ဘုရားသခင်ကို မျှော်လင့်၍ အသက်ရှင်ပါ
ဘုရားသခင်ကိုမျှော်လင့်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုများနဲ့ လူမျိုးများပင်လျှင် ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လမှာ၊ တောင်အာဖရိကရှိ လဆိုထိုနိုင်ငံမှာ ဆိုးဝါးတဲ့မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသင်းတော်ရဲ့ မာပုဆိုအသင်းတော်ခွဲမှ လူငယ်အမျိုးသမီး အယောက်နှစ်ဆယ်နဲ့ သူတို့ရဲ့ခေါင်းဆောင် ခုနစ်ယောက်ကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားငယ်ဟာ သူတို့ရဲ့ခရိုင်မြို့ကနေ လူငယ်အမျိုးသမီးများစုဝေးခြင်းအတွက် မြို့တော် မာဆယ်ရုသို့ ဦးတည်မောင်းခဲ့ပါတယ်။ မနက်ပိုင်းအချိန်မှာ နှစ်လမ်းမောင်း အဝေးပြေးလမ်းမပေါ် သူတို့ဖြတ်သန်းခဲ့ကြတဲ့အခါ၊ ဆန့်ကျင်ဘက်လားရာကလာနေတဲ့ ကားတစ်စီးက၊ အခြားယာဉ်တစ်စီးကို ကျော်တက်ဖို့ကြိုးပမ်းနေပြီး၊ ဘတ်စ်ကားနေရာယူထားတဲ့ လမ်းပေါ်ကိုတက်လာခဲ့ပါတယ်။ မျက်နှာချင်းဆိုင်တိုက်မှုကို ရှောင်လွှဲဖို့ နေရာရော အချိန်ရော မရှိခဲ့ပါဘူး၊ ပြီးတော့ စက္ကန့်ပိုင်းအတွင်း ယာဉ်တွေတိုက်မိပြီး လမ်းမပေါ်မှလှိမ့်ကျကာ မီးတောက်လောင်ခဲ့ပါတယ်။
ဒီမတော်တဆမှုမှာ၊ လူငယ်အမျိုးသမီး ခြောက်ယောက်၊ လူငယ်အမျိုးသမီးအဖွဲ့ခေါင်းဆောင် နှစ်ယောက်နဲ့ အသင်းတော်ခွဲဥက္ကဋ္ဌနဲ့ သူ့ရဲ့ဇနီးသည်အပါအဝင် စုစုပေါင်း လူဆယ့်ငါးယောက်သေဆုံးခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက အမျက်ထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ အပြစ်ရှိသလိုခံစားရတဲ့ အခိုက်အတန့်တွေအပါအဝင် စိတ်ခံစားချက်အမျိုးမျိုးကို ဖော်ပြခဲ့ကြပါတယ်။ ဒီခံစားချက်တွေနဲ့အဖြေမရသေးတဲ့မေးခွန်းတွေရှိနေခဲ့ပေမဲ့၊ သူတို့ဟာ အချင်းချင်းနှစ်သိမ့်ပေးခဲ့ကြပြီး သူတို့နှစ်သိမ့်မှုရှာတွေ့ခဲ့တဲ့ သန့်ရှင်းမွန်မြတ်တဲ့တေးဂီတ၊ ကျမ်းစာတွေနဲ့ ဆုတောင်းချက်တွေအားဖြင့် ဘုရားသခင်ထံလှည့်ခဲ့ကြပါတယ်။ ခုနစ်နှစ်အရွယ် အသက်ရှင်ကျန်ရစ်သူ ဆတ်ဆိုအန်နာ ဆလယ်ဘဲလီက “သမီးတို့နှလုံးသားတွေနာကျင်ပေမဲ့၊ ယေရှုခရစ်တော်က သမီးတို့ကိုချစ်ပြီး သမီးတို့နဲ့အတူရှိနေပါတယ်”လို့ သက်သေခံခဲ့ပါတယ်။
မီးလောင်ဒဏ်ရာကုသမှုတွေအတွက် ဆေးရုံတင်ထားရတဲ့ လူငယ်အမျိုးသမီးတစ်ဦးနဲ့ ခေါင်းဆောင်တစ်ဦးတို့ဟာ မော်မုန်ကျမ်းကို အတူတူလေ့လာခဲ့ကြပါတယ်။ တစ်ယောက်က ဒီလိုပြောခဲ့ပါတယ်၊ “အခုတစ်လော၊ ကျွန်မတို့ မော်ရော်နိုင်းကျမ်းကို ဖတ်နေခဲ့ပါတယ်။ ကျွန်မခံစားနေခဲ့ရတာကို မော်ရော်နိုင်းက အဲ့မှာအတိအကျ ပြောထားပါတယ်။ … သူစကားပြောတဲ့အခါ၊ ‘ဒီစကားတွေကို သင်လေ့လာရမယ် ဘာကြောင့်လဲဆိုတော့ ဒီအခက်အခဲကိုကျော်လွှားရာမှာ သင့်ကိုကူညီဖို့အတွက် ဒါတွေကိုရေးထားခဲ့တာပါ ’လို့ သူပြောနေသလိုပါပဲ။”
ဆုံးပါးသွားတဲ့သူတွေအတွက် ပူးတွဲအသုဘအခမ်းအနားမှာ၊ ဒေသခုနစ်ကျိပ်အဖွဲ့ဝင် အသင်းလူကြီး ဆီရဘွန်ဂါ မခိုက်ဇ်က၊ “ဒီအချိန်မှာ ကျွန်တော်တို့အားလုံး ဘုရားသခင်ထံလှည့်ကြပြီး ကျွန်တော်တို့ရဲ့နှလုံးသားတွေကို နှစ်သိမ့်ပေးဖို့နဲ့ … ကျွန်တော်တို့ခံစားရတဲ့ နာကျင်မှုကိုသက်သာစေဖို့ ကိုယ်တော့်ကို တောင်းလျှောက်သင့်ပါတယ်”လို့ အကြံပြုခဲ့ပါတယ်။ အနီးအနားရှိ လရီဘေး အသင်းတော်ခွဲမှ လူငယ်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ၊ မန်းဖို မခူးရာက အခုလိုတိုက်တွန်းခဲ့ပါတယ်၊ “ကိုယ်တော်ရှင်ထံလှည့်ပြီး ကိုယ်တော့်အလိုတော်ကို လက်ခံဖို့ ခွန်အားကိုရှာဖွေပါ။ ယေရှုခရစ်တော်က ‘ကျွန်မတို့ရဲ့ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသောသူ’ဖြစ်ပါတယ် [ဟေဗြဲ ၁၂:၂]။ မျက်နှာလွှဲမသွားဘဲ၊ ကိုယ်တော့်ကိုမျှော်လင့်ပါ။”
ကိုယ်တော့်ကို မျှော်လင့်ပါ။ သူမရဲ့စကားလုံးတွေက သူ့သားဟေလမန်အတွက် အယ်လမာရဲ့အကြံပြုချက်ဖြစ်တဲ့ “ဘုရားသခင်ကို မျှော်လင့်၍ အသက်ရှင်ရမည့်အကြောင်း သတိပြုလော့”ဆိုတဲ့ စကားနဲ့ ဆင်တူပါတယ်။ လီယာဟိုနာနဲ့အတူ လေဟိနဲ့ သူ့လူတို့ရဲ့အတွေ့အကြုံကို အယ်လမာက သင်္ကေတတစ်ခုအဖြစ် ကိုးကားခဲ့ပါတယ်၊ “ငါတို့ဘိုးဘေးတို့အား ကတိတော်မြေသို့သွားရာ ဖြောင့်သောလမ်းကြောင်းကို ညွှန်ပြလေမည့် လမ်းညွှန်လုံးကို ပမာဏပြုခဲ့လေသကဲ့သို့ပင်၊ သင့်အား ထာဝရပျော်ရွှင်ချမ်းမြေ့ခြင်းသို့သွားရာ ဖြောင့်သောလမ်းကြောင်းကို ညွှန်ပြမည့် ခရစ်တော်၏နှုတ်ကပတ်တော်ကို ပမာဏပြုရန် လွယ်ကူပေ၏။” အယ်လမာက ဒီလိုပြောခဲ့ပါတယ်၊ “သူတို့ ကြည့်လျှင်၊ သူတို့အသက်ရှင်နိုင်၏။ … ငါတို့ကြည့်မည်ဆိုလျှင်၊ ကာလအစဉ်အဆက်ငါတို့အသက်ရှင်နိုင်ပေ၏။”
နောက်တစ်ကြိမ်မှာတော့၊ မီးမြွေတွေကြောင့် ရှေးဣသရေလအမျိုးသားတွေ ဒုက္ခရောက်ခဲ့ကြတဲ့အချိန် မောရှေ ကိုင်မြှောက်ခဲ့တဲ့ ကြေးဝါမြွေရဲ့ ပုံဥပမာကို အယ်လမာက ကိုးကားခဲ့ပါတယ်။ ကိုယ်တော်ရှင်က မြွေပုံသဏ္ဌာန်အရုပ်ကိုလုပ်ဖို့နဲ့ “အကိုက်ခံရသောသူတိုင်းကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်” ဆိုတဲ့ကတိတော်နဲ့ ၎င်းကိုတိုင်ပေါ်မှာမြှောက်ထားဖို့ မောရှေကိုပြောခဲ့ပါတယ်။ ကြေးဝါရုပ်က လက်ဝါးကပ်တိုင်ပေါ်မှာ မြှောက်ထားခြင်းခံရမယ့်၊ ခရစ်တော်ရဲ့ သင်္ကေတ သို့မဟုတ် အမှတ်လက္ခဏာဖြစ်ကြောင်း အယ်လမာက ရှင်းပြခဲ့ပါတယ်။ လူများစွာက အမှန်ပင်ကြည့်ခဲ့ကြပြီး အသက်ရှင်ခဲ့ကြပါတယ်၊ ဒါပေမဲ့ အခြားသူတွေက၊ အယ်လမာရဲ့စကားအရ၊ စိတ်နှလုံး“အလွန်မာကျော”တာကြောင့် သူတို့ လုံးဝမကြည့်ကြဘဲ ပျက်စီးခဲ့ကြပါတယ်။
အယ်လမာက မေးခဲ့ပါတယ်၊
“သင်တို့သည် အနာကင်းစေခြင်းငှာ၊ သင်တို့၏မျက်လုံးနှင့် ကြည့်ရုံသက်သက်ဖြင့် အနာကင်းနိုင်မည်ဆိုလျှင်၊ လျှင်မြန်စွာ မကြည့်လိုကြသလော။ သို့မဟုတ်၊ သင်တို့သည် မယုံကြည်ခြင်းဖြင့် သင်တို့စိတ်နှလုံးကိုမာကျောစေလျက်၊ ပျင်းရိသဖြင့် သင်တို့မျက်လုံးနှင့် မကြည့်လို၍ ပျက်စီးနိုင်သည်ကို သာ၍အလိုရှိကြသလော။”
“ … သင်တို့၏မျက်လုံးနှင့်ကြည့်၍ ဘုရားသခင်၏သားတော်ကို ယုံကြည်စပြုရမည်မှာ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနုတ်ခြင်းငှာ၊ ကြွလာတော်မူမည်ဖြစ်ကြောင်း၊ သူတို့၏အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ ဒုက္ခဝေဒနာခံစား၍ သေမည်ဖြစ်ကြောင်းနှင့် သေရာမှ တစ်ဖန်ထမြောက်၍၊ ထိုအမှုက ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေသဖြင့်၊ လူသားခပ်သိမ်းတို့သည် သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန် နောက်ဆုံးသော တရားစီရင်တော်မူရာနေ့၌ သူ့ရှေ့မှာရပ်ရမည်ဖြစ်ကြောင်းတို့ပေတည်း။”
ဟုတ်ပါတယ်၊ “ဘုရားသခင်ကိုမျှော်လင့်၍ အသက်ရှင်”ဖို့ အကြံပြုချက်မှာ ထာဝရကာလမှာ ကျွန်တော်တို့အတွက်ရည်မှန်းချက်ရှိရုံတင်မကဘဲ၊ ကျွန်တော်တို့ရဲ့သေခြင်းရှိရာအသက်တာတွေရဲ့ စရိုက်လက္ခဏာနဲ့အရည်အသွေးတွေမှာ ကြီးမားတဲ့ပြောင်းလဲမှုကိုလည်း ဖြစ်စေပါတယ်။ လဆိုတိုက ညီမငယ် ဆလယ်ဘဲလီရဲ့ ရှေ့ပိုင်းမှာပြောခဲ့တဲ့ စကားတွေကို သတိရပါ—“သမီးတို့နှလုံးသားတွေနာကျင်ပေမဲ့၊ ယေရှုခရစ်တော်က သမီးတို့ကိုချစ်ပြီး သမီးတို့နဲ့အတူရှိပါတယ်။”
ဒါဟာ နတ်ဆိုးလှုပ်ရှားထကြွတဲ့နေရာနဲ့ လူတိုင်းမပြည့်စုံတဲ့နေရာဖြစ်တဲ့ ပြိုလဲကျဆင်းနေတဲ့လောကရဲ့သဘာဝထဲမှာဖြစ်တာကြောင့် စိတ်ပျက်ခြင်းတွေ၊ စိတ်ဆိုးခြင်းတွေ၊ ဒုက္ခဝေဒနာခံစားခြင်းနဲ့ ဝမ်းနည်းကြေကွဲမှု၊ ကျရှုံးမှုနှင့် ဆုံးရှုံးမှု၊ ညှဉ်းဆဲခြင်းနဲ့မတရားမှုတွေ ရှိပါလိမ့်မယ်။ ဘုရားသခင်ကိုမျှော်လင့်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုများနဲ့ လူမျိုးများပင်လျှင် ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က၊ “ကယ်တင်ရှင်ဟာ သူရဲ့အနှိုင်းမဲ့ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကျွန်တော်တို့အယောက်စီတိုင်းကို အားနည်းချက်၊ အမှားတွေနဲ့ အပြစ်တွေကနေ ရွေးနုတ်ခဲ့တာကြောင့်၊ ပြီးတော့ သူက သင်တို့မှာရှိခဲ့ဖူးတဲ့ နာကျင်မှု၊ စိုးရိမ်မှုနဲ့ ဝန်လေးမှုမှန်သမျှကို ခံစားခဲ့ပြီးတာကြောင့် [ရှု အယ်လမာ ၇:၁၁–၁၃]၊ သင်တို့ဟာ အမှန်တကယ်နောင်တရပြီး သူ့ရဲ့အကူအညီကိုရှာဖွေကြတာနဲ့အမျှ သင်ဟာ ဒီလက်ရှိ မရေရာလှတဲ့လောကကို ကျော်လွှားနိုင်ပါတယ်” လို့ သင်ကြားခဲ့ပါတယ်။
“သင်တို့သည် ငါ၏ပညတ်တော်တို့ကို စောင့်ထိန်းကြသမျှ၊ ထိုပြည်၌ အောင်မြင်ကြလိမ့်မည်။ သို့ရာတွင်၊ ငါ၏ပညတ်တော်တို့ကို မစောင့်ထိန်းကြသမျှ၊ ငါ၏မျက်မှောက်မှ ပယ်ရှင်းခံကြရလိမ့်မည်” ဆိုတဲ့ ဒီကတိတော်ထက် မော်မုန်ကျမ်းထဲမှာ ဘယ်ကတိတော်ကိုမှ အကြိမ်ကြိမ်ထပ်မပြောထားပါဘူး။ ရာစုနှစ်များတစ်လျှောက် မော်မုန်ကျမ်းထဲကလူတွေရဲ့ ကိုယ်တွေ့ဘဝအတွေ့အကြုံတွေက ဒီစကားတွေရဲ့အမှန်တရားကို ဖော်ပြနေပါတယ်။ “အောင်မြင်တယ်” ဆိုတာ သူတို့အသက်တာတွေထဲမှာ ကောင်းကင်ဘုံရဲ့ လမ်းညွှန်မှုနဲ့ ကောင်းချီးတွေ ခံစားရခြင်းကို ဆိုလိုပါတယ်။ “အောင်မြင်တယ်” ဆိုတာ အိမ်ထောင်ပြုဖို့၊ မိသားစုများပြုစုပျိုးထောင်ဖို့နဲ့ တစ်ပါးသူတွေရဲ့လိုအပ်ချက်တွေကို အမှုတော်ဆောင်ဖို့ သူတို့ကိုအခွင့်ပေးတဲ့ စီးပွားရေးတိုးတက်မှုအနေအထားရောက်ရှိခြင်းကို ဆိုလိုပါတယ်။ “အောင်မြင်ခြင်း”မှာ အခက်အခဲနဲ့စုံစမ်းခြင်းကို ကျော်လွှားဖို့ လုပ်နိုင်စွမ်းပါဝင်ပါတယ်။ ခရစ်တော်ရဲ့ကျေးဇူးတော်အားဖြင့်၊ “[သူတို့၏]အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစု[ခဲ့]ကြ”ပြီး၊ သူတို့ကို သန့်စင်စေခဲ့ကာ ကိုယ်တော်နဲ့သူတို့ရဲ့ဆက်ဆံရေးကို နက်ရှိုင်းစေခဲ့ပါတယ်။
ဘုရားသခင်ကိုမျှော်လင့်ခြင်းဆိုတာ သူ့ပညတ်တော်တွေကို စောင့်ထိန်းဖို့၊ သူ့အကူအညီအတွက် သူ့ထံစဉ်ဆက်မပြတ်တောင်းလျှောက်ဖို့၊ သင့်ရဲ့အမှုမှန်သမျှမှာ သူနဲ့တိုင်ပင်ဖို့နဲ့ သင့်ရဲ့စိတ်နှလုံးကို သူ့ထံ ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ နေ့ရောညပါပြည့်စေဖို့ဖြစ်တယ်လို့ အယ်လမာက ရှင်းပြခဲ့ပါတယ်။ ဘုရားသခင်ရဲ့ပညတ်တော်တွေနဲ့ အကြံဉာဏ်ကို ကျမ်းစာတွေနဲ့ သူ့အစေခံတွေရဲ့စကားတွေမှာ တွေ့ရပါတယ်။ “မိသားစု-လောကသို့ကြေညာချက်”မှာ ချမှတ်ထားတဲ့ အခြေခံသဘောတရားတွေနဲ့ စံနမူနာတွေဟာ အဓိကဥပမာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူငယ်တို့အတွက်ခွန်အားစာစောင်မှာတွေ့ရတဲ့ လမ်းညွှန်မှုဖြစ်ပါတယ်။ ဒီနှစ်အတွက် လူငယ်အမျိုးသားအဖွဲ့နဲ့ လူငယ်အမျိုးသမီးအဖွဲ့ဆောင်ပုဒ်က “ခရစ်တော်ကို မှီခိုအားကိုးပါ” ဖြစ်ပါတယ်။ ဒါကို “အတွေးအကြံမှန်သမျှ၌ ငါ့ကို မှီခိုအားကိုးလော့။ ယုံမှားသံသယမရှိနှင့်။ ကြောက်ခြင်းမရှိနှင့်။”ဆိုတဲ့ ဂျိုးဇက်စမစ်နဲ့ အော်လီဗာကောင်ဒရီတို့အတွက် ကိုယ်တော်ရှင်ရဲ့ နှစ်သိမ့်မှုပေးတဲ့ညွှန်ကြားချက်မှ ရယူခဲ့ပါတယ်။ လူငယ်တို့အတွက်ခွန်အားက ဘုရားသခင်ရဲ့ အရေးအကြီးဆုံးပညတ်တော်တွေနဲ့ စံနှုန်းတွေထဲက အချို့အကြောင်းပြောထားပြီး ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ရာမှာ ကိုယ်တော်ရှင်ကို ဘယ်လိုမျှော်လင့်ရမလဲဆိုတာကို သင်ကြားပေးပါတယ်။ ဒါဟာ လူငယ်တွေအတွက်သာမဟုတ်ဘဲ ကျွန်တော်တို့အားလုံးအတွက် လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။
အလွန်အရေးပါတဲ့ဥပမာတစ်ခုအဖြစ်၊ လူငယ်တို့အတွက်ခွန်အားမှာ “သင့်ကိုယ်ခန္ဓာသည် သန့်ရှင်းမွန်မြတ်၏”လို့ ခေါင်းစဉ်တပ်ထားတဲ့ အခန်းမှာ အဓိကကျတဲ့လမ်းညွှန်မှု ရှိပါတယ်။ အဲ့ထဲမှာ ဒီလို ညွှန်ကြားပါတယ်၊ “သင့်ကိုယ်ခန္ဓာ—နှင့် အခြားသူများ၏ကိုယ်ခန္ဓာများကို—လေးစားမှုဖြင့် ဆက်ဆံပါ။ သင်၏အဝတ်အစား၊ ဆံပင်ပုံစံ၊ အသွင်သဏ္ဌာန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို သင်ပြုလုပ်သည့်အခါ၊ ‘ကျွန်ုပ်သည် ကျွန်ုပ်၏ကိုယ်ခန္ဓာကို ဘုရားသခင်ထံမှ သန့်ရှင်းမွန်မြတ်သောဆုကျေးဇူးတစ်ခုအဖြစ် ရိုသေနေပါသလား’ဟု မိမိကိုယ်ကိုမေးပါ။”
လူငယ်တို့အတွက်ခွန်အားမှာ ထပ်မံဖော်ပြထားပါတယ်၊ “လိင်ကိစ္စနှင့် လိင်ပိုင်းဆိုင်ရာခံစားချက်များအား သန့်ရှင်းမွန်မြတ်စွာထိန်းသိမ်းပါ။ ၎င်းတို့သည် ကျီစယ်ခြင်းများ သို့မဟုတ် ဖျော်ဖြေမှု၏ အကြောင်းကိစ္စ မဖြစ်သင့်ပါ။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးအကြား အိမ်ထောင်ဖက်ပြုခြင်းပြင်ပတွင်၊ အခြားသူ၏ကိုယ်ခန္ဓာ၏ ကိုယ်ပိုင်နှင့်သန့်ရှင်းမွန်မြတ်သောအစိတ်ပိုင်းများအား အဝတ်ဝတ်ဆင်ထားသော်ငြားလည်း ထိတွေ့ခြင်းသည် မလျော်ကန်ပါ။ သင် လုပ်ဆောင်၊ ကြည့်မြင်၊ ဖတ်ရှု၊ နားထောင်၊ စဉ်းစား၊ ပို့စ်တင် သို့မဟုတ် ရေးသားသည့်အရာများနှင့်ပတ်သက်သည့် သင့်ရွေးချယ်မှုများတွင်၊ တစ်ပါးသူများ သို့မဟုတ် သင်ကိုယ်တိုင်၌ ကာမစိတ်ဆိုင်ရာ ခံစားချက်များကို ရည်ရွယ်ချက်ရှိရှိ နှိုးဆွပေးသော အရာမှန်သမျှကို ရှောင်ရှားပါ။”
ဒါက ဥက္ကဋ္ဌ နယ်လ်ဆင်ရဲ့ မကြာသေးမီက ဆုံးမခြင်းကို အမှတ်ရစေပါတယ်၊
“ဒီမြင့်မြတ်တဲ့ [ကာမအပြစ်ကင်းစင်ခြင်းရဲ့]ပညတ်ကို ချိုးဖောက်ခြင်းထက် သင့်ဘဝကို ပိုပြီးမြန်မြန်ရှုပ်ထွေးစေတဲ့အရာက အနည်းငယ်သာရှိပါတယ်။ ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုပြီးတဲ့သူတွေအဖို့၊ စာရိတ္တပျက်ခြင်းဟာ သင့်သက်သေခံချက်ကို အမြန်ဆုံးပျောက်ဆုံးစေတဲ့နည်းတွေထဲက တစ်ခုဖြစ်ပါတယ်။
“… ဘဝကို ဖန်တီးနိုင်စွမ်းဟာ ကောင်းကင်ဘုံရှင်အဘက ကိုယ်တော့်သားသမီးတွေကျင့်သုံးဖို့ အခွင့်ပေးထားတဲ့ ဘုရားဂုဏ် အထူးအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်၊ ဘုရားသခင်က ဒီအသက်ရှင်တဲ့မြင့်မြတ်သောစွမ်းအားအသုံးပြုခြင်းအတွက် ရှင်းလင်းတဲ့လမ်းညွှန်မှုချထားပါတယ်။ ကိုယ်လက်နှီးနှောခြင်းဟာ လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက် သာ ဖြစ်ပါတယ်။
“လောကရဲ့အများစုက ဒါကို မယုံကြပါဘူး၊ ဒါပေမယ့် အများအထင်အမြင်ဟာ သမ္မာတရားကို စီရင်နိုင်တဲ့အရာမဟုတ်ပါဘူး။ ကာမ မစင်ကြယ်သူအဘယ်သူမျှ ဆီလက်ရှယ်လ်နိုင်ငံတော်ကို ရမည်မဟုတ်လို့ ကိုယ်တော်ရှင် ကြေညာခဲ့ပါတယ်။… သင်ဟာ ကာမ မစင်ကြယ်ခြင်းရှိခဲ့ရင်၊ နောင်တရဖို့ သင့်ကိုကျွန်တော်တောင်းဆိုပါတယ်။ သင့်အပြစ်များမှ အပြည့်အဝနောင်တရတာနဲ့အမျှ ခရစ်တော်ထံလာပြီး ကိုယ်တော်ရဲ့ အကြွင်းမဲ့ ခွင့်လွှတ်ခြင်းကတိတော်ကိုလက်ခံရရှိပါ။ [ရှု ဟေရှာယ ၁:၁၆–၁၈; ဩဝါဒနှင့် ပဋိညာဉ်များ ၅၈:၄၂–၄၃]။”
မော်မုန်ကျမ်းရှိ ကတိတော်ကိုသတိရပါ၊ အောင်မြင်မှုရဲ့ဆန့်ကျက်ဘက်က ဆင်းရဲနွမ်းပါးခြင်းမဟုတ်ပါဘူး—ကိုယ်တော်ရှင်ရဲ့မျက်မှောက်မှ ပယ်ရှင်းခံခြင်းဖြစ်ပါတယ်။ ကိုယ်တော့်ရဲ့မျက်မှောက်တော်က လူတစ်ဦးရဲ့အသက်တာမှာ ကိုယ်တော့်ဝိညာဉ်တော်ရဲ့လွှမ်းမိုးမှုကို ရည်ညွှန်းပါတယ်။ လူသားအားလုံးဟာ လောကသို့ရောက်လာတဲ့အခါ သူတို့ကို ခရစ်တော်ရဲ့အလင်းနဲ့ပြည့်ဝစေပါတယ်။ ဒါ့အပြင်၊ တစ်ချို့ဟာ ဗတ္တိဇံခံယူပြီး ဆုကျေးဇူးကို လက်ခံရရှိဖို့လုပ်ဆောင်ကာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းကို ထပ်ထည့်ခဲ့ကြပါတယ်။ ကိုယ်တော်က လမ်းပြလှုံ့ဆော်မှုနဲ့ လမ်းညွှန်မှုကို ယူဆောင်လာပြီး၊ လူတစ်ဦးရဲ့ ပကတိဆုကျေးဇူးတွေနဲ့အရည်အချင်းတွေကို မြှင့်တင်ပြီးသန့်စင်ပေးကာ၊ မာရ်နတ်လွှမ်းမိုးမှုတွေ၊ ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ လမ်းဆုံးမှုတွေကို ရှောင်ရှားဖို့ ကူညီပါတယ်။
သင်တို့လိုပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူးကို အရင်ကပျော်မွေ့ခဲ့ပေမဲ့ ဘုရားသခင်ရဲ့ပညတ်တော်တွေကိုစောင့်ထိန်းဖို့ ပျက်ကွက်ခြင်းကြောင့် အဲဒီကောင်းချီးကိုဆုံးရှုံးခဲ့တဲ့သူအချို့ကို ကျွန်တော်သိပါတယ်။ လွန်ကျူးခြင်းကြောင့် အသင်းတော်မှာ သူ့ရဲ့အသင်းသားဖြစ်ခြင်းကို ရုပ်သိမ်းခံခဲ့ရတဲ့ သူတစ်ယောက် အထူးသဖြင့် ကျွန်တော့်စိတ်ထဲပေါ်လာပါတယ်။ သူ့ရဲ့အစပိုင်းတုံ့ပြန်မှုက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ သူပြောခဲ့ပါတယ်။ မစုံလင်တဲ့ ခေါင်းဆောင်တွေက ဝေဖန်ကြတယ်လို့ သူခံစားခဲ့ရပါတယ်။ သူ့ရဲ့အပြုအမူက မှားယွင်းခဲ့တယ်ဆိုတာသူသိခဲ့ပါတယ်၊ ဒါပေမဲ့ ဒါကို သူက အခြားသူတွေရဲ့အပြစ်အနာအဆာတွေနဲ့ ချွတ်ယွင်းချက်တွေကို ညွှန်ပြခြင်းနဲ့ ရှာကြံအကြောင်းပြခဲ့ပါတယ်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ သူဟာ အမှုတော်ဆောင်တာဝန်တွေရဲ့ ဝတ္တရားနဲ့ ဝတ်ပြုအစည်းအဝေးတွေကို တက်ရောက်ခြင်းနဲ့ အခြားသူတွေကို အမှုတော်ဆောင်ခြင်းရဲ့ မျှော်မှန်းချက်တွေမရှိဘဲ အသင်းတော်ပြင်ပက လူနေမှုဘဝပုံစံမှာ သက်တောင့်သက်သာ စဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့အချိန်အတော်ကြာဆက်နေခဲ့ပါတယ်၊ ဒါပေမဲ့ သူ့အသက်တာမှာ ဘုရားသခင်ရဲ့မျက်မှောက်တော်—သန့်ရှင်းသောဝိညာဉ်တော် မရှိတာကို ပိုပြီး ပြင်းပြစွာစတင်ခံစားခဲ့ရပါတယ်။ နေ့စဉ်နေ့တိုင်းမှာ ဝိညာဉ်တော်က ဆောင်ယူလာပေးတဲ့ နှစ်သိမ့်မှု၊ လမ်းညွှန်မှုနဲ့ ယုံကြည်စိတ်ချမှုရှိတာက ဘယ်လိုမျိုးလဲဆိုတာ အတွေ့အကြုံအရသူသိခဲ့ပြီး၊ အဲဒါကို သူလွမ်းနေခဲ့ပါတယ်။ နောက်ဆုံးမှာ၊ နောင်တရဖို့၊ ရေအားဖြင့်နဲ့ ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံခံခြင်းအတွက် နောက်တစ်ခေါက် အရည်အချင်းပြည့်မီစေဖို့ လိုအပ်တာတွေကို သူလုပ်ခဲ့ပါတယ်။
ရည်မှန်းချက်၊ ပျော်ရွှင်မှုနဲ့ အကူအညီအတွက် လူတွေမျှော်လင့်ကြတဲ့ မတူညီတဲ့အရင်းမြစ်တွေဟာ အဆုံးမရှိသလိုပါပဲ။ အများစုက “ပန်းတုံးတိုင်ကို လွန်၍ကြည့်” နေကြပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့ဟာ “ဩဝါဒ [သို့မဟုတ် ရေပန်းစားမှု] လေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်”မဖြစ်သွားဖို့ လိုအပ်ပါတယ်။ ဘုရားသခင်ကိုမျှော်လင့်ခြင်းမှာ၊ ကျွန်တော်တို့ဟာ အခက်အခဲထဲမှာ ငြိမ်သက်ခြင်းကို ရှာတွေ့နိုင်ပြီး ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာ သံသယနဲ့ ဝိညာဉ်ရေးရာစိန်ခေါ်မှုရှိချိန်တွေမှာတောင် ဆက်လက်တိုးပွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဆန့်ကျင်ခြင်းနဲ့ သီးသန့်ရပ်တည်မှု ရင်ဆိုင်ရချိန်မှာ ခွန်အားကိုရရှိနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စိတ်ကူးထားတဲ့စံနှုန်းနဲ့ လက်ရှိအခြေအနေမှန်ကို ပြေလည်အောင် ညှိနှိုင်းနိုင်ပါတယ်။ အမှန်တော့၊ ဘုရားသခင်ကိုယ်တော်တိုင် ချမှတ်ခဲ့တဲ့အရာထက် အခြားနည်းလမ်း မရှိပါဘူးခင်ဗျာ၊ “မြေကြီးစွန်းသားအပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။”
ဘုရားသခင်ကိုမျှော်လင့်ခြင်းက ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးမှုတွေထဲက တစ်ခုသာဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ အဲတာထက်၊ သူက ကျွန်တော်တို့ရဲ့ အမြင့်ဆုံးဦးစားပေးမှုဖြစ်တယ်လို့ဆိုလိုတာပါ။ လွန်ခဲ့တဲ့ဇွန်လက လဆိုထိုမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအလွန်ဆိုးရွားတဲ့ယာဉ်တိုက်မှုကို ကျွန်တော်ထပ်မံသတိရမိပါတယ်။ အသင်းတော်ကို မပါဝင်ခင်မှာ ဘုရားသခင်ကိုမယုံကြည်ခဲ့တဲ့ သူမရဲ့ဘဝကိုဘာကြောင့် ချမ်းသာပေးခဲ့လဲဆိုတာကို ဖော်ထုတ်ဖို့က ယခု သူမရဲ့ရည်ရွယ်ချက်ဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ လူငယ်အမျိုးသမီးအဖွဲ့ခေါင်းဆောင်တစ်ဦးက သူမရဲ့ဆေးရုံကုတင်ကနေ ပြောခဲ့ပါတယ်။ “ကျွန်မအဖြေကိုရလာတယ်ဆိုရင်၊ စဉ်ဆက်မပြတ် ဘုရားသခင်ကိုအစေခံခြင်းဟာ ကျွန်မအဖြေကိုဘယ်လိုရလာသလဲဆိုတာပါပဲ” လို့ သူမက ပြောကြားခဲ့ပါတယ်။ “ကျွန်မ အရင်က ဘုရားသခင်ကိုချစ်တယ်လို့ ထင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မ အခု တကယ်၊ တကယ်၊ တကယ်၊ တကယ်၊ တကယ် သူ့ကိုချစ်ပါတယ်။ အခု ကိုယ်တော်က ကျွန်မအသက်တာမှာ [နံပါတ်တစ်] ဦးစားပေးဖြစ်ပါတယ်။”
ကောင်းမြတ်တဲ့အရာအားလုံးကို ကျွန်တော်တို့ မျှော်လင့်နိုင်တဲ့ ဘုရားတစ်ဆူဖြစ်သူ၊ စကား၊ အတွေး၊ ရည်ရွယ်ချက်နဲ့ အပြုအမူမှာ စုံလင်တဲ့ညီညွတ်မှုရှိတဲ့ အဘ၊ သားတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ သက်သေခံချက်ကို ကျွန်တော်ဝေငှပါတယ်။ “ငါ့ကို မှီခိုအားကိုး၍၊ အဆုံးတိုင်အောင်တည်ကြည်လျှင်၊ သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား၊ အဆုံးတိုင်အောင်တည်ကြည်သောသူအား ထာဝရအသက်ကိုပေးတော်မူမည်”လို့ဆိုတဲ့ အံသြဖွယ်ကတိတော်ကို ပြည့်စုံစေဖို့ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာမှလာတဲ့ တန်ခိုးတော်ကို ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။