ဘုရားသခင်၏ မျက်မှောက်တော်၌ စိတ်ချယုံကြည်မှု
ကျွန်တော်တို့ရဲ့အသက်တာတွေမှာ မေတ္တာနဲ့ ကိုယ်ကျင့်သီလ ပြည့်နေစေဖို့ လုံ့လဝီရိယထက်သန်စွာ ကျွန်တော်တို့ကြိုးစားကြတာနဲ့အမျှ၊ ဘုရားသခင်ထံချဉ်းကပ်ရာမှာ ကျွန်တော်တို့ရဲ့စိတ်ချယုံကြည်မှုဟာ တိုးလာပါလိမ့်မယ်။
ချစ်လှစွာသောညီအစ်ကိုမောင်နှမများခင်ဗျာ၊ အခုလိုအရေးကြီးတဲ့ အထွေထွေညီလာခံမှာ ဒီနေ့ သင်တို့ကို ဟောပြောခွင့်ရတဲ့အတွက် ကျွန်တော်ကျေးဇူးတင်မိပါတယ်။ ကျွန်တော့်ရဲ့မျက်လုံးတွေ အိုမင်းလာနေပါပြီ။ ကျွန်တော်ရဲ့သတင်းစကားကို ဟောပြောနေစဉ်တစ်လျှောက် စာနာပြီးနားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ဟာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အရှိန်အဟုန်ပြင်းတဲ့နေ့ရက်မှာ ရှင်သန်နေကြပါတယ်။ နယ်ပယ်အတော်များများမှာ တိုးတက်မှုတွေကိုတွေ့ရလို့ ကျွန်တော်ရွှင်လန်းမှုနဲ့ပြည့်ရပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ရဲ့လူငယ်တွေက ကျွန်တော့်ကိုစိတ်အားထက်သန်စေပါတယ်။ သူတို့တွေက မြောက်မြားစွာသောအရေအတွက်နဲ့ အမှုတော်ထမ်းဆောင်ပေးနေကြပါတယ်။ သူတို့တွေဟာ သူတို့ဘိုးဘေးတွေကိုရှာဖွေနေကြပြီး ဗိမာန်တော်ထဲမှာ ဘိသိက်မင်္ဂလာတွေကို ဆောင်ရွက်ပေးနေကြပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ သာသနာပြုတာဝန်ထမ်းဆောင်ဖို့အတွက် စံချိန်တင်အရေအတွက်ဖြင့် လျှောက်လွှာတွေ တင်နေကြပါတယ်။ ဒီကြီးပြင်းလာတဲ့မျိုးဆက်ဟာ ယေရှုခရစ်တော်ရဲ့ ရဲရင့်တဲ့နောက်လိုက်တွေအဖြစ် ကြီးပြင်းလာနေ ကြပါတယ်။
မကြာသေးခင်က ကျွန်တော့်ရဲ့ မြစ်မလေးအသစ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမအသက်တာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျွန်တော်စဉ်းစားကြည့်တဲ့အခါ၊ ယေရှုခရစ်တော်၌ သူမရဲ့ယုံကြည်ခြင်းပျိုးထောင်ရာမှာ ကူညီပေးချင်တဲ့ဆန္ဒ ကျွန်တော့်မှာ ပြင်းပြလာပါတယ်။ သူမရဲ့အနာဂတ်ပျော်ရွှင်မှုအတွက် ကိုယ်တော်ရဲ့ဧဝံဂေလိတရားတော်မှာ အသက်ရှင်ခြင်းဟာ အမှန်လိုအပ်ပါတယ်။
သူမကလည်း၊ ကျွန်တော်တို့အယောက်စီတိုင်းလိုပဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးဟာ ဖျားနာမှု၊ စိတ်ပျက်မှု၊ သွေးဆောင်မှုနဲ့ ဆုံးၡုံးမှုတို့ကို ကြုံတွေ့ရပါလိမ့်မယ်။ ဒီစိန်ခေါ်ချက်တွေက မိမိကိုယ်ကို စိတ်ချယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ ဒါပေမဲ့၊ ယေရှုခရစ်တော်ရဲ့တပည့်တော်တွေမှာတော့ အခြားမတူတဲ့စိတ်ချယုံကြည်မှုတစ်မျိုးကို ရရှိနိုင်ကြပါတယ်။
ကျွန်တော်တို့ ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုလုပ်စောင့်ထိန်းတဲ့အခါ၊ ဝိညာဉ်တော်ဖြင့် မွေးဖွားလာတဲ့ စိတ်ချယုံကြည်မှုရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ချယုံကြည်မှုဟာ “ဘုရားသခင်၏ မျက်မှောက်တော်၌ အားကြီးလာ” နိုင်တယ်လို့ ပရောဖက်ဂျိုးဇက်စမစ်ကို ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါတယ်။ ဘုရားသခင်ရဲ့မျက်မှောက်တော်၌ စိတ်ချယုံကြည်မှုရှိခြင်းရဲ့ ကိုယ်စိတ်ချမ်းသာခြင်းကို စဉ်းစားကြည့်ပါ။
ဘုရားသခင်ရှေ့ မှောက်၌ စိတ်ချယုံကြည်မှုရှိခြင်းအကြောင်း ကျွန်တော်ပြောတဲ့အခါ၊ အခုအချိန် ဘုရားသခင်ဆီကို ချဉ်းကပ်ရာမှာ စိတ်ချယုံကြည်မှုရှိခြင်းကို ကျွန်တော်ရည်ညွှန်းနေတာဖြစ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့လိုအပ်ချက်တွေကို ကျွန်တော်တို့ထက်ပိုသိပြီး ကိုယ်တော်နားလည်ပြီး၊ ကျွန်တော်တို့ကိုနားညောင်းတော်မူတယ်ဆိုတဲ့ စိတ်ချယုံကြည်မှုနဲ့အတူ ဆုတောင်းခြင်းကို ရည်ညွှန်းနေတာဖြစ်ပါတယ်။ ကိုယ်တော်က ကောင်းကင်တမန်တော်တွေကို ကျွန်တော်တို့နဲ့၊ ကျွန်တော်တို့ချစ်ရတဲ့သူတွေနဲ့ အတူရှိဖို့ စေလွှတ်ထားပြီး၊ ကျွန်တော်တို့နားလည်နိုင်တာထက် ကိုယ်တော်က ကျွန်တော်တို့ကို ပိုပြီးချစ်တယ်ဆိုတဲ့ စိတ်ချယုံကြည်မှုရှိခြင်းကို ရည်ညွှန်းနေတာဖြစ်ပါတယ်။၃ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးစွမ်းဆောင်နိုင်စွမ်းကိုရောက်ရှိဖို့ တစ်ဦးချင်းစီတိုင်းကို ကိုယ်တော်ကူညီပေးလိုတယ်ဆိုတဲ့ စိတ်ချယုံကြည်မှုရှိခြင်းကို ရည်ညွှန်းနေတာဖြစ်ပါတယ်။
အခု၊ အဲလိုစိတ်ချယုံကြည်မှုမျိုးကို ကျွန်တော်တို့ ဘယ်လိုရရှိနိုင်ပါသလဲ။ ကိုယ်တော်ရှင်ဟာ အဲဒီမေးခွန်းကို ဒီနှုတ်ကပတ်တော်တွေနဲ့ ဖြေပေးခဲ့ပါတယ်၊ “သင်၏ ဝမ်းသည်လည်း … ခပ်သိမ်းသောလူတို့ဆီသို့၊ … မေတ္တာဖြင့် ပြည့်စေလော့၊ ကိုယ်ကျင့်သီလကိုလည်း သင်၏အတွေးများကို မရပ်မတန့် အလှဆင်စေလော့။ ထို့နောက်တွင်၊ သင်၏စိတ်ချယုံကြည်မှုသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အားကြီးလာလိမ့်မည်။”
အဲမှာ အဖြေရှိနေပါတယ်။ မေတ္တာနဲ့ ကိုယ်ကျင့်သီလဟာ ဘုရားသခင်ရှေ့မှောက်မှာ စိတ်ချယုံကြည်မှုရှိဖို့ လမ်းဖွင့်ပေးတယ်ဆိုတာကို ကိုယ်တော်ရှင်ရဲ့ကိုယ်ပိုင်နှုတ်ကပတ်တော်ထဲမှာ တွေ့ရပါတယ်။ ညီအကိုမောင်နှမများခင်ဗျာ၊ ဒါကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ချယုံကြည်မှုဟာ ဘုရားသခင့်မျက်မှောက်တော်မှာ အမှန်တကယ်ပဲ အခုချက်ချင်း၊ အားကြီးလာနိုင်ပါတယ်။
မေတ္တာနဲ့ ကိုယ်ကျင့်သီလဆိုတဲ့ အရာနှစ်ခုအကြောင်းကို စဉ်းစားကြည့်ကြရအောင်။
ပထမ၊ မေတ္တာ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက၊ ယေရှုခရစ်တော်ရဲ့ ပဋိညာဉ်ပြုလုပ်ထားတဲ့ နောက်လိုက်တွေအနေနဲ့၊ ရန်ငြိမ်းစေသူတွေဖြစ်စေဖို့ ကျွန်တော်မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ပြောခဲ့တာကို ပြန်ပြောပါမယ်၊ “ဒေါသက ဘယ်တော့မှ သွေးဆောင်နိုင်မှာမဟုတ်ပါဘူး။ ရန်လိုခြင်းက မည်သူ့ကိုမျှ မပျိုးထောင်ပေးပါဘူး။ အငြင်းပွားခြင်းက လှုံ့ဆော်ခံ ဖြေရှင်းနည်းတွေဆီ ဘယ်တော့မှ ဦးတည်မသွားပါဘူး။”
ခပ်သိမ်းသောလူတို့ဆီ မေတ္တာစစ်ထားခြင်းဟာ ရန်ငြိမ်းစေသူတွေရဲ့ ဝိသေသလက္ခဏာ ဖြစ်ပါတယ်။ အများရှေ့မှာဖြစ်စေ၊ သီးသန့်ဖြစ်စေ ကျွန်တော်တို့ လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ မေတ္တာရှိနေဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ ယခင်အကြံပြုချက်ကို နှလုံးသွင်းလိုက်နာခဲ့တဲ့ သင်တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်။
လူထုဆွေးနွေးမှုများနဲ့ လူမှုမီဒီယာပေါ်မှာ အခုကာလရန်လိုနေမှုတွေဟာ ထိတ်လန့်စရာကောင်းပါတယ်။ အာဃာတပြည့်စကားလုံးတွေဟာ သေစေနိုင်တဲ့လက်နက်တွေဖြစ်ပါတယ်။ အငြင်းပွားခြင်းက သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့ရဲ့အမြဲတမ်းအဖော်ဖြစ်ခြင်းမှ တားဆီးပါတယ်။
ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေအနေနဲ့၊ ကျွန်တော်တို့ဟာ ရန်ငြိမ်းစေသူတွေအဖြစ် ဦးဆောင်လမ်းပြသင့်ပါတယ်။ မေတ္တာဟာ ကျွန်တော်တို့ရဲ့ ဇာတိသဘာဝအစိတ်အပိုင်းဖြစ်လာတာနဲ့အမျှ၊ အခြားသူတွေကို ရှုတ်ချလိုစိတ် ပျောက်ဆုံးသွားပါလိမ့်မယ်။ တခြားသူတွေကို စီရင်ဝေဖန်ခြင်းတွေ ရပ်တန့်သွားပါလိမ့်မယ်။ ကျွန်တော်တို့မှာ ဘဝဇာတ်ခုံအသီးသီးကလူတွေအတွက် မေတ္တာရှိလာပါလိမ့်မယ်။ ခပ်သိမ်းသောလူတို့ဆီမေတ္တာထားခြင်းဟာ ကျွန်တော်တို့ရဲ့တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မေတ္တာဟာ ဘုရားသခင့်လက္ခဏာရဲ့ မဏ္ဍိုင်တစ်ရပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေကို သာ၍ကြီးမားတဲ့မေတ္တာနဲ့ ပြည့်နေစေရန်—အထူးသဖြင့် ချစ်ဖို့ခက်ခဲနေသူတွေအတွက်ပါ—မေတ္တာဟာ ယေရှုခရစ်တော်ရဲ့ စစ်မှန်တဲ့နောက်လိုက်တွေအတွက် ကောင်းကင်ဘုံရှင်အဘထံမှလာတဲ့ ဆုကျေးဇူးတစ်ခုဖြစ်တာကြောင့် ကောင်းကင်ဘုံရှင်အဘထံ ကျွန်တော်တို့ အသနားခံကြရအောင်။ ကယ်တင်ရှင်ဟာ ငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းခြင်းအတွက် ကိုယ်တော်ရဲ့ကိရိယာတန်ဆာတွေဖြစ်ကြရပါမယ်။
ယခု၊ ကိုယ်ကျင့်သီလအကြောင်း ပြောကြရအောင်လားခင်ဗျာ။ ကျွန်တော်တို့ရဲ့ အတွေးတွေကို ကိုယ်ကျင့်သီလနဲ့ မရပ်မနားဘဲ အလှဆင်ဖို့ရန် ကိုယ်တော်ရှင်က ကျွန်တော်တို့ကို မိန့်တော်မူထားပါတယ်။ ကိုယ်ကျင့်သီလနဲ့ အပြုသဘောဆောင်တဲ့ အတွေးမှန်သမျှကို သင်မြှင့်တင်တဲ့အခါ သင်ရရှိမယ့် မြင့်တက်ခြင်းကို စိတ်ကူးကြည့်ပါခင်ဗျာ။ ကိုယ်ကျင့်သီလဟာ အရာရာကို သာလွန်ကောင်းမွန်စေပြီး ပိုပျော်ရွှင်စေပါတယ်။ အခြားတစ်ဖက်မှာလည်း၊ သင်ဟာ မသန့်စင်တဲ့အတွေး၊ ရက်စက်ကြမ်းကြုတ်တဲ့အတွေး သို့မဟုတ် စိတ်ပျက်စရာကောင်းတဲ့ အတွေးတစ်ခုထဲမှာ ကိုယ်ကျင့်သီလကို ဖြည့်စွက်လိုက်တဲ့အခါ၊ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ကူးကြည့်ပါ။ ကိုယ်ကျင့်သီလဟာ အဲဒီအတွေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ကိုယ်ကျင့်သီလဟာ စိုးရိမ်ပူပန်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွေးတွေကနေ သင့်ကို လွတ်မြောက်စေပါလိမ့်မယ်။
ညီအကိုမောင်နှမများခင်ဗျာ၊ ကမ္ဘာကြီး ပိုမိုညစ်နွမ်းလာတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ ပိုမိုစင်ကြယ်ဖို့ လိုအပ်လာပါတယ်။ ကျွန်တော်တို့ရဲ့အတွေးတွေ၊ စကားလုံးတွေနဲ့ အပြုအမူတွေမှာ မပြိုလဲတဲ့ ကိုယ်ကျင့်သီလရှိဖို့ လိုအပ်ပြီးတော့ ခပ်သိမ်းတဲ့လူတို့ဆီ ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းဖြင့် ပြည့်နေဖို့ လိုအပ်ပါတယ် ကျွန်တော်တို့ရှေ့မှာရှိတဲ့ အခွင့်ထူးကြီးကတော့ ဘုရားသခင် ကျွန်တော်တို့ကို ဖြစ်စေလိုတဲ့သူမျိုး ဖြစ်လာဖို့ပဲဖြစ်ပါတယ်။
ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ ပုံမှန်ဝတ်ပြုခြင်းဟာ မေတ္တာနဲ့ကိုယ်ကျင့်သီလနှစ်ခုစလုံးအတွက် ကျွန်တော်တို့ရဲ့စွမ်းရည်ကို တိုးလာစေပါတယ်။ ဒါကြောင့်၊ ဗိမာန်တော်မှာရှိချိန်က ကိုယ်တော့်ရှေ့မှောက်၌ ကျွန်တော်တို့ရဲ့ စိတ်ချယုံကြည်မှုကို တိုးလာစေပါတယ်။ ဗိမာန်တော်မှာရှိချိန်တိုးမြင့်လာခြင်းက ကယ်တင်ရှင်၊ ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရာမှာ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ကိုယ်တော်ကြွလာမယ့်နေ့ သို့မဟုတ် အချိန်နာရီကို ကျွန်တော်တို့မသိကြပါဘူး။ ဒါပေမဲ့ အဲဒီ“ကြောက်မက်ဖွယ်သောနေ့ရက်ကြီး” အတွက် အသင့်ရှိကြဖို့ ကျွန်တော်တို့ကို တိုက်တွန်းရန် ကိုယ်တော်ရှင်က ကျွန်တော့်ကိုနှိုးဆော်နေတယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။
ကျွန်တော်တို့ရဲ့အသက်တာတွေမှာ မေတ္တာနဲ့ ကိုယ်ကျင့်သီလ ပြည့်နေစေဖို့ လုံ့လဝီရိယထက်သန်စွာ ကျွန်တော်တို့ကြိုးစားကြတာနဲ့အမျှ၊ ဘုရားသခင်ထံချဉ်းကပ်ရာမှာ ကျွန်တော်တို့ရဲ့စိတ်ချယုံကြည်မှုဟာ တိုးလာပါလိမ့်မယ်။ ကိုယ်တော်ရှင်ရှေ့မှောက်၌ သင့်ရဲ့စိတ်ချယုံကြည်မှုတိုးပွားလာဖို့ ရည်ရွယ်ချက်ရှိတဲ့ ခြေလှမ်းတွေစတင်ရန် သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အဲဒီနောက်၊ ကောင်းကင်ဘုံရှင်အဘထံ တိုးလာတဲ့စိတ်ချယုံကြည်မှုနဲ့ ကျွန်တော်တို့သွားကြတဲ့အခါ၊ ကျွန်တော်တို့ဟာ ပို၍ဝမ်းမြောက်ခြင်းနဲ့ပြည့်နှက်နေမှာဖြစ်ပြီး ယေရှုခရစ်တော်၌ သင်တို့ရဲ့ယုံကြည်ခြင်းလည်း တိုးလာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အကြီးမြတ်ဆုံးမျှော်လင့်ချက်တွေထက်ပိုပြီး ဝိညာဉ်ရေးရာတန်ခိုးကို စတင်ခံစားရပါလိမ့်မယ်။
မကြာသေးခင်နှစ်တွေမှာ ဗိမာန်တော်ဆောက်လုပ်ရေးကို အရှိန်မြှင့်ပေးခဲ့တဲ့အတွက် ကိုယ်တော်ရှင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့လမ်းညွှန်မှုအောက်တွင်၊ ယနေ့ အောက်ပါတည်နေရာ ၁၅ခုတွေမှာ ဗိမာန်တော်ဆောက်လုပ်မယ့် အစီအစဉ်တွေကို ကျွန်တော်တို့ကြေညာပါမယ်၊
-
ရီနိုဆာ၊ မက္ကဆီကို
-
ခိုရီလို့စ်၊ ပီရူး
-
ရီဗီရာ၊ ဥရုဂွေး
-
ကမ်ပိုဂရန်းဒီ၊ ဘရာဇီး
-
ပေါ်တို၊ ပေါ်တူဂီ
-
ယူယို၊ နိုင်ဂျီးရီးယား
-
ဆန်ဂျိုးစ်ဒဲလ်မွန်တီ၊ ဖိလစ်ပိုင်
-
နူမီယာ၊ နယူးကယ်လီဒိုးနီးယား
-
လီဗာပူး၊ ဩစတြေးလျ
-
ကော့ဒ်ဝဲလ်၊ အိုင်ဒါဟို
-
ဖလက်စတက်ဖ်၊ အရီဇုန်းနား
-
ရက်ပစ်စီးတီး၊ တောင်ဒကိုတာ
-
ဂရင်းဗီးလ်၊ တောင်ကာရိုလိုင်းနား
-
နော်ဖော့ခ်၊ ဗာဂျီးနီးယား
-
စပန်နစ်ရှ်ဖော့ခ်၊ ယုတ
ယေရှုခရစ်တော်ဟာ၊ သူ့ရဲ့ဒီအသင်းတော်ကို ဦးဆောင်နေတဲ့၊ ဣသရေလရဲ့ရွေးနုတ်ရှင် ဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်ဟာ တဖန်ကြွလာဖို့ရန် ပြင်ဆင်နေပါတယ်။ ကိုယ်တော့်ကိုကြိုဆိုလက်ခံရန် ကျွန်တော်တို့လည်း အလားတူပြင်ဆင်ကြရအောင်လားခင်ဗျာ။ ဒီအရာကို ယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။