အထွေထွေညီလာခံ
သွား၍ ထို​နည်း​တူ​ပြု​လော့
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


10:28

သွား၍ ထို​နည်း​တူ​ပြု​လော့

အစေခံတာဝန်တွေအတွက်ခေါ်သွင်းခံရတဲ့ သာသနာပြုတွေအကြောင်း ကျွန်တော်အလေးပေးပြောချင်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့အတွက် ပုံသက်သေတွေဖြစ်ကြပါတယ်။

ကယ်တင်ရှင်ဟာ ဗက်​ဇဲ​ဒ​မြို့​ကိုဖြတ်ပြီး ခရီးသွားနေစဉ်မှာ၊ လူအချို့က မျက်မမြင်တစ်ဦးကို သူ့ဆီခေါ်ဆောင်လာခဲ့ကြပါတယ်။ သူတို့က အလွန်တရာ အံ့ဩဖွယ်အမှုကို လက်တွေ့မြင်ရဖို့မျှော်လင့်နေခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ကယ်တင်ရှင်က သူ့ကို သီးသန့်ကုသပေးဖို့ “လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်”ခဲ့ပါတယ်။ အစပိုင်းမှာ၊ ကုသမှုက ထိရောက်မှုနည်းပုံပေါ်ခဲ့ပါတယ်။ အဲဒီလူ​က “ကြည့်​မျှော်​လျှင်၊ လူ​တို့​သည် သစ်​ပင်​ကဲ့​သို့​ဖြစ်၍ လှမ်း​သွား​သည်​ကို အ​ကျွန်ုပ်မြင်​ပါ​သည်​ဟု လျှောက်၏။” ယေရှုက ကရုဏာသက်စွာ၊ “သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ”ခဲ့ပါတယ်။ ကယ်တင်ရှင်ရဲ့လက်တော်ရဲ့ အဲဒီနောက်ထပ်ထိတွေ့မှုကြောင့်၊ မျက်မမြင်က အခုတော့ “ရှင်း​လင်း​စွာ​မြင်​”ခဲ့ပါတယ်။

ဒါဟာ နှိမ့်ချတဲ့ အစေခံခြင်းအပြုအမူတွေဖြင့်ကယ်တင်ရှင်ရဲ့အသက်တာကို ဘယ်လိုသွင်ပြင်လက္ခဏာဆောင်ထားကြောင်း ပုံသက်သေတစ်ခုသာဖြစ်ပါတယ်။ ကိုယ်တော်က “သူ​တစ်​ပါး​ကို​စေ​စား​ခြင်း​ငှာမ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လာ”ကြောင်း ကျွန်တော်တို့ကို သတိပေးပြီး ခ​ရီး​တစ်​တိုင်ပို​သွားခြင်း​၊ တောင်း​သော​သူ​အား ပေးခြင်းနဲ့ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ချစ်ခြင်း​ဖြင့် သူ့ရဲ့ပုံသက်သေနောက်လိုက်လျှောက်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။ “အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​ပါ​သ​နည်း​”လို့ မေးလာတဲ့အခါ၊ ခရစ်တော်က “သွား၍ ထို​နည်း​တူ​ပြု​”ဖို့ ညွှန်ကြားချက်ဖြင့် ကောင်းသောရှ​မာ​ရိအကြောင်း ပုံဥပမာစကားကို ဝေငှခဲ့ပါတယ်။

ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ သာသနာပြုတွေဟာ ခရစ်တော်က ကျွန်တော်တို့တွေကို ဖြစ်လာဖို့ ဖိတ်ခေါ်ထားတဲ့ ကောင်းသောရှ​မာ​ရိရဲ့ ယနေ့ခေတ်ပုံဥပမာတွေဖြစ်ကြပါတယ်။ အစေခံတာဝန်တွေအတွက်ခေါ်သွင်းခံရတဲ့ ထိုသာသနာပြုတွေအကြောင်း ကျွန်တော်အလေးပေးပြောချင်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့အတွက် အစေခံခြင်းက (၁) ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်အတွက် နှလုံးသားတွေကို ဖွင့်ပေးပုံ၊ (၂) ကျွန်တော်တို့ရဲ့အခြေအနေတွေကို ပဓာနမထားဘဲ အမှုတော်ဆောင်ဖို့ ကျွန်တော်တို့အားလုံးကို ခွင့်ပြုပေးပုံနဲ့ (၃) ကျွန်တော်တို့အသက်တာတွေထဲမှာ ခရစ်တော်ရဲ့တန်ခိုးတော်ကိုယူဆောင်ပေးပုံတို့ရဲ့ ပုံဥပမာတွေဖြစ်ကြပါတယ်။

ပထမ၊ အစေခံခြင်းသည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အတွက် နှလုံးသားများကို ဖွင့်ပေးပါသည်

ဘီစီ ၉၁ ခုနှစ်လောက်က၊ မော်မုန်ကျမ်းသာသနာပြုဖြစ်သူ၊ အမ္မုန်က လာမောနိ​မင်းကြီးကို “အကျွန်ုပ်သည် ဤလူတို့​အထဲ၌ အချိန်အနည်းငယ် နေထိုင်​လိုပါ၏၊ … [ထို့အတူ] အကျွန်ုပ်သည် ကိုယ်တော်၏​ကျွန်သာ ဖြစ်ပါမည်”လို့ပြောကာ မိမိကိုယ်ကို မိတ်ဆက်ခဲ့ပါတယ်။ မင်းကြီးထံမှာ သူ့ရဲ့အစေခံခြင်းကြောင့်၊ အမ္မုန်ကို “ရဲဝံ့စွာ​ပြောနိုင် … ပြီး [လာမောနိ​မင်းကြီး] ကို အဘယ်​တန်ခိုး​အားဖြင့်” သူ့ရဲ့အစေခံခြင်းကို ထမ်းဆောင်ခဲ့ကြောင်းပြောပြဖို့ အခွင့်အရေးပေးအပ်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့၊ “[အမ္မုန်] အလို​ရှိသမျှကို … [မင်းကြီးက] အခွင့်ပေးမည်”လို့ ကတိပေးခဲ့ပါတယ်။ အမ္မုန်ရဲ့ တစ်ခုတည်းသောတောင်းဆိုချက်က ယေရှုခရစ်တော်ရဲ့ဧဝံဂေလိသတင်းစကားကို မင်းကြီးနားထောင်ဖို့ပဲ ဖြစ်ပါတယ်။ အမ္မုန်ရဲ့ အစေခံခြင်း ရလဒ်က “ထောင်ပေါင်း​များစွာသော​စိတ်ဝိညာဉ်တို့ကို နောင်တရခြင်းသို့ [ဆောင်ယူခဲ့] ပါတယ်။

ကျွန်တော်တို့ခေတ်မှာ၊ အစေခံခြင်းက တစ်ပါးသူတွေကို ဧဝံဂေလိတရားတော်သို့ ဆက်လက်ဦးဆောင်ပေးနေပါတယ်။ ညီအစ်မဘယ်ဗန်က သင်ကြားရေးသာသနာပြုတစ်ဦးအဖြစ် အမှုတော်ဆောင်ခဲ့တဲ့အချိန်မှာ ကျန်းမာရေးပြဿနာတွေကို စတင်ကြုံတွေ့ခဲ့ရပါတယ်၊ ဒီပြဿနာတွေကြောင့် သူမဟာကုသမှုခံယူဖို့အတွက် အိမ်ပြန်ဖို့ လိုအပ်ခဲ့ပါတယ်။ တာဝန်မှဖြေလွှတ်ခြင်းအစား၊ သူမဟာ အိမ်ကနေ အစေခံသာသနာပြုတစ်ဦးအဖြစ် ဆက်လက်အမှုတော်ဆောင်နိုင်ခဲ့ပါတယ်။

ပန်းခြံတစ်ခုကိုသွားလည်စဉ်မှာ၊ ကလေးငယ်လေးယောက်နဲ့ရှိနေတဲ့မိခင်တစ်ဦးကို စကားပြောဖို့ ညီအစ်မဘယ်ဗန်နဲ့မိတ်ဆွေတစ်ယောက်ကို လှုံ့ဆော်‌ခြင်းခံခဲ့ရပါတယ်၊ ဒါပေမဲ့ သူတို့ဟာ တွန့်ဆုတ်နေခဲ့ပြီး၊ အဲဒီမိသားစုက ထွက်ခွာသွားခဲ့ပါတယ်။ နောက်နေ့မှာ၊ ထိုမိသားစု အဲဒီနေရာမှာရှိနေဖို့ဆုတောင်းရင်း သူတို့ဟာပန်းခြံကိုပြန်လာခဲ့ကြပါတယ်။ မယုံနိုင်လောက်အောင်ဘဲ၊ မိခင်ဖြစ်သူက အရင်နေ့ကထိုင်ခဲ့တဲ့ နေရာအတိအကျမှာထိုင်နေခဲ့ပါတယ်။ ဒီအခါမှာတော့၊ ညီအစ်မဘယ်ဗန်နဲ့ သူမရဲ့မိတ်ဆွေက ထိုမိခင်ထံချဉ်းကပ်ခဲ့ပြီး၊ သူမကိုသိကျွမ်းကာ သူမဟာ ယာယီအကူအညီကို အရေးတကြီးလိုအပ်နေကြောင်း သိရှိခဲ့ကြပါတယ်။ သူတို့က အကူအညီပေးခဲ့ပြီး အဲနောက်မှာ ဧဝံဂေလိတရားတော်အကြောင်းလေ့လာဖို့ သူမကိုဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအစေခံခြင်းနဲ့ ဖိတ်ခေါ်မှုကြောင့်၊ မိခင်နဲ့သူမရဲ့အကြီးဆုံးကလေးက ဗတ္တိဇံခံခဲ့ပြီး တစ်နှစ်အကြာမှာ နောက်အကြီးတစ်ယောက်က ဗတ္တိဇံခံခဲ့ပါတယ်။ သူတို့ဟာ ယနေ့ထိ တက်ကြွစွာပါဝင်တဲ့အသင်းသားတွေအဖြစ် ဆက်ရှိနေကြပါတယ်။ ညီအစ်မဘယ်ဗန်ဟာ ဒီအတွေ့အကြုံဟာ မြင့်မြတ်တဲ့လှုံ့ဆော်မှုဆိုတာသိခဲ့ပြီး ဒါက “ဘုရားသခင် [သူမကို] လိုအပ်တဲ့နေရာမှာ [သူမ]က အတိအကျရှိနေခဲ့တယ်ဆိုတာကို [သူမကို]သက်သေပြခဲ့ပါတယ်။”

အမ္မုန်နဲ့ ညီအစ်မဘယ်ဗန်လိုပဲ၊ တစ်ပါးသူတွေကို ကျွန်တော်တို့အစေခံတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ “ပုံသက်သေ​ကောင်းကို သူတို့အား ပြ” နေတာဖြစ်ပြီး သူတို့ဟာ “[ကျွန်တော်တို့]မှာရှိတဲ့ မျှော်​လ​င့်​ခြင်း အ​ကြောင်း​”ကို သိလိုစိတ်ရှိကြပါတယ်။

ယေရှုက “သွား၍ ထို​နည်း​တူ​ပြု​”ဖို့ ကျွန်တော်တို့ကိုဖိတ်ခေါ်ပါတယ်။

ဒုတိယ၊ အစေခံခြင်းသည် ကျွန်ုပ်တို့၏အခြေအနေများကို ပဓာနမထားဘဲ အမှုတော်ဆောင်ဖို့ ကျွန်ုပ်တို့အားလုံးကို ခွင့်ပြုပေးပါသည်

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က “ထိုက်တန်ပြီး တတ်စွမ်းနိုင်တဲ့ လူငယ်အမျိုးသားတိုင်း သာသနာအတွက်ပြင်ဆင်ပြီးအစေခံဖို့”နဲ့ တတ်စွမ်းနိုင်တဲ့လူငယ်အမျိုးသမီးတိုင်း “ကိုယ်တော်ရှင်က [သူမကို] သာသနာပြုစေလိုကြောင်း သိရန်ဆုတောင်း”ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သူက “တရား‌ဟောသင်ကြားရေးသာသနာဖြစ်စေ၊ အစေခံသာသနာဖြစ်စေ၊ သာသနာထမ်းဆောင်ဖို့ သင့်ရဲ့ဆုံးဖြတ်ချက်က သင်နဲ့ အခြားသူများစွာကို ကောင်းချီးပေးပါလိမ့်မယ်”လို့ ကတိပေးခဲ့ပါတယ်။ အစေခံသာသနာများက တတ်စွမ်းနိုင်ခြင်း ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောင်းလဲခဲ့ပါတယ်။ ယခု ကိုယ်တော်ရှင်အတွက် အချိန်ပြည့်သာသနာထမ်းဆောင်ဖို့ ဆန္ဒရှိပြီး ထိုက်တန်တဲ့လူငယ်အမျိုးသားနဲ့အမျိုးသမီးတိုင်းဟာ အလွန်နည်းတဲ့ချွင်းချက်တွေနဲ့ သာသနာပြုနိုင်ကြပါတယ်။

အယ်လ်ဒါ ဟိုလီဂါဒိုဟာ ပုဂ္ဂိုလ်ရေးအခြေအနေတွေကို ပဓာနမထားဘဲ အစေခံနိုင်ခြင်းရဲ့ ပုံသက်သေတစ်ဦးဖြစ်ပါတယ်။ သူဟာ ရှားပါးတဲ့မျိုးဗီဇဆိုင်ရာရောဂါ နဲ့မွေးဖွားခဲ့ပြီးတော့၊ ဒါက သူ့ကိုသင်ကြားရေးသာသနာမှာ အစေခံခြင်းမှ ဟန့်တားခဲ့ပါတယ်။ အယ်လ်ဒါ ဟိုလီဂါဒိုက အစေခံသာသနာပြုအဖြစ် ခေါ်သွင်းခံခဲ့ရပြီး သင်းအုပ်တွေရဲ့ကုန်လှောင်ရုံမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်အားပေးခဲ့ပါတယ်။ အဲဒီမှာ အခြားသူတွေကို သူတို့လိုအပ်တဲ့အထောက်အပံ့ရဖို့ သူကကူညီပေးခဲ့ပါတယ်။ သူဟာ စင်တွေကိုပစ္စည်းဖြည့်ပေး၊ ဟင်းသီးဟင်းရွက်တွေကို အိတ်သွင်းပေးပြီး ကတ်ထူဘူးတွေကို ဖိသိပ်ပေးခဲ့ပါတယ်။

အယ်လ်ဒါ ဟိုလီဂါဒိုက သူ့ရဲ့သာသနာပြီးဆုံးပြီးနောက် ပွဲတော်မင်္ဂလာအစည်းအဝေးမှာ ‌ဟောပြောတဲ့အခါ၊ သူက ဒီလိုဝေငှခဲ့ပါတယ်၊ “ဘုရားသခင်က အစေခံသာသနာပြုတွေကို လိုအပ်ပါတယ်။ ကိုယ်တော်က တစ်ပါးသူတွေကို ချစ်ပြီးအစေခံဖို့ လူတွေကိုလိုအပ်ပါတယ်။ ဒီလူတွေဟာ ရေအိမ်သုံးစက္ကူတွေဖြည့်ပေး၊ ပန်းဂေါ်ဖီစိမ်းကို အိတ်သွင်းပေး၊ ပရိဘောဂတွေကို ဆောက်လုပ်ပေးပြီး လူတွေအပေါ် ကောင်းကြပါတယ်။”

သင်ဟာ ကောင်းတာလုပ်ဖို့အတွက် အစေခံတာဝန်ရှိဖို့ ဒါမှမဟုတ် နာမည်ကတ်ပြားဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။ အစေခံခြင်းအပြုအမူတိုင်းကို ကယ်တင်ရှင်က အသိအမှတ်ပြုပါတယ်။ ချစ်ကြင်နာမှုနဲ့ အစေခံခြင်းဖြင့် ခရစ်တော်ထံ တစ်ပါးသူတွေလာဖို့ ကျွန်တော်တို့အားလုံးကူညီပေးနိုင်ကြပါတယ်။ ကျွန်တော်တို့အားလုံး သန့်ရှင်းသောဝိညာဉ်ရဲ့တန်ခိုးတော်အားဖြင့် တစ်ပါးသောသူကို ခရစ်တော်ရဲ့နာမတော်၌ အမှုတော်ဆောင်နိုင်ပြီး ယေရှုခရစ်တော်၌ယုံကြည်ခြင်းရဲ့ ပုံသက်သေတွေအဖြစ် နေထိုင်နိုင်ကြပါတယ်။ အစေခံခြင်းက ဘုရားသခင်လက်ခံနိုင်တဲ့ သက်ရှိယဇ်တွေအဖြစ် ကျွန်တော်တို့ကိုယ်ကို တင်သွင်းဖို့ အခွင့်ပေးပါတယ်။

ယေရှုက “သွား၍ ထို​နည်း​တူ​ပြု​”ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။

တတိယ၊ အစေခံခြင်းသည် ကျွန်တော်တို့အသက်တာများထဲတွင် ခရစ်တော်၏တန်ခိုးတော်ကိုယူဆောင်ပေးပါသည်

သင်ကြားရေးတာဝန်ကနေ အစေခံခြင်းတာဝန်သို့ ကူးပြောင်းခဲ့ရတဲ့ လူငယ်သာသနာပြုတစ်ယောက်ဟာ ခရစ်တော်ရဲ့အနာငြိမ်းခြင်းတန်ခိုးတော် လိုအပ်စေတဲ့ ပုဂ္ဂိုလ်ရေးစိန်ခေါ်မှုအချို့နဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဆက်ကပ်ထားတဲ့အစေခံခြင်းက သူ့အသက်တာထဲကို အဲဒီတန်ခိုးတော်ကို ယူဆောင်ပေးခဲ့ပါတယ်။ သူက ဒီလိုပြောခဲ့ပါတယ်၊ “ကျွန်တော်ရုန်းကန်နေရတဲ့အချိန်မှာ၊ ခရစ်တော်က ကျွန်တော့်ကိုချီမြှောက်နေတယ်လို့ ခံစားသိရှိခဲ့ပါတယ်။ အစားအစာလှူဒါန်းရာဌာန၊ ဗိမာန်တော်နဲ့ သူ့ရဲ့ဧဝံဂေလိတရားတော်အားဖြင့် ကိုယ်တော်ကလူတွေကို ကောင်းချီးပေးတာကို မြင်ခွင့်ရတာဟာ ထူးခြားတဲ့အရာဖြစ်ပါတယ်။”

ဒီအယ်လ်ဒါက နက်ရှိုင်းတဲ့ဝမ်းမြောက်မှုကိုစတင်ခံစားခဲ့ရပြီး သူအသစ်တွေ့ရှိတဲ့စိတ်အားထက်သန်မှုက သူနဲ့သူ့မိသားစုတစ်ခုလုံးကို ကောင်းချီးပေးခဲ့ပါတယ်။ ဝိညာဉ်တော်က သူတို့ရဲ့အိမ်ထဲကို ပို၍ကြွယ်ဝစွာ ဝင်ရောက်လာခဲ့ပြီး၊ သူတို့ဟာ ဗိမာန်တော်ကို ပို၍မကြာခဏအတူတူတက်ရောက်ကာ၊ ခရစ်တော်က သူတို့မိသားစုရဲ့ ကြီးမားတဲ့အာရုံစိုက်မှု ဖြစ်လာခဲ့ပါတယ်။ ခရစ်တော်က သူ့ဘဝကိုကယ်တင်ခဲ့ပြီး အစေခံခြင်းအားဖြင့် သူ့မိသားစုကို ကောင်ချီးပေးခဲ့တယ်လို့ ဒီသာသနာပြုက ယုံကြည်ခဲ့ပါတယ်။

ဥက္ကဋ္ဌနယ်လ်ဆင်က အခုလိုသွန်သင်ခဲ့ပါတယ်၊ “တစ်ပါးသူတွေကို အစေခံပြီး အားဖြည့်ပေးဖို့ လိုလိုလားလားရှိခြင်းဟာ ကယ်တင်ရှင်ရဲ့ရွေးနုတ်ခြင်းတန်ခိုးတော်အားဖြင့် အနာငြိမ်းခြင်းခံရဖို့ တစ်စုံတစ်ယောက်ရဲ့ အဆင်သင့်ဖြစ်နေမှုကိုဖော်ပြတဲ့ သင်္ကေတတစ်ခုအဖြစ် ရပ်တည်နေပါတယ်။”

ယေရှုက “သွား၍ ထို​နည်း​တူ​ပြု​”ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။

အစေခံသာသနာပြုများသည် ယေရှုခရစ်တော်၏ ဆက်ကပ်ထားသောတပည့်တော်များ၏ ပုံသက်သေများဖြစ်ကြပါသည်

သင် ဒါမှမဟုတ် သင့်မိသားစုဝင်တစ်ဦးကို အစေခံသာသနာပြုအဖြစ်ခေါ်သွင်းခြင်းဖြင့် ကောင်းချီးပေးခံရတဲ့အခါ၊ ဒါဟာ အောင်ပွဲခံရမယ့် အခိုက်အတန့်ပဲဖြစ်ပါတယ်။ သင့်မိသားစုအတွက် ယခု သင့်အိမ်မှာနေထိုင်တဲ့ သခင်ယေရှုခရစ်တော်ရဲ့ ရွေးထားခံရတဲ့ ကိုယ်စားပြုတစ်ဦး ရှိလာတော့မှာဖြစ်ပါတယ်။ ဒါဟာ ကောင်းကျိုးအတွက် သင်တို့အားလုံးကို ပြောင်းလဲပေးပါလိမ့်မယ်။ အစေခံဖို့ ဘယ်ခေါ်သွင်းခြင်းမှာမှ စိတ်ပျက်ခြင်းမရှိသင့်ပါဘူး။ “သင်သွားစေလိုသည့်နေရာကို ကျွန်ုပ်သွားပါမည်” နဲ့ “သင်ဖြစ်စေလိုသည့်သူ ကျွန်ုပ်ဖြစ်ပါမည်”လို့ ကျွန်တော်တို့ သီဆိုကြပါတယ်။ ဒါဟာ ကျွန်တော်တို့ပြောတဲ့အရာကို ကျွန်တော်တို့တကယ်ရည်ရွယ်ကြောင်းပြသဖို့ အခွင့်အရေးဖြစ်ပါတယ်။

အစေခံတဲ့သင်တို့အားလုံး၊ အထူးသဖြင့် လူငယ်အစေခံသာသနာပြု ၄၀၀၀ကျော်ခင်ဗျာ၊ ကျွန်တော်တို့ သင်တို့ကိုချစ်ပါတယ်။ သင်ကြားရေးသာသနာပြုတွေဟာ ကိုယ်တော်ရှင်ရဲ့နှုတ်တော်ဖြစ်တယ်ဆိုရင်၊ သင်တို့အစေခံသာသနာပြုတွေကလည်း ကိုယ်တော်ရှင်ရဲ့လက်တော်တွေဖြစ်ပါတယ်၊ သင်တို့က ဒုတိယအဆင့်သာသနာပြုတွေ မဟုတ်ကြပါဘူး။ သင်တို့အယောက်တိုင်းက ဣသရေလအမျိုးတို့ စုဝေးခြင်းမှာ အဓိကကျပါတယ်။ ဥက္ကဋ္ဌနယ်လ်ဆင်က “ဘယ်အချိန်မှာမဆို တစ်စုံတစ်ယောက်ကို ဘုရားသခင်နဲ့ပဋိညာဉ်တွေပြုပြီးစောင့်ထိန်းစေဖို့ ကျွန်တော်တို့ လုပ်ဆောင်ခြင်းတိုင်းဟာ၊ ဣသရေလအမျိုးတို့ စုဝေးဖို့ကူညီနေတာဖြစ်ပါတယ်”လို့ သွန်သင်ခဲ့ပါတယ်။

သင်တို့ အစေခံသာသနာပြုတွေက နည်းလမ်းများစွာနဲ့ နေ့တိုင်း ဣသရေလအမျိုးတို့ကို စုဝေးပေးပြီး သင့်ရဲ့အစေခံခြင်းက အသက်တာတွေကို ပြောင်းလဲစေပါတယ်။ သင့်အစေခံခြင်းရဲ့ အကျိုးခံစားခွင့်ရသူက ဘယ်သူဆိုတာ အများအားဖြင့်သင်မသိပါဘူး၊ ဒါပေမဲ့ ဘုရားသခင်က သိတော်မူပါတယ်။ “သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား [အစေခံ] ​ကြ​သ​မျှ​တို့​ကို [သူ့အားအစေခံ]​ကြ​ပြီ​ ” ဆိုတာကို အမြဲအောက်မေ့ပါ။ အသင်းတော်ဖုန်းဝန်ဆောင်မှုဌာနတွေမှာ သင်စေတနာဝန်ထမ်းတဲ့အခါ ကျွန်တော်တို့သင်တို့ရဲ့အသံတွေကိုကြားပါတယ်၊ ရပ်ရွာအဖွဲ့အစည်းတွေမှာ သင်ကူညီတဲ့အခါ ကျွန်တော်တို့သင်တို့ရဲ့အပြုံးတွေကို တွေ့ရပါတယ်၊ ပြီးတော့ ဗိမာန်တော်တွေမှာ သင်တို့အစေခံတဲ့အခါ ကျွန်တော်တို့သင်တို့ရဲ့အလင်းကိုခံစားရပါတယ်။ သင်တို့က မွတ်သိပ်တဲ့​သူတွေကို အစာ​ကျွေးပြီး၊ အဝတ်​မရှိတဲ့​သူတွေကို ဝတ်စရာပေးကာ ရေငတ်သူတွေကို သောက်စရာပေးကြပါတယ်။

ကျွန်တော်တို့အားလုံး သွား၍ ထို​နည်း​တူ​ပြု​ဖို့ လိုအပ်ပါတယ်။

အစေခံခြင်းသည် ခရစ်တော်တပည့်တော်များ၏ အသက်သွေးကြောဖြစ်ပါသည်

အစေခံခြင်းမှာ ဧဝံဂေလိတရားတော်အတွက် နှလုံးသားတွေကိုဖွင့်ဖို့တန်ခိုးတော်ရှိပြီး ခရစ်တော်ထံ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးကိုပေးဖို့ ကျွန်တော်တို့အားလုံးကို အခွင့်ပေးပါတယ်။ ကိုယ်တော်ကဲ့သို့ ပိုမိုဖြစ်လာဖို့ ကျွန်တော်တို့နှလုံးသားတွေကို ပြောင်းလဲပေးပြီး၊ ဒီလမ်းစဉ်မှာ တစ်ပါးသူတွေကို ကျွန်တော်တို့ချီမကြပါတယ်။ ဥက္ကဋ္ဌနယ်လ်ဆင်က တစ်ခါက ဒီလိုမေးခဲ့ပါတယ်၊ “ဝိညာဉ်ရေးရာယိုယွင်းပျက်စီးခြင်းဖြင့် ရိုက်ခတ်ခံနေရတဲ့ ဒီကမ္ဘာကြီးမှာ၊ တစ်ဦးတစ်ယောက်ချင်းစီက ပြောင်းလဲမှုတစ်ခုခုလုပ်နိုင်ပါသလား။” သူ့အဖြေကတော့၊“လုပ်နိုင်ပါတယ်။ … ‘ကိုယ်တော်ရှင်ရဲ့ ပဋိညာဉ်ပြုထားတဲ့လူတွေဟာ၊ … ကြီးမားတဲ့ဘုန်းတော်၌ ဘုရားသခင်ရဲ့တန်ခိုးတော်ဖြင့်’ … စွဲကိုင်ထားကြပြီး လူသားမျိုးနွယ်အားလုံးရဲ့အသက်တာတွေကို ချီမပေးနိုင်ပါတယ်။” အစေခံခြင်းဖြင့် ကျွန်တော်တို့က နှလုံးသားတွေနဲ့—ကမ္ဘာကို ပြောင်းလဲပေးပါတယ်။

ခရစ်တော်က “ကျေး​ဇူး​ပြုလျက် လှည့်​လည်​တော်​မူခဲ့”ပါတယ်။ ကိုယ်တော်က ဖျားနာသူတွေကို အမှုတော်ဆောင်ခဲ့ပါတယ်၊ မျက်စိကန်းသူတွေကို မျက်စိမြင်စေခဲ့ပါတယ်၊ ပြီး‌တော့ ဖိနှိပ်ခံရသူတွေဆီ အကြည့်အရှုသွားခဲ့ပါတယ်။ ကိုယ်တော်က အစားအစာချက်ပြုတ်ပြီး မင်္ဂလာဆောင်ပွဲတွေမှာ ကူညီခဲ့ကာ ဆာလောင်နေတဲ့လူထောင်ပေါင်းများစွာကို ကျွေးမွေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့နာမတော်၌ တစ်ပါးသောသူကို အစေခံပေးတဲ့အခါ၊ ထာဝရအသက်ဆုကျေးဇူးအတွက် ပို၍သန့်ရှင်းလာကြပြီး ထိုက်တန်လာကြပါလိမ့်မယ်။ ယေရှုခရစ်တော်အသက်ရှင်ပါတယ်။ ကိုယ်တော်က ကျွန်တော့်ကယ်တင်ရှင်ဖြစ်ပြီး သင့်ရဲ့ကယ်တင်ရှင်လည်း ဖြစ်ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ရွေးနုတ်ရှင်ဖြစ်ပါတယ်။ ကိုယ်တော်ကကျွန်တော်တို့ရဲ့ အမှုတော်ဆောင်ခြင်းရဲ့ကြီးမားတဲ့ပုံသက်သေဖြစ်ပါတယ်။ ကျွန်တော်တို့အယောက်တိုင်းကို သွား၍ ထို​နည်း​တူ​ပြု​ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။

မှတ်စုများ

  1. ရှု ရှင်မာကု ၈:၂၂-၂၆

  2. ရှင်မဿဲ ၂၀:၂၈

  3. ရှု ရှင်မဿဲ ၅:၄၁

  4. ရှု ရှင်မဿဲ ၅:၄၂

  5. ရှု ရှင်မဿဲ ၂၂:၃၉

  6. ရှု ရှင်လုကာ ၁၀:၂၉-၃၇

  7. လူငယ်အစေခံသာသနာပြုများနှင့် အစေခံရန်မည်သို့လျှောက်ရမည်အကြောင်း သတင်းအချက်အလက်အတွက်၊ ကျေးဇူးပြု၍ ChurchofJesusChrist.org/service-missionary သို့ ဝင်ကြည့်ပါ။

  8. အယ်လမာ ၁၇:၂၃၊ ၂၅

  9. ရှု အယ်လမာ ၁၇:၃၁–၃၉၁၈:၉–၁၀၊ ၂၀

  10. အယ်လမာ ၁၈:၂၁

  11. ရှု အယ်လမာ ၁၈:၂၂

  12. အယ်လမာ ၂၆:၂၂

  13. ညီအစ်မဘယ်ဗန်သည် ဖလော်ရီဒါ ထမ်ပါ သာသနာ၌ သင်ကြားရေးသာသနာနှင့် အော်ရမ် ယုတ သာသနာ၌ အစေခံသာသနာကို ထမ်းဆောင်ခဲ့ပါသည်။

  14. ဂျနေး ဘယ်ဗန်နှင့် ပုဂ္ဂိုလ်ရေးလူတွေ့မေးမြန်းခြင်းကို ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၀ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဇာတ်လမ်းနှင့် ကိုးကားချက်များကို ခွင့်ပြုချက်ဖြင့်အသုံးပြုထားပါသည်။

  15. အယ်လမာ ၁၇:၁၁

  16. ၁ ရှင်ပေတရု ၃:၁၅

  17. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Preaching the Gospel of Peace,” လီယာဟိုနာ၊ မေ၊ ၂၀၂၂၊ ၆–၇။

  18. ဤအခြေခံသဘောတရားကို ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးခဲ့သည့် မူလတန်းအထွေထွေဥက္ကဋ္ဌအဖွဲ့မှ ပထမအတိုင်ပင်ခံ ညီအစ်မ အေမီ အေ၊ ရိုက်တ်ကို ကျွန်တော်ကျေးဇူးတင်ပါသည်။

  19. ရူဘင်စတိုင်း-တေးဘီ ရောဂါလက္ခဏာစု။

  20. စကော့တ်နှင့် ထရီရှာ ဟိုလီဂါဒိုနှင့် ပုဂ္ဂိုလ်ရေးလူတွေ့မေးမြန်းခြင်းကို ၂၀၂၅ခုနှစ်၊ ဇွန်လ ၃ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဇာတ်လမ်းနှင့် ကိုးကားချက်များကို ခွင့်ပြုချက်ဖြင့် အသုံးပြုထားပါသည်။

  21. အစေခံသာသနာပြုရည်ရွယ်ချက် ထုတ်ပြန်ချက်- “ကယ်တင်ရှင်ပြုခဲ့သည့်အတိုင်း ချစ်ကြင်နာမှုနှင့်အစေခံခြင်းအားဖြင့် ခရစ်တော်ထံသို့ တစ်ပါးသူများလာရန် ကူညီပါ။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် တစ်ပါးသောသူကို ကိုယ်တော်၏နာမတော်၌ အမှုတော်ဆောင်၍ ယေရှုခရစ်တော်၌ ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဘုရားသခင်နှင့်ပဋိညာဉ်စောင့်ထိန်းခြင်းနှင့် အဆုံးတိုင်အောင်တည်ကြည်ခြင်း၏ ပုံသက်သေအဖြစ် နေထိုင်ပါ။” (Missionary Standards for Disciples of Jesus Christ—Service Missionaries၁၊၀၊ ဧဝံဂေလိစာကြည့်တိုက်)။

  22. ရှု ရောမ ၁၂:၁

  23. ဂျော်ဒန် ဖရိုင်းနှင့် ပုဂ္ဂိုလ်ရေးလူတွေ့မေးမြန်းခြင်းကို ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၂ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဇာတ်လမ်းနှင့် ကိုးကားချက်များကို ခွင့်ပြုချက်ဖြင့် အသုံးပြုထားပါသည်။

  24. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Jesus Christ—the Master Healer,” လီယာဟိုနာ၊ နို၊ ၂၀၀၅၊ ၈၇။

  25. ၂၀၂၂ခုနှစ် ဇူလိုင်လတွင်၊ ညီအစ်မ အယ်ဗင်ဆင်နှင့် ကျွန်တော်သည် ယုတ အော်ရမ် သာသနာအတွက် သာသနာခေါင်းဆောင်များအဖြစ် အစေခံနေခဲ့ကြပါသည်။ ကမ္ဘာပေါ်ရှိအခြား သာသနာ ကိုးခုနှင့်အတူ၊ ကျွန်တော်တို့၏သာသနာအထဲရှိ လူငယ်အစေခံသာသနာပြုများ ပေါင်းစည်းထားသော စမ်းသပ်စီမံကိန်းတစ်ခု၌ ပါဝင်ရသည့် အခွင့်ထူးကို ကျွန်တော်တို့ရရှိခဲ့ပါသည်။ ကျွန်တော်တို့၏ ပထမအစည်းအဝေးပြီးနောက်၊ ကျွန်တော့်နေ့စဉ်မှတ်တမ်းတွင် ကျွန်တော်ရေးခဲ့သည်မှာ၊ “ယနေ့ညမှာ ကျွန်တော်တို့ အလွန်ထူးခြားတဲ့ အစည်းအဝေးတစ်ခုကို တက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့သာသနာမှာရှိတဲ့ သာသနာပြု ၁၄၀ကျော်နဲ့ သူတို့မိဘတွေကို ကျွန်တော်တို့တွေ့ဆုံခဲ့ပါတယ်။ ဝတ်ပြုဆောင်နဲ့အားကစားခန်းမမှာ လူတွေနဲ့ပြည့်နေခဲ့ပြီး အစေခံသာသနာပြုတွေကို ယုတ အော်ရမ် သာသနာထဲ ကြိုဆိုဖို့ ဝိညာဉ်တော်ပြည့်ဝပြီး စိတ်ထက်သန်တဲ့အစည်းအဝေး ကျင်းပခဲ့ပါတယ်။ သူတို့အပေါ်ကျွန်တော်တို့ထားရှိတဲ့ ချစ်ခြင်းမေတ္တာခံစားချက်က ကျွန်တော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။ အားလုံးက အစေခံဖို့ လိုလားကြပါတယ်။ အဲဒါက လှပတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။” ဤသာသနာပြုများ၏အခြေအနေများက ထိခိုက်မှုများမှ ပြန်လည်ကျန်းမာလာသော ယခင်သင်ကြားရေးသာသနာပြုများမှသည် ဘီးတပ်ကုလားထိုင်များအသုံးပြုသော စကားပြောရန်မလိုအပ်သာသနာပြုများအထိရှိပါသည်။ ထိုအစည်းအဝေးပြီးနောက်၊ ညီအစ်မ အယ်ဗင်ဆင်က “အခု ကျွန်မတို့ရဲ့သာသနာပြီးပြည့်စုံတယ်လို့ခံစားရပါတယ်”ဟု ကျွန်တော့်ကို ပြောခဲ့ပါသည်။

  26. ရှု ဒေးဗစ် အေ၊ ဘတ်ဒ်နာ၊ “Called to the Work,” လီယာဟိုနာ၊ မေ ၂၀၁၇၊ ၆၇ –၇၀။

  27. “I’ll Go Where You Want Me to Go,” ဓမ္မသီချင်းများ၊ နံပါတ် ၂၇၀။

  28. ရှု ရှင်မဿဲ ၂၃:၁၁

  29. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Let God Prevail,” လီယာဟိုနာ၊ နို၊ ၂၀၂၀၊ ၉၂–၉၃။

  30. ရှင်မဿဲ ၂၅:၄၀

  31. ရှု ရှင်မဿဲ ၂၅:၃၄–၃၆

  32. ရှု သြမနိ ၁:၂၆

  33. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Personal Preparation for Temple Blessings,” လီယာဟိုနာ၊ ဇူလိုင် ၂၀၀၁၊ ၃၉။

  34. တမန်တော်ဝတ္ထု ၁၀:၃၈

  35. ရှု ရှင်မာကု ၁:၃၀-၃၁

  36. ရှု ရှင်မာကု ၈:၂၂-၂၆

  37. ရှု ရှင်လုကာ ၁၉:၁-၁၀

  38. ရှု ရှင်ယောဟန် ၂၁:၉

  39. ရှု ရှင်ယောဟန် ၂:၁–၁၀

  40. ရှု ရှင်ယောဟန် ၆:၅–၁၃

  41. ရှု ရှင်မဿဲ ၂၅:၃၄ရောမ ၁၂:၁