“ထာဝရတည်မြဲသောပဋိညာဉ်၊” Liahona အောက်တို ၂၀၂၂။
လစဉ် Liahona အမှာစကား၊ အောက်တိုဘာ ၂၀၂၂
ထာဝရတည်မြဲသောပဋိညာဉ်
ဘုရားသခင်နဲ့ ပဋိညာဉ်ပြုထားသူတွေဟာ အထူးချစ်ခြင်းနှင့် ကရုဏာမျိုးဆီကိုရောက်ရှိကြပါတယ်။
ဒဲလ်ပါဆန်၏ ကိုယ်တော်ရှင်ယေရှုခရစ်တော်
စစ်တိုက်ခြင်းများ၊ စစ်တိုက်ခြင်းအကြောင်းသတင်းစကားများနဲ့ ဒဏ်ရာရနေတဲ့ ဒီကမ္ဘာမှာ ယေရှုခရစ်တော်ရဲ့ သမ္မာတရား၊ အလင်းနဲ့ စင်ကြယ်သောချစ်ခြင်းတို့ကို လိုအပ်ခြင်းဟာ ရှိခဲ့ဖူးသမျှထက်ပိုကြီးပါတယ်။ ခရစ်တော်ရဲ့ ဧဝံဂေလိတရားဟာ အသရေရှိပါတယ်၊ ကျွန်တော်တို့ဟာ အဲဒီတရားကို လေ့လာဖို့၊ အဲဒီတရားရဲ့ ပညတ်တွေအတိုင်းနေထိုင်ဖို့ ကောင်းချီးခံစားကြရပါတယ်။ ကျွန်တော်တို့ဟာ အဲဒီတရားကို ဝေငှဖို့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ— ကျွန်တော်တို့ဘယ်နေရာမှာပဲရှိရှိ အဲဒီတရားရဲ့ သမ္မာတရားတွေကို သက်သေခံဖို့ အခွင့်အရေးတွေမှာ ရွှင်လန်းဝမ်းမြောက်ကြပါတယ်။
ကျွန်တော်ဟာ အာဗြဟံနဲ့ဆိုင်တဲ့ ပဋိညာဉ်နဲ့ ဣသရေလအမျိုးသားတို့စုဝေးခြင်းရဲ့ အရေးကြီးခြင်းအကြောင်းကို မကြာခဏ ဟောပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဧဝံဂေလိတရားတော်ကို ထွေးပွေ့ပြီး၊ ဗတ္တိဇံခံကြတဲ့အခါ၊ ယေရှုခရစ်တော်ရဲ့ သန့်ရှင်းမွန်မြတ်တဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူကြပါတယ်။ ဗတ္တိဇံဟာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နဲ့ သူတို့ရဲ့ မျိုးဆက်ကို ကိုယ်တော်ရှင် ရှေးက ပေးခဲ့တဲ့ ကတိအားလုံးရဲ့ တွဲဘက်အမွေခံသူတွေဖြစ်လာစေခြင်းဆီကို ပို့ဆောင်တဲ့ တံခါးဖြစ်ပါတယ်။ ၁
“ထာဝရတည်မြဲတဲ့ ပဋိညာဉ်အသစ်” ၂ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၂း၆နဲ့ အာဗြဟံနဲ့ဆိုင်တဲ့ပဋိညာဉ်ဟာ မဖြစ်မနေတူညီကြတဲ့— အချိန်အမျိုးမျိုးမှာ လူ့ဇာတိသား အမျိုးသား၊ အမျိုးသမီးတို့နဲ့ ဘုရားသခင်ပြုခဲ့တဲ့ ပဋိညာဉ်ကို ဖွဲ့ဆိုခြင်းနှစ်မျိုးဖြစ်ပါတယ်။
ထာဝရတည်မြဲသောဆိုတဲ့ နာမဝိသသေနက ဒီပဋိညာဉ်ဟာ ကမ္ဘာမတည်မီကတည်းက တည်ရှိခဲ့တယ်ဆိုတာကို ရည်ညွှန်းပါတယ်။ ကောင်းကင်ဘုံ အစည်းအဝေးကြီးမှာ ချမှတ်ခဲ့တဲ့အစီအစဉ်မှာ အားလုံး ဘုရားသခင်ရဲ့မျက်မှောက်ကနေ ပယ်ရှားခံရမယ်ဆိုတဲ့ လေးနက်သောသဘောပေါက်ခြင်း ပါဝင်ပါတယ်။ ဒါပေမယ့်၊ ဘုရားသခင်က သူဟာ ကျရှုံးခြင်းရဲ့ အကျိုးဆက်များကို အောင်နိုင်မယ့် ကယ်တင်ရှင်တစ်ပါး ပံ့ပိုးပေးမယ့်အကြောင်း ကတိထားခဲ့ပါတယ်။ ဘုရားသခင်က အာဒံကို သူ့ဗတ္တိဇံအပြီးမှာ မိန့်တော်မူခဲ့ပါတယ်၊
“သင်သည် ထာဝရကာလ တစ်ခုလုံးမှ ထာဝရကာလတစ်ခုလုံးသို့တိုင်အောင်၊ အချိန်ကာလ အစအဆုံး မရှိလေသည့်သူ၏ အသင်းအတိုင်းရှိ၏။
“ရှုလော့၊ သင်သည် ဘရားသခင်၏ သားတစ်ယောက်အဖြစ်၊ ငါ့၌တစ်လုံးတစ်ဝတည်းဖြစ်၏။ ထိုကဲ့သို့အားဖြင့်၊ ခပ်သိမ်းသောသူတို့သည် ငါ၏သားများ ဖြစ်နိုင်ကြပေ၏။” (မောရှေ ၆း၆၇-၆၈)။
အာဒံနဲ့ ဧဝဟာ ဗတ္တိဇံဘိသိက်မင်္ဂလာကို လက်ခံခဲ့ကြပြီး၊ ဘုရားသခင်နဲ့တစ်လုံးတစ်တည်းဖြစ်ခြင်း လုပ်ငန်းစဉ်ကို စတင်ခဲ့ကြပါတယ်။ သူတို့ဟာ ပဋိညာဉ်လမ်းကြောင်းကို ဝင်ခဲ့ကြပါတယ်။
သင်နဲ့ကျွန်တော်လည်း အဲဒီလမ်းကြောင်းကို ဝင်ရောက်တဲ့အခါ၊ ကျွန်တော်တို့မှာ ဘဝနေထိုင်နည်းအသစ်တစ်ခုရှိကြပါတယ်။ ကျွန်တော်တို့ဟာ အဲဒီမှာ ဘုရားသခင်အား ကျွန်တော်တို့ကို ကောင်းချီးပေးဖို့နဲ့ ပြောင်းလဲဖို့ အခွင့်ပေးတဲ့ ဆက်ဆံရေးကို ဖန်တီးကြပါတယ်။ ပဋိညာဉ်လမ်းကြောင်းက ကျွန်တော်တို့ကို ကိုယ်တော်ဆီပြန်သွားဖို့ ပို့ဆောင်ပါတယ်။ ကျွန်တော်တို့ဘဝတွေမှာ ဘုရားသခင်အနိုင်ပြုစေဖို့ ကျွန်တော်တို့ခွင့်ပြုကြမယ်ဆိုလျှင်၊ အဲဒီပဋိညာဉ်က ကျွန်တော်တို့ကို ကိုယ်တော်နဲ့ သာ၍နီးရာဆီကို ပို့ဆောင်ပါလိမ့်မယ်။ ပဋိညာဉ်အားလုံးဟာ ပေါင်းစည်းခြင်းရှိဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ၎င်းတို့က ထာဝရတည်မြဲတဲ့ နှောင်ကြိုးတွေနဲ့ ဆက်သွယ်မှုရှိပါတယ်။
အထူးချစ်ခြင်းနှင့် ကရုဏာ
ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုတာနဲ့တစ်ပြိုင်နက်၊ ကြားနေဝါဒကို ကာလအစဉ်အဆက် စွန့်ခွာကြပါတယ်။ ဘုရားသခင်က သူနဲ့ ထိုကဲ့သို့သောနှောင်ဖွဲ့မှုကို ခိုင်မာစေခဲ့သူတွေနဲ့ သူ့ရဲ့ ဆက်ဆံရေးကိုကျောခိုင်းမည်မဟုတ်ပါ။ အမှန်စင်စစ်၊ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုခဲ့သူအားလုံးမှာ အထူးချစ်ခြင်းနဲ့ ကရုဏာမျိုးဆီကို ရောက်နိုင်ကြပါတယ်။ ဟေဗြဲဘာသာစကားမှာ၊ ပဋိညာဉ်ချစ်ခြင်းကို hesed လို့ခေါ်ပါတယ်။ (חֶסֶד).၃
Hesed မှာ အင်္ဂလိပ်နဲ့အလုံအလောက်တူတဲ့အသုံးမရှိပါဘူး။ သမ္မာကျမ်း ကင်းဂျိမ်းစ်မူကို ဘာသာပြန်သူတွေဟာ hesedကို အင်္ဂလိပ်လို ဘယ်လိုသုံးနှုန်းရမလဲဆိုတာ အခက်တွေ့ကြရမှာဖြစ်ပါတယ်။ သူတို့က “ချစ်သောကြင်နာခြင်း” ဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်ရွေးချယ်ကြပါတယ်။ ဒါအတော်ချုံငုံမိပါတယ်၊ ဒါပေမယ့် hesedရဲ့ အဓိပ္ပာယ်အပြည့်အစုံတော့မဟုတ်ပါဘူး။ “ကရုဏာ” နှင့် “ကောင်းမြတ်ခြင်း” အစရှိတဲ့ ဘာသာပြန်ဆိုခြင်းတွေကိုလည်း ပြန်ဆိုထားပါတယ်။ Hesed ဟာ နှစ်ဦးနှစ်ဖက်စလုံး အချင်းချင်း သစ္စာစောင့်၊ သစ္စာရှိကြဖို့ တာဝန်ရှိတဲ့ ပဋိညာဉ်ဆက်ဆံရေးတစ်ခုကို ဖော်ပြတဲ့ တစ်မူထူးခြားတဲ့ စကားအသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။
ဆီလက်ရှယ်လ်လက်ထပ်ခြင်းဟာ ထိုကဲ့သို့သော ပဋိညာဉ်ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ ခင်ပွန်းတစ်ဦးနဲ့ ဇနီးတစ်ဦးဟာ အချင်းချင်း သစ္စာစောင့်ဖို့နဲ့ သစ္စာရှိဖို့ ဘုရားသခင်နဲ့၊ ပြီးတော့ အချင်းချင်း ပဋိညာဉ်ပြုကြပါတယ်။
Hesedဟာ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုထားသူတွေအတွက် နဲ့ သူတို့ဆီ ဘုရားသခင်ကမ်းလှမ်းတဲ့ အထူးချစ်ခြင်းနဲ့ ကရုဏာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာလည်း ကိုယ်တော်အတွက် hesedကို အပြန်အလှန်ပြုကြပါတယ်။
သင်နဲ့ကျွန်တော်ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်တစ်ခု ပြုလိုက်ပြီးတာနဲ့တစ်ပြိုင်နက်၊ ကိုယ်တော်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ ပဋိညာဉ်မတိုင်မီကထက် ပိုရင်းနှီးလာပါတယ်။ ယခုကျွန်တော်တို့ဟာ အတူပေါင်းစည်းထားပါတယ်။
ဂျယ်ရီအယ်လ် ဂရန့်၏ဓာတ်ပုံ
ဘုရားသခင်မှာ သူနဲ့ပဋိညာဉ်ပြုထားသူတွေအတွက် hesed ရှိတာကြောင့်၊ သူက သူတို့ကို ချစ်ပါလိမ့်မယ်။ သူတို့နဲ့ အတူ အလုပ်ဆက်လုပ်ပြီး၊ သူတို့ကို ပြောင်းလဲဖို့ အခွင့်အရေးတွေပေးပါလိမ့်မယ်။ သူတို့နောင်တရကြတဲ့အခါ ခွင့်လွှတ်ပါလိမ့်မယ်။ သူတို့လမ်းလွဲလျှင်၊ သူ့ဆီကိုပြန်လာရာ လမ်းကိုရှာဖို့ ကူညီပါလိမ့်မယ်။
သင်နဲ့ကျွန်တော် ဘုရားသခင်နဲ့ ပဋိညာဉ်ပြုပြီးလိုက်တာနဲ့တစ်ပြိုင်နက် သူနဲ့ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ ပဋိညာဉ်မတိုင်မီကထက် များစွာပိုရင်းနှီးလာပါလိမ့်မယ်။ ယခုကျွန်တော်တို့ အတူပေါင်းစည်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်နဲ့ ပြုတဲ့ ပဋိညာဉ်ကြောင့်၊ သူက ကျွန်တော်တို့ကို ကူညီဖို့ အားထုတ်မှုတွေမှာ ဘယ်တော့မျှ ပင်ပန်းမည်မဟုတ်ပါ၊ ကျွန်တော်တို့ဟာလည်း သူ့ရဲ့ကရုဏာကြီးတဲ့ သည်းခံမှုကို ဘယ်တော့မျှ ကုန်ခန်းစေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အယောက်တိုင်းဟာ ဘုရားသခင်ရဲ့ နှလုံးသားမှာ အထူးနေရာတစ်ခု ရှိကြပါတယ်။ သူက ကျွန်တော်တို့အတွက် မျှော်လင့်ချက် ကြီးပါတယ်။
ပုရောဖက်ဂျိုးဇက်စမစ်ကို ကိုယ်တော်ရှင်ပေးခဲ့တဲ့ သမိုင်းဝင် ကြေညာချက်ကို သင်သိပါတယ်။ အဲဒါက ဗျာဒိတ်တော်အားဖြင့် ရောက်လာတာပါ။ ကိုယ်တော်ရှင်က ဂျိုးဇက်ကို မိန့်တော်မူခဲ့ပါတယ် “ဒီကတိတော်ဟာ သင့်အရာလည်းဖြစ်တယ်၊ အဘယ်ကြောင့်ဆိုသော် သင်ဟာ အာဗြဟံရဲ့အမျိုးဖြစ်လို့ပဲ၊ ကတိတော်ကို အာဗြဟံနဲ့ပြုခဲ့တယ်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၂း၃၁)။
ထိုကဲ့သို့အားဖြင့်၊ ဤထာဝရတည်မြဲတဲ့ ပဋိညာဉ်ကို ကြီးစွာသော ဧဝံဂေလိတရားတော်ပြန်လည်ဆောင်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်ဆောင်ယူထားတာဖြစ်ပါတယ်။ ထိုအကြောင်းကို စဉ်းစားကြည့်ပါ။ ဗိမာန်တော်မှာ ပြုတဲ့ လက်ထပ်ခြင်းတစ်ခုဟာ အာဗြဟံပဋိညာဉ်နဲ့ တိုက်ရိုက်ပေါင်းစည်းထားပါတယ်။ ဗိမာန်တော်ထဲမှာ ဇနီးမောင်နှံတစ်တွဲဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ရဲ့ သစ္စာရှိသော နောက်မျိုးဆက်တွေအတွက် ထိန်းသိမ်းထားတဲ့ ကောင်းချီးမင်္ဂလာအာလုံးနဲ့ မိတ်ဆက်ပေးတာကို ခံရပါတယ်။
အာဒံပြုခဲ့သလိုပဲ၊ သင်နဲ့ကျွန်တော်ဟာ ဗတ္တိဇံမှာ ပဋိညာဉ်လမ်းကြောင်းကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကျွန်တော်တို့ဟာ ဗိမာန်တော်မှာ အဲဒီလမ်းကြောင်းထဲကို လုံးဝဝင်ရောက်ကြပါတယ်။ အာဗြဟံပဋိညာဉ်ရဲ့ကောင်းချီးမင်္ဂလာတွေကို သန့်ရှင်းသောဗိမာန်တော်တွေထဲမှာ အပ်နှင်းပါတယ်။ ဒီကောင်းချီးမင်္ဂလာတွေက ကျွန်တော်တို့ကို ရှင်ပြန်ထမြောက်ရာမှာ “ပလ္လင်များ၊ နိုင်ငံများ၊ မင်းသားအုပ်ချုပ်ခံရာများ၊ ထို့အတူ တန်ခိုးများ၊ အစိုးရခြင်းများ၊ အမြင့်၊ အနိမ့်ခပ်သိမ်းတို့ကိုလည်း အမွေခံရဖို့၊ ခပ်သိမ်းသောအရာတွေမှာ ကျွန်တော်တို့ရဲ့ ‘ချီးမြှောက်ခြင်းနဲ့ ဘုန်းအသရေများ’အတွက် အခွင့်ပေးပါတယ်။ [ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၂း၁၉]။” ၄
ဓမ္မဟောင်းကျမ်းရဲ့ နိဂုံးစာသားတွေမှာ ဧလိယက “သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့်သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်” မာလခိ ၄း၆ဆိုတဲ့ မာလခိရဲ့ ကတိကို ကျွန်တော်တို့ ဖတ်ရပါတယ်။ ရှေးဣသရေလအမျိုးသားတွေမှာ အဘများသို့ ထိုကဲ့သို့သောရည်ညွှန်းချက်မှာ အဘ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ပါဝင်ခဲ့ပါလိမ့်မယ်။ ပရောဖက်ဂျိုးဇက်စမစ်ကို မော်ရော်နိုင်း ကိုးကားဖော်ပြခဲ့တဲ့ ဒီကျမ်းပိုဒ်မူကွဲကို ကျွန်တော်တို့ ဖတ်တဲ့အခါ၊ ဒီကတိကို ရှင်းပြထားပါတယ်။ ဘိုးဘေးတို့ထံပြုထားသည့် ကတိတော်များကို သားမြေးတို့၏ စိတ်နှလုံး၌ သူစိုက်လိမ့်မည်။ သားမြေးတို့၏စိတ်နှလုံးသည် သူတို့၏ဘိုးဘေးတို့ထံ လှည့်လိမ့်မည်။ အဲဒီဘိုးဘေးတွေမှာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ အမှန်ပါဝင်ပါတယ်။ (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၇:၉-၁၀။)
သန့်ရှင်းမွန်မြတ်တဲ့ပဋိညာဉ်တွေပြုပြီး စောင့်ထိန်းသူတွေဟာ ထာဝရအသက်နဲ့ ချီးမြှောက်ခြင်းတို့နဲ့ ကတိထားခံရပါတယ်။ ယေရှုခရစ်တော်ဟာ အဲဒီပဋိညာဉ်တွေကို အာမခံပေးတဲ့သူဖြစ်ပါတယ်။
ဟိန်းရစ်ဟော့ဖ်မန်း၏ ခရစ်တော်နှင့် လူချမ်းသာလူငယ်မှ အသေးစိတ်
ယေရှုခရစ်တော်၊ ပဋိညာဉ်၏ဗဟို
ကယ်တင်ရှင်ရဲ့ အပြစ်ဖြေတဲ့ ယဇ်က ခမည်းတော်ကို သူ့သားသမီးတွေဆီပြုထားတဲ့ ကတိတွေကို ပြီးပြည့်စုံစေဖို့ ဖြစ်စေပါတယ်။ ယေရူသည်၊ “လမ်းခရီးဖြစ်၏၊သမ္မာတရားနှင့် အသက်”လည်းဖြစ်သောကြောင့် “[သူ့အား]ဖြင့် မလာလျှင်အဘယ်သူမှ ခမည်းတော်ထံသို့ မရောက်ရ” , ယောဟန်၁၄:၆)။ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာကြောင့် အာဗြဟံပဋိညာဉ်ရဲ့ ပြီးပြည့်စုံခြင်းဟာ ဖြစ်နိုင်လာပါတယ်။ ယေရှုခရစ်တော်ဟာ အာဗြဟံပဋိညာဉ်ရဲ့ ဗဟို ဖြစ်ပါတယ်။
ဓမ္မဟောင်းကျမ်းဟာ ကျမ်းစာစာအုပ်သာမဟုတ်ပါ၊ သမိုင်းစာအုပ်လည်း ဖြစ်ပါတယ်။ စာရာနဲ့ အာဗြဟံတို့ရဲ့ လက်ထပ်ခြင်းကို ဖတ်ရာတာကို သင် မှတ်မိပါတယ်။ သူတို့မှာ သားသမီးမရှိတာကြောင့်၊ စာရဲဟာ သူ့ အိမ်စေ၊ ဟာဂရကို အာဗြဟံရဲ့ဇနီးလည်းဖြစ်စေခဲ့ပါတယ်၊ ကိုယ်တော်ရှင်ရဲ့လမ်းညွှန်ချက်အတိုင်းပါပဲ။ ဟာဂရက ဣရှမေလကို မွေးခဲ့ပါတယ်။၅ အာဗြဟံက ဣရှမေလကို ချစ်ပါတယ်၊ ဒါပေမယ့်သူဟာ ပဋိညာဉ်ဆောင်ရမယ့်သားမဟုတ်ခဲ့ပါဘူး။ (ရှုကမ္ဘာဦး ၁၁း၂၉-၃၀၊ ၁၆း၁၊ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၂း၃၄။)
ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာတစ်ခုအဖြစ်၊ ပြီးတော့စာရဲရဲ့ ယုံကြည်ခြင်းကို တုန့်ပြန်ခြင်းအဖြစ်၊ ၆ သူမဟာသူမရဲ့ သား ဣဇာက်အားဖြင့် ပဋိညာဉ်ဆောင်နိုင်စေဖို့ အရွယ်လွန်ချိန်မှာ သန္ဓေရခဲ့ပါတယ်။ ( ရှု ကမ္ဘာဦးကျမ်း ၁၇း၁၉)။ သူဟာပဋိညာဉ်နဲ့မွေးခဲ့ပါတယ်။
ဘုရားသခင်က စာရဲနဲ့ အာဗြံကို စာရာနှင့် အာဗြဟံလို့— အမည်သစ်တွေပေးခဲ့ပါတယ်။ (ရှု ကမ္ဘာဦးကျမ်း ၁၇း၅၊ ၁၅)။ အဲဒီအမည်သစ်တွေကို ပေးအပ်ခြင်းဟာ ဒီမိသားစုရဲ့ ဘဝသစ်နဲ့ ကံကြမ္မာအသစ်တို့ရဲ့ အစကို အမှတ်ပြုခဲ့ပါတယ်။
အာဗြဟံက ဣရှမေလနဲ့ ဣဇာက်နှစ်ယောက်လုံးကို ချစ်ပါတယ်။ ဣရှမေလဟာ ပွားများ၍၊ လူမျိုးကြီးဖြစ်လိမ့်မယ်လို့ ဘုရားသခင်က အာဗြဟံကို မြွက်ဆိုခဲ့ပါတယ် (ရှု ကမ္ဘာဦးကျမ်း ၁၇း၂၀))။ တစ်ချိန်တည်းမှာပဲ၊ ဘုရားသခင်က ထာဝရတည်မြဲတဲ့ပဋိညာဉ်ကို ဣဇာက်အားဖြင့် တည်ထောင်လိမ့်မယ်ဆိုတဲ့အကြောင်းကို ရှင်းလင်းစေခဲ့ပါတယ်။ (ရှု ကမ္ဘာဦးကျမ်း ၁၇း၁၉)။
ဧဝံဂေလိတရားတော်ကို လက်ခံသူတိုင်းဟာ အာဗြဟံရဲ့ အမျိုးအနွယ်တွေဖြစ်လာကြပါတယ်။ ဂလာတိဩဝါဒစာစောင်မှာ ကျွန်တော်တို့ ဖတ်ရပါတယ်။
“ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။ …
“… သင်တို့အားလုံးသည် ယေရှုခရစ်တော်၌ တစ်လုံး တစ်ဝတည်းဖြစ်ကြ၏။
“သင်တို့သည် ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။”( ဂလာတိ ၃း၂၇-၂၉)။
ဤသို့အားဖြင့်၊ ကျွန်တော်တို့ဟာ မွေးဖွာခြင်းဖြင့်ဖြစ်စေ၊ မွေးစားခြင်းဖြင့်ဖြစ်စေ ပဋိညာဉ်အမွေခံသူများ ဖြစ်လာကြပါတယ်။
ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်တစ်ခုပြုလိုက်တာနဲ့တစ်ပြိုင်နက်၊ ကြားနေသဘောတရားကို အစဉ်စွန့်ခွာကြပါတယ်။ ဘုရားသခင်ဟာ သူနဲ့ အဲဒီလို စည်းနှောင်ခြင်းကို ခိုင်မာစေတဲ့သူတွေနဲ့ ဆက်ဆံရေးကို ကျောခိုင်းမည်မဟုတ်ပါဘူး။
ဣဇာက်နဲ့ ရေဗက္ကတို့ရဲ့သား ယာကုပ်ဟာ ပဋိညာဉ်နဲ့ မွေးခဲ့သူတစ်ယောက်ပါ။ ပြီးတော့၊ သူဟာ သူ့သဘောနဲ့တူ ဝင်ရောက်ခဲ့သူပါ။ သင်သိတဲ့အတိုင်းပါပဲ၊ ယာကုပ်ရဲ့အမည်ကို ဣသရေလဆိုပြီးပြောင်းခဲ့ပါတယ် (ရှု ကမ္ဘာဦးကျမ်း ၃၂း၂၈၊ “ဘုရားသခင်အနိုင်ပြုပါစေ” သို့မဟုတ် “ဘုရားသခင်နှင့်အတူ အနိုင်ရသူ” လို့အမည်ရပါတယ်။၇
“ဘုရားသခင်က အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နဲ့ ပြုခဲ့တဲ့ သူ့ပဋိညာဉ်တွေကို သတိရခဲ့”ကြောင်းထွက်မြောက်ရာကျမ်းမှာ ကျွန်တော်တို့ ဖတ်ရပါတယ်။ (ထွက်မြောက်ရာကျမ်း ၂း၂၄) ဘုရားသခင်က ဣသရေလအမျိုးသားတွေကို မိန့်မှာခဲ့ပါတယ်၊ “သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။” ( ထွက်မြောက်ရာကျမ်း၁၉း၅)။
“ပိုင်ထိုက်သောဘဏ္ဍာ“ ဆိုတဲ့စကားစုဟာ ဟေဗြဲsegullahကနေ ဘာသာပြန်ထားတာပါ၊ တန်ဖိုးမြင့်သောပိုင်ဆိုင်ရာ— “ဘဏ္ဍာ“တစ်ခုလို့ အဓိပ္ပာယ်ရပါတယ်။ ၈
တရားဟောရာကျမ်းက ပဋိညာဉ်ရဲ့ အရေးကြီးပုံကို ဖော်ပြပါတယ်။ ဓမ္မသစ်ကျမ်းတမန်တော်တွေက ဒီပဋိညာဉ်ကို သိပါတယ်။ ပေတရုဟာ ခြေကျိုးသူတစ်ဦးကို ဗိမာန်တော်လှေကားထစ်မှာ ကုသပြီးနောက်၊ ပရိတ်သတ်တွေကို ယေရှုအကြောင်းသွန်သင်ပေးခဲ့ပါတယ်။ ပေတရုက ပြောပြပါတယ်၊ “အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သူ့သားတော်ယေရှုကို ဘုန်ထင်ရှားစေပြီ“ (တမန်တော်ဝတ္ထု ၃း၁၃)။
ပေတရုက သူ့ပရိတ်သတ်ကို ဤသို့ပြောခြင်းဖြင့် သူ့အမှာစကားကို နိဂုံးချုပ်ခဲ့ပါတယ်၊ “သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏” (တမန်တော်ဝတ္ထု ၃း၂၅)။ ပေတရုက သူတို့ကို ခရစ်တော်ရဲ့ အထူးတာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဘုရားသခင်ရဲ့ ပဋိညာဉ်ကို ပြီးပြည့်စုံစေဖို့ဖြစ်တယ်ဆိုတာကို ရှင်လင်းစေခဲ့ပါတယ်။
ကိုယ်တော်ရှင်က အလားတူဒေသနာကို ရှေးအမေရိကလူမျိုးတွေကို ပေးခဲ့ပါတယ်။ အဲဒီမှာ၊ ရှင်ပြန်ထမြောက်တဲ့ခရစ်တော်က လူမျိုးတွေကို သူတို့ဘယ်သူတွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူပြောခဲ့တာက-
“သင်တို့သည် ပရောဖက်တို့၏ အမျိုးအနွယ်များဖြစ်ကြ၏။ သင်တို့သည် ဣသရေလအမျိုးသားများလည်း ဖြစ်ကြ၏။ ထို့အတူ သင်တို့သည် ခမည်းတော်က အာဗြဟံကို သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ အမျိုးစုခပ်သိမ်းတို့ ကောင်းချီးခံစားရကြလိမ့်မည်ဟု မိန့်တော်မူလျက်၊ သင်တို့ဘိုးဘေးတို့နှင့် ပြုတော်မူသည့် ပဋိညာဉ်နှင့် ဆိုင်သောသူများဖြစ်ကြ၏။
“ခမည်းတော်သည် ငါ့ကိုထမြောက်စေတော်မူ၍၊ သင်တို့ထံသို့ ပထမဦးဆုံး စေလွှတ်တော်မူ၏။ သင်တို့အယောက်တိုင်းကို ကိုယ့်ဒုစရိုက်မှ လွှဲရှောင်စေခြင်းအားဖြင့် ကောင်းချီးပေးတော်မူခြင်းငှာလည်း၊ ငါ့ကို စေလွှတ်တော်မူ၏။ ဤသို့ပြုခြင်းသည်ကား၊ သင်တို့သည် ပဋိညာဉ်နှင့်ဆိုင်သော သားသမီးများ ဖြစ်ကြသောကြောင့်ပေတည်း” (၃ နီဖိုင်း ၂၀း၂၅-၂၆)။
ဒီအရာရဲ့ ထူးခြားမှုကို သင်မြင်ပါသလား။ ဘုရားသခင်နဲ့ပြုထားတဲ့ မိမိတို့ပဋိညာဉ်တွေကို စောင့်ထိန်းသူတွေဟာ အပြစ်ခုခံဝိညာဉ်တွေဖြစ်လာကြပါတယ်။ မိမိတို့ပဋိညာဉ်တွေကို စောင့်ထိန်းသူတွေဟာ လောကရဲ့ ပုံမှန်လွှမ်းမိုးမှုကို ခုခံဖို့ ခွန်အားရှိကြမှာဖြစ်ပါတယ်။
ဘုရားသခင်နဲ့ပြုထားတဲ့ မိမိတို့ပဋိညာဉ်တွေကို စောင့်ထိန်းသူတွေဟာ အပြစ်ခုခံဝိညာဉ်တွေဖြစ်လာကြပါတယ်။ မိမိတို့ပဋိညာဉ်တွေကို စောင့်ထိန်းသူတွေဟာ လောကရဲ့ ပုံမှန်လွှမ်းမိုးမှုကို ခုခံဖို့ ခွန်အားရှိကြမှာဖြစ်ပါတယ်။
သာသနာပြုအမှုတော်၊ ပဋိညာဉ်ဝေငှခြင်း
ကျွန်တော်တို့ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရမယ်၊ ပဋိညာဉ်ကို ဝေငှရမယ်ဆိုတဲ့အကြောင်း ကိုယ်တော်ရှင်က မိန့်မှာခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့မှာ သာသနာပြုတွေရှိကြတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကိုယ်တော်က သူ့သားသမီးအယောက်တိုင်းကို ကယ်တင်ရှင်ရဲ့ ဧဝံဂေလိတရားတော်ကို ရွေးချယ်ဖို့နဲ့၊ ပဋိညာဉ်လမ်းကြောင်းပေါ်တက်ဖို့ အခွင့်အရေးကို ရစေလိုတော်မူပါတယ်။ ဘုရားသခင်က လူမျိုးအားလုံးကို သူ ရှေးက အာဗြဟံနဲ့ ပြုခဲ့တဲ့ပဋိညာဉ်နဲ့ ဆက်သွယ်စေလိုတော်မူပါတယ်။
ဒါကြောင့်၊ သာသနာပြုလုပ်ငန်းဟာ ဣသရေလအမျိုးသားတွေကို ကြီးစွာသောစုဝေးခြင်းမှာ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲဒီစုဝေးခြင်းဟာ ဒီနေ့မြေကြီးပေါ်မှာဖြစ်နေတဲ့ အရေးအကြီးဆုံးလုပ်ငန်းဖြစ်ပါတယ်။ ပမာဏအရာမှာ အခြားအဘယ်အရာကမှ နှိုင်းယှဉ်လို့မရပါဘူး။ အရေးကြီးမှုအရာမှာ အခြားအဘယ်အရာကမှ နှိုင်းယှဉ်လို့မရပါဘူး။ ကိုယ်တော်ရှင်ရဲ့သာသနာပြုတွေ—သူ့တပည့်တော်တွေ—ဟာဒီနေ့ကမ္ဘာမှာ အကြီးမားဆုံးစိန်ခေါ်မှု၊ အကြီးမားဆုံးအကြောင်းရင်း၊ အကြီးမားဆုံး လုပ်ငန်းနဲ့ တွေ့နေကြရပါတယ်။
ဒါပေမယ့်၊ ပိုပြီးတော့တောင်—များတဲ့အရာတွေရှိပါတယ်။ ဧဝံဂေလိတရားတော်ကို ကန့်လန့်ကာရဲ့အခြားဘက်မှာ ဖြန့်ဝေဖို့ အလွန်ကြီးတဲ့ လိုအပ်မှုရှိပါတယ်။ ဘုရားသခင်က လူတိုင်းကို၊ ကန့်လန့်ကာရဲ့ နှစ်ဖက်စလုံးမှာ သူ့ပဋိညာဉ်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ မွေ့လျော်စေလိုတော်မူပါတယ်။ ပဋိညာဉ်လမ်းကြောင်း အားလုံးအတွက် ဖွင့်ထားပါတယ်။ လူတိုင်းကို အဲဒီလမ်းကြောင်းကို ကျွန်တော်တို့နဲ့အတူ လျှောက်ကြဖို့ တောင်းဆိုပါတယ်။ အခြားဘယ်အလုပ်ကမျှ လူမရွေးပါဝင်ခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုလျှင် “ကိုယ်တော်ရှင်သည် သူတို့စိတ်နှလုံး၏ရိုးသားခြင်းဖြင့်၊ သူ၏ သန့်ရှင်းသောနာမတော်ကို ပဌာနပြုမည့်သူမှန်သမျှကို ကရုဏာကြီးတော်မူ” လို့ပဲဖြစ်ပါတယ် (ဟေလမန် ၃း၂၇)။
မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူပြီးဖြစ်တာကြောင့်၊ ပဋိညာဉ်စောင့်ထိန်းသူ အမျိုးသားအမျိုးသမီးတွေဟာ “ဧဝံဂေလိတရားတော်ရဲ့ ခပ်သိမ်းသော ဝိညာဉ်ပကတိ ကောင်းချီးမင်္ဂလာတွေ” ဆီကို ရောက်ရာအခွင့်အလမ်းရှိကြပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၇း၁၈။ အထူးပြုချက်ထည့်သွင်းထား၏)။
၁၈၃၆ခု၊ ကာ့တ်လန်းဗိမာန်တော် ဆက်ကပ်ခြင်းမှာ၊ ကိုယ်တော်ရှင်ရဲ့ လမ်းညွှန်မှုနဲ့ ဧလိယ ပေါ်လာခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်လား။ “သားသမီးတွေကို ဘိုးဘေးတို့ဆီ လှည့်ဖို့ ဖြစ်ပါတယ်။” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁၀း၁၅)။ ဧလိုင်ယလည်းပေါ်လာခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်လား။ ဂျိုးဇက်စမစ်နဲ့ အော်လီဗာကောင်ဒရီကို “ကျွန်ုပ်တို့နှင့် ကျန်ုပ်တို့၏ အမျိုးအနွယ်အားဖြင့် ကျွန်ုပ်တို့နောက်မှ ခပ်သိမ်းသောမျိုးဆက်တို့ ကောင်းချီးခံစားရမည့် အကြောင်းကိုဆို၍၊ အာဗြဟံ၏ ဧဝံဂေလိတရားတော် သာသနာကို အပ်နှံပါတယ်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၁၀း၁၂) ထိုနည်းအားဖြင့်၊ သခင်က ဂျိုးဇက်စမစ်နဲ့ အော်လီဗာကောင်းဒရီကို ယဇ်ပုရောဟိတ်အခွင့်အာဏာ၊ အခြားသူတိုအား အာဗြဟံပဋိညာဉ်ရဲ့ ကောင်းချီးမင်္ဂလာတွေကို သယ်ဆောင်ပေးဖို့ အခွင့်အရေးကို အပ်နှင်းခဲ့ပါတယ်။ ၉
အသင်းတော်မှာ၊ ကျွန်တော်တို့ဟာ ပဋိညာဉ်လမ်းကြောင်းကို တစ်ဦးချင်းရော၊ အဖွဲ့လိုက်ရောသွားကြပါတယ်။ လက်ထပ်ခြင်းတွေနဲ့ မိသားစုတွေ အထူးချစ်ခြင်းကို ဖန်တီးတဲ့ တစ်မူထူးတဲ့အလျားလိုက် စည်းနှောင်ခြင်းကို ဝေငှကြသလိုပဲ၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပဋိညာဉ်ဖြင့် ဘုရားသခင်နဲ့ ဒေါင်လိုက်စည်းနှောင်ကြတဲ့အခါ ဆက်ဆံရေးအသစ်ဖြစ်လာပါတယ်။
ဒါက “ဘုရားသခင်ဟာ သူတို့၏ကိုးကွယ်ရာဘုရားသခင်အရာ၌ သူ့ကို ထားရှိကြမည့်သူများကို ချစ်တော်မူ၏“ လို့ နီဖိုင်းက ပြောတဲ့အခါ ဆိုလိုချင်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(၁ နီဖိုင်း ၁၇း၄၀)။ ဒီဟာက၊ ပဋိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်၊ အထူးကရုဏာနဲ့ ချစ်ခြင်း— သို့မဟုတ် hesed—ဟာ ဒီစည်းနှောင်ခြင်းကိုပြုပြီး ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ပြုသူအားလုံးအတွက် ရရှိနိုင်တာလဲဆိုတဲ့အချက်အတိအကျဖြစ်ပါတယ်၊ “မျိုးစက်တစ်ထောင်အထိ” တောင်ပဲဖြစ်ပါတယ်။ (တရားဟောရာကျမ်း ၇း၉)။
ဘုရားသခင်နဲ့ ပဋိညာဉ်တစ်ခု ပြုခြင်းက သူနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကာလအစဉ်အဆက်ဖြစ် ပြောင်းလဲပါတယ်။ အဲဒါက ကျွန်တော်တို့ကို ချစ်ခြင်းနဲ့ ကရုဏာ အပိုပမာဏတစ်ခုနဲ့ ကောင်းချီးပေးပါတယ်။ ၁၀ အဲဒါက ကျွန်တော်ဘယ်သူတွေလဲဆိုတာရယ်၊ ကျွန်တော်တို့ ဖြစ်လာနိုင်တဲ့အရာအတွက် ကျွန်တော်တို့ကို ဘုရားသခင်ဘယ်လိုကူညီမလဲဆိုတာအပေါ် သက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့ဟာလည်း သူ့အဖို့ “အဖိုးထိုက်တဲ့ရတနာ” ဖြစ်နိုင်တယ်ဆိုတဲ့ ကတိကို ခံထားပါတယ်။ (ဆာလံကျမ်း ၁၃၅း၄။
ကတိတော်များနှင့် အထူးအခွင့်အရေးများ
သန့်ရှင်းမွန်မြတ်တဲ့ပဋိညာဉ်တွေပြုပြီး စောင့်ထိန်းတဲ့သူတွေဟာ “ဘုရားသခင်ရဲ့ဆုကျေးဇူးတွေထဲက အကြီးမြတ်ဆုံးဖြစ်တဲ့” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၄း၇) ထာဝရအသက်နဲ့ ချီးမြှောက်ခြင်းနဲ့ ကတိထားခံကြရပါတယ်။ ယေရှုခရစ်တော်ဟာ အဲဒီပဋိညာဉ်တွေရဲ့ အာမခံဖြစ်ပါတယ် (ရှု ဟေဗြဲဩဝါဒစာ ၇း၂၂၊ ၈း၆)။ ဘုရားသခင်ကိုချစ်ပြီး၊ သူတို့ဘဝရှိ အခြားအရာခပ်သိမ်းတို့မှာ ကိုယ်တော်အနိုင်ပြုစေဖို့ အခွင့်ပေးတဲ့သူတွေဟာ၊ သူတို့ဘဝမှာ ကိုယ်တော်ကို တန်ခိုးအကြီးဆုံးလွှမ်းမိုးရာဖြစ်စေကြပါတယ်။
ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ဟာ အမျိုးအဘနဲ့ဆိုင်တဲ့ကောင်းချီးမင်္ဂလာတွေရရှိဖို့နဲ့၊ ရှေးအမျိုးအဘတို့နဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်ချက်ကို သင်ယူဖို့ အထူးအခွင့်အရေးရကြပါတယ်။ အဲဒီကောင်းချီးမင်္ဂလာတွေက ရှေ့မှာရှိတဲ့ အရာတွေရဲ့ အရိပ်ကို ပြပါတယ်။
ကျွန်တော်တို့ရဲ့ ဘုရားသခင်နဲ့ ပဋိညာဉ်ကြောင့်၊ ကိုယ်တော်က ကျွန်တော်တို့ကို ကူညီဖို့ သူ့အားထုတ်မှုတွေမှာ ဘယ်တော့မှ မပင်ပန်းပါဘူး၊ ကျွန်တော်တို့ဟာလည်း ကိုယ်တော်ရဲ့ ကျွန်တော်တို့အပေါ် ကရုဏာကြီးတဲ့ သည်းခံခြင်းကို ကုန်ခန်းစေမှာမဟုတ်ပါဘူး။
ဒေးဗစ်လင်စလီ၏ သင်သည် ငါ့ကို ဤအရာတို့ထက် ပိုချစ်သလော။
ပဋိညာဉ်ခံဣသရေလအမျိုးသားများအဖြစ်ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်တာဝန်ကတော့၊ အသင်းတော်အသင်းသားတိုင်း ဘုရားသခင်နဲ့ ပဋိညာဉ်ပြုခြင်းနဲ့ ဆက်စပ်တဲ့ ဝမ်းမြောက်ခြင်းနဲ့ အထူးအခွင့်အရေးတွေကို သတိပြုမိကြစေဖို့ဖြစ်ပါတယ်။ ပဋိညာဉ်စောင့်ထိန်းသူအမျိုးသားအမျိုးသမီး၊ ယောက်ျားလေး မိန်းကလေးတိုင်းကို မိမိတို့လွှမ်းမိုးမှုရှိရာနယ်ပယ်မှရှိသူတွေနဲ့ ဧဝံဂေလိတရားကို ဝေငှစေဖို့ အားပေးခြင်းဟာ ဖိတ်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ ဘုရားသခင်ရဲ့လူမျိုးတွေဖြစ်နိုင်စေဖို့နဲ့ ကိုယ်တော်ကို ကျွန်တော်တို့ရဲ့ ဘုရားသခင်ဖြစ်ဖို့၊ ဗတ္တိဇံပေးဖို့နဲ့ ဣသရေလအမျိုးသားတွေကို စုဝေးရာမှာ ကူညီဖို့ လမ်းညွှန်ချက်တွေနဲ့ စေလွှတ်ခံထားရတဲ့ ကျွန်တော်တို့ရဲ့သသာသနာပြုတွေကို ထောက်ပံ့ဖို့နဲ့ အားပေးဖို့ဟာလည်း ဖိတ်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၉
ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများမှာ ပါဝင်သူ၊ ဘုရားသခင်နဲ့ပဋိညာဉ်ပြုပြီးစောင့်ထိန်းသူ အမျိုးသားအမျိုးသမီးတိုင်းဟာ ဘုရားသခင်ရဲ့တန်ခိုးဆီကို တိုက်ရိုက်ဝင်လမ်းရှိပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးချင်းအလိုက် ကိုယ်တော်ရှင်ရဲ့နာမကို ကျွန်တော်တို့အပေါ်မှာ ခံယူကြပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့နာမကို လူမျိုးတစ်မျိုးအလိုက်လည်း ကျွန်တော်တို့အပေါ်မှာ ခံယူကြပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ မှန်သောအမည်ကို အသုံးပြုခြင်းနဲ့ပတ်သက်လို့ ဇောစိတ်ထက်သန်ခြင်းဟာ ကျွန်တော်တို့ လူမျိုးတစ်မျိုးအဖြစ် ကိုယ်တော်ရဲ့အမည်ကို ကျွန်တော်တို့အပေါ်မှာခံယူကြောင်း အလွန်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ အမှန်အားဖြင့်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်နဲ့ အသင်းသားများရဲ့ စေတနာပါတဲ့ အပြုအမူတိုင်းဟာ ဘုရားသခင်ရဲ့ hesedကို ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။
ဣသရေလအမျိုးသားတွေ ဘာကြောင့် ပြန့်ကျဲခဲ့ပါသလဲ။ လူတွေ ပညတ်တော်တွေကို ချိုးဖောက်ခဲ့ကြ၊ ပရောဖက်တွေကို ကျောက်ခဲနဲ့ ပစ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ ချစ်သော်လည်း ဝမ်းနည်းပူဆွေးတဲ့အဘဟာ ဣသရေလအမျိုးသားတွေကို ဝေးစွာ၊ ကျယ်ပြန့်စွာ ပြန့်ကျဲစေခြင်းဖြင့် တုန့်ပြန်ခဲ့ပါတယ်။ ၁၁
သို့သော်လည်း၊ ကိုယ်တော်က တစ်နေ့မှာ သူတို့ သူ့သိုးစုထဲကို စုဝေးစေမည်ဖြစ်ကြောင်း ကတိတော်နဲ့ သူတို့ကို ပြန့်ကျဲစေခဲ့ပါတယ်။
ယုဒမျိုးနွယ်စုဟာ ကိုယ်တော်ရှင်ရဲ့ ပထမကြွလာတော်မူရာလမ်းကို ပြင်ဆင်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ ထိုမျိုးနွယ်စုမှနေ၍၊ မာရိဟာ ဘုရားသခင့်သားတော်ရဲ့ မယ်တော်အဖြစ် အခေါ်ခံခဲ့ရပါတယ်။
ယောသပ်ရဲ့မျိုးနွယ်စု၊ သူနှင့် အာသနတ်တို့ရဲ့သားများဖြစ်တဲ့ ဧဖရိမ်၊ မနာရှော (ရှု ကမ္ဘာဦး ၄၁း၅၀-၅၂၊ ၄၆း၂၀) တို့ဟာ ကိုယ်တော်ရှင်ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်း အတွက် လောကကို ပြင်ဆင်ဖို့ရာ၊ ဣသရေလအမျိုးသားတိ့ကို့ကို စုဝေးခြင်းမှာ ဦးဆောင်ဖို့ တာဝန်ပေးခံခဲ့ကြရပါတယ်။
ထိုကဲ့သို့သော အချိန်အကန့်သတ်မဲ့ hesed ဆက်ဆံရေးဟာ၊ ဣသရေလအမျိုးသားတို့ကို ဘုရားသခင်စုဝေးစေလိုတဲ့ သဘာဝသာဖြစ်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘပါ။ သူက —ကန့်လန့်ကာနှစ်ဖက်စလုံးက—သူ့သားမီးအယောက်တိုင်းကို ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော် သတင်းစကားကို ကြားစေလိုပါတယ်။
ချစ်ခြင်းလမ်းကြောင်း
ပဋိညာဉ်လမ်းကြောင်းဟာ အံ့ဩဖွယ်hesed၊ အချင်းချင်း အကြင်နာပိုသော ဂရုစိုက်ခြင်း၊ ကမ်းလှမ်းခြင်း— ချစ်ခြင်းလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ချစ်ခြင်းဟာ လွတ်မြောက်စေခြင်းနဲ့ မြှင့်တင်ခြင်းလို့ ခံစားရပါတယ်။ သင်တွေ့ကြုံရမယ့် အကြီးဆုံးဝမ်းမြောက်မှုဆိုတာ သင်ဟာ ဘုရားသခင်နဲ့ သူသားသမီးအားလုံးအပေါ် ချစ်ခြင်းနဲ့ ပြည့်နေတဲ့အခါမျိုးဖြစ်ပါလိမ့်မယ်။
ဘုရားသခင်ကို အခြားတစ်ဦး သို့မဟုတ် အခြားတစ်စုံတစ်ခုထက် ပိုပြီးချစ်ခြင်းဟာ မှန်သော ငြိမ်းချမ်းခြင်း၊ နှစ်သိမ့်ခြင်း၊ ယုံကြည်မှုနဲ့ ဝမ်းမြောက်မှုတွေကို ဖြစ်စေတဲ့ အခြေအနေဖြစ်ပါတယ်။
ပဋိညာဉ်လမ်းကြောင်းဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်နဲ့ ဆက်ဆံရေး— ကျွန်တော်တို့ရဲ့ ကိုယ်တော်နဲ့hesedဆက်ဆံရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်တစ်ခု ပြုတဲ့အခါ၊ သူ့စကားကို အမြဲစောင့်ထိန်းတဲ့ သူတဲ့ ပဋိညာဉ်တစ်ခုပြုခဲ့တာဖြစ်ပါတယ်။ သူက သူတတ်နိုင်တာအားလုံးကို လုပ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ ရွေးချယ်ပြုမူနိုင်ခွင့်ကို မဖောက်ဖျက်ဘဲ၊ ကျွန်တော်တို့ရဲ့စကားကို စောင့်ထိန်းရန် ကျွန်တော်တို့ကို ကူညီဖို့ဖြစ်ပါတယ်။
မော်မုန်ကျမ်းဟာ ဤထာဝရတည်မြဲတဲ့ ပဋိညာဉ်ကို ရည်ညွှန်းချက်နဲ့ အစလည်းပြုထား၊ အဆုံးလည်းသတ်ထားပါတယ်။ ခေါင်းစည်းစာမျက်နှာမှသည် မော်မုန်နဲ့ မော်ရော်နိုင်းတို့ရဲ့ အဆုံးသတ် သက်သေခံချက်များအထိ၊ မော်မုန်ကျမ်းက ပဋိညာဉ်ကို ရည်ညွှန်းပါတယ် (ရှုမော်မုန် ၅း၂၀။ ၉း၃၇)။ “မော်မုန်ကျမ်းထွက်ပေါ်လာခြင်းဟာ ကိုယ်တော်ရှင်က ဣသရေလအမျိုးသားတို့ကို စုဝေးဖို့နဲ့ အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့နဲ့ သူပြုခဲ့တဲ့ ပဋိညာဉ်တွေကို ပြီးပြည့်စုံစေဖို့ စတင်ပြီဖြစ်ကြောင်း တစ်လောကလုံးသို့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။”၁၂
ကျွန်တော့်ချစ်သော ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ ထာဝရတည်မြဲတဲ့ ပဋိညာဉ်ရဲ့ အလှနဲ့ တန်ခိုးအကြောင်း လောကကို သွန်သင်ဖို့ အကြောင်း ကမ္ဘာမြေကြီးရဲ့သမိုင်း အချက်အချာကျတဲ့ ဒီအချိန်မှာ ခေါ်သွင်းခံထားကြရပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို ဒီကြီးမြတ်တဲ့အမှုကို လုပ်ဆောင်ဖို့ အကြွင်းမဲ့ ယုံကြည်စိတ်ချပါတယ်။
ဤအမှာစကားကို မတ် ၃၁၊ ၂၀၂၂ အထွေထွေညီလာခံ ခေါင်းဆောင်မှု အစည်းအဝေးမှာလည်း ထုတ်ဝေခဲ့ပြီဖြစ်ပါသည်။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Liahona Message, October 2022.၏ဘာသာပြန် Burmese 18317 256