စိတ်နှလုံးမာကျောခြင်းမရှိကြနှင့်
ကျွန်တော်တို့စစ်မှန်စွာနောင်တရကြမယ်၊ ကိုယ့်ကိုယ်ကို နှိမ့်ချကြမယ်၊ ပြီးတော့ ကိုယ်တော်ရှင်ကိုကိုးစား၍အားထားကြမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေ ပျော့ပျောင်းလာပါလိမ့်မယ်။
အဘခမည်းတော်နဲ့သူ့ရဲ့ချစ်လှစွာသောသားတော်က ငယ်ရွယ်တဲ့ဂျိုးဇက်စမစ်ဆီမှာပေါ်လာခဲ့ပြီး၊ သူ့ရဲ့နှိမ့်ချတဲ့ဆုတောင်းချက်ကိုဖြေကြားလိုက်တဲ့အခါမှာတော့၊ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ဧဝံဂေလိတရားတော် စတင်ခဲ့ပါတယ်။ ပြန်လည်ဆောင်ယူခြင်းရဲ့တစ်စိတ်တစ်ဒေသအနေနဲ့၊ ဂျိုးဇက်စမစ်က ရှေးမှတ်တမ်းတစ်ခုကို ဘုရားသခင်ရဲ့ ဆုကျေးဇူးနဲ့တန်ခိုးတော်အားဖြင့် ဘာသာပြန်ခဲ့ပါတယ်။ အဲဒီမှတ်တမ်းထဲမှာ “ရှေးကအမေရိက၌ နေထိုင်သူများနှင့် ပြုတော်မူသည့် ဘုရားသခင်၏အမှုတော်များအကြောင်း မှတ်တမ်းဖြစ်ပြီး၊ ထာဝရတည်မြဲသောဧဝံဂေလိတရားတော်အပြည့်အစုံ ပါဝင်” ပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းက၊ မော်မုန်ကျမ်းကိုဖတ်တဲ့အခါ၊ လာမန်နဲ့လေမွေလတို့ထံ ကိုယ်တော်ရှင်ရဲ့ကောင်းကင်တမန်တစ်ပါးပေါ်လာပြီး တိုက်ရိုက်စကားပြောခဲ့တာတောင်မှ သူတို့ကသူတို့ကိုပေးခဲ့တဲ့ သမ္မာတရားတွေကို ဘာကြောင့်မယုံကြည်ခဲ့ကြတာလဲလို့ ကျွန်တော်ခဏခဏတွေးမိပါတယ်။ ဘာကြောင့် လာမန်နဲ့လေမွေလတို့က သူတို့ရဲ့အဘ၊ လေဟိနဲ့၊ သူတို့ရဲ့ညီအငယ်နီဖိုင်းရဲ့ သင်ကြားမှုတွေအပေါ်မှာ ပိုနှိမ့်ချခြင်းနဲ့ နာခံခြင်းမရှိနိုင်ကြတာပါလဲ။
ဒီမေးခွန်းရဲ့ အဖြေတွေထဲကတစ်ခုကို ကျွန်တော် ၁ နီဖိုင်းမှာတွေ့ခဲ့ပါတယ်၊ အဲဒီမှာနီဖိုင်းက “သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ ငါသည် ဝမ်းနည်းပူဆွေး”၏လို့ ဖော်ပြထားပါတယ်။ နီဖိုင်းကသူ့ရဲ့အကိုတွေကိုမေးခဲ့ပါတယ်၊ “သင်တို့စိတ်နှလုံးက အဘယ်သို့အားဖြင့်၊ အလွန်မာကျောလေကြ၊ သင်တို့၏စိတ်၌ အလွန်အသိစိတ်ကွယ်လေကြသနည်း။”
စိတ်နှလုံးမာကျောမှုရှိခြင်းဆိုတာ ဘာကိုဆိုလိုတာပါလဲ။
မော်မုန်ကျမ်းထဲမှာ “မာကျောခြင်း”ရဲ့ ကိုရီးယားဘာသာပြန်က 완악 (ဝါ့-နာ၊ 頑惡) ဖြစ်ပါတယ်။ ဒီစကားရပ်က တရုတ်အက္ခရာ “ဝါ့”( 頑)၊ အဓိပ္ပာယ်မှာ “ခေါင်းမာခြင်း”နဲ့၊ “နာ့” (惡)၊ အဓိပ္ပာယ်မှာ “ဆိုးညစ်ခြင်း” တို့ကိုအသုံးပြုထားပါတယ်။ ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေကို မာကျောစေတဲ့အခါ၊ အသိစိတ်ကွယ်သွားပြီး၊ ကျွန်တော်တို့ရဲ့နှလုံးသားတွေနဲ့ စိတ်တွေထဲကိုကောင်းတဲ့အရာတွေ မဝင်လာနိုင်တော့ပါဘူး။ ကျွန်တော်တို့ ခေါင်းမာလာကြပြီးတော့ လောကီစိတ်ဆန္ဒတွေကို စတင်ပိုအာရုံစိုက်လာပြီး၊ စိတ်နှလုံးတွေက ဘုရားသခင်ရဲ့အမှုတွေကို ပိတ်ထားကြပါတယ်။ တခြားသူတွေရဲ့ ထင်မြင်ချက်တွေနဲ့ လမ်းပြမှုကို လက်မခံတော့ဘဲ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေးတွေကိုပဲ အာရုံစိုက်ဖို့ရွေးချယ်ကြပါတယ်။ ဘုရားသခင်ရဲ့အမှုတွေကို ကျွန်တော်တို့စိတ်နှလုံးတွေက မနာခံဖို့ရွေးချယ်ကြပြီးတော့၊ အဲဒီအစား လောကရဲ့အမှုတွေနဲ့ ရန်သူမာနတ်ရဲ့လွှမ်းမိုးခြင်းကို ရွေးကြပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေမာကျောလာတဲ့အခါ၊ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လွှမ်းမိုးခြင်းကို ခုခံကြပါတယ်။ ကျွန်တော်တို့ဟာ “ကိုယ်တော်ရှင်ကို အောက်မေ့ရန်နှေးကွေးကြ” ပြီး အချိန်ကြာလာတဲ့အခါ သူရဲ့စကားတွေကို “ခံစားတတ်နိုင်စွမ်းမရှိတော့”ပါဘူး။
အယ်လမာက အမ္မုန်နိဟပြည်မှလူတို့အား၊ တချို့သော “သူတို့သည်စိတ်နှလုံး၏မာကျောခြင်းနှင့်၊ အသိစိတ်ကွယ်ခြင်းကြောင့်၊ ဘုရားသခင်၏ဝိညာဥ်တော်ကိုငြင်းပယ်ကြသည်” လို့သင်ကြားခဲ့ပါတယ်။ “ကိုယ့်စိတ်နှလုံးကို မာကျောစေသောသူတို့အား သူ၏နက်နဲသောအရာတို့အကြောင်း၊ အဘယ်အရာကိုမျှ၊ မသိသည့်တိုင်အောင် နှုတ်ကပတ်တော်၏ သာ၍နည်းသောအပိုင်းကိုသာ ပေးတော်မူ၏” လို့လည်း သူသင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးမှာ၊ ဝိညာဥ်တော်သည်ဆုတ်ခွာပြီး၊ ကိုယ်တော်ရှင်က လာမန်နှင့် လေမွလတို့ကဲ့သို့ စိတ်နှလုံးမာကျောကြသူတွေထံမှ “[သူ၏]နှုတ်ကပတ်တော်ကို ဖယ်ရှားတော်မူ” ပါလိမ့်မယ် ။ လာမန်နဲ့ လေမွေလတို့က သူတို့ရဲ့စိတ်နှလုံးတွေကို ဆက်လက်မာကျောစေခဲ့ပြီး၊ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ ခံစားချက်တွေကို ခုခံခဲ့ကြကာ၊ သူတို့ရဲ့အဘနဲ့ နီဖိုင်းရဲ့သင်ကြားမှုတွေနဲ့စကားတွေကို လက်မခံဖို့ရွေးချယ်ခဲ့ကြတာကြောင့်၊ သူတို့က နောက်ဆုံးမှာဘုရားသခင်ဆီကထာဝရသမ္မာတရားတွေကို ငြင်းပယ်ခဲ့ကြပါတယ်။
လာမန်နဲ့ လေမွေလတို့ရဲ့ ဆန့်ကျင်ဘက်အနေနဲ့၊ နီဖိုင်းကသူ့ကိုယ်သူဆက်လက်နှိမ့်ချပြီး၊ ကိုယ်တော်ရှင်ရဲ့ဝိညာဥ်တော်ထံမှ လမ်းပြခြင်းကိုရှာဖွေခဲ့ပါတယ်။ အပြန်အလှန်အနေဖြင့်၊ ကိုယ်တော်ရှင်က နီဖိုင်းရဲ့စိတ်နှလုံးကို ပျော့ပျောင်းစေခဲ့ပါတယ်။ နီဖိုင်းက၊ သူသည် “ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၏။ ရှုဦးလော့၊ ကိုယ်တော်ရှင်ကလည်း ငါ့ကို အကြည့်အရှုကြွတော်မူ၍၊ ငါ့စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူသဖြင့်၊ ငါသည် ငါ့အဘပြောထားသည့် စကားမှန်သမျှကို ယုံကြည်၏” လို့ဝေငှခဲ့ပါတယ်။ ကိုယ်တော်ရှင်က နီဖိုင်းကို ဘုရားသခင်နဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်ခြင်းတွေအားလုံးကို လက်ခံ၊ နားလည်ပြီး ယုံကြည်ဖို့ကူညီပေးခဲ့ပါတယ်။ နီဖိုင်းက သန့်ရှင်းသောဝိညာဥ်တော်ရဲ့ အမြဲမပြတ်အဖော်ပြုပေးခြင်းကို ရရှိခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေ မမာကျောသွားဖို့ ဘာလုပ်နိုင်ပါသလဲ။
ပထမ၊ ကျွန်တော်တို့ နေ့စဥ်နောင်တရခြင်းကို ကျင့်သုံးနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကသွန်သင်ခဲ့ပါတယ်၊ “နောင်တရ၍၊ ငါ့ထံသို့ ကလေးသူငယ်ကဲ့သို့ လာသောသူမှန်သမျှကို ငါလက်ခံမည်။” ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က သွန်သင်ခဲ့ပါတယ်၊
“နောင်တရခြင်းဟာ တိုးတက်ခြင်းအတွက် သော့ချက် ဖြစ်ပါတယ်။ စင်ကြယ်တဲ့ယုံကြည်ခြင်းက ကျွန်တော်တို့ကို ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှေ့ကိုဆက်သွားစေပါတယ်။
“ကျေးဇူးပြုပြီး၊ နောင်တရခြင်းကို မကြောက်ပါနဲ့၊ မနှောင့်နှေးကြပါနဲ့။ စာတန်က သင်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို နှစ်ခြိုက်ပါတယ်။ … ဇာတိပကတိလူကို ချွတ်ပယ်ခြင်းရဲ့ ဝမ်းမြောက်မှုကို တွေ့ကြုံဖို့ ဒီနေ့စတင်ပါ။ ကယ်တင်ရှင်က ကျွန်တော်တို့ကို အမြဲချစ်ပါတယ်၊ ဒါပေမယ့် အထူးသဖြင့် ကျွန်တော်တို့ နောင်တရတဲ့အခါမှာပါ။”
ကျွန်တော်တို့စိတ်နှလုံးတွေပျော့ပျောင်းလာခြင်းနဲ့ ကိုယ်တော်ရှင်ထံလာခြင်းရဲ့ ဝမ်းမြောက်မှုကို တွေ့ကြုံခံစားရတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ “ကျိုးနွံသော၊ သိမ်မွေ့အောက်ကျို့သော၊ နှိမ့်ချသော၊ သည်းခံတတ်သော၊ ချစ်ခြင်းနှင့်ပြည့်ဝသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်လာခြင်း၊ သူ့အပေါ် ချမှတ်ရန် သင့်လျော်သည်ဟု ကိုယ်တော်ရှင်ဆင်ခြင်တော်မူသော အရာမှန်သမျှကိုလည်း ကလေးငယ်တစ်ဦး မိမိအဘကို လိုက်နာသကဲ့သို့ပင်” ဖြစ်လာကြပါတယ်။
ဒုတိယ၊ ကျွန်တော်တို့ နှိမ့်ချခြင်းကို ကျင့်သုံးနိုင်ပါတယ်။
နေ့စဥ်နောင်တရခြင်းက နှိမ့်ချခြင်းကို ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေဆီ ယူဆောင်လာပါမယ်။ ကလေးငယ်တစ်ဦးက သူ့ရဲ့အဘကို နာခံသလို၊ ကိုယ်တော်ရှင်ရှေ့မှာ ကျွန်တော်တို့ နှိမ့်ချချင်လာပါလိမ့်မယ်။ အဲဒီနောက် သန့်ရှင်းသောဝိညာဥ်တော်ကျွန်တော်တို့နဲ့အတူ အစဥ်အမြဲရှိပြီး၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေပျော့ပျောင်းလာပါလိမ့်မယ်။
ကျွန်တော့်ဇနီး၊ ဆူးနဲ့ ကျွန်တော်က အံ့ဖွယ်ကောင်းတဲ့ဇနီးမောင်နှံကို လွန်ခဲ့တဲ့လေးနှစ်မှာ သိခဲ့ပါတယ်။ ကျွန်တော်တို့သူတို့နဲ့စတွေ့တဲ့အချိန်မှာ၊ ခင်ပွန်းသည်က အသင်းတော်ရဲ့အသင်းသားအသစ်ဖြစ်ပြီးတော့၊ သူ့ဇနီးက ဧဝံဂေလိတရားတော်လေ့လာဖို့ သာသနာပြုတွေနဲ့ တွေ့နေခဲ့ပါတယ်။ ခရစ်တော်ထံသို့လာရန်ကူညီပေးဖို့ သာသနာပြုတွေအများကြီးက သူမနဲ့တွေ့ခဲ့ကြပါတယ်။ သူမမှာ ဧဝံဂေလိတရားတော်ရဲ့ အားမာန်ပြည့်ဝတဲ့သက်သေခံချက်ရှိပြီးတော့ အသင်းတော်မှန်တယ်ဆိုတာသိတယ်လို့ ကျွန်တော်တို့ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့သွားလည်တဲ့အချိန်တွေအတွင်းမှာ သူမဟာ ဝိညာဥ်တော် မကြာခဏ ခံစားခဲ့ရပြီးတော့ အစည်းအဝေးတွေအားလုံးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ အသင်းတော်စုက အံ့ဖွယ်ကောင်းတဲ့အသင်းသားတွေနဲ့ဆက်ဆံရတာကို သူမနှစ်သက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း၊ ဗတ္တိဇံခံယူဖို့ သူမကိုယ်တိုင်ကတိကဝတ်ပြုဖို့ အခက်အခဲရှိနေခဲ့ပါတယ်။ တစ်နေ့မှာ သူမက မော်ရော်နိုင်း ၇:၄၃-၄၄ ကိုဖတ်နေခဲ့ပါတယ်၊ အဲဒီမှာဖတ်ရတာက၊
“ထိုမှတစ်ဖန်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ထိုသူသည် သိမ်မွေ့အောက်ကျို့ခြင်း၊ ထို့အတူ စိတ်နှလုံးနှိမ့်ချခြင်းမရှိလျှင် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း မရှိနိုင်။
“ထိုသို့ဖြစ်လျှင်၊ [သင်]၏ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းသည် အချည်းနှီးဖြစ်၏။ အကြောင်းမူကား၊ သိမ်မွေ့အောက်ကျို့သောသူနှင့် စိတ်နှလုံးနှိမ့်ချသောသူတို့မှတစ်ပါး၊ အဘယ်သူမျှ ဘုရားသခင်ရှေ့၌ နှစ်သက်ဖွယ်မရှိ။”
ဒီအပိုဒ်တွေကိုဖတ်ပြီးတဲ့နောက်မှာ၊ သူမ ဘာလုပ်ဖို့လိုအပ်လဲဆိုတာ သတိထားမိခဲ့ပါတယ်။ သိမ်မွေ့အောက်ကျို့ခြင်းနဲ့ နှိမ့်ချခြင်းရဲ့ အဓိပ္ပာယ်ကိုနားလည်ခဲ့ပြီလို့ သူမထင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း၊ သူမရဲ့ နားလည်ခြင်းက ဘုရားသခင်ရဲ့ပညတ်တော်တွေကို နာခံဖို့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းရှိရန် မလုံလောက်ခဲ့ပါဘူး။ သူမရဲ့ ခေါင်းမာမှုနဲ့ သူမရဲ့ကိုယ်ပိုင်အသိပညာကို စွန့်လွှတ်ခဲ့ရပါတယ်။ စစ်မှန်တဲ့နောင်တရခြင်းအားဖြင့် သူမကိုယ့်ကိုယ်ကို နှိမ့်ချဖို့စတင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့အမြင်ရှုထောင့်ကနေ နှိမ့်ချခြင်းကို သူမနားလည်စပြုလာခဲ့ပါတယ်။ သူမရဲ့ကိုယ်ပိုင်စိတ်နှလုံးကို ပျော့ပျောင်းစေဖို့ ကောင်းကင်ဘုံရှင်အဘကို အားထားပြီးဆုတောင်းခဲ့ပါတယ်။ ဒီဆုတောင်းခြင်းတွေအားဖြင့်၊ ကောင်းကင်ဘုံရှင်အဘက သူမကိုဗတ္တိဇံခံစေလိုကြောင်း ဝိညာဥ်တော်ကသက်သေခံတာကို သူမခံစားခဲ့ရပါတယ်။
ခင်ပွန်းနဲ့ဇနီးနှစ်ယောက်စလုံးက သူတို့ပိုနှိမ့်ချလာလေလေ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ပိုနားလည်လာလေလေဖြစ်ပြီး သူတို့ရဲ့စိတ်နှလုံးတွေက ကျွန်တော်တို့သခင်ယေရှုခရစ်တော်ရဲ့ သင်ကြားမှုတွေကိုလိုက်လျှောက်ဖို့ ပျော့ပျောင်းလာခဲ့ကြောင်း ဝေမျှခဲ့ကြပါတယ်။
တတိယ၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကို ကိုးစားပြီးအားထားနိုင်ပါတယ်။
နီဖိုင်းက ကိုယ်တော်ရှင်ကို ကိုးစားခြင်းအားဖြင့် သူ့ရဲ့စိတ်နှလုံးကို ပျော့ပျောင်းစေခဲ့တဲ့ ပုံသက်သေကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူသင်ကြားခဲ့ပါတယ်၊ “အကျွန်ုပ်သည် ကိုယ်တော်ကို ကိုးစားလျက်အစဉ်အမြဲ ကိုးစားပါမည်။ အကျွန်ုပ်သည် လူ၏လက်ရုံးကို မကိုးစားပါ။” အလားတူပဲ၊ ပရောဖက် ဂျိုးဇက်စမစ်ကိုပေးခဲ့တဲ့ ဗျာဒိတ်တော်တစ်ခုမှာ၊ ကိုယ်တော်ရှင်ကမိန့်တော်မူခဲ့ပါတယ်၊ “ကောင်းမြတ်သည်ကိုပြုဖို့—အထူးသဖြင့်၊ တရားမျှတစွာပြုဖို့၊ နှိမ့်ချစွာကျင့်ဖို့၊ ဖြောင့်မတ်စွာ တရားစီရင်ဖို့ ဦးဆောင်သည့် ဝိညာဉ်တော်ကို ကိုးစားလော့။” ကျွန်တော်တို့ ကိုယ်တော်ရှင်ထံမှာ ယုံကြည်မှုအပ်နှံပြီး သူ့ကိုအားထားတဲ့အခါ၊ ကိုယ်တော်က ကျွန်တော်တို့စိတ်နှလုံးတွေကို ပျော့ပျောင်းစေပြီး၊ စုံစမ်းခံရခြင်းများ၊ ဒုက္ခများနဲ့ ဆင်းရဲဒုက္ခများကြားမှာ ကျွန်တော်တို့ကို ထောက်ကူပေးပါလိမ့်မယ်။
ကျွန်တော်တို့စစ်မှန်စွာနောင်တရကြမယ်၊ ကိုယ့်ကိုယ်ကို နှိမ့်ချကြမယ်၊ ပြီးတော့ ကိုယ်တော်ရှင်ကိုကိုးစား၍အားထားကြမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေ ပျော့ပျောင်းလာပါလိမ့်မယ်။ အဲဒီနောက် ကိုယ်တော်ရှင်ကသူ့ရဲ့ဝိညာဥ်တော်ကို သွန်းလောင်းပြီး ကောင်းကင်ရဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေကို ပြသပါလိမ့်မယ်။ သူသွန်သင်တော်မူခဲ့တဲ့ နှုတ်ကပတ်တော်တွေအားလုံးကို ကျွန်တော်တို့ယုံကြည်ပြီး၊ ကျွန်တော်တို့ရဲ့ နားလည်မှုက နက်ရှိုင်းလာပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်က သိမ်မွေ့အောက်ကျို့မှုရဲ့ မူလပုံသက်သေဖြစ်ပါတယ်။ ၂ နီဖိုင်း ၃၁:၇ မှာ ကျွန်တော်တို့ ဖတ်ရပါတယ်၊ “သို့ရာတွင်၊ သူသည် သန့်ရှင်းတော်မူသော်ငြားလည်း၊ ခမည်းတော်၏မျက်မှောက်၌ လူ့ဇာတိအတိုင်း သူ့ကိုယ်သူ နှိမ့်ချတော်မူကြောင်း လူသားတို့ကို ပြတော်မူ၍၊ သူ၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းအားဖြင့် နာခံတော်မူမည် ဖြစ်ကြောင်း ခမည်းတော်ထံသို့ သက်သေခံတော်မူ၏။” ကိုယ်တော်က သန့်ရှင်းတော်မူပြီးပြည့်စုံပေမယ့်လည်း၊ ခမည်းတော်ရှေ့မှာ သူ့ကိုယ်သူ နှိမ့်ချတော်မူပြီး ဗတ္တိဇံခံခြင်းအားဖြင့်နာခံတော်မူခဲ့ပါတယ်။
သူ့ရဲ့ သေခြင်းရှိရာဘဝအဆုံးမှာ၊ ယေရှုခရစ်တော်က ခါးသောဖလားကိုသောက်သုံးခြင်းဖြင့် ခမည်းတော်ကိုသူ့ရဲ့ကိုယ်ပိုင်အလိုတော်ကို ပေးခဲ့ပါတယ်။ ဒီခံစားရခြင်းက သူ့ကို “နာကျင်မှုကြောင့် တုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေ၊ ထို့အတူ၊ ကိုယ်ခန္ဓာနှင့် စိတ်နှစ်ခုစလုံးကို ဒုက္ခဝေဒနာ ခံစားစေ”ပါတယ်။ ကယ်တင်ရှင်က သူသည် “ခါးသောဖလားကို မသောက်ရနိုင်ဖို့ အလိုရှိလျက်၊ တွန့်ဆုတ်” ပြီးတောင်းလျှောက်ခဲ့ပါတယ်။ “သို့သော်လည်း၊” သူမိန့်ခဲ့ပါတယ်၊ “ဘုန်းတော်သည် ခမည်းတော်အဖို့ဖြစ်ပါစေသတည်း၊ [သူ]သည်လည်း သောက်သုံး၍၊ လူသားတို့အတွက် [သူ၏]ပြင်ဆင်ခြင်းများကို ပြီးဆုံးစေ၏။”
ညီအကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ကို ကျင့်ဝတ်ဆိုင်ရာရွေးချယ်ပြုမူနိုင်ခွင့်ကို ပေးထားပါတယ်။ ကျွန်တော်တို့စိတ်နှလုံးတွေမာကျောဖို့၊ သို့မဟုတ် ပျော့ပျောင်းဖို့ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဥ်ဘဝတွေမှာ၊ ကိုယ်တော်ရှင်ရဲ့ဝိညာဥ်တော် ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေထဲကို ဝင်လာပြီးကိန်းအောင်းနေဖို့ ဖိတ်ခေါ်တဲ့အရာတွေကိုလုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ ဒီရွေးချယ်မှုတွေမှာ၊ ငြိမ်းချမ်းခြင်းနဲ့ ဝမ်းမြောက်ခြင်းရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။
ခမည်းတော်ရဲ့အလိုတော်ကိုလိုက်နာခဲ့တဲ့၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ ပုံသက်သေကိုကျွန်တော်တို့ လိုက်လျှောက်ကြပါစို့။ ကျွန်တော်တို့ဒီလိုပြုလုပ်ကြတာနဲ့၊ ကိုယ်တော်ရှင်က ကတိတော်ပြုခဲ့ပါတယ်၊ “အကြောင်းမူကား၊ ရှုလော့၊ သူတို့၏စိတ်နှလုံးကို သူတို့မမာကျောစေကြလျှင်၊ ကြက်မသည် မိမိသားငယ်တို့ကို မိမိအတောင်အောက်၌ စုရုံးသကဲ့သို့ ငါသည် သူတို့ကို စုရုံးတော်မူမည်။” ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။