ဘုရားသခင်၏ ပရောဖက်များ
ပရောဖက်ရဲ့အသံကို နားထောင်ခြင်းနဲ့ နာခံခြင်းက ကျွန်မတို့ကယ်တင်ရှင်ရဲ့ ဒုတိယအကြိမ်ပြန်ကြွလာခြင်းမတိုင်မီအထိ ကောင်းမြတ်သောအရာတိုင်းကို ဆွဲကိုင်ရာမှာ အဓိကကျပါတယ်။
ချစ်ခင်ရပါသော လူငယ်များရှင်၊ ကျွန်မတို့ ကျင်းပနေတဲ့ ညီလာခံကဏ္ဍက ဘယ်လောက်တောင်လှပလိုက်ပါသလဲ။ ကျွန်မတို့ ယေရှုခရစ်တော်ရဲ့ သက်ရှင်တမန်တော်သုံးဦးဆီကနေ ကြားနာခဲ့ရပြီးဖြစ်ပါတယ်။ တကယ့်ကို အံ့သြဖွယ်ကောင်းချီးပါပဲ။ ပြီးတော့ နောက်တစ်ဦးဖြစ်တဲ့၊ အသင်းလူကြီး ဟင်နရီ ဘီ၊ အိုင်းရင်းဆီကနေ ကြားနာရဦးမှာဖြစ်ပါတယ်။ ဝိညာဥ်ရေးရာပွဲဟာ ဆက်လက်ရှိနေပါတယ်။
ကျွန်မ အရင်နှစ်က ဟောပြောခဲ့တဲ့အခါမှာ၊ ဒါဝိဒ်နဲ့ ဂေါလျတ်ရဲ့ အတွေ့အကြုံအားဖြင့် ဒီလောကကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ကျွန်မတို့သင်ယူခဲ့ကြပါတယ်။ ကျောက်ချောငါးလုံးကို မှတ်မိပါသလား။ ဒီနေ့မှာ၊ ကျွန်မကို အဓိကဇာတ်ဆောင်တစ်ဦးလို ဖြစ်ချင်လာစေခဲ့တဲ့၊ သင်တို့အရွယ်လောက်မှာ ကျွန်မဖတ်ခဲ့ရတဲ့ ဓမ္မဟောင်း ဇာတ်လမ်းတစ်ပုဒ်ကို ဝေငှပါမယ်ရှင်။ သမ္မာကျမ်းက သူမရဲ့နာမည်ကို မပြောထားပါဘူး၊ ဒါကြောင့် ကျွန်မတို့ သူမကို ရှုနင်မြို့မှအမျိုးသမီးလို့ခေါ်ပါမယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက သူမရဲ့ မြို့နာမည်ဖြစ်နေလို့ပါ။
တစ်နေ့မှာ၊ ပရောဖက် ဧလိရှဲက ရှုနင်မြို့ကိုဖြတ်သွားနေတုန်းမှာ၊ “ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ [ခေါ်ပင့်ခဲ့]လေ၏။ နောက်မှ ထိုလမ်းသို့ သွားသောအခါ၊ ကျွေးခြင်းကိုခံအံ့သောငှါ … ဝင်တတ်၏”လို့ ကျွန်မတို့ ဖတ်ရပါတယ်။ ပရောဖက် ဧလိရှဲဟာ သူမရဲ့အိမ်မှာ စားဖို့ခေါ်ဖိတ်ခံရခြင်းကို အလွန်ပျော်ရွှင်ခဲ့မှာပဲလို့ ကျွန်မစိတ်ကူးကြည့်မိပါတယ်။ သူက အကြိမ်ပေါင်းများစွာ အဲဒီနေရာကိုသွားခဲ့ပြီး၊ တစ်နေ့မှာ အမျိုးသမီးက သူမရဲ့ခင်ပွန်းကို၊ “ယခု၊ ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏” လို့ပြောခဲ့ပါတယ်။
အမျိုးသမီးက၊ “ယခု ကျွန်ုပ်ရိပ်မိ၏”လို့ ပြောပါတယ်။ ဧလိရှဲက ပရောဖက်ဖြစ်မှန်းမသိဘဲ သူမရဲ့အိမ်ကိုဖိတ်ခေါ်ခဲ့ပုံပေါ်ပါတယ်၊ ဧလိရှဲ ပြောခဲ့တာတွေနဲ့ သွန်သင်ပေးခဲ့တာတွေကို သေချာနားထောင်ရင်းနဲ့ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် သူမရဲ့ သက်သေခံချက်ကို သူမ ရရှိခဲ့ပါတယ်။ (အဲဒီအချိန်မှာ ဓာတ်ပုံတွေမရှိတာကို သတိရပါ။ ဒါကြောင့် ပရောဖက်ကို သူ့မျက်နှာနဲ့ သတိထားမိဖို့ ခဲယဥ်းပါတယ်။)
ဒါပေမယ့် ဇာတ်လမ်းက အဲဒီမှာမပြီးသွားပါဘူး။ တစ်နေ့မှာ၊ အမျိုးသမီးက၊ “ဝင်ရိုးအပေါ်မှာ အခန်းငယ်တစ်ခုကို လုပ်ကြကုန်အံ့။ သူ့အဖို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်”လို့ သူမရဲ့ ခင်ပွန်းကို ပြောခဲ့ပါတယ်။
မြို့ကိုဖြတ်သွားတဲ့ ပရောဖက်၊ နေစရာနေရာတစ်ခုရှိဖို့အတွက် ဒီသစ္စာရှိတဲ့အမျိုးသမီးက သူမရဲ့အိမ်မှာ အခန်းတစ်ခန်းဆောက်လုပ်လိုစိတ်ရှိခဲ့ပါတယ်။
ယနေ့ခေတ်မှာ ကျွန်မတို့ ဒီအတွေ့အကြုံကနေ အားကောင်းတဲ့ သင်ခန်းစာတစ်ခုကို သင်ယူနိုင်ကြပါတယ်။
ရှုနင်မြို့မှအမျိုးသမီးကို ဧလိရှဲက ဘုရားသခင်ရဲ့ပရောဖက်တစ်ပါးဖြစ်ကြောင်း ကိုယ်တော်ရှင်ကသက်သေခံခဲ့ပြီး၊ ဧလိရှဲကိုကြိုဆိုဖို့ သူမအိမ်ကိုဖွင့်ထားတာကို သူမလုပ်ဆောင်ခဲ့ပါတယ်။
ကျွန်မတို့လည်း ယနေ့ခေတ် ဘုရားသခင်ရဲ့ပရောဖက်အပေါ် ကိုယ်ပိုင်သက်သေခံချက်ကို ရရှိနိုင်ပါတယ်၊ ပြီးတော့ ဒီနောက်ပိုင်းကာလတွေမှာ ကျွန်မတို့အတွက်ထားရှိတဲ့ ကောင်းကင်ဘုံရှင်အဘရဲ့ သတင်းစကားကို ခံယူဖို့ ကျွန်မတို့ရဲ့ နှလုံးသားတွေနဲ့စိတ်တွေ—ကျွန်မတို့ရဲ့အိမ်ကို ဖွင့်ထားနိုင်ပါတယ်။
ချစ်ရပါသော လူငယ်များရှင်၊ သင်တို့ကိုယ်သင်တို့ ဒီမေးခွန်းမေးဖို့ ကျွန်မဖိတ်ခေါ်ပါတယ်၊ “ကျွန်ုပ်မှာ ဘုရားသခင်ရဲ့သက်ရှင်ပရောဖက်အပေါ် ကိုယ်ပိုင်သက်သေခံချက်ရှိပါသလား။”
အစကနေ စကြရအောင်။
ပရောဖက်ဆိုတာ ဘာလဲ။ ပရောဖက်ဆိုတာ ဘုရားသခင်က သူ့အတွက်စကားပြောပေးဖို့ ခေါ်သွင်းထားတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ရှေးခေတ်အခါတုန်းက ရှိခဲ့ကြလိုပဲ၊ ယနေ့ခေတ်ကမ္ဘာမြေပေါ်မှာလည်း ပရောဖက်တွေရှိပါတယ်။
ပရောဖက်တွေဟာ မြင်သူတွေနဲ့ ဗျာဒိတ်ဟောသူတွေဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ သူတို့ဟာ တခြားသူတွေမမြင်နိုင်တာတွေကို မြင်နိုင်ကြပြီးတော့၊ အနာဂတ်အဖြစ်အပျက်တွေကို ပရောဖက်ပြုဟောနိုင်ကြပါတယ်။ သူတို့က ကျွန်မတို့ကို ကပ်ဘေးတွေအတွက်လည်း ပြင်ဆင်ပေးနိုင်ပါတယ်။ ပရောဖက်တွေဟာ ကိုယ်တော်ရှင်ထံကနေ ပညတ်တော်တွေနဲ့ ဗျာဒိတ်တော်တွေရရှိကြပါတယ်။ ကိုးချက်မြောက်ယုံကြည်ခံယူချက်က ဒီနောက်ပိုင်းကာလတွေမှာ ဆက်ရှိနေတဲ့ ဗျာဒိတ်တော်အကြောင်း ပြောထားပါတယ်။ “ကျွန်ုပ်တို့သည် ဘုရားသခင်ဖော်ပြတော်မူခဲ့သမျှသော အရာအားလုံးကိုလည်းကောင်း၊ ယခုမျက်မှောက်၌ ဖော်ပြတော်မူသမျှသော အရာအားလုံးကိုလည်းကောင်း ယုံကြည်ပြီး၊ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သည့် ကြီးမြတ်၍အရေးကြီးသော အကြောင်းအရာများစွာတို့ကို ဘုရားသခင်သည် ဖော်ပြတော်မူဦးမည်ကို ယုံကြည်ပါသည်” လို့ ယုံကြည်ခံယူချက်မှာပြောထားပါတယ်။
အသင်းလူကြီး ဂယ်ရီ အီး၊ စတီဗင်ဆင်က “ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ကို ဒီဘဝမှာ ပျော်ရွှင်မှုရရှိဖို့နဲ့ နောက်ဘဝမှာ ဆီလက်ရှယ်လ်ဘုန်းအသရေရရှိဖို့အတွက် ဦးဆောင်ဖို့ဆန္ဒရှိတာကြောင့်၊ ကိုယ်တော်ဟာ သူ့ရဲ့ပညတ်တော်တွေနဲ့ အလိုတော်ကို ယနေ့ခေတ်မှာ သူ့ရဲ့ပရောဖက်တွေကို ဆက်လက်ဖော်ပြပါတယ်”လို့ ပြောခဲ့ပါတယ်။
ပရောဖက်တွေဟာ ဧဝံဂေလိတရားတော်ကို ကြေညာပြီးတော့ သူတို့ဟာ ကမ္ဘာမြေပေါ်မှာရှိတဲ့လူတိုင်းအတွက် လမ်းပြလှုံ့ဆော်မှုပေးတဲ့ ဆရာတွေနဲ့ ဘုရားသခင်ရဲ့ တမန်တွေလည်းဖြစ်ကြပါတယ်။
ပထမဥက္ကဋ္ဌအဖွဲ့နဲ့ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့က အဖွဲ့ဝင်တိုင်းဟာ ပရောဖက်၊ မြင်သောသူနဲ့ ဗျာဒိတ်ဟောသူတွေဖြစ်ကြပါတယ်။ ကိုယ်တော်ရှင်ရဲ့လမ်းညွှန်မှုအောက်ရှိ အတိုင်ပင်ခံအဖွဲ့အဖြစ် အမှုတော်ထမ်းနေပြီးတော့၊ သြဝါဒကို ထုတ်ပြန်ကြေညာပြီး အနက်ဖွင့်ပြဖို့နဲ့ ကိုယ်တော်ရဲ့အသင်းတော်အတွက် မူဝါဒချမှတ်ဖို့ သူတို့မှာ အခွင့်အာဏာရှိပါတယ်။ ဒီအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တညီတညွတ်တည်းဖြစ်ရတာကြောင့်၊ သူတို့ဟာ လေးလေးနက်နက်ဆုတောင်းပြီး ချင့်ချိန်ကြပါတယ်။ ဒီနည်းလမ်းနဲ့၊ ကိုယ်တော်ရှင်က သူ့ရဲ့အလိုတော်ပြီးမြောက်မှာဖြစ်ကြောင်း ကျွန်မတို့ကို စိတ်ချစေပါတယ်။
ပရောဖက်များဟာ ခရစ်တော်အကြောင်းသက်သေခံကြပြီး— ကိုယ်တော့်ရဲ့ဖြစ်တည်မှု၊ ကိုယ်တော့်ရဲ့ အမှုတော်ဆောင်ခြင်းနဲ့ ကိုယ်တော့်ရဲ့အထွတ်အမြတ်ဖြစ်ခြင်းကို သက်သေခံကြပါတယ်။
မော်မုန်ကျမ်းထဲက ပရောဖက်တွေရဲ့ သက်သေခံချက်အချို့ကို ကျွန်မတို့ ဖတ်ကြည့်ကြရအောင်လားရှင်။
အဘိနဒိက ဒီလိုကြေညာခဲ့ပါတယ်၊
“ဘုရားသခင်ကိုယ်တော်တိုင် လူသားတို့၌ ဆင်းလာတော်မူ၍၊ သူ၏လူမျိုးတို့ကို ရွေးနုတ်တော်မူမည်။
“ထို့အတူ၊ သူသည် ဇာတိကိုယ်ခန္ဓာ၌ နေထိုင်သောကြောင့် ဘုရားသခင်၏သားတော်ဟု အခေါ်ခံရလိမ့်မည်။”
လာမန်အမျိုးသား ရှမွေလကလည်း၊ ယေရှုခရစ်တော်သည် “ဘုရားသခင်၏သားတော်၊ ကောင်းကင်နှင့် မြေကြီး၏ခမည်းတော်၊ ရှေးဦးစွာကတည်းက၊ အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင်”ဖြစ်ကြောင်း သက်သေခံခဲ့ပါတယ်။
ပြီးတော့ ပရောဖက် မော်ရော်နိုင်းက၊ “ယေရှုကို ငါတွေ့မြင်သည် … သူသည် ငါနှင့် မျက်နှာချင်းဆိုင်၍ စကားပြောသည်” လို့ ပြောခဲ့ပါတယ်။
ခရစ်တော်က နီဖိုင်းအမျိုးသားတွေဆီကို လည်ပတ်တဲ့အခါမှာ၊ ကိုယ်တော်လုပ်ခဲ့တဲ့အရာတွေထဲက ပထမဆုံးတစ်ခုကတော့ တမန်တော်တစ်ဆယ့်နှစ်ပါးကို ခေါ်သွင်းခဲ့တာပါပဲ။ ပြီးတော့ ကိုယ်တော်က သူ့ရဲ့လူတွေကို၊ “ငါရွေးကောက်ထားသည့် သူဖြစ်သော၊ တစ်ဆယ့်နှစ်ပါး၏စကားတို့ကို ပမာဏပြုကြလျှင်၊မင်္ဂလာရှိ၏”လို့ ပြောခဲ့ပါတယ်။
အခု၊ ကလေးတွေကိုပျိုးထောင်ပေးနေတဲ့ မိဘတွေ သို့မဟုတ် တခြားမိသားစုဝင်တွေကို ကျွန်မစကားတချို့ ဝေမျှပါရစေ။ ကိုယ်တော်ရှင်ကိုယ်တိုင်က အာဒံနဲ့ ဧဝကို ကယ်တင်ခြင်းအစီအစဥ်ရဲ့ သမ္မာတရားတွေကို သင်ပေးခဲ့ပါတယ်။ ပြီးတော့ ကိုယ်တော်က၊ “ငါသည် သင့်အား ဤအရာတို့ကို သင်၏သားသမီးတို့ကို၊ လွတ်လပ်စွာ သွန်သင်ပေးစေရန် ပညတ်တော်ကို ပေးမည်” လို့ သူတို့ကိုပြောခဲ့ပါတယ်။
လွတ်လပ်စွာ သွန်သင်ပေးခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ။ အဲဒါဟာ ဧဝံဂေလိတရားတော်ရဲ့ သမ္မာတရားတွေကို သင်ယူခြင်း၊ ၎င်းတို့အပေါ် ကိုယ်ပိုင်သက်သေခံချက်ရှိခြင်းနဲ့၊ ထိုအသိပညာကို ကျွန်မတို့ရဲ့ သားသမီးတွေနဲ့ ဝေမျှခြင်းဖြစ်ပါတယ်။ အဲဒါဟာ စနစ်တကျစီမံသင်ကြားပေးခြင်းနဲ့ သာမာန်နေ့စဉ်အပြုအမူမှတစ်ဆင့်သင်ကြားခြင်း အခိုက်အတန့်နှစ်မျိုးလုံးကို အားပေးဖို့ဖြစ်ပါတယ်။ အဲဒါဟာ ထိုအသိပညာနဲ့ သက်သေခံချက်အတိုင်း ပြုမူနေထိုင်ခြင်းဖြစ်ပါတယ်။
မော်မုန်ကျမ်းက၊ စစ်သူရဲလုလင်ပျို ၂၀၆၀ တို့ကို “သူတို့သည် သမ္မာတရားနှင့် တည်ကြည်လေးနက်ခြင်းရှိသောသူများဖြစ်ကြ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းစေရန်နှင့်၊ ရှေ့တော်၌ ဖြောင့်မတ်စွာကျင့်စေရန် သွန်သင်ခံရလေပြီ” လို့ ဖော်ပြထားပါတယ်။ ဒီလူငယ်အမျိုးသားတွေဟာ၊ အဲဒီအချိန်မှာ သူတို့ရဲ့ စစ်တပ်ခေါင်းဆောင်နဲ့ သူတို့ရဲ့ပရောဖက်လည်းဖြစ်တဲ့ ဟေလမန်ကို သစ္စာရှိစွာ နာခံခဲ့ကြပြီး သူတို့ရဲ့ မိခင်တွေဟာ သူတို့ရဲ့ နှလုံးသားတွေကို သမ္မာတရားနဲ့ယုံကြည်ခြင်းဖြင့် ဖြည့်ပေးခဲ့ကြကြောင်း သူတို့သတိပြုမိခဲ့ကြပါတယ်။
မိဘများရှင်၊ များစွာသောအသံတွေနဲ့ တစ်ခါတစ်ရံမှာ အလွန်မှောင်မိုက်မှုရှိတဲ့ ဒီလောကမှာ၊ ဘုရားသခင်ကိုယ်တော်တိုင်က ကျွန်မတို့ရဲ့ သားသမီးတွေကိုအလင်းနှင့် သမ္မာတရား၌ ပြုစုပျိုးထောင်ဖို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တော်က ကျွန်မတို့ရဲ့သားသမီးတွေကို ဧဝံဂေလိတရားတော်ရဲ့ ကယ်တင်ပေးတဲ့သမ္မာတရားတွေ သွန်သင်ပေးဖို့ တာဝန်နဲ့ ကျွန်မတို့ကို ယုံကြည်လွှဲအပ်ခဲ့ပါတယ်။ ကျွန်မတို့သွန်သင်ပေးဖို့ ပျက်ကွက်ကြတယ်ဆိုရင်၊ လောက, က သွန်သင်ပေးမှာမဟုတ်ပါဘူး။
ချစ်ရသောလူငယ်မိတ်ဆွေများရှင်၊ ကျွန်မမှာ သင်တို့အတွက် ဖိတ်ခေါ်ချက်တစ်ခုရှိပါတယ်၊ လာမယ့်ရက်တွေမှာ၊ ဒူးထောက်ပြီး၊ သင်တို့ရဲ့စိတ်နှလုံးတွေကိုဖွင့်ကာ ကိုယ်တော်ရွေးချယ်ထားတဲ့ ပရောဖက်နဲ့ တမန်တော်တွေဟာ ယနေ့ခေတ်ကမ္ဘာမြေပေါ်က ကိုယ်တော့်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာ သင့်ကိုအတည်ပြုပေးဖို့ ကောင်းကင်ဘုံရှင်အဘထံမှာယုံကြည်ခြင်းနဲ့ ဆုတောင်းဖို့ ကျွန်မဖိတ်ခေါ်ပါတယ်။
ရှုနင်မြို့မှအမျိုးသမီးက ဒီသက်သေခံချက်ကို သန့်ရှင်းသောဝိညာဥ်တော်အားဖြင့်ရရှိနိုင်ကြောင်း ကျွန်မတို့ကို သင်ကြားပေးခဲ့ပါတယ်။ သူတို့ဟာဘုရားသခင်ရဲ့ ဆီလိမ်း၍ခန့်အပ်ခံထားရသူတွေဆိုတာ ကျွန်မတို့ သိတဲ့အခါ၊ ကျွန်မတို့ဟာ သူတို့ရဲ့ အသံကို စိတ်ချခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့နဲ့ နာခံကြတာနဲ့အမျှ ဆက်လက်ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေ ရှိနေရင်တောင် ကျွန်မတို့ရဲ့ဘဝဟာ ပိုပြီးလွယ်ကူလာမယ် ဆိုတာ သင်တို့ကို ကျွန်မကတိပေးပါတယ်။ ပရောဖက်ရဲ့အသံကို နားထောင်ခြင်းနဲ့ နာခံခြင်းက ကျွန်မတို့ကယ်တင်ရှင်ရဲ့ ဒုတိယအကြိမ်ပြန်ကြွလာခြင်းအထိ ကောင်းမြတ်သောအရာတိုင်းကို ဆွဲကိုင်ရာမှာ အဓိကကျပါတယ်။
လောကရဲ့ ဆိုးညစ်မှုဟာ တိုးပွားလာပါတယ်၊ ဒါပေမယ့် ယေရှုခရစ်တော်ရဲ့ အသင်းတော်နဲ့ သူ့ရဲ့ နိုင်ငံတော်ဟာ အရင်ကထက်ပိုပြီး အားကောင်းလာပါတယ်။ ဇိအုန်က သူ၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်နေပြီး ခရစ်တော်၏ပလ္လင်က လဲပြိုကျမှာ မဟုတ်ပါဘူး။ ကိုယ်တော်ရှင်က ကျွန်မတို့ကို ကျွန်မတို့ရဲ့ သက်သေခံချက်တွေမှာ အားကောင်းဖို့၊ ယုံကြည်ခြင်းပြည့်ဝဖို့နဲ့ နေ့စဥ်နောင်တရဖို့ မျှော်လင့်ပါတယ်။ ကယ်တင်ရှင် ယေရှုခရစ်တော်က သူ့ရဲ့အမှုတော်ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် ကျွန်မတို့တစ်ဦးချင်းစီတိုင်းကို အားကိုးနေပါတယ်။
တစ်ခါက၊ ပရောဖက် ဂျိုးဇက်စမစ်က၊ “ညီအစ်ကိုတို့၊ ကျွန်ုပ်တို့သည် ထိုမျှကြီးမြတ်သော အကြောင်းရင်းကို ဆက်၍မပြုကြသလော” လို့ပြောခဲ့ပါတယ်။ ဒါပေမယ့်၊ ဒီသတင်းစကားက လူငယ်တွေဖြစ်တဲ့၊ သင်တို့အတွက် အဓိကဖြစ်တာကြောင့် ကျွန်မက ညီအစ်ကိုတို့အစား လူငယ်တို့ ဆိုတဲ့ စကားလုံးကို အသုံးပြုချင်ပါတယ်။ အဆင်သင့်ဖြစ်ပါပြီလား။
“[လူငယ်တို့] ကျွန်ုပ်တို့သည် ထိုမျှကြီးမြတ်သော အကြောင်းရင်းကို ဆက်၍မပြုကြ မည်လော။ ရှေ့သို့သွားကြလော့၊ နောက်သို့မသွားကြနှင့်။ ရဲရင့်ကြလော့၊… [လူငယ်တို့]ထို့အတူ အောင်နိုင်ခြင်းသို့ ဆက်၍၊ ဆက်၍ သွားကြကုန်အံ့။ သင်တို့၏စိတ်နှလုံးကိုရွှင်လန်းဝမ်းမြောက်စေကြလော့၊ ထို့အတူ အလွန်ဝမ်းသာကြလော့။”
သက်ရှင်ပရောဖက်တွေရဲ့ လမ်းညွှန်မှုနဲ့ ဆက်ကပ်ထားတဲ့အားထုတ်မှုတွေအတွက် ကျွန်မကျေးဇူးတော်ချီးမွမ်းပါတယ်။ သူတို့ဟာ ယနေ့ကမ္ဘာပေါ်မှာ ကိုယ်တော့်ရဲ့နိုင်ငံတော်ကို ဆက်လက်ဆောင်ရွက်၊ တည်ဆောက်ပြီး ဦးဆောင်ဖို့ ဘုရားသခင်က ခေါ်သွင်းထားကြောင်း ကျွန်မရဲ့လေးနက်တဲ့သက်သေခံချက်ကို သင်တို့ကိုပေးပါတယ်။ ပြီးတော့ ဒါက ဒီလိုပဲအမြဲဖြစ်နေမှာ ဖြစ်ပါတယ်။ သူ့ရဲ့အစေခံတွေကိုရွေးချယ်သူက ကိုယ်တော်ရှင်သာ အစဉ်အမြဲဖြစ်ပါလိမ့်မယ်။ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။