အထွေထွေညီလာခံ
ပြုံးရွှင်သောမျက်နှာများနှင့်ကျေးဇူးတင်သောစိတ်နှလုံးများ
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


10:53

ပြုံးရွှင်သောမျက်နှာများနှင့်ကျေးဇူးတင်သောစိတ်နှလုံးများ

ကျွန်တော်တို့ရဲ့ အာဖရိကမှာရှိတဲ့ သန့်ရှင်းသူတွေရဲ့ ကြီးမြတ်မှုက ဘဝရဲ့စိန်ခေါ်မှုတွေနဲ့ ကြီးထွားလာတဲ့အသင်းတော်ရဲ့ လိုအပ်ချက်တွေကို ရင်ဆိုင်ရတဲ့အခါ ပိုပြီးထင်ရှားလာပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က၊ ကျွန်တော့်ကို ခုနစ်ကျိပ်ဥက္ကဋ္ဌအဖွဲ့ရှိ ကျွန်တော့်ရဲ့တာဝန်ကနေ ဖြေလွှတ်ခဲ့ပါတယ်၊ အဲဒီအပြောင်းအလဲကို ဒီအထွေထွေညီလာခံမှာ ကြေညာခဲ့တာပါ။ ကျွန်တော့်နာမည်ကို အငြိမ်းစားယူတဲ့ အထွေထွေအာဏာပိုင်တွေရဲ့ အနားမှာ ဖတ်ခဲ့တာကြောင့်၊ လူတော်တော်များများက ကျွန်တော်လည်း အမှုတော်ဆောင်ချိန်ပြီးဆုံးသွားပြီလို့ ထင်မှတ်သွားခဲ့ကြပါတယ်။ ညီလာခံပြီးသွားတဲ့အခါ၊ ကျေးဇူးတင်စကားတွေနဲ့ ကျွန်တော့်ဘဝနောက်အဆင့်အတွက် ဆုတောင်းစကားတွေ အများကြီးရခဲ့ပါတယ်။ တချို့က ဆော့လိတ်ခ်မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော့်အိမ်ကို ဝယ်ဖို့တောင် ကမ်းလှမ်းခဲ့ကြပါတယ်။ ကျွန်တော့်ကို လွမ်းကြမယ်ဆိုတာတွေ့ရတာနဲ့ ကျွန်တော်တာဝန်ပြီးသွားတဲ့အခါ ကျွန်တော်တို့အိမ်ကိုရောင်းဖို့ အခက်အခဲမရှိဘူးဆိုတာ သိရတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီအဆင့်ကို မရောက်သေးပါဘူး။

ကျွန်တော့်ရဲ့ တာဝန်အသစ်က မိုနီကာနဲ့ ကျွန်တော့်ကို အသင်းတော် တိုးတက်ဖွံ့ဖြိုးနေတဲ့ လှပတဲ့အာဖရိကကို ခေါ်သွားခဲ့ပါတယ်။ အာဖရိကတောင်ပိုင်းဒေသက သစ္စာရှိသန့်ရှင်းသူတွေကြားမှာ အမှုတော်ထမ်းရတာနဲ့ ကိုယ်တော်ရှင်ရဲ့ သူတို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို မြင်တွေ့ရတာ ကောင်းချီးတစ်ပါးပါပဲ။ တခြားသူတွေကို အစေခံဖို့ သူတို့ရဲ့အချိန်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို ဆက်ကပ်ထားတဲ့၊ အောင်မြင်ပြီး ပညာတတ်တဲ့ အသင်းသားအများအပြားအပါအဝင်၊ နောက်ခံမတူညီတဲ့ မျိုးဆက်အလိုက် မိသားစုတွေကို မြင်ရတာ စိတ်အားတက်စေပါတယ်။

တစ်ချိန်တည်းမှာပဲ၊ ဒီဒေသရဲ့ လူဦးရေဖွဲ့စည်းပုံအရ၊ ဝင်ငွေနည်းတဲ့လူများစွာက အသင်းတော်ထဲကို ဝင်ရောက်လာကြပြီး ဆယ်ဖို့တစ်ဖို့အပေါ်သစ္စာရှိခြင်းရဲ့ကောင်းချီးတွေနဲ့ အသင်းတော်ကပေးတဲ့ ပညာရေးအခွင့်အလမ်းတွေအားဖြင့် သူတို့ရဲ့ဘဝတွေ ပြောင်းလဲလာကြပါတယ်။ Succeed in School၊ EnglishConnect၊ BYU–Pathway Worldwideနဲ့ the Perpetual Education Fund လိုမျိုး စီမံချက်တွေက များစွာသောဘဝတွေ၊ အထူးသဖြင့် ကြီးပြင်းလာသောမျိုးဆက်တွေရဲ့ ဘဝတွေကို ကောင်းချီးပေးပါတယ်။

ဥက္ကဋ္ဌ ဂျိမ်းစ် အီး၊ ဖောက်စ်ထ် က၊ “ဒီအသင်းတော်ဟာ မဖြစ်မနေ ကြီးမြတ်တဲ့လူတွေကို ဆွဲဆောင်နေတာမဟုတ်ဘဲ သာမန်လူတွေကို ကြီးမြတ်အောင် များစွာမကြာခဏပြုလုပ်ပေးနေကြောင်း ဆိုစမှတ်ပြုကြတယ်” လို့ တစ်ခါက ပြောခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အာဖရိကမှာရှိတဲ့ သန့်ရှင်းသူတွေရဲ့ ကြီးမြတ်မှုက ဘဝရဲ့စိန်ခေါ်မှုတွေနဲ့ ကြီးထွားလာတဲ့အသင်းတော်ရဲ့ လိုအပ်ချက်တွေကို ရင်ဆိုင်ရတဲ့အခါ ပိုပြီးထင်ရှားလာပါတယ်။ သူတို့က အမြဲတမ်း အကောင်းမြင်စိတ်နဲ့ ကိုင်တွယ်ဖြေရှင်းကြပါတယ်။ သူတို့က ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ရဲ့ လူသိများတဲ့ သွန်သင်ချက်ကို ကောင်းကောင်းကိုယ်စားပြုကြပါတယ်၊

“ကျွန်တော်တို့ ခံစားရတဲ့ဝမ်းမြောက်မှုက ကျွန်တော်တို့ဘဝအခြေအနေတွေနဲ့ အနည်းငယ်သာသက်ဆိုင်ပြီး၊ ကျွန်တော်တို့ဘဝရဲ့ အာရုံစိုက်မှုနဲ့ အရာအားလုံးသက်ဆိုင်ပါတယ်။”

“ကျွန်တော်တို့ဘဝရဲ့ အာရုံစိုက်မှုဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအစီအစဉ် … ပြီးတော့ ယေရှုခရစ်တော်နှင့် သူ့ရဲ့ဧဝံဂေလိတရားတော်အပေါ်မှာ ရှိတဲ့အခါ၊ ကျွန်တော်တို့ဘဝမှာ ဘာတွေဖြစ်ဖြစ်—မဖြစ်ဖြစ်—ဝမ်းမြောက်မှုကို ခံစားနိုင်ကြပါတယ်။”

သူတို့မှာ စိန်ခေါ်မှုတွေရှိပေမယ့် ဝမ်းမြောက်မှုကို ရှာဖွေတွေ့ရှိကြပါတယ်။ ကယ်တင်ရှင်နဲ့ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ခက်ခဲမှုတွေကို ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးတွေနဲ့ ရင်ဆိုင်နိုင်စွမ်းပေးတယ်ဆိုတာ သူတို့သင်ယူခဲ့ကြပါတယ်။

အာဖရိကရှိသန့်ရှင်းသူများ

ဒီသဘောတရားကို သရုပ်ဖော်တဲ့ ဒီသစ္စာရှိသန့်ရှင်းသူတွေနဲ့ ကျွန်တော့်အတွေ့အကြုံအချို့ကို မျှဝေချင်ပါတယ်၊ မိုဇမ်ဘစ်နိုင်ငံကနေ စပြီးပြောချင်ပါတယ်။

မိုဇမ်ဘစ်

လွန်ခဲ့တဲ့လအနည်းငယ်က၊ ဧရိယာ ၁၀ ခုရှိပြီးသား တစ်နှစ်သက်တမ်းရှိတဲ့ပန္နက်တစ်ခုအတွက် ပန္နက်ညီလာခံကို ကျွန်တော်ဦးဆောင်ခဲ့ပါတယ်။ လူ ၂,၀၀၀ ကျော်က သေးငယ်တဲ့ ဝတ်ပြုခန်းမနဲ့ အပြင်မှာထိုးထားတဲ့ တဲသုံးလုံးမှာ ပြည့်နေခဲ့ပါတယ်။ ပန္နက်ဥက္ကဋ္ဌက အသက် ၃၁ နှစ်၊ သူ့ဇနီးက ၂၆ နှစ် ရှိပြီး၊ ကလေးငယ်နှစ်ယောက်ရှိကြပါတယ်။ သူက ဒီကြီးထွားလာပြီး စိန်ခေါ်မှုများတဲ့ပန္နက်ကို ညည်းညူတာတွေမရှိဘဲ—ပြုံးရွှင်တဲ့မျက်နှာနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးနဲ့သာ ဦးဆောင်ပါတယ်။

မျိုးနွယ်စုအဘတစ်ဦးနဲ့ လူတွေ့မေးမြန်းခြင်းမှာ၊ သူ့ဇနီးဟာ အပြင်းဖျားနာနေပြီး၊ သူမကိုဂရုစိုက်ဖို့ သူအခက်တွေ့နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒီကိစ္စကို ပန္နက်ဥက္ကဋ္ဌနဲ့ ဆွေးနွေးပြီးတဲ့အခါ၊ ကျွန်တော်တို့က သူမကိုယဇ်ပုရောဟိတ်အခွင့်ကောင်းချီး ပေးခဲ့ပါတယ်။ မျိုးနွယ်စုအဘကို ပျမ်းမျှအားဖြင့် မျိုးနွယ်စုကောင်းချီးတွေ သူဘယ်နှစ်ခုပေးလေ့ရှိသလဲလို့ ကျွန်တော်မေးမြန်းခဲ့ပါတယ်။

“၈ ခုကနေ ၁၀ ခု” လို့ သူကပြန်ဖြေခဲ့ပါတယ်။

ကျွန်တော်က “တစ်လမှာလား” လို့ မေးပါတယ်။

သူက “တစ်ပတ်မှာပါ” လို့ ဖြေပါတယ်။ အဲဒီလောက်များများ ပိတ်ရက်မှာလုပ်တာက မသင့်တော်ဘူးလို့ ကျွန်တော် သူ့ကိုအကြံပေးခဲ့ပါတယ်။

“အသင်းလူကြီး ဂွတ်ဒွိုင်းရေ၊ သူတို့ကအပတ်တိုင်း ဆက်လာနေကြတာ၊ အသင်းသားအသစ်တွေနဲ့ လူငယ်တွေအများကြီး‌လည်းပါတယ်” လို့ သူပြောခဲ့ပါတယ်။ ထပ်ပြီး၊ ညည်းညူတာတွေမရှိခဲ့ပါဘူး— ပြုံးရွှင်တဲ့မျက်နှာနဲ့ကျေးဇူးတင်တဲ့စိတ်နှလုံးသာရှိခဲ့ပါတယ်။

ပန္နက်ညီလာခံရဲ့ စနေနေ့ညနေပိုင်းကဏ္ဍပြီးနောက်မှာ၊ ဟိုတယ်ကို ပြန်တဲ့လမ်းမှာ၊ ညနက်ချိန်ထိ လမ်းတစ်လျှောက် အစားအသောက်ဝယ်နေကြတဲ့လူတွေကို ကျွန်တော်သတိထားမိခဲ့ပါတယ်။ ကျွန်တော့်ဒရိုင်ဘာကို သူတို့က နေ့ခင်းဘက်မှာဝယ်တာထက် အရမ်းမှောင်တဲ့အချိန်မှာ ဘာလို့ဝယ်နေကြတာလဲလို့ မေးခဲ့ပါတယ်။ သူတို့က ညမှာဝယ်ဖို့ပိုက်ဆံရှိအောင် နေ့ခင်းဘက်မှာအလုပ်လုပ်နေကြရတာလို့ ဒရိုင်ဘာကပြန်ဖြေပါတယ်။

“အိုး၊ သူတို့က မနက်ဖြန်မှာစားဖို့ ဒီနေ့အလုပ်လုပ်ကြတာလား၊” လို့ ကျွန်တော်ပြောခဲ့ပါတယ်။

ဒါပေမယ့် သူက ကျွန်တော့်ကို “မဟုတ်ပါဘူး၊ သူတို့က ဒီညစားဖို့ ဒီနေ့ဘက်မှာ အလုပ်လုပ်နေကြတာပါ” ဆိုပြီး အမှားပြင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အသင်းသားတွေ ပိုကောင်းတဲ့အခြေအနေမှာရှိနိုင်ဖို့ ကျွန်တော်မျှော်လင့်ခဲ့ပေမဲ့၊ နိုင်ငံရဲ့အဲဒီအပိုင်းမှာ တော်တော်များများဟာ အလားတူစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာလို့ သူကအတည်ပြုပေးခဲ့ပါတယ်။ နောက်နေ့မနက်၊ ကျွန်တော်တို့ရဲ့တနင်္ဂနွေနေ့ကဏ္ဍမှာ သူတို့ရဲ့အခြေအနေတွေကို ပူပူနွေးနွေးသတိထားမိပြီးနောက်ပိုင်း၊ သူတို့ရဲ့ ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးတွေက ကျွန်တော့်ကို ပိုပြီးတော့တောင် စိတ်ထိခိုက်စေခဲ့ပါတယ်။

ဇမ်ဘီယာနိုင်ငံ

တနင်္ဂနွေနေ့အစည်းအဝေးကိုသွားတဲ့လမ်းမှာ၊ ပန္နက်ဥက္ကဋ္ဌနဲ့ကျွန်တော်က မွေးကင်းစက‌လေးရယ် ကလေးငယ်နှစ်ယောက်ရယ်နဲ့အတူ လမ်းလျှောက်သွားနေတဲ့ စုံတွဲတစ်တွဲကို တွေ့လိုက်ပါတယ်။ သူတို့ကို ကားနဲ့ပို့ပေးဖို့ ကျွန်တော်တို့ရပ်လိုက်ပါတယ်။ သူတို့ဟာ အံ့သြပြီး ဝမ်းသာသွားခဲ့ပါတယ်။ ဝတ်ပြုခန်းမဆီ ဘယ်လောက်ဝေးဝေးလမ်းလျှောက်ဖို့လိုသလဲလို့ ကျွန်တော်မေးတဲ့အခါ၊ ဖခင်ဖြစ်သူက ကလေးတွေရဲ့အမြန်နှုန်းပေါ်မူတည်ပြီး ၄၅ မိနစ်ကနေ တစ်နာရီလောက်ကြာနိုင်တယ်လို့ ဖြေခဲ့ပါတယ်။ သူတို့ဟာ ဒီအသွားအပြန်ခရီးကို၊ တနင်္ဂနွေနေ့တိုင်းမှာ၊ ညည်းညူတာတွေမရှိဘဲ—ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးတွေနဲ့သာ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။

မာလာဝီနိုင်ငံ

ပန္နက်ညီလာခံမတိုင်ခင်တနင်္ဂနွေနေ့တစ်ရက်မှာ၊ အစည်းအဝေးအိမ်တွေအဖြစ် အများပိုင်ကျောင်းတွေကိုသုံးနေတဲ့ အသင်းတော်ခွဲနှစ်ခုကို ကျွန်တော်သွားရောက်လည်ပတ်ခဲ့ပါတယ်။ အခြေခံသုံးပစ္စည်းတွေတောင်မရှိတဲ့ အဆောက်အဦးတွေရဲ့ ရိုးရိုးသာမန်အခြေအနေတွေက ကျွန်တော့်ကို ထိတ်လန့်သွားစေခဲ့ပါတယ်။ အဲဒီမှာ အသင်းသားအနည်းငယ်နဲ့တွေ့တော့၊ သူတို့ရဲ့ ချို့တဲ့နေတဲ့အစည်းအဝေးအိမ်အခြေအနေတွေအတွက် ကျွန်တော်တောင်းပန်ဖို့ အသင့်ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ကတော့ ပုံမှန်အကြာကြီးလမ်းလျှောက်ရတာကို ရှောင်ရှားပြီး၊ အနီးအနားမှာ စုဝေးနိုင်တဲ့နေရာရှိလို့ ပျော်နေခဲ့ကြပါတယ်။ ထပ်ပြီး၊ ညည်းညူတာတွေမရှိခဲ့ပါဘူး—ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးတွေသာရှိခဲ့ပါတယ်။

ဇင်ဘာဘွေနိုင်ငံ

စနေနေ့မှာ ခေါင်းဆောင်မှုသင်တန်းပေးပြီး၊ ပန္နက်ဥက္ကဋ္ဌက ငှားရမ်းထားတဲ့အိမ်တစ်လုံးမှာ ပြုလုပ်နေတဲ့ တနင်္ဂနွေနေ့ဝတ်ပြုပွဲဆီ ကျွန်တော့်ကိုခေါ်သွားခဲ့ပါတယ်။ တက်ရောက်သူ လူပေါင်း ၂၄၀ ရှိခဲ့ပါတယ်။ အဲနောက်မှာ သင်းအုပ်က အဲဒီအပတ်အတွင်း ဗတ္တိဇံခံခဲ့ကြတဲ့ အသင်းသားသစ် ၁၀ ယောက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ပရိသတ်တွေကို အခန်းငယ်နှစ်ခန်းမှာ ခွဲထားခဲ့ပါတယ်၊ တချို့အသင်းသားတွေကလည်း ပြတင်းပေါက်တွေနဲ့ တံခါးတွေကနေတဆင့် အစည်းအဝေးကိုကြည့်ရင်း၊ အဆောက်အဦအပြင်ဘက်မှာထိုင်နေခဲ့ကြပါတယ်။ အဲဒီမှာ ညည်းညူတာတွေမရှိခဲ့ပါဘူး—ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးတွေသာရှိခဲ့ပါတယ်။

လီဆိုးသိုနိုင်ငံ

ကျွန်တော်က ပန္နက်တစ်ခုဖြစ်လာဖို့ ပြင်ဆင်နေတဲ့ အသင်းတော်ခရိုင်တစ်ခုကို ကြည့်ရှုဖို့၊ “တောင်တန်းနိုင်ငံတော်” လို့လည်းလူသိများတဲ့ ဒီလှပတဲ့နိုင်ငံငယ်လေးကို လည်ပတ်ခဲ့ပါတယ်။ စနေ့နေ့ အစည်းအဝေးတွေအပြီးမှာ၊ ငှားရမ်းထားတဲ့အိမ်မှာပြုလုပ်တဲ့ သူတို့ရဲ့အသင်းတော်ခွဲတစ်ခုက တနင်္ဂနွေနေ့ဝတ်ပြုပွဲကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ ပွဲတော်မင်္ဂလာကျင်းပရာအခန်းက ပြည့်လျှံနေခဲ့ပြီး လူတွေကပါဝင်ဖို့ တံခါးအပြင်ဘက်မှာ ရပ်နေခဲ့ကြပါတယ်။ အသင်းတော်ခွဲဥက္ကဋ္ဌကို ပိုကြီးတဲ့အိမ်တစ်လုံးလိုနေပြီလို့ ကျွန်တော်ပြောလိုက်ပါတယ်။ အံ့သြစရာကောင်းတာက၊ ဒါကသူ့ရဲ့အသင်းသားတစ်ဝက်ပဲရှိသေးတာလို့ သူကကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျန်တစ်ဝက်ကတော့ ဒုတိယအချိန်ပြီးတဲ့အခါ ဒုတိယပွဲတော်မင်္ဂလာအစည်းအဝေးကို တက်ရောက်ကြမှာဖြစ်ပါတယ်။ ထပ်ပြီး၊ ညည်းညူတာတွေမရှိခဲ့ပါဘူး—ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ ကျေးဇူးတင်တဲ့စိတ်နှလုံးတွေသာရှိခဲ့ပါတယ်။

အသင်းလူကြီး ဒီ တောဒ့်၊ ခရစ်စတိုဖာဆန် အစောပိုင်းက ဖော်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့လူငယ်အများအပြားပါဝင်တဲ့ သေဆုံးမှုရှိတဲ့ ယာဉ်မတော်တဆမှုတစ်ခုကြောင့် နောက်ပိုင်းမှာ ကျွန်တော် လီဆိုးသိုကို ပြန်လာခဲ့ပါတယ်။ ကျွန်တော်က မိသားစုတွေနဲ့ ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့အခါ၊ ဝမ်းနည်းညှိုးငယ်စရာ အခြေအနေကို မှန်းဆခဲ့ပါတယ်။ အဲဒီအစား၊ စိတ်ဓာတ်မြှင့်ပေးပြီး လှုံ့ဆော်တဲ့နည်းလမ်းနဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းနေကြတဲ့ သန်မာပြီးခံနိုင်ရည်ရှိတဲ့ သန့်ရှင်းသူတွေကို ကျွန်တော်တွေ့ခဲ့ရပါတယ်။

ဖော့ အန်နီရှာ နူ

ဒီပုံထဲက မတော်တဆမှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ နစ်နာသူ၊ ၁၄နှစ်အရွယ်၊ ဖော့ အန်နီရှာ နူ က၊ သူမရဲ့စကားတွေအတိုင်း ဒါကို ကောင်းကောင်းသရုပ်ဖော်ခဲ့ပါတယ်၊ “ယေရှုကို ယုံကြည်စိတ်ချပြီး သူ့ကိုအမြဲတမ်းမှီခိုအားကိုးပါ၊ ဘာလို့လဲဆိုတော့ သူ့အားဖြင့် ငြိမ်သက်ခြင်းကို သင်ရှာတွေ့ပြီး၊ အနာငြိမ်းစေတဲ့ဖြစ်စဉ်မှာ သူကသင့်ကိုကူညီပါလိမ့်မယ်။”

ဒါတွေက သူတို့ရဲ့အသက်တာတွေကို ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်မှာ ဗဟိုပြုထားတဲ့အတွက် သူတို့ရဲ့အကောင်းမြင်စိတ်ကို ကျွန်တော်တို့မြင်ရတဲ့ ဥပမာအချို့သာဖြစ်ပါတယ်။ သူတို့က အကူအညီနဲ့ မျှော်လင့်ချက်ကို ဘယ်မှာရှာရမယ်ဆိုတာ သိကြပါတယ်။

ကယ်တင်ရှင်၏အနာငြိမ်းစေနိုင်သောတန်ခိုးတော်

ဘာကြောင့် ကယ်တင်ရှင်က ကျွန်‌တော်တို့အသက်တာတွေရဲ့ ဘယ်အခြေအနေမျိုးမှာမဆို သူတို့နဲ့ကျွန်တော်တို့ကို ကူညီမ,စနိုင်တာလဲ။ အဖြေကို ကျမ်းစာတွေထဲမှာတွေ့နိုင်ပါတယ်၊

“သူသည်လည်း နာကျင်မှုများ၊ ဆင်းရဲ​ဒုက္ခများနှင့် စုံစမ်းခြင်း​အမျိုးမျိုးကို ခံစားလျက် ထွက်သွား​လိမ့်မည်။ …

“… သူ၏​ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာ​လည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏​အနာ​ရောဂါ​ဝေဒနာများ​အလျောက်၊ အဘယ်သို့​အားဖြင့် မစရမည်ကို​သိနိုင်ခြင်းငှာ​လည်းကောင်း၊ သူတို့၏​အနာ​ရောဂါ​ဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူ​လိမ့်မည်။”

အသင်းလူကြီး ဒေးဗစ် အေ၊ ဘတ်ဒ်နာ သွန်သင်ခဲ့သလိုပဲ၊ ကျွန်တော်တို့ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု၊ စိတ်ဆင်းရဲမှု၊ ဒါမှမဟုတ် အားနည်းချက်တစ်ခုခုကို ကယ်တင်ရှင် မသိတာမျိုးမရှိပါဘူး။ “‘[ငါတွေ့ကြုံနေရတာတွေကို] ဘယ်သူမှ နားမလည်ဘူး…’လို့ အားနည်းတဲ့အချိန်မှာ သင်နဲ့ကျွန်တော်က အော်ဟစ်မိနိုင်ပါတယ်။ ဘယ်လူသားမှ မသိနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့သားတော်ကတော့ စုံလင်စွာ သိရှိပြီးနားလည်တော်မူပါတယ်။” ဘာကြောင့်ပါလဲ။ ဘာလို့လဲဆိုတော့ “ကျွန်တော်တို့မခံစားဖူးခင်ကတည်းက ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ခံစားခဲ့ရပြီး သယ်ဆောင်ခဲ့ရလို့ပါပဲ။“

ရှင်မဿဲ ၁၁ မှာ တွေ့ရတဲ့ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်တွေအပေါ် ကျွန်တော့်ရဲ့ သက်သေခံချက်နဲ့ အဆုံးသတ်ချင်ပါတယ်၊

“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည်။

“ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့၊ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်နှလုံးရှိ၏၊ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။

“အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”

အဲ့ဒီ အာဖရိကမှာရှိတဲ့ သန့်ရှင်းသူတွေလိုပဲ၊ ဒီကတိတော်ဟာ မှန်ကန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီကတိတော်ဟာ အဲဒီမှာရော၊ နေရာတိုင်းမှာပါ မှန်ကန်ပါတယ်။ ဒီအကြောင်းကို ယေရှုခရစ်တော်၏နာမတော်၌ ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ဂျိမ်းစ် အီး၊ ဖောက်စ်ထ်၊ “Five Loaves and Two Fishes,” အန်ဇိုင်း, မေ ၁၉၉၄၊ ၅။

  2. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ဝမ်းမြောက်ခြင်းနှင့်ဝိညာဥ်ပိုင်းဆိုင်ရာအသက်ရှင်ခြင်းလီယာဟိုနာ နိုဝင်ဘာ၊ ၂၀၁၆၊ ၈၂။

  3. အယ်လမာ ၇:၁၁-၁၂

  4. ဒေးဗစ် အေ၊ ဘတ်ဒ်နာ၊ “The Atonement and the Journey of Mortality,” လီယာဟိုနာ, ဧပြီ၊ ၂၀၁၂၊ ၁၉။

  5. ရှင်မဿဲ ၁၁:၂၈-၃၀