၂၀၂၀- ၂၀၂၄
ယေရှုခရစ်တော်၏သြဝါဒသည်ရိုးရှင်း၏
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


16:6

ယေရှုခရစ်တော်၏သြဝါဒသည်ရိုးရှင်း၏

ယေရှုခရစ်တော်၏ရိုးရှင်းသောသြဝါဒကို ကောင်းကင်ဘုံရှင်အဘ၏သားသမီးများအား သွန်သင်ပေးတဲ့ သန့်ရှင်းမွန်မြတ်သောအလုပ်ကို ကျွန်တော်သက်သေခံပါတယ်။

ကျွန်တော်တို့အားလုံးမှာ ဘုရားသခင်ရဲ့သားသမီးအားလုံးကို စိတ်မချမ်းမြေ့စေမယ့် ဖျက်ဆီးသူ စာတန်ရဲ့အဆက်မပြတ်ဖြစ်ပုံရသော အင်အားစုများရဲ့ သွေးဆောင်မှုနှင့် စမ်းသပ်မှုခံနေရတဲ့ ကျွန်တော်တို့ချစ်တဲ့ မိသားစုဝင်တွေရှိကြပါတယ်။ ကျွန်တော်တို့အများစုအတွက်တော့ အိပ်မပျော်တဲ့ညတွေ ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကျိုးအတွက် အားအင်တိုင်းဖြင့် အန္တရာယ်ကျရောက်နေတဲ့သူတွေကို ဝန်းရံဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့အတွက် ဆုတောင်းချက်မှာ ကျွန်တော်တို့ တောင်းလျှောက်နေခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို ချစ်နေခဲ့ပါတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ အကောင်းဆုံး ပုံဥပမာကို ပြနေခဲ့ပါတယ်။

ရှေးခေတ်က ပညာရှိပရောဖတ်တစ်ဦးဖြစ်သူ အယ်လမာက အလားတူစမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ရပါတယ်။ သူဦးဆောင်ပြီး ချစ်ရသူတွေဟာ မကြာခဏ ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတစ်ဦးရဲ့ တိုက်ခိုက်မှုအောက်မှာရှိသော်လည်း ဆိုးညစ်တဲ့လောကမှာ ဖြောင့်မတ်တဲ့ကလေးတွေကို ပြုစုပျိုးထောင်ဖို့ သူတို့ကြိုးစားနေခဲ့ကြတယ်။ အယ်လမာ ခံစားမိခဲ့တာက သူ့ကိုအောင်ပွဲရစေမယ့်တစ်ခုတည်းသောမျှော်လင့်ချက်က ကျွန်‌တော်တို့ တစ်ခါတစ်ရံလျှော့တွက်ပြီး မကြာခဏ သုံးလေ့မရှိတဲ့ အင်အားတစ်ခုဆိုတာပါပဲ။ ဘုရားရဲ့အကူအညီအတွက် သူတောင်းလျှောက်ခဲ့ပါတယ်။

အယ်လမာက ဘုရားသခင်ကူညီပေးဖို့အတွက် သူဦးဆောင်တဲ့သူတွေအပြင် သူ့ရန်သူတွေလည်း နောင်တရဖို့လိုကြောင်း သိခဲ့တယ်။ ဒါကြောင့် တိုက်ပွဲဝင်ဖို့ ခြားနားတဲ့နည်းလမ်းကို သူရွေးချယ်ခဲ့တယ်။

‌မော်မုန်ကျမ်းကယခုလို ဖော်ပြထားပါတယ်၊ “ယခုမူကား၊ နှုတ်ကပတ်တော်ကို ဟောပြောခြင်းမှာ လူတို့အား ဖြောင့်မှန်သောအရာကို ပြုစေခြင်းငှာ၊ ပို့ဆောင်ရန် ကြီးစွာသော ဖြစ်နိုင်ခြေရှိလေ၏—ထိုမှတစ်ပါး၊ ထိုအမှုသည်ကား၊ လူတို့၏စိတ်အပေါ် ၌၊ ဓားသို့မဟုတ်၊ သူတို့ထံသို့ ဖြစ်ပျက်လေသည့် အခြားအရာတစ်စုံတစ်ခုထက် သာ၍အားကြီးသော အကျိုးရလဒ် ရှိလေ၏—ထို့ကြောင့်၊ အယ်လမာသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တန်ခိုးတော်ကို မိမိတို့စုံစမ်းရန် သင့်လျော်ပေ၏ဟု ဆင်ခြင်၏။”

ဘုရားသခင်၏နှုတ်ကပတ်တော်က ယေရှုခရစ်တော်နှင့် သူ၏ပရောဖက်များမှ သွန်သင်ပေးခဲ့သော သြဝါဒဖြစ်ပါတယ်။ သြဝါဒစကားတွေမှာ ကြီးမားတဲ့တန်ခိုးရှိကြောင်း အယ်လမာသိခဲ့ပါတယ်။

သြဝါဒနှင့် ပဋိညာဉ်များ အခန်း၁၈မှာ၊ ကိုယ်တော်ရှင်က သူရဲ့သြဝါဒအုတ်မြစ်ကို ဖော်ပြခဲ့ပါတယ်၊

“ရှုလော့၊ ငါသည် နေရာတိုင်းရှိ ခပ်သိမ်းသောလူတို့အား နောင်တရရန် မိန့်တော်မူ၏။ …

“အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင် သင်၏ရွေးနုတ်ရှင်သည် ဇာတိကိုယ်ခန္ဓာအားဖြင့် သေခြင်းကို ခံစား၏။ သို့ဖြစ်၍၊ သူသည် ခပ်သိမ်းသော လူသားတို့နောင်တရ၍ သူ့ထံသို့ လာနိုင်ကြစေကြောင်း၊ ခပ်သိမ်းသော လူသားတို့၏ နာကျင်မှုကို ခံစားတော်မူ၏။

“ခပ်သိမ်းသော လူသားအပေါင်းတို့ကို နောင်တရခြင်းအခွင့်များဖြင့် သူ့ထံသို့ ဆောင်ယူနိုင်စေကြောင်း၊ သေခြင်းမှ တစ်ဖန်ထမြောက်တော်မူ၏။”

“သင်တို့သည် လဲကျလျက် ငါ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်ရမည်။

“… သင်တို့နောင်တရပြီး ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။”

“သင်တို့သည် ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ယုံကြည်ခြင်းဖြင့် တောင်းကြလော့။ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ရရှိကြလိမ့်မည်။”

“ယခုမူကား၊ သင်တို့သည် ဤအရာကို လက်ခံရရှိလေပြီးနောက်တွင်၊ အရာရာ၌ ငါ၏ပညတ်တော်များကို စောင့်ထိန်းရမည်။”

“သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူကြလော့။ သမ္မာတရားကို တည်ကြည်လေးနက်စွာ ဟောပြောလော့။

“နောင်တရ၍၊ ယေရှုခရစ်တော်တည်းဟူသော ငါ၏နာမတော်၌ ဗတ္တိဇံခံပြီး၊ အဆုံးတိုင်အောင်တည်ကြည်သူမှန်သမျှသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”

ထိုကျမ်းပိုဒ်အနည်းငယ်မှာ ကယ်တင်ရှင်က သူ့ရဲ့သြဝါဒကို ကျွန်တော်တို့ ဘယ်လိုသွန်သင်ပေးသင့်ကြောင်း စုံလင်တဲ့ပုံဥပမာကို ပေးပါတယ်။ ဒီသြဝါဒက သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဗတ္တိဇံခံခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိခြင်းနှင့် အဆုံးတိုင်အောင်တည်ကြည်ခြင်းတို့က ဘုရားသခင်ရဲ့သားသမီးအားလုံးကို ကောင်းချီးပေးတယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ချစ်ရသူတွေကို ဒီအခြေခံသဘောတရားတွေကို ကျွန်တော်တို့သွန်သင်ပေးတဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်က အမှန်တရားကို သိရှိဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လှုံ့ဆော်မှုများကို ကျွန်တော်တို့လိုအပ်တာကြောင့် စစ်မှန်သောသြဝါဒသွန်သင်ခြင်းထက်ကျော်လွန်တဲ့ ထင်မြင်ချက် သို့မဟုတ် ကိုယ်ရေးကိုယ်တာအဓိပ္ပါယ်ကောက်ခြင်းကို ကျွန်တော်တို့ ရှောင်ကြဥ်ရပါမယ်။

သင်ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတဲ့သူကို သင်ချစ်တဲ့အခါ လုပ်ဆောင်ဖို့ ခက်နိုင်ပါတယ်။ သူ သို့မဟုတ် သူမက သင်ကြားခဲ့တဲ့ သြဝါဒကို လျစ်လျူရှုခဲ့နိုင်ပါတယ်။ ဒါက အသစ်အဆန်း သို့မဟုတ် စိတ်လှုပ်ရှားဖွယ်တစ်ခုခုကို စမ်းကြည့်ဖို့ သွေးဆောင်ဖြားယောင်းနေပါတယ်။ သို့သော် ကျွန်တော်တို့ စစ်မှန်တဲ့သြဝါဒသွန်သင်ခြင်းထက်မကျော်လွန်ဖို့ သတိရှိပြီး ဂရုစိုက်တဲ့အခါမှသာ သမ္မာတရား၏ဝိညာဉ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြပါလိမ့်မယ်။ မှားယွင်းတဲ့သြဝါဒကိုချဉ်းကပ်ခြင်းကိုပင် ရှောင်ကြဥ်ဖို့ အသေချာဆုံးနည်းလမ်းများမှတစ်ခုက ကျွန်တော်တို့ရဲ့သွန်သင်ခြင်း၌ ရိုးရှင်းဖို့ ရွေးချယ်ခြင်းဖြစ်တယ်။ ထိုရိုးရှင်းမှုကြောင့် လုံခြုံမှုရရှိပြီး ဆုံးရှုံးမှု နည်းပါတယ်။

သူတို့သင်ယူဖို့ လိုအပ်တဲ့ အမှန်တရားတွေဟာ လူမှုမီဒီယာ၊ ရွယ်တူချင်းတွေနဲ့ သူတို့တစ်ဦးစီရုန်းကန်မှုတွေရဲ့ ဆူညံသံတွေကြောင့် နစ်မြုပ်မသွားခင်၊ နောက်ပိုင်းမှာ သူတို့ရင်ဆိုင်ရမယ့် လှည့်ဖြားသူရဲ့သွေးဆောင်မှုတွေကြောင့် ကလေးတွေ မထိခိုက်ကြသေးခင်မှာ ရိုးရှင်းစွာသွန်သင်ခြင်းက ကျွန်တော်တို့ကို ကယ်တင်သောသြဝါဒကို အစောပိုင်းဝေမျှခွင့်ပေးပါတယ်။ ယေရှုခရစ်တော်၏သွန်သင်ချက်များကို သားသမီးများအား ဝေမျှဖို့ ကျွန်တော်တို့ အခွင့်အရေးတိုင်းကို ရယူသင့်ပါတယ်။ ဒီသွန်သင်ခြင်းအခိုက်အတန့်တွေက အဖိုးတန်ပြီး အတိုက်အခံအင်အားစုများရဲ့ မရပ်မနားအားထုတ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်ပိုနည်းပါတယ်။ ဒီလိုကယ်တင်ပေးတဲ့သမ္မာတရားတွေကို စိန်ခေါ်တဲ့ သို့မဟုတ် လျစ်လျူရှုတဲ့ သတင်းတွေနဲ့ ပုံရိပ်တွေပြည့်နေတဲ့ ဆန့်ကျင်ဖက်မှာ မရေမတွက်နိုင်တဲ့နာရီပေါင်းများစွာရှိတဲ့အတွက်၊ ကလေးတစ်ယောက်ရဲ့ဘဝထဲကို သြဝါဒကို ဖြည်းဖြည်းမှန်မှန်သွင်းပေးတဲ့ နာရီတိုင်းကအရေးကြီးပါတယ်။

ပျော်ရွှင်မှုကတဆင့် သင့်ကလေးတွေနဲ့နီးကပ်လာတာက ပိုကောင်းမလား သို့မဟုတ် သင့်သွန်သင်မှုကြောင့် ကလေးက ဖိအားတွေ စပြီးခံစားလာရမလားလို့ သင်တို့တချို့ကစဉ်းစားမိနိုင်ပါတယ်။ အဲဒီအစား “အချိန်နည်းနည်း၊ အခွင့်အ‌ရေးနည်းနည်းနဲ့ သူတို့ရဲ့ယုံကြည်ခြင်းအား ရှောင်လွှဲလို့မရတဲ့ စိန်ခေါ်ချက်တွေကို ဆန့်ကျင်ပြီး သူတို့ကို ခွန်အားဖြည့်ပေးစေမယ့် မည်သည့်သြဝါဒစကားတွေကို ကျွန်တော်ဝေမျှနိုင်မလဲ”လို့ ကျွန်တော်တို့ စဉ်းစားသင့်ပါတယ်။ ဒီနေ့သင်ဝေမျှတဲ့စကားတွေက သူတို့ နှင့်အတူ သူတို့သယ်ဆောင်မယ့်အရာတွေဖြစ်နိုင်ပြီး ဒီနေ့လည်း မကြာမီ ကုန်ဆုံးသွားပါလိမ့်မယ်။

ယေရှုခရစ်တော်ရဲ့ သြဝါဒကို ဝေမျှဖို့ ကျွန်တော့်ရဲ့အဘွား မေရီ ဘွန်မီလီရဲ့ ဆက်ကပ်အပ်နှံမှုကို ကျွန်တော်အမြဲလေးစားခဲ့ပါတယ်။ သူမအသက်၂၄နှစ်ရောက်တဲ့အခါ ဆွစ်ဇာလန်နိုင်ငံမှာ သာသနာပြုတွေက သူမရဲ့မိသားစုကို သင်ကြားပေးခဲ့ပါတယ်။

ဗတ္တိဇံခံပြီးနောက် မေရီက အမေရိကမှာရှိတဲ့ သန့်ရှင်းသူတွေနဲ့ ပူးပေါင်းချင်တဲ့အတွက် ဆွစ်ဇာလန်နိုင်ငံကနေ ဘာလင်မြို့ကိုသွားပြီး မိသားစုအဝတ်အစားတွေအတွက်ရက်လုပ်ဖို့ သူမကိုအလုပ်ပေးတဲ့ အမျိုးသမီးတစ်ယောက်နဲ့အတူ အလုပ်ရှာတွေ့ခဲ့ပါတယ်။ မေရီက ဝန်ထမ်းတစ်ဦးရဲ့အခန်းမှာနေခဲ့ပြီး အိမ်ရဲ့ဧည့်ခန်းမှာ သူမရဲ့ရက်ကန်းစင်ကို တပ်ဆင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ၏ အသင်းတော်၏ သြဝါဒသွန်သင်ခြင်းက ဘာလင်မြို့မှာ တရားမဝင်ခဲ့ပါဘူး။ ဒါပေမဲ့ မေရီက သူမ ‌သင်ယူခဲ့တဲ့အရာတွေကို မဝေမျှဘဲမနေနိုင်ဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ အိမ်က အမျိုးသမီးနဲ့ သူ့သူငယ်ချင်းတွေက မာရိသွန်သင်တာကို ကြားဖို့ ရက်ကန်းစင်မှာ စုဝေးနေကြပါတယ်။ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်တို့ ဂျိုးဇက်စမစ်ထံပေါ်လာခြင်း၊ ကောင်းကင်တမန်များ၏ အကြည့်အရှုကြွခြင်းနှင့် မော်မုန်ကျမ်းအကြောင်း သူမပြောကြားခဲ့ပါတယ်။ အယ်လမာရဲ့မှတ်တမ်းတွေကို အမှတ်ရကာ ရှင်ပြန်ထမြောက်ခြင်း၏သြဝါဒအကြောင်းကို သူမသွန်သင်ခဲ့ပါတယ်။ သူမက မိသားစုတွေ ဆီလက်ရှယ်လ်နိုင်ငံတော်မှာ ပြန်လည်ပေါင်းစည်းနိုင်ကြောင်း သက်သေခံခဲ့ပါတယ်။

ပြန်လည်ဆောင်ယူခဲ့သော ဧဝံဂေလိတရား၏သြဝါဒကို ဝေမျှဖို့ မေရီရဲ့စိတ်အားထက်သန်မှုက မကြာမီ ဒုက္ခရောက်စေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ရဲက မေရီကို ထောင်ချခဲ့ပါတယ်။ လမ်းခရီးမှာ နောက်နေ့မနက် သူမရင်ဆိုင်ရမယ့်တရားသူကြီးရဲ့နာမည်ကို ရဲကိုမေးခဲ့ပါတယ်။ သူ့မိသားစုအကြောင်းနဲ့ သူကဖခင်ကောင်းနှင့် ခင်ပွန်းကောင်းဖြစ်သလားလို့လည်း သူမမေးခဲ့ပါတယ်။ ရဲက တရားသူကြီးဟာ ကိုယ်ကျင့်တရားမဖြောင့်မတ်တဲ့လူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ မေရီက ခဲတံနဲ့ စာရွက်တချို့ ကို တောင်းခဲ့တယ်။ သူမက မော်မုန်ကျမ်းမှာ ဖော်ပြထားတဲ့ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း သက်သေခံခြင်း၊ ဝိညာဥ်ကမ္ဘာအကြောင်းဆွေးနွေးခြင်းနှင့် နောင်တရခြင်းအကြောင်းရှင်းပြတဲ့ စာတစ်စောင်ကို တရားသူကြီးထံရေးပြီး တစ်ညလုံးအချိန်ကုန်ခဲ့တယ်။ နောက်ဆုံးသောတရားစီရင်ခြင်း မကြုံတွေ့ခင် သူ့ဘဝကို ပြန်လည်တွေးတောဆင်ခြင်ဖို့ အချိန်လိုလိမ့်မယ်လို့ တရားသူကြီးကို သူမအကြံပြုခဲ့ပါတယ်။ သူ့မိသားစုကို အကြီးအကျယ်ဝမ်းနည်းစေပြီး သူ့ထံကြီးမားတဲ့ပူဆွေးမှုကို ယူဆောင်လာမယ့် နောင်တရစရာတွေ သူ့မှာအများကြီးရှိတယ်ဆိုတာ သူမသိတယ်လို့ ရေးခဲ့ပါတယ်။ မနက်ခင်းမှာ၊ သူမရဲ့စာ ပြီးသွားတဲ့အခါ၊ ရဲကို ပေးလိုက်ပြီး တရားသူကြီးဆီ ပို့ပေးဖို့တောင်းဆိုခဲ့ကာ ၊ ရဲကလုပ်ပေးဖို့ သဘောတူခဲ့ပါတယ်။

နောက်ပိုင်းမှာ တရားသူကြီးက သူ့ရုံးခန်းဆီ ရဲကိုဆင့်ခေါ်လိုက်ပါတယ်။ မေရီရေးသားခဲ့သောစာက ပြန်လည်ဆောင်ယူခဲ့သော ဧဝံဂေလိတရား၏သြဝါဒကို သူမသွန်သင်နေကြောင်းနှင့် ထိုသို့ပြုခြင်းဖြင့်ဥပဒေကို ချိုးဖောက်ကြောင်း ငြင်းဆိုမရနိုင်သော သက်သေထောက်အထားဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ရဲက မေရီရဲ့ အကျဉ်းခန်းကို ပြန်ရောက်လာခဲ့ပါတယ်။ သူကစွဲချက်အားလုံးကို ပယ်ဖျက်လိုက်ပြီး လွတ်လပ်စွာသွားနိုင်တယ်လို့ သူမကိုပြောခဲ့ပါတယ်။ သူမရဲ့ ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူခဲ့သော ဧဝံဂေလိတရား၏သြဝါဒကို သွန်သင်ပေးခြင်းက သူမကို ထောင်ကျစေပါတယ်။ ပြီးတော့ တရားသူကြီးကို နောင်တရခြင်း၏သြဝါဒကို သူမကြေညာခြင်းက သူမကို ထောင်ထဲမှလွတ်မြောက်စေခဲ့ပါတယ်။

မေရီဘွန်မီလီရဲ့သွန်သင်ချက်က သူမရဲ့လွတ်မြောက်မှုနှင့်အတူ အဆုံးသတ်ခြင်း မရှိခဲ့ပါဘူး။ သူမစကားတွေရဲ့မှတ်တမ်းက စစ်မှန်သောသြဝါဒကို မမွေးဖွားသေးတဲ့ လူမျိုးဆက်များတစ်လျှောက်ထိ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ ပြောင်းလဲလာသူအသစ်တောင် ယေရှုခရစ်တော်ရဲ့သြဝါဒကို သွန်သင်ပေးနိုင်ကြောင်း သူမရဲ့ယုံကြည်ချက်က သူမရဲ့အမျိုးအနွယ်တွေကို သူတို့ရဲ့တိုက်ပွဲတွေမှာ ခွန်အားဖြည့်ပေးစေမှာဖြစ်ကြောင်း သေချာစေခဲ့ပါတယ်။

ယေရှုခရစ်တော်ရဲ့သြဝါဒအကြောင်း ကျွန်တော်တို့ချစ်တဲ့သူတွေကို အတတ်နိုင်ဆုံး ကျွန်တော်တို့သွန်သင်ပေးတဲ့အခါ တချို့က မတုံ့ပြန်သေးပဲရှိနိုင်ပါတယ်။ သံသယတွေက သင့်စိတ်ထဲ ဝင်လာနိုင်ပါတယ်။ ထိရောက်စွာသွန်သင်ဖို့ ကယ်တင်ရှင်ရဲ့သြဝါဒကို သင်လုံလုံလောက်လောက်ကောင်းစွာသိပါရဲ့လားလို့ သင်မေးခွန်းထုတ်မိနိုင်ပါတယ်။ ပြီးတော့ ဒါကိုသွန်သင်ဖို့ သင်အားထုတ်ပြီးသားဆိုရင်၊ အပြုသဘောဆောင်တဲ့အကျိုးသက်‌ရောက်မှုတွေကို ဘာကြောင့်ပိုပြီးမမြင်ရတာလဲလို့ သင်တွေးမိနိုင်ပါတယ်။ အဲဒီသံသယတွေကို အလျော့မပေးပါနဲ့။ အကူအညီအတွက်ဘုရားသခင်ထံသို့ပြန်လှည့်ပါ။

“ထိုမှတစ်ပါး၊ သင်၏ခပ်သိမ်းသောအထောက်အမအတွက် ဘုရားသခင်ထံသို့ တောင်းလျှောက်လော့။ … သင့်စိတ်နှလုံး၏ချစ်ခြင်းကို ကိုယ်တော်ရှင်အပေါ်၌ ကာလအစဉ်အဆက် ထားရှိလော့။”

“ယခုမူကား၊ ငါအလိုရှိသည်မှာ သင်တို့သည် နှိမ့်ချရမည်။ ထို့အတူ၊ ကျိုးနွံ၍၊ နူးညံ့သိမ်မွေ့ရမည်။ ဖျောင်းဖျလွယ်ရမည်။ သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် ပြည့်ရမည်။ အရာရာ၌ ဣန္ဒြေစောင့်လျက်ရှိရမည်။ ခပ်သိမ်းသောကာလများ၌၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိနေရမည်။ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံး၌ သင်တို့လိုအပ်လျက်ရှိသော အရာမှန်သမျှကို တောင်းလျှောက်နေရမည်။ သင်တို့လက်ခံရရှိသော အရာမှန်သမျှအတွက် ဘုရားသခင်အား အစဉ်အမြဲ ပြန်လည်၍ကျေးဇူးတော်ချီးမွမ်းနေရမည်။”

သင်ဆုတောင်းလျှင်၊ သင်ဘုရားသခင်နှင့် စကားပြောလျှင်၊ သင်ချစ်ရသူတွေအတွက် သူ့အကူအညီကို သင်တောင်းလျှောက်လျှင်၊ အကူအညီအတွက်သာမက သင်ဆန္ဒရှိတာတွေအားလုံး ချက်ချင်း သို့မဟုတ် လုံးဝ မရရှိခြင်းမှလာတဲ့ သည်းခံခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်းအတွက်ပါ သင်သူ့ကို ကျေးဇူးတော်ချီးမွမ်းလျှင် သင်သူ့ထံပိုပြီးနီးကပ်လာမယ်လို့ ကျွန်တော်ကတိပေးပါတယ်။ သင်ဟာ လုံ့လဝီရိယရှိပြီး စိတ်ရှည်လာပါလိမ့်မယ်။ ပြီးနောက် သင်ချစ်ရသူများနှင့် သင်ဆုတောင်းပေးသူများ လမ်းချော်သွားစေမယ့် စာတန်ရဲ့ ကြိုးပမ်းမှုကို ကျော်ဖြတ်သွားဖို့အတွက် ကူညီပေးရန် သင်တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်ပေးခဲ့ကြောင်း သင်သိနိုင်ပါတယ်။

“ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”

မိသားစုများရဲ့ ကျမ်းစာမှတ်တမ်းမှာ သင်က မျှော်လင့်ချက်ကိုတွေ့ရှိနိုင်ပါတယ်။ သူတို့ကိုသွန်သင်ပေးခဲ့သောအရာမှ ကျောခိုင်းခဲ့ကြသူများ သို့မဟုတ် အယ်လမာအငယ်၊ မောဇိယ၏သားများနှင့် ဧနုတ် ကဲ့သို့သော ခွင့်လွှတ်မှုအတွက် ဘုရားသခင်နှင့်ရုံးကန်နေသူများအကြောင်းကို ကျွန်တော်တို့ ဖတ်ရှုကြပါတယ်။ သူတို့ရဲ့အကျပ်အတည်းကာလများမှာ သူတို့မိဘများရဲ့စကားများ၊ ယေရှုခရစ်တော်၏သြဝါဒစကားများကို သူတို့အောက်မေ့ခဲ့ကြပါတယ်။ အောက်မေ့ခြင်းက သူတို့ကိုကယ်တင်ခဲ့ပါတယ်။ ထိုသန့်ရှင်းမွန်မြတ်သောသင့်ရဲ့ သွန်သင်ချက်ကို မှတ်မိပါလိမ့်မယ်။

သူနှင့်သူ၏သားတော်နှင့်အတူ မိသားစုများသဖွယ် ကာလအစဉ်အဆက်ဘုန်းတော်၌ နေထိုင်ရန်၊ ဝိညာဉ်ရေးရာ သန့်ရှင်းစင်ကြယ်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ကြိုဆိုခံရဖို့ရာ၊ ကျွန်တော်တို့ကိုအခွင့်ပေးတဲ့ ယေရှုခရစ်တော်၏ရိုးရှင်းသောသြဝါဒကို ကောင်းကင်ဘုံရှင်အဘ၏သားသမီးများအား သွန်သင်ပေးတဲ့ သန့်ရှင်းမွန်မြတ်သောအလုပ်ကို ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. အယ်လမာ ၃၁:၅

  2. ဩဝါဒနှင့် ပဋိညာဉ်များ ၁၈:၉၊ ၁၁-၁၂

  3. ဩဝါဒနှင့် ပဋိညာဉ်များ ၁၈:၄၀-၄၁

  4. ဩဝါဒနှင့် ပဋိညာဉ်များ ၁၈:၁၈

  5. ဩဝါဒနှင့် ပဋိညာဉ်များ ၁၈:၄၃

  6. ဩဝါဒနှင့် ပဋိညာဉ်များ ၁၈:၂၁-၂၂

  7. ရှု ထရီဇာ စနိုး ဟေး၊ Life and Times of Henry Eyring and Mary Bommeli (၁၉၉၇)၊ ၁၅-၂၂။

  8. အယ်လမာ ၃၇:၃၆

  9. အယ်လမာ ၇:၂၃

  10. ဟေရှာယ ၄၀:၃၁