းမေတ္တာကြောင့် နက်နက်ရှိုင်းရှိုင်း ‌ကျေးဇူးတင်စိတ်ဖြစ်မိပါတယ်၊ အဲဒါက ကျွန်တော့်ဘဝရဲ့ ဒုက္ခအကြီးမားဆုံးအချိန်မှာ ကျွန်တော့်ကို စိတ်သက်သာရာရစေပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။ သူ့ရဲ့မေတ္တာပြည့်ဝတဲ့ သနားကြင်နာခြင်းက သူ့ရဲ့တပည့်တော်ဖြစ်ခြင်းသင်္ကေတကို ပြသနေပါတယ်။ ဥက္ကဋ္ဌ နယ်လ်ဆင် မှတ်ချက်ပြုခဲ့သလိုပဲ၊ “ယေရှုခရစ်တော်ရဲ့ စစ်မှန်တဲ့နောက်လိုက်ကို ခွဲခြားသိဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ အဲဒီပုဂ္ဂိုလ်ဟာ တခြားသူတွေကို ဘယ်လိုသနားကြင်နာစွာ ဆက်ဆံသလဲဆိုတာပါပဲ။”

မေတ္တာသည် မပြောပြနိုင်သောလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်

ကယ်တင်ရှင်က သူ့ရဲ့ချစ်ခြင်းကိုဖော်ပြတဲ့ နောက်ထပ်ဥပမာကတော့ တစ်ပါးသူများရဲ့မပြောပြနိုင်တဲ့ လိုအပ်ချက်တွေကို လေ့လာပြီး အမှုဆောင်ပေးခြင်းဖြစ်ပါတယ်။ ကူညီမယ့်သူတစ်ဦးမှမရှိဘဲ ၃၈နှစ်ပတ်လုံးရောဂါစွဲနေတဲ့ ယောင်္ကျားကို၊ ကိုယ်တော်ရှင်က လုံးဝပျောက်ကင်းစေတော်မူပြီး သူ့ကို ဖြောင့်မတ်စွာနေဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။ မှားယွင်းခြင်းအမှုကိုပြုလျက်နေသောမိန်းမကို၊ ကိုယ်တော်ဟာ ပြစ်တင်ရှုံ့ချမယ့်အစား မျှော်လင့်ခြင်းနဲ့နှစ်သိမ့်ခြင်းကို ပေးခဲ့ပါတယ်။ ခေါင်မိုးကနေအောက်ကိုချခဲ့ရတဲ့ လက်ခြေသေတဲ့ယောင်္ကျားကို၊ ကိုယ်တော်ရှင်က ကိုယ်ခန္ဓာ၌အနာကင်းစေခြင်းကိုသာမက၊ အပြစ်တွေကနေလည်း လွတ်စေခဲ့ပါတယ်။

ကျွန်တော့်ကို သင်းအုပ်အဖြစ်အမှုတော်ထမ်းဖို့ ခေါ်သွင်းခံရတုန်းက၊ ကျွန်တော်စင်ပေါ်မှာထိုင်နေရတဲ့အချိန်မှာကျွန်တော်တို့ရဲ့ ကလေးငယ် ၆ ယောက်ကို တစ်ယောက်တည်းထိန်းရတဲ့ ကျွန်တော့်ဇနီးသည်၊ ခရစ္စတင်းအတွက် ပွဲတော်မင်္ဂလာအစည်းအဝေးတွေဟာ စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ သင်တွေးကြည့်လို့ရတဲ့အတိုင်း၊ ကျွန်တော့်ကလေးတွေက မကြာခဏငြိမ်သက်မှု နည်းပါးတတ်ကြပါတယ်။ သူမရဲ့အခြေအနေကိုသတိထားမိပြီး၊ ကျွန်တော်တို့အသင်းတော်စုက အသင်းဝင်နှစ်‌ယောက်ဖြစ်တဲ့၊ ဂျွန်နဲ့ ဒက်ဘီ ဘန်းနက်ချ်တို့က၊ တနင်္ဂနွေနေ့တိုင်း သူမဘေးမှာစထိုင်ပြီး ကူညီပေးခဲ့ကြပါတယ်။ သူတို့ရဲ့ကြင်နာမှုက နှစ်ပေါင်းများစွာကြာခဲ့ပြီး၊ သူတို့က ကျွန်တော်တို့မိသားစုအတွက် အစားထိုးအဘိုးအဘွားတွေ ဖြစ်လာခဲ့ကြပါတယ်။ ကိုယ်တော်ရှင်လိုပဲ၊ ဒီတပည့်တော်တွေက ပြောမပြနိုင်တဲ့လိုအပ်ချက်ကို သတိပြုမိကြပြီး ချစ်ခြင်းမေတ္တာနဲ့ဖြည့်ဆည်းပေးခဲ့ကြပါတယ်—သူတို့ရဲ့ တပည့်တော်ဖြစ်ခြင်းအတွက် ထင်ရှားတဲ့သင်္ကေတပါပဲ။

မေတ္တာသည် တစ်ပါးသူများကို ပဋိညာဉ်လမ်းကြောင်းတစ်လျှောက် ကူညီပေးခြင်းဖြစ်သည်

နောက်ဆုံးအနေနဲ့၊ ကယ်တင်ရှင်ရဲ့ စုံလင်သောချစ်ခြင်းက ဘုရားသခင်ရဲ့သားသမီးအားလုံးကိုဗဟိုပြုကာ ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့အလားအလာကို ဖြည့်ဆည်းပေးမှာဖြစ်ပြီး ကျွန်တော်တို့က “သူ၏​ကယ်တင်ခြင်းနှင့် သူ၏​ရွေးနုတ်ခြင်း​တန်ခိုးကို ခံယူနိုင်ကြမှာဖြစ်ပါတယ်။” ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အရှင်သခင်လို ဖြစ်လာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ပဋိညာဉ်လမ်းကြောင်းတစ်လျှောက်မှာကူညီပေးဖို့ ဆန္ဒက အလိုအလျောက်ကြီးထွားလာမှာဖြစ်ပါတယ်။

သာဓကအနေနဲ့၊ ကျွန်တော်တို့က စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့သူတွေ ဒါမှမဟုတ် မေ့လျော့ခံနေရတဲ့သူတွေကို အားပေးမြှင့်တင်ပြီး မိတ်ဆွေဖွဲ့နိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဘုရားကျောင်းကို အသစ်ရောက်ရှိလာတဲ့သူတွေကို ကြိုဆိုမှုရှိတယ်လို့ ခံစားနိုင်ရန်ကူညီပေးနိုင်ပါတယ်၊ ဒါမှမဟုတ် ပွဲတော်မင်္ဂလာအစည်းအဝေးမှာ ဖြစ်နိုင်ရင် လာမယ့်အီစတာမှာ တူတူဝတ်ပြုဖို့ မိတ်ဆွေတွေကို ဖိတ်ခေါ်နိုင်ပါတယ်။ ကျွန်တော်တို့က ကယ်တင်ရှင်ကဲ့သို့ မြင်နိုင်သောမျက်စိ နဲ့ သူတို့အတွက် ခံစားနိုင်တဲ့နှလုံးသားရှိဖို့ ဆန္ဒရှိစွာနဲ့ဆုတောင်းခြင်းဖြင့် ကောင်းကင်ဘုံရဲ့အကူအညီကို တောင်းခံတဲ့အခါ၊ တခြားသူတွေရဲ့တိုးတက်မှုကို အားပေးကူညီနိုင်တဲ့ နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရရှိလာကြပါတယ်။

တစ်ခြားသူတွေကို သူတို့ရဲ့ပဋိညာဉ်လမ်းကြောင်းမှာ ကူညီပေးခြင်းက သမာရိုးကျမဟုတ်တဲ့အမှုတော်ဆောင်ခြင်းပုံစံဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့၊ ကျွန်တော်ရဲ့ လက်ရှိ ဖိလစ်ပိုင်မှာ တာဝန်ကျနေတဲ့အချိန်မှာ၊ အက်ဂါမာတာ မိသားစုအကြောင်းသင်ယူခဲ့ရပါတယ်။ သူတို့က ၂၀၂၃ မှာ ဗတ္တိဇံခံခဲ့ပြီး၊ စိတ်အားထက်သန်စွာနဲ့ပဲ မိသားစုအဖြစ် တံဆိပ်ခတ်နိုင်ဖို့ အနီးနားက အာဒက်နဲတာ ဖိလစ်ပိုင်ဗိမာန်တော်မှာ ရက်သတ်မှတ်လိုက်ကြပါတယ်။ ဒါပေမဲ့၊ ဒီမိသားစုရဲ့ချိန်းဆိုမှုမတိုင်ခင်လေးမှာပဲ၊ တိုင်ဖွန်းမုန်တိုင်းအများအပြား အဲဒီဒေသကို ဝင်တိုက်ခဲ့ပါတယ်။ ညီအစ်ကို အက်ဂါမာတာက၊ စပါးစိုက်တဲ့လယ်သမားတစ်ဦးဖြစ်ပြီး၊ ပြင်းထန်တဲ့မုန်တိုင်းကြားမှာ သူ့အပင်တွေမစိုက်နိုင်ခဲ့ပါဘူး။ မုန်တိုင်းတွေ နောက်ဆုံး ငြိမ်သွားတဲ့အခါ၊ စိုက်ပျိုးဖို့အကောင်းဆုံးအခြေအနေဖြစ်တဲ့ ရေစုပ်ထားတဲ့မြေကြီးပေါ်မှာ သူက စပါးမြန်မြန် စိုက်ဖို့လိုအပ်ခဲ့ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ၊ ဗိမာန်တော်ခရီးကို ‌ရွှေ့ဆိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။

စပါးစိုက်ရန်ကူညီပေးသည့် သာသနာပြုများ။
စပါးစိုက်နေကြသောသာသနာပြုများ။

တပည့်တော်နှစ်ယောက်ဖြစ်ကြတဲ့၊ အယ်လ်ဒါနှင့် စစ်စတာ ခိုအာလန်းတို့က၊ လူငယ်အစေခံသာသနာပြု ၃ဦးနဲ့အတူ၊ အက်ဂါမာတာမိသားစုရဲ့အခက်အခဲကိုကြားပြီး၊ လယ်စိုက်တဲ့အတွေ့အကြုံမရှိပေမယ့် ကူညီဖို့ကမ်းလှမ်းခဲ့ကြပါတယ်။ ပူပြင်းလှတဲ့နေရောင်အောက်မှာ၊ သူတို့တွေက ပျိုးပင်တွေကို စိုက်ဖို့ကူညီခဲ့ကြပြီး၊ အက်ဂါမာတာမိသားစုကို အလုပ်ပြီးမြောက်စေခဲ့ကာ စီစဉ်ထားတဲ့အတိုင်း ဗိမာန်တော်ကို တံဆိပ်ခတ်ဖို့ သွားနိုင်ခဲ့ပါတယ်။ “[အက်ဂါမာတာမိသားစုရဲ့ ]မျက်နှာသွင်ပြင်တွေက ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ အဖြူရောင်ဝတ်စုံတွေနဲ့ တောက်ပနေခဲ့ပါတယ်လို့ အယ်လ်ဒါ ခိုအာလန်းက မှတ်ချက်ပြုခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ကိုအမှု‌တော်ဆောင်ရတဲ့ဝမ်း‌မြောက်ခြင်းက နှိုင်းယှဉ်လို့တောင်မရပါဘူး။”

ဗိမာန်တော်အပြင်ဘက်ရှိအက်ဂါမာတာမိသားစု။

အက်ဂါမာတာမိသားစုက အခုဆိုရင် ထာဝရမိသားစုအဖြစ်တံဆိပ်ခတ်ခြင်းခံခြင်းရဲ့ ကြွယ်ဝတဲ့ကောင်းချီးတွေကို ခံစားနေရပြီဖြစ်ပါတယ်။ ဘာလို့လဲဆို‌တော့ တပည့်တော်ဖြစ်ခြင်းရဲ့သင်္ကေတဖြစ်တဲ့၊ မေတ္တာပြည့်ဝသော မိတ်ဆွေတပည့်တော်တွေက သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ပဋိညာဉ်လမ်းကြောင်းတစ်လျှောက်မှာ ကူညီဖို့ဆုံးဖြတ်ခဲ့လို့ပါပဲ။

ညီအစ်ကိုမောင်နှများခင်ဗျာ၊ ယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်ခြင်းက တည်မြဲသောပျော်ရွှင်မှုကိုရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ အဲဒါက တစ်ပါးသူများကို ရည်ရွယ်ချက်ရှိစွာနဲ့ခိုင်မာစွာ ချစ်ခြင်းမေတ္တာကို ပြသတဲ့လမ်းကြောင်းဖြစ်ပါတယ်။ တပည့်တော်ဖြစ်ဖို့ရာလမ်းကြောင်းက ခက်ခဲနိုင်ပြီး စိန်ခေါ်မှုတွေများနိုင်သလို၊ တစ်ခါတစ်ရံမှာလည်း ကျွန်တော်တို့က ရုန်းကန်ရနိုင်ပြီး ကျရှုံးနိုင်ပါတယ်၊ အဲဒီအခါ ကျွန်တော်အပေါ် ဂရုတစိုက်ရှိပြီး ကျွန်တော်တို့ကြိုးစားတဲ့အချိန်တိုင်း ကူညီဖို့တောင့်တနေတဲ့ ဘုရားသခင်ထံမှာ နှစ်သိမ့်မှုကို ရှာဖွေနိုင်ပါတယ်။ ယေရှာယက ကျွန်တော်တို့ကိုသတိပေးခဲ့ပါတယ်၊ “ဘုရားသခင်သည် ကျွန်ုပ်တို့၏လက်ကိုကိုင်လျက် … မကြောက်နှင့်၊ သင့်ကိုငါကူညီမစမည်ဟု မြွက်ဆိုသောသူဖြစ်၏”

ကောင်းကင်ဘုံကကျွန်တော်တို့အဘရဲ့ ဒီအာမခံချက်ကို စိတ်ထဲနှလုံးသွင်းပြီး၊ ကျွန်တော်တို့ဟာ တပည့်တော်ဖြစ်ဖို့ရာ ဦးစားပေးလုပ်ဆောင်ရမယ်ဆိုတဲ့ ဥက္ကဋ္ဌနယ်လ်ဆင်ရဲ့ ဖိတ်ခေါ်ချက်ကို လိုက်နာကြဖို့ ကျွန်တော်ထက်သန်စွာဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ “ခမည်းတော်ထံသို့ စိတ်နှလုံးအစွမ်းရှိသမျှဖြင့်” ဆုတောင်းကြရအောင်၊ “သူ့သားတော်၊ ယေရှုခရစ်တော်၏ စစ်မှန်သောတပည့်တော်များအား ပေးတော်မူသည့် ဤချစ်ခြင်းဖြင့် ပြည့်နိုင်စေကြရန်၊ သူ ပေါ်ထွန်းလာတော်မူသောအခါ၌ သူနှင့်တူကြစေရန် ဖြစ်ပါတယ်”။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ စစ်မှန်သောတပည့်တော်ဖြစ်ခြင်းသင်္ကေတဖြစ်တဲ့ “ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းဖြစ်တဲ့ မေတ္တာ”ကို ကိုင်ဆောင်ကြမယ့်အတွက်ဖြစ်ပါတယ်။

ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အသက်ရှင်သော၊ ဘုန်းကြီးသော ကယ်တင်ရှင်၊ ရွေးနုတ်ရှင်၊ ပုံဥပမာဆောင်သူနဲ့၊ မိတ်ဆွေဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Lord Jesus Christ Will Come Again,” လီယာဟိုနာ နို၊ ၂၀၂၄၊ ၁၂၁။

  2. ရှု Merriam-Webster.com Dictionary၊ “တပည့်တော်။”

  3. ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်၊ “ခရစ်တော်နောက်သို့လိုက်ခြင်း၊” လီယာဟိုနာ၊ နို၊ ၂၀၂၄၊ ၂၃။

  4. အယ်လမာ ၅:၁၄၊ လည်းရှု အယ်လမာ ၅:၁၉

  5. ရှု ၂ ပေတရု ၁:၃–၈

  6. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Perfection Pending၊” အန်ဇိုင်း၊ နို၊ ၁၉၉၅၊ ၈၇။

  7. မော်ရော်နိုင်း ၇:၄၆၊ ၊ လည်းရှု ၁ ကောရိန္သု ၁၃:၃

  8. ဩဝါဒနှင့်ပဋိညာဉ်များ ၁၈:၁၉၊ အထူးပြုထည့်သွင်းထားသည်။

  9. ရှင်ယောဟန် ၁၃:၃၄–၃၅ အထူးပြုထည့်သွင်းထားသည်။

  10. ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့၊ A Guide to Sharing the Gospel of Jesus Christ (၂၀၂၃)၊ ၁၂၇။

  11. တမန်တော်ဝတ္ထု၁၀:၃၈

  12. ရှု ၃နီဖိုင်း ၁၇:၃

  13. ၃ နီဖိုင်း ၁၇:၅-၆

  14. ရှု Merriam-Webster.com Dictionary၊ “သနားခြင်း။”

  15. ရှု ၃ နိဖိုင်း ၁၇:၇–၂၅

  16. ရှင်မဿဲ ၉:၃၆၁၄:၁၄ရှင်မာကု ၁:၄၁၆:၃၄

  17. ရဲအရာရှိများသည် သေဆုံးမှုဖြစ်စေသော မတော်တဆမှုအတွက် သူတို့၏လုပ်ရိုးလုပ်စဉ်အရ ကျွန်တော့်ကို ထောင်ထဲထည့်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က မောင်းသူဖြစ်တာကြောင့် ကျွန်‌တော့်အဖော်သာသနာပြုနဲ့ ကျွန်တော့်ကို သူတို့ကခွဲလိုက်ပါသည်။ ကျွန်တော်သည် ထောင်ထဲတွင် နှစ်ရက်နေခဲ့ရပါသည်။ ရဲများ၏စုံစမ်းစစ်ဆေးမှုအရ၊ ဤလူငယ်လေးသည် မတော်တဆမှုဖြစ်ပေါ်ခဲ့သည့်အချိန်တွင် မူးယစ်နေပြီး ထို့ကြောင့် သွားနေသည့်ကားရှေ့သို့ ရုတ်တရက်ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ကျွန်တော်သည် တရားဝင်ကြားနာမှုအတွက် တရားသူကြီးရှေ့၌ရပ်ခဲ့ရပြီး၊ အမှားသို့မဟုတ် ပေါ့ဆမှု ဖြစ်ကြောင်း သက်သေမရှိသည့်အတွက် ကံမကောင်းအကြောင်းမလှစွာဖြစ်ခဲ့သော မတော်တဆမှုဖြစ်ကြောင်း အဆုံးအဖြတ်ပေးခဲ့ပါသည်။

  18. ရှု ရှင်မဿဲ ၂၅:၃၁–၄၀၊ အထူးအပိုဒ်ငယ် ၃၆

  19. ရမ်ဆဲလ် အမ် နယ်လ်ဆင်၊ “ရန်ငြိမ်းစေသူများလိုအပ်သည်၊” လီယာဟိုနာ၊ မေ ၂၀၂၃၊ ၉၈။

  20. ရှု ရှင်ယောဟန် ၅:၂–၉၊ ၁၄

  21. ရှု ရှင်ယောဟန် ၈:၁–၁၁

  22. ရှု ရှင်မာကု ၂:၁–၁၂

  23. ဩမနိ ၁:၂၆

  24. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၇၆:၁၂

  25. ရှု ၂ နီဖိုင်း ၂၆:၂၄

  26. ဒါဝင် ဆရန်နို ခိုအားလန်နှင့် ကိုယ်ရေးကိုယ်တာဆက်သွယ်မှု၊ ဒီ၊ ၁၊ ၂၀၂၄။

  27. ဟေရှာယ ၄၁:၁၃

  28. မော်ရော်နိုင်း ၇:၄၈

  29. မော်ရော်နိုင်း ၇:၄၇