အထွေထွေညီလာခံ
ခရစ်တော်ပြန်ကြွလာခြင်းအတွက် ပြင်ဆင်ရန်ပါဝင်ပါ
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


11:24

ခရစ်တော်ပြန်ကြွလာခြင်းအတွက် ပြင်ဆင်ရန်ပါဝင်ပါ

အမှုတော်ဆောင်တာဝန်များနှင့် ဘုရားသခင်၏အမှုမှာ ကျွန်တော်တို့လုပ်ဆောင်တဲ့ အခြားနည်းလမ်းများက၊ ကယ်တင်ရှင်နှင့်တွေ့ဆုံရန် ကျွန်တော်တို့ကို ထူးခြားစွာ ပြင်ဆင်ပေးပါတယ်။

လွန်ခဲ့သောလအနည်းငယ်က၊ ကျွန်တော် ခန်းမတစ်ခုမှာမတ်တပ်ရပ်နေတုန်း အသင်းလူကြီး နီးရယ်လ် အယ်လ်၊ အန်ဒါဆင်က ဖြတ်လျှောက်သွားခဲ့ပါတယ်။ ကျွန်တော့်ကို အထွေထွေအာဏာပိုင်အသစ်တစ်ဦးအဖြစ် ခေါ်သွင်းခံရခါစပဲရှိပါသေးတယ်။ အရည်အချင်းမလုံလောက်ဘူးထင်တဲ့ ကျွန်တော်ရဲ့ခံစားချက်တွေကို သတိပြုမိပုံရကာ သူပြုံးပြီး၊ “ကဲ၊ ကြည့်ရတာ သူဘာလုပ်နေတယ်ဆိုတာကိုမသိတဲ့ လူတစ်ယောက်ရှိနေတာပဲ”လို့ ပြောခဲ့ပါတယ်။

ပြီးတော့ “စစ်မှန်တဲ့ပရောဖက်နဲ့ မြင်သောသူတစ်ဦးရှိတယ်”လို့ ကျွန်တော်တွေးခဲ့ပါတယ်။

အဲဒီနောက် အသင်းလူကြီး အန်ဒါဆင်က တိုးတိုးလေး ပြောခဲ့ပါတယ်၊ “စိတ်မပူပါနဲ့၊ အသင်းလူကြီး ရွှမ်း‌မွှေ။ ပိုအဆင်ပြေလာမှာပါ—ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်အတွင်းမှာပေါ့။”

ကျွန်တော်တို့လက်လှမ်းမမီဘူးလို့ခံစားရတဲ့ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ ကိစ္စတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ကို ဘာကြောင့်တောင်းဆိုလဲဆိုတာ သင်တွေးဖူးပါသလား။ ဘဝရဲ့များပြားလှတဲ့တောင်းဆိုချက်တွေနဲ့၊ အသင်းတော်မှာ အမှုတော်ဆောင်တာဝန်တွေကို ကျွန်တော်တို့ ဘာကြောင့်လိုအပ်လဲဆိုတာသင်မေးဖူးပါသလား။ ဟုတ်ပါတယ်၊ ကျွန်တော်မေးဖူးပါတယ်။

ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာ ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က၊ “ဒီအချိန်ဟာ ကျွန်တော်နဲ့ သင်တို့အတွက် ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်၊ ခရစ်တော်ဖြစ်တဲ့ သခင်ယေရှုရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရမယ့်အချိန်ပဲဖြစ်ပါတယ်” လို့ ပြောခဲ့တဲ့အချိန်မှာ ကျွန်တော်အဖြေတစ်ခုကိုရခဲ့ပါတယ်။ ဥက္ကဋ္ဌ နယ်လ်ဆင်က ဒါကိုပြောခဲ့တဲ့အချိန်မှာ၊ ဘုရားသခင်ရဲ့အမှုတော်မှာ ကျွန်တော်တို့ပါဝင်တာနဲ့အမျှ၊ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ပြန်ကြွလာခြင်းအတွက် ပြင်ဆင်နေကြတာဖြစ်ကြောင်း ဝိညာဉ်တော်က ကျွန်တော့်ကို သွန်သင်ခဲ့ပါတယ်။ အမှုတော်ဆောင်တာဝန်များ၊ အမှုတော်ဆောင်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုခြင်း၊ နှိုးဆော်မှုများကို လိုက်လျှောက်ခြင်းနဲ့၊ ဘုရားသခင်၏အမှုမှာ ကျွန်တော်တို့လုပ်ဆောင်တဲ့ အခြားနည်းလမ်းများက ကယ်တင်ရှင်နှင့်တွေ့ဆုံဖို့ ကျွန်တော်တို့ကိုထူးခြားစွာပြင်ဆင်ပေးတယ်ဆိုတဲ့ ကိုယ်တော်ရှင်ရဲ့ကတိတော်က စိတ်ဝင်စားဖွယ်ကောင်းပြီး အရေးကြီးပါတယ်။

ဘုရားသခင်ရဲ့ အမှုတော်မှာ ကျွန်တော်တို့ပါဝင်တဲ့အခါ ကိုယ်တော်ကကျေနပ်အားရပါတယ်။

“ဒီအခိုက်အတန့်ရဲ့ ဂုဏ်သရေကြီးမြတ်ခြင်း” မှာ၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကျယ်ပြန့်လာပြီး ကမ္ဘာမြေပေါ် ဗိမာန်တော်တွေ ပျံ့နှံ့လာတဲ့အခါ၊ ဘုရားသခင်ရဲ့အမှုတော်မှာ ပါဝင်ဖို့လိုလားတဲ့စိတ်ဝိညာဉ်တွေ လိုအပ်မှုတိုးလာပါတယ်။ ကိုယ်ကျိုးမငဲ့ဘဲအစေခံခြင်းက ခရစ်တော်ကဲ့သို့ တပည့်တော်ဖြစ်ခြင်းရဲ့ အနှစ်သာရစင်စစ် ဖြစ်ပါတယ်။ ဒါပေမဲ့ အစေခံခြင်းက အဆင်ပြေခဲလှပါတယ်။ ဒါကြောင့် ကိုယ်တော်ရဲ့သားသမီးတွေကို အစေခံခြင်းအားဖြင့် ဘုရားသခင်ကို ကိုယ်ကျိုးမငဲ့ဘဲအစေခံဖို့ သင်တို့ရဲ့ ဆန္ဒတွေနဲ့ စိန်ခေါ်ချက်တွေကိုဘေးဖယ်ထားတဲ့၊ ကျွန်တော်တို့ရဲ့ချစ်ရတဲ့သာသနာပြုတွေအပါအဝင်၊ ပဋိညာဉ်စောင့်ထိန်းသောတပည့်တော်တွေဖြစ်တဲ့ သင်တို့ကို ကျွန်တော်လေးစားပါတယ်။ ဘုရားသခင်က “ဖြောင့်မတ်ခြင်းဖြင့် [ကိုယ်တော့်ကို အစေခံခြင်းအတွက် သင်တို့ကို] ဂုဏ်ပြုရာ၌လည်း မွေ့လျော်”ပါတယ်။ ကိုယ်တော်က ကတိပေးပါတယ်၊ “ကြီးမြတ်ခြင်းသည် [သင်တို့၏] အကျိုးကျေးဇူးဖြစ်လိမ့်မည်၊ ထာဝရသည် [သင်တို့၏] ဘုန်းအသရေဖြစ်လိမ့်မည်။” အစေခံခြင်းကို ကျွန်တော်တို့ လက်ခံတဲ့အခါ၊ ယေရှုခရစ်တော်ကို ကျွန်တော်တို့လက်ခံနေတာဖြစ်ပါတယ်။ ပြီးတော့ ခရစ်တော်ကို ကျွန်တော်တို့လက်ခံတဲ့အခါ၊ ဖြစ်နိုင်ချေရှိတဲ့ အကြွယ်ဝဆုံးအသက်တာကို ကျွန်တော်တို့ လက်ခံနေတာဖြစ်ပါတယ်။

ကောလိပ်ကျောင်းမှာ ဓာတုအင်ဂျင်နီယာဘာသာရပ်ကိုလေ့လာပြီး အလုပ်လုပ်နေတုန်းမှာ ဒီသင်ခန်းစာကို ကျွန်တော်သင်ယူခဲ့ရပါတယ်။ ကျွန်တော့်ကို အိမ်ထောင်မရှိသူများအသင်းတော်စုတစ်ခုအတွက် လှုပ်ရှားမှုပွဲများစီစဉ်သူလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အိပ်မက်ဆိုး အမှုတော်ဆောင်တာဝန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း၊ ကျွန်တော်လက်ခံခဲ့ပါတယ်၊ ပထမမှာ ငြီးငွေ့စရာကောင်းနေခဲ့ပါတယ်။ အဲဒီနောက် လှုပ်ရှားမှုပွဲတစ်ခုမှာ ကျွန်တော် ရေခဲမုန့်ဝေပေးပုံကို လှပတဲ့မိန်းကလေးတစ်ယောက်က သဘောကျသွားခဲ့ပါတယ်။ သူမက ကျွန်တော့်ရဲ့ အာရုံစိုက်မှုကိုရရှိဖို့ မျှော်လင့်ရင်း သုံးခေါက် ပြန်လှည့်လာခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်ကြိုက်ခဲ့ကြပြီး၊ နှစ်ပတ်အကြာမှာပဲ သူမက ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ဒီလောက် မြန်မြန်မဖြစ်နိုင်ပါဘူး၊ ပြီးတော့ လက်ထပ်ခွင့်တောင်းခဲ့တဲ့သူက ကျွန်တော်ပါ၊ ဒါပေမဲ့ အမှန်တရားက၊ အဲဒီအမှုတော်ဆောင်တာဝန်ကို ကျွန်တော်ငြင်းဆိုခဲ့လို့ ဟိုင်ဒီနဲ့တွေ့ဆုံတာ လက်လွတ်သွားမှာကို မတွေးရဲခဲ့ပါဘူး။

ကျွန်ုပ်တို့၏ပါဝင်ခြင်းသည် ခရစ်တော်၏ပြန်ကြွလာခြင်းအတွက်ပြင်ဆင်ခြင်းဖြစ်ပါသည်

ဘုရားသခင်က ကျွန်တော်တို့ကိုလိုအပ်လို့ ကျွန်တော်တို့ ကိုယ်တော့်ရဲ့အမှုမှာ ပါဝင်တာမဟုတ်ပါဘူး၊ ကျွန်တော်တို့က ဘုရားသခင်နဲ့ သူ့ရဲ့ကြီးမားတဲ့ကောင်းချီးတွေကို လိုအပ်လို့ ပါဝင်တာပါ။ သူကတိပေးတော်မူပါတယ်၊ “အကြောင်းမူကား၊ ရှုလော့၊ ငါ၏​စပျစ်ဥယျာဉ်ထဲ၌ အလုပ်​လုပ်ကြသောသူ​အပေါင်းကို ငါသည် ကြီးစွာသော​ကောင်းချီးမင်္ဂလာဖြင့် ကောင်းချီး​ပေးတော်မူမည်။” ဘုရားသခင်ရဲ့အမှုတော်၌ ကျွန်တော်တို့ရဲ့ပါဝင်ခြင်းက ဘယ်လိုကောင်းချီးပေးကြောင်းနဲ့ ကယ်တင်ရှင်နဲ့တွေ့ဖို့ပြင်ဆင်ရန် ကူညီပေးကြောင်း သင်ကြားပေးတဲ့ အခြေခံမူသုံးချက်ကို ကျွန်တော်ဝေငှပါရစေ။

ပထမ၊ ဘုရားသခင်ရဲ့အမှုတော်မှာ ကျွန်တော်တို့ပါဝင်တာနဲ့အမျှ၊ “[ကျွန်တော်တို့၏] ဖန်ဆင်းခြင်းရည်ရွယ်ချက်” ဆီသို့ ကျွန်တော်တို့ တိုးတက်လာပါတယ်။

ဖန်ဆင်းခြင်းရဲ့ဖြစ်စဉ်မှာ ဒီပုံစံကို ကျွန်တော်တို့သင်ယူရပါတယ်။ တစ်နေ့အတွက် အလုပ်ပြီးမြောက်ပြီးနောက်မှာ၊ ဘုရားသခင်က “ထို​အ​မှု​အ​ရာ​ကောင်း​သည်”လို့ မိန့်တော်မူခြင်းဖြင့် ပြုလုပ်ခဲ့တဲ့ တိုးတက်မှုကို အသိအမှတ်ပြုခဲ့ပါတယ်။ ကိုယ်တော်က အလုပ်ပြီးပြီ သို့မဟုတ် ၎င်းကပြည့်စုံပြီလို့ မိန့်တော်မမူခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်တော်ပြောခဲ့တာကတော့ တိုးတက်မှုရှိခဲ့ပြီး၊ ဘုရားသခင်ရဲ့အမြင်မှာ၊ ထိုအမှုအရာကောင်းပါတယ်။

အမှုတော်ဆောင်ခြင်းတာဝန်တွေက လူတစ်ဦးရဲ့ တန်ဖိုး သို့မဟုတ် ထိုက်တန်မှုကိုဆုံးဖြတ်ဖို့ သို့မဟုတ် အတည်ပြုဖို့မဟုတ်ပါဘူး။ ၎င်းအစား၊ ဘုရားသခင်နှင့်အတူ ကိုယ်တော်တောင်းဆိုတဲ့အတိုင်း ကျွန်တော်တို့ အလုပ်လုပ်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ကိုယ်တိုင် ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ထဲမှာ စတင်တိုးတက်လာကြပါတယ်။

ကျွန်တော်တို့ရဲ့တိုးတက်မှုကို ဘုရားသခင်ကဝမ်းမြောက်သလို၊ ကျွန်တော်တို့မှာ လုပ်စရာတွေ ကျန်သေးရင်တောင် ကျွန်တော်တို့လည်းဝမ်းမြောက်သင့်ပါတယ်။ တစ်ခါတစ်ရံ၊ အမှုတော်ဆောင်တာဝန်တစ်ခုမှာ အစေခံဖို့ အင်အား သို့မဟုတ် နည်းလမ်း မရှိတတ်ပါဘူး။ သို့တိုင်၊ ကျွန်တော်တို့ဟာ ဆုတောင်းခြင်းနဲ့ ကျမ်းစာလေ့လာခြင်းလိုမျိုး အဓိပ္ပာယ်ရှိတဲ့နည်းလမ်းတွေကတဆင့် ကျွန်တော်တို့ရဲ့သက်သေခံချက်တွေကို ကာကွယ်ပြီး အမှုတော်မှာပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ချစ်ရတဲ့ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့အစေခံချင်ပေမယ့် မတတ်နိုင်တဲ့အခါ ကျွန်တော်တို့ကို အပြစ်မတင်ပါဘူး။

ဒုတိယ၊ အစေခံခြင်းက ကျွန်တော်တို့ရဲ့အိမ်တွေနဲ့ ဘုရားကျောင်းတွေကို ပဋိညာဉ်အတိုင်းအသက်ရှင်ဖို့လေ့ကျင့်နိုင်တဲ့ သန့်ရှင်းတဲ့နေရာတွေအဖြစ် မြှင့်တင်ပေးပါတယ်။

ဥပမာအားဖြင့်၊ ခရစ်တော်ကိုအစဉ်အောက်မေ့ဖို့ ကျွန်တော်တို့ရဲ့ပဋိညာဉ်ကို တစ်ဦးချင်းစီပြုထားကြပါတယ်၊ သို့သော် အခြားသူတွေနဲ့ကျွန်တော်တို့ အချင်းချင်းအမှုဆောင်ကြတဲ့အခါ ဒီပဋိညာဉ်အတိုင်းအသက်ရှင်ကြပါတယ်။ အမှုတော်ဆောင်တာဝန်တွေက “တစ်ယောက်နဲ့တစ်ယောက်ရဲ့ဝန်တွေကို ပေါ့စေဖို့ထမ်းရန် … အခွင့်အရေးတွေနဲ့ ကျွန်တော်တို့ကို ဝန်းရံထားပါတယ်၊ ဒီလိုနဲ့ ခရစ်တော်ရဲ့ ဥပဒေကို ပြည့်စုံစေပါတယ်။” ကျွန်တော်တို့ ဘုရားသခင်ကိုချစ်ပြီး ပဋိညာဉ်အတိုင်းအသက်ရှင်ချင်တာကြောင့် အမှုတော်ထမ်းကြတဲ့အခါ၊ တာဝန်ပြည့် ပင်ပန်းစေတဲ့အမှုဆောင်ခြင်းက ဝမ်းမြောက်မှုနဲ့ ပြောင်းလဲမှုကိုဖြစ်လာစေပါတယ်။

ဘိသိက်မင်္ဂလာတွေက ကောင်းကင်ဘုံစာရင်းတစ်ခုကို ဖြည့်ဆည်းပေးတဲ့အကြောင်းကြောင့် ကျွန်တော်တို့ကို ကယ်တင်မှာမဟုတ်ပါဘူး။ ဒါထက်၊ ဒီဘိသိက်မင်္ဂလာတွေနဲ့ဆက်စပ်နေတဲ့ ပဋိညာဉ်တွေအတိုင်း ကျွန်တော်တို့ နေထိုင်ကြတဲ့အခါ၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့မျက်မှောက်တော်မှာရှိဖို့ လိုလားတဲ့သူမျိုး ဖြစ်လာပါတယ်။ ဒီနားလည်မှုက အမှုတော်ဆောင်ဖို့ တုံ့ဆိုင်းခြင်းနဲ့၊ အမှုတော်မဆောင်ဖို့ ပိုနှစ်သက်ခြင်းတို့ကို ကျော်လွှားနိုင်စေပါတယ်။ ကျွန်တော်တို့က ဘုရားသခင်ဘာကိုခွင့်ပြုလဲဆိုတာကိုမမေးဘဲ ဘုရားသခင်ကဘာကိုနှစ်သက်မလဲဆိုတာကို စတင်မေးမြန်းကြတဲ့အခါ ခရစ်တော်ကိုတွေ့ဆုံဖို့ ကျွန်တော်တို့ရဲ့ပြင်ဆင်ခြင်းက အရှိန်မြှင့်လာပါတယ်။

တတိယ၊ ဘုရားသခင်ရဲ့အမှုတော်မှာပါဝင်ခြင်းက ဘုရားသခင်ရဲ့ကျေးဇူးတော်ဆုကျေးဇူးကိုရရှိဖို့နဲ့ သူ့ရဲ့ကြီးမားတဲ့ချစ်ခြင်းကို ခံစားဖို့ ကျွန်တော်တို့ကို ကူညီပေးပါတယ်။

အမှုတော်ဆောင်ခြင်းအတွက် ကျွန်တော်တို့အခကြေးငွေမရရှိပါဘူး။ အဲဒီအစား၊ ကျမ်းစာကသွန်သင်ပါတယ်၊ ကျွန်တော်တို့ရဲ့ “အလုပ်လုပ်ခြင်း​အတွက်၊ ဘုရားသခင်ထံမှ ကျေးဇူးတော်ကို [ကျွန်တော်တို့]လက်ခံ​ရရှိကြ​သည်မှာ၊ ဘုရားသခင်၏​အကြောင်းကို သိခြင်း​[ရှိ]လျက်၊ ဝိညာဉ်တော်၌ [ကျွန်တော်တို့]အားကြီး​လာနိုင်ကြ​စေကြောင်း၊ [နှင့်] ဘုရားသခင်ထံမှ​တန်ခိုးနှင့် အခွင့်​အာဏာတို့​အားဖြင့် သွန်သင်​ပေးနိုင်စေကြောင်းပင်တည်း။” အဲဒါဟာ အလွန်ကောင်းတဲ့ဖလှယ်မှုတစ်ခုဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်၊ ကျွန်တော်တို့ရဲ့ တတ်စွမ်းမှုတွေ သို့မဟုတ် မတတ်စွမ်းမှုတွေဟာ အမှုတော်ဆောင်တာဝန်တစ်ခုကို ကမ်းလှမ်းခြင်း သို့မဟုတ် လက်ခံခြင်းအတွက် အဓိကကျတဲ့အခြေခံမဟုတ်ပါဘူး။ ကိုယ်တော့်ရဲ့အမှုတော်မှာပါဝင်ဖို့ ပြည့်စုံတဲ့စွမ်းဆောင်မှု သို့မဟုတ် ထူးချွန်တဲ့ပါရမီကို ဘုရားသခင်က မမျှော်လင့်ပါဘူး။ အဲဒီလိုသာဆို၊ ဘုရင်မ ဧသတာက သူမရဲ့လူမျိုးကိုကယ်တင်နိုင်ခဲ့မှာမဟုတ်ပါဘူး၊ ပေတရုက အစောပိုင်းအသင်းတော်ကို ဦးဆောင်နိုင်ခဲ့မှာမဟုတ်ပါဘူး၊ နောက်ပြီး ဂျိုးဇက်စမစ်က ပြန်လည်ဆောင်ယူခြင်းရဲ့ ပရောဖက်ဖြစ်လာခဲ့မှာဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ စွမ်းရည်တွေထက် ကျော်လွန်တဲ့အရာကို ယုံကြည်ခြင်းနဲ့ လုပ်ဆောင်တဲ့အခါ၊ အားနည်းချက် ပေါ်ထွက်လာပါတယ်။ ဒါက ဘယ်တော့မှ သက်သောင့်သက်သာမရှိပါဘူး၊ ဒါပေမဲ့ “[ဘုရားသခင်၏] ကျေးဇူးတော်အားဖြင့်၊ … ဤအရာတို့ကို​ပြုရန် ငါတို့ ၌ အစွမ်း​သတ္တိရ​ရှိသည်ကို သိ”ဖို့ လိုအပ်ပါတယ်။

ဘုရားသခင်ရဲ့အမှုတော်မှာပါဝင်တဲ့အခါ ကျွန်တော်တို့အကြိမ်များစွာလဲကျပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အားထုတ်မှုမှာ၊ ယေရှုခရစ်တော်က ကျွန်တော်တို့ကိုဖမ်းမိပါတယ်။ ကိုယ်တော်က ကျရှုံးခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူးလို့ ခံစားရခြင်းကနေ ကယ်တင်ခြင်းကိုတွေ့ကြုံခံစားဖို့ ကျွန်တော်တို့ကို ဖြည်းညှင်းစွာ ထူမပါတယ်။ ကျွန်တော်တို့အားနည်းပေမဲ့ အကောင်းဆုံးအားထုတ်မှုကို ဆက်ကပ်တဲ့အခါ၊ ဘုရားသခင်က ၎င်းကို မြင့်တင်ပေးပါတယ်။ ကျွန်တော်တို့ ယေရှုခရစ်တော်အတွက် စွန့်လွှတ်တဲ့အခါ၊ ကိုယ်တော်က ကျွန်တော်တို့ကို သန့်ရှင်းစေပါတယ်။ ဒါဟာ ဘုရားသခင်၏ကျေးဇူးတော်ရဲ့ ပြောင်းလဲစေတဲ့တန်ခိုးတော်ဖြစ်ပါတယ်။ ကျွန်တော်တို့အစေခံတာနဲ့အမျှ၊ “[ယေရှုခရစ်တော်]ရှေ့မှောက်၌ ရပ်စေခြင်းငှာ ခမည်းတော်​အားဖြင့် မြှောက်​ထား​ခံရ”ဖို့ ကျွန်တော်တို့ကို ပြင်ဆင်ပြီးသည်အထိ ဘုရားသခင်ရဲ့ကျေးဇူးတော်မှာ တိုးတက်ကြပါတယ်။

အမှုတော်ဆောင်တာဝန်များ၏ဆုကျေးဇူးကို လက်ခံပြီးဝမ်းမြောက်ရန် အခြားသူများကို ကူညီပါ။

ကိုယ်တော့်ရှေ့မှာ ကျွန်တော်ရပ်တဲ့အခါ၊ ကယ်တင်ရှင်က ကျွန်တော့်ကို မေးမြန်းမယ့်အရာအားလုံးကိုမသိပါဘူး၊ ဒါပေမဲ့ ဖြစ်နိုင်မယ့်မေးခွန်းတစ်ခုကတော့၊ “သင်နဲ့အတူ ဘယ်သူကို ခေါ်လာခဲ့ပါသလဲ။” အမှုတော်ဆောင်တာဝန်တွေက ကျွန်တော်တို့နဲ့အတူ အခြားသူတွေကို ယေရှုခရစ်တော်ထံခေါ်လာနိုင်ဖို့အတွက် ချစ်ရတဲ့ကောင်းကင်ဘုံရှင်အဘထံမှ သန့်ရှင်းမွန်မြတ်တဲ့ဆုကျေးဇူးတွေဖြစ်ပါတယ်။ ဒါကြောင့် အမှုတော်ဆောင်တာဝန်မရှိတဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိ ပိုမိုရှာဖွေကြဖို့ သင်တို့အယောက်ချင်းစီတိုင်းကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ခရစ်တော်ရဲ့ပြန်ကြွလာခြင်းအတွက် ကူညီပြင်ဆင်ရန် ဘုရားသခင်ရဲ့အမှုတော်မှာပါဝင်ဖို့ သူတို့ကိုအားပေးပြီးကူညီပါ။

ကိုယ်တော်ရှင်မှာ သူ့အတွက်အလုပ်တစ်ခုရှိကြောင်း သင်းအုပ်က သူ့ဆီလာလည်ပြီး ပြောတဲ့အချိန်မှာ ဂျွန်က အသင်းတော်မှာတက်ကြွစွာပါဝင်ခဲ့သူမဟုတ်ပါဘူး။ ဂျွန်ကို ဆေးလိပ်ဖြတ်ဖို့ သူဖိတ်ခေါ်ခဲ့ပါတယ်။ ဂျွန်ကရပ်တန့်ဖို့ အကြိမ်များစွာကြိုးစားခဲ့ပေမဲ့၊ ဒီတစ်ကြိမ်မှာတော့ သူ့ကိုကူညီနေတဲ့မမြင်ရတဲ့စွမ်းအားတစ်ခုကို သူခံစားခဲ့ရပါတယ်။

အဲဒီနောက် သုံးပတ်လောက်ကြာတော့၊ ပန္နက်ဥက္ကဋ္ဌက ဂျွန် ဆီလာလည်ခဲ့ပါတယ်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှာ အမှုတော်ဆောင်ဖို့ သူ့ကိုခေါ်သွင်းခဲ့ပါတယ်။ ဂျွန်က အံ့အားသင့်သွားခဲ့ပါတယ်။ သူဆေးလိပ်ဖြတ်လိုက်ရုံပဲရှိသေးတယ်လို့ သူက ပန္နက်ဥက္ကဋ္ဌကိုပြောခဲ့ပါတယ်။ ဒီဖိတ်ခေါ်ချက်က တနင်္ဂနွေနေ့မှာ ပရော်ဖက်ရှင်နယ်ဘောလုံးပွဲတွေကို တက်ရောက်တဲ့ သူ့ရဲ့အစဥ်အလာကို စွန့်လွှတ်ရမယ်ဆိုရင်တော့ ဒါကတောင်းဆိုဖို့များလွန်းနေပါပြီ။ ပန္နက်ဥက္ကဋ္ဌရဲ့စေ့ဆော်တဲ့တုံ့ပြန်မှုက ရိုးရှင်းပါတယ်၊ “ဂျွန်၊ ကျွန်တော်က သင့်ကိုတောင်းဆိုနေတာမဟုတ်ပါဘူး၊ ကိုယ်တော်ရှင်ကပါ။”

“ကောင်းပါပြီ၊ အဲလိုသာဆိုရင်တော့၊ ကျွန်တော်အမှုတော်ဆောင်ပါမယ်” လို့ ဂျွန်ကပြန်ပြောခဲ့ပါတယ်။

အစေခံဖို့အတွက်ဒီစွန့်လွှတ်မှုတွေက သူနဲ့သူ့မိသားစုအတွက် ဝိညာဉ်ရေးအလှည့်အပြောင်းတွေဖြစ်ခဲ့တယ်လို့ ဂျွန်က ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့သေခြင်းရှိရာအသက်တာအမြင်မှာ အလားအလာမရှိ သို့မဟုတ် ထိုက်တန်မှုမရှိပုံပေါ်တဲ့ တစ်ဦးချင်းစီကို၊ အမှုတော်ဆောင်တာဝန်တွေကမ်းလှမ်းဖို့ ပျက်ကွက်‌စေတဲ့ မျက်ကွယ်နေရာတစ်ခု၊ ကျွန်တော်တို့မှာ တစ်ခါတစ်ရံရှိနေမလားလို့ တွေးမိပါတယ်။ ဒါမှမဟုတ် တိုးတက်မှုအယူဝါဒထက် မြင့်မားတဲ့စွမ်းဆောင်ရည်ကို ကျွန်တော်တို့ ပိုပြီးစိုးရိမ်နေနိုင်ပါတယ်၊ အစေခံဖို့သူတို့ကိုအခွင့်အရေးတွေပေးခြင်းအားဖြင့်၊ မဖြစ်နိုင်သလိုထင်ရတဲ့အရာနဲ့ သက်သေမပြရသေးတဲ့အရာတွေမှာစွမ်းရည်ကို ကယ်တင်ရှင်ကဘယ်လိုတိုးမြှင့်ပေးနိုင်ကြောင်းမြင်ဖို့ကိုလည်း လျစ်လျူရှုနေကြတာဖြစ်နိုင်ပါတယ်။

အသင်းလူကြီး ဒေးဗစ် အေ၊ ဘတ်ဒ်နာက “[အမျိုးသမီးနှင့်] အမျိုးသားတိုင်း [သူတို့၏] တာဝန်ကို သင်ယူပြီး ဆောင်ရွက် စေ”ဖို့ ကျမ်းစာပါပြဋ္ဌာန်းချက်ရဲ့ အရေးကြီးခြင်းကို သွန်သင်ပါတယ်။ ကျွန်တော်တို့ ဒါကိုလုပ်ဆောင်ကြပါသလား။ ခေါင်းဆောင်တွေနဲ့မိဘတွေက အခြားသူတွေကို မိမိတို့ကိုယ်တိုင်အတွက် သင်ယူပြီး ဆောင်ရွက်စေတဲ့အခါ၊ သူတို့ဟာ ပွင့်လန်းဝေဆာပြီးရှင်သန်ကြပါတယ်။ သစ္စာရှိအသင်းသားတွေကို ဒုတိယအမှုဆောင်တာဝန်တစ်ခုပေးတာဟာ ပိုမိုလွယ်ကူတဲ့လမ်းကြောင်းဖြစ်နိုင်သော်လည်း၊ အကောင်းဆုံးနည်းလမ်းကတော့ အမှုဆောင်ဖို့အလားအလာမရှိတဲ့သူကို ဖိတ်ခေါ်ဖို့နဲ့ သူတို့ကိုယ်တိုင်သင်ယူပြီးတိုးတက်စေဖို့ပဲဖြစ်ပါတယ်။

ခရစ်တော်ဟာ ကိုယ်တိုင်ကိုယ်ကျဒီနေရာမှာရှိနေခဲ့ရင်၊ သူက ဖျားနာသူတွေဆီ အကြည့်အရှုသွားပါလိမ့်မယ်၊ တနင်္ဂနွေကျောင်းအတန်းကိုသင်ကြားပါလိမ့်မယ်၊ နှလုံးကြေကွဲနေတဲ့ အမျိုးသမီးငယ်နဲ့အတူထိုင်ပါလိမ့်မယ်၊ ပြီးတော့ ကလေးတွေကို ကောင်းချီးပေးပါလိမ့်မယ်။ ကိုယ်တော်က သူ့ရဲ့ကိုယ်ပိုင်အလုပ်ကိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုသင်ယူပြုမူစေတဲ့ ဒီအခြေခံမူအတိုင်း ကိုယ်တော်အသက်ရှင်ပါတယ်၊ ဒါကြောင့် သူက ကျွန်တော်တို့ကို သူရဲ့နေရာမှာစေလွှတ်ထားပါတယ်။

ဘုရားသခင်ရဲ့အမှုတော်မှာ ပါဝင်ခြင်းဖြင့် “သခင် [ယေရှုခရစ်တော်]ကို ကိုယ်စားပြုဖို့ အခွင့်အရေး၊ အခွင့်ထူးနှင့် တာဝန်ဝတ္တရား” လိုက်လာပါတယ်။ ကိုယ့်ကိုယ်ကိုမဟုတ်ဘဲ ခရစ်တော်ကိုမြှင့်တင်ဖို့ ကျွန်တော်တို့အစေခံတဲ့အခါ၊ ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းက ဝမ်းမြောက်ဖွယ်ဖြစ်လာပါတယ်။ အခြားသူတွေက ကျွန်တော်တို့ကို အောက်မေ့တာထက် ခရစ်တော်ကို သူတို့အောက်မေ့ရင်း၊ ကျွန်တော်တို့ရဲ့အတန်း၊ အစည်းအဝေး၊ အမှုတော်ဆောင်လည်ပတ်ခြင်း သို့မဟုတ် လှုပ်ရှားမှုက ထွက်ခွာတဲ့အခါ၊ အမှုတော်ဟာ အားတက်ဖွယ်ကောင်းပါတယ်။

ကယ်တင်ရှင်ကို ကိုယ်စားပြုဖို့ စိတ်ထက်သန်စွာရှာဖွေခြင်းမှာ၊ ကျွန်တော်တို့ ကိုယ်တော်ကဲ့သို့ပိုမိုဖြစ်လာပါမယ်။ ဒါဟာ ယေရှုကခရစ်တော်ဖြစ်ကြောင်းကို ကျွန်တော်တို့အယောက်တိုင်းဒူးထောက်၍ဝန်ခံတဲ့အခါ သန့်ရှင်းမြင့်မြတ်တဲ့အခိုက်အတန့်အတွက် အကောင်းဆုံးပြင်ဆင်ခြင်းဖြစ်ပါတယ်။ ကိုယ်တော်ဖြစ်ကြောင်းကျွန်တော်သက်သေပြုပါတယ်၊ “ဖြစ်လာမည့်အရာအတွက် … ပြင်ဆင်”ရန် ကျွန်တော်တို့ကို ကူညီဖို့ ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က “မြေကြီးစွန်းတိုင်အောင်ရောက်သော … အသံ” ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Lord Jesus Christ Will Come Again,” လီယာဟိုနာ နို၊ ၂၀၂၄၊ ၁၂၁။

  2. ရှု သြဝါဒနှင့်ပဋိညာဥ်များ ၄:၂-၄

  3. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ The Lord Jesus Christ Will Come Again, ” ၁၂၁။

  4. ဩဝါဒနှင့်ပဋိညာဉ်များ ၇၆:၅-၆

  5. ရှု ရှင်ယောဟန် ၁၀:၁၀

  6. သြဝါဒနှင့် ပဋိညာဥ်များ ၂၁:၉

  7. ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၁၉

  8. ရှု ကမ္ဘာဦးကျမ်း ၁

  9. ကယ်တင်ရှင်၏ငွေ​အ​ခွက်များအကြောင်းဥ​ပ​မာ​စ​ကား​မှာ၊ သခင်က ငယ်သားတစ်ဦးချင်းစီကို “အ​မှု​ငယ်”အပေါ် တာဝန် ပေးအပ်ပါသည်။ “များ​စွာ​သော အ​မှု​အ​ခွင့်အပေါ် ”သခင်များဖြစ်လာခြင်းအတွက် ငယ်သားတစ်ဦးချင်းစီ၏တိုးတက်မှုအပေါ် သခင်ကပိုမိုအာရုံစိုက်ခဲ့ပြီး သူ့ရဲ့ဥ​စ္စာ​တွေပြန်ရခြင်းကို စိုးရိမ်မှုနည်းခဲ့ပါသည်။ ကြောက်ရွံ့ပြီးအလုပ်လုပ်ဖို့ မလိုလားတဲ့ငယ်သားတစ်ဦးကို ပြစ်တင်ခဲ့ပြီး တိုးတက်မှုမရှိဘဲ ကျန်ရစ်ခဲ့ပါသည်။ (ရှု ရှင်မဿဲ ၂၅:၁၄-၂၈။)

  10. ရှု ရှင်လုကာ ၂၁:၁၉။ အသင်းလူကြီး ဒေးဗစ် အေ၊ ဘတ်ဒ်နာက “ဖြောင့်မတ်သောအမှုက ဝိညာဥ်ပကတိတိုးတက်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်” ဟု သွန်သင်ပါသည်၊ (“Things as They Really Are 2.0” [worldwide devotional for young adults, နို၊ ၃၊ ၂၀၂၄]၊ ဧဝံဂေလိစာကြည့်တိုက်)။

  11. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၀:၄

  12. ရှု မောဇိယ ၄:၂၄

  13. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “What We Are Learning and Will Never Forget,” လီယာဟိုနာ၊ မေ ၂၀၂၁၊ ၇၉၊ “ဘုရားသခင်က ကျွန်တော်တို့ အတူတကွအလုပ်လုပ်ပြီး အချင်းချင်းကူညီစေချင်ပါတယ်။ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို့ကို မိသားစုများနှင့်အတူ ကမ္ဘာမြေသို့ စေလွှတ်ပြီး ကျွန်တော်တို့ကို အသင်းတော်စုများနှင့် ပန္နက်များအဖြစ် ဖွဲ့စည်းပေးပါတယ်။ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို့ကို အစေခံပြီး အချင်းချင်းအမှုတော်ဆောင်ဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ တစ်ယောက်တည်း လုပ်နိုင်တာထက် အတူတကွ ပိုမိုများပြားသောအရာများကို ပြီးမြောက်နိုင်ပါတယ်။ ကိုယ်တော်ရဲ့သားသမီးတွေက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေကြရင် ဘုရားသခင်ရဲ့ ပျော်ရွှင်ခြင်းအစီအစဉ်ကို ပျက်ပြားစေပါလိမ့်မယ်။”

  14. ဂလာတိ ၆:၂၊ လည်းရှု မောဇိယ ၁၈:၈-၉

  15. ဥက္ကဋ္ဌ ဟင်နရီ ဘီ၊ အိုင်းရင်း သွန်သင်ခဲ့ပါတယ်၊ “အစေခံရန်ခေါ်သွင်းခံရခြင်းက ကျွန်တော်တို့အစေခံနေတဲ့သခင်ကို ချစ်လာစေတဲ့ အမှုတော်ဆောင်တာဝန်တစ်ခုဖြစ်ပါတယ်။ ၎င်းက ကျွန်တော်တို့ရဲ့ သဘာဝဗီဇတွေကို ပြောင်းလဲဖို့အတွက် ခေါ်ဆိုခြင်းတစ်ခုဖြစ်ပါတယ်။” (“As a Child,” လီယာဟိုနာ၊ မေ ၂၀၀၆၊ ၁၇)။

  16. ရှု ဟင်နရီ ဘီ၊ အိုင်းရင်း၊ “Should a Latter-day Saint Sell a Product When Its Use Violates the Word of Wisdom?,” အန်ဇိုင်း၊ ဧပြီ၊ ၁၉၇၇၊ ၃၀။

  17. မောဇိယ ၁၈:၂၆၊ လည်းရှု မောဇိယ ၂၇:၅

  18. ရှု ၂ နီဖိုင်း ၃:၁၃၊ ၂၄

  19. ယာကုပ် ၄:၇

  20. ရှု ဟေရှာယ ၄၀:၂၉-၃၁၂ ကောရိန္သု ၁၂:၉

  21. ရှု ရှင်မဿဲ ၁၄:၁၅-၂၁။ များပြားတဲ့လူအစုအဝေးကိုကျွေးမွေးဖို့ ဝေငှခဲ့တဲ့ မုန့်​ငါး​လုံး​နဲ့ ငါး​နှစ်​ကောင်​က နည်းပါးပေမယ့်၊ ကယ်တင်ရှင်က အဲဒီဆပ်ကပ်ခြင်းကို ကျေးဇူးတင်စွာ လက်ခံခဲ့ပြီး လိုအပ်တာထက်တောင် ပိုမိုများပြားစေခဲ့ပါသည်။ ဒီအံ့ဖွယ်အမှုရဲ့ ကြီးမြတ်တဲ့သင်ခန်းစာတွေထဲမှတစ်ခုက ကျွန်တော်တို့ကို ကယ်တင်ရှင်ပေးကမ်းတဲ့အရာက လုံလောက်တာထက်အမြဲပိုကြောင်းဖြစ်ပါသည်။

  22. စွန့်လွှတ်ခြင်းဆိုတဲ့စကားလုံးရဲ့ လက်တင်ဘာသာစကား အရင်းခံက sacer သန့်ရှင်းမွန်မြတ်သော သို့မဟုတ် သန့်ရှင်းသောလို့ အဓိပ္ပာယ်ရပြီး facere ပြုလုပ်ရန်လို့ အဓိပ္ပာယ်ရပါသည်။ ဘုရားသခင်အတွက် ကျွန်တော်တို့စွန်လွှတ်သောအခါ၊ ကိုယ်တော်က ကျွန်တော်တို့ကို သန့်ရှင်းစေပါသည် (ရှု ဟေလမန် ၃:၃၅ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၂:၅၀)။

  23. ၃ နီဖိုင်း ၂၇:၁၄

  24. ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၅:၆၁၆:၆၊ ၁၈:၁၀–၁၆

  25. ရှု မော်ရော်နိုင်း ၇:၂အထွေထွေလက်စွဲစာအုပ်-ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်တွင်အမှုတော်ဆောင်ခြင်း၄၊၁၊ ဧဝံဂေလိစာကြည့်တိုက်။

  26. ရှု “ဆက်၍သာကြိုးစား၊” ဓမ္မသီချင်းများ၊ နံပါတ်၊ ၂၄၃။

  27. ကိုယ်တွေ့အတွေ့အကြုံနှင့်ဆက်စပ်မှု၊ ဇန်၊ ၄၊ ၂၀၂၅၊ အမည်ပြောင်းလဲခဲ့သည်။

  28. ရှု ရှင်မဿဲ ၁၀:၅–၈ရှင်လုကာ ၁၀:၁–၉အထွေထွေလက်စွဲစာအုပ်၄၊၃၊၆

  29. ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၇:၉၉၊ အထူးအလေးပေးထည့်သွင်းထားသည်၊ အသင်းလူကြီး ဒေးဗစ် အေ၊ ဘတ်ဒ်နာနှင့် စကားစမြည်ပြောစဉ်၊ ဒီ၊ ၂၀၂၄။

  30. ရှု ဂျိုးဇက်စမစ်—သမိုင်း ၁:၂၀။ ကျွန်တော်တို့ရဲ့လူငယ်တွေက အသင်းတော်ရှိ အနာဂတ်ခေါင်းဆောင်တွေသာ ဖြစ်ကြတာမဟုတ်ပါဘူး။ သူတို့က အခု ထိရောက်တဲ့နည်းလမ်းတွေမှာ ဦးဆောင်နိုင်ပါတယ်။ ၂၀၁၉မှ ၂၀၂၂အထိ အီလီနွိုက် ချီကာဂို သာသနာမှာ ယေရှုခရစ်တော်ရဲ့ အထူးချွန်ဆုံးတပည့်တော် ၇၄၄ယောက်နဲ့အတူ အမှုတော်ဆောင်ရင်း ဒီအမှန်တရားကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း၊ ဒီငယ်ရွယ်ပေမယ့်အစွမ်းထက်တဲ့ ခရစ်တော်ရဲ့တပည့်တော်တွေဟာ ထူးခြားပြီးဆန်းသစ်တဲ့နည်းတွေနဲ့ ဘုရားသခင်ရဲ့အမှုတော်ကို လုပ်ဆောင်ရာမှာ အရင်ကထက် ပိုမိုကြီးမားတဲ့အရာတွေကို အောင်မြင်ခဲ့ကြပါတယ်။

  31. ရှု ၂ နီဖိုင်း ၂၇:၂၀-၂၁

  32. ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)၊ ၃။

  33. ယာကုတ် ၁:၁၇၊ ၁၉တွင်၊ ယာကုပ်၏အမှုတော်သည် ကိုယ်တော်၏အမှုတော်ဖြစ်ခဲ့ပါသည်။ သူ့အတွက်သူ့ရဲ့​အမှုအရာကို တိုးမြှင့်​ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ ကိုယ်တော်ရှင်​အတွက်သာဖြစ်ပါသည်၊ ဒါကြောင့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို သွန်သင်ပေးနိုင်ခဲ့ပြီး နောက်ဆုံးသော​နေ့မှာ အပြစ်​ကင်းစင်လျက် တွေ့ခဲ့ရပါသည်​။

  34. ၃နီဖိုင်း ၂၇း၂၇တွင်ကြည့်ပါ။

  35. ဩဝါဒနှင့် ပဋိညာဉ်များ ၁:၁၁-၁၂