အထွေထွေညီလာခံ
ကရုဏာတော်အစီအစဉ်
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


11:6

ကရုဏာတော်အစီအစဉ်

ကိုယ်တော်ရှင်က ကရုဏာကြီးပြီး ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့ ကယ်တင်ခြင်းအစီအစဉ်ဟာ အမှန်ပင်ကရုဏာတော်အစီအစဉ်ဖြစ်ပါတယ်။

ပရောဖက်တစ်ပါး၏ဖိတ်ကြားချက်

အသင်းတော်က ကာ့တ်လန်းဘုရားကျောင်းကို ဝယ်ယူခဲ့ကြောင်း ဝမ်းမြောက်စရာသတင်းပြီးနောက်မကြာမီ၊ ပြီးခဲ့တဲ့ဧပြီလမှာ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဩဝါဒနှင့်ပဋိညာဉ်များကျမ်းရဲ့ အပိုဒ်ငယ် ၁၀၉ မှာမှတ်တမ်းတင်ထားတဲ့ ကာ့တ်လန်းဗိမာန်တော်ရဲ့ ဆက်ကပ်ရာဆုတောင်းချက်ကိုလေ့လာဖို့ ကျွန်တော်တို့ကိုဖိတ်ခေါ်ခဲ့ပါတယ်။ ဆက်ကပ်ရာဆုတောင်းချက်ဆိုတာ၊ “ကျွန်တော်တို့ဒီနောက်ဆုံးသောရက်တွေမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုဝိညာဥ်ရေးရာအရ ဗိမာန်တော်က ဘယ်လိုခွန်အားပေးနိုင်လဲဆိုတာ သင်ကြားပေးတဲ့အရာတစ်ခုဖြစ်ပါတယ်”လို့ ဥက္ကဋ္ဌ နယ်လ်ဆင်ကပြောကြားခဲ့ပါတယ်။

အပိုဒ်ငယ် ၁၀၉ ကို သင်ရဲ့လေ့လာခြင်းဟာ သင့်အတွက်ကောင်းချီးဖြစ်တဲ့ ထိုးထွင်းဉာဏ်ကို ဖြစ်ပေါ်စေခဲ့မယ်ဆိုတာကို ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်။ ကျွန်တော်တို့ပရောဖက်ရဲ့ဖိတ်ကြားချက်ကို ကျွန်တော်လိုက်နာခဲ့တဲ့အခါ၊ သင်ယူခဲ့ရတဲ့ အရာနှစ်ခုကို ဒီညနေခင်းမှာ ဝေမျှပါမယ်။ ကျွန်တော်ရဲ့လေ့လာမှုကနေ ပို့ဆောင်ခဲ့တဲ့ ငြိမ်သက်ခြင်းပံ့ပိုးရာလမ်းကြောင်းဟာဆိုရင် ကိုယ်တော်ရှင်က ကရုဏာကြီးပြီး ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့ ကယ်တင်ခြင်းအစီအစဉ်ဟာ အမှန်ပင်ကရုဏာတော်အစီအစဉ်ဖြစ်တယ်ဆိုတာကို သတိပေးခဲ့ပါတယ်။

ခေါ်သွင်းခံရပြီးခါစ သာသနာပြုများ ဗိမာန်တော်၌ အစေခံခြင်း

“ခေါ်သွင်းခံရပြီးခါစ သာသနာပြုတို့အား ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို တတ်နိုင်သမျှ မြန်မြန်ရယူရန်နှင့် အခြေအနေများခွင့်ပြုသလောက်ဗိမာန်တော်သို့ မကြာခဏတက်ရောက်ရန် တိုက်တွန်းထား”တာကို သင်သတိထားမိပါလိမ့်မယ်။ ဝိညာဉ်ပကတိအပ်နှင်းပြီးတာနဲ့၊ သူတို့တွေဟာ “သာသနာပြုအမှုတော်ဆောင်ခြင်းမစမီ ဗိမာန်တော်လုပ်သားများအဖြစ်လည်း အမှုတော်ဆောင်နိုင်ပါတယ်။”

သာသနာပြုအသစ်များဟာ ဗိမာန်တော်ပဋိညာဥ်များရဲ့ကောင်းချီးမင်္ဂလာတွေကို လောကမှာမမျှဝေခင်မှာ ဒီပဋိညာဥ်တွေအကြောင်းပိုမိုလေ့လာဖို့အတွက်၊ သာသနာပြုလေ့ကျင့်ရေးဌာန (MTC) မဝင်ရောက်ခင် ဗိမာန်တော်မှာ အချိန်သုံးတာဟာ သူတို့အတွက် အလွန်ကောင်းမွန်တဲ့ကောင်းချီးမင်္ဂလာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အခန်းငယ် ၁၀၉ ကိုလေ့လာရာမှာ၊ ဗိမာန်တော်တွင်၊ ဘုရားသခင်ကသာသနာပြုအသစ်တွေကို—တကယ်တော့၊ ကျွန်တော်တို့အားလုံးကို—ထပ်လောင်းပြီး၊ မြင့်မြတ်တဲ့နည်းလမ်းဖြင့် အခွင့်လွှဲအပ်တယ်ဆိုတာကို ကျွန်တော်လေ့လာခဲ့ရပါတယ်။ ဗျာဒိတ်တော်အားဖြင့်ပေးခဲ့တဲ့၊ ဆက်ကပ်ရာဆုတောင်းချက်မှာ၊ ပရောဖက် ဂျိုးဇက်စမစ်က၊ “ကိုယ်တော်၏ ကျွန်တို့သည် … ကိုယ်တော်၏ နာမတော်ကို သက်သေခံရန် ကိုယ်တော်၏ အိမ်မှ ထွက်ကြသည့်အခါ၊” “ကြီးမြတ်သောသူများ” နှင့် “ခပ်သိမ်းသောဆင်းရဲသားများ၊ ချို့တဲ့သောသူများ၊ ထို့အတူ ဒုက္ခရောက်သောသူများ” … နှစ်မျိုးစလုံးအပါအဝင် “ခပ်သိမ်းသောလူများ”၏—”စိတ်နှလုံးများ”ကို “ပျော့ပျောင်း”စေပါ လို့ဆုတောင်းခဲ့ပါတယ်။ “သူတို့အပေါ် အားဘက်လိုက်ခြင်းသည် သမ္မာတရားရှေ့မှ နောက်ဆုတ်ပေးနိုင်စေခြင်းငှာ၊ ထို့အတူ ကိုယ်တော်၏ လူမျိုးတို့သည် ခပ်သိမ်းသောသူတို့၏ စိတ်၌ မျက်နှာရနိုင်ကြစေခြင်းငှာ ဖြစ်ပါ၏။ မြေကြီးစွန်းသား ခပ်သိမ်းတို့သည် ကျွန်ုပ်တို့၊ ကိုယ်တော်၏ ကျွန်များ ကိုယ်တော်၏ အသံကို ကြားကြကြောင်း၊ ထို့အတူ ကျွန်ုပ်တို့ကို ကိုယ်တော် စေလွှတ်တော်မူကြောင်း သိနိုင်ကြစေခြင်းငှာဖြစ်ပါ၏”လို့လည်း သူဆုတောင်းခဲ့ပါတယ်။

အဲဒီ—“သမ္မာတရားရှေ့မှ နောက်ဆုတ်ပေးနိုင်စေခြင်းငှာ” ဘက်လိုက်ခြင်းရှိစေဖို့၊ “ခပ်သိမ်းသောသူတို့၏ စိတ်၌ မျက်နှာရနိုင်ကြစေ”ဖို့ နဲ့ သူတို့ဟာ ကိုယ်တော်ရှင်ထံမှ စေလွှတ်ခံရတယ်ဆိုတာကို လောကအားသိစေဖို့က ခေါ်သွင်းခံရပြီးခါစ သာသနာပြုတစ်ဦးအတွက်တော့ လှပတဲ့ကတိတော်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အယောက်စီတိုင်း ဒီအလားတူကောင်းချီးတွေကို အမှန်ပင်လိုအပ်ကြပါတယ်။ အိမ်နီးချင်းစပ်ဆိုင်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါ စိတ်နှလုံးတွေကို ပျော့ပျောင်းလာစေဖို့ဟာ ကောင်းချီးတစ်ခုပဲမဟုတ်လားခင်ဗျာ။ ဗိမာန်တော်ထဲရှိ ကျွန်တော်တို့ရဲ့ အချိန်တွေဟာ တစ်ပါးသူတွေရဲ့စိတ်နှလုံးတွေကို ဘယ်လိုပျော့ပျောင်းစေမယ်ဆိုတာကို ဆက်ကပ်ရာဆုတောင်းချက်မှာ တိတိကျကျမဖော်ပြထားပေမယ့်၊ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ အချိန်တွေဟာ ယေရှုခရစ်တော်နဲ့ သူ့ရဲ့ကရုဏာတော်ကို ဗဟိုပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စိတ်နှလုံးတွေကို ပျော့ပျောင်းစေတာနဲ့ ဆက်စပ်နေတာကိုတော့ ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်။

ကိုယ်တော်ရှင်သည် ဂျိုးဇက်စမစ်၏ကရုဏာအသနားခံချက်အား အဖြေပေးပါသည်

ကာ့တ်လန်းဆက်ကပ်ရာဆုတောင်းချက်ကို ကျွန်တော်လေ့လာခဲ့စဉ်—အသင်းတော်ရဲ့အသင်းသားတွေအတွက်၊ အသင်းတော်ရဲ့ရန်သူတွေအတွက်၊တိုင်းပြည်ရဲ့ခေါင်းဆောင်တွေအတွက်၊ ကမ္ဘာပေါ်ရှိတိုင်းပြည်တွေအတွက် ကရုဏာသက်ရောက်ပေးဖို့ ဂျိုးဇက် အကြိမ်ကြိမ် အသနားခံခဲ့တာကိုလည်း ကျွန်တော်အံ့အားသင့်ခဲ့ပါတယ်။ ပြီးတော့၊ ပုဂ္ဂိုလ်ရေးအလွန်ဆန်စွာ၊ သူ့ကို သတိရဖို့နဲ့ သူချစ်မြတ်နိုးရတဲ့ အီမာနဲ့ သူတို့ရဲ့သားသမီးတွေအပေါ် ကရုဏာသက်ရောက်ပေးဖို့ ကိုယ်တော်ထံ အသနားခံခဲ့ပါသေးတယ်။

တစ်ပါတ်အကြာ၊ အီစတာ၊ ၁၈၃၆ခုနှစ်၊ ဧပြီ ၃ ရက်နေ့မှာ၊ ကာ့တ်လန်းဗိမာန်တော်မှာ ကယ်တင်ရှင်က သူနဲ့ အော်လီဗာကောင်ဒရီတို့ထံ ထင်ရှားစွာပြတော်မူခဲ့တဲ့အခါ ဂျိုးဇက်ဘယ်လိုတောင်များခံစားခဲ့ရမလဲခင်ဗျာ၊ အဲဒီအကြောင်းကို ဩဝါဒနှင့် ပဋိညာဉ်များ အပိုဒ်ငယ် ၁၁၀ မှာ မှတ်တမ်းတင်ထားတာက၊ “ငါသည် ဤအိမ်တော်ကို လက်ခံတော်မူလေပြီ၊ ငါ၏နာမတော်သည်လည်း ဤနေရာ၌ ရှိလိမ့်မည်။ ထို့အတူ ငါသည် ငါ၏လူမျိုးတို့ကို ဤအိမ်တော်ထဲ၌ ကရုဏာဖြင့် ငါကိုယ်တိုင်ထင်ရှားစွာပြတော်မူမည်။” ကရုဏာဆိုတဲ့ ဒီကတိတော်ဟာ ဂျိုးဇက်အတွက် အထူးအဓိပ္ပာယ် ရှိခဲ့မှာပါ။ ပြီးခဲ့တဲ့ ဧပြီလက ဥက္ကဋ္ဌနယ်လ်ဆင် သင်ကြားပေးခဲ့သလိုပါပဲ၊ ဒီကတိတော်ဟာ “ယနေ့ခေတ် ဆက်ကပ်ထားတဲ့ ဗိမာန်တော်တိုင်းအတွက်လည်း သက်ရောက်မူရှိပါတယ်။”

ကိုယ်တော်ရှင်၏အိမ်တော်၌ကရုဏာကိုရှာဖွေခြင်း

ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာ ကျွန်တော်တို့ အယောက်စီတိုင်း ကရုဏာကိုရှာဖွေနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ အဲတာဟာ ဣသရေလလူမျိုးကို တဲတော်ဆောက်ပြီး ၎င်းရဲ့အလယ်မှာ “ကရုဏာပလ္လင်” ကိုနေရာချဖို့ ကိုယ်တော်ရှင်က ပထမဆုံးမိန့်တော်မူခဲ့တဲ့အချိန်ကစ မှန်ကန်ခဲ့တာပါ။ ဗိမာန်တော်မှာ၊ ကျွန်တော်တို့ပြုလုပ်တဲ့ ပဋိညာဉ်တွေကနေ ကရုဏာကို ရှာတွေ့ကြပါတယ်။ ဗတ္တိဇံပဋိညာဉ်အပြင်၊ အဲဒီပဋိညာဉ်တွေက ကျွန်တော်တို့ကို အဘနဲ့ သားတော်ထံစည်းနှောင်စေပြီး၊ သင်ကြားပေးခဲ့တဲ့ “ဟီဘရူးဘာသာစကားဖြင့် ဟက်ဇက် လို့ခေါ်တဲ့ အထူး ချစ်ခြင်းနဲ့ ကရုဏာ … တစ်မျိုး”ကို တိုးစွာလက်ခံရရှိဖို့ အခွင့်ပေးပါတယ်။

ကျွန်တော်တို့ရဲ့မိသားစုတွေထံထာဝရအတွက် တံဆိပ်ခတ်ခံရဖို့ အခွင့်အရေးမှာ ကရုဏာကို တွေ့ရှိရပါတယ်။ ဗိမာန်တော်ထဲမှာ၊ ကျွန်တော်တို့ပိုမိုရှင်းလင်းစွာနားလည်လာခဲ့ရတာကတော့၊ ဖန်ဆင်းခြင်း၊ လဲကျခြင်း၊ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေရာယဇ်နဲ့ ကောင်းကင်ဘုံရှင်အဘရဲ့မျက်မှောက်တော်သို့ တဖန်ပြန်ဝင်ရောက်နိုင်ဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်တွေဖြစ်တဲ့—ကယ်တင်ခြင်းအစီအစဉ်ရဲ့ ကဏ္ဍတိုင်း—ဟာ ကရုဏာကိုပြသခြင်းဖြစ်တယ်ဆိုတာပါပဲ။ ကယ်တင်ခြင်းအစီအစဉ်ဟာ “ကရုဏာတော်အစီအစဉ်”ဖြစ်တာကြောင့် ပျော်ရွှင်ခြင်းအစီအစဉ်တစ်ခုဖြစ်တယ်လို့လဲ အတိအကျဆိုနိုင်ပါတယ်။

ခွင့်လွှတ်ခြင်းကိုရှာဖွေခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အား တံခါးဖွင့်ပေးပါသည်

ကိုယ်တော်ရှင်က သူရဲ့ဗိမာန်တော်တွေမှာ ကရုဏာဖြင့် သူကိုယ်တိုင် ထင်ရှားစွာပြမယ်ဆိုထားတဲ့ အပိုဒ်ငယ် ၁၁၀ ပါ လှပသောကတိတော်အတွက် ကျွန်တော် ကျေးဇူးတင်မိပါတယ်။ ဂျိုးဇက်လိုပဲ၊ ကျွန်တော်တို့ ကရုဏာရဖို့ အသနားခံတဲ့အခါတိုင်း၊ ကိုယ်တော်ရှင်က သူကိုယ်တိုင် ကရုဏာအားဖြင့် ဘယ်လိုထင်ရှားစွာပြမယ်ဆိုတာကို ဖော်ပြထားတာအတွက်လည်း ကျေးဇူးတင်မိပါတယ်။

အပိုဒ်ငယ် ၁၀၉ ရှိ ဂျိုးဇက်စမစ်ရဲ့ကရုဏာအသနားခံချက်ဟာ လှုံ့ဆော်ရာဗျာဒိတ်တော်ခံ ကရုဏာအတွက် သူ့ရဲ့ပထမအကြိမ် အသနားခံချက်မဟုတ်ပါဘူး။ မြင့်မြတ်တဲ့တောအုပ်ထဲမှာ၊ လူငယ်လေးဂျိုးဇက်ဟာ ဘယ်အသင်းတော် စစ်မှန်တယ်ဆိုတာကို သိလိုရုံသာမက၊ “ကရုဏာရရှိရန် ကျွန်တော်သွား၍ တောင်းခံနိုင်သူမရှိတာကြောင့် ကိုယ်တော်ရှင်ထံ ကရုဏာအတွက် တောင်းလျှောက်ပါ၏” ဟုလည်း ဆုတောင်းခဲ့တာပါ။ ကိုယ်တော်ရှင်တစ်ပါးတည်းသာ ပေးနိုင်တဲ့ ကရုဏာလိုအပ်ကြောင်း သူရဲ့အသိအမှတ်ပြုခြင်းက တစ်နည်းနည်းဖြင့်၊ ကောင်းကင်ပြတင်းပေါက်တွေကို ပွင့်စေခဲ့ပါတယ်။ သုံးနှစ်အကြာ၊ ဂျိုးဇက်ရဲ့ “ကျွန်ုပ်၏ ခပ်သိမ်းသောအပြစ်များနှင့် မိုက်မဲခြင်းတို့အဖို့ ခွင့်လွှတ်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ဆုတောင်းခြင်းနှင့် ပတ္ထနာပြုခြင်း”ပြီးနောက် ကောင်းကင်တမန်မော်ရော်နိုင်း ပေါ်ထွက်လာခဲ့ပါတယ်။

ကရုဏာအတွက် အသနားခံပြီးနောက် ဖော်ပြခံရတဲ့ ဒီဗျာဒိတ်တော်ပုံစံကို ကျမ်းစာတွေမှာ အကျွမ်းတဝင်ဖော်ပြထားပြီးသားပါ။ ဧနုတ်က ခွင့်လွှတ်မှုရဖို့ ဆုတောင်းပြီးမှသာ ကိုယ်တော်ရှင်ရဲ့အသံကို ကြားခဲ့ရပါတယ်။ လာမောနိမင်းကြီးရဲ့ ဘာသာပြောင်းလဲလာမှုဟာ၊ “ကိုယ်တော်ကိုသိရန် အကျွန်ုပ်၏ခပ်သိမ်းသောအပြစ်တို့ကို စွန့်လွှတ်ပါမည်” ဆိုတဲ့ သူရဲ့ဆုတောင်းချက်ဖြင့် စတင်လာတာပါ။ ကျွန်တော်တို့ဟာ ဒီတူညီတဲ့အံ့ဖွယ်အတွေ့အကြုံများနဲ့ ကောင်းချီးခံစားရမှာမဟုတ်သော်လည်း၊ တစ်ခါတစ်ရံ ဆုတောင်းချက်ရဲ့အဖြေကို ခံစားရဖို့ ရုန်းကန်နေသူတွေအတွက်ကတော့၊ ကိုယ်တော်ရှင်ရဲ့ကရုဏာကို ရှာဖွေခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက်ကို ခံစားရဖို့ အစွမ်းထက်ဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ကရုဏာကို စဉ်းစားဆင်ခြင်ခြင်းဟာ မော်မုန်ကျမ်းကို သက်သေခံရန် အခွင့်အလမ်းတစ်ခုဖြစ်စေပါတယ်

အလားတူအခြေခံသဘောတရားကို မော်ရော်နိုင်း ၁၀:၃-၅မှာ လှပစွာ သင်ကြားပေးထားပါသေးတယ်။ စိတ်ရင်းမှန်ဖြင့်ဆုတောင်းခြင်းအားဖြင့်၊ ဒီကျမ်းစာအခန်းငယ်တွေကနေ မော်မုန်ကျမ်း မှန်၊ မမှန်ကို ကျွန်တော်တို့လေ့လာနိုင်ဖို့ သင်ကြားပေးရန် မကြာခဏ အတိုချုံးရှင်းလင်းဖွင့်ဟကြပါတယ်။ ဒါပေမဲ့ အဲအတိုချုံးရှင်းလင်းဖွင့်ဟတာက ကရုဏာရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို လျစ်လျူရှုသလို ဖြစ်သွားနိုင်ပါတယ်။ မော်ရော်နိုင်းက သူရဲ့တိုက်တွန်းနှိုးဆော်ချက်ကို ဘယ်လိုစတင်ခဲ့သလဲဆိုတာ နားထောင်ကြည့်ပါ၊ “သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ၊ သင်တို့သည် ဤအရာတို့ကို ဖတ်သောအခါ၊ … သင်တို့ဖတ်ရမည့်အကြောင်းနှင့်၊ အာဒံကို ဖန်ဆင်းတော်မူခြင်းကတည်းက လူသားတို့ဤအရာတို့ကို လက်ခံရရှိချိန်အထိတိုင်အောင်၊ သူတို့အပေါ်၌ ကိုယ်တော်ရှင် အဘယ်မျှကရုဏာ ကြီးတော်မူလေကြောင်းကို သင်တို့သတိရ၍၊ သင်တို့၏စိတ်နှလုံး၌ မှတ်ကျုံး၍၊ စဉ်းစားဆင်ခြင်ရမည့်အကြောင်းတို့ပေတည်း။”

မော်ရော်နိုင်းက—သူတံဆိပ်ခတ်တော့မယ့်—ဒီမှတ်တမ်းတွေကို ဖတ်ရှုရုံသာမက “လူသားတို့အပေါ်၌ ကိုယ်တော်ရှင် အဘယ်မျှကရုဏာ ကြီးတော်မူကြောင်း” နဲ့ပတ်သက်ပြီး မော်မုန်ကျမ်းက ဖော်ပြထားတဲ့အရာကို နှလုံးသွင်း စဉ်းစားဆင်ခြင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ အဲ့တာက “ဤအရာတို့ မှန်၊ မမှန် ဘုရားသခင်၊ ထာဝရအဘအား ခရစ်တော်၏နာမတော်အားဖြင့် မေးလျှောက်” ဖို့ ကျွန်တော်တို့ကို ပြင်ဆင်ပေးတဲ့ ကိုယ်တော်ရှင်ရဲ့ကရုဏာအပေါ် စဉ်းစားဆင်ခြင်ခြင်းပဲ ဖြစ်ပါတယ်။”

မော်မုန်ကျမ်းကို ကျွန်တော်တို့ စဉ်းစားဆင်ခြင်ကြည့်တဲ့အခါ၊ ဒီလိုတွေ မေးကောင်းမေးနိုင်ပါတယ်၊ အယ်လမာသင်ကြားခဲ့တဲ့အတိုင်း၊ ဒီကမ္ဘာပေါ်အသက်ရှင်ခဲ့သူတိုင်းဟာ ရှင်ပြန်ထမြောက်ကြမယ် စုံလင်သောကိုယ်သို့သာ ပြန်လည်ပေါင်းစည်းခံရလိမ့်မယ်ဆိုတာကို ဘုရားသခင်ရဲ့ကရုဏာတော်အစီအစဉ်က အခိုင်အမာပြောတာ အမှန်ဟုတ်ပါ့မလား။ကယ်တင်ရှင်ရဲ့ကရုဏာတော်က ခါးခါးသီးသီး အပြစ်ပေးခြင်းရဲ့လိုအပ်ချက်တွေ အားလုံးကို ပြီးပြည့်စုံစေပြီး၊ ကျွန်တော်တို့ ပေးဆပ်ဖို့ တာဝန်ရှိတာတွေအစား ကျွန်တော်တို့ကို ဘေးလွတ်ရာလက်ဖြင့် “[ပွေ့ထားတော်မူ]နိုင်တယ်လို့—သင်ကြားခဲ့တဲ့ အာမြူးလက် မှန်ပါသလား။

အယ်လမာသက်သေခံခဲ့သလို၊ ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့အပြစ်တွေအတွက်သာမက ကျွန်တော်တို့ရဲ့ “နာကျင်မှုများနှင့် ဆင်းရဲဒုက္ခများ” ကို “သူတို့၏အနာရောဂါဝေဒနာများအလျောက် အဘယ်သို့အားဖြင့် မစရမည်ကိုသိနိုင်” ဖို့အတွက် သူခံစားခဲ့ရတယ်ဆိုတာ ဟုတ်ပါ့မလား။ဗင်္ယာမိန်မင်းကြီးသင်ကြားခဲ့သလို၊ ကိုယ်တော်ရှင်ဟာ “မိမိတို့နှင့်စပ်လျဉ်းသည့် ဘုရားသခင်၏အလိုတော်ကို မသိဘဲသေသူများ၊ သို့မဟုတ် မသိဘဲနှင့် ပြစ်မှားသောသူတို့၏အပြစ်တို့အတွက်” အခမဲ့လက်ဆောင်အဖြစ်၊ အပြစ်ဖြေတော်မူတဲ့အထိ အမှန်ပင် ကရုဏာကြီးပါသလား။

လေဟိပြောခဲ့သလို၊ “အာဒံသည် လူသားတို့ဖြစ်တည်နိုင်ကြစေခြင်းငှာ လဲကျ၏။ လူသားတို့သည် ဝမ်းမြောက်ခြင်းရှိနိုင်ကြစေကြောင်း ဖြစ်တည်ကြ၏” ဆိုတာ ဟုတ်ပါ့မလား။ဟေရှာယရဲ့စကားကို ကိုးကားပြီး အဘိနဒိသက်သေခံခဲ့သလို၊ “ငါတို့၏လွန်ကျူးခြင်းတို့ကြောင့်၊ ယေရှုခရစ်တော်သည် နာခဲ့၏။ ငါတို့၏ဒုစရိုက်တို့ကြောင့်၊ သူဒဏ်ရာရခဲ့၏။ ငါတို့၏ငြိမ်းချမ်းခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏” ဆိုတာ အမှန်ဟုတ်ပါ့မလား။

အတိုးချုံအနေနဲ့၊ မော်မုန်ကျမ်းမှာ သင်ကြားထားတဲ့အဘရဲ့အစီအစဉ်ဟာ အမှန်ပင် ဤမျှတောင်ကရုဏာကြီးမားလှပါသလား။ မော်မုန်ကျမ်းမှာပါတဲ့ ငြိမ်သက်ခြင်းပံ့ပိုးပေးပြီး မျှော်လင့်ချက်ရှိစေတဲ့ ကရုဏာရဲ့ သင်ကြားချက်တွေဟာ မှန်ကန်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်ခင်ဗျာ။

ဒါပေမဲ့၊ ကောင်းကင်ဘုံရှင်အဘက “အရာ၏အမှန်တရားကို သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သင်တို့ထံသို့ ထင်ရှားစွာပြတော်မူလိမ့်မယ်” ဆိုတဲ့ မော်ရော်နိုင်းရဲ့ကတိတော်ကို နားလည်သဘောပေါက်ဖို့၊ သင်တို့ ယုံကြည်မှုအပြည့်နဲ့ဖတ်ရှုပြီး ဆုတောင်းနေသော်လည်း တချို့တွေ ရုန်းကန်ကောင်း ရုန်းကန်နေရအုံးမယ်ဆိုတာကို ကျွန်တော် မှန်းဆမိပါတယ်ခင်ဗျာ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက၊ မော်မုန်ကျမ်းကို ပထမတစ်ကြိမ် နှစ်ကြိမ်ဖတ်တဲ့အခါ ကျွန်တော့်ဆုတောင်းချက်တွေကို ချက်ချင်း ရှင်းရှင်းလင်းလင်း မဖြေကြားနိုင်ခဲ့သလိုမျိုး၊ ကျွန်တော်လည်းခံစားခဲ့ဖူးတာကြောင့် ဒီရုန်းကန်မှုကို ကျွန်တော်နားလည်ပါတယ်။

သင်ရုန်းကန်နေရတယ်ဆိုရင်၊ “ကိုယ်တော်ရှင်သည် လူသားတို့အပေါ် အဘယ်မျှကရုဏာ ကြီးတော်မူလေကြောင်း” မော်မုန်ကျမ်းက သင်ကြားထားတဲ့ နည်းအမျိုးမျိုးကို စဉ်းစားဆင်ခြင်ဖို့ မော်ရော်နိုင်းရဲ့အကြံပေးချက်ကို လိုက်လျှောက်ရန် သင့်ကို ကျွန်တော်ဖိတ်ခေါ်ပါရစေ။ကျွန်တော့်အတွေ့အကြုံကိုအခြေခံပြီး၊ အဲဒီလိုသင်လုပ်တဲ့အခါ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ငြိမ်သက်မှုက သင့်စိတ်နှလုံးထဲဝင်လာပြီး၊ မော်မုန်ကျမ်းနဲ့ ၎င်းကသွန်သင်တဲ့ကရုဏာတော်အစီအစဉ်ဟာ မှန်ကန်တယ်ဆိုတာ သင်သိ၍ ယုံကြည်ပြီး ခံစားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

အဘရဲ့ ကြီးမြတ်တဲ့ကရုဏာတော်အစီအစဉ်နဲ့ အဲဒါကို ပြီးပြည့်စုံစေဖို့ ကယ်တင်ရှင်ရဲ့ လိုလိုလားလားရှိမှုအတွက် ကျွန်တော်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြပါတယ်။ ကျွန်တော်တို့ ကိုယ်တော့်ကိုရှာဖွေမယ်ဆိုရင် ကိုယ်တော်ရဲ့သန့်ရှင်းသောဗိမာန်တော်နဲ့ ကျွန်တော်တို့အသက်တာတွေရဲ့ကဏ္ဍတိုင်းမှာ ကိုယ်တော်ရဲ့ကရုဏာထင်ရှားစွာဖော်ပြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ယဇ်ပရောဟိတ်အခွင့်သော့များ၏ဆုကျေးဇူး၌ ပျော်မွေ့ခြင်း၊” လီယာဟိုနာ၊ မေ ၂၀၂၄၊ ၁၂၁။

  2. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ယဇ်ပရောဟိတ်အခွင့်သော့များ၏ဆုကျေးဇူး၌ ပျော်မွေ့ခြင်း၊” ၁၂၁။

  3. အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်၌ အမှုတော်ဆောင်ခြင်း၂၄၊ ၅၊ ၁၊ ဧဝံဂေလိစာကြည့်တိုက်။

  4. ခပ်သိမ်းသော ဗိမာန်တော်ကောင်းချီးမင်္ဂလာများကဲ့သို့၊ ထိုကောင်းချီးများကို ဘုရားသခင်အပ်နှင်းခြင်းသည် ဗိမာန်တော်တွင် ကျွန်ုပ်တို့ပြုလုပ်ထားသော ပဋိညာဉ်များကို စောင့်ထိန်းခြင်းအပေါ် မူတည်ပါသည်။ ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့၊” လီယာဟိုနာ၊ နို၊ ၂၀၂၂၊ ၉၆၊ “ဗိမာန်တော်တွေမှာ … ပဋိညာဉ်တွေပြုတဲ့—စောင့်ထိန်းတဲ့ သူတိုင်းဟာ—ယေရှုခရစ်တော်ရဲ့ တန်ခိုးတော်ကိုရရှိဖို့ အခွင့်အလမ်းတိုးလာကြပါတယ်။”

    နောက်ဥပမာတစ်ခုအနေနှင့်၊ ဗိမာန်တော်အဝတ်တန်ဆာဝတ်ဆင်ခြင်းနှင့်ပတ်သက်သော ပထမဥက္ကဋ္ဌအဖွဲ့၏ဖော်ပြချက်ကို သုံးသပ်ကြည့်ပါ၊ “သင်၏ပဋိညာဉ်များကို သင်စောင့်ထိန်းသည်နှင့်အမျှ၊အစပြုခြင်းဘိသိက်မင်္ဂလာများတွင် ညွှန်ကြားချက်အတိုင်း အဝတ်တန်ဆာကို ဝတ်ဆင်ရန် မြင့်မြတ်သောအထူးအခွင့်အရေးအပါအဝင်၊ ကယ်တင်ရှင်၏ ကရုဏာ၊ အကာအကွယ်၊ ခွန်အားနှင့် တန်ခိုးတော်ကို ပို၍ ရရှိနိုင်ပါလိမ့်မည်” (အထွေထွေလက်ဆွဲစာအုပ်၂၆၊၃၊၃၊၂ ၊ အလေးပေးထည့်သွင်းထားသည်)။

  5. ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၉:၅၅-၅၇

  6. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “သခင်ယေရှုခရစ်တော်တဖန်ကြွလာတော်မူမည်၊” လီယာဟိုနာ၊ နို၊ ၂၀၂၄၊ ၁၂၁-၂၂၊ “ဒါကတော့ သင့်အတွက် ကျွန်တော်ရဲ့ကတိတော်ဖြစ်ပါတယ်၊ ယေရှုခရစ်တော်ကို စိတ်ရင်းမှန်ဖြင့်ရှာဖွေသူတိုင်းဟာ ဗိမာန်တော်မှာ သူ့ကိုတွေ့ပါလိမ့်မယ်။ ကိုယ်တော်ရဲ့ကရုဏာကို သင် ခံစားရပါလိမ့်မယ်။”

  7. ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၉:၃၄၊ “ဤလူမျိုးတို့အပေါ် ကရုဏာထားတော်မူပါ၊ ခပ်သိမ်းသောသူတို့သည် အပြစ်ပြုကြသဖြင့်၊ ကိုယ်တော့်လူမျိုးတို့၏ လွန်ကျူးခြင်းများကို ခွင့်လွှတ်တော်မူပါ၊ ၎င်းတို့ကို ကာလအစဉ်အဆက် ပယ်ဖျောက်ပါစေ။”

  8. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၀၉:၅၀

  9. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၀၉:၅၄။ ဂျိုးဇက်သည် ကိုယ်တော်ရှင်ထံ ဤသို့လည်းတောင်းလျှောက်ခဲ့ပါသည်၊ “ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယာကုပ်အမျိုးသားတို့အပေါ် ကရုဏာထားတော်မူရန် တောင်းဆိုကြသည်မှာ၊ ယေရုရှလင်သည် ယခုနာရီမှစ၍၊ ရွေးနုတ်ခံရဖို့ အစပြုနိုင်စေကြောင်း၊ ကျွန်ခံရာထမ်းပိုးကို ဒါဝိဒ်အမျိုးသားတို့ထံမှ ချိုးဖျက်ခံရခြင်းကိုလည်း အစပြုနိုင်စေကြောင်း၊ ယုဒအမျိုးသားတို့သည် သူတို့၏အဘ၊ အာဗြဟံသို့ ကိုယ်တော်ပေးခဲ့သည့် မြေများသို့ ပြန်လာရန် အစပြုနိုင်ကြစေကြောင်းလည်း ဖြစ်ပါ၏” (သြဝါဒနှင့် ပဋိညာဥ်များ၁၀၉:၆၂-၆၄)။

  10. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၀၉:၆၈

  11. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၀၉:၆၉Oxford English Dictionary သည် ကရုဏာ ကို “အင်အားမဲ့အစွမ်းမရှိသူတစ်ဦးအား သနားကြင်နာမှုပြခြင်း” ဟုအနက်ဖွင့်ထားပါသည် (“mercy,” oed.com)။ ကရုဏာသည်၊ ကျေးဇူးတော်ကဲ့သို့ပင်၊ ဘုရားသခင်၏မေတ္တာနှင့် ကြင်နာမှု—သူ၏ ဟက်ဇက်တစ်ခုဖြစ်ပါသည်။ ကရုဏာသည် ကျွန်တော်တို့ခံယူထိုက်သော အပြစ်ဒဏ်ကို ရှောင်ရှားခြင်းကို အာရုံစိုက်သော်လည်း၊ ကျေးဇူးတော်သည် ပုံမှန်အားဖြင့် ဘုရားသခင်သည် ကျွန်တော်တို့မထိုက်တန်သောကောင်းချီးများကို အဆိုးအကောင်းပဓာနမထားဘဲ ပေးသနားခြင်းကို ရည်ညွှန်းပါသည်။

  12. သြဝါဒနှင့် ပဋိညာဥ်များ ၁၁၀:၇

  13. သီးခြားကရုဏာပြသည့်အနေနှင့် ဂျိုးဇက်နှင့် အော်လီဗာတို့ကို ဤသို့မိန့်တော်မူခဲ့ပါသည်၊ “ရှုလော့၊ သင်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီ။ သင်တို့သည် ငါ့ရှေ့၌ သန့်ရှင်းကြ၏။ ထို့ကြောင့်၊ သင်တို့၏ဦးခေါင်းကို မော့ကြလော့၊ ထို့အတူ ရွှင်လန်းဝမ်းမြောက်ကြလော့” (သြဝါဒနှင့် ပဋိညာဥ်များ ၁၁၀:၅)။

  14. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ယဇ်ပရောဟိတ်အခွင့်သော့များ၏ဆုကျေးဇူး၌ ပျော်မွေ့ခြင်း၊” ၁၁၉။ “ကိုယ်တော်ရှင်ရဲ့ ကတိတော်ဟာ သင်ကိုယ်တိုင်အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးရှိသလဲ ဆိုတာကို စဉ်းစားဆင်ခြင်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” ဟု ဥက္ကဋ္ဌ နယ်လ်ဆင်က ပြောကြားခဲ့ပါသည်။

  15. ရှု သမ္မာကျမ်းစာအဘိဓာန်၊ “တဲတော်”၊ “ပဋိညာဉ်သေတ္တာတော်ဖြစ်သော ပရိဘောဂတစ်ခုတည်းသာပါဝင်သည့် အသန့်ရှင်းဆုံးအခန်း။ … သေတ္တာအပေါ်နားပတ်လည်၌ ကရုဏာပလ္လင်ရှိပါသည်။ ယင်းသည်၊ သေတ္တာ၏အောက်ခြေတွင်ရှိပြီး ဂျူးပညတ်တော်တွင် သိထားသည့် အမြင့်မြတ်ဆုံးအပြစ်ဖြေခြင်းကို ပြုလုပ်သည့်၊ ယဇ်ပလ္လင်တစ်ခုအဖြစ် အသုံးပြုခဲ့ပါသည်။ ၎င်းအပေါ်တွင် အပြစ်ဖြေရာနေ့၏ အပြစ်ဖြေရာယဇ်၏အသွေးကို ဖျန်းထားပါသည် (ဝတ်ပြုရာကျမ်း ၁၆:၁၄-၁၅)။ ကရုဏာပလ္လင်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရာအရပ်ဖြစ်၏ (ထွက် ၂၅:၂၂)။”

  16. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ထာဝရတည်မြဲသောပဋိညာဉ်၊” လီယာဟိုနာ၊ အောက်၊ ၂၀၂၂၊ ၅။ ဥက္ကဋ္ဌ နယ်လ်ဆင် ညွှန်ပြထားသည့်အတိုင်း၊ ဟက်ဇက်သည် အင်္ဂလိပ်နှင့်တူညီသော ဘာသာပြန်အတိအကျမရှိသော်လည်း ဓမ္မဟောင်းကျမ်းတွင် အများဆုံးဘာသာပြန်ဆိုချက်မှာကရုဏာဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်း၏ King James Version တွင် ဟက်ဇက် စကားလုံး ၂၄၈ ကြိမ်အနက် ကရုဏာ ကို ၁၄၉ ကြိမ်၊ ကြင်နာမှု အကြိမ် ၄၀ နှင့် ချစ်ခင်ကြင်နာမှု အကြိမ် ၃၀ အသုံးပြုထားပါသည် (ရှု Blue Letter Bible, blueletterbible.org/lexicon/h2617/kjv/wlc/0-1/)။

  17. ရှု အထွေထွေလက်စွဲစာအုပ်၂၂၊၇။ ကယ်တင်ရှင်မှတစ်ပါး မည်သူမျှ ခမည်းတော်ထံသို့ မလာနိုင်ကြောင်း တမန်တော်ယောဟန်က သင်ကြားပေးထားပါသည် (ရှု ရှင်ယောဟန် ၁၄:၆)။ ဩဝါဒနှင့်ပဋိညာဉ်များတွင်၊ ကယ်တင်ရှင်သည် ကျွန်တော်တို့ကိုယ်စား ကရုဏာအတွက် သူ၏အသနားခံချက်ကို အခုလိုလှပစွာဖော်ပြထားပါသည်၊

    “ခမည်းတော်ထံ၌ လျှောက်လဲသူ၊ သူ့ရှေ့၌ သင်တို့အမှုကို တောင်းပန်နေသည့်သူအား နားထောင်ကြလော့—

    “ဆိုလေသည်ကား၊ အဘ၊ အပြစ်မပြုသူ၊ ကိုယ်တော်အလွန်နှစ်သက်တော်မူလေသည့်သူ၏ ဒုက္ခဝေဒနာခံစားခြင်းနှင့် သေခြင်းကို ရှုတော်မူပါ။ သွန်းလေသည့် ကိုယ်တော့်သားတော်၏အသွေး၊ ကိုယ်တော်ကိုယ်တိုင် ဘုန်းထင်ရှားစေကြောင်း ကိုယ်တော်ပေးတော်မူသည့်သူ၏အသွေးကို ရှုတော်မူပါ။

    “သို့ဖြစ်၍၊ အဘ၊ အကျွန်ုပ်၏နာမတော်ကို ယုံကြည်သည့်သူများတည်းဟူသော အကျွန်ုပ်၏ ဤညီအစ်ကိုတို့ကို ကျွန်ုပ်ထံသို့လာ၍၊ ထာဝရတည်မြဲသောအသက်ကို ရနိုင်ကြစေခြင်းငှာ ချမ်းသာပေးတော်မူပါ” (သြဝါဒနှင့် ပဋိညာဥ်များ ၄၅:၃-၅)။

  18. ဥက္ကဋ္ဌ ဂျက်ဖရီ အာရ်၊ ဟော်လန်က ဤသို့ပြောကြားခဲ့ဖူးပါသည်၊ “ဘုရားသခင်ဖြစ်ခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင် အမှန်တကယ် အနှစ်သက်ဆုံးအရာက အထူးသဖြင့် မျှော်လင့်မထားတဲ့သူတွေနဲ့ သူတို့ဟာ မထိုက်တန်ဘူးလို့ မကြာခဏ ခံစားရသူတွေကို၊ ကရုဏာပြရခြင်းအတွက် ပီတိဖြာဝမ်းမြောက်ခြင်းပဲ ဖြစ်ပါတယ်” (“The Laborers in the Vineyard,” လီယာဟိုနာ၊ မေ ၂၀၁၂၊ ၃၃)။ လည်းရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၂၈:၁၉၊ “ယခုတွင်၊ ကျွန်ုပ်တို့လက်ခံရရှိလေသည့် ဧဝံဂေလိတရားတော်၌ အဘယ်အရာကို ကျွန်ုပ်တို့ကြားရသနည်း။ ဝမ်းမြောက်ခြင်းအသံ။ ကောင်းကင်ဘုံမှကရုဏာအသံ၊ ထို့အတူ မြေကြီးမှ ထွက်သည့် သမ္မာတရားအသံ၊ သေသူတို့ အတွက် ဝမ်းသာစရာသတင်း၊ အသက်ရှင်သူတို့နှင့် သေသူတို့အတွက် ဝမ်းသာစရာအသံ၊ ကြီးစွာသောဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာ သတင်းပေတည်း။”

  19. အယ်လမာ ၄၂:၁၅။ ကရုဏာသည် ကယ်တင်ခြင်းအစီအစဉ်၏ အဓိကဗဟိုနေရာတွင် အမြဲရှိပါသည်။ ခရစ်တော်၏အမှုတော်ဤကျမ်းစာသုံးပိုဒ်က ပုံဥပမာဖြစ်ကြပါသည်။ နီဖိုင်းသည် မော်မုန်ကျမ်း၏ပထမအခန်းကြီးကို ဤသို့နိဂုံးချုပ်ထားပါသည်၊ “ရှုလော့၊ ကိုယ်တော်ရှင်၏ နူးညံ့သော ကရုဏာတော်တို့သည် သူရွေးကောက်ထားသောသူ ခပ်သိမ်းတို့အပေါ်၌ ရှိတော်မူ၍၊ သူတို့၏ယုံကြည်ခြင်းကြောင့် လွတ်မြောက်နိုင်သောစွမ်းအား ရရှိသည့်တိုင်အောင်ပင် သူတို့ကို အားကြီးစေတော်မူကြောင်း၊ ငါနီဖိုင်း သင်တို့ကို ပြမည်။” (၁ နီဖိုင်း ၁:၂၀)။

    ထွက်မြောက်ရာကျမ်း ၃၄:၆၌၊ ကိုယ်တော်ရှင်သည် သူ၏နာမတော်ကို မောရှေအား “ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​​သော” ဘုရားသခင်အဖြစ် ကြေညာတော်မူထားပါသည်။ ဓမ္မဟောင်းကျမ်းမှ အခြားမည်သည့်ကျမ်းစာအခန်းငယ်ထက်မဆို ဤအခန်းငယ်ကို ဓမ္မဟောင်းကျမ်းပရောဖက်များက ပို၍ရည်ညွှန်းနိုင်သည်ဟု အချို့က ဆိုကြပါသည် (ရှု၊ ဥပမာ၊ Bible Project, “The Most Quoted Verse in the Bible,” bibleproject.com/podcast/most-quoted-verse-bible/).

    ဓမ္မသစ်ကျမ်း၊ လုကာကျမ်းတွင်၊ ဇာခရိသည် အသက်ကြီးရင့်ချိန်တွင် ဗတ္တိဇံဆရာယောဟန်ဖြစ်သော သားတစ်ဦးကို မွေးဖွားမည်ဟူသော ကောင်းကင်တမန်၏ကတိတော်ကို သံသယဝင်သောကြောင့် “​စကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ” ခဲ့သည်ကို အမှတ်ရပါ (ရှင်လုကာ ၁:၂၀)။ နောက်ဆုံးတွင် ဇာခရိ၏အသံကို ဖြေလွှတ်လိုက်သောအခါ၊ သူသည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” သွားပြီး မေရှိယအတွက်အချိန်သည် နောက်ဆုံးတွင် ရောက်လာပြီဟု ပထမဆုံးလူထုကြေညာချက်တွင်၊ ကိုယ်တော်ရှင်သည် “ငါတို့ဘိုးဘေးတို့အား ကတိပေးခဲ့သော ကရုဏာကိုဆောင်ရွက်ရန်နှင့် ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်နှင့်၊ ကျွန်တော်တို့အဘိုးအဘအာဗြဟံအား ကျိန်ဆိုတော်မူသောကျိန်ဆိုခြင်း ကိုအောက်မေ့ရန်” ကြွလာတော်မူမည်ဟု ပရောဖက်ပြု၍ဟောခဲ့ပါသည် (ရှင်လုကာ ၁:၆၇၊ ၇၂-၇၃၊ အလေးပေးထည့်သွင်းထားသည်)။

  20. Gospel Topics Essays, “First Vision Accounts,” Gospel Library; အထူးသဖြင့် ရှု the 1832 account.

  21. ဂျိုးဇက်စမစ်—သမိုင်း ၁:၂၉ဩဝါဒနှင့် ပဋိညာဉ်များ ၂၀:၅–၆ တွင် ဤတန်ခိုးကြီးသောရူပါရုံတွင် နောင်တရခြင်း၏အခန်းကဏ္ဍကို နောက်ထပ်ဖော်ပြထားပါသည်။ ဂျိုးဇက်သည် “ကျွန်ုပ်အား ကြီးလေးသောအပြစ်တစ်ခုခု၊ ဆိုးရွားသောအပြစ်တစ်ခုခုကျူးလွန်သည်ဟု မည်သူမျှ မထင်မှတ်စရာမလို” ဟုပြောခဲ့သော်လည်း “[သူ၏] အားနည်းချက်များနှင့် မစုံလင်မှုများကြောင့် ပြစ်တင်ရှုတ်ချခံရသည်ဟု ခံစားရ” ပြီး ခွင့်လွှတ်မှုလိုအပ်ခဲ့ပါသည် (ဂျိုးဇက်စမစ်—သမိုင်း ၁:၂၈၊ ၂၉)။

  22. ရှု ဧနုတ် ၁:၁-၈။)

  23. အယ်လမာ ၂၂:၁၈ “အို ဘုရားသခင်၏ သားတော်ယေရှု၊ အကျွန်ုပ်ကို ကရုဏာထားတော်မူပါ” ဟူသည့် အယ်လမာ၏ဆုတောင်းချက်က အလင်းရောင်လွှမ်းမိုးစေပြီး နာကျင်မှုမှ သက်သာရာရစေပါသည် (ရှု အယ်လ်မာ ၃၆:၁၇–၂၀)။ ဥက္ကဋ္ဌ ဂျက်ဖရီ အာရ်၊ ဟော်လန်က အယ်လမာ၏ အသနားခံချက်နှင့် ပတ်သက်၍ ဤသို့ ပြောကြားခဲ့ဖူးပါသည်၊ “ထိုသို့သော ဆုတောင်းချက်သည် တိုတောင်းသော်လည်းပြိုလဲသော လောကတွင် အရေးပါဆုံး ဆုတောင်းချက် ဖြစ်ပါလိမ့်မည်။ အခြားမည်သည့်ဆုတောင်းချက်ကိုမဆို ကျွန်တော်တို့ဆုတောင်းပါစေ၊ အခြားလိုအပ်ရာများရှိပါစေ ‘အို ဘုရားသခင်၏ သားတော်ယေရှု၊ အကျွန်ုပ်ကို ကရုဏာထားတော်မူပါ’ ဟူသည့် အသနားခံချက်ကိုပဲ ပြန်လာကြရပါသည်’” (Our Day Star Rising: Exploring the New Testament with Jeffrey R. Holland [၂၀၂၂]၊ ၁၇၀–၇၁)။

  24. အသင်းလူကြီး ခိုင်ရောလ် အက်စ်၊ မက်ခေးက ဤသို့လှပစွာသင်ကြားပေးခဲ့ပါသည်၊ “ဂျိုးဇက်အသက်တာရဲ့ ပုံမှန်နောင်တရခြင်းက ‘ကရုဏာကိုရစေခြင်းငှာ ကျေးဇူးတော်ပလ္လင်တော်သို့ ရဲရင့်စွာလာ’ ဖို့ ကျွန်တော့်ကို ယုံကြည်စိတ်ချစေပါတယ်” (“The Man Who Communed with Jehovah,” လီယာဟိုနာ၊ နို ၂၀၂၄၊ ၆၁)။

  25. မော်ရော်နိုင်း ၁၀:၃

  26. ပုရပိုက်ပြားများပေါ်တွင် ရေးထွင်းရခြင်း၏ သူရဲ့ရည်ရွယ်ချက်ကို ဖော်ပြထားသော၊ မော်မုန်ကျမ်း၏အစပိုင်း၌ မော်ရော်နိုင်း၏အသနားခံချက်သည် နီဖိုင်း၏မှတ်တမ်းကို နိဂုံးချုပ်ပေးထားပါသည်၊ “ရှုလော့၊ ကိုယ်တော်ရှင်၏ နူးညံ့သော ကရုဏာတော်တို့သည် သူရွေးကောက်ထားသောသူ ခပ်သိမ်းတို့အပေါ်၌ ရှိတော်မူ၍၊ သူတို့၏ယုံကြည်ခြင်းကြောင့် လွတ်မြောက်နိုင်သောစွမ်းအား ရရှိသည့်တိုင်အောင်ပင် သူတို့ကို အားကြီးစေတော်မူကြောင်း၊ ငါနီဖိုင်း သင်တို့ကို ပြမည်” (၁ နီဖိုင်း ၁:၂၀)

  27. မော်ရော်နိုင်း ၁၀:၄

  28. ရှု မော်မုန် ၉:၁၃

  29. အယ်လမာ ၄၀:၂၃၊ “စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာသို့၊ ထို့အတူ၊ ကိုယ်ခန္ဓာသည် စိတ်ဝိညာဉ်သို့ ပြန်လည်ပေါင်းစည်းလိမ့်မည်။ ထိုမှတစ်ပါး၊ ခြေလက်နှင့် အရိုးအဆစ်မှန်သမျှသည် မိမိကိုယ်ခန္ဓာသို့ ပြန်လည်ပေါင်းစည်းလိမ့်မည်။ အမှန်စင်စစ်၊ ဦးခေါင်းမှ ဆံချည်တစ်မျှင်မျှ မပျောက်ဆုံးရ။ ခပ်သိမ်းသောအရာတို့သည် မိမိတို့၏ ပကတိ၊ စုံလင်သောကိုယ်သို့သာ ပြန်လည်ပေါင်းစည်းခံရလိမ့်မည်။”

  30. အယ်လမာ ၃၄:၁၆။ ကိုယ်တော်ရှင်သည် မည်ကဲ့သို့ကရုဏာကြီးကြောင်း ကျွန်ုပ်တို့စဉ်းစားကြည့်သည့်အခါ၊ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘ၏ မေတ္တာပါကရုဏာတစ်ခုတည်းက တရားမျှတမှုကို အနိုင်ယူနိုင်သည်ဟု တွေးမိနိုင်သည့်—ကရုဏာကို တရားမျှတမှုမှ ဖြတ်တောက်ဖို့အတွက် ကျွန်တော်တို့သွေးဆောင်ခံရနိုင်ပါသည်။ သို့သော် အယ်လမာသင်ကြားခဲ့သည့်အတိုင်း၊ “အပြစ်ဖြေခြင်းမင်္ဂလာကို ပြုမထားလျှင်၊ ကရုဏာတော်အစီအစဉ်ကို မဖြစ်စေနိုင်၊ ထို့ကြောင့်၊ ဘုရားသခင်သည် စုံလင်သော၊ တရားမျှတတော်မူသည့် ဘုရားသခင်နှင့် ကရုဏာကြီး တော်မူသော ဘုရားသခင်လည်း ဖြစ်နိုင်ခြင်းငှာ၊ ကရုဏာတော် အစီအစဉ်ကို ဖြစ်စေရန်နှင့် တရားတော်မူခြင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ဘုရားသခင်ကိုယ်တော်တိုင်သည် လောကီသားတို့၏ အပြစ်များအတွက် အပြစ်ဖြေတော်မူ၏” (အယ်လ်မာ ၄၂:၁၅၊ အလေးပေးထည့်သွင်းထားသည်)။

    ကျွန်တော်တို့ အပေါ် ထားသည့် ကယ်တင်ရှင်၏ ကရုဏာပါသော မေတ္တာအားလုံးသည် ကျွန်တော်တို့ကို မကယ်တင်နိုင်ခဲ့ပါ။ ယင်းအစား၊ ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်သည့် တရားမျှတမှု၏ သဘာဝကျသရုပ်မှန်နှင့် နာကျင်မှုအပြည့် လိုအပ်ချက်များကို ကိုယ်တော်ခံစားခဲ့ရခြင်းဖြစ်ပါသည်။ ယင်းက၊ အမှန်တကယ်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၏အရေးပါမှုကို မသေးသိမ်စေပါဘူး။ ကျွန်တော်တို့အတွက် ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့်—ကျွန်တော်တို့ကို ချစ်မြတ်နိုးတော်မူသောအဘ၏အလိုတော်ကို ပြည့်စေလိုသည့်ဆန္ဒကြောင့်—ကိုယ်တော်သည် ဒုက္ခဝေဒနာကို လိုလိုလားလားခံစားခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါသည် (ရှု ရှင်ယောဟန် ၃:၁၆ဩဝါဒနှင့် ပဋိညာဉ်များ ၃၄:၃)။ သို့သော် ချစ်ခြင်းမေတ္တာတစ်ခုတည်းက မအောင်မြင်နိုင်ခဲ့ပါဘူး။

    တစ်ခါတစ်ရံ ကျွန်တော်တို့အပေါ်ထားရှိသည့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို အလွန်အာရုံစိုက်လွန်းသဖြင့်—ပညတ်တော်များနှင့်အညီ မနေထိုင်နိုင်သော ဇာတိပကတိယောက်ျားနှင့် မိန်းမများအဖြစ်—တရားမျှတမှုကို ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟူသော အချက်ကို မျက်ခြည်ပြတ်သွားပါလိမ့်မည်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် တရားမျှတမှု၏လိုအပ်ချက်များကို ဖယ်ရှားပေးသည်ဟု ကျွန်တော်တို့ နားလည်မှုလွဲ၍ရှုမြင်မည်ဆိုလျှင်၊ ကိုယ်တော်၏အပြစ်ဖြေရာယဇ်ဆုကျေးဇူးနှင့် တရားမျှတမှု၏ကြောက်မက်ဖွယ်အဖိုးအခကို ပေးဆပ်ရန် ကိုယ်တော်ပြုလုပ်ခဲ့သော ဒုက္ခဝေဒနာများကို သေးသိမ်သွားစေရာရောက်ပါသည်။ ကျွန်တော်တို့ အပေါ် ထားသော ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် မလိုအပ်ဘဲ အပြစ်ဖြေရာယဇ်ကိုပြုလုပ်သည်ဟု နားလည်ထားမည်ဆိုလျှင် စိတ်ပျက်စရာကောင်းစွာ အထင်နှင့်အမြင် တခြားစီဖြစ်သွားပါလိမ့်မည်။ တရားမျှတမှု၏ လိုအပ်ချက်များကို အသေးစိတ်ကြည့်ပြီး ထိုအမှန်တကယ်လိုအပ်ချက်များကို ကျွန်တော်တို့ကိုယ်စား ခံစား‌ပေးနိုင်လောက်အောင် ကျွန်တော်တို့ကို ကိုယ်တော်ချစ်တော်မူသည့်အတွက် ကျေးဇူးတင်ခြင်းသည် အဘယ်မျှသာ၍ကောင်းလိုက်မည်နည်း။

  31. အယ်လမာ ၇:၁၁-၁၂

  32. မောဇိယ ၃:၁၁

  33. ၂ နီဖိုင်း ၂:၂၅

  34. မောဇိယ ၁၄:၅

  35. မော်ရော်နိုင်း ၁၀:၄

  36. မော်ရော်နိုင်း ၁၀:၃

  37. ဥက္ကဋ္ဌ အမ်၊ ရပ်ဆဲလ် ဘဲလာ့ဒ် က“သင်တို့ သိယုံကြည်သည့်အရာနှင့် သင်တို့ ခံစားရသည့်အရာ” အကြောင်း သက်သေခံချက်ကိုဝေငှဖို့ ကျွန်တော်တို့ကို တိုက်တွန်းထားပါသည် (“အရေးအကြီးဆုံးကို သတိရလော့၊” လီယာဟိုနာ၊ မေ၊ ၂၀၂၃၊ ၁၀၇)။

  38. ဤအကြံပြုချက်ကို ကမ်းလှမ်းရာတွင်၊ မော်မုန်ကျမ်း သို့မဟုတ် ဧဝံဂေလိ၏ အမှန်ဖြစ်ခြင်းအကြောင်း သက်သေခံချက်အတွက် အစားထိုး “နည်းလမ်း” တစ်ခုကို ကမ်းလှမ်းရန် ကျွန်တော်ရည်ရွယ်ခြင်းမဟုတ်ပါ။ အသင်းလူကြီး ဒေးဗစ် အေ၊ ဘက်ဒ်နာ သင်ကြားပေးခဲ့သည့်အတိုင်း၊ ဗျာဒိတ်တော်သည် “မှောင်သောအခန်း၌ ဖွင့်ထားသောအလင်း” ကဲ့သို့ဖြစ်လာနိုင်ပြီး ထိုနေရာတွင် ဗျာဒိတ်တော်ကို “အလျင်အမြန်၊ အပြည့်အဝ၊ တစ်ပြိုင်နက်” လက်ခံနိုင်ပါသည်။ ယင်းသည် “ပေါ်ထွက်လာသော နေရောင်မှ တဖြည်းဖြည်း ထွန်းလင်းလာသော အလင်းရောင်တိုးများလာသလို … ‘ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု’ ကဲ့သို့လည်း ထွက်ပေါ်လာနိုင်ပါသည် (၂ နီဖိုင်း ၂၈:၃၀)။ … ကောင်းကင်ဘုံရှင်အဘထံမှ ထိုသို့သောဆက်သွယ်မှုများသည် ‘ကောင်းကင်မှ နှင်းကဲ့သို့ [ကျွန်တော်တို့၏စိတ်ဝိညာဉ်] ကိုဖြည်းညှင်းစွာ သက်ရောက်’ စေပါသည်။ [ဩဝါဒနှင့်ပဋိညာဉ်များ၁၂၁:၄၅]။ ဤဗျာဒိတ်တော်ပုံစံသည် ရှားပါးသည်ထက် အဖြစ်များတတ်ပါသည်” (“The Spirit of Revelation၊” လီယာဟိုနာ၊ မေ ၂၀၁၁၊ ၈၈)။