အထွေထွေညီလာခံ
သင်၏နောင်တရခြင်းသည် ယေရှုခရစ်တော်အား ဝန်မ‌လေးစေပါ၊ ၎င်းသည် ကိုယ်တော်၏ဝမ်းမြောက်ခြင်းအား တောက်ပစေ၏
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


11:44

သင်၏နောင်တရခြင်းသည် ယေရှုခရစ်တော်အား ဝန်မ‌လေးစေပါ၊ ၎င်းသည် ကိုယ်တော်၏ဝမ်းမြောက်ခြင်းအား တောက်ပစေ၏

နောင်တရဖို့ဖိတ်ခေါ်ခြင်းဟာ ဘုရားသခင်ရဲ့ချစ်ခြင်းကိုဖော်ပြခြင်းဖြစ်ပါတယ်။ ထိုဖိတ်ခေါ်ခြင်းကို လက်ခံခြင်းဟာ ကျွန်မတို့ရဲ့ချစ်ခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖလော်ရီဒါခရီးစဉ်တစ်ခုမှာ၊ ကျွန်မက အပြင်မှာ စာအုပ်ထိုင်ဖတ်နေခဲ့ပါတယ်။ စာအုပ်ရဲ့ခေါင်းစဉ်က ကျွန်မတို့က လက်ရှိမှာမပြည့်စုံပေမယ့်လည်း၊ ကောင်းကင်ဘုံကို‌ရောက်နိုင်သေးကြောင်း ပြောထားပါတယ်။ ဖြတ်လျှောက်သွားတဲ့အမျိုးသမီးတစ်ယောက်က၊ “ဒါဖြစ်နိုင်တယ်လို့ မင်းထင်လား”လို့မေးခဲ့ပါတယ်။

ကျွန်မ ခေါင်းမော့ကြည့်လိုက်ပြီး၊ တွေဝေသွားခဲ့ပါတယ်၊ နောက်ပြီး‌တော့မှ သူမက ကျွန်မဖတ်နေတဲ့စာအုပ်အကြောင်းပြောနေမှန်း သဘောပေါက်သွားခဲ့ပါတယ်။ ကျွန်မက “အင်း၊ ဒီစာအုပ်ကို သိပ်မဖတ်ရသေးပါဘူး၊ ဒါပေမဲ့ ဘယ်လိုပြီးသွားလဲ ပြောပြပါမယ်”လို့ ရယ်ချင်စဖွယ် ပြောခဲ့ပါတယ်။

အို၊ ကျွန်မ အချိန်နောက်ပြန်ခရီးသွားနိုင်ရင် သိပ်ကောင်းမှာပဲ။ ကျွန်မ သူ့ကို ပြောလိုက်မှာ၊ “ဟုတ်ကဲ့၊ ဖြစ်နိုင်တာ‌ပေါ့။ ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံက ပြည့်စုံတဲ့သူတွေအတွက်မဟုတ်ပါဘူး၊ ခရစ်တော်ကို ထပ်ခါထပ်ခါရွေးချယ်ပြီး ခွင့်လွှတ်ခံရသူတွေအတွက်ဖြစ်ပါတယ်။”

ဒီနေ့မှာ ကျွန်မက “နောင်တရခြင်းနဲ့ခွင့်လွှတ်ခြင်းက လူတိုင်းအတွက်အလုပ်ဖြစ်ပြီး ငါ့အတွက်အလုပ်မဖြစ်ဘူး”လို့၊ တစ်ခါတစ်ရံခံစားရတဲ့သူတွေကို စကားပြောချင်ပါတယ်။ “ငါက တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါလုပ်နေတာ၊ ငါ့ပုံစံက ဒီလိုပဲဖြစ်မယ်”လို့၊ ကိုယ့်ဘာသာတွေးနေတဲ့သူတွေ။ ကျွန်မလိုမျိုး၊ ပဋိညာဉ်လမ်းကြောင်းက အရမ်းမတ်စောက်နေပြီး၊ ပဋိညာဉ်တောင်တက်နေရသလိုခံစားရတဲ့၊ နေ့ရက်တွေကြုံနေရသူတွေကိုပါ စကားပြောချင်ပါတယ်။

ဖီဂျီနိုင်ငံကလာပြီး၊ ဩစတေးလျနိုင်ငံမှာ အစေခံနေတဲ့ နှစ်သက်ဖွယ်သာသနာပြုတစ်ဦးဖြစ်တဲ့ ၊ အယ်လ်ဒါ ဂင်းဂါ က သူ့ရဲ့နှုတ်ဆက်သက်သေခံချက်မှာ အလားတူခံစားချက်ကို ဝေငှခဲ့ပါတယ်၊ “ဘုရားသခင်က ကျွန်တော့်ကိုချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ တစ်ခါတစ်လေ ကျွန်တော်သိချင်မိပါတယ်၊ ‘ကျွန်တော် ဘုရားသခင်ကို ချစ်တာ ဘုရားသခင်ကသိပါရဲ့လား’ ဘာလို့လဲဆိုတော့ ကျွန်တော်ကမပြည့်စုံတဲ့အတွက်၊ အမှားတွေလုပ်နေတုန်းမို့လို့ပါ။”

အဲဒီနူးညံ့ပြီး စိတ်ထဲမှာကျန်နေတဲ့မေးခွန်းမှာ၊ အယ်လ်ဒါ ဂင်းဂါက ကျွန်မ မကြာခဏစိတ်ပူနေတဲ့အရာကို အတိအကျဖော်ပြလိုက်တာပါပဲ။ သင်လည်း သိချင်ပြီး စဉ်းစားကောင်းစဥ်းစားနေပါလိမ့်မယ်၊ “ငါက အရမ်းကြိုးစားပေမယ့်၊ ဘုရားသခင်က ငါတကယ်ကြိုးစားနေတာကို သိပါ့မလား။ ငါဆက်ပြီးကျရှုံးနေတဲ့အခါ၊ ဘုရားသခင်က ငါသူ့ကိုချစ်‌နေဆဲဆိုတာ သိပါ့မလား။”

ဒါကိုဝန်ခံရတာဝမ်းနည်းစရာပါ၊ ဒါပေမယ့် ကျွန်မ အရင်က ကယ်တင်ရှင်နဲ့ဆက်ဆံရေးကို ကျွန်မဘယ်လောက်ပြည့်စုံစွာနေထိုင်သလဲဆိုတာနဲ့ တိုင်းတာခဲ့ဖူးပါတယ်။ နာခံခြင်းရှိသောအသက်တာမှာ နောင်တရဖို့မလိုအပ်ဘူးလို့ ကျွန်မတွေးခဲ့ပါတယ်။ ပြီးတော့ ကျွန်မအမှားတွေနေ့တိုင်းလုပ်တဲ့အခါ၊ ကျွန်မကိုယ်ကျွန်မ ဘုရားသခင်နဲ့စည်းခြားလိုက်ပါတယ်၊ “ကိုယ်တော်က ငါ့ကိုအရမ်းစိတ်ပျက်သွားမှာပဲ”လို့ တွေးပြီးတော့ပေါ့။

အဲဒါက မမှန်ပါဘူး။

ကယ်တင်ရှင်ဆီသွားဖို့ သင်ကသန့်ရှင်းတဲ့အထိ ဒါမှမဟုတ် ပြည့်စုံတဲ့အထိ စောင့်မယ်ဆိုရင်၊ သင်ဟာ ဆိုလိုရင်းကိုလွဲနေပြီဆိုတာ ကျွန်မသိခဲ့ပါတယ်။

ပညတ်တော်တွေနဲ့နာခံမှုတွေကို မတူညီတဲ့နည်းလမ်းနဲ့ ကျွန်မတို့စဉ်းစားကြည့်ကြမလား။

ဘုရားသခင်က ကျွန်မတို့ရဲ့အမှားတွေကို ဂရုစိုက်ပေမယ့်၊ ကျွန်မတို့ အမှားလုပ်ပြီးတဲ့နောက် ဘာဆက်ဖြစ်မလဲဆိုတာကို ပိုဂရုစိုက်ကြောင်း ကျွန်မသက်သေခံပါတယ်။ ကျွန်မတို့က ကိုယ်တော့်ဆီကို ထပ်ခါထပ်ခါ ပြန်သွားကြမှာလား။ ကျွန်မတို့က ဒီပဋိညာဉ်ဆက်ဆံ‌ရေးထဲမှာ ဆက်နေကြမှာလား။

သင်က ကိုယ်တော်ရှင်ရဲ့ “[သင်တို့] ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့” ဆိုတဲ့နှုတ်ကပတ်တော်ကိုလည်း ကြားဖူးပြီး၊ ပညတ်တော်တွေအားလုံးကို မစောင့်ထိန်းနိုင်တဲ့အတွက် စိတ်အားငယ်တာမျိုးလည်း ခံစားခဲ့ရမှာပါ။ နောင်တရဖို့ဆိုတာကလည်း ပညတ်တော်တစ်ခုဖြစ်ကြောင်း ကျွန်မသတိပေးပါရစေ။ အမှန်တကယ်တော့၊ အဲဒါက ကျမ်းစာတွေထဲမှာ အကြိမ်ရေအများဆုံး ပညတ်တော်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

အယ်လမာကိုယ်တိုင်ပြောတဲ့၊ “အို ငါ့ကို ကောင်းကင်​တမန်​ဖြစ်စေ၍၊ ငါ့​စိတ်နှလုံး​အလို​ရှိသည်ကို ရ၍… နောင်တရခြင်းကို ဟစ်ကြော်နိုင်​ပါစေသော်၊” ဆိုတဲ့ စကားထဲမှာ၊ သူက ကျွန်မတို့အမှားတွေကို ထောက်ပြပြီး ကျွန်မတို့ကို အရှက်ရအောင်လုပ်နေတာ မဟုတ်ပါဘူး။ သင်နဲ့ကျွန်မတို့ လောကရဲ့ ဒုက္ခဝေဒနာကို ရှောင်ရှားနိုင်ဖို့ သူကနောင်တရခြင်းအကြောင်းကို ဟစ်ကြော်ချင်တာဖြစ်ပါတယ်။ အယ်လမာ အပြစ်ကိုမုန်းတဲ့အကြောင်းအရင်းတစ်ခုကတော့ နာကျင်မှုကို ဖြစ်စေလို့ပါပဲ။

တစ်ခါတစ်လေ ကျွန်မနဖူးမှာ ကပ်ထားတဲ့ မှတ်စုလိုမျိုး၊ ပညတ်တော်တွေက နာကျင်မှုကနေလွတ်မြောက်ရာလမ်းဖြစ်တယ်ဆိုတာ ကျွန်မမှတ်မိရပါမယ်။ နောင်တရခြင်းကလည်း အတူတူပါပဲ။ ကျွန်မတို့ရဲ့ပရောဖက်ကပြောခဲ့ပါတယ်၊ “ကယ်တင်ရှင်က ကျွန်တော်တို့ကိုအမြဲချစ်ပါတယ်၊ အထူးသဖြင့် နောင်တရတဲ့အခါ ပိုချစ်ပါတယ်။”

အဲဒါကြောင့် ကိုယ်တော်ရှင်က၊ “အို သင်တို့​နောင်တ​ရကြလော့၊ သင်တို့​နောင်တ​ရကြလော့၊”လို့ပြောတဲ့အခါ၊ သင့်ကို ဒီလိုစဉ်းစားကြည့်စေချင်ပါတယ် ၊ “ငါသည် သင်တို့ကို ချစ်တော်မူ၏။ ငါသည် သင်တို့ကိုချစ်တော်မူ၏” လို့ပြောတာဖြစ်တယ်လို့ စဉ်းစားလိုက်ရင် ဘယ်လိုနေပါမလဲ၊ သင့်ကိုနာကျင်စေတဲ့ အပြုအမူကို စွန့်လွှတ်ဖို့ အသနားခံနေတဲ့၊ အမှောင်ထဲကထွက်ပြီး သူ့ရဲ့အလင်းဆီကိုလာဖို့ ဖိတ်ခေါ်နေတဲ့၊ ကိုယ်တော့်ကို ပုံဖော်ကြည့်ပါ။

ကျွန်မသမီး ကာလီရဲ့အသင်းတော်စုမှာ၊ ယဇ်ပုရောဟိတ်အသစ်က ပွဲတော်မင်္ဂလာကို ကောင်းချီးပေးဖို့ ဒူးထောက်ဆုတောင်းတဲ့အခါ၊ “သူတို့သည် မိမိတို့အဖို့ သွန်းတော်မူခဲ့သော ကိုယ်တော့်သားတော်၏​အသွေးတော်ကို အောက်မေ့ခြင်းဖြင့် သောက်သုံးကြ​စေခြင်းငှာ​လည်းကောင်း၊” လို့ပြောရမယ့်အစား၊ သူကအမှုမဲ့အမှတ်မဲ့နဲ့ ၊ “သူတို့သည် မိမိတို့အဖို့ သွန်းတော်မူခဲ့သော ကိုယ်တော့်​သားတော်၏​ချစ်ခြင်းကို အောက်မေ့ခြင်းဖြင့် သောက်သုံးကြ​စေခြင်းငှာ​လည်းကောင်း” လို့ပြောခဲ့ပါတယ်။ အဲဒီစကားလုံးတွေရဲ့အမှန်တရားက နစ်ဝင်သွားတဲ့အခါ ကာလီကမျက်ရည်အိုင်လာခဲ့ပါတယ်။

ကယ်တင်ရှင်က သင့်ကိုချစ်တဲ့အတွက် သူ့ရဲ့အပြစ်ဖြေခြင်းဝေဒနာတွေကို ခံစားဖို့ဆန္ဒရှိခဲ့ပါတယ်။ အမှန်တကယ်တော့၊ သင်က ကိုယ်တော်ဝေဒနာခံစားတုန်းမှာ “ကိုယ်တော်ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း”ဖြစ်ပါတယ်။

နောင်တရဖို့ဖိတ်ခေါ်ခြင်းဟာ ဘုရားသခင်ရဲ့ချစ်ခြင်းကိုဖော်ပြခြင်းဖြစ်ပါတယ်။

ထိုဖိတ်ခေါ်ခြင်းကို လက်ခံခြင်းဟာ ကျွန်မတို့ရဲ့ချစ်ခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။

သင်အကြိုက်ဆုံး ခရစ်တော်ရဲ့ပုံကို ပုံဖော်ကြည့်ပါ။ ကိုယ်တော်က “စုံလင်သော​မျှော်လင့်ခြင်း​ရောင်ခြည်” ဖြစ်တဲ့အတွက် ၊ ကိုယ်တော့်ရဲ့ဆုကျေးဇူးကို သင်အသုံးပြုချိန်တိုင်း ‌တောက်ပစွာပြုံးနေတဲ့ ကိုယ်တော့်ကို စိတ်ကူးယဉ်ကြည့်ပါ။

ဟုတ်ပါတယ်၊ သင့်ရဲ့နောင်တရခြင်းက ယေရှုခရစ်တော်ကို ဝန်မလေးစေပါဘူး၊ ၎င်းက ကိုယ်တော့်ရဲ့ဝမ်း‌မြောက်ခြင်းကို တောက်ပစေပါတယ်။

အဲဒါကို သင်ကြားလိုက်ကြရအောင်။

ဘာလို့လဲဆို‌တော့ နောင်တရခြင်းက ကျွန်မတို့ရဲ့ အကောင်းဆုံးသတင်းစကားပါပဲ။

ကျွန်မတို့က ဘယ်တော့မှ အမှားမလုပ်ဘဲ ပဋိညာဉ်လမ်းကြောင်းမှာ နေနေတာမဟုတ်ပါဘူး။ ကျွန်မတို့က နေ့တိုင်းနောင်တရပြီး အဲဒီလမ်းကြောင်းမှာ နေနေကြတာပါ။

ပြီးတော့ ကျွန်မတို့နောင်တရတဲ့အခါ၊ အရင်အပတ်က ကျွန်မတို့ နောင်တရခဲ့တဲ့ အကြောင်းအရာပဲဆိုပြီးတော့၊ ဘုရားသခင်က ကျွန်မတို့ကို အရှက်ရစေတာ၊ သူများနဲ့ နှိုင်းယှဉ်တာ၊ ဒါမှမဟုတ် ဆူပူတာမလုပ်ဘဲ ခွင့်လွှတ်ပါတယ်။

ကျွန်မတို့ ဒူး‌ထောက်တာကို မြင်တဲ့အချိန်တိုင်း ကိုယ်တော်က ဝမ်းသာပါတယ်။ ကိုယ်တော် ကျွန်မတို့ကို ခွင့်လွှတ်ဖို့ နှစ်သက်တဲ့ အကြောင်းအရင်းကတော့ ကျွန်မတို့က ကိုယ်တော့်အတွက် နှစ်သက်ဖွယ်ကောင်းနေလို့ပါ။

ဒါအမှန်ပဲလို့ သင်မခံစားရဘူးလား။

ဒါဆိုရင်ကျွန်မတို့ ဘာလို့ ယုံကြည်ဖို့ ခက်ခဲနေတာလဲ။

လှည့်ဖျားပြီး အပြစ်တင်တတ်သောရန်သူ ဖြစ်တဲ့၊ စာတန်က၊ ကျွန်မတို့ကို ဘုရားသခင်နဲ့ဝေးကွာဖို့ အရှက်တရားကို အသုံးချပါတယ်။ အရှက်တရားဆိုတာ အရမ်းကိုလေးလံတဲ့အမှောင်ထုဖြစ်ပြီး သင့်ခန္ဓာကိုယ်ကနေ ထုတ်ယူလိုက်မယ်ဆိုရင်၊ တကယ့်အလေးချိန်ရှိနေသလို ဒါမှမဟုတ် လေးလံမှုရှိနေသလို‌တောင် ခံစားရပါလိမ့်မယ်။

အရှက်တရားဆိုတာ ဒီလိုစကားတွေပြောပြီး သင့်ကို အမြဲရိုက်ခတ်နေတဲ့ အသံဖြစ်ပါတယ်၊ “သင်ဘာတွေတွေးနေခဲ့တာလဲ။” “သင်တစ်ခုခုကိုတောင် မှန်‌အောင်လုပ်ဖူးရဲ့လား။”

အရှက်တရားက ကျွန်မတို့ကို အမှား လုပ်တယ်လို့ မပြောပါဘူး၊ ကျွန်မတို့ကသာ အမှားတွေ ဖြစ်တယ်လို့ ပြောတာပါ။ သင်က “ပုန်းကွယ်ပါ” ဆိုတဲ့စကားကိုတောင် ကြားပါလိမ့်မယ်။ ရန်သူက သင့်စိတ်ထဲကလေးလံမှုကို ထိန်းသိမ်းဖို့ သူ့စွမ်းအားရှိသမျှလုပ်ဆောင်ပါလိမ့်မယ်၊ ပေးဆပ်ရတာ အရမ်းများတဲ့အတွက်၊ မျှော်လင့်ချက်တွေကို လွှတ်ချပြီး၊ အမှောင်ထဲမှာပဲနေတာ ပိုလွယ်ပါလိမ့်မယ်လို့ ကျွန်တော်တို့ကို ပြောပါလိမ့်မယ်။

စာတန်က မျှော်လင့်ခြင်းကိုခိုးယူသူဖြစ်ပါတယ်။

ပြီးတော့ သင် ဒါကိုကြားဖို့လိုအပ်ပါတယ်၊ ကျွန်မဒီစကားတွေကို အသံထွက်ပြီးပြောချင်ပါတယ်၊ သင်က သင့်ခေါင်းထဲကအသံမဟုတ်ပါဘူး ဒါမှမဟုတ် သင့်အမှားတွေရဲ့တရားခံလည်း မဟုတ်ပါဘူး။ သင်လည်း ဒါကို အသံထွက်ပြီးပြောဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ စေတန်ကို ပြောလိုက်ပါ၊ “ဒီနေ့တော့မရဘူး။” သူ့ကို သင့်နောက်မှာထားပစ်လိုက်ပါ။

သင့်ကို ကယ်တင်ရှင် ထံ လှည့်လာစေတဲ့ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းဖြစ်တဲ့၊ အဲဒီဆွဲငင်အားကိုခံစားလိုက်ပါ၊ ပြီးတော့ သင်နဲ့သင်ချစ်တဲ့သူတွေရဲ့အသက်တာထဲကို ကိုယ်တော့်ရဲ့ကျေးဇူးတော် ဝင်ရောက်လာတာကိုစောင့်ကြည့်ပါ။ ကျွန်မတို့က ကိုယ်တော့်ထံ ကျိုးပဲ့နေတဲ့နှလုံးသားကို သတ္တိရှိရှိနဲ့ ယူဆောင်သွားတဲ့ တစ်ခဏမှာပဲ၊ ကိုယ်တော်က အဲဒီကို ချက်ချင်းရောက်နေလိမ့်မယ်ဆိုတာ ကျွန်မကတိပေးပါတယ်။

တစ်ယောက်ယောက် ရေနစ်နေရင်၊ သင်လက်ကမ်းပြီး ကယ်တင်မှာမဟုတ်ဘူးလား။ သင်ဆန့်ထုတ်လိုက်တဲ့လက်ကို ငြင်းဆန်တဲ့ ကယ်တင်ရှင်ကို သင်ပုံဖော်လို့ရပါရဲ့လား။ ကျွန်မတို့ လတ်ဆတ်တဲ့လေကိုရှုနိုင်အောင် ရေထဲကိုခုန်ဆင်းပြီး၊ အောက်အရပ် ခပ်သိမ်းသောအရာတို့ဆီသို့ ဆင်းသက်တော်မူတဲ့ ကိုယ်တော့်ကို ကျွန်မမြင်ယောင်ကြည့်ပါတယ်။ ခရစ်တော်ရဲ့ တောက်ပသောအလင်းထက် ဘယ်အရာကမှပိုပြီး နစ်မြှုပ်နိုင်စွမ်းမရှိပါဘူး။

ကယ်တင်ရှင်ဟာ အရှက်တရားရဲ့အမှောင်ထုထက် ကာလအစဉ်အဆက် ပိုမိုတောက်ပပါတယ်။ ကိုယ်တော်က သင့်ရဲ့ထိုက်တန်မှုကို ဘယ်တော့မှထိခိုက်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အနီးကပ် ကြည့်ကြည့်ပါ။

  • ဒီလက်က ထိုက်တန်ခြင်းကို ကိုယ်စားပြုတယ်လို့ တွေးကြည့်ပါ။

  • ဒီလက်ကတော့ နာခံခြင်းကို ကိုယ်စားပြုပါတယ်။ သင်က ဒီမနက်အိပ်ရာထပြီးတော့၊ အဓိပ္ပါယ်ရှိတဲ့ဆုတောင်းမှုပြုလုပ်ပြီး၊ ဘုရားသခင်ရဲ့ အသံကိုကြားဖို့ ကျမ်းစာဖတ်ရှုခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်က ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချပြီး ခရစ်တော်ကဲ့သို့တူညီတဲ့ပုံစံနဲ့ လူတွေကို ဆက်ဆံနေပါတယ်။ သင်က အထွေထွေညီလာခံကိုနားထောင်နေပါတယ်။ သင့်ရဲ့နာခံခြင်းက ဒီမှာဖြစ်ပါတယ်။

  • ဒါမှမဟုတ် ကိစ္စတွေက ကောင်းကောင်းအဆင်မပြေတာဖြစ်မယ်။ ကောင်းကင်ဘုံနဲ့ဆက်သွယ်ဖို့ အဲလိုသေးငယ်ပြီး၊ ရိုးရှင်းတဲ့အရာတွေကိုလုပ်ဖို့ အခုတလော ခဲယဉ်းနေမယ်။ သင်ဂုဏ်မယူတဲ့ ဆုံးဖြတ်ချက်တွေချမိမယ်။

  • သင့်ရဲ့ထိုက်တန်ခြင်းက ဘယ်မှာပါလဲ။ ဒီလက်က လုံးဝနေရာရွေ့သွားပြီလား။

သင့်ရဲ့ထိုက်တန်ခြင်းက နာခံခြင်းကို မချိတ်ဆက်ထားပါဘူး။ သင့်ရဲ့ထိုက်တန်ခြင်းက ပုံသေဖြစ်ပါတယ်၊ လုံးဝမပြောင်းလဲပါဘူး။ အဲဒါက သင့်ကို ဘုရားသခင်က ချီးမြှောက်ထားတာဖြစ်ပါတယ်၊ သင်ဖြစ်စေ တခြားသူဖြစ်စေ ဒါကို မပြောင်းလဲနိုင်ပါဘူး။ နာခံခြင်းက ကောင်းချီးတွေယူလာတယ်ဆိုတာ အမှန်ပါ။ ဒါပေမယ့် ထိုက်တန်ခြင်းက ၎င်းတို့ထဲက တစ်ခုမဟုတ်ပါဘူး။ သင်ဘယ်လိုဆုံးဖြတ်ချက်တွေပဲချချ၊ သင့်ရဲ့ထိုက်တန်မှုက အမြဲ “ဘုရားသခင်၏​အမြင်၌ ​ကြီးမြတ်ပါတယ်။”

ကျွန်မအမှားတွေလုပ်နေတုန်းမှာ၊ ကျွန်မက ခရစ်တော်နဲ့ပဋိညာဉ်ဆက်ဆံရေးထဲမှာ အမြဲနေချင်ပါတယ်၊ ဘာကြောင့်လဲဆိုတာ ပြောပြပါမယ်။

ကျွန်မငယ်ငယ်က ရေငုပ်သင်တန်းတက်ရင်း ဒိုင်တွေအမှတ်ပေးတဲ့အခါ၊ သူတို့က လက်တွေ့လုပ်ဆောင်မှုကို ကြည့်တယ်ဆိုတာ သိခဲ့ရတယ်။ ရေထဲကို တည့်မတ်စွာ ဆင်းသွားသလား၊ ခြေချောင်းတွေကဆန့်ထားပြီး ရေစင်တာနည်းရဲ့လား။ အဲဒီနောက် ထူးခြားတဲ့အရာတစ်ခုကို လုပ်ကြပါတယ်။ သူတို့က ခက်ခဲမှုအတိုင်းအဆကို တွက်ကြပါတယ်။

လူတိုင်းက သူတို့ရဲ့ခက်ခဲမှုအတိုင်းအဆကိုယ်စီနဲ့ ရေငုပ်ကြပါတယ်။ ပြီးတော့ သင်ရေငုပ်ရင် ကြုံရတဲ့ခက်ခဲမှုကို စစ်မှန်စွာသိတဲ့သူက ကယ်တင်ရှင်တစ်ဦးတည်းပဲ ရှိပါတယ်။ ကျွန်မကိုနားလည်ပြီး၊ ကျွန်မရဲ့စိတ်နှလုံးနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို သိတဲ့ပုဂ္ဂိုလ်တစ်ဦးနဲ့ဆက်ဆံ‌ရေးကို အလိုရှိပါတယ်။

အမှောင်ထုက ကျွန်မတို့ခရီးသွားတွေဆီကို ဖြန့်ကျက်နေပြီး၊ ကျွန်မတို့ခရီးက ညစ်ညမ်းတဲ့မြစ်ဘေးကနေ ဖြတ်သွားရတဲ့အတွက်—သံတန်းကို ဆုပ်ကိုင်ထားရင်တောင်၊ ကျွန်မတို့ကို ရေစင်မှာပဲဆိုတာ ကိုယ်တော်ကသိတော်မူပါတယ်။

ခရစ်တော်ထံသို့လာခြင်းက၊ “ကိုယ်တော် ကျွန်ုပ်ကို ကူညီမလား”ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်တော့်ရဲ့လက်တော်က သင့်ဆီကို အစဉ်အမြဲဆန့်တန်းနေကြောင်း ပေါ်လွင်တဲ့သေချာမှုနဲ့အတူ မေးခြင်းဖြစ်ပါတယ်။ ကျွန်မယုံကြည်တဲ့ နောင်တရခြင်းရဲ့ ရှုထောင့်အသစ်ကတော့ ကျွန်မတို့မှာပြည့်စုံတဲ့နာခံခြင်း မရှိသည့်တိုင်၊ ကျွန်မတို့က လက်ရှိမှာ ချစ်ခြင်းအားဖြင့်နာခံဖို့ ကြိုးစားကြပါတယ်၊ ကိုယ်တော့်ကိုချစ်တဲ့အတွက်၊ ကိုယ်တော်နဲ့နေဖို့၊ ထပ်တလဲလဲ‌ရွေးချယ်ကြပါတယ်။

မကောင်းမှုကို ပြုရန်စိတ်ညွတ်ခြင်းမရှိတော့ဘဲ၊ ကောင်းမှုကိုသာ အစဉ်မပြတ်​ပြုလိုကြတဲ့ ဗင်္ယာမိန်​မင်းကြီးရဲ့ လူမျိုးတွေကို မှတ်မိကြပါသလား။ သူတို့က သူတို့ရဲ့တဲတွေကိုသိမ်းပြီး၊ အိမ်ပြန်ပြီး၊ နောက်ထပ်အမှားကို ဘယ်တော့မှ မလုပ်တော့ဘူးလို့ သင်ထင်ပါသလား။ သေချာပေါက် မဟုတ်ပါဘူး။ ကွာခြားချက်ကတော့ သူတို့က အပြစ်လုပ်ချင်စိတ် မရှိတော့တာပါပဲ။ သူတို့မှာ ချစ်ခြင်းအားဖြင့်နာခံခြင်း ရှိပါတယ်။ သူတို့ရဲ့ စိတ်နှလုံးတွေဟာ ရုန်းကန် နေချိန်မှာ ဘုရားသခင်ကိုအာရုံပြုပြီး ကိုးစားကြပါတယ်။

တစ်ခါတုန်းက၊ ကမ်းခြေမှာ၊ လေ‌ဆန်ပြီးပျံနေတဲ့ ငှက်တစ်ကောင်ကို ကျွန်မတွေ့ဖူးပါတယ်၊ အတောင်တွေကိုအရမ်းခတ်ပြီး၊ အူယားဖားယားကြိုးစားနေပေမယ့်၊ တစ်နေရာတည်းမှာပဲ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အမြင့်ကိုပျံတက်သွားတဲ့ တခြားငှက်တစ်ကောင်ကို သတိထားမိလိုက်ပါတယ်။ သူက လေစီးကြောင်းနဲ့တိုးသွားပြီး လွယ်လွယ်ကူကူပဲ မျောနေပါတယ်၊ လေဖိအားဒဏ်ကိုလည်း မခံရပါဘူး။ အဲဒါက ကျွန်မတို့ဘာသာလုပ်ဖို့ကြိုးစားခြင်းနဲ့ ကယ်တင်ရှင်ဆီသွားပြီး၊ “အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​”နဲ့ ကျွန်မတို့ကိုပင့်တင်ခိုင်းခြင်း ကြားထဲကကွာခြားချက်ပဲဖြစ်ပါတယ်။

သြစတေးလျမှာ သာသနာပြုခေါင်းဆောင်တွေအနေနဲ့၊ သာသနာပြုတစ်ဦးချင်းစီနဲ့ နောက်ဆုံးတွေ့ဆုံမှုအတွင်းမှာ၊ ကျွန်မတို့က ၃ နီဖိုင်း ၁၇ အကြောင်းပြောခဲ့ကြပါတယ်၊ အဲဒီထဲမှာ လူတွေက ကယ်တင်ရှင်နဲ့နီးကပ်ကြပြီး သူတို့အတွက်ဆုတောင်းနေတဲ့ ကိုယ်တော့်အသံကိုတောင်ကြားနိုင်ကြပါတယ်။ ကျွန်မတို့ကမေးခဲ့ကြပါတယ်၊ “သင်တို့အတွက်ဆုတောင်းနေတဲ့ ကယ်တင်ရှင်ကိုကြားနိုင်ရင်၊ သူဘာပြောမယ်လို့ သင်တို့ထင်ပါသလဲ။”

သူတို့ရဲ့အဖြေတွေကိုကြားရတာ ကျွန်မဘဝရဲ့ ဝိညာဉ်တော်အပြည့်ဝဆုံးခံစားရတဲ့အတွေ့အကြုံတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သာသနာပြုတိုင်းက တိတ်ဆိတ်သွားပြီး၊ မျက်ရည်တွေအိုင်လာကြပါတယ်၊ ကျွန်မတို့က သူတို့ကို ဒီလိုသတိပေးလိုက်တဲ့အခါမှာပေါ့၊ “သင်တို့ရဲ့ကယ်တင်ရှင်က သင်တို့ကြုံတွေ့နေရတဲ့ အခက်အခဲအတိုင်းအဆကို သိပါတယ်။ ကိုယ်တော်က ခံစားမိပါတယ်။”

အဲဒီသာသနာပြုတွေက ဒီလိုမျိုး တိတ်ဆိတ်စွာနဲ့ညင်သာစွာ ‌‌ဝေငှခဲ့ကြပါတယ်၊ ညီအစ်မတစ်‌ယောက်ကပြောခဲ့ပါတယ်၊ “ယေရှုခရစ်တော်က ခမည်းတော်ကိုပြောပါလိမ့်မယ်၊ ‘သူမက အကောင်းဆုံးလုပ်နေပါတယ်။ သူမ ဘယ်လောက်ကြိုးစားနေလဲဆိုတာ ကျွန်ုပ်သိပါတယ်။’” အယ်လ်ဒါတစ်ဦးကပြောခဲ့ပါတယ်၊ “သူ့အသက်တာမှာဖြတ်သန်းခဲ့ရတဲ့အရာအားလုံးအတွက်၊ ကျွန်တော်သူ့ကို ဂုဏ်ယူပါတယ်။”

ဒါကိုကြိုးစားကြည့်လိုက်ရအောင်။ ဒီည၊ သင်မဆုတောင်းခင်မှာ၊ ယေရှုခရစ်တော်က အနီးမှာရှိနေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ကိုယ်တော်က ခမည်းတော်နဲ့ သင့်ကြားက အမှု‌ဆောင်သခင်ဖြစ်ပါတယ်။ သင့်ကိုယ်သင်မေးပါ၊ “ငါ့ရဲ့ကယ်တင်ရှင်က ခမည်းတော်ဆီ ငါ့အကြောင်းဘာပြောမလဲ။”

ထို့နောက် တိတ်ဆိတ်စွာနေပါ။

သင့်အကြောင်း ကောင်းတဲ့ အရာတွေပြောနေတဲ့အသံ၊ သင့်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့ကယ်တင်ရှင်ရဲ့ အသံ၊ ကောင်းကင်ဘုံမှာ အမှန်တကယ်ရှိနေတဲ့ သင့်ရဲ့ကောင်းကင်ဘုံရှင်အဘတို့ရဲ့ အသံကိုနားထောင်ပါ။ ဘာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ချစ်ခြင်းနဲ့ သင့်ရဲ့ ထိုက်တန်ခြင်းက အမြဲတမ်းကြီးမြတ်တယ်ဆိုတာ၊ သတိရပါ။

ယေရှုခရစ်တော်ဟာ မှောင်မိုက်ထဲမှာထိုင်နေတဲ့သူတွေကို အလင်းပေးတယ်ဆိုတာ သက်သေခံဖို့ ကျွန်မ ဒီနေရာမှာ ရပ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့်၊ သင့်ကို အမှောင်ခန်းထဲမှာ တစ်ယောက်တည်း ပုန်းနေ သင့်တယ်လို့၊ ပြောတဲ့အသံကိုကြားရသလို ခံစားရတဲ့အဲဒီနေ့တွေမှာ၊ သင့်ကို ခရစ်တော်ထံမှာ ရဲရင့်ပြီး ယုံကြည်ဖို့ ကျွန်မဖိတ်ခေါ်ပါတယ်။ လျှောက်လှမ်းသွားပြီး ကျွန်မတို့ရဲ့ စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်ဖြစ်တဲ့ အလင်းကိုဖွင့်လိုက်ပါ။

ကိုယ်တော့်ရဲ့အလင်းထဲမှာပြည့်ဝနေပါ၊ သင့်ပတ်ပတ်လည်မှာ သင့်လိုပဲအထီးကျန်တဲ့သူတွေ ရှိတယ်ဆိုတာ သိလာပါလိမ့်မယ်၊ ဒါပေမဲ့ အခုတော့၊ အလင်းနဲ့အတူ၊ သင်နဲ့ သူတို့က အံ့အားသင့်ကြပါလိမ့်မယ်၊ “ငါတို့ အမှောင်ထဲမှာဘာလို့အရမ်းကြောက်နေခဲ့တာလဲ။ ငါတို့ ဘာလို့ အဲဒီထဲမှာ အကြာကြီးနေခဲ့တာလဲ။”

“အလင်းရဲ့အရှင်သခင်ဟာ သင်တို့ကို လက်‌တော်ထဲမှာ ပွေ့ဖက်ပြီး အစဉ်အမြဲ နှစ်သိမ့်ခြင်းနဲ့ချစ်ခြင်းမေတ္တာကို ပေးပါစေ။” ကျွန်မတို့ဟာ ကိုယ်တော့်ကို အဆက်မပြတ်ချစ်ကြပြီး ထပ်ခါထပ်ခါ၊ ကိုယ်တော့်ကို ရွေးချယ်နိုင်ကြပါစေ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. “ဂင်းဂါ”ဟု အသံထွက်ပါ။

  2. ရှင်ယောဟန် ၁၄:၁၅

  3. အယ်လမာ ၂၉:၁

  4. ရှုအယ်လမာ ၂၉:၂

  5. ရှု အယ်လမာ ၃၇:၃၂

  6. ဤအကြံကို ကျွန်မ၏သမီးဖြစ်သူ ကာလီ ရူနီးယား ရတ်ဒ်နှင့် စကားပြောဆိုရင်း ရရှိခဲ့ပါသည်။

  7. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ဝိညာဉ်ပကတိအဟုန်တန်ခိုး၊” လီယာဟိုနာ၊ မေ ၂၀၂၂၊ ၉၈။

  8. ဟေလမန် ၇:၁၇

  9. အမျိုးသမီးငယ်များအထွေထွေအကြံပေးအတိုင်ပင်ခံအဖွဲ့မှ ညီအစ်မ ကက်သရင်း ရန်နို နှင့် စကားစမြည်။

  10. ဩဝါဒနှင့်ပဋိညာဉ်များ ၂၀:၇၉

  11. ဟေဗြဲဩဝါဒစာ ၁၂:၂

  12. ၂ နီဖိုင်း ၃၁:၂၀

  13. ဤအတွေးကို အန်သိုနီ ဆွက်တ်က ကျွန်မထံသို့ဝေငှခဲ့ပါသည်၊ လည်းရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၈:၁၃၊ ဒေးလ် ဂျီ၊ ရန်လန်၊ “Repentance: A Joyful Choice,” လီယာဟိုနာ၊ နို၊ ၂၀၁၆၊ ၁၂၃။

  14. “ဆုတောင်းခြင်းသည် နောင်တရသော အပြစ်သား၏အသံဖြစ်၏၊ သူ၏လမ်းမှ ပြန်လာသောအခါ ကောင်းကင်တမန်တို့သည် သီဆိုလျက်၊ ‘ကြည့်လော့၊ သူဆုတောင်းပါ၏’ ဟု ဝမ်းမြောက်စွာ ကြွေးကြော်ကြ၏။” (“Prayer Is the Soul’s Sincere Desire,” ဓမ္မသီချင်းများ, အမှတ်စဉ် ၁၄၅)။

  15. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၈:၁၀

  16. ရှု ဗျာဒိတ်ကျမ်း ၁၂:၁၀

  17. ရှု ရှင်မဿဲ ၄:၁၀မောရှေ ၁:၂၀။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်မှ ကျွန်မတို့အားတိုက်တွန်းခဲ့ပါသည်၊ “‌ကျေးဇူးပြု၍၊ နောင်တရခြင်းကို မကြောက်ပါနဲ့ သို့မဟုတ် မနှောင့်နှေးကြပါနဲ့။ စာတန်က သင်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို နှစ်ခြိုက်ပါတယ်။ အဲဒါကို ရပ်ပစ်ပါ။ သူ့လွှမ်းမိုးမှုကို သင်တို့ဘဝထဲက နှင်ထုတ်ပစ်ပါ။” (“ဝိညာဉ်ပကတိအဟုန်တန်ခိုး,” ၉၈)။

  18. ရှု အယ်လမာ ၃၄:၃၁ဩဝါဒနှင့်ပဋိညာဉ်များ ၈၈:၆၃

  19. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၈၈:၆

  20. “ခရစ်တော်ရဲ့ အဆုံးမရှိသောအပြစ်ဖြေခြင်းအလင်းရောင်ထက် ဘယ်အရာကမှ ပိုပြီးနစ်မြုပ်ဖို့ မဖြစ်နိုင်ပါဘူး” (ဂျက်ဖရီ အာရ်၊ ဟော်လန်၊ “The Laborers in the Vineyard,” လီယာဟိုနာ၊ မေ ၂၀၁၂၊ ၃၃)။

  21. ဩဝါဒနှင့် ပဋိညာဉ်များ ၁၈:၁၀

  22. ရှု စတက်ဖန် အီး၊ ရော်ဘင်ဆင်၊ Following Christ: The Parable of the Divers and More Good News (၁၉၉၅)၊ ၃၄–၃၈။

  23. ရှု ၁ နီဖိုင်း ၁၂:၁၆–၁၇

  24. ရှု မောဇိယ ၅:၁–၅

  25. မာလခိ ၄:၂

  26. ရှု တွန်မ် ခရစ္စတိုဖာဆန်၊ “What Would It Be Like to Hear the Savior Pray for You?,” LDS Living, ဇန်၊ ၁၉၊ ၂၀၂၁၊ ldsliving.com။

  27. ရှု ဟေရှာယ ၉:၂ဩဝါဒနှင့်ပဋိညာဉ်များ ၁၁:၁၁

  28. ၁၉၇၉ခုနှစ်တွင် ဘရင်ဂ်ဟမ်ရန်းဂ်တက္ကသိုလ်၌ တက်‌ရောက်နေစဉ်၊ ကျွန်မ၏အဖေ၊ ဗင်းဆင့် အယ်လ်မာ ဝုဒ် မှပေးပို့သော ကိုယ်ရေးစာတစ်စောင်မှ။