အစားထိုးပြန်ပေးသည့်ကောင်းချီးမင်္ဂလာများ
ထိန်းချုပ်လို့မရတဲ့ဘဝပေးအခြေအနေတွေအများကြီးရှိပေမယ့်၊ ကိုယ်တော်ရှင်ရဲ့အဆုံးမရှိတဲ့ ကောင်းချီးတွေကို လက်လှမ်းမမီတဲ့သူဆိုတာ မရှိပါဘူး။
ဦးစီးသင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ မှာ အမှုတော်ဆောင်ရင်း၊ ကျွန်တော်က ကမ္ဘာတစ်ဝှမ်း နေရာအစုံယဉ်ကျေးမှုအစုံက နောက်ပိုင်းကာလသန့်ရှင်းသူတွေကို တွေ့ခွင့်ရခဲ့ပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်ကို သင်တို့ရဲ့ တည်တံ့သောယုံကြည်ခြင်းနဲ့ ဆပ်ကပ်ခြင်းကြောင့် ကျွန်တော်က ဆက်တိုက်လမ်းပြလှုံ့ဆော်ခြင်းကို ခံစားခဲ့ရပါတယ်။ သို့တိုင် ကျွန်တော်က သင်တို့အများအပြား မကြာခဏကြုံတွေ့ရတဲ့ ခက်ခဲတဲ့အခြေအနေအမျိုးမျိုးကြောင့် ခံစားခဲ့ရတာလည်းရှိပါတယ်—ဖျားနာခြင်း၊ မသန်စွမ်းခြင်း၊ အထောက်အပံ့နည်းပါးခြင်း၊ အိမ်ထောင်ရေး သို့မဟုတ် ပညာရေးအတွက် အခွင့်အလမ်းနည်းပါးခြင်း၊ တခြားသူတွေဆီကနှိပ်စက်ခံရခြင်းနဲ့၊ တခြားကန့်သတ်မှုတွေ သို့မဟုတ် ချုပ်ချယ်မှုတွေကဲ့သို့သော စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ၊ အဲဒီအခက်အခဲတွေက သင်တို့ရဲ့တိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး ဧဝံဂေလိအတိုင်း ပြည့်စုံစွာနေထိုင်ဖို့ သင့်ရဲ့ စစ်မှန်တဲ့အားထုတ်မှုတွေကို စိန်ခေါ်တတ်ပါတယ်၊ အစေခံဖို့၊ ဝတ်ပြုဖို့နဲ့ မြင့်မြတ်တဲ့တာဝန်တွေကိုဖြည့်ဆည်းဖို့ ပိုခက်ခဲအောင်လုပ်ပါတယ်။
ချစ်မိတ်ဆွေများခင်ဗျာ၊ ဘဝပေးအခြေအနေကြောင့် ကန့်သတ်ခံရတာ သို့မဟုတ် အခွင့်မသာတာမျိုးကြုံခဲ့ရင်၊ ကိုယ်တော်ရှင်က သင်တို့ကို ပုဂ္ဂိုလ်ရေးအရပါချစ်ကြောင်း သိစေချင်ပါတယ်။ ကိုယ်တော်က သင့်ရဲ့အခြေအနေတွေကိုသိပြီး၊ သင် ဘယ်လိုစိန်ခေါ်မှုတွေပဲရင်ဆိုင်ရပါစေ သူ့ရဲ့ကောင်းချီးမင်္ဂလာတံခါးကို သင့်အတွက်အကျယ်ကြီးဖွင့်ပေးထားပါတယ်။
ကျွန်တော်က ဒီအမှန်တရားကို ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကနေ သင်ယူခဲ့ရတာပါ၊ အဲဒါက အရေးမကြီးပုံပေါ်ပေမယ့်လည်း၊ ကျွန်တော့်အတွက်တော့ စွဲကျန်နေတဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော့် အသက် ၂၂ အရွယ်၊ ပဲရစ်ကပြင်သစ်လေတပ်မှာအမှုထမ်းတုန်းက၊ ကိုယ်တော်ရှင်ရဲ့ တမန်တော်တစ်ပါးဖြစ်တဲ့၊ အသင်းလူကြီး နီရယ်လ် အေ၊ မက်စ်ဝဲလ်၊ က ရှန့်-အယ်လီဇေးစ် လမ်းမပေါ်က ညီလာခံတစ်ခုမှာဟောပြောမှာကို၊ နားထောင်ဖို့အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့၊ ပွဲမတိုင်ခင်လေးမှာပဲ၊ ကျွန်တော်ရဲ့ အထက်အရာရှိကို ညီလာခံကျင်းပမယ့် အချိန်ကွက်တိမှာ လေဆိပ်ကို ကားမောင်းပို့ပေးဖို့ အမိန့်ရခဲ့ပါတယ်။
ကျွန်တော်စိတ်ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုရအောင်သွားမယ်လို့ဆုံးဖြတ်ပြီး၊ အရာရှိကို ချပေးပြီးတာနဲ့ ညီလာခံဆီ အမြန်မောင်းခဲ့ပါတယ်။ ကားရပ်ဖို့နေရာရှာပြီးတာနဲ့၊ ရှန့်-အယ်လီဇေးစ်လမ်းမတစ်လျှောက်ကနေ ပွဲနေရာကို ခြေကုန်သုတ်ပြီးပြေးခဲ့လိုက်တာ၊ ပွဲမပြီးခင် ငါးမိနစ်အလိုမှာပဲ အသက်တောင်မရှုနိုင်ဘဲ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်ဝင်သွားတဲ့အချိန်မှာပဲ၊ အသင်းလူကြီး မက်စ်ဝဲလ်ပြောတာကို ကြားလိုက်ရပါတယ်၊ “ကျွန်တော်အခု သင်တို့ကို တမန်တော်တို့၏ကောင်းချီးမင်္ဂလာကို ပေးပါမယ်။” အဲဒီအခိုက်အတန့်မှာပဲ၊ လှပပြီးမေ့မရတဲ့ဝိညာဉ်ပကတိအတွေ့အကြုံကို ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော့်ကို ဝိညာဉ်တော်ကလွှမ်းမိုးသွားပြီး၊ ကောင်းချီးမင်္ဂလာစကားတွေက ကျွန်တော့်အတွက်ရည်ရွယ်ထားသလိုမျိုး ကျွန်တော့်စိတ်ဝိညာဉ်တစ်မျှင်ချင်းစီကို ထိုးဖောက်သွားခဲ့ပုံရပါတယ်။
အဲဒီနေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတာက အသေးအမွှားဖြစ်ပေမယ့် ဘုရားသခင်က သူ့ရဲ့သားသမီးတွေအတွက် သူ့ရဲ့အစီအစဉ်မှာ နှစ်သိမ့်ခြင်းသဘောတရားကိုပြတဲ့ ခွန်အားကြီးတဲ့ပြယုဂ်တစ်ခုဖြစ်ပါတယ်၊ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့အခြေအနေတွေက ကျွန်တော်တို့ရဲ့ဖြောင့်မတ်တဲ့စိတ်ဆန္ဒတွေပြည့်ဝဖို့ တားဆီးတဲ့အခါ၊ ဘုရားသခင်က သူကတိတော်ထားတဲ့ကောင်းချီးမင်္ဂလာတွေကို ကျွန်တော်တို့လက်ခံနိုင်စေတဲ့နည်းလမ်းနဲ့ အစားထိုးပြန်ပေးပါတယ်။
ဒီသေချာတဲ့သမ္မာတရားက ပြန်လည်ဆောင်ယူထားတဲ့ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်မှာ တွေ့ရတဲ့ အခြေခံသဘောတရားသုံးခုပေါ်မှာ အခြေစိုက်နေပါတယ်။
-
ဘုရားသခင်က ကျွန်တော်တို့အယောက်ချင်းစီတိုင်းကို စုံလင်စွာချစ်ပါတယ်။ “[ကျွန်တော်တို့ကို]အားလုံး သူ့ထံသို့လာ၍ သူ၏ကောင်းမြတ်ခြင်းကို ခံယူကြရန် ဖိတ်ခေါ်တော်မူပါတယ်။” ကိုယ်တော့်ရဲ့ ရွေးနုတ်ခြင်းအစီအစဉ်က လူတိုင်း၊ ခြွင်းချက်မရှိ၊ ကယ်တင်ခြင်းနဲ့ချီးမြောက်ခြင်း ကောင်းချီးမင်္ဂလာတွေကို တစ်နေ့မှာရရှိဖို့ တရားမျှတတဲ့အခွင့်အရေးရှိကြောင်း သေချာစေပါတယ်။
-
ဘုရားသခင်က ကရုဏာတော်ပြည့်ဝပြီး သူ့ရဲ့အစီအစဉ်က ပြည့်စုံတဲ့အတွက်၊ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် ကျွန်တော်တို့ကို တာဝန်ယူခိုင်းမှာမဟုတ်ပါဘူး။ အသင်းလူကြီး နီရယ်လ် အေ၊ မက်စ်ဝဲလ်က ရှင်းပြခဲ့ပါတယ်၊ “ဘုရားသခင်က ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒနဲ့ စွမ်းဆောင်နိုင်မှုကိုသာမက၊ အခြေအနေအမျိုးမျိုးက ကျွန်တော်တို့အပေါ်ရိုက်ခတ်လာတဲ့ အခက်အခဲတွေရဲ့အတိုင်းအဆကိုပါ ကရုဏာထားစဉ်းစားတော်မူပါတယ်။”
-
ယေရှုခရစ်တော်နဲ့သူ့ရဲ့အပြစ်ဖြေခြင်းအားဖြင့်၊ ကျွန်တော်တို့က အဆုံးတိုင်အောင်တည်ကြည်ဖို့ ခွန်အားကို ရှာတွေ့နိုင်ပြီး နောက်ဆုံးမှာ အသက်တာရဲ့စိန်ခေါ်မှုတွေအားလုံးကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အယ်လမာ သွန်သင်ခဲ့သလိုပဲ၊ ကယ်တင်ရှင်က နောင်တရသူတို့ရဲ့ အပြစ်တွေကိုသာမက “သူ့လူမျိုးတို့၏ နာကျင်မှုများနှင့် ဖျားနာခြင်းများ” “သူတို့၏အနာရောဂါဝေဒနာများ”ကို သူ့အပေါ်၌ ခံယူတော်မူပါလိမ့်မယ်။ ဒါကြောင့်၊ ကျွန်တော်တို့ရဲ့အမှားတွေကနေ ကျွန်တော်တို့ကိုရွေးနုတ်ခြင်းအပြင်၊ ကိုယ်တော်ရှင်ရဲ့ ကရုဏာတော်နဲ့ ကျေးဇူးတော်က ကျွန်တော်တို့ရဲ့လောကီအတွေ့အကြုံကနေ ရိုက်ခတ်လာတဲ့ မတရားမှုတွေ၊ ချို့တဲ့မှုတွေနဲ့ ကန့်သတ်မှုတွေကို ခံနိုင်ရည်ရှိဖို့ထောက်မပေးပါတယ်။
ဒီလိုအစားထိုးပြန်ပေးတဲ့ကောင်းချီးမင်္ဂလာတွေကို လက်ခံရရှိဖို့ အခြေအနေတစ်ချို့ရှိပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို “စွမ်းအားရှိသမျှ” ဆောင်ရွက်ဖို့ နဲ့ “[ကျွန်တော်တို့ရဲ့ ] စိတ်ဝိညာဉ်တစ်ခုလုံးကို ပူဇော်သက္ကာအဖြစ် ပူဇော်ရန်”မိန့်တော်မူခဲ့ပါတယ်။ အဲလိုဖြစ်ဖို့ လေးနက်တဲ့စိတ်ဆန္ဒ၊ စစ်မှန်ပြီး သစ္စာရှိတဲ့စိတ်နှလုံးနဲ့၊ ကိုယ်တော်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းရာမှာ အစွမ်းကုန်လုံ့လရှိဖို့နဲ့၊ ကျွန်တော်တို့ရဲ့ဆန္ဒကို သူ့အလိုတော်အတိုင်းလိုက်လျောညီထွေဖြစ်စေဖို့ လိုအပ်ပါတယ်။
မထိန်းချုပ်နိုင်တဲ့အခြေအနေတွေကြောင့် ကျွန်တော်တို့ရဲ့ ထက်သန်တဲ့ကြိုးစားမှုတွေက မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့အခါ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ရဲ့စိတ်ဆန္ဒတွေကို ထိုက်တန်တဲ့ပူဇော်သက္ကာအဖြစ် လက်ခံနေဆဲဖြစ်ပါတယ်။ ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်က သွန်သင်ခဲ့ပါတယ်၊ “ပြင်ပအခြေအနေတချို့ကြောင့် ကျွန်တော်တို့ရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ရင်တောင်၊ ကျွန်တော်တို့ရဲ့ နှလုံးသားမှ ဖြောင့်မတ်တဲ့စိတ်ဆန္ဒတွေအတွက် ကောင်းချီးပေးခံရပါလိမ့်မယ်။”
ပရောဖက်ဂျိုးဇက်စမစ်ဟာ မဖြစ်မနေလိုအပ်တဲ့ ဧဝံဂေလိဘိသိက်မင်္ဂလာတွေကိုမရရှိဘဲ ကွယ်လွန်သွားခဲ့တဲ့ သူ့အစ်ကို အယ်လဗင်ကို စိတ်ပူခဲ့တဲ့အခါမှာ၊ သူက ဒီနှစ်သိမ့်ခြင်းဗျာဒိတ်တော်ကို လက်ခံရရှိခဲ့ပါတယ်၊ “ယခုအချိန်မှစ၍၊ [ဧဝံဂေလိတရားတော်] အကြောင်း အသိပညာမရှိဘဲသေမည့်သူများ၊ ထိုတရားတော်ကို သူတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရရှိလိုခဲ့သည့်သူများ အားလုံးတို့သည် [ဘုရားသခင်၏ဆီလက်ရှယ်လ်နိုင်ငံတော်၏] အမွေခံသူများ ဖြစ်လိမ့်မည်”။ ကိုယ်တော်ကထပ်ပြီးမိန့်ခဲ့ပါတယ်၊ “အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသောလူသားတို့ကို သူတို့၏ အကျင့်များအတိုင်း၊ သူတို့စိတ်နှလုံး၏အလိုဆန္ဒများအတိုင်း တရားစီရင်တော်မူမည်။”
ကိုယ်တော်ရှင်အတွက် အရေးကြီးတာက ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိ မရှိ ဆိုတာတင်မက ကယ်တင်ရှင်ဖြစ်တဲ့ သူ့နောက်လိုက်ဖို့ ကျွန်တော်တို့ စွမ်းအားရှိသမျှလုပ်ဆောင်ဖို့လိုလားခြင်းရှိ မရှိလည်းပါဝင်ပါတယ်။
စစ်မှန်တဲ့ဆုတောင်းခြင်းတွေနဲ့ အမှုတော်ဆောင်ဖို့ထက်သန်တဲ့ဆန္ဒရှိခဲ့ပေမယ့် ကျန်းမာရေးကိစ္စကြောင့် စောစီးစွာတာဝန်နားလိုက်ရတဲ့၊ ငယ်ရွယ်တဲ့သာသနာပြုတစ်ယောက်ကို တစ်ချိန်က မိတ်ဆွေတစ်ဦးက နှစ်သိမ့်ပေးခဲ့ဖူးပါတယ်။ အဲဒီမိတ်ဆွေက ကျမ်းစာတစ်ပိုဒ်ကို ဝေငှခဲ့ပြီး အဲဒီထဲမှာ ကိုယ်တော်ရှင်ကြေညာထားတာကတော့၊ ဘုရားသခင်၏သားသမီးများသည် သူ၏ပညတ်တော်များကိုလိုက်နာရန် “သူတို့၏အစွမ်းသတ္တိရှိသမျှ” နှင့် “သူတို့ရဲ့လုံ့လဝီရိယကိုလည်းရပ်တန့်ခြင်းမရှိကြ၊” “သူတို့၏ရန်သူများ [ကျွန်ုပ်တို့၏အသက်တာများ၌ ဆိုးကျိုးပေးသောအခြေအနေများသည်]…ထိုအမှုကိုဆောင်ရွက်ခြင်းမှ ဆီးတားကြလျှင်၊ ရှု့လော့ ငါ့အဖို့ ထိုအမှုကို ထိုလူသားတို့လက်မှမတောင်းဆိုတော့ရန် ငါ့၌အကြောင်းရှိ၏၊ သို့ရာတွင် သူတို့၏ပူဇော်သက္ကာများကို လက်ခံ၏။”
သူဟာ အမှုတော်ဆောင်ဖို့တာဝန်ကိုလက်ခံပြီး အစွမ်းကုန်ပေးဆပ်ခဲ့ကြောင်း ဘုရားသခင်သိတယ်ဆိုတာ ကျွန်တော့်မိတ်ဆွေက အဲဒီလူငယ်ကိုသက်သေခံခဲ့ပါတယ်။ ကိုယ်တော်ရှင်က သူ့ရဲ့ပူဇော်သက္ကာကိုလက်ခံပြီး သစ္စာရှိတဲ့သာသနာပြုတွေကို ကတိတော်ပေးထားတဲ့ကောင်းချီးတွေကို ထိန်ချန်ထားမှာမဟုတ်တဲ့အကြောင်း အခိုင်အမာပြောခဲ့ပါတယ်။
ကိုယ်တော်ရှင်ရဲ့ အစားထိုးပြန်ပေးတဲ့ကောင်းချီးမင်္ဂလာတွေက ကျွန်တော်တို့ကိုယ်တိုင် မလုပ်နိုင်တဲ့အရာတွေကို ပြီးမြောက်အောက်ကူညီပေးတဲ့ တခြားသူများရဲ့ ကြင်နာမှုနဲ့ အမှုတော်ဆောင်ခြင်းကနေ လာလေ့ရှိပါတယ်။ ပြင်သစ်မှာရှိတဲ့ ကျွန်တော်တို့သမီးတစ်ယောက်နဲ့ အဝေးမှာနေတုန်း၊ သူမ ခက်ခက်ခဲခဲမီးဖွားခဲ့ရပြီးတဲ့နောက်မှာ သူမကိုကူညီပေးဖို့ ကျွန်တော်တို့အကူအညီမဖြစ်ခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ အဲဒီအပတ်မှာပဲ ယုတမှာရှိတဲ့ ကျွန်တော်တို့အသင်းတော်စုက အမွှာလေးမွေးထားခါစမိခင်တစ်ယောက်အတွက် အကူအညီတောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဇနီးသည်၊ ဗယ်လာရီက၊ သူမအတွက် အစားအစာပို့ပြီး ကူညီပေးခဲ့ပါတယ်၊ အကူအညီလိုနေတဲ့ မိခင်အသစ်နဲ့ ကျွန်တော်တို့သမီးအတွက်လည်း သူမစိတ်နှလုံးထဲက ဆုတောင်းပေးခဲ့ပါတယ်။ မကြာခင်မှာပဲ၊ ပြင်သစ်က ကျွန်တော်တို့သမီးရဲ့အသင်းတော်စုက ညီအစ်မတွေက သူမမိသားစုအတွက် အစားအစာတွေကူညီပေးဖို့ စီစဉ်နေကြောင်းသိလိုက်ရပါတယ်။ ကျွန်တော်တို့အတွက်တော့၊ ကျွန်တော်တို့ရဲ့ဆုတောင်းတွေကို ဘုရားသခင်ကအဖြေပေးခဲ့ပြီး ကျွန်တော်တို့မတတ်နိုင်တဲ့အခါမှာ သူ့ရဲ့ကောင်းကင်တမန်တွေကိုလွှတ်ပြီး နှစ်သိမ့်စေလိုက်တာပါပဲ။
ကန့်သတ်ချက်တွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကောင်းချီးတွေကို မှတ်မိကြပါစေ—ကျွန်တော်တို့ရဲ့ဆုကျေးဇူးတွေ၊အထောက်အပံ့တွေနဲ့အချိန်တွေကို—လိုအပ်သူတွေအတွက် အစေခံဖို့ အသုံးချကြပါ။ အဲလိုလုပ်ခြင်းအားဖြင့်၊ ကျွန်တော်တို့က တခြားသူတွေကို ကောင်းချီးပေးရုံသာမက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အသက်တာထဲကို အနာကင်းခြင်းနဲ့ အစားထိုးပြန်ပေးခြင်းကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ အစားထိုးပြန်ပေးတဲ့ကောင်းချီးတွေမှာ ကျွန်တော်တို့ပါဝင်ဖို့ အစွမ်းထက်ဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ ကျွန်တော်တို့ဘိုးဘေးတွေအတွက်ပြုလုပ်တဲ့ တစ်ဆင့်ခံအမှုတော်တွေပဲဖြစ်ပါတယ်။ သူတို့ကိုယ်စားဘိသိက်မင်္ဂလာတွေကိုဆောင်ရွက်ရင်း၊ ကျွန်တော်တို့ ကိုယ်တော်ရှင်ရဲ့ မြင့်မြတ်တဲ့ကယ်တင်ခြင်းအမှုမှာ တက်ကြွစွာပါဝင်ကြပါတယ်၊ သူတို့ရဲ့ သေခြင်းရှိရာဘဝမှာ လက်ခံဖို့အခွင့်အရေးမရှိခဲ့တဲ့ ကောင်းချီးမင်္ဂလာတွေကိုပေးဖို့ ကျွန်တော်တို့ရဲ့ ဆုကျေးဇူးတွေနဲ့ စွမ်းရည်တွေကို အသုံးပြုကြပါတယ်။
သန့်ရှင်းသောဗိမာန်တော်တွေမှာ မေတ္တာဖြင့်အမှုတော်ထမ်းခြင်းအားဖြင့် ကယ်တင်ရှင်ရဲ့ ကျေးဇူးတော်ဟာ လက်ရှိအသက်တာထက်ကျော်လွန်ကြောင်း ကျွန်တော်တို့ကို အမှတ်ရစေပါတယ်။ ဒီသေခြင်းရှိရာဘဝမှာမလုပ်နိုင်တဲ့အရာတွေကို ပြီးမြောက်ဖို့ နောင်လာမယ့်အသက်တာမှာ ကျွန်တော်တို့ကို အခွင့်အလမ်းအသစ်တွေ ပေးနိုင်ပါတယ်။ ထာဝရလက်တွဲဖော်ရှာမတွေ့သေးတဲ့ ညီအစ်မတွေကို ဟောပြောတုန်းမှာ၊ ဥက္ကဋ္ဌ လော်ရန်ဇို စနိုးက မေတ္တာနဲ့ ပြောခဲ့ပါတယ်၊ “သစ္စာရှိတဲ့အသက်တာနဲ့နေထိုင်ပြီးသေဆုံးသွားတဲ့ နောက်ပိုင်းကာလသန့်ရှင်းသူတွေက သူသို့မဟုတ် သူမအတွက်အခွင့်အရေးမရခဲ့တဲ့ အရာတွေကိုမစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် တစ်ခုခုဆုံးရှုံးသွားတယ်ဆိုတာမရှိပါဘူး။ … ဒီအခွင့်အရေးရခဲ့တဲ့ အမျိုးသားဖြစ်စေ ဒါမှမဟုတ် အမျိုးသမီးဖြစ်စေ ရရှိမယ့် ကောင်းချီးမင်္ဂလာ၊ ချီးမြှောက်ခြင်း နဲ့ ဂုဏ်သရေတွေအားလုံးကို သူတို့ကလည်း ရကြပါလိမ့်မယ်။”
ဒီမျှော်လင့်ခြင်းနဲ့နှစ်သိမ့်ခြင်းသတင်းစကားက ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့၊ ကျွန်တော်တို့ အားလုံးအတွက်ဖြစ်ပါတယ်။ သေခြင်းရှိရာရဲ့ စိန်ခေါ်မှုတွေနဲ့ကန့်သတ်ချက်တွေကို ဘယ်သူမှမလွတ်မြောက်နိုင်ပါဘူး။ အဆုံးမှာတော့၊ ကျွန်တော်တို့အားလုံးဟာ ကိုယ့်ကိုယ်ကိုကယ်တင်ဖို့ မစွမ်းနိုင်တဲ့မွေးရာပါအားနည်းချက်နဲ့ မွေးဖွားလာကြတာဖြစ်ပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့မှာ ချစ်ခြင်းမေတ္တာပြည့်ဝတဲ့ကယ်တင်ရှင်ရှိပြီး၊ “ကျွန်တော်တို့သည် စွမ်းအားရှိသမျှ ဆောင်ရွက်ကြပြီးမှ၊ [ကိုယ်တော်၏]ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်ရသည်ကို သိကြပါတယ်။”
များစွာသောအခြေအနေတွေကို ကျွန်တော်တို့မထိန်းချုပ်နိုင်ပေမယ့်၊ ကိုယ်တော်ရှင်ရဲ့ အဆုံးမရှိတဲ့ကောင်းချီးမင်္ဂလာတွေကို လက်လှမ်းမမီတဲ့သူမရှိဘူးဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးကို ကိုယ်တော့်ထံဆပ်ကပ်ကြတဲ့အခါ၊ ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းယဇ်အားဖြင့်၊ မစွမ်းဆောင်နိုင်မှုနဲ့ မတရားမှုတိုင်းအတွက် အစားထိုးပြန်ပေးမှာဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။