အထွေထွေညီလာခံ
ဒုတိယအကြိမ်သွေးဆောင်ဖြားယောင်းခြင်းကို သတိပြုကြလော့
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


11:36

ဒုတိယအကြိမ်သွေးဆောင်ဖြားယောင်းခြင်းကို သတိပြုကြလော့

သင့်ကိုချစ်ပြီး ထောက်ပံ့ပေးမယ့်သူတွေဆီကနေ မပုန်းကွယ်လိုက်ပါနဲ့၊ အဲဒီအစား သူတို့ဆီပြေးသွားလိုက်ပါ။

လွန်ခဲ့သောနှစ်အနည်းငယ်က၊ ကျွန်တော်အသက်၁၂နှစ်ပြည့်ချိန်မှာ၊ ကျွန်တော့်ရဲ့ပထမဆုံးအာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ ညအိပ်စခန်းကိုတက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ ဒါဟာ ကြာမြင့်စွာစောင့်မျှော်ခဲ့ရတဲ့ဖိတ်ကြားချက်တစ်ခုဖြစ်ပါတယ်၊ ကျွန်တော့်အဖေက အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် သူမကြာခဏ အသင်းတော်ရှိ ‌ယောက်ျားလေးတွေနဲ့အတူ စခန်းချဖို့ထွက်ခဲ့တဲ့အခါ ကျွန်တော်အိမ်မှာကျန်ရစ်ခဲ့ရပါတယ်။

အချိန်ကျရောက်လာတဲ့အခါ ကျွန်တော်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ပြီးတော့ အသက်ပိုကြီးတဲ့ယောက်ျားလေးတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကျွန်တော်အသည်းအသန်လိုချင်ခဲ့တယ်ဆိုတာ ကျွန်တော်ဝန်ခံရပါမယ်။ ကျွန်တော့်ကို သူတို့လက်ခံနိုင်ဖို့ သက်သေပြမယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲဒီအားထုတ်မှုမှာ သိပ်မကြာခင်မှာပဲ အုပ်စုထဲပါဝင်ပြီး လိုက်လုပ်မလားဆိုတာကို စစ်ကြည့်ဖို့ ကျွန်တော့်ကိုစမ်းသပ်ခဲ့ကြပါတယ်။

ကျွန်တော့်ကိုတာဝန်ပေးတဲ့အလုပ်က ကျွန်တော့်အဖေရဲ့ကားသော့တွေကိုယူဖို့ဖြစ်ပါတယ်၊ ဒါမှ ခေါင်းဆောင်တွေအပေါ်နောက်ပြောင်မှုတစ်ခု လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်အဖေကို စည်းရုံးဖို့ ကျွန်တော်ဘာပြောခဲ့လဲဆိုတာ‌ အတိအကျမမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော့်ရဲ့အောင်မြင်မှုကိုဂုဏ်ယူစွာနဲ့ လက်ထဲမှာသော့တွေကိုကိုင်ပြီး ယောက်ျားလေးအုပ်စုဆီပြေးသွားခဲ့ပါတယ်။

အဲ့ဒီနောက် နောက်ထပ်အလုပ်ရလာခဲ့ပါတယ်။ ကျွန်တော်က ကားတံခါးကိုသော့ဖွင့်ပြီး ယာဉ်မောင်းရဲ့ထိုင်ခုံနောက်ကျောနဲ့ ကားဟွန်းကြားထဲမှာ တုတ်တစ်ချောင်းညှပ်ထားဖို့လိုပါတယ်။ ပြီးတော့ ကျွန်တော်တံခါးကိုပိတ်လိုက်တဲ့အခါမှာ ဟွန်းသံက ညနေအထိ ကျယ်လောင်စွာမြည်နေလိမ့်မှာဖြစ်ပြီး အဲဒီဆိုးရွားတဲ့တုတ်ကို ဖယ်ရှားဖို့ ခေါင်းဆောင်တွေအနေနဲ့ ဘယ်နည်းနဲ့မှကားထဲဝင်လို့မရဖို့ဖြစ်ပါတယ်။

အခု၊ ဒီနေရာမှာ ကျွန်တော့်အတွက် နာကျင်စွာရှက်ဖို့ကောင်းတဲ့ဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တုတ်ချောင်းကို အဲဒီနေရာမှာသေချာထားပြီးတဲ့အခါ၊ တံခါးကိုပိတ်လိုက်ပြီး အနီးနားကချုံတွေမှာပုန်းကွယ်ဖို့ တတ်နိုင်သလောက်မြန်မြန်ပြေးခဲ့ပါတယ်။ ကျွန်တော်မြေပြင်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တဲ့အခါ၊ ပူလောင်တဲ့နာကျင်မှုတစ်ခုကို ခံစားခဲ့ရပါတယ်။ အမှောင်ထဲမှာ အလောတကြီးနဲ့၊ ကျွန်တော်ဟာ ဆူးများတဲ့ရှားစောင်းပင်တစ်ပင်ပေါ် ထိုင်ချမိခဲ့ပါတယ်။

ဆူးများတဲ့ရှားစောင်းပင်ပါ။

ကျွန်တော့်ရဲ့နာကျင်တဲ့အော်သံတွေကို ကျယ်လောင်တဲ့ဟွန်းသံကဖုံးလွှမ်းခဲ့ပြီး၊ ကားဆီကို ကိုးရိုးကားရား ထော့နင်းထော့နင်းပြန်လာတာကလွဲလို့ တခြားနည်းလမ်းမရှိတော့ပါဘူး၊ ကျွန်တော့်ရဲ့ “အပြစ်တွေ”ကို ဝန်ခံရင်း၊ အခြေခံကျပြီး ရှက်စရာကောင်းတဲ့ ဆေးကုသမှုကိုတောင်းခံခဲ့ရပါတယ်။

အဲဒီညရဲ့ ကျန်တဲ့အချိန်တွေမှာတော့၊ တဲထဲမှာကျွန်တော်ဟာဝမ်းလျားမှောက်နေရပြီး အဖေက ပလာယာတွေကို သုံးပြီး ရှားစောင်းပင်ရဲ့ဆူးတွေကို အဲဒီနေရာကနေ ဖယ်ရှားပေးခဲ့ပါတယ်၊ တစ်ကယ်တော့၊ နောက်ပိုင်း ရက်တော်တော်ကြာကြာ ကျွန်တော်သက်သောင့်သက်သာနဲ့ … မထိုင်နိုင်ခဲ့ဘူးလို့ပဲ ကျွန်တော်ပြောပါရစေ။

အဲဒီအတွေ့အကြုံအပေါ် ကျွန်တော်အကြိမ်များစွာ ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ငုတ်ကွယ်နေတဲ့အခြေခံသဘောတရားအချို့က ကျွန်တော့်အတွက် ရှင်းလင်းလာတာနဲ့အမျှ၊ ကျွန်တော်ရဲ့ငယ်ရွယ်ချိန်မိုက်မဲမှုကို အခုတော့ ရီနိုင်ပါပြီ။

လူသားအပြုအမူရဲ့ ပုံစံအမျိုးမျိုးက ဇာ​တိ​ပ​က​တိ​လူတွေမှာတွေ့နေကျပုံမျိုးပဲဖြစ်ပါတယ်—လိုက်လျောညီထွေချင်တဲ့ဆန္ဒ၊ မိမိကိုယ်ကို လုပ်နိုင်ကြောင်းသက်သေပြချင်တဲ့ဆန္ဒ၊ အပယ်ခံရမှာကိုကြောက်ပြီး အကျိုးဆက်တွေကိုရှောင်ရှားဖို့အတွက် ပုန်းကွယ်ဖို့ မဖြစ်မနေလုပ်ရန် လိုအပ်နေတာတွေပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်အာရုံစိုက်မှာက၊ ကျွန်တော်တို့မလုပ်သင့်တဲ့အရာကိုလုပ်ပြီးပုန်းကွယ်တတ်တဲ့ ဒီနောက်ဆုံးအပြုအမူပဲဖြစ်ပါတယ်။

အခု၊ ကျွန်တော့်ရဲ့ကလေးဆန်တဲ့နောက်ပြောင်မှုကို ဝမ်းနည်းကြေကွဲဖွယ်အပြစ်နဲ့ တန်းညှိနေတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လူ့ဇာတိဘဝမှာ စမ်းသပ်ခံရတာနဲ့အမျှ အသုံးဝင်ကြောင်းသက်သေပြနိုင်တဲ့ တူညီမှုတချို့ကို ကျွန်တော်တို့ဆွဲထုတ်နိုင်ပါတယ်။

ဧဒင်ဥယျာဉ်ထဲက၊ အာဒံနဲ့ဧဝတို့မှာ ချမ်းမြေ့ဖွယ်အခြေအနေတစ်ခုဖြစ်တဲ့—အစာရေစာပေါများမှု၊ နှိုင်းယှဥ်လို့မရနိုင်တဲ့ဥယျာဉ်ရဲ့လှပမှု—လှပတဲ့ဥယျာဉ်သာမက ပေါင်းပင်တွေ၊ ဆူးပင်တွေမရှိတဲ့ဥယျာဉ်တစ်ခုလည်း ရှိခဲ့ကြပါတယ်။

သို့သော်လည်း၊ ဥယျာဉ်ထဲကဘဝက သူတို့လိုအပ်တဲ့တိုးတက်မှုကို ကန့်သတ်ခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဥယျာဉ်က နောက်ဆုံးခရီးပန်းတိုင် မဟုတ်ပါဘူး၊ စမ်းသပ်မှုများစွာထဲက ပထမတစ်ခုသာ ဖြစ်ပါတယ်၊ အဲဒါက သူတို့ သက်သေပြဖို့၊ ပြင်ဆင်ဖို့နဲ့၊ ခမည်းတော်နဲ့သားတော်ရဲ့ မျက်မှောက်တော်ထံ ပြန်သွားနိုင်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်ဆီသို့ တိုးတက်နိုင်ဖို့ အခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဥယျာဉ်မှာ ဆန့်ကျင်ခြင်းရှိခဲ့ကြောင်း သင်မှတ်မိပါလိမ့်မယ်။ အာဒံနဲ့ဧဝကို စမ်းသပ်ဖို့ လူစီဖာကိုခွင့်ပြုခဲ့ပါတယ်။ သူက အကောင်းနှင့်အဆိုးကို သိကျွမ်းရာအပင်ရဲ့အသီးကိုသုံးဆောင်ဖို့ အာဒံကို ပထမဆုံးသွေးဆောင်ဖြားယောင်းခဲ့ပါတယ်။ ၎င်းကိုမသုံးဆောင်ဖို့ ပညတ်တော်ကို သတိရပြီး၊ အာဒံက တွန်းလှန်ခဲ့ပါတယ်။ အဲ့နောက်မှာ အသီးကို သုံးဆောင်ဖို့ရွေးချယ်ခဲ့တဲ့ ကောင်းချီးခံဧဝရောက်လာခဲ့ပြီး အာဒံကို အလားတူပြုလုပ်ဖို့ စည်းရုံးခဲ့ပါတယ်။

နောက်ပိုင်းမှာ၊ အာဒံနဲ့ဧဝက ဒီဆုံးဖြတ်ချက်ဟာ ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်ကို ပြည့်စုံစေဖို့လိုအပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အသီးကိုသုံးဆောင်ခြင်းအားဖြင့်၊ အဘထံမှသူတို့ကိုတိုက်ရိုက်ပေးခဲ့တဲ့ ဥပဒေကို သူတို့ဖောက်ဖျက်ခဲ့ကြပါတယ်။ ဥယျာဉ်ဆီသူပြန်လာကြောင်းအသိပေးတဲ့ ခမည်းတော်ရဲ့အသံကို သူတို့ကြားတဲ့အခါ အကောင်းနှင့်အဆိုးကို လေးလေးနက်နက်နားလည်ခြင်းနဲ့ အကျိုးဆက်ရလဒ်က သူတို့ကို ပြင်းစွာသောဝေဒနာ၌ ကျန်နေရစ်စေခဲ့ပါတယ်။ သူတို့ဟာအပြစ်ကင်းတဲ့အနေအထားတစ်ခုမှာ၊ အဝတ်မရှိဘဲ အမှန်တကယ်နေထိုင်ခဲ့ကြတဲ့အတွက်၊သူတို့အဝတ်မရှိကြကြောင်း သတိထားမိခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လွန်ကျူးခြင်းကြောင့် အခုသူတို့ဖော်ထုတ်ခံရတာက၊ အဲဒီအခိုက်အတန့်မှာ သူတို့အဝတ်မရှိခြင်းထက် ပိုနာကျင်ကောင်းနာကျင်နိုင်ပါတယ်။ သူတို့ဟာ ခိုကိုးရာမဲ့ဖြစ်ပြီး ခုခံနိုင်စွမ်းမရှိခဲ့ကြပါဘူး။ သူတို့ဟာ လောကရဲ့သဘောတရားတိုင်းမှာ ဗလာနတ္ထိဖြစ်နေခဲ့ကြပါတယ်။

အခွင့်ကောင်းအမြဲရှာနေတဲ့ လူစီဖာက၊ သူတို့ရဲ့ဖော်ထုတ်ခံရခြင်းနဲ့ အားနည်းတဲ့ အနေအထားကိုသိပြီး၊ နောက်ထပ်တစ်ကြိမ်သူတို့ကို သွေးဆောင်ဖြားယောင်းခဲ့ပါတယ်၊ ဒီတစ်ကြိမ်မှာတော့ ဘုရားသခင်ထံမှ ပုန်းကွယ်ဖို့ဖြစ်ပါတယ်။

ဒီသွေးဆောင်ဖြားယောင်းခြင်းကို—“ဒုတိယအကြိမ်သွေးဆောင်ဖြားယောင်းခြင်း”လို့ ကျွန်တော်ခေါ်ပါမယ်—ကျွန်တော်တို့ အရှုံးပေးလိုက်ရင် အကြီးမားဆုံးအကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်တဲ့ သွေးဆောင်ဖြားယောင်းခြင်းဖြစ်ပါတယ်။ သေချာတာက၊ ဘုရားသခင်ရဲ့ဥပဒေကိုချိုးဖောက်ဖို့ ပထမအကြိမ် သွေးဆောင်ဖြားယောင်းခြင်းတွေ အားလုံးကို ရှောင်ရှားဖို့ကအကောင်းဆုံးဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကမ္ဘာမြေပေါ်မှာ ပထမအကြိမ်သွေးဆောင်ဖြားယောင်းခြင်းအမျိုးမျိုးကို အားလုံးက အရှုံးပေးမိမယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ရဲ့ ရင့်ကျက်ခြင်းနဲ့နားလည်ခြင်းတိုးတက်လာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင် ယေရှုခရစ်တော်ကဲ့သို့ ပိုပြီးဖြစ်လာဖို့ကြိုးပမ်းကြတဲ့အခါ၊ ပထမအကြိမ်သွေးဆောင်ဖြားယောင်းခြင်းတွေကို ရှောင်ရှားဖို့ ခွန်အားက အဆက်မပြတ်တိုးတက်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

တချို့က ဘုရားသခင်ထံမှပုန်းကွယ်ဖို့အားထုတ်ကြပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ကိုရှာဖွေတွေ့ရှိတာ သို့မဟုတ် ဖော်ထုတ်ခံရတာကို မလိုလားကြလို့ဖြစ်ပြီး ရှက်ခြင်း သို့မဟုတ် အပြစ်ရှိခြင်းတို့ကို သူတို့ခံစားရလို့ဖြစ်ပါတယ်။ သို့သော်လည်း၊ များပြားလှတဲ့ကျမ်းစာတွေက ဘုရားသခင်ထံမှပုန်းကွယ်ခြင်းဟာ မဖြစ်နိုင်ကြောင်း ကျွန်တော်တို့ကို သွန်သင်ပါတယ်။ အနည်းငယ်ပဲ ကျွန်တော်ဝေငှပါမယ်၊

ကိုယ်တော်ရှင်က ယေရမိကို အောက်ပါမေးခွန်းတွေအားဖြင့် သွန်သင်ပါတယ်၊ “ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော”​

ပြီးတော့ ယောဘကို သွန်သင်ပါတယ်၊

“အ​ကြောင်း​မူ​ကား၊ လူ​သွား​ရာ​လမ်း​တို့​ကို ဘု​ရား​သ​ခင်​ကြည့်​ရှု၍၊ လူ​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။

“​မတ​ရား​သ​ဖြင့် ကျင့်​သော​သူ၏​ပုန်း​ရှောင်​ရာ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။”

ဆာလံဆရာ ဒါဝိဒ်က ကဗျာအဆန်ဆုံးနဲ့ ကြွေးကြော်လိုက်ပါတယ်၊

“အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။

“အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။

“အ​ကျွန်ုပ်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​မြွက်​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကြွင်း​မဲ့ သိ​တော်​မူ၏။

“ဝိ​ညာဉ်​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ မျက်​နှာ​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ ပြေး​နိုင်​ပါ​မည်​နည်း။

“ကောင်း​ကင်​သို့​တက်​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၌ အိပ်​ရာ​ကို​ခင်း​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။”

ပြောင်းလဲလာသူအသစ်များ

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ကို မကြာသေးမီက ပါဝင်လာသူတွေအတွက်၊ ဒုတိယအကြိမ်သွေးဆောင်ဖြားယောင်းခြင်းက အထူးသဖြင့် စိန်ခေါ်မှုဖြစ်ပုံပေါ်နိုင်ပါတယ်။ သင်တို့ရဲ့ဗတ္တိဇံအားဖြင့် သင်တို့ဟာ ယေရှုခရစ်တော်ရဲ့နာမတော်ကို သင်တို့အပေါ်မှာ ခံယူဖို့ ပဋိညာဥ်ပြုခဲ့ကြပါတယ်၊ ၎င်းမှာ တော်တော်များများအတွက်တော့ ပြောင်းလဲဖို့လိုအပ်တဲ့ လူနေမှုပုံစံပါဝင်ပါတယ်။ လူတစ်ဦးရဲ့လူနေမှုပုံစံကို ပြောင်းလဲခြင်းကမလွယ်ကူပါဘူး။ အကျင့်တွေ၊ အလေ့အထတွေနဲ့ သင်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဆီသို့ တိုးတက်လာဖို့ ဆက်နွယ်နေတဲ့သူတွေကိုတောင် ပြောင်းလဲဖို့ မကြာခဏ သင့်ကိုလိုအပ်ပါတယ်။

မာရ်နတ်က သူ့ရဲ့ပါးနပ်တဲ့တိုက်ခိုက်မှုတွေမှာ သင်ဟာခုခံနိုင်မှု ရှိကောင်းရှိလိမ့်မှာ မဟုတ်ကြောင်းသိပါတယ်။ များစွာသောနည်းလမ်းတွေနဲ့ သင့်ကိုမကျေမနပ်ကျန်ရစ်စေခဲ့တဲ့၊ သင့်ရဲ့ပြီးခဲ့တဲ့ဘဝကို အခုတော့ လက်တွေ့မကျတဲ့ဆွဲဆောင်မှုရှိပုံပေါ်အောင် သူလုပ်ပါလိမ့်မယ်။ အပြစ်တင်သောရန်သူလို့၊ ဗျာဒိတ်ကျမ်းထဲမှာသူ့ကိုခေါ်တဲ့အတိုင်း၊ သူက “သင့်ဘဝကိုပြောင်းလဲဖို့ သင်ဟာသန်စွမ်းမှုအလုံအလောက်မရှိဘူး၊ ဒါကိုသင်မလုပ်နိုင်ဘူး၊ ဒီလူတွေနဲ့သင်မသက်ဆိုင်ပါဘူး၊ သူတို့ကသင့်ကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူး၊ သင်ဟာအရမ်းအားနည်းလွန်းတယ်” လို့ ထင်ရတဲ့ အတွေးတွေနဲ့ သင့်ကို သွေးဆောင်ဖြားယောင်းပါလိမ့်မယ်။

ဒီအတွေးတွေက ပဋိညာဥ်လမ်းကြောင်းပေါ် အသစ်စက်စက်နေရာယူလာတဲ့ သင်တို့အတွက် မှန်သယောင်ပုံပေါ်လာရင်၊ အ​ပြစ်​တင်​တဲ့​ရန်​သူရဲ့အသံကို အရေးမစိုက်ဖို့ ကျွန်တော်တို့ သင့်ကို တောင်းဆိုပါတယ်။ ကျွန်တော်တို့ သင်တို့ကိုချစ်ပါတယ်၊ သင်တို့လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ သင်တို့ကိုလက်ခံပါတယ်၊ ကယ်တင်ရှင်နဲ့အတူ အရာအားလုံးကိုလုပ်ဆောင်ဖို့ သင်တို့မှာ ခွန်အားရှိပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့မေတ္တာနဲ့အထောက်အပံ့ကို သင်တို့အလိုအပ်ဆုံးအချိန်မှာ၊ သင့်ရဲ့အရင်ကလူနေမှုပုံစံကို သင်ပြန်သွားတယ်ဆိုရင် ကျွန်တော်တို့က သင်တို့ကိုငြင်းပယ်လိမ့်မယ်ဆိုတဲ့အတွေးထဲမှာ လှည့်စားမခံပါနဲ့။ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာရဲ့ အတုမရှိတဲ့တန်ခိုးတော်အားဖြင့်၊ သင့်​အ​နာ​ကိုတဖန်ငြိမ်း​စေ​နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ထံမှ သင်ပုန်းကွယ်ပြီး သင်အသစ်ရှာဖွေတွေ့ရှိထားတဲ့ ယုံကြည်ခြင်းအသိုင်းအဝိုင်းကနေ သင့်ကိုယ်သင် ကွာဝေးစေတယ်ဆိုရင်၊ သင့်ကို ကျော်လွှားဖို့ ခွန်အားပေးနိုင်လိမ့်မယ့် တကယ့်အရင်းအမြစ်မှ သင့်ကိုယ်သင်ကွာဝေးစေတာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ချစ်ရတဲ့မိတ်ဆွေတစ်ဦးက၊ မကြာသေးခင်ကပြောင်းလဲလာသူတစ်ဦးဖြစ်ပြီး၊ တစ်ကိုယ်တည်း ယုံကြည်ခြင်းကိုတည်တံ့စေဖို့ ဘယ်လောက်ခက်ခဲကြောင်းဝေငှခဲ့ပါတယ်။ အထောက်အပံ့ပေးတဲ့အသိုင်းအဝိုင်းတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်လာပြီး ဆက်လက်တည်ရှိနေခြင်းမှာ ကြီးမားတဲ့ခွန်အားရှိပါတယ်—ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ မေတ္တာအားဖြင့် ကောင်းချီးခံရနေစဉ်မှာ အားလုံးဟာ ချောချောမွေ့မွေ့မရှိနိုင်ပေမယ့် တိုးတက်မှုရှိကြပါတယ်။

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က သွန်သင်ခဲ့ပါတယ်၊ “လောကကို အောင်နိုင်ခြင်းဟာ တစ်ရက် နှစ်ရက်အတွင်းမှာ ဖြစ်တဲ့ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ အဲဒါဟာ ကျွန်တော်တို့ ခရစ်တော်ရဲ့ ဩဝါဒကို ထပ်ခါထပ်ခါထွေးပွေ့ကြတာနဲ့အမျှ ဘဝတစ်လျှောက်လုံးမှာ ဖြစ်ပျက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နေ့စဉ်နောင်တရခြင်း၊ တန်ခိုးနဲ့အတူ ကျွန်တော်တို့ကို အပ်နှင်းထားတဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းခြင်းအားဖြင့် ခရစ်တော်၌ ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ကြပါတယ်။ ကျွန်တော်တို့ဟာ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှိကြပြီး၊ ဝိညာဉ်ပကတိခွန်အား၊ ကိုယ်ပိုင်ဗျာဒိတ်တော်၊ ယုံကြည်ခြင်းတိုးခြင်း၊ ကောင်းကင်တမန်များအမှုဆောင်ခြင်းတို့နဲ့ ကောင်းချီးခံစားကြရပါတယ်။”

သင်ဟာ ကိုယ်ခန္ဓာဒဏ်ရာတစ်ခုရပါက၊ သင့်လျော်တဲ့ဆေးကုသမှုကို မတောင်းခံဘူးဆိုရင် သင့်အခြေအနေက ဆိုးရွားလာပြီးအသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါဟာ ဝိညာဉ်ရေးရာဒဏ်ရာတွေအတွက်လည်း မှန်ကန်ပါတယ်။ မကုသဘဲထားတဲ့ ဝိညာဉ်ရေးရာဒဏ်ရာတွေသာလျှင်၊ သင့်ရဲ့ထာဝရကယ်တင်ခြင်းကို ခြိမ်းခြောက်နိုင်ပါတယ်။ သင့်ကိုချစ်ပြီး ထောက်ပံ့ပေးမယ့်သူတွေဆီကနေ မပုန်းကွယ်လိုက်ပါနဲ့၊ အဲဒီအစား သူတို့ဆီပြေးသွားလိုက်ပါ။ ကောင်းတဲ့သင်းအုပ်တွေ၊ အသင်းတော်ခွဲဥက္ကဋ္ဌတွေနဲ့ ခေါင်းဆောင်တွေက ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာရဲ့ အနာကင်းစေတဲ့တန်ခိုးတော်ကို သင်ရရှိနိုင်ဖို့ ကူညီနိုင်ပါတယ်။

ပုန်းကွယ်ခြင်းမှာရှိနေနိုင်တဲ့သူများခင်ဗျာ၊ ပြန်လာဖို့ ကျွန်တော်တို့ အနူးအညွတ်ပန်ကြားပါတယ်။ ဧဝံဂေလိတရားတော်နဲ့ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက ကမ်းလှမ်းတဲ့အရာကို သင်လိုအပ်ပြီး၊ သင်ကမ်းလှမ်းနိုင်တဲ့အရာကို ကျွန်တော်တို့လိုအပ်ပါတယ်။ သင့်ရဲ့အပြစ်တွေကို ဘုရားသခင်ကသိပါတယ်၊ သူ့ဆီကနေ သင်မပုန်းကွယ်နိုင်ပါဘူး။ ကိုယ်တော့်ရှေ့မှာ သင့်ကိုယ်သင် ပြန်လည်ညှိနှိုင်းပါ။

ကိုယ်တော့်ရဲ့သန့်ရှင်းသူတွေအနေနဲ့၊ ကျွန်တော်တို့တစ်ဦးချင်းစီက ချစ်ခင်၊ လက်ခံပေးကြပြီး ကိုယ်တော့်လမ်းကြောင်းတစ်လျှောက်မှာ တိုးတက်ဖို့ ဆန္ဒရှိသူအားလုံးကို အားပေးတတ်တဲ့ အသင်းတော်နဲ့သက်ဆိုင်တဲ့ဓလေ့တစ်ခုကိုမွေးမြူကြရပါမယ်။

ဒီဒုတိယအကြိမ်သွေးဆောင်ဖြားယောင်းခြင်းကို သတိပြုကြပါ။ ရှေးခေတ်နဲ့ မျက်မှောက်ခေတ်နှစ်ခုလုံးမှ ပရောဖက်တွေရဲ့ အကြံပြုချက်ကိုလိုက်လျှောက်ပြီး ချစ်ရတဲ့ခမည်းတော်ထံမှ သင်မပုန်းကွယ်နိုင်ဘူးဆိုတာကိုသိရှိပါ။

အဲဒီအစား၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းရဲ့အနာကင်းစေတဲ့အံ့ဖွယ်တန်ခိုးတော်ကို သင်ကိုယ်တိုင်အသုံးချပါ။ ဒါဟာ “အမျိုးမျိုးသော အနာရောဂါ​ဝေဒနာများ ဖြစ်လေ့ရှိ”တဲ့ အားနည်းပြီး သေခြင်းရှိရာကိုယ်ခန္ဓာတစ်ခုရရှိဖို့ ကျွန်တော်တို့ဖြစ်တည်ခြင်းရဲ့ တကယ့်ရည်ရွယ်ချက် ဖြစ်ပါတယ်—ဝမ်းနည်းစွာပဲ များစွာသော ပထမအကြိမ်သွေးဆောင်ဖြားယောင်းမှုတွေကို ကျွန်တော်တို့ အရှုံးပေးမိကြပါလိမ့်မယ်၊ ဒီသွေးဆောင်ဖြားယောင်းမှုတွေပေါ်မှာကျရှုံးပြီး၊ မြင့်မြတ်တဲ့အကူအညီကို ရှာဖွေကြပြီးတဲ့နောက်မှာတောင်မှ ကျွန်တော်တို့ တိုးတက်နိုင်ကြပါသေးတယ်၊ သို့မှသာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့ ကောင်းကင်ဘုံရှိအဘကဲ့သို့ ပိုပြီးဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကိုယ်တော့်နည်းလမ်းဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒီသမ္မာတရားတွေကို ယေရှုခရစ်တော်၏နာမတော်၌ ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှု မောရှေ ၅:၁၀-၁၁

  2. ရှု မောရှေ ၄:၁၃-၁၇

  3. ယေရမိအနာဂတ္တိကျမ်း ၂၃:၂၄

  4. ယောဘဝထ္ထု ၃၄:၂၁-၂၂

  5. ဆာလံကျမ်း ၁၃၉:၁-၂၊ ၄၊ ၇-၈

  6. ရှု ဗျာဒိတ်ကျမ်း ၁၂:၁၀

  7. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့၊” လီယာဟိုနာ၊ နို၊၂၀၂၂၊ ၉၇။

  8. မောဇိယ ၂:၁၁

  9. ရှု ၂ ပေတရု ၁:၂-၄