၂၀၂၀- ၂၀၂၄
အမြစ်များကို ပြုစုပျိုးထောင်ပါ၊ အကိုင်းအခက်များသည် ကြီးထွားလာမည်
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


14:31

အမြစ်များကို ပြုစုပျိုးထောင်ပါ၊ အကိုင်းအခက်များသည် ကြီးထွားလာမည်

ကောင်းကင်ဘုံရှင်အဘနဲ့သူရဲ့ချစ်စွာသောသားအပေါ် သင့်ရဲ့ခိုင်မာနက်နဲသော ယုံကြည်ခြင်းမှခွန်အားကို သင်တို့ရဲ့သက်သေခံချက်အကိုင်းအခက်တွေက ရယူပါလိမ့်မယ်။

ဇဗစ်ကောင်းမြို့မှ ဘုရားကျောင်းအိုတစ်ခု

၂၀၂၄ ခုနှစ်က ကျွန်တော့်အတွက် မှတ်တိုင်နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ၊ ဇဗစ်ကောင်းမြို့မှာ ကျွန်‌တော် ဗတ္တိဇံခံပြီး ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းဝင်အဖြစ် အတည်ပြုခြင်းခံရတာ ဒီနှစ်မှာ ၇၅ နှစ်တိုင်ခဲ့ပါပြီ။

ယေရှုခရစ်‌တော်ရဲ့အသင်းတော်မှာ အသင်းသားတစ်ဦးဖြစ်ရခြင်းက ကျွန်တော့်အတွက် တန်ဖိုးရှိပါတယ်။ ကျွန်တော်ရဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့၊ သင်တို့နဲ့အတူ၊ ဘုရားသခင်ရဲ့ပဋိညာဉ်လူမျိုးတွေထဲကတစ်ဦးအဖြစ် မှတ်ယူခံရခြင်းက၊ ကျွန်တော့်ဘဝရဲ့အကြီးမားဆုံး ဂုဏ်ယူဖွယ်ရာတစ်ခုပါပဲ။

တပည့်တော်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခရီးစဉ်ကို စဉ်းစားကြည့်တဲ့အခါ၊ ကျွန်‌တော်ရဲ့စိတ်က ဇဗစ်ကောင်းမြို့က ဗီလာဟောင်းတစ်ခုဆီကို မကြာခဏပြန်ရောက်သွားပါတယ်၊ အဲဒီမှာ ကျွန်တော်က ငယ်စဉ်ကလေးဘဝက ယေရှုခရစ်တော်ရဲ့အသင်းတော်က ပွဲတော်မင်္ဂလာအစည်းအဝေးတွေကို တက်‌ရောက်ရတဲ့ မှတ်ဥာဏ်တွေကို တန်ဖိုးထားပါတယ်။ အဲဒီနေရာမှာ ကျွန်တော့်ရဲ့ သက်သေခံချက်မျိုးစေ့ကို အစောဆုံးပြုစုပျိုးထောင်ခဲ့ပါတယ်။

အဲဒီဘုရားကျောင်းမှာ လေအသုံးပြုပြီးတီးခတ်ရတဲ့ အော်ဂင်တစ်လုံးရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာ အော်ဂင်အသံထွက်အောင် လေထိုးစက်ကိုလည်ပတ်စေတဲ့ ခိုင်ခံ့တဲ့မောင်းတံကို အပေါ်အောက်တွန်းဖို့ လူငယ်တစ်ဦးက တာဝန်ယူရပါတယ်။ ကျွန်တော်က အဲဒီအရေးကြီးတဲ့အလုပ်ကို တစ်ခါတစ်ရံမှာ ကူညီခွင့်ရတဲ့ အခွင့်ထူးရှိခဲ့ပါတယ်။

ဧည့်ပရိတ်သတ်က ကျွန်တော်တို့ချစ်တဲ့ဓမ္မတေးသီချင်းတွေဆိုနေတုန်းမှာ၊ ကျွန်တော်က အော်ဂင်လေမကုန်သွားအောင် ရှိသမျှအားနဲ့ တွန်းဆွဲခဲ့ပါတယ်။ လေထိုးစက်ကိုလည်ပတ်စေတဲ့နေရာကနေ၊ အလွန်လှပစွာ ရေးဆွဲခြယ်မှုန်းထားတဲ့ မှန်ပြတင်းပေါက်တွေကို ကျွန်တော်ကောင်းစွာမြင်ခွင့်ရခဲ့ပါတယ်၊ တစ်ခုက ယေရှုခရစ်တော်ပုံနဲ့ နောက်တစ်ခုက မြင့်မြတ်သောတောအုပ်ထဲက ဂျိုးဇက်စမစ်ကို သရုပ်ဖော်ထားတဲ့ပုံဖြစ်ပါတယ်။

သန့်ရှင်းသူများရဲ့ သက်သေခံချက်တွေကိုနားထောင်ပြီး ဇိအုန်ရဲ့ဓမ္မတေးသီချင်းတွေကို သီဆိုရင်း အဲဒီအလင်းဖြာနေတဲ့ ပြတင်းပေါက်တွေကိုကြည့်နေတဲ့အချိန် ကျွန်တော့်မှာ ရှိခဲ့တဲ့ မြင့်မြတ်တဲ့ခံစားချက်တွေကို အခုထိမှတ်မိနေပါသေးတယ်။

အဲဒီသန့်ရှင်းရာနေရာမှာ၊ ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော်က ယေရှုခရစ်တော်သည် လောက၏ကယ်တင်ရှင်ဖြစ်သည်မှာ မှန်ကန်ကြောင်း သက်သေကို ကျွန်တော့်စိတ်နဲ့နှလုံးသားထဲကို ထည့်သွင်းခဲ့ပါတယ်။ ဒါက သူရဲ့အသင်းတော်ပါ။ ပရောဖက်ဂျိုးဇက်စမစ်က အဘဘုရားနဲ့ယေရှုခရစ်တော်ကိုမြင်တွေခဲ့ပြီး သူတို့ရဲ့အသံတော်တွေကို ကြားခဲ့ရပါတယ်။

ဒီနှစ်အစောပိုင်း၊ ဥရောပမှာတာဝန်ကျနေတုန်း၊ ကျွန်တော်က ဇဗစ်ကောင်းမြို့ကို ပြန်လာဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ၊ မြတ်နိုးရတဲ့ ဘုရားကျောင်းအိုက အဲဒီမှာမရှိတော့ပါဘူး။ ကြီးမားတဲ့တိုက်ခန်းအိမ်ရာလုပ်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြိုချခံခဲ့ရပါတယ်။

ဘယ်အရာက ထာဝရဖြစ်ပြီး၊ ဘယ်အရာက မဖြစ်ပါသလဲ။

ကျွန်တော်ကလေးဘဝတည်းကရှိခဲ့တဲ့ မြတ်နိုးရသောဘုရားကျောင်းအိုက အခုဆိုရင် မှတ်ဥာဏ်သက်သက်သာဖြစ်သွားတဲ့အတွက် ဝမ်းနည်းမိကြောင်း ကျွန်တော်ဝန်ခံပါတယ်။ အဲဒါက ကျွန်တော့်အတွက် မြင့်မြတ်လှတဲ့အဆောက်အဦးပါပဲ။ ဒါပေမယ့် အဲဒါက အဆောက်အဦးတစ်ခုသာဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အားဖြင့်၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သန့်ရှင်းသောဝိညာဉ်တော်ဆီက ကျွန်တော်ရခဲ့တဲ့ ဝိညာဉ်ရေးရာသက်သေက ပျောက်ကွယ်မသွားခဲ့ပါဘူး။ တကယ်တော့၊ အဲဒါက ပိုအားကောင်းသန်မာလာခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိအခြေခံသ‌ဘောတရားတွေအကြောင်း ကျွန်တော်ငယ်ရွယ်စဉ်မှာ သင်ယူခဲ့တာတွေက ကျွန်တော့်အသက်တာတစ်လျှောက်လုံးမှာ ခိုင်မာတဲ့အုတ်မြစ်ဖြစ်နေခဲ့ပါတယ်။ ဇဗစ်ကောင်းမြို့က ဘုရားကျောင်းက တစ်စစီဖြိုဖျက်ခံရပြီး အလွန်လှပစွာ ရေးဆွဲခြယ်မှုန်းထားတဲ့ မှန်ပြတင်းပေါက်တွေမရှိတော့မယ့်၊ ကောင်းကင်ဘုံရှင်အဘနဲ့ သူ၏ချစ်စွာသောသားတော်တို့နဲ့အတူ ကျွန်တော်ထုဆစ်ခဲ့တဲ့ ပဋိညာဉ်ဆက်သွယ်မှုက ကျွန်တော်နဲ့ကျန်ရှိနေသေးပါတယ်။

ခရစ်တော်က“ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်”လို့ မိန့်တော်မူခဲ့ပါတယ်။

“တောင်ကြီးတို့သည်ရွေ့၍ တောင်ငယ်တို့သည် လှုပ်ရှား‌သော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ၊ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်သည်လည်း မလှုပ်ရှားရဟု သင်၌သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။”

ဒီအသက်တာမှာ ကျွန်တော်တို့သင်ကြားနိုင်တဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုက ဘယ်အရာက ထာဝရဖြစ်ပြီး ဘယ်အရာကမဖြစ်ဘူးဆိုတာပါပဲ။ ကျွန်‌တော်တို့အဲဒါကိုနားလည်တာနဲ့၊ အရာအားလုံးပြောင်းလဲသွားပါလိမ့်မယ်- ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေ၊ ကျွန်တော်တို့ ပြုလုပ်တဲ့ရွေးချယ်မှုတွေနဲ့ ကျွန်‌တော်တို့ လူတွေကိုဆက်ဆံတဲ့နည်းလမ်းတွေပါ။

ဘယ်အရာကထာဝရဖြစ်ပြီး ဘယ်အရာကမဖြစ်ဘူးဆိုတာ နားလည်ခြင်းက ယေရှုခရစ်‌တော်နဲ့ သူ့ရဲ့အသင်း‌တော်အကြောင်း သက်သေခံချက် တိုးပွားဖို့ သော့ချက်ပါပဲ။

အကိုင်းအခက်တွေကို အမြစ်တွေနဲ့ အထင်မမှားပါနဲ့။

‌ပရောဖက်ဂျိူးဇက်စမစ်သင်ကြားခဲ့အတဲ့အတိုင်း၊ ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်က ၊ “သမ္မာတရား၏ အလုံးစုံသောအစိတ်အပိုင်းမှန်သမျှကို ရင်ဝယ်ပိုက်ထားပါတယ်။” ဒါပေမဲ့ အဲဒါက အလုံးစုံသောသမ္မာတရားတွေက တူညီစွာတန်ဖိုးရှိတယ်လို့ မဆိုလိုပါဘူး။ တချို့သောသမ္မာတရားတွေက ဗဟိုထောက်တိုင်ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရေသောက်မြစ်မှာ မရှိမဖြစ်လိုအပ်ပါတယ်။ တခြားအရာတွေကတော့ တွဲဖက် သို့မဟုတ် အကိုင်းအခက်တွေဖြစ်ပါတယ်- တန်ဖိုးရှိပါတယ်၊ ဒါပေမယ့် သူတို့က အခြေခံကျတဲ့အရာတွေကို ဆက်နွယ်မှသာဖြစ်ပါတယ်။

ပရောဖက်ဂျိုးဇက်စမစ်က ဒီလိုလည်းသွန်သင်ခဲ့ပါတယ်၊ “ကျွန်ုပ်တို့ဘာသာရေး၏အခြေခံသဘောတရားများမှာ၊ ယေရှုခရစ်တော်နှင့်ပတ်သက်၍၊ တမန်တော်များနှင့် ပရောဖက်တို့၏ သက်သေခံချက်များ၊ ကိုယ်တော်သေခဲ့ကြောင်း၊ သင်္ဂြိုဟ်ခံ၍၊ သုံးရက်မြောက်နေ့၌ တစ်ဖန်ထမြောက်ကြောင်း၊ ကောင်းကင်သို့ တက်သွားခဲ့ကြောင်းဖြစ်ပါသည်၊ ကျွန်ုပ်တို့၏ဘာသာရေးနှင့် စပ်ဆိုင်သည့် အခြားအရာအားလုံးမှာ ထိုအရာ၏တွဲဖက်များသာဖြစ်ပါသည်။”

တနည်းဆိုရသော်၊ ယေရှုခရစ်တော်နဲ့သူ့ရဲ့အပြစ်ဖြေခြင်းယဇ်က ကျွန်တော်တို့သက်သေခံချက်ရဲ့ ရင်းမြစ်ဖြစ်ပါတယ်။ တခြားသောအရာအားလုံးက အကိုင်းအခက်တွေဖြစ်ပါတယ်။

အကိုင်းအခက်တွေက အရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ သစ်ပင်တစ်ပင်က အကိုင်းအခက်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ကယ်တင်ရှင်က သူ့ရဲ့တပည့်တော်များကို သွန်သင်ထားတဲ့အတိုင်း၊ “စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ့်အလိုအလျောက် အသီးမသီးနိုင်ပါ။” ကယ်တင်ရှင်နဲ့ဆက်သွယ်ခြင်းမရှိခဲ့ရင်၊ အမြစ်တွေထဲက အာဟာရနဲ့ဆက်သွယ်ခြင်းမရှိခဲ့ရင်၊ အကိုင်းအခက်တွေ ညိုးနွမ်းပြီး သေဆုံးသွားပါလိမ့်မယ်။

ယေရှုခရစ်တော်အကြောင်း ကျွန်တော်တို့ရဲ့သက်သေခံချက်တွေနဲ့ပတ်သက်တဲ့အခါ၊ တစ်ခါတစ်ရံမှာ ကျွန်တော်တို့က အကိုင်းအခက်တွေကို အမြစ်ထင်ပြီး မှားခဲ့ဖူးတာရှိသလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။ အဲဒါက ယေရှုခေတ်က ဖာရိရှဲတွေဆီမှာ ယေရှုစူးစမ်းတွေ့ရှိတဲ့ အမှားဖြစ်ပါတယ်။ သူတို့က သာမန်အရေးမကြီးတဲ့ ပညတ်တရားအသေးအဖွဲ့ တွေကို အရမ်းအာရုံစိုက်တာကြောင့် ကိုယ်တော်ရှင် “လေးသောအရာ”လို့ခေါ်တဲ့ “တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်း”ကဲ့သို့ အခြေခံသဘောတရားတွေကို မျက်ကွယ်ပြုကုန်ကြပါတယ်။

သင်က သစ်ပင်တစ်ပင်ကို ပြုစုပျိုးထောင်မယ်ဆိုရင်၊ အကိုင်းအခက်တွေကို ရေလောင်းရမှာမဟုတ်ပါဘူး။ အမြစ်တွေကို ရေလောင်းရမှာဖြစ်ပါတယ်။ အလားတူ၊ သင့်ရဲ့သက်သေခံချက်အကိုင်းအခက်တွေကို ကြီးထွားစေချင်တယ် အသီးသီးစေချင်တယ်ဆိုရင်၊ အမြစ်တွေကို ပြုစုပျိုးထောင်ပေးပါ။ သင်က အသင်းတော်သမိုင်းကြောင်းရဲ့ဩဝါဒတစ်ခု သို့မဟုတ် အလေ့အကျင့်တစ်ခု သို့မဟုတ် တရားတော်တစ်ခုအကြောင်း မသေချာခဲ့ရင်၊ သေချာမှုအတွက် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဖြင့်ရှာဖွေပါ။ သင့်အတွက် သူ့ရဲ့စတေးခံမှု၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာ၊ သူ့ရဲ့ရည်ရွယ်ချက်တို့ကို နားလည်အောင်ကြိုးပမ်းပါ။ နှိမ့်ချခြင်းဖြင့် သူ့နောက်သို့ လိုက်လျှောက်ပါ။ ကောင်းကင်ဘုံရှင်အဘနဲ့သူရဲ့ချစ်စွာသောသားအပေါ် သင့်ရဲ့ခိုင်မာနက်နဲသော ယုံကြည်ခြင်းမှခွန်အားကို သင်တို့ရဲ့သက်သေခံချက်အကိုင်းအခက်တွေက ရယူပါလိမ့်မယ်။

ဥပမာအားဖြင့်၊ သင်က မော်မုန်ကျမ်းအကြောင်း ပိုမိုခိုင်မာတဲ့သက်သေခံချက်ကို လိုချင်ရင်၊ ယေရှုခရစ်တော်အကြောင်း သူ့ရဲ့သက်သေကို အာရုံစိုက်ပါ။ မော်မုန်ကျမ်းက ကိုယ်တော့်အကြောင်း သက်သေခံပုံ၊ သူ့အကြောင်း သွန်သင်ပုံ၊ သူ့ထံသို့လာဖို့ ဖိတ်ခေါ်ပြီး ခွန်အားပေးပုံတို့ကို သတိပြုပါ။

သင်ကအသင်းတော်အစည်းအဝေးတွေမှာ ဒါမှမဟုတ် ဗိမာန်တော်မှာ ပိုပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အတွေ့အကြုံတစ်ခုကို ရှာဖွေနေတယ်ဆိုရင်၊ ကျွန်တော်တို့လက်ခံရရှိခဲ့တဲ့ မြင့်မြတ်တဲ့ဘိသိက်မင်္ဂလာများထဲမှ ကယ်တင်ရှင်ကို ရှာဖွေကြည့်ပါ။ ကိုယ်တော်ရှင်ကို သူ့ရဲ့ သန့်ရှင်းရာအိမ်တော်ထဲမှာ ရှာဖွေပါ။

သင်က အသင်းတော်မှပေးအပ်သောတာဝန်ကြောင့် အားအင်ကုန်ခမ်းခြင်း သို့မဟုတ် စိတ်ပင်ပန်းခြင်းဖြစ်ခဲ့မယ်ဆိုရင်၊ သင့်ရဲ့အမှုတော်ဆောင်ခြင်းကို ယေရှုခရစ်တော်အပေါ်မှာ ပြန်ပြီးဗဟိုပြုဖို့ ကြိုးစားကြည့်ပါ။ သူ့အတွက် သင့်ရဲ့ချစ်ခြင်းကို ဖော်ပြပါ။

အမြစ်များကို ပြုစုပျိုးထောင်ပါ၊ အကိုင်းအခက်များ ကြီးထွားလာပါမယ်။ သို့ဖြင့် အချိန်တန်သောအခါ၊ ၎င်းတို့က အသီးသီးလာပါမယ်။

သခင်၌ စိုက်ပျိုးခြင်း နှင့် တည်ဆောက်ခြင်း ရှိပါ

ယေရှုခရစ်တော်၌ အားကောင်းသောယုံကြည်ခြင်းက ညတွင်းချင်း ဖြစ်လာတာမဟုတ်ပါဘူး။ သံသယဆူးငြောင့်ခလုတ်တွေ စဉ်ဆက်မပြတ် ကြီးထွားနေတဲ့၊ ဒီသေခြင်းရှိရာလောကမှာ၊ မဖြစ်နိုင်ပါဘူး။ စိမ်းစိုပြီး၊ အသီးအပွင့်ဖြစ်ထွန်းတဲ့ ယုံကြည်ခြင်းသစ်ပင်က ရည်ရွယ်ချက်ရှိတဲ့အားထုတ်မှုလိုအပ်ပါတယ်။ အဲဒီအားထုတ်မှုရဲ့အရေးကြီးတဲ့အပိုင်းကတော့ ကျွန်တော်တို့က ခရစ်‌တော်ထံမှာ ခိုင်မာစွာအမြစ်တွယ်အောင် ပြုလုပ်ခြင်းပါပဲ။

ဥပမာအားဖြင့်၊ ပထမဆုံး၊ ကျွန်တော်တို့က ဖော်ရွေတဲ့ အသင်းဝင်တွေ ဒါမှမဟုတ် ကြင်နာတတ်တဲ့သင်းအုပ် ဒါမှမဟုတ် ဘုရားကျောင်းရဲ့သန့်ရှင်းတဲ့ အပြင်အဆင်တွေကြောင့် ကယ်တင်ရှင်ရဲ့ ဧဝံဂေလိနဲ့အသင်းတော်ဆီ ဆွဲဆောင်ခံရနိုင်ပါတယ်။ အသင်းတော်ကြီးထွားလာဖို့အတွက် အဲလိုအခြေအနေတွေက ကျိန်းသေ အရေးကြီးပါတယ်။

သို့ပေမဲ့၊ ကျွန်တော်တို့ရဲ့ သက်သေခံချက်အမြစ်တွေက အဲလိုအရာတွေထက် ပိုပြီးကြီးထွားမလာခဲ့ရင်၊ ကျွန်တော်တို့ အသင်းတော်စုတစ်ခုကို ပြောင်းတဲ့အခါ သိပ်အထင်ကြီးစရာမကောင်းတဲ့ အဆောက်အဦး၊ မဖော်ရွေတဲ့ အသင်းဝင်တွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြောတဲ့ သင်းအုပ်နဲ့တွေ့ရင် ဘာဖြစ်သွားပါမလဲ။

တခြားဥပမာတစ်ခုကတော့၊ ကျွန်တော်တို့က ပညတ်တော်တွေကိုစောင့်ထိန်းပြီး ဗိမာန်တော်ထဲမှာပေါင်းစည်းခဲ့ရင်၊ ကျွန်တော်တို့က ကြီးမားပျော်ရွှင်တဲ့မိသားစု၊ ထက်မြက်ပြီးနာခံတတ်တဲ့ကလေးတွေနဲ့ ကောင်းချီးပေးခံရမယ်၊ အဲဒီကလေးတွေအားလုံးက အသင်း‌တော်မှာ တက်ကြွစွာပါဝင်တယ်၊ သာသနာပြုအမှုထမ်းတယ်၊ အသင်းတော်စုဓမ္မတေးဝိုင်းမှာ သီဆိုတယ်၊ စနေ့နေ့မနက်တိုင်း စုဝေးခန်းကို သန့်ရှင်းဖို့ ကူညီကြတယ်၊ အဲလိုမျှော်လင့်ခြင်းက မှန်ကန်သင့်မြတ်တယ်လို့ မထင်ပါဘူးလား။

အဲဒါကို ကျွန်တော်တို့ရဲ့အသက်တာတွေထဲမှာ မြင်ရလိမ့်မယ်လို့ သေချာပေါက်မျှော်လင့်ပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ရင်ရော။ ဘယ်လိုအခြေအနေရောက်ရောက် ကျွန်တော်တို့က ကယ်တင်ရှင်နဲ့သူ့ရဲ့အချိန်နာရီကို ယုံကြည်ပြီး ကယ်တင်ရှင်နဲ့ဆက်လက်နီးကပ်စွာနေထိုင်ကြမှာလား။

ကျွန်တော်တို့က ကိုယ့်ကိုကိုယ်ပြန်မေးရပါမယ်၊ ကျွန်တော့်ရဲ့သက်သေခံချက်က ကျွန်‌တော့်ဘဝမှာဖြစ်လာဖို့ မျှော်လင့်ထားတဲ့အရာအပေါ် အရင်းခံနေပါသလား။ အဲဒါက တခြားသူတွေရဲ့ အပြုအမူ သို့မဟုတ် သဘောထားအပေါ် မှီခိုနေပါသလား။ ဒါမှမဟုတ် ဘဝရဲ့အခြေအနေတွေဘယ်လိုပဲပြောင်းလဲနေပါစေ၊ “သခင်၌ စိုက်ပျိုးခြင်း တည်ဆောက်ခြင်းရှိပါ၊” ဆိုတဲ့အတိုင်း ယေရှုခရစ်တော်ထံ ခိုင်မာစွာအုတ်မြစ်ချထားပါသလား။

နည်းဥပေဒသများ၊ အလေ့အထများနှင့် ယုံကြည်ခြင်း

မော်မုန်ကျမ်းက “ဘုရားသခင်၏ဘိသိက်မင်္ဂလာများကို ကျင့်စောင့်ရာ၌ တင်းကျပ်စွာပြုသော” လူမျိုးစုတစ်စုအကြောင်းကို ပြောထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကော်ရိဟော အမည်ရ အယုံအကြည်ကင်းမဲ့သူပေါ်လာပြီး၊ ကယ်တင်ရှင်ရဲ့ ဧဝံဂေလိကို လှောင်ပြောင်ကာ၊ “အချည်းအနှီးဖြစ်သော” နှင့် “သူတို့ဘိုးဘေးတို့၏မိုက်မဲသောနည်းဥပေဒသများ” လို့ခေါ်ဆိုခဲ့ပါတယ်။ ကောရိဟောက များစွာသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွားလျက်၊ သူတို့၏ဆိုးညစ်ခြင်းများ၌ ဦးခေါင်းကို မော့စေခဲ့ပါတယ်။ ဒါပေမယ့် တခြားသူတွေကို သူမလှည့်စားနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့အတွက်၊ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိက နည်းဥပေဒသတစ်ခုထက် အများကြီးအဓိပ္ပါယ်ရှိတဲ့အတွက်ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နည်းဥပ‌ဒေသတွေ သို့မဟုတ် တခြားသူတွေပြောမယ့် သို့မဟုတ် လုပ်မယ့်အရာတွေကနေ ကင်းလွတ်ပြီး၊ ယေရှုခရစ်‌တော်နဲ့သက်ဆိုင်တဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင်ကတိကဝတ်ထဲမှာ ယုံကြည်ခြင်းက နက်ရှိုင်းစွာအမြစ်တွယ်ခဲ့ရင် ယုံကြည်ခြင်းကခိုင်မာပါတယ်။

ကျွန်‌တော်တို့ရဲ့သက်သေခံချက်ကို စမ်းသပ်ပြီး စုံစမ်းကြပါလိမ့်မယ်။ ဘယ်သောအခါမှ စမ်းသပ်ခြင်းမခံရရင် ယုံကြည်ခြင်းက ယုံကြည်ခြင်းမဟုတ်ပါဘူး။ ဘယ်သောအခါမှ ဆန့်ကျင်ခြင်းမခံရရင် ယုံကြည်ခြင်းက အားမကောင်းပါဘူး။ အဲဒါကြောင့် သင့်မှာယုံကြည်ခြင်းကို စုံစမ်းနှောင့်ယှက်ခြင်းများ သို့မဟုတ် အဖြေမရတဲ့မေးခွန်းတွေရှိခဲ့ရင် စိတ်မပျက်ပါနဲ့။

ကျွန်‌တော်တို့က မပြုမူခင်မှာ အရာအားလုံးကို နားလည်ဖို့ မျှော်လင့်ထားလို့မရပါဘူး။ အဲဒါက ယုံကြည်ခြင်းမဟုတ်ပါဘူး။ အယ်လမာသွန်သင်ခဲ့တဲ့အတိုင်း၊“ယုံကြည်ခြင်းဆိုသည်မှာ၊ အမှုအရာတို့အကြောင်းကို စုံလင်သောအသိပညာရှိရန်မဟုတ်။” ကျွန်တော်တို့က မေးခွန်းအားလုံးအဖြေရမှ ပြုမူဖို့ စောင့်ဆိုင်းမယ်ဆိုရင်၊ ကျွန်တော်တို့ပြီးမြောက်နိုင်တဲ့ကောင်းကျိုးတွေကို ပြင်းထန်စွာကန့်သတ်ပြီး ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းစွမ်းအားကို ကန့်သတ်လိုက်တာပါပဲ။

ယုံကြည်ခြင်းက လှပပါတယ် ဘာလို့လဲဆိုတော့ မျှော်လင့်ထားသလို ကောင်းချီးတွေရောက်မလာခဲ့ရင်တောင်မှ ဆက်လက်တည်မြဲနေလို့ပါပဲ။ ကျွန်တော်တို့က အနာဂတ်ကိုမမြင်နိုင်ပါဘူး၊ အဖြေအားလုံးကိုလည်း မသိပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်တက်လှမ်းနေတာနဲ့အမျှ ယေရှုခရစ်တော်ကိုယုံကြည်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ရွေးနုတ်ရှင်ဖြစ်လို့ပါပဲ။

ယုံကြည်ခြင်းက စုံစမ်းနှောင့်ယှက်ခြင်းတွေ နဲ့ ဘဝရဲ့မရောမသေချာမှုတွေကို ကြံ့ကြံ့ခံနိုင်ပါတယ်၊ ဘာလို့လဲဆို‌တော့ အဲဒါက ခရစ်တော်နဲ့ သူ့ရဲ့ဩဝါဒမှာ ခိုင်မာစွာအမြစ်တွယ်နေလို့ပါပဲ။ ယေရှုခရစ်တော်နဲ့ သူ့ကိုစေလွှတ်ခဲ့တဲ့ ကောင်းကင်ဘုံက ကျွန်တော်တို့ရဲ့အဘက၊ ယိုင်လဲသွားခြင်းမရှိဘဲ၊ ပြီးပြည့်စုံစွာမှီခိုအားထားလို့ရတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်မှုပြယုဂ်တစ်ခုကို အတူတကွတည်ဆောက်ခဲ့ကြပါတယ်။

သက်သေခံချက်က သင်တစ်ကြိမ်တည်းတည်ဆောက်ပြီး တစ်သက်လုံးတည်မြဲသွားမယ့်အရာမဟုတ်ပါဘူး။ အဲဒါက သင်အဆက်မပြတ် အာဟာရကျွေးနေရမယ့် အပင်တစ်ပင်နဲ့တူပါတယ်။ သင့်ရဲနှလုံးသားထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို စိုက်ပျိုးခြင်းက ပထမဆုံးအဆင့်ပဲရှိပါသေးတယ်။ သင့်ရဲ့သက်သေခံချက်ကြီးထွားလာတာနဲ့၊ တကယ့်အလုပ်က စတင်ပါပြီ။ အဲဒီအချိန်မှာ သင် “များစွာ​ဂရုစိုက်၍ ပြုစု​ပျိုးထောင်ကြလျှင်၊ အပင်သည် အမြစ်​စွဲ၍၊ ကြီးထွားလျက်၊ အသီးသီး​ပေလိမ့်မည်။” အဲဒါက “ကြီးစွာသောလုံ့လဝီရိယ” နဲ့ “နှုတ်ကပတ်တော်နှင့်စပ်လျဉ်း၍ သည်းခံခြင်း”တို့ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်တော်ရှင်ရဲ့ ကတိတော်တွေကသေချာပါတယ်၊ “သင်တို့သည် အပင်ကို သင်တို့​အတွက် အသီးသီးစေရန် စောင့်နေစဉ်၌​ရှိသည့် သင်တို့၏​ယုံကြည်ခြင်း၊ သင်တို့၏​လုံ့လဝီရိယ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့၏ အကျိုး​ကျေးဇူးများကို ရိတ်သိမ်း​ရလိမ့်မည်။”

ကျွန်တော့်ရဲ့ ချစ်လှစွာသော ညီအစ်ကိုမောင်နှများ၊ ကျွန်တော့်ရဲ့ ချစ်လှစွာသော မိတ်ဆွေများခင်ဗျာ၊ ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်းက ဇဗစ်ကောင်းမြို့က ဘုရားကျောင်းအိုလေးနဲ့ သူ့ရဲ့ရေးဆွဲခြယ်မှုန်းထားတဲ့ မှန်ပြတင်းပေါက်တွေကို လွမ်းနေပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇၅နှစ်အတွင်း၊ ယေရှုခရစ်တော်က ကျွန်တော်တွေးဖူးတာထက် ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အသက်တာခရီးစဉ်တစ်ခုကို လျှောက်လှမ်းခွင့်ပေးခဲ့ပါတယ်။ သူက ဆင်းရဲဒုက္ခတွေနဲ့ကျွန်တော့်ကို နှစ်သိမ့်ပေးခဲ့တယ်၊ ကျွန်တော့်ရဲ့အားနည်းချက်တွေကို လက်ခံဖို့ကူညီပေးခဲ့တယ်၊ ကျွန်တော့်ရဲ့ဝိညာဉ်ရေးရာအနာတရတွေကို ကုသပေးခဲ့ပြီး ယုံကြည်မှုကြီးထွားလာတဲ့ ကျွန်တော့်ကို အားဖြည့်ပေးခဲ့တယ်။

ကျွန်တော့်ရဲ့စစ်မှန်သော ဆုတောင်းခြင်းနဲ့ကောင်းချီးက‌တော့ ကျွန်တော်တို့က ကယ်တင်ရှင်၌၊ သူ့ရဲ့ဩဝါဒ၌၊ သူ့ရဲ့အသင်းတော်၌ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရေသောက်မြစ်တွေကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ကြနိုင်စေကြောင်း ဖြစ်ပါတယ်။ ဤအရာကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ကျွန်တော်တို့ရဲ့ရွေးနုတ်ရှင်၊ ကျွန်တော်တို့ရဲ့ဆရာသခင်ဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့နာမတော်အောက်၌ သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ၂၀၂၄ခုနှစ်ကတော့ အထွေထွေအာဏာပိုင်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့တာဝန် နှစ် ၃၀ ပြည့်တဲ့နှစ်လည်းဖြစ်သလို အဲဒီတာဝန်ကြောင့် ကျွန်တော့်မိသားစု ဂျာမနီကနေအမေရိကန်ကို ပြောင်းရွှေ့လာတဲ့ ၂၅ နှစ်မြောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်(၂၀)နီးပါး၊ ‌အောက်တိုဘာ ၂ရက်၊ ၂၀၂၄ ခုနှစ်မှာ၊ ကျွန်တော်က တမန်‌တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ဝင်တစ်ဦးအဖြစ် နဲ့ “ကမ္ဘာတစ်ခုလုံး၌ ခရစ်တော်၏ နာမတော်အတွက်” အထူးသက်သေတစ်ဦးအဖြစ် အတည်ပြုခန့်အပ်ခြင်းခံခဲ့ရပါတယ်။ (ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၇:၂၃)။

  2. တနည်းနည်းနဲ့၊ အဲဒီအဆောက်အဦးနဲ့ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေက မော်မုန်ရေများအကြောင်း အယ်လမာရဲ့လူမျိုးတွေ ခံစားခဲ့ရတဲ့အတိုင်းဖြစ်ပါတယ်- အဲဒါကသူတို့အတွက်လှပတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ် ဘာကြောင့်လဲဆို‌တော့ “[သူတို့သည်] မိမိတို့၏ ရွေးနုတ်​ရှင်ကို​သိခြင်းသို့ ရောက်သောကြောင့်”ဖြစ်ပါတယ်(မောဇိယ ၁၈:၃၀)။

  3. ရှင်မဿဲခရစ်ဝင် ၂၄:၃၅၊ လည်းရှု ဂျိုးဇက်စမစ်—ရှင်မဿဲခရစ်ဝင် ၁:၃၅

  4. ဟေရှာယအနာဂတ္တိကျမ်း ၅၄:၁၀၊ လည်းရှု ၃ နီဖိုင်း ၂၂:၁၀

  5. ဥက္ကဋ္ဌ ထောမတ်စ် အက်စ်၊ မွန်ဆင် က တူညီတဲ့သမ္မာတရားကို ဒီစကားတွေနဲ့ သွန်သင်ခဲ့ပါတယ်၊“ဒီကမ္ဘာမြေကြီးပေါ်မှာ ခေတ္တတည်းခိုနေထိုင်တဲ့အခါ ကျွန်တော်တို့ သင်ယူရမယ့် အကြီးကျယ်ဆုံးသင်ခန်းစာတွေကတော့ အရေးကြီးသောအရာနဲ့ မကြီးသောအရာကို ခွဲခြားသိမြင်နိုင်စေတဲ့ သင်ခန်းစာတွေဖြစ်ကြောင်း ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီအရေးကြီးဆုံးအရာတွေကို လက်မလွတ်ပါစေနဲ့လို့ ကျွန်တော် သင့်ကိုမေတ္တာရပ်ခံပါတယ်”(“Finding Joy in the Journey,” လီယာဟိုနာ၊ နို၊၂၀၀၈၊၈၅)။ အလားတူစွာ၊ “ဆီလက်ရှယ်ကိုစဉ်းစားပါ၊”လို့ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က ကျွန်တော်တို့ကို တိုက်တွန်းတဲ့အခါ၊ သူက ဒီလိုပြောခဲ့ပါတယ် ၊ “သေခြင်းရှိရာဘဝဟာ ထာဝရအရေးအကြီးဆုံးအရာတွေကို ရွေးချယ်ရန်သင်ယူဖို့အတွက် အဆင့်မြင့်သင်ခန်းစာတစ်ခုပါ” (“ဆီလက်ရှယ်ကို စဉ်းစားပါ။၊” လီယာဟိုနာ၊ နို၊ ၂၀၂၃၊ ၁၁၈)။

  6. Teachings of Presidents of the Church: Joseph Smith (2007), 264; လည်း ရှု Teachings of Presidents of the Church: Brigham Young (1997), 16–18.

  7. Teachings: Joseph Smith၊ ၄၉။

  8. ရှင်ဟောဟန်ခရစ်ဝင် ၁၅:၄

  9. ရှင်မဿဲခရစ်ဝင် ၂၃:၂၃ ၊ အသစ်ပြင်ဆင်ထားသည့်မူပုံစံ။

  10. ရှေးခေတ်အမေရိကန်ယဉ်ကျေးမှုတွေနဲ့ မော်မုန်ကျမ်းထဲကလူမျိုးတွေကြားက ရှေးဟောင်းသုတေသနဆိုင်ရာ တူညီမှုတွေကို မှတ်သားရတာ စိတ်ဝင်စားစရာကောင်းပါသလား။ ကောင်းနိုင်ပါတယ်။ ဂျိုးဇက်စမစ် မော်မုန်ကျမ်းကို ဘာသာပြန်ခဲ့ပုံအသေးစိတ်အကြောင်း စာရေးသူတွေရဲ့မှတ်တမ်းတွေနဲ့ တခြားအရာတွေဆီကသင်ယူရတာ အကူအညီဖြစ်ပါသလား။ တချို့အတွက်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ထဲမှာမှ မော်မုန်ကျမ်းက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ကြောင်း တည်မြဲတဲ့သက်သေခံချက် မပါဝင်ပါဘူး။ အဲဒီအတွက်၊ သင်က မော်မုန်ကျမ်းထဲမှာ ကယ်တင်ရှင်ကိုရှာဖို့လိုပြီး၊ သင့်ကိုစကားပြောတဲ့ သူ့ရဲ့အသံကိုနားထောင်ဖို့လိုပါတယ်။ ဒီလိုဖြစ်သွားတာနဲ့၊ ရှေးခေတ် ဇရဟင်မလမြို့က အမှန်တကယ်ဘယ်မှာရှိတာလဲ ဒါမှမဟုတ် ဥရိမ်နဲ့သုမိမ်ကဘာနဲ့တူလဲဆိုတာ သင့်အတွက် အရေးမကြီးတော့ပါဘူး။ အဲဒါတွေက သင့်သစ်ပင်ကနေ လိုအပ်ရင် ဖြတ်တောက်လို့ရတဲ့ အကိုင်းအခက်တွေဖြစ်ပြီး၊ သစ်ပင်ကတော့ ကျန်ရှိနေမှာဖြစ်ပါတယ်။

  11. ရှု သြဝါဒနှင့်ပဋိညာဉ်များ ၈၄:၁၉–၂၀

  12. ရှု ဂျွိုင်း ဒီ၊ ဂျုန်းစ်၊ “For Him၊” လီယာဟိုနာ၊ နို၊၂၀၁၈၊၅၀-၅၂။

  13. ရှု ကမ္ဘာဦးကျမ်း ၃:၁၈

  14. ဥက္ကဋ္ဌနယ်လဆင်က “ယေရှုခရစ်တော်နဲ့သူ့ရဲ့ဧဝံဂေလိတရားတော်အကြောင်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သက်သေခံချက်အတွက် တာဝန်ယူရန်“ကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါအတွက် လုပ်ဆောင်ကြပါ။ ကြီးထွားစေဖို့ ပြုစုပျိုးထောင်ကြပါ”(“လောကကို‌အောင်နိုင်၍ ချမ်းသာခြင်းကိုရှာလော့၊” လီယာဟိုနာ၊ နို၊၂၀၂၂၊ ၉၇)။

  15. ကောလောသဲဩဝါဒစာ ၂:၇

  16. အယ်လမာ ၃၀:၃

  17. ရှု အယ်လမာ ၃၀:၁၂–၁၆၊ ၃၁

  18. အယ်လမာ ၃၀:၁၈

  19. စိတ်ဝင်စားစရာကောင်းတာက၊ ကောရိဟောရဲ့ ဆန့်ကျင်ဟောပြောမှုတွေက မကြာသေးခင်က ပြောင်းလဲလာတဲ့ လာမန်အမျိုးသားတွေဖြစ်တဲ့၊ အမ္မုန်လူမျိုးတွေကြားမှာ လုံးဝအရာမရောက်ပါဘူး( ရှု အယ်လမာ ၃၀:၁၉-၂၀)၊ သူတို့က သူတို့ဘိုးဘေးတွေရဲ့ နည်းဥပ‌ဒေသတွေကြောင့် ခရစ်တော်နောက်လိုက်လျှောက်ခဲ့ကြတာမဟုတ်ပါဘူး။

    ဆန့်ကျင်ဘက်အားဖြင့်၊ မော်မုန်ကျမ်းက ကိုယ်တော်ရှင်ရဲ့အသင်းတော်က ခွဲထွက်ခဲ့ကြတဲ့ လူငယ်မျိုးဆက်တစ်ခုကိုလည်းပြောပြခဲ့ပါတယ် ဘာကြောင့်လဲဆို‌တော့ “သူတို့သည်လည်း သူတို့ဘိုးဘေးတို့၏နည်းဥပဒေသများကို မယုံကြည်ကြ” လို့ပါပဲ (ရှု မောဇိယ ၂၆:၁-၄)။ မှန်ကန်တဲ့နည်းဥပဒေသတွေကို ပျိုးထောင်တာ မိသားစုတွေအတွက်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီနည်းဥပ‌ဒေသတွေရဲ့ နောက်ကွယ်မှာ ဘာကြောင့် ဆိုတာရှင်းလင်းစွာနားလည်ဖို့ မိသားစုတွေအတွက် အရေးကြီးပါတယ်။ ဘာ့ကြောင့် ကျွန်‌တော်တို့ နေ့တိုင်းညတိုင်း ဆုတောင်းကြပါသလဲ။ ဘာကြောင့် ကျွန်တော်တို့က မိသားစုလိုက်ကျမ်းစာလေ့လာခြင်းကို လုပ်ရတာပါလဲ။ ဘာကြောင့် ကျွန်တော်တို့က အပတ်တိုင်း မိသားစုညနေခင်း၊ မိသားစုလှုပ်ရှားမှုတွေ နဲ့ အမှုတော်ဆောင်ခြင်းပရောဂျက် စတာတွေကို ကျင်းပကြတာပါလဲ။ အဲဒီနည်းဥပ‌ဒေသတွေက ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ထံ ကျွန်တော်တို့ကို နီးကပ်စေတယ်ဆိုတာ ကျွန်တော်တို့ သားသမီးတွေနားလည်ခဲ့ရင်၊ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုတွေထဲမှာ သူတို့က ဆက်လက်လုပ်ဆောင်ချင်လာမယ်၊ တိုးတက်အောင် မွမ်းမံပါလိမ့်မယ်။

  20. အယ်လမာ ၃၂:၂၁။ ယုံကြည်ခြင်းက တန်ခိုးကြီးပါတယ် ၎င်း သိ ထားတဲ့အရာကြောင့်မဟုတ်ဘဲ ၎င်း လုပ်ဆောင် တဲ့အရာကြောင့်ဖြစ်ပါတယ်။

  21. ရှု ဟေဗြဲဩဝါဒစာ ၁၀:၂၃

  22. အယ်လမာ ၃၂:၃၇၊ ၄၁-၄၃