အထွေထွေညီလာခံ
ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်လမ်းညွှန်မှုစနစ်
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


10:48

ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်လမ်းညွှန်မှုစနစ်

ကျွန်တော်တို့ရဲ့အသက်တာတွေကို ယေရှုခရစ်တော်အပေါ်အာရုံစိုက်တဲ့အခါ၊ အဆုံးတိုင်အောင်တည်ကြည်ပြီး အဆုံးတိုင်အောင်ဝမ်းမြောက်ရင်း ကျွန်တော်တို့ရဲ့အိမ်ပြန်လမ်းကို ရှာတွေ့ပါလိမ့်မယ်။

ကျွန်တော်အသက် ၂၆နှစ်မှာ ကျွန်တော်ချစ်ရတဲ့ ဖရူတီလာ၊ ချီလီမှာ ဗတ္တိဇံခံခဲ့တဲ့အချိန်မှာ ယေရှုခရစ်တော်က ကျွန်တော့်ဘဝကိုပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အလုပ်က လှပတဲ့ချီလီရဲ့ ပါတာဂိုနီးယားရှိ သမုဒ္ဒရာ၊ မြစ်များနှင့် ရေကန်များတစ်လျှောက် ကျွန်တော့်ကိုဖြတ်ကျော်စေပါတယ်။ ဗတ္တိဇံခံပြီးနောက်မှာ၊ “ဘုရားသခင်​ရှိတော်မူ​ကြောင်းကို ခပ်သိမ်းသော​အရာတို့က ရည်ညွှန်း”ကြောင်း အမှန်တကယ်သတိပြုမိပြီး၊ ကျွန်တော့်အလုပ်နဲ့ဘဝကို အသစ်ဖြစ်ပြီးကွဲပြားတဲ့နည်းတစ်ခုနဲ့မြင်ခဲ့ပါတယ်။

သဘာဝအရ၊ ဆယ်လ်မွန်ငါးတွေက မြစ်တွေရဲ့အရင်းမြစ်မှာ ပေါက်ဖွားကြပါတယ်။ သူတို့ဘဝရဲ့ တစ်ချိန်ချိန်မှာ၊ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရနဲ့အခြေအနေတွေကို ရှာတွေ့နိုင်တဲ့ သမုဒ္ဒရာဆီရောက်ဖို့ မြစ်အောက်ဘက်ကို ရေကူးဖို့လိုအပ်ပါတယ်။

ဒါပေမယ့် သမုဒ္ဒရာကလည်း သားရဲတွေချောင်းနေတဲ့နေရာဖြစ်ပြီး တံငါသည်တွေက သူတို့ကိုအာဟာရမဖြစ်စေဘဲ အစာတုနဲ့ပြုလုပ်ထားတဲ့ တောက်ပတဲ့ငါးမျှားချိတ်တွေနဲ့ ဆယ်လ်မွန်တွေကို ဖမ်းဖို့ကြိုးစားနေတဲ့ အန္တရာယ်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီခြိမ်းခြောက်မှုတွေကို ဆယ်လ်မွန်ငါးတွေ ကျော်လွှားရှင်သန်နိုင်မယ်ဆိုရင်၊ အသစ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ရင်း၊ သူတို့ပေါက်ဖွားလာခဲ့တဲ့ မြစ်အထက်ဆီပြန်သွားဖို့အတွက် သူတို့ရဲ့ အစွမ်းထက်တဲ့လမ်းညွှန်မှုစနစ်ကို အသုံးပြုဖို့အဆင်သင့်ဖြစ်ပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ပြောင်းရွှေ့တဲ့အပြုအမှုကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပါတယ်၊ မယုံနိုင်လောက်အောင်တိကျမှုနဲ့ သူတို့ရဲ့ နောက်ဆုံးခရီးပန်းတိုင်ကိုလမ်းညွှန်ပေးတဲ့၊ ဂျီပီအက်စ်နဲ့ဆင်တူတဲ့ သံလိုက်မြေပုံမျိုးတစ်ခုကို အသုံးပြုကြကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျွန်တော်တို့လာခဲ့တဲ့ ကောင်းကင်ဘုံအိမ်တော်ဆီ တစ်နေ့မှာ ကျွန်တော်တို့အားလုံး ပြန်နိုင်ကြပါတယ်။ ဆယ်လ်မွန်ငါးတွေလိုပဲ၊ အဲဒီနေရာဆီ ကျွန်တော်တို့ကို လမ်းပြဖို့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်သံလိုက်မြေပုံသို့မဟုတ် ခရစ်တော်၏​အလင်း ကျွန်တော်တို့မှာရှိကြပါတယ်။ ယေရှုက “ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ”လို့ သူ့ရဲ့တပည့်တော်တွေကို သွန်သင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့အသက်တာတွေကို ယေရှုခရစ်တော်အပေါ်အာရုံစိုက်တဲ့အခါ၊ အဆုံးတိုင်အောင်တည်ကြည်ပြီး အဆုံးတိုင်အောင်ဝမ်းမြောက်ရင်း ကျွန်တော်တို့ရဲ့အိမ်ပြန်လမ်းကို ရှာတွေ့ပါလိမ့်မယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က “ကျွန်တော်တို့ ခံစားရတဲ့ပျော်ရွှင်မှုက ကျွန်တော်တို့ဘဝရဲ့ အခြေအနေတွေနဲ့သက်ဆိုင်မှုနည်းပြီး ကျွန်တော်တို့ဘဝရဲ့အာရုံစိုက်မှုနဲ့ အရာတိုင်းကသက်ဆိုင်ပါတယ်”လို့ သွန်သင်ခဲ့ပါတယ်။

ကျွန်တော်တို့၏မြင့်မြတ်သောသဘောနှင့် ကံကြမ္မာ

မိသားစုကြေညာချက်မှာဖတ်ရတာက “[ကျွန်ုပ်တို့] တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင်ဘုံရှင်မိဘတို့၏ ချစ်လှစွာသော ဝိညာဉ်သား သို့မဟုတ် သမီးဖြစ်ပါသည်၊ ထို့အတူ၊ သို့ဖြစ်၍၊ တစ်ယောက်ချင်းစီ၌ မြင့်မြတ်သောသဘောနှင့် ကံကြမ္မာရှိပါသည်။ … သေခြင်းရှိရာမတိုင်မီ နယ်ပယ်တွင်၊ ဝိညာဉ်သားများနှင့် သမီးများသည် ဘုရားသခင်ကို မိမိတို့၏ ထာဝရအဘအဖြစ် သိခဲ့ကြ၊ ကိုးကွယ်ခဲ့ကြပြီး၊ အစီအစဉ်ကို လက်ခံခဲ့ကြပါသည်၊ ထိုအစီအစဉ်အားဖြင့် သူ၏သားသမီးတို့သည် ရုပ်ကိုယ်ခန္ဓာကို ရရှိကြ၊ စုံလင်ခြင်းဆီသို့ တိုးတက်သည့် လောကီအတွေ့အကြုံကို ရရှိကြပြီးလျှင်၊ နောက်ဆုံးတွင်၊ သူတို့၏ မြင့်မြတ်သော ကံကြမ္မာမှာ ထာဝရအသက်ကို အမွေခံသောသူများဖြစ်ကြရကြောင်း သတိပြုမိကြပါသည်။”

သေခြင်းရှိရာဘဝမှာ ကိုယ်တော်ရဲ့မွေးဖွားခြင်းမတိုင်ခင်၊ ယေရှုခရစ်တော်က မောရှေထံပေါ်လာခဲ့ပြီး သူ့ကို အဘခမည်းတော်ကိုယ်စားစကားပြောခဲ့ပါတယ်။ ကိုယ်တော်က မောရှေကို သူဆောင်ရွက်ဖို့ ကြီးစွာသောအမှုရှိကြောင်းပြောခဲ့ပါတယ်။ အဲဒီတွေ့ဆုံခြင်းအတွင်း ကိုယ်တော်ရှင်က သူ့ကို “ငါ့သား”လို့ အကြိမ်များစွာခေါ်ခဲ့ပါတယ်။

အဲဒီအတွေ့အကြုံပြီးနောက်မှာ၊ စာတန်က သူ့ကိုလာပြီးသွေးဆောင်ဖြားယောင်ကာ ပြောပါတယ်၊ “မောရှေ၊ လူသား၊ ငါ့ကို ကိုးကွယ်လော့။”

မောရှေက သူ့ရဲ့ မြင့်မြတ်တဲ့သဘောကိုသတိရခြင်းဖြင့် သွေးဆောင်ဖြားယောင်းခြင်းကိုတုံ့ပြန် ပြောလိုက်ပါတယ်၊ “သင်သည် အဘယ်သူနည်း။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဘုရားသခင်၏ သားတစ်ယောက်ဖြစ်၏၊” သမ္မာတရားက ရန်သူရဲ့ တိုက်ခိုက်မှုတစ်ခုမှ မောရှေကိုလွတ်မြောက်စေခဲ့ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သေခြင်းရှိရာရဲ့ သွေးဆောင်တဲ့ချိတ်တွေကတကယ်ရှိပါတယ်။ သူတို့က မကြာခဏဆွဲဆောင်အားကောင်းပါတယ်၊ ဒါပေမယ့် အဘခမည်းတော်နဲ့ ထာဝရအသက်ဆီ ဦးဆောင်လမ်းပြနေတဲ့ အ​သက်​ရေရဲ့လမ်းကြောင်းကနေ ကျွန်တော်တို့ကို ဆွဲထုတ်ဖို့ပစ်မှတ်တစ်ခုကိုပဲ သူတို့ရှာဖွေကြပါတယ်။

သေခြင်းရှိရာရဲ့ သွေးဆောင်တဲ့ချိတ်တွေက ဘယ်လောက်အမှန်တကယ်ဖြစ်နိုင်လဲဆိုတာ ကျွန်တော်သိပါတယ်။ တနင်္ဂနွေနေ့တစ်နေ့မှာ၊ ပြောင်းလဲလာသူအသစ်တစ်ယောက်အနေနဲ့ ကျွန်တော် ယဇ်ပုရောဟိတ်အတန်းတစ်ခုကို သင်ကြားပေးနေချိန်မှာ မတည်ငြိမ်တဲ့စကားဝိုင်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော့်ရဲ့သင်ခန်းစာကိုအဆုံးသတ်ဖို့ အခက်တွေ့ခဲ့ပါတယ်။ ကျွန်တော်စိတ်ဆိုးပြီး ကျွန်တော်ဟာခံရသူဖြစ်တယ်လို့ ခံစားခဲ့ရပါတယ်။ စကားတစ်လုံးမှမပြောဘဲ၊ ခေတ္တခဏလောက်တော့ ဘုရားကျောင်းကို ကျွန်တော်ပြန်မသွားဘူးဆိုတဲ့အတွေးနဲ့ ထွက်ပေါက်ဆီဦးတည်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ၊ စိုးရိမ်တဲ့ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးက ကျွန်တော့်ရှေ့မှာလာရပ်နေခဲ့ပါတယ်။ သူက အတန်းထဲမှာကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့အခြေအနေအပေါ်မှာမဟုတ်ဘဲ ခရစ်တော်အပေါ်အာရုံစိုက်ဖို့ ကျွန်တော့်ကို ချစ်ခင်စွာဖိတ်ခေါ်ခဲ့ပါတယ်။ သူနဲ့အတွေ့အကြုံကို ပြန်ကြည့်တဲ့အခါ၊ သူက ကျွန်တော့်ကိုပြောပြပါတယ် “သူ့နောက်ကိုလိုက်သွားပါ၊ သူကငါ့အတွက်အရေးကြီးတယ်”လို့ပြောတဲ့အသံတစ်ခုကို သူကြားခဲ့ပါတယ်။

အသင်းလူကြီး ဗားဂက်စ်နှင့် သူ့နောက်ကိုလိုက်ခဲ့သောခေါင်းဆောင်။

ကျွန်တော့်ရဲ့ချစ်ရသောမိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့အားလုံးဟာ ကိုယ်တော့်အတွက်အရေးကြီးကြပါတယ်။ ဥက္ကဋ္ဌ နယ်လ်ဆင်က “ဘုရားသခင်နှင့်ပြုတဲ့ ကျွန်တော်တို့ရဲ့ ပဋိညာဉ်ကြောင့်၊ ကျွန်တော်တို့ကို ကူညီဖို့ အားထုတ်မှုတွေမှာ သူဘယ်တော့မျှပင်ပန်းမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အပေါ်ထားတဲ့ ကိုယ်တော်ရဲ့ကရုဏာကြီးတဲ့ စိတ်ရှည်မှုကို ဘယ်တော့မှ ကုန်ခန်းစေမှာမဟုတ်ပါဘူး”လို့ သွန်သင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မြင့်မြတ်တဲ့သဘောနဲ့ ဘုရားသခင်နဲ့ပဋိညာဉ်ပြုထားတဲ့ဆက်ဆံရေးက မြင့်မြတ်တဲ့အကူအညီရရှိဖို့ အခွင့်ပေးပါတယ်။

အာဟာရလိုအပ်မှု

ဆယ်လ်မွန်ငါးတွေ ကြီးထွားဖို့ သမုဒ္ဒရာမှာ အာဟာရဖြည့်ပေးဖို့လိုအပ်သလိုပဲ၊ ကျွန်တော်တို့လည်း ဝိညာဉ်ရေးရာအာဟာရချို့တဲ့ပြီးသေဆုံးခြင်းမှရှောင်ရှားဖို့ မိမိကိုယ်ကိုဝိညာဉ်ရေးရာအာဟာရဖြည့်ဖို့ လိုအပ်ပါတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာများ၊ ဗိမာန်တော်နှင့် တနင်္ဂနွေအစည်းအဝေးတွေမှာ ပုံမှန်တက်ရောက်ခြင်းတွေက ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာစားသောက်ဖွယ်စာရင်းမှာ ပဓာနဖြစ်ပါတယ်။

၁၉၅၆ခုနှစ် နိုဝင်ဘာလမှာ၊ ရီကာဒို ဂါစီယာက ချီလီမှာဗတ္တိဇံခံခဲ့ပြီး ကျွန်တော့်နိုင်ငံမှာ အသင်းတော်ရဲ့ပထမဆုံးအသင်းသား ဖြစ်လာပါတယ်။ သူ မကွယ်လွန်ခင်တစ်ရက်အလိုမှာပဲ၊ သူ့မိသားစုနဲ့မိတ်ဆွေတွေရှေ့မှာ သူကြေညာခဲ့ပါတယ်၊ “လွန်ခဲ့တဲ့နှစ်များစွာက၊ သာသနာပြုတွေဟာ ကျွန်တော့်မိသားစုနဲ့အတူပျော်ရွှင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်က ပျော်ရွှင်တဲ့လူတစ်ယောက်ပါ။ ချီလီမှာရှိတဲ့လူတိုင်းကို ဧဝံဂေလိဟာ ပျော်ရွှင်မှုဖြစ်တယ်ဆိုတာကို ပြောပြပါ။”

ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်နဲ့ အာဟာရဖြည့်ခဲ့ပြီးနောက်မှာ၊ ရီကာဒိုဟာ ဘုရားသခင်နဲ့သူ့ရဲ့စပ်ဆိုင်သူတွေကို မေတ္တာဖြင့်အမှုတော်ဆောင်ဖို့ သူ့ဘဝတစ်ခုလုံးကို နှစ်မြှုပ်ခဲ့ပါတယ်။ သူ့ရဲ့တပည့်တော်ဖြစ်ခြင်းပုံသက်သေက ကျွန်တော်အပါအဝင်မျိုးဆက်တွေကို ကောင်းချီးပေးခဲ့ပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်က “ဘုရားခင်ရဲ့ချစ်ခြင်းဖြင့် ပြည့်ဝနေတဲ့လူတစ်ဦးက သူ့မိသားစုတစ်စုကိုသာကောင်းချီးပေးခြင်းနဲ့ မ‌ရောင့်ရဲဘဲ တစ်ကမ္ဘာလုံးကိုပတ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကိုကောင်းချီးပေးဖို့ စိတ်အားထက်သန်ပါတယ်”လို့ သွန်သင်ခဲ့ပါတယ်။

ကျွန်တော်တို့၏ကောင်းကင်ဘုံအိမ်တော်သို့ ပြန်လာပါ

ကျွန်တော်တို့တစ်ဦးချင်းစီရဲ့နက်ရှိုင်းတဲ့အတွင်းပိုင်းက ကောင်းကင်ဘုံအိမ်တော်ဆီ ပြန်လာဖို့ ဆန္ဒတစ်ခုရှိပြီး၊ ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်လမ်းညွှန်မှုစနစ် ဖြစ်ပါတယ်။ ကိုယ်တော်ကနည်းလမ်းဖြစ်ပါတယ်။ ကိုယ်တော့်ရဲ့ အပြစ်ဖြေပေးဆပ်ခြင်းက ကျွန်တော်တို့ကို ဘုရားသခင်နဲ့သန့်ရှင်းမွန်မြတ်တဲ့ ပဋိညာဉ်တွေပြုဖို့ ဖြစ်နိုင်စေပါတယ်။ ကျွန်တော်တို့ပဋိညာဉ်တွေပြုတဲ့အခါ၊ တစ်ခါတစ်ရံ ရေစီးကြောင်းကိုဆန့်ကျင်ပြီး ကူးခတ်နေရကြောင်း မိမိကိုယ်ကိုတွေ့ရှိရပါလိမ့်မယ်။ ဘေးအန္တရာယ်၊ စိတ်ထိခိုက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းနဲ့ ဆင်းရဲဒုက္ခတွေက ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့ ဝိညာဉ်ရေးခွန်အားကို စမ်းသပ်ကြပါလိမ့်မယ်။ အကူအညီတောင်းပါ။ ယေရှုခရစ်တော်က နားလည်ပြီး၊ ကျွန်တော်တို့ရဲ့ဝန်တွေကိုမျှသယ်ပေးဖို့ အမြဲစိတ်ထက်သန်နေပါတယ်။

ကိုယ်တော့်ကို “ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ” အဖြစ်သိကြကြောင်း သတိရပါ။ ကယ်တင်ရှင်က “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ”လို့ သွန်သင်ခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ အပြစ်ဖြေပေးဆပ်ခြင်းက ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ခံရဖို့ ခွင့်ပြုပေးတာကြောင့် ကိုယ်တော်က၎င်းတို့ကို ဘယ်တော့မှသတိမရတော့ပါဘူး။

ကျွန်တော်တို့ရဲ့ သေခြင်းရှိရာအသက်တာသင်ယူမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော်တို့ရဲ့အပြစ်တွေကို လုံးလုံးမေ့ပျောက်နိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့က ၎င်းတို့ကို ထပ်တလဲလဲမပြုဖို့ သတိရကြရပါမယ်။ အဲဒီအစား၊ ကျွန်တော်တို့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ ပွဲတော်မင်္ဂလာသုံးဆောင်တဲ့အခါ ကိုယ်တော့်ကို သတိရ ကြရပါမယ်။ ဒီဘိသိက်မင်္ဂလာက ကိုးကွယ်ခြင်းနဲ့ ဝိညာဉ်ရေးရာတိုးတက်ခြင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ သာမန်နေ့တစ်ရက်သာမဟုတ်ကြောင်း ကျွန်တော်တို့နားလည်တဲ့အခါ ဝမ်းမြောက်ခြင်းရရှိလာပါတယ်။ ကျွန်တော်တို့ကိုလောကမှ အနားယူပေးခြင်းနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာနဲ့ဝိညာဉ်ကို ပြန်လည်အသစ်ဖြစ်စေခြင်းရဲ့ ရည်ရွယ်ချက်ဖြင့် “ဥ​ပုသ်​နေ့​ကို လူ​အ​ဖို့​ဖြစ်”စေခဲ့ပါတယ်။

ဗိမာန်တော်—ကိုယ်တော်ရှင်၏အိမ်တော်ဆီ သွားတဲ့အခါမှာလည်း ကိုယ်တော့်ကိုသတိရကြပါတယ်။ ဗိမာန်တော်တွေက “ဘုရားသခင်ရဲ့ဆုကျေးဇူးတွေထဲမှာ … အကြီးမြတ်ဆုံးဖြစ်တဲ့”၊ ထာဝရအသက်ထံ၊ ကျွန်တော်တို့ကို ဦးဆောင်လမ်းပြနေတဲ့ ပဋိညာဉ်ရဲ့ဗဟိုအဖြစ် ယေရှုခရစ်တော်အကြောင်း နက်နဲတဲ့အသိတစ်ခုကိုပေးပါတယ်။

ဗိမာန်တော်တက်ရောက်ခြင်းက ကျွန်တော့်ကို နှစ်သိမ့်မှုနဲ့ ကျွန်တော်တို့ရဲ့ ထာဝရကံကြမ္မာနှင့်ပတ်သက်တဲ့ ကြီးမားတဲ့မျှော်လင့်ချက်ကိုပေးခဲ့ပါတယ်။ ကန့်လန့်ကာနှစ်ဘက်လုံးရှိ လူတွေနဲ့ ကောင်းကင်ဘုံဆက်သွယ်မှုတွေကို ကျွန်တော်တွေ့ကြုံခဲ့ရပါတယ်။ ကျွန်တော့်ကလေးငယ်တွေရဲ့ဘဝမှာ အနာကင်းစေတဲ့အံ့ဖွယ်အမှုတွေကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်၊ သူတို့ထဲကနှစ်ယောက်က ဒီကျန်ရှိတဲ့ဘဝမှာ နေ့စဉ်စောင့်ရှောက်မှုလိုအပ်တဲ့ မမြင်ရတဲ့ရောဂါတွေနဲ့အသက်ရှင်နေကြပါတယ်။

ပျော်ရွှင်ခြင်းအစီအစဉ်အကြောင်းဝေမျှတဲ့အခါ ကျွန်တော်တို့မိသားစု ဝမ်းမြောက်ကြပါတယ်။ ကျွန်တော့်ကလေးတွေက ယေရှုခရစ်တော်ကြောင့် သူတို့ရဲ့ “ဆင်းရဲဒုက္ခတွေက ခဏသာရှိလိမ့်မယ်”လို့ ကြားတဲ့အခါ၊ သူတို့မျက်နှာတွေ လင်းလက်သွားပါတယ်။ ကျွန်တော်တို့ရဲ့ကလေးတွေကို နက်နက်ရှိုင်းရှိုင်းချစ်ပြီး၊ ဥက္ကဋ္ဌ ဂျက်ဖရီ အာ၊ ဟော်လန် သွန်သင်ခဲ့တဲ့အတိုင်း၊ တစ်နေ့မှာ သူတို့ဟာ “ခန္ဓာနဲ့စိတ်မှာ ရင်သပ်ရှုမောဖွယ်ပြည့်စုံကာ ကျွန်တော်တို့အရှေ့မှာ ဘုန်းအသရေရှိပြီး ခမ်းနားထည်ဝါစွာရပ်နေ” လိမ့်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေက အမှောင်ထုနဲ့သံသယရှိသမျှကို အလင်းနဲ့ငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးတော့၊ မဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တဲ့အဆင့်အထိ ဘုရားသခင်နဲ့ပိုမိုနီးကပ်လာစေပါတယ်။

ယေရှုခရစ်တော်ကြောင့် ကျွန်တော်တို့အလေးထားသူတွေအတွက် ချစ်ခြင်း၊ ဆုတောင်းခြင်းနဲ့ ထောက်ပံ့ခြင်းကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ခြင်းနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေရှိပါတယ်။

ကိုယ်တော်အသက်ရှင်ကြောင်း ကျွန်တော်သိပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ကို သိရှိပြီး ချစ်ပါတယ်။ ကိုယ်တော်က လောကရဲ့ လမ်း​ခ​ရီး​၊ သ​မ္မာ​တ​ရား​နဲ့ အ​သက်ဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော်တို့အားလုံး ယေရှုခရစ်တော်နဲ့ ကိုယ်တော်ရဲ့သွန်သင်ချက်များအပေါ် ကျွန်တော်တို့ရဲ့ဘဝကို ဗဟိုပြုဖို့ဖိတ်ခေါ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက သွေးဆောင်ဖြားယောင်းခြင်း၊ စိတ်ဆိုးခြင်းနဲ့ ကိုယ့်ကိုယ်ကိုသနားခြင်းရဲ့ သွေးဆောင်ခြင်းချိတ်တွေကို ဟပ်ခြင်းမှရှောင်ရှားဖို့ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်။ သန့်ရှင်း၊ ခိုင်ခံ့ပြီး တည်မြဲတဲ့—ဗိမာန်တော်တွေလို ကျွန်တော်တို့ရပ်တည်ကြပါမယ်။ ကျွန်တော်တို့ မုန်တိုင်းတွေကို ကြံ့ကြံ့ခံပြီး၊ အဆုံးတိုင်အောင်တည်ကြည်ကာ အဆုံးတိုင်အောင်ဝမ်းမြောက်ရင်း အိမ်သို့ ပြန်ကြပါမယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ကျွန်တော်က ရေထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၂၀ ကျော် အလုပ်လုပ်ခဲ့ပါတယ်။

  2. အယ်လမာ ၃၀:၄၄

  3. ရှု စတိဗ် လန်ဒီဘာ့ဂ်၊ “Magnetic Pulses Alter Salmon’s Orientation, Suggesting They Navigate via Magnetite in Their Tissue,” Oregon State University Newsroom, မေ ၂၊ ၂၀၂၀၊ oregonstate.edu.

  4. ရှင်ယောဟန် ၁၄:၆

  5. ရပ်ဆဲလ် အမ် နယ်လ်ဆင်၊ “ဝမ်းမြောက်ခြင်းနှင့်ဝိညာဥ်ပိုင်းဆိုင်ရာအသက်ရှင်ခြင်းလီယာဟိုနာ နိုဝင်ဘာ၊ ၂၀၁၆၊ ၈၂။

  6. မိသားစု၊ လောကသို့ ကြေညာချက်၊ ဧဝံ‌‌‌‌ဂေလိတရားတော်စာကြည့်တိုက်။” ဧဝံဂေလိတရားတော် စာကြည့်တိုက်။

  7. ရှု မောရှေ ၁:၄–၁၃

  8. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ထာဝရတည်မြဲသောပဋိညာဉ်၊” လီယာဟိုနာ၊ အောက်၊ ၂၀၂၂၊ ၆။

  9. ရှု ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ် “Nourishing the Spirit,” အန်ဇိုင်း၊ ဒီ၊ ၁၉၉၈၊ ၆–၁၃၊ လီယာဟိုနာ၊ဩ၊ ၂၀၀၁၊ ၁၀–၁၉။

  10. ရှု ထရန့်တ် ထူးန်၊ “Builders and Blessings: How Early Latter-day Saint Pioneers Shaped the Growth of the Church in Chile,” အသင်းတော်သတင်း၊ ဖေ၊ ၁၈၊ ၂၀၂၅၊ thechurchnews.com.

  11. ရီကာဒို ဂါစီယာ၏ သမီး၊ ပါရ်လာ ဂါစီယာနှင့် ကိုယ်တိုင်လူတွေ့မေးမြန်းခြင်း။

  12. Teachings of Presidents of the Church: Joseph Smith (၂၀၀၇)၊ ၄၂၆။

  13. ဟေရှာယအနာဂတ္တိကျမ်း ၅၃:၃

  14. ရှင်ယောဟန် ၁၆:၃၃

  15. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၅၈:၄၂

  16. ရှု နီးရယ်လ် အယ်လ်၊ အန်ဒါဆင်၊ “Repent … That I May Heal You,” လီယာဟိုနာ၊ နို၊၂၀၀၉၊ ၄၀-၄၃။

  17. ရှု Topics and Questions, “Sacrament,” ဧဝံဂေလိစာကြည့်တိုက်။

  18. ရှင်မာကု ၂:၂၇

  19. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Everlasting Covenant,” ၄-၁၁။

  20. ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၄:၇

  21. ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၁:၇

  22. ဂျက်ဖရီ အာ၊ ဟော်လန်၊ “Like a Broken Vessel,” လီယာဟိုနာ၊ နို၊ ၂၀၁၃၊ ၄၂။

  23. ရှု ဟေဗြဲ ၃:၆