အထွေထွေညီလာခံ
အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလ
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


15:21

အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလ

(တမန်တော်ဝတ္ထု ၃:၂၁)

အရေးကြီးဆုံးနဲ့အထူးမြတ်ဆုံး “သတင်းကောင်း“က သခင်ယေရှုခရစ်တော်ဟာ သူ့ရဲ့ဧဝံဂေလိတရားတော်နဲ့အသင်းတော်ကို နောက်ပိုင်းကာလမှာ ပြန်လည်ဆောင်ယူခဲ့ကြောင်းဖြစ်ပါတယ်။

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ကို နှစ်ပေါင်း ၁၉၅ နှစ်အကြာ ဒီနေ့၊ ဧပြီလ ၆ရက်နေ့ ၁၈၃၀ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒီလိုအရေးကြီးပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အခါသမယအတွက် ယုံကြည်သူများနဲ့မိတ်ဆွေများပါဝင်တဲ့ ပရိသတ်လူစုငယ်လေးက စုဝေးခဲ့ကြပါတယ်။ ပွဲတော်မင်္ဂလာဘိသိက်အခမ်းအနားကို စီမံဆောင်ရွက်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူးကို အပ်နှင်းခဲ့ကာ၊ ယဇ်ပုရောဟိတ်အခွင့်အာဏာဘိသိက်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး၊ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိသမ္မာတရားများကို ဟောပြောခဲ့တဲ့အတွက်၊ ကြွရောက်လာသူအားလုံးဟာ ဝိညာဉ်တော်အားဖြင့် ကောင်းချီးများအလျံအပယ် သွန်းလောင်းခံခဲ့ရပါတယ်။

သူ့ရဲ့အသင်းတော်ပြန်လည်တည်ထောင်ခြင်းမှာ၊ ကိုယ်တော်ရှင်က ဗျာဒိတ်တော်အားဖြင့် ၂၄နှစ်အရွယ် ဂျိုးဇက်စမစ်ကို ၎င်းရဲ့လောကီရေးရာ ခေါင်းဆောင်အဖြစ် “မြင်သောသူ၊ ဘာသာပြန်သူ၊ ပရောဖက်၊ ယေရှုခရစ်တော်ရဲ့ တမန်တော်၊ အသင်းတော်ရဲ့ အသင်းလူကြီးတစ်ဦးအဖြစ် အဘဘုရားသခင်ရဲ့ အလိုတော်နဲ့ သင်၏သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ခန့်ထားခဲ့ပါတယ်။”

လောကသမိုင်းမှာ ဒီလိုအသင်းတော်ဖွဲ့စည်းခြင်းရဲ့ အရေးကြီးမှုနဲ့ ဆက်လက်အကျိုးသက်ရောက်မှုကို ကျွန်တော်တို့ထည့်သွင်းစဉ်းစားတဲ့အခါ သန့်ရှင်းသောဝိညာဉ်‌တော်ရဲ့ အကူအညီကို ကျွန်တော်စိတ်အားထက်သန်စွာ‌ တောင်းခံပါတယ်။

ပထမရူပါရုံ

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် တရားဝင်ဖွဲ့စည်းခြင်းက အံ့ဖွယ်ထူးကဲဖြစ်စဉ်များရဲ့ အထွတ်အထိပ်အဆင့်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေရဲ့ ပထမဆုံးအဆင့်ကတော့ ၁၀နှစ်စောပြီး နယူးယောက်ပြည်နယ်အထက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

၁၈၂၀ ခုနှစ်ရဲ့နွေဦးမှာ၊ ဂျိုးဇက်စမစ်လို့ခေါ်တဲ့ လူငယ်လေးတစ်ဦးက သူ့အိမ်နားက တောထဲကို ဆုတောင်းဖို့ ဝင်သွားခဲ့ပါတယ်။ သူ့မှာ သူ့စိတ်ဝိညာဉ်ရဲ့ကယ်တင်ခြင်းနဲ့စပ်လျဉ်းတဲ့မေးခွန်းတွေရှိခဲ့ပြီး “ဘယ်အသင်းတော်ကို[သူ]ဝင်ရမလဲဆိုတာကို သိနိုင်ဖို့၊ [အသင်းတော်တွေ]အားလုံးထဲက ဘယ်အရာမှန်ကန်ကြောင်းကိုသိဖို့“ သူတောင့်တခဲ့ပါတယ်။ ဘုရားသခင်က သူ့ရဲ့ဆုတောင်းချက်ကို ဖြေကြားပြီး သူ့ကိုလမ်းညွှန်လိမ့်မယ်လို့ ဂျိုးဇက်က ယုံကြည်စိတ်ချခဲ့ပါတယ်။

ဂျိုးဇက်က ဘယ်အရာကမှန်ကန်ကြောင်းသိရုံပဲ ဆု‌တောင်းခဲ့တာမဟုတ်ဘူးဆိုတာ ကျေးဇူးပြုပြီး မှတ်သားပေးပါ။ အဲဒီအစား၊ သူကမှန်ကန်တဲ့အရာကို လုပ်ဆောင်နိုင်ဖို့အတွက် မှန်ကန်တဲ့အရာကို သိရဖို့ ဆုတောင်းခဲ့တာပဲဖြစ်ပါတယ်။ ဂျိုးဇက်က ယုံကြည်သောစိတ်နဲ့တောင်းခဲ့ပြီး သူလက်ခံရရှိတဲ့အဖြေများအတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

“သူ့ရဲ့ [စစ်မှန်သော] ဆုတောင်းခြင်းရဲ့ [အဖြေ]အဖြစ်၊ အဘဘုရားသခင်နဲ့သူ၏သားတော်၊ယေရှုခရစ်တော်တို့က၊ ဂျိုးဇက်စမစ်ထံသို့ ပေါ်လာတော်မူခဲ့ပြီး၊ သမ္မာကျမ်း၌ ကြိုတင်ဟောပြောခဲ့သည့်အတိုင်း “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူခြင်း” (တမန်တော်ဝတ္ထု ၃:၂၁) ကို ခမ်းခမ်းနားနားစတင်ခဲ့ပါတယ်။ ဒီရူပါရုံမှာ၊ သူသိခဲ့ရတဲ့အကြောင်းက မူလတမန်တော်များသေပြီးနောက် ခရစ်တော်၏ ဓမ္မသစ်အသင်းတော်မှာ မြေကြီးမှ ပျောက်ဆုံးသွားခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။” သြဝါဒ၊ အခွင့်အာဏာနဲ့၊ ကယ်တင်ရှင်ရဲ့ရှေးကျသောအသင်းတော်ရဲ့ ပဋိညာဉ်များနဲ့ ဘိသိက်မင်္ဂလာများကို နောက်တဖန်ပြန်လည်ဆောင်ယူခြင်းမှာ ဂျိုးဇက်စမစ်က အရေးပါသောသူ ဖြစ်ခဲ့ပါလိမ့်မယ်။

ပထမရူပါရုံ။

ဂျိုးဇက်က အခိုင်အမာဆိုခဲ့ပါတယ်၊ “ဖော်ပြ၍ မရလောက်အောင်ရှိသော ရောင်ခြည်နှင့် ဘုန်းတော်အရှင် ပုဂ္ဂိုလ်နှစ်ပါးကို၊ ကျွန်ုပ်အထက် လေထဲ၌ ရပ်နေသည်ကို မြင်ရ၏။ သူတို့အထဲမှ တစ်ပါးက ကျွန်ုပ်၏နာမည်ကိုခေါ်၍၊ အခြားတစ်ပါးကို ညွှန်ပြလျက်၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ့ကို နားထောင်လော့။

ဒီရူပါရုံနဲ့ နောက်ဆက်တွဲကောင်းမြတ်သောဖြစ်ရပ်များမှတဆင့်၊ ဂျိုးဇက်စမစ်ဟာ ဘုရားသခင်နဲ့ယေရှုခရစ်တော်က သူ့ကိုတစ်ဦးချင်းအနေနဲ့သိပြီး၊ သူ့ရဲ့ထာဝရကယ်တင်ခံရခြင်းကို အလေးထားကာ သူ့အတွက်ဆောင်ရွက်ဖို့ တာဝန်တစ်ခုရှိကြောင်း သဘောပေါက်လာခဲ့ပါတယ်။ သူက ဘုရားသခင်ရဲ့ အရည်အသွေးများ၊ စရိုက်လက္ခဏာနဲ့ စုံလင်ခြင်းတွေအကြောင်းအပြင် ခမည်းတော်နဲ့သားတော်ဟာ သီးသန့်စီဖြစ်ပြီး ကွဲပြားခြားနားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြောင်း အရေးပါတဲ့သင်ခန်းစာတွေကိုလည်း သင်ယူခဲ့ပါတယ်။ ယေရှုခရစ်တော်ဟာ ဝိညာဉ်တော်နဲ့ ဇာတိကိုယ်ခန္ဓာရှိတဲ့ ဘုရားသခင်ရဲ့သားတော် အမှန်ဖြစ်ပါတယ်။

ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ဟာ ခန္ဓာရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြောင်း ဂျိုးဇက်စမစ်က ကြေညာခဲ့ပါတယ်။ သူကပြောခဲ့ပါတယ်၊ “ခမည်းတော်၌ လူသား၏ကိုယ်ခန္ဓာကဲ့သို့ပင် ထိနိုင်သိနိုင်သည့် အသားနှင့်အရိုးတို့ရှိသည့် ကိုယ်ခန္ဓာရှိ၏။ သားတော်၌လည်းရှိ၏။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၌ အသားနှင့်အရိုးတို့ရှိသည့် ကိုယ်ခန္ဓာမရှိ၊ ဝိညာဉ်တော်ပုဂ္ဂိုလ်သာဖြစ်၏။”

ဂျိုးဇက်စမစ်ထံ ခမည်းတော်နဲ့ သားတော်တို့ရဲ့ အကြည့်အရှုလာခြင်းက “ကမ္ဘာဦးကတည်းက သန့်ရှင်းသောပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဟောပြောထားသည့် ခပ်သိမ်းသောအရာတို့အား ကြီးကျယ်ခမ်းနားစွာ ပြန်လည်ဆောင်ယူခြင်း”ရဲ့ ကနဦးဖြစ်ရပ်ဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။

မော်မုန်ကျမ်း

အံ့ဖွယ်ထူးကဲဖြစ်စဉ်များရဲ့ ဒုတိယအဆင့်ကတော့ ကယ်တင်ရှင်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို တရားဝင်ဖွဲ့စည်းခြင်းကို ဖြစ်စေတဲ့ မော်မုန်ကျမ်းကို ဘာသာပြန်ခြင်းနဲ့ ပေါ်ထွက်လာခြင်းပဲဖြစ်ပါတယ်။

မော်မုန်ကျမ်း၊ ယေရှုခရစ်တော်အကြောင်း တခြားသောသက်သေခံချက်။

“ဂျိုးဇက်စမစ်အား ရှေးမှတ်တမ်း၊ မော်မုန်ကျမ်း—ယေရှုခရစ်တော်အကြောင်း တခြားသော သက်သေခံချက်ကို ဘာသာပြန်ရန် ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတော်ကို ပေးခဲ့ပါတယ်။ ဒီသန့်ရှင်းမွန်မြတ်သောစာသားတွင် ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ပြီး မကြာမီ ကမ္ဘာအနောက်ဘက်ခြမ်းရှိ လူမျိုးတို့၌ သူ့ရဲ့ကိုယ်တိုင်အမှုတော်ဆောင်ခြင်းအကြောင်း မှတ်တမ်းတစ်ခုပါဝင်ပါတယ်။ [မော်မုန်ကျမ်း]က ဘဝရဲ့ရည်ရွယ်ချက်အကြောင်းကို သွန်သင်ပေးပါတယ်၊ ထိုရည်ရွယ်ချက်ရဲ့အဓိကကျောရိုးဖြစ်တဲ့ ခရစ်တော်၏ဩဝါဒကိုလည်း ရှင်းပြပါတယ်။ သမ္မာကျမ်းနှင့်တွဲဘက် ကျမ်းစာအဖြစ်၊ မော်မုန်ကျမ်းက လူသားအားလုံးသည် ကောင်းကင်ဘုံရှိချစ်စွာသောအဘ၏ သားများနှင့် သမီးများဖြစ်ကြကြောင်း၊ ကျွန်တော်တို့ဘဝများအတွက် မြင့်မြတ်သောအစီအစဉ်တစ်ခု သူ့၌ရှိကြောင်း၊ ထို့အတူ သူ၏သားတော်၊ ယေရှုခရစ်တော်သည် ရှေးနေ့ရက်များကကဲ့သို့ ယနေ့၌လည်း ဟောပြောတော်မူကြောင်း သက်သေခံပါတယ်။”

ကယ်တင်ရှင်ရဲ့ပြန်လည်ဆောင်ယူထားသောအသင်းတော်ရဲ့အသင်းသားများအနေနဲ့၊ “ကျွန်တော်တို့က သမ္မာကျမ်းအား မှန်ကန်စွာဘာသာပြန်ထားခြင်းရှိသရွေ့ ဘုရားသခင်၏နှုတ်ကပတ်တော်အဖြစ် ယုံကြည်ပါတယ်။ မော်မုန်ကျမ်းကိုလည်း ဘုရားသခင်၏နှုတ်ကပတ်တော်အဖြစ်ယုံကြည်ပါတယ်။” မော်မုန်ကျမ်းက ယေရှုခရစ်တော်ရဲ့ တခြားသောသက်သေခံချက်ဖြစ်ပြီး၊ သမ္မာကျမ်းရဲ့မှန်ကန်ခြင်းကိုလည်း အတည်ပြုပါတယ်၊ သမ္မာကျမ်းမှပျောက်ဆုံးသွားတဲ့ ရှင်းလင်းပြီး အဖိုးထိုက်တဲ့ သမ္မာတရားများကိုလည်း ပြန်လည်ဆောင်ယူထားပါတယ်။

ယဇ်ပုရောဟိတ်အခွင့်အား ပြန်လည်ဆောင်ယူခဲ့ပါသည်

ကယ်တင်ရှင်တည်ထောင်ခဲ့တဲ့ မူလအသင်းတော်က၊ ၎င်းရဲ့မြင့်မြတ်သောအခွင့်အာဏာ၊ သြဝါဒ၊ ပဋိညာဉ်များနဲ့ ဘိသိက်မင်္ဂလာများနှင့်အတူ၊ ကမ္ဘာမြေမှပျောက်ဆုံးသွားခဲ့ကြောင်း ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က သွန်သင်ပါတယ်။ ပရောဖက်ပြုဟောခဲ့တဲ့ နောက်ပိုင်းကာလမှာ အလုံးစုံသောအရာတို့ကို ပြန်လည်‌ဆောင်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်၊ ရှေးပရောဖက်တွေနဲ့တမန်တော်တွေက ဂျိုးဇက်စမစ်ထံ ယဇ်ပုရောဟိတ်အခွင့်အာဏာကို ကိုယ်တိုင်အပ်နှင်းခဲ့ကြပြီး ယဇ်ပုရောဟိတ်အခွင့်သော့တွေကိုလည်း သူ့ထံမှာ အပ်နှံခဲ့ကြပါတယ်။ ဒါကတော့ ကယ်တင်ရှင်ရဲ့ပြန်လည်ဆောင်ယူထားသောအသင်းတော်ရဲ့ တရားဝင် ဖွဲ့စည်းတည်ထောင်ခြင်းကို ဖြစ်စေခဲ့တဲ့ အံ့ဖွယ်ထူးကဲဖြစ်စဉ်များရဲ့ တတိယအဆင့်ဖြစ်ပါတယ်။

ယဇ်ပုရောဟိတ်အခွင့်အာဏာက ဘုရားသခင်ရဲ့အမှုထမ်းတွေကို “[ကိုယ်တော့်]ကို ကိုယ်စားပြုရန် နှင့် ကိုယ်တော်၏နာမတော်ဖြင့် ဆောင်ရွက်ရန်”ခွင့်ပြုပေးပါတယ်။ “ယဇ်ပုရောဟိတ်အခွင့်သော့များသည် ဘုရားသခင်၏သားသမီးများကိုယ်စား ယဇ်ပုရောဟိတ်အခွင့်အသုံးပြုခြင်းကို လမ်းညွှန်ဖို့ဖြစ်ပါတယ်။”

ပုရောဟိတ်အခွင့်အား ပြန်လည်ဆောင်ယူခြင်း။

ခမည်း‌တော်နဲ့သားတော်ရဲ့လမ်းညွန်မှုအောက်မှာ၊ ရှင်ပြန်ထမြောက်လာတဲ့ ဗတ္တိဇံဆရာယောဟန်က၊ ၁၈၂၉ ခုနှစ်မှာ၊ အပြစ်များမှလွှတ်ခြင်းအတွက် ရေထဲနှစ်မြှုပ်ခြင်းအားဖြင့် ဗတ္တိဇံပေးဖို့အခွင့်အာဏာကို ပြန်လည်ဆောင်ယူခဲ့ပါတယ်။ တူညီတဲ့နှစ်ထဲမှာပဲ၊ မူလတမန်တော်တစ်ဆယ့်နှစ်ပါးထဲမှ သုံးပါးဖြစ်တဲ့—ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့က—တမန်တော်အရာနဲ့ ထပ်တိုးယဇ်ပုရောဟိတ်အခွင့်အာဏာနဲ့သော့များကို ပြန်လည်ဆောင်ယူခဲ့ပါတယ်။

အသင်းတော်ရဲ့တရားဝင်ဖွဲ့စည်းခြင်းပြီး ၆နှစ်အကြာ၊ ကာတ့်လန်းဗိမာန်တော်မှာ၊ မောရှေ၊ ဧလိုင်ယနဲ့ ဧလိယတို့က နောက်ပိုင်းကာလမှာ ဘုရားသခင်ရဲ့အမှုတော် ပြီးမြောက်ဖို့အတွက်လိုအပ်တဲ့ ထပ်တိုးအခွင့်အာဏာကို ဂျိုးဇက်ထံအပ်နှံခဲ့ပါတယ်။

မောရှေက ဣသရေလအမျိုးရဲ့စုဝေးခြင်းအတွက် သော့များကို အပ်နှံခဲ့ပါတယ်။

ဧလိုင်ယက အာဗြဟံပဋိညာဉ်ရဲ့ ပြန်လည်ဆောင်ယူခြင်းအပါအဝင် အာဗြဟံ၏ဧဝံဂေလိတရားတော် သာသနာကို အပ်နှံခဲ့ပါတယ်။

ဧလိယက တံဆိပ်ခတ်ခြင်းတန်ခိုးတော်အတွက်သော့များကို အပ်နှံခဲ့ပါတယ်၊ အဲဒါက ထာဝရ၌ချည်နှောင်ဖို့ မြေကြီးပေါ်မှာလုပ်ဆောင်ရမယ့် ဘိသိက်မင်္ဂလာတွေကို ခွင့်ပြုပေးတဲ့ အခွင့်အာဏာကိုပေးပါတယ်၊ ဥပမာ သေခြင်းကို ကျော်လွန်တဲ့ ထာဝရဆက်ဆံရေးများမှာ မိသားစုများ အတူတကွပေါင်းစည်းခြင်း ဖြစ်ပါတယ်။

ယေရှုခရစ်တော်၏အသင်းတော်ကို ဖွဲ့စည်းခဲ့ပါသည်

ဂျိုးဇက်စမစ်က မော်မုန်ကျမ်းကို ဘာသာပြန်တဲ့အခါ၊ ယေရှုခရစ်တော်ရဲ့အသင်းတော်ကို ပြန်လည်တည်ထောင်လိမ့်မည်ဖြစ်ကြောင်း ရည်ညွှန်းတဲ့ ဗျာဒိတ်တော်များကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တော်ရှင်က သူ့ရဲ့အသင်းတော်ကို ချက်ချင်း ဖွဲ့စည်းခြင်းမပြုဖို့ ဂျိုးဇက်ကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီအစား၊ “ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်ဝိညာဉ်တို့အားဖြင့်၊” ကိုယ်တော်ရှင်က “ဤမြေကြီးပေါ်၌ သူ၏အသင်းတော်ကို နောက်တစ်ကြိမ်[ထပ်မံ]ဖွဲ့စည်းဖို့ [သူ]ဆက်၍ဆောင်ရွက်ရမည့်နေ့အတိအကျကို” ဂျိုးဇက်အား ဗျာဒိတ်ပေးခဲ့ပါတယ်။

ယဇ်ပုရောဟိတ်အခွင့်ကိုပြန်လည်ဆောင်ယူပြီး မော်မုန်ကျမ်းကိုထုတ်‌ဝေပြီးမှသာလျှင် အသင်းတော်ကို အစီအစဉ်တကျပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ မော်မုန်ကျမ်းရဲ့ပထမဆုံးမိတ္တူများကို မတ်လ ၂၆ ရက်နေ့၊ ၁၈၃၀ ခုနှစ်မှာ ရရှိနိုင်ခဲ့ပြီး၊ အသင်းတော်ကို ဧပြီလ ၆ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။

ကယ်တင်ရှင်ယေရှုခရစ်တော်။

“ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားသော ဓမ္မသစ်အသင်းတော်ဖြစ်ပါတယ်။ ဒီအသင်းတော်ကို ၎င်းရဲ့အဓိကထောင့်ကျောက်ဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ စုံလင်သောအသက်တာနှင့် သူ့ရဲ့အဆုံးမရှိသောအပြစ်ဖြေခြင်းနဲ့ စစ်မှန်တဲ့ရှင်ပြန်ထမြောက်ခြင်းတို့၌ အခြေတည်ထားပါတယ်။ ယေရှုခရစ်တော်က တမန်တော်များကို နောက်တစ်ဖန်ခေါ်သွင်းတော်မူခဲ့ပြီး၊ သူတို့ကို ယဇ်ပုရောဟိတ်အခွင့်အာဏာကိုလည်း ပေးတော်မူခဲ့ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့အားလုံးကို သူနဲ့သူရဲ့အသင်းတော်ထံသို့လာကြရန်၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများရရှိရန်နှင့် တည်ကြည်သောဝမ်း‌မြောက်ခြင်းရရှိရန် ဖိတ်ခေါ်ပါတယ်။”

အချိန်ကာလပြည့်စုံခြင်းသာသနာ

ခမည်းတော်နဲ့သားတော် ဂျိုးဇက်စမစ်ထံသို့ ပေါ်လာတော်မူခြင်း၊ မော်မုန်ကျမ်းဘာသာပြန်ခြင်းနဲ့ ပေါ်ထွက်လာခြင်း၊ ယဇ်ပုရောဟိတ်အခွင့်အာဏာနဲ့သော့များကို ပြန်လည်ဆောင်ယူခြင်းတို့က နှစ်ပေါင်း ၁၉၅ နှစ်အကြာ ဒီနေ့မှာ ကိုယ်တော်ရှင်ရဲ့ ပြန်လည်ဆောင်ယူထားသောအသင်းတော်ကို ဖွဲ့စည်းခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်တွေဖြစ်ပါတယ်။

ဓမ္မဟောင်းကျမ်းမှာ၊ ပရောဖက်ဒံယေလက လက်​ဖြင့် မ​ထု​မ​လုပ်​ဘဲ အ​လို​လို​ဖြစ်​သော ကျောက်တစ်လုံးသည် မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​မယ့်အကြောင်း အိပ်မက်တစ်ခုကို နိမိတ်ဖတ်ခဲ့ပါတယ်။ အသင်းတော်ဖွဲ့စည်းပြီးတစ်နှစ်အကြာမှာ၊ ကိုယ်တော်ရှင်က ဘုရားသခင်၏နိုင်ငံတော်သော့များကို ထပ်မံ၍ “မြေကြီးပေါ်ရှိလူသားသို့ အပ်နှံ”ပြီးလျှင် “[ယေရှုခရစ်တော်၏] ဧဝံဂေလိတရားတော်သည် တောင်ပေါ်မှ လက်ဖြင့်မထုမလုပ်သည့် ကျောက်တစ်လုံးကဲ့သို့၊ မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့လိမ့်မည်” ဖြစ်ကြောင်း ဂျိုးဇက်စမစ်ကို ညွှန်ကြားခဲ့ပါတယ်။

ကျွန်‌‌တော်သက်သေခံပါတယ်၊ ကိုယ်တော်ရှင်က သူ့ရဲ့ကတိတော်ကို ဖြည့်ဆည်းနေပါတယ်။ ကယ်တင်ရှင်ရဲ့ပြန်လည်ဆောင်ယူထားသောအသင်းတော်ကို ကမ္ဘာတစ်ဝှမ်းမှာ တည်ထောင်ကြပြီး ၎င်းကတန်ဆာပလာဖြစ်ပါတယ်။ ၎င်းအားဖြင့် ဘုရားသခင်ဟာ “ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာစေ​တော်​မူ”ပါမယ်။

ကိုယ်တော်ရှင်ရဲ့နောက်ပိုင်းကာလအမှုတော်ဟာ “ခေတ်အဆက်ဆက်မှာရှိတဲ့ ဘုရားသခင်ရဲ့လူမျိုးတွေကို စိတ်ဝင်စားစေတဲ့ အကြောင်းတရားတစ်ခုဖြစ်ပါတယ်၊ ဒီအရာက ပရောဖက်တွေ၊ ယဇ်ပုရောဟိတ်တွေနဲ့ ဘုရင်တွေ ထူးကဲသောဝမ်းမြောက်ခြင်းနဲ့နေထိုင်ခဲ့ခြင်းရဲ့ အဓိကဆိုလိုရင်းတစ်ခုဖြစ်ပါတယ်၊ သူတို့တွေက ကျွန်တော်တို့နေထိုင်တဲ့ကာလကို ရွှင်လန်းသောမျှော်လင့်ချက်ဖြင့် စောင့်စားခဲ့ကြပါတယ်၊ သူတို့တွေက ကျွန်တော်တို့ရဲ့ဒီကာလကို ရေးသားသီဆိုပရောဖက်ပြုဟောခဲ့ပြီး ကောင်းမြတ်ရွှင်လန်းတဲ့မျှော်လင့်ချက်တွေနဲ့ ပြည့်ဝခဲ့ကြပါတယ်။”

ဧဝံဂေလိသာသနာများအားလုံးရဲ့ အကြီးမြတ်ဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ဒီသာသနာမှာ၊ “သာသနာများ၊ ထို့အတူ သော့များ၊ ထို့အတူ တန်ခိုးများနှင့် ဘုန်းတော်များကို တစ်ခုလုံး၊ ပြည့်စုံ၍ စုံလင်သည့် စည်းလုံးခြင်းနှင့် အတူတကွ ဂဟေဆက်ခြင်း ဖြစ်ပွားရမည့်အကြောင်း၊ ထို့အတူ အာဒံ၏ လက်ထက်မှစ၍ မျက်မှောက်ကာလအထိပင် ဖော်ပြရမည့်အကြောင်းမှာ လိုအပ်ပါသည်။ ဤအမှုသည်သာမက၊ ကမ္ဘာတည်ကတည်းက ဖော်ပြဖူးခြင်းမရှိလေသော၊ အရာတို့ကိုလည်း ဤအချိန်ကာလပြည့်စုံခြင်း သာသနာ၌ ဖော်ပြပါလိမ့်မည်။”

ပရောဖက်ဂျိူးဇက်က “ဘယ်သာသနာမှာမဆို အနန္တတန်ခိုးရှင်ရဲ့ ပညတ်တော်တွေနဲ့လမ်းညွှန်ချက်တွေအောက်မှာ၊ ယဇ်ပုရောဟိတ်အခွင့်အားဖြင့် လိုအပ်ခဲ့ဖူးတဲ့ ဘိသိက်မင်္ဂလာတွေနဲ့တာဝန်တွေအားလုံးက၊ သန့်ရှင်းသောပရောဖက်အပေါင်းတို့ရဲ့နှုတ်အားဖြင့် ဟောပြောထားတဲ့ ပြန်လည်ဆောင်ယူခြင်းကို ဖြစ်မြောက်လာကာ နောက်ဆုံးသောသာသနာမှာအားလုံးပြည့်စုံလာပါမယ်”လို့ နောက်ထပ်ရှင်းပြခဲ့ပါတယ်။

ကတိတော်များနှင့် သက်သေခံချက်

ကျွန်တော်က လောကရဲ့ ဘယ်နေရာမှာမဆို ဘယ်သူပဲဖြစ်ဖြစ် အမြဲလက်ခံရရှိနိုင်တဲ့ အရေးကြီးဆုံးနဲ့အထူးမြတ်ဆုံး “သတင်းကောင်း“ရဲ့ အခြေခံသဘောတရားတွေကို အကျဉ်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်—အဲဒါကတော့ သခင်ယေရှုခရစ်တော်ဟာ သူ့ရဲ့ဧဝံဂေလိတရားတော်နဲ့အသင်းတော်ကို နောက်ပိုင်းကာလမှာ ပြန်လည်ဆောင်ယူခဲ့ပြီဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်။

ဒီသတင်းစကားအကြောင်းကို သင်ယူပြီး သက်သေပြဖို့ အားလုံးကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ “ပြန်လည်ဆောင်ယူခြင်းသတင်းစကားကို ဆုတောင်းခြင်းထက်သန်စွာဖြင့်ဖတ်၍၊ ယုံကြည်ခြင်းဖြင့် ဆောင်ရွက်ကြသူများသည် ထိုဆောင်ယူခြင်း၏ မြင့်မြတ်ခြင်းအကြောင်း၊ ထို့အတူ ကျွန်တော်တို့၏ကိုယ်တော်ရှင်နှင့်ကယ်တင်ရှင်၊ ယေရှုခရစ်တော်၏ ကတိတော်လာ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် လောကကို ပြင်ဆင်ရန် ထိုဆောင်ယူခြင်း၏ရည်ရွယ်ချက်အကြောင်း သူတို့၏ ကိုယ်ပိုင်သက်သေကိုရရှိရန် [သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့်] ကောင်းချီးခံစားကြရမည်” ဖြစ်ကြောင်း ကျွန်တော်ကတိပေးပါတယ်။ ငယ်ရွယ်တဲ့ ဂျိုးဇက်စမစ်လိုမျိုး၊ သင်က ဘုရားသခင်ဆီက အဖြေရဖို့နဲ့ အဖြေအတိုင်းဆောင်ရွက်ဖို့ မျှော်လင့်ချက်ဖြင့် စိတ်အားထက်သန်စွာဆုတောင်းမယ်ဆိုရင်၊ အဲဒီမြင့်မြတ်တဲ့သက်သေကို မှတ်မိပြီးတုံ့ပြန်ဖို့ သင့်ရဲ့စွမ်းရည် တိုးပွားလာပါလိမ့်မယ်။

ဘုရားသခင်၊ ထာဝရခမည်းတော်ဟာ၊ ကျွန်တော်တို့ရဲ့ အဘဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်ဟာ ခမည်းတော်ရဲ့ချစ်သားဖြစ်ပြီး ကိုယ်ခန္ဓာရှိတဲ့ သူ့ရဲ့တစ်ဦးတည်းသောသားတော်ဖြစ်ကြောင်း ကျွန်တော် သက်သေခံပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနုတ်ရှင်ဖြစ်ပါတယ်။

ပြီးတော့ ခမည်းတော်နဲ့သားတော်ဟာ ဂျိုးဇက်စမစ်ကောင်လေးထံသို့ ပေါ်လာခဲ့ပြီး၊ ဒီလိုနဲ့ နောက်ပိုင်းကာလမှာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော် ပြန်လည်ဆောင်ယူခြင်းကို အစပြုခဲ့ကြောင်း ကျွန်တော်ဝမ်းမြောက်စွာသက်သေခံပါတယ်။ မော်မုန်ကျမ်းဟာ ယေရှုခရစ်တော်ရဲ့တခြားသောသက်သေခံချက်ဖြစ်ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ပါဝင်ပါတယ်။ ကယ်တင်ရှင်ကိုကိုယ်စားပြုဖို့နဲ့ သူ့ရဲ့နာမတော်ဖြင့်ဆောင်ရွက်ဖို့ ယဇ်ပုရောဟိတ်အခွင့်အာဏာကို မြေကြီးပေါ်မှာ တဖန်တွေ့ရှိခဲ့ပါတယ်။ ပြီးတော့ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဓမ္မသစ်အသင်းတော်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်ရဲ့သန့်ရှင်းမွန်မြတ်သောနာမတော်ဖြင့် ဒီအရာအလုံးစုံမှန်ကန်ကြောင်း ကျွန်တော်ခိုင်မာစွာသက်သေခံပါတယ်၊ အာမင်။