ပဋိညာဥ်ပြုလုပ်စောင့်ထိန်း၍တပည့်တော်ဖြစ်ခြင်းမှ ဝမ်းမြောက်ခြင်း
ကျွန်တော်တို့ဟာ ပဋိညာဥ်တပည့်တော်များကဲ့သို့ပြုမူရန် ကိုယ့်ကိုယ်ကိုနှစ်မြှုပ်ကြတာနဲ့အမျှ၊ ကျွန်တော်တို့နဲ့ ခမည်းတော်နဲ့ သားတော်တို့ရဲ့ ဆက်ဆံရေးကကြွယ်ဝလာပါတယ်၊ ဝမ်းမြောက်ခြင်းကတိုးမြှင့်လာပြီး၊ ကျွန်တော်တို့ရဲ့ထာဝရရှုထောင့်ကမြင်ခြင်းဟာ ကျယ်ပြောလာပါတယ်။
၂၀၂၃ခုနှစ်ရဲ့ တစ်ရက်မှာ၊ မြောက်ပိုင်းမွန်ဂိုလီးယားရဲ့ ဒါခန်မြို့က အူရမ်ဂါ အာတန်ဆုခ်ဟာ သူမရဲ့အလုပ်မှာရှိနေတုန်း မွန်ဂိုလီးယားလူမျိုးသာသနာဥက္ကဋ္ဌက သူမရဲ့အလုပ်ထဲကို ဝင်လာခဲ့ပါတယ်။ သူမရဲ့စကားများအရ၊
“ကျွန်မသူ့ကိုတွေ့လိုက်ပြီး သူ့ရဲ့မျက်နှာသွင်ပြင်မှာ တောက်ပတဲ့အလင်းတစ်ခု ရှိနေတယ်လို့ ထင်ခဲ့မိပါတယ်။ သူက အလွန်ကြင်နာတတ်ပြီးတော့ သူ့နားမှာရှိတဲ့သူတွေအတွက် ပျော်စရာကောင်းပါတယ်၊ ပြီးတော့ ကျွန်မနွေးထွေးမှုခံစားခဲ့ရပါတယ်။ သူ မပြန်ခင်၊ ကျွန်မသူ့ကို မေးခွန်းအချို့မေးခဲ့ပါတယ်။ နောက်ရက်အနည်းငယ်ကြာတော့၊ သူကျွန်မအလုပ်ကို ထပ်လာခဲ့ပြီး သူ့ရဲ့ဘုရားကျောင်းကို ကျွန်မတက်နိုင်မလားလို့ မေးခဲ့ပါတယ်။ အဲဒါက အကူအညီပေးလိမ့်မယ်လို့ ကျွန်မထင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းက စိတ်ဖိစီးမှုနဲ့ မှောင်မိုက်မှုတွေနဲ့ ပြည့်နှက်နေပုံရတာကြောင့်၊ ကျွန်မရဲ့ ကလေးတွေရဲ့အနာဂတ်အတွက် ကျွန်မစိတ်ပူခဲ့ပါတယ်။ ကျွန်မရဲ့ကလေးတွေကို ဒီပုဂ္ဂိုလ်လိုပဲ သူတို့ရဲ့မျက်နှာသွင်ပြင်မှာ အလင်းရှိပြီး၊ သူတို့အနားမှာရှိတဲ့တခြားသူတွေကို ဝမ်းမြောက်ခြင်းတွေ ဖြန့်ဝေစေချင်ခဲ့ပါတယ်။
“တစ်နေ့မှာ သာသနာပြုတွေက ကျွန်မတို့ကို ဆယ်ဖို့တစ်ဖို့ဥပဒေကို သင်ပေးခဲ့ပါတယ်။ ကျွန်မကလေးတွေက စိတ်လှုပ်ရှားမှုနဲ့ပြောကြပါတယ်၊ ‘ကျွန်တော်တို့ ဆယ်ဖို့တစ်ဖို့ပေးရမယ်၊ အမေ။’ ကျွန်မကလေးတွေရဲ့ ယုံကြည်ခြင်းကို အဲဒီတဒင်္ဂမှာ ကျွန်မမြင်ခဲ့ရပါတယ်။ ကျွန်မအသင်းတော်မှာ မပါဝင်ခင်မှာ၊ အထွေထွေညီလာခံကြည့်ပြီး ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ဟောပြောတာကို နားထောင်ခဲ့ပါတယ်။ သူက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဗိမာန်တော်အသစ်တွေကြေညာပြီး အူလန်ဘန်တာမြို့၊ မွန်ဂိုလီးယားနိုင်ငံမှာ ဗိမာန်တော်အသစ် တည်ဆောက်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မဝမ်းမြောက်စွာနဲ့ မျက်ရည်တွေကျခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတာတော့ နားမလည်ခဲ့ပါဘူး။ ဒီဝမ်းမြောက်မှုနဲ့၊ ကျွန်မရဲ့ ယုံကြည်ချက်နဲ့ သက်သေခံချက်က တိုးတက်နေတယ်ဆိုတာ ကျွန်မပြောနိုင်ခဲ့ပါတယ်။”
သန်းပေါင်းများစွာသောတခြားလူတွေလို၊ အူရမ်ဂါက၊ ယေရှုခရစ်တော်ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရာမှာ ဣသရေလလူမျိုး၏ ကြီးစွာသောစုဝေးခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပဋိညာဥ်လမ်းကြောင်းအတိုင်း သူမရဲ့ခရီးစဥ်ကိုစတင်ခဲ့ပြီး ခရစ်တော်ရဲ့ တပည့်တော်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ခရစ်တော်ရဲ့ တပည့်တော်တစ်ဦးဖြစ်ခြင်းက ဘာကိုဆိုလိုပါသလဲခင်ဗျာ။ တပည့်တော်အတွက် ဂျပန်စကားလုံးကို ကျွန်တော်နှစ်သက်ပါတယ်၊— ဒါရှီ— ဒါ အဓိပ္ပာယ်က ညီ/မောင် ဖြစ်ပြီးတော့၊ ရှီ အဓိပ္ပာယ်က ကလေးဖြစ်ပါတယ်။
ယေရှုခရစ်တော်က ကြေညာတော်မူခဲ့ပါတယ်၊ “ငါသည် ရှေးဦးစွာ၌ ခမည်းတော်နှင့် အတူရှိတော်မူ၏၊ သားဦးလည်းဖြစ်တော်မူ၏။” ကိုယ်တော်သည်မည်သူဖြစ်ပြီး သူပြုလုပ်ခဲ့သောအရာကြောင့်၊ ကျွန်တော်တို့ သူ့ကို ဝတ်ပြုကြ၊ ကြည်ညိုကြ၊ သူ့အား ချီးမွမ်းထောပနာပြုကြပြီး၊ သူ့နောက်လိုက်လျှောက်ကြပါတယ်။ ခရစ်တော်က ကျွန်တော်တို့ကို ရွေးနုတ်တော်မူခဲ့ပါတယ်၊ သူ့ရဲ့ အတိုင်းမသိသော အပြစ်ဖြေခြင်းယဇ်အတွက် ကျွန်တော်တို့ထာဝရ ကျေးဇူးတော်ချီးမွမ်းပါတယ်။
ကျွန်တော်တို့မှာ ကျွန်တော်တို့ကို သူ့ရဲ့သားသမီးတွေလိုချစ်တဲ့ ကောင်းကင်ဘုံရှင်အဘရှိပါတယ်။ ကျွန်တော်တို့အတွက် သူ့ရဲ့ချစ်ခြင်းက ပြည့်စုံပါတယ်။ ယေရှုခရစ်တော်နဲ့ ကိုယ်တော့်ရဲ့ သာသနာက ကျွန်တော်တို့အတွက်ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပုံဖော်ပါတယ်။ ရှင်ယောဟန် ရေးခဲ့သလိုပါပဲ၊ “အကြောင်းမူကား၊ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။”
ကျွန်တော်တို့မသိတဲ့အရာတွေကို နားလည်ဖို့စူးစမ်းရာမှာ၊ တစ်ခါတစ်ရံ ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သေခြင်းရှိရာ အတွေ့အကြုံတွေ၊ သို့မဟုတ် ကျွန်တော်တို့ သိတဲ့ အရာတွေကို အမှီပြုနိုင်ကြပါတယ်။ ဥပမာ၊ အဘခမည်းတော်ရဲ့အကြောင်းအနည်းငယ်ကို ကျွန်တော်တို့ကိုယ်တိုင်မိဘဘဝကနေ သို့မဟုတ် သေခြင်းရှိရာ မိသားစုဆက်ဆံရေးတွေကနေ သင်ယူနိုင်ကြပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘကို နားလည်ဖို့ကြိုးပမ်းရာမှာ ဒီနှိုင်းယှဥ်ခြင်းတွေကို အစွန်းရောက်အသုံးပြုခြင်းကို ဂရုစိုက်သင့်ပါတယ်။ အဘခမည်းတော်ရဲ့ ပင်ကိုအရည်အချင်းတွေက အပြစ်ကြောင့်လဲကျသောလူသားတစ်ယောက်ရဲ့ မည်သည့်မစုံလင်မှုပင်ကိုအရည်အချင်းတွေထက်မဆို ကျော်လွန်ပါတယ်။ အဘခမည်းတော်က ပြီးပြည့်စုံတဲ့အဘဖြစ်ပါတယ်။ ကိုယ်တော်ကပြီးပြည့်စုံစွာ ချစ်သော၊ ကြင်နာသော၊ စိတ်ရှည်သော၊ နားလည်ပြီး ပြီးပြည့်စုံစွာ အသရေတင့်သောသူဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကိုအလုံးစုံယုံကြည်နိုင်ပါတယ်။ ခရစ်တော်ရဲ့ ချစ်ခြင်းက အဘခမည်းတော်ရဲ့ချစ်ခြင်းကို ထင်ဟပ်ပြီး၊ ၎င်းကထိုချစ်ခြင်းကိုကိုယ်စားပြုပါတယ်။
ယေရှုခရစ်တော်က ပုံသက်သေနှင့် နည်းလမ်းနှစ်မျိုးစလုံးဖြစ်ပါတယ်။ ခရစ်တော်၌၊ ခမည်းတော်ရဲ့ပြီးပြည့်စုံတဲ့ပင်ကိုအရည်အသွေးတွေနဲ့ သူရဲ့အစီအစဥ်ကို ကျွန်တော်တို့ပိုနားလည်လာနိုင်ပါတယ်။ ခရစ်တော်အားဖြင့်၊ ဇာတိပကတိအမျိုးသားများနဲ့ အမျိုးသမီးများရဲ့ ယိမ်းယိုင်မှုတွေကို ကျော်လွှားနိုင်ဖို့ စွမ်းဆောင်ပေးနိုင်တဲ့ တန်ခိုးတော်ကို ကျွန်တော်တို့ကိုပေးထားပါတယ်၊ ထို့မှသာ ကျွန်တော်တို့ ခမည်းတော်ကဲ့သို့ပိုမိုဖြစ်လာနိုင်မှာပါ။
ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘလိုပဲ၊ ယေရှုခရစ်တော်က အလုံးစုံကရုဏာတော်ပြည့်ဝပြီး တရားမျှတပါတယ်။ တရားမျှတမှုနဲ့ ကရုဏာတော်ရဲ့ ဒီမြင့်မြတ်တဲ့အရည်အသွေးတွေက တစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်မနေပါဘူး။ ၎င်းတို့က တစ်ခုကိုတစ်ခု ဖြည့်စွက်ပေးပါတယ်။ တရားမျှတမှုနဲ့ ကရုဏာတော်နှစ်ခုစလုံးက ဘုရားသခင်ရဲ့ သူ့သားသမီးတွေအပေါ်ထားတဲ့ ပြည့်စုံတဲ့ချစ်ခြင်းကို ပုံဆောင်ပါတယ်။ အဘခမည်းတော်နဲ့ ယေရှုခရစ်တော်က ကျွန်တော်တို့အားလုံးအပေါ် တရားမျှတပြီး ဘက်မလိုက်တာကြောင့် ကျွန်တော်တို့ သူတို့ကို ယုံကြည်နိုင်ပါတယ်။
အဘခမည်းတော်နဲ့ သူ့သားတော်၊ ယေရှုခရစ်တော်က ရည်ရွယ်ချက်နဲ့ ချစ်ခြင်းမှာ အပြည့်အဝတသားတည်းကျပါတယ်။ ဘုရားသခင်နဲ့ ယေရှုခရစ်တော်က ကျွန်တော်တို့ကိုချစ်တာကြောင့်၊ ကျွန်တော်တို့ကို စစ်မှန်သောတပည့်တော်တွေအနေနဲ့ သူတို့နဲ့ ပဋိညာဥ်တွေပြုလုပ်ဖို့ အခွင့်အရေးနဲ့အခွင့်ထူးတွေ ပေးထားပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့်၊ ခရစ်တော်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတိုးပွားလာပါတယ်၊ “ယခုမူကား၊ သင်တို့ပြုထားလေသောပဋိညာဉ်ကြောင့်၊ သင်တို့သည် ခရစ်တော်၏သားသမီးများ၊ သူ၏သားများနှင့် သူ၏သမီးများဟု အခေါ်ခံရလိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ဤနေ့၌၊ သင်တို့ကို ဝိညာဉ်ပကတိအားဖြင့်၊ ဖွားစေတော်မူပြီ။ သူ၏နာမတော်၌ ယုံကြည်ခြင်းအားဖြင့်၊ သင်တို့၏စိတ်နှလုံးပြောင်းလဲကြပြီဟု သင်တို့ဆိုကြ၏။ ထို့ကြောင့်၊ သင်တို့ကို သူ့အားဖြင့်၊ ဖြစ်ဖွားစေ၍၊ သူ၏သားများနှင့် သူ၏သမီးများ ဖြစ်လာကြလေပြီ။”
တပည့်တော်တွေအနေနဲ့၊ ကျွန်တော်တို့က သန့်ရှင်းမွန်မြတ်တဲ့ပဋိညာဥ်တွေ ပြုလုပ်ပြီးစောင့်ထိန်းကြတဲ့အခါ ဝိညာဥ်ရေးရာတန်ခိုးတော်နဲ့ ကောင်းချီးပေးခြင်းခံရပါတယ်။ ကျွန်တော်တို့က ခရစ်တော်နဲ့အဘခမည်းတော်ကို ထူးခြားတဲ့ဆက်ဆံရေးတစ်ခုမှာ ဆက်သွယ်နိုင်ပြီး၊ ပဋိညာဥ်တွေပြုလုပ်ပြီးစောင့်ထိန်းကြတဲ့သူတွေအတွက် သီးသန့်ထားတဲ့ပမာဏတစ်ခုမှာ သူတို့ရဲ့ချစ်ခြင်းနဲ့ဝမ်းမြောက်ခြင်းကို ခံစားနိုင်ကြပါတယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းရဲ့ ပမာဏအပြည့်အစုံကိုခံစားဖို့ သို့မဟုတ် ကိုယ်တော်၏မေတ္တာ၌ဆက်လက်တည်နေဖို့ ကျွန်တော်တို့ရဲ့ စွမ်းရည်က၊ ကျွန်တော်တို့ရဲ့ ဖြောင့်မတ်တဲ့စိတ်ဆန္ဒတွေနဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပါတယ်။
ရှင်ယောဟန်၊ အခန်းကြီး ၁၅၊ အခန်းငယ် ၉မှာ၊ “ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏” လို့ ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ကို “ငါ၏မေတ္တာ၌တည်နေကြလော့” ဟု ဖိတ်ခေါ်ချက်တစ်ခုပေးပါတယ်။
နောက်အခန်းငယ်မှာ၊ ကျွန်တော်တို့ကို ကိုယ်တော့်ရဲ့မေတ္တာ၌တည်နေနိုင်ရန် နည်းလမ်းကို ပေးထားပါတယ်၊ “ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍၊ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။”
အဲဒီနောက် အခန်းငယ် ၁၁ မှာ ပညတ်တော်တွေကိုစောင့်ထိန်းရခြင်းရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့တွေ့ရပါတယ်၊ “သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာ၎င်း၊ သင်တို့ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။”
စစ်မှန်တဲ့ ပဋိညာဥ်တပည့်တော်ဖြစ်ခြင်းအားဖြင့်၊ ဘုရားသခင်ရဲ့သဘောသဘာဝနဲ့ သူ့ရဲ့သားသမီးတွေအားလုံးကို သူခံစားစေချင်တဲ့ ဝမ်းမြောက်ခြင်းကို ကျွန်တော်တို့ပိုမိုနားလည်ဖို့ စတင်နိုင်ပါတယ်။ အစပိုင်းမှာရှုပ်ထွေးပုံပေါ်တဲ့ အချို့အခြေခံသဘောတရားတွေကိုလည်း ကျွန်တော်တို့ နားလည်စပြုလာနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင်ရဲ့တချို့သားသမီးတွေ ဒုက္ခအများကြီးခံစားရချိန်မှာ ကိုယ်တော့်မှာ ဝမ်းမြောက်ခြင်းအပြည့်အစုံ ဘယ်လိုရှိနိုင်ပါသလဲ။ အဖြေက ဘုရားသခင်ရဲ့ ပြည့်စုံတဲ့ရှုထောင့်နဲ့ သူ့ရဲ့ ပြည့်စုံတဲ့အစီအစဥ်ပေါ်မှာ တည်ရှိပါတယ်။ သူက ကျွန်တော်တို့ကို အစမှစပြီး ကျွန်တော်တို့ရဲ့ ဘုန်းကျက်သရေရှိတဲ့ အလားအလာရှိသောအနာဂတ်အထိ မြင်ပါတယ်။ သူက သူ့ရဲ့သားတော်၊ ယေရှုခရစ်တော်အားဖြင့်၊ သူ့ရဲ့သားသမီး၊ ကျွန်တော်တို့အားလုံးအတွက်၊ သေခြင်းရှိရာက နာကျင်မူတွေ၊ ဒုက္ခဝေဒနာ၊ အပြစ်တွေ၊ အပြစ်ရှိသလိုခံစားရခြင်းနဲ့၊ အထီးကျန်ခြင်းတွေကို ကျော်လွှားဖို့ နည်းလမ်းတစ်ခုပေးခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့အတွက် နည်းလမ်းနဲ့ရွေးချယ်ခြင်းကိုပေးခဲ့ပါတယ်။
တပည့်တော်ဖြစ်ခြင်းမှဝမ်းမြောက်ခြင်းကို ခံစားခဲ့ကြရတဲ့သူတွေရဲ့ ဥပမာတွေက ကျွန်တော်တို့ ဒီအယူအဆကို ပိုနားလည်နိုင်အောင်ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မပျော်ရွှင်ဆုံးကလေးလောက်သာ ကျွန်တော်တို့ပျော်ရွှင်ကြတယ်ဆိုတဲ့စကားစုကို သင်ကြားဖူးရင်ကြားဖူးမှာပါ။ ဒီလိုဖြစ်စရာမလိုဘူးဆိုတာကို ကျွန်တော်မြင်တွေ့ခဲ့ပါတယ်။ အသက်၉၄နှစ်အရွယ် ကျွန်တော့်အမေမှာ သက်ရှိသားမြေးစဥ်ဆက် ၂၀၀ကျော်ရှိပါတယ်။ တစ်ချိန်ချိန်မှာ၊ အယောက်၂၀၀ထဲက အနည်းဆုံးတစ်ယောက်ကတော့ မပျော်ရွှင်နိုင်ပါဘူး။ ဒီဖော်ပြချက်ကသာ မှန်မယ်ဆိုရင်၊ ကျွန်တော့်အမေက မပျော်ရွှင်နိုင်တဲ့နေရာမှာ အမြဲမပြတ်ရှိနေမှာပါ၊ ဒါပေမယ့်သူမ ရှိမနေပါဘူး။ သူမကိုသိတဲ့သူတွေက သူမဘယ်လောက် ရွှင်ပျတယ်ဆိုတာကို သိကြပါတယ်။
ကျွန်တော်အခု နောက်ထပ်အတွေ့အကြုံတစ်ခုကို ဝေမျှချင်ပါတယ်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဒက်ဗီက ဥက္ကဋ္ဌနယ်လ်ဆင်ရဲ့ ရုံးခန်းထဲကိုလာဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။ သူက သူ့ရဲ့ခုံကိုကျွန်တော်တို့အနီးမှာနေရာချပြီး၊ ကျွန်တော်တို့ ဒူးချင်းတိုက်နေသလို ထိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့လက်ရှိအမှုတော်ဆောင်တာဝန်ကို ကမ်းလှမ်းပြီးနောက်၊ ဥက္ကဋ္ဌနယ်လ်ဆင်က ဒက်ဗီဘက်ကိုလှည့်ပြီး သူမအပေါ်အာရုံစိုက်ပါတယ်။ သူက ကြင်နာ၊ ချစ်ခင်၊ နူးညံ့ပြီး၊ ဝမ်းမြောက်မှုနဲ့ပြည့်နေခဲ့ပါတယ်၊ ပြည့်စုံတဲ့ဖခင် သို့မဟုတ် အဖိုးလိုပါပဲ။ ဒက်ဗီရဲ့လက်ကိုသူကိုင်ပြီး ဖွဖွလေးပုတ်လိုက်ပါတယ်၊ အဆင်ပြေပြီး ကျွန်တော်တို့ မိသားစုကောင်းချီးခံစားရမှာဖြစ်ကြောင်း သူမကိုအားပေးပါတယ်။ အဲ့အချိန်မှာ ကျွန်တော်တို့ကသူ့အတွက် အရေးအကြီးဆုံးလူတွေဖြစ်ပြီးတော့ ကျွန်တော်တို့အတွက် ကမ္ဘာပေါ်မှာရှိတဲ့အချိန်တွေအားလုံး သူ့မှာရှိပုံပေါ်ခဲ့ပါတယ်။ အဲဒီသောကြာနေ့နေ့လည်မှာ ကျွန်တော်တို့ စိတ်အေးပြီး၊ ချစ်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ခံစားကာ သူ့ရုံးခန်းကနေထွက်လာခဲ့ကြပါတယ်။
တနင်္လာနေ့မှာ ကျွန်တော်တို့ သတင်းမှာတွေ့လိုက်ပါတယ်။ ဥက္ကဋ္ဌနယ်လ်ဆင်က ကျွန်တော်တို့နဲ့အတူအချိန်ကုန်ခဲ့တဲ့ အဲ့နေ့မှာပဲ၊ သူ့ရဲ့သမီးတစ်ယောက်က ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်တော်တို့ အံ့အားသင့်ခဲ့ပါတယ်။ သူနဲ့သူ့မိသားစုအတွက် ဝမ်းနည်းကြေကွဲပြီး ကျွန်တော်တို့ရဲ့နှလုံးသားတွေ ပြည့်ကျပ်နေခဲ့ပါတယ်။ ဝေဒနာခံစားနေရတဲ့ သူ့သမီးအတွက် ဝမ်းနည်းကြေကွဲနေရချိန်မှာ၊ ကျွန်တော်တို့အပေါ်ထားတဲ့ ခရစ်တော်ကဲ့သို့ သူ့ရဲ့အာရုံစိုက်ခြင်းအတွက်လည်း ကျွန်တော်တို့နှလုံးသားမှာ ကျေးဇူးတင်မှုနဲ့ပြည့်နှက်နေခဲ့ပါတယ်။
ဒီအတွေ့အကြုံကို ဆင်ခြင်သုံးသပ်တဲ့အခါ၊ ကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်မေးပါတယ်၊ “ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာတောင် သူဘယ်လိုလုပ် အရမ်းကြင်နာ၊ ချစ်ခင်ပြီး ဝမ်းမြောက်မှုနဲ့တောင်နေနိုင်တာလဲ။” အဖြေကဘာကြောင့်လဲဆိုတော့ သူသိလို့ပါ။ ခရစ်တော်က အောင်နိုင်တော်မူခဲ့တယ်ဆိုတာ သူသိပါတယ်။ သူ့ရဲ့သမီးနဲ့ သူအတူပြန်ရှိမှာဖြစ်ပြီး သူမနဲ့ ထာဝရရှိနေနိုင်မယ်ဆိုတာသူသိပါတယ်။ ဝမ်းမြောက်ခြင်းနဲ့ ထာဝရရှုထောင့်ကမြင်ခြင်းက ပဋိညာဥ်တွေပြုလုပ်စောင့်ထိန်းပြီး ခရစ်တော်ကဲ့သို့တပည့်တော်ဖြစ်ခြင်းအားဖြင့် ကယ်တင်ရှင်နဲ့ပေါင်းစပ်ခြင်းမှလာပါတယ်။
ဥက္ကဋ္ဌနယ်လ်ဆင်က သွန်သင်ခဲ့ပါတယ်၊ “ကယ်တင်ရှင်ဟာ ‘အဘယ်သူမျှကြံ၍ မမှီနိုင်သော’[ဖိလိပ္ပိသြဝါဒစာ ၄:၇] ငြိမ်သက်ခြင်းကို ပေးသကဲ့သို့ပင်၊ ကိုယ်တော်ဟာ လူသားရဲ့ယုတ္တိဗေဒ သို့မဟုတ် သေခြင်းသဘောနားလည်မှုကို ဆန့်ကျင်တဲ့ ပြင်းထန်မှု၊ နက်နဲမှုနှင့် များပြားတဲ့ ဝမ်းမြောက်မှုကိုလည်း ပေးတော်မူပါတယ်။ ဥပမာအားဖြင့်၊ သင့်ကလေးက ကုသမရနိုင်တဲ့ရောဂါခံစားရတဲ့အခါ ဒါမှမဟုတ် သင်အလုပ်ပြုတ်သွားတဲ့အခါ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်က သင့်ကိုသစ္စာဖောက်တဲ့အခါ ဝမ်းမြောက်မှုခံစားဖို့ ဖြစ်နိုင်ပုံမပေါ်တော့ပါဘူး။ ဒါပေမဲ့ အဲဒါဟာ ကယ်တင်ရှင်ကမ်းလှမ်းတဲ့ ဝမ်းမြောက်မှုဖြစ်တယ်ဆိုတာ ဧကန်အမှန်ဖြစ်ပါတယ်။”
ကျွန်တော်တို့ ပဋိညာဥ်တွေပြုလုပ်စောင့်ထိန်းကြတာနဲ့အမျှ၊ အလိုအလျှောက် အပြင်ဘက်ကိုလှည့်ပြီး ကျွန်တော်တို့ပဋိညာဥ်ဆိုင်ရာဆက်ဆံရေးတွေမှာ ခံစားရတဲ့ ဝမ်းမြောက်ခြင်းနဲ့ ချစ်ခြင်းပမာဏကို တခြားသူတွေခံစားရအောင်ကူညီပေးချင်တဲ့ ဆန္ဒရှိလာပါလိမ့်မယ်။ ကျွန်တော်တို့က ယနေ့ကမ္ဘာမြေပေါ်မှာ အကြီးမြတ်ဆုံးအမှုဖြစ်တဲ့၊ ဣသရေလစုဝေးခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ဘုရားသခင်ရဲ့သားသမီးတွေကို ခရစ်တော်ထံသို့ခေါ်ဆောင်ဖို့ ကူညီနိုင်ပါတယ်။ ပရောဖက်ယာကုပ်သွန်သင်ခဲ့သလိုပါပဲ၊ “သင်တို့သည်လည်း မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငါ့ဥယျာဉ်ထဲ၌ ငါနှင့်အတူ အလုပ်လုပ်ကြရာတွင် လုံ့လဝီရိယရှိ၍ ငါ၏မိန့်မှာချက်တို့ကို စောင့်ထိန်းလျက်၊ ငါ့အတွက် ပကတိအသီးကို တစ်ဖန်သီးစေ၍၊ … ငါ့ဥယျာဉ်မှ အသီးကြောင့်၊ သင်တို့သည် ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။”
ကျွန်တော်တို့ဟာ ပဋိညာဥ်တပည့်တော်များကဲ့သို့ပြုမူရန် ကိုယ့်ကိုယ်ကိုနှစ်မြှုပ်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်စွမ်းက ဘယ်အဆင့်မှာပဲရှိရှိ၊ ကျွန်တော်တို့နဲ့ ခမည်းတော်၊ သားတော်တို့ရဲ့ ဆက်ဆံရေးကကြွယ်ဝပါတယ်၊ ဝမ်းမြောက်ခြင်းကတိုးမြှင့်လာပြီး၊ ကျွန်တော်တို့ရဲ့ထာဝရရှုထောင့်ကမြင်ခြင်းဟာ ကျယ်ပြောလာပါတယ်။ အဲဒီနောက် ကျွန်တော်တို့ဟာ တန်ခိုးတော်နဲ့အပ်နှင်းခြင်းကိုခံရပြီး ဘုရားသခင်ရဲ့စစ်မှန်တဲ့ပဋိညာဥ်တပည့်တော်များအတွက် သီးသန့်ထားတဲ့ပမာဏတစ်ခုမှာ ဝမ်းမြောက်မှုကိုခံစားနိုင်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။