၂၀၂၀- ၂၀၂၄
အို မြင့်မြတ်သော မွေးရာပါအခွင့်ထူးခံလူငယ်များ
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


12:32

အို မြင့်မြတ်သော မွေးရာပါအခွင့်ထူးခံလူငယ်များ

သူ့သားသမီးတွေကို သူ့အိမ်တော်ထံ ဘေးကင်းစွာခေါ်ဆောင်ရေးအမှုမှာ ကူညီပေးဖို့၊ ပဋိညာဉ်သားသမီးတွေဖြစ်တဲ့၊ သင်တို့ကို ဘုရားသခင်က ယုံကြည်ပါတယ်။

အသင်းလူကြီး စတီဗင်ဆန်၊ ဒါက မမေ့သင့်တဲ့ အထွေထွေညီလာခံတစ်ခုပါပဲ။

ကျွန်တော်တို့မိသားစုက Children’s Letters to God (ကလေးများ၏ ဘုရားသခင်ထံပေးစာများ) လို့ခေါ်တဲ့ စာအုပ်ငယ်တစ်အုပ်ကို အမြဲနှစ်သက်ခဲ့ပါတယ်။ ဒါကတော့ အဲဒီထဲက အနည်းအကျဉ်းဖြစ်ပါတယ်၊

“ချစ်စွာသောဘုရားသခင်၊ လူတွေကိုသေဆုံးစေပြီး အသစ်ဖန်တီးမယ့်အစား၊ လက်ရှိ အသက်ရှင်သူတွေကို ဘာကြောင့် ဆက်မထားတာပါလဲ။”

“ဘာကြောင့် သင့်မှာ စည်းကမ်း ၁၀ ချက်သာရှိပြီး၊ ကျွန်တော်တို့ကျောင်းမှာ သန်းပေါင်းများစွာရှိပါသလဲ။“

“သင်က အာသီးနာတွေကို ပြန်ထုတ်ယူမယ်ဆိုရင် ဘာကြောင့် သူတို့ကို ထည့်ပေးရတာပါလဲ။”

ဒီနေ့မှာ ဒီ မေးခွန်းတွေအားလုံးကို ဖြေဆိုဖို့ အချိန်မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်က လူငယ်တွေဆီကနေ မကြာခဏကြားရတဲ့ တခြားမေးခွန်းတစ်ခုကို ဖြေဆိုချင်ပါတယ်။ မွန်ဂိုလီးယား၊ အူလန်ဘာတောမြို့ ကနေ အိုင်ဒါဟို၊ ထောမတ်စ်မြို့အထိ၊ မေးခွန်းကတော့ အတူတူပါပဲ၊ “ဘာကြောင့်ပါလဲ။ ဘာကြောင့် နောက်ပိုင်းကာလသန့်ရှင်းသူတွေက တခြားသူတွေနဲ့ မတူကွဲပြားစွာနေထိုင်ရမှာပါလဲ။”

မတူကွဲပြားခြင်းက ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်—အထူးသဖြင့် သင်ကငယ်ရွယ်ပြီး တခြားသူတွေ သင့်ကို နှစ်သက်ဖို့ အလွန်အမင်းလိုလားတဲ့ အခါမှာပေါ့။ လူတိုင်းက အံဝင်ခွင်ကျဖြစ်ချင်ကြပါတယ်၊ အဲဒီစိတ်ဆန္ဒက လူမှုကွန်ယက်နဲ့ ဆိုက်ဘာအနိုင်ကျင့်ခြင်းနဲ့ ပြည့်နေတဲ့ ယနေ့ဒစ်ဂျစ်တယ်လောကမှာ ဆိုးဝါးတဲ့အတိုင်းအတာအထိ မြင့်တက်လာပါတယ်။

အဲဒါကြောင့်၊ ဒီလိုဖိအားတွေအားလုံးနဲ့၊ ဘာကြောင့် နောက်ပိုင်းကာလသန့်ရှင်းသူတွေက မတူကွဲပြားစွာ နေထိုင်ရမှာပါ လဲ။ အရမ်းကောင်းတဲ့အဖြေတွေအများကြီးရှိပါတယ်၊ ဘာကြောင့်လဲဆို‌တော့ သင်က ဘုရားသခင်ရဲ့သားသမီးတစ်ယောက်မို့လို့ပါပဲ။ ဘာကြောင့်လဲဆို‌တော့ သင်က နောက်ဆုံးနေ့ရက်များအတွက် ကယ်တင်ခံရပြီးဖြစ်လို့ပါပဲ။ ဘာကြောင့်လဲဆို‌တော့ သင်က ယေရှုခရစ်တော်ရဲ့ တပည့်တော်တစ်ပါး ဖြစ်လို့ပါပဲ။

ဒါပေမယ့် အဲဒီအဖြေတွေက သင့်ကို အမြဲတမ်း ကွဲပြားစေမှာမဟုတ်ပါဘူး။ လူတိုင်းက ဘုရားသခင်ရဲ့ သားသမီးဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမြေပေါ်ကလူတိုင်းကို နောက်ဆုံးကာလမှာ ဒီနေရာကို ပို့ဆောင်ခဲ့ပါတယ်။ အခုထိ လူတိုင်းက သင်ကြိုးစားလိုက်လျှောက်သလို ကျန်းမာရေးဥပဒေ သို့မဟုတ် ကာမအပြစ်ကင်းစင်ခြင်းဥပဒေတွေကို လိုက်လျှောက်ပြီးမနေထိုင်ကြပါဘူး။ ဒီအသင်းတော်ရဲ့ အသင်းဝင်မဟုတ်တဲ့ ခရစ်တော်ရဲ့ ရဲရင့်တဲ့ တပည့်တော်များစွာရှိပါတယ်။ ဒါပေမယ့် သူတို့က သင့်လို သာသနာပြုအမှုတော်ဆောင်ခြင်းမပြုလုပ်သလို ဘိုးဘေးတွေအစား ကိုယ်တော်ရှင်ရဲ့အိမ်‌တော်မှာ ဘိသိက်မင်္ဂလာတွေ ဆောင်ရွက်တာမျိုးလည်းမရှိပါဘူး။ အဲဒီမေးခွန်းအတွက် အဖြေတွေအများကြီး ထပ်ရှိဦးမှာပါ၊ ရှိလည်းရှိပါတယ်။

ဒီနေ့မှာတော့ ကျွန်တော့်ဘဝမှာ အဓိပ္ပါယ်ရှိခဲ့တဲ့ ထပ်တိုးအကြောင်းပြချက်တစ်ခုအပေါ်မှာ အာရုံစိုက်ချင်ပါတယ်။ ၁၉၈၈ခုနှစ်မှာ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်လို့ခေါ်တဲ့ ငယ်ရွယ်တဲ့တမန်‌တော်တစ်ပါးက ဘရင်ဂ်ဟမ်ရန်းတက္ကသိုလ်မှာ “Thanks for the Covenant” (ပဋိညာဉ်အတွက် ကျေးဇူးများစွာ) လို့ခေါ်တဲ့ ဒေသနာတစ်ခု ဟောပြောခဲ့ပါတယ်။ အဲဒီအထဲမှာ၊ အသင်းလူကြီး နယ်လ်ဆင်ရှင်းပြခဲ့တာက ကျွန်တော်တို့က ဘုရားသခင်နဲ့ ပဋိညာဉ်ပြုပြီး စောင့်ထိန်းဖို့ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာရွေးချယ်ပြုမူနိုင်ခွင့်ကို အသုံးပြုခဲ့ရင်၊ ကျွန်တော်တို့က သာသနာနှစ်တိုင်းမှာ ဘုရားသခင်နဲ့ ကျွန်တော်တို့ဘိုးဘေးတွေပြုခဲ့တဲ့ ထာဝရတည်မြဲတဲ့ ပဋိညာဉ်ရဲ့ အမွေခံတွေဖြစ်လာပါလိမ့်မယ်။ တနည်းအားဖြင့်ဆိုရမယ်ဆိုရင်၊ ကျွန်တော်တို့က “ပဋိညာဉ်သားသမီးများ” ဖြစ်လာပါလိမ့်မယ်။ အဲဒါက ကျွန်‌တော်တို့ကို ကွဲပြားစေတာပါပဲ။ အဲဒါက ကျွန်‌တော်တို့ကို မွေးရာပါအခွင့်ထူးအပါအဝင်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးနဲ့ဘိုးဘွားတွေ လက်ခံရရှိခဲ့တဲ့ တူညီသောကောင်းချီးတွေကို ပိုင်ဆိုင်ခွင့်ပေးပါတယ်။

မွေးရာပါအခွင့်ထူး။ သင်က ဒီစကားလုံးကို ကြားဖူးလောက်မှာပါ။ ကျွန်‌တော်တို့က အဲဒီအကြောင်း ဓမ္မသီချင်းတောင် သီဆိုကြပါတယ်၊ “အို မြင့်မြတ်သော မွေးရာပါအခွင့်ထူးခံ လူငယ်များ၊ ရှေ့ဆက်လော့၊ ရှေ့ဆက်လော့၊ ရှေ့ဆက်လော့၊” အဲဒါက စိတ်ဝင်စားဖွယ်စကားလုံးတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘာကိုဆိုလိုပါသလဲ။

ဓမ္မဟောင်းကာလတွေမှာ ဖခင်တစ်ယောက်ကွယ်လွန်သွားရင်၊ သားဦးအရာရတဲ့သားက သူ့ရဲ့အမေနဲ့ညီအစ်မတွေကို စောင့်ရှောက်ဖို့ တာဝန်ယူရပါတယ်။ သူ့ညီတွေက အမွေတွေလက်ခံပြီး လောကကြီးထဲကို ခြေဆန့်သွားကြပေမယ့်၊ သားဦးအရာရတဲ့သားဖြစ်သူကတော့ ဘယ်နေရာကိုမှ မသွားခဲ့ပါဘူး။ သူကထိမ်းမြားပြီး ကိုယ်ပိုင်မိသားစုရှိရပါတယ်၊ ဒါပေမယ့် သူက သူ့ဖခင်ရဲ့ ပိုင်ဆိုင်မှုကိစ္စတွေကို စီမံဖို့ သူ့ရဲ့နောက်ဆုံးအချိန်အထိ နေထိုင်ပေးရပါတယ်။ အဲဒီထပ်တိုးတာဝန်ကြောင့်၊ သူ့ကို အမွေပမာဏတိုးပြီး ပေးအပ်ရပါတယ်။ တခြားသူတွေကို ဦးဆောင်ဖို့နဲ့စောင့်ရှောက်ဖို့က လွန်ကဲတဲ့တောင်းဆိုမှုဖြစ်ခဲ့ပါသလား။ သူ့ကိုပေးခဲ့တဲ့ ထပ်တိုးအမွေတွေကို စဉ်းစားမယ်ဆိုရင်တော့ အဲ့လိုမဟုတ်တော့ပါဘူး။

ဒီနေ့မှာတော့ ကျွန်တော်တို့က လောကီမိသားစုတွေထဲက သင့်ရဲ့မွေးဖွားရာ အစဉ်နံပါတ် သို့မဟုတ် ဓမ္မဟောင်းခေတ် ကျားမကဏ္ဍတွေအကြောင်း ပြောနေတာမဟုတ်ပါဘူး။ သင်က ခရစ်‌တော်နဲ့ ကောင်းကင်ဘုံရှင်အဘနဲ့အတူဝင်ရောက်ဖို့ ရွေးချယ်ခဲ့တဲ့ ပဋိညာဉ်ဆက်ဆံ‌ရေးကြောင့် ခရစ်တော်နဲ့ပူးတွဲအမွေခံအဖြစ် သင်ရရှိလာမယ့် အမွေအကြောင်းကို ပြောကြမှာဖြစ်ပါတယ်။ ဘုရားသခင်က သင့်ကိုပိုကောင်းအောင် ဦးဆောင်ဖို့နဲ့အစေခံဖို့ သူ့ရဲ့တခြားသားသမီးတွေနဲ့ မတူကွဲပြားအောင် နေထိုင်စေချင်တာ လွန်ကဲပါသလား။ သင့်ကိုပေးအပ်ထားတဲ့ ဇာတိပကတိနဲ့ဝိညာဉ်ပကတိ ကောင်းချီးနှစ်ခုလုံးကိုစဉ်းစားလိုက်ရင်တော့ အဲ့လိုမဟုတ်တော့ပါဘူး။

သင့်ရဲ့ မွေးရာပါအခွင့်ထူးက သင့်ကို သူများတွေထက်ပိုသာကြောင်း ဆိုလိုပါသလား။ မဟုတ်ပါဘူး၊ ဒါပေမဲ့ သင်က သူများတွေကို ပိုကောင်းအောင် ကူညီရမယ်လို့ ဆိုလိုပါတယ်။ သင့်ရဲ့ မွေးရာပါအခွင့်ထူးက သင်ရွေးချယ်ခံထားရတယ်လို့ ဆိုလိုပါသလား။ ဟုတ်ပါတယ်၊ ဒါပေမယ့် တခြားသူတွေကို အုပ်စိုးဖို့ ရွေးချယ်ခံရတာမဟုတ်ပါဘူး၊ သူတို့ကို အစေခံဖို့ ရွေးချယ်ခံရတာဖြစ်ပါတယ်။ သင့်ရဲ့ မွေးရာပါအခွင့်ထူးက ဘုရားသခင်ရဲ့ချစ်ခြင်းသက်သေဖြစ်ပါသလား။ ဟုတ်ပါတယ်၊ ဒါပေမဲ့ ပိုအရေးကြီးတာက၊ သူ့ယုံကြည်မှုရဲ့ သက်သေဖြစ်ပါတယ်။

ချစ်မြတ်နိုးခြင်းက တစ်ကဏ္ဍဖြစ်ပြီး အလုံးစုံယုံကြည်ခြင်းက နောက်ထပ်တစ်ကဏ္ဍဖြစ်ပါတယ်။ လူငယ်တို့အတွက်ခွန်အား လမ်းညွှန်စာစောင်မှာ၊ ကျွန်‌တော်တို့ ဒီလိုဖတ်ခဲ့ရပါတယ်၊ “ကောင်းကင်ဘုံကသင့်အဘက သင့်ကိုယုံကြည်တယ်။ ကိုယ်တော်က သင့်ကို သူ့ထံပေါင်းစည်းစေပြီး သူ့တန်ခိုးကို သင့်အသက်တာထဲသို့ ပို့ဆောင်ပေးမယ့် ဧဝံဂေလိတရားတော်အပြည့်အစုံ၊ မြင့်မြတ်တဲ့ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေ အပါအဝင်၊ သင့်ကို ကြီးမားတဲ့ကောင်းချီးတွေ ပေးအပ်ခဲ့ပါတယ်။ အဲဒီကောင်းချီးတွေက တာဝန်ကို တိုးစေပါတယ်။ သင်က လောကကြီးမှာ ကွဲပြားခြားနားမှုတစ်ခုလုပ်နိုင်ကြောင်း သူသိပါတယ်၊ ပြီးတော့ အဲဒါက၊ နေရာတော်တော်များများမှာ၊ လောကကြီးနဲ့ ကွဲပြားခြားနားနေဖို့ လိုအပ်ပါတယ်။”

ကျွန်‌တော်တို့ရဲ့ သေခြင်းအတွေ့အကြုံကို အပျော်စီးသင်္ဘောတစ်ခုနဲ့နှိုင်းယှဉ်ကြည့်လို့ရပါတယ်၊ အဲဒီပေါ်မှာ ကမ်းခြေတစ်ခုကနေ နောက်တစ်ခုကို ခရီးဆက်မယ့် သူ့ရဲ့ သားသမီးတွေအားလုံးကို ဘုရားသခင်က တင်ပေးလိုက်ပါတယ်။ ရေကြောင်းခရီးမှာ သင်ယူဖို့၊ ကြီးပွားဖို့၊ ပျော်ရွှင်ဖို့နဲ့ တိုးတက်ဖို့ အခွင့်အလမ်းတွေနဲ့ ပြည့်နေပါတယ်၊ ဒါပေမယ့် အန္တရာယ်တွေလည်း အပြည့်ပါပဲ။ ဘုရားသခင်က သူ့သားသမီးတွေအားလုံးကို ချစ်ပြီး သူတို့ရဲ့ ကောင်းကျိုးချမ်းသာအတွက် ပူပန်ပါတယ်။ သူက ဘယ်သူ့ကိုမှ မဆုံးရှုံးချင်ပါဘူး၊ အဲဒါကြောင့် သူ့ရဲ့ သင်္ဘောအမှုထမ်းအဖွဲ့မှာ အသင်းဝင်ဖြစ်လာဖို့ လိုလားတဲ့သူတွေကို ဖိတ်ခေါ်ပါတယ်—အဲဒါကသင်ပါပဲ။ ပဋိညာဉ်ပြုဖို့နဲ့စောင့်ထိန်းဖို့ သင့်ရဲ့ရွေးချယ်မှုကြောင့်၊ သူ့ယုံကြည်မှုကို သင့်ကိုပေးပါတယ်။ အရေးကြီးတဲ့အမှုကို ဆောင်ရွက်ဖို့ သင့်ကိုယုံကြည်တာကြောင့် သူက သင့်ကို မတူညီဖို့ ၊ ထူးခြားဖို့နဲ့ ကွဲပြားဖို့ ယုံကြည်ပါတယ်။

စဉ်းစားကြည့်ပါ။ သူ့သားသမီးအားလုံးကို သူ့အိမ်‌တော်ထံ ဘေးကင်းစွာခေါ်ဆောင်ရေးအမှုမှာ ကူညီပေးဖို့၊ ဘုရားသခင်က ကမ္ဘာပေါ်ရှိလူတွေအားလုံးထဲမှာမှ၊ ပဋိညာဉ်သားသမီးတွေ၊ သူ့ရဲ့အမှုထမ်းတွေဖြစ်တဲ့၊ သင်တို့ကို ယုံကြည်ပါတယ်။ ဥက္ကဋ္ဌဘရင်ဂ်ဟမ်ရန်းက တစ်ချိန်တုန်းက ဒီလိုပြောခဲ့ဖူးတာ အံ့ဩစရာတော့မရှိပါဘူး၊ “ကောင်းကင်ဘုံကတမန်တွေအားလုံးက ဒီလက်တစ်ဆုပ်စာလူတွေကို ကြည့်နေကြပါတယ်။”

ကမ္ဘာမြေလို့ ခေါ်တဲ့ ဒီဇိမ်ခံသင်္ဘောကို ပတ်ကြည့်တဲ့အခါ၊ တခြားသူတွေ ဧည့်ခန်းထိုင်ခုံတွေမှာ အရက်သောက်ရင်း ထိုင်နေတာ၊ ကာစီနိုတွေမှာ လောင်းကစားလုပ်တာ၊ ပေါ်လွန်းတဲ့အဝတ်အစားတွေဝတ်တာ၊ ဆဲလ်ဖုန်းတွေ‌ပေါ်မှာ အဆုံးမရှိ အချိန်ကုန်နေတာ၊ အီလက်ထရွန်းနစ်ဂိမ်းတွေ ကစားရင်း အချိန်အများကြီးဖြုန်းတာကို သင်တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် “ငါ ကဘာလို့ ဒါကိုမလုပ်နိုင်တာလဲ”လို့ သိချင်နေမယ့်အစား၊ သင်က သာမန်ခရီးသည်တစ်ဦးမဟုတ်ကြောင်း သတိရနိုင်ပါတယ်။ သင်က သင်္ဘောအမှုထမ်းတစ်ဦးဖြစ်ပါတယ်။ အဲဒီခရီးသည်တွေမှာမရှိတဲ့ တာဝန်တွေ သင့်မှာရှိနေပါတယ်။ ညီအစ်မ အာဒပ် ကပ် တစ်ချိန်ကပြောခဲ့ဖူးသလိုပဲ၊ “သင်က ကမ်းခြေပေါ်က တခြားရေကူးသမားတွေနဲ့တူနေရင် သင်က အသက်ကယ်သမားဖြစ်လာမှာမဟုတ်ပါဘူး။“

ဒါ့အပြင် အပိုတာဝန်တွေကြောင့် စိတ်ပျက်အားလျော့တာ မဖြစ်ခင်၊ သင်္ဘောအမှုထမ်းတွေက အခြားခရီးသည်တွေမရရှိတဲ့ ဝန်ဆောင်ခကို ရရှိတယ်ဆိုတာ ကျေးဇူးပြုပြီး သတိရပါ။ အသင်းလူကြီး နီရလ် အယ်လ်၊ အန်ဒါဆင် ကပြောခဲ့ပါတယ်၊ ”ဖြောင့်မတ်တဲ့သူတွေအတွက် ဝန်ဆောင်ခရှိတဲ့ဝိညာဉ်ရေးရာစွမ်းအားတစ်ခုရှိပါတယ်၊” ပိုကြီးမားတဲ့ အာမခံချက်၊ ပိုကြီးမားတဲ့ အတည်ပြုချက်၊ ပိုကြီးမားတဲ့ စိတ်ချယုံကြည်ချက်တို့ အပါအဝင်ဖြစ်ပါတယ်။” ရှေးယခင်က အာဗြဟံပြောခဲ့သလိုပဲ၊ သင်က ပိုကြီးမားတဲ့ ပျော်ရွင်ခြင်းနဲ့ငြိမ်းချမ်းခြင်း၊ ပိုကြီးမားတဲ့ ဖြောင့်မတ်ခြင်းနဲ့ ပိုကြီးမားတဲ့ အသိပညာကို လက်ခံရရှိမှာဖြစ်ပါတယ်။ သင့်ရဲ့ ဝန်ဆောင်ခက ကောင်းကင်ဘုံက ကြီးကျယ်လှတဲ့အိမ်ကြီးနဲ့ ရွှေခင်းထားတဲ့လမ်းတွေပဲ မဟုတ်ပါဘူး။ ကောင်းကင်ဘုံရှင်အဘအတွက် သူ့မှာရှိသမျှ သင့်ဆီ ပေးလိုက်ဖို့က လွယ်ကူပါတယ်။ သူ့ရဲ့စိတ်ဆန္ဒကတော့ သူ့ရဲ့ဖြစ်တည်မှုအလုံးစုံအတိုင်း သင့်ကို ဖြစ်လာအောင် ကူညီဖို့ဖြစ်ပါတယ်။ အဲဒါကြောင့်၊ သင့်ရဲ့ ကတိကဝတ်တွေက သင့်ဆီကတောင်းဆိုတာများပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က သင့်ရဲ့အကောင်းဆုံးအလားအလာကို ဖန်တီးနေတာကြောင့်ဖြစ်ပါတယ်။

“လူတိုင်းဆီက ‌တောင်းဆိုမယ်ဆိုရင် အဲဒါက အများကြီးပါပဲ၊ ဒါပေမယ့် သင်တို့က လူတိုင်းလိုမဟုတ်ပါဘူး”။ သင်တို့က မြင့်မြတ်သောအခွင့်ထူးခံလူငယ်တွေဖြစ်ပါတယ်။ ဘုရားသခင်နဲ့ယေရှုခရစ်တော်တို့နဲ့ပြုထားတဲ့ သင့်ရဲ့ပဋိညာဉ်ဆက်ဆံ‌ရေးက ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုကိုအရင်းပြုတဲ့ဆက်ဆံရေးဖြစ်ပါတယ်၊ အဲဒီဆက်ဆံရေးမှာ သင်ကသူတို့ရဲ့ မြင့်မြတ်တဲ့ကူညီထောက်မမှု၊ ခွန်အားအပ်နှင်းခြင်းနဲ့ စွမ်း‌ဆောင်နိုင်စေသောတန်ခိုးတွေဖြစ်တဲ့— သူတို့ရဲ့‌ကျေးဇူးတော်ကို ပိုမိုကြီးမားတဲ့အတိုင်းအတာနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။ အဲဒီတန်ခိုးက စိတ်ကူးယဉ်တဲ့တွေးခေါ်မှု၊ ကံကောင်းစေတဲ့အဆောင်တစ်ခု၊ သို့မဟုတ် ကိုယ်ကျိုးဖြည့်တဲ့ ပရောဖက်ပြုဟောချက် သက်သက်မဟုတ်ပါဘူး။ အဲဒါက အစစ်အမှန်ဖြစ်ပါတယ်။

သင့်ရဲ့ မွေးရာပါအခွင့်ထူးတာဝန်တွေကို ဖြည့်ဆည်းတာနဲ့အမျှ၊ သင်က ဘယ်‌တော့မှ တစ်ဦးတည်းမဟုတ်ပါဘူး။ ဥယျာဉ်ပိုင်ရှင်က သင်နဲ့အတူရှိနေပါတယ်။ သင်က ‌ယေရှုခရစ်တော်နဲ့ အတူတကွ လက်တွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ ပဋိညာဉ်အသစ်တစ်ခုစီပြုလုပ်ပြီး သူနဲ့သင့်ရဲ့ဆက်ဆံရေးက ပိုမိုခိုင်မာလာတာနဲ့အမျှ သင်တို့ အတူတကွမြဲမြံစွာ လက်ယှက်နိုင်သည်အထိ သင်တို့အချင်းချင်း ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားမှာဖြစ်ပါတယ်။ ကယ်တင်ရှင် လောကကြီးနဲ့ကွဲပြားစွာ နေထိုင်ခဲ့တဲ့အတိုင်း အတိအကျနေထိုင်ဖို့ လိုအင်ဆန္ဒနဲ့ ခွန်အားနှစ်ခုလုံးကို သူ့ရဲ့ မြင့်မြတ်တဲ့ကျေးဇူးတော်သင်္ကေတအားဖြင့် သင်ရှာတွေ့ပါလိမ့်မယ်။ ယေရှုခရစ်တော်က သင့်အတွက်ရှိနေတဲ့အတွက် သင်ကလည်းဒါကို လုပ်နိုင်ပါလိမ့်မယ်။

၂ နီဖိုင်း ၂:၆ မှာ ကျွန်တော်တို့ ဖတ်ခဲ့ရပါတယ်၊ “သို့ဖြစ်၍၊ ရွေးနုတ်ခြင်းသည်ကား၊ သန့်ရှင်းသောမေရှိယကိုယ်နှင့်မေရှိယအားဖြင့် ဖြစ်‌ပေါ်လာပေ၏။ အကြောင်းမူကား၊သူသည် ကျေးဇူးတော်၊ သမ္မာတရားတို့နှင့်ပြည့်စုံ၏။” သူက သမ္မာတရားနှင့် ပြည့်စုံတဲ့အတွက်၊ သူက သင့်ရဲ့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ နောင်တတွေ၊ နဲ့ အရာအားလုံးကို အရှိအတိုင်း မြင်ပါတယ်။ သူက ကျေးဇူးတော်နဲ့ပြည့်စုံတဲ့အတွက်၊ သင်က အမှန်တကယ် ဘာဖြစ်လာနိုင်လဲဆိုတာ မြင်ပါတယ်။ သူက သင်ရောက်နေတဲ့အခြေအနေမှာ သင့်ကိုတွေ့ဆုံပြီး သင့်ကို နောင်တရဖို့၊ တိုးတက်ဖို့၊ ကျော်လွှားဖို့နဲ့ ဖြစ်‌မြောက်လာဖို့ ကူညီပါတယ်။

“အို မြင့်မြတ်သော မွေးရာပါအခွင့်ထူးခံလူငယ်များ၊ ရှေ့ဆက်လော့၊ ရှေ့ဆက်လော့၊ ရှေ့ဆက်လော့။” ယနေ့၊ ‌နောင်အနှစ် ၂၀၊ ထာဝရထိတိုင် သင့်ကချစ်ခြင်းခံရမယ်၊ ယုံကြည်ခြင်းခံရမယ်ဆိုတာ ကျွန်တော် သက်သေခံပါတယ်။ စားစရာတစ်ခုအတွက်နဲ့ သင့်ရဲ့ မွေးရာပါအခွင့်ထူးကို မရောင်းပါနဲ့။ ဘာမဟုတ်တဲ့အရာအတွက် အရာအားလုံးကို မလဲလိုက်ပါနဲ့။ သင်က လောကကြီးကိုပြောင်းလဲဖို့ မွေးဖွားလာချိန်မှာ လောကကြီးက သင့်ကိုမပြောင်းလဲပါစေနဲ့။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. စတွတ် ဟန်ပယ် နှင့် အဲရစ် မာရှယ် တွင်၊ Children’s Letters to God (၁၉၉၁)။

  2. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊“Thanks for the Covenant” (Brigham Young University devotional၊ နို၊ ၂၂၊ ၁၉၈၈)၊ speeches.byu.edu.

  3. ၃ နီဖိုင်း ၂၀:၂၆၊ လည်း ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင် “Choices for Eternity” (အရွယ်ရောက်လူငယ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဟောပြောပွဲ၊ မေ ၁၅၊ ၂၀၂၂)၊ ဧဝံဂေလိစာကြည့်တိုက်၊ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Children of the Covenant,Ensign၊ မေ ၁၉၉၅၊ ၃၂-၃၅။

  4. ရှု ၃ နီဖိုင်း ၂၀:၂၅၊ လည်းရှု ကျမ်းစာလမ်းညွှန်၊ “အာဗြဟံပဋိညာဉ်၊”ဧဝံ‌ဂေလိစာကြည့်တိုက်၊ အာဗြဟံ ၂:၆ (ကတိတော်မြေ၊ ဆီလက်ရှယ်ဘုန်း‌တော်၊ ထာဝရမိသားစုများ)၊ ကမ္ဘာဦးကျမ်း ၁၃:၁၆ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၂:၃၀-၃၁ (အမျိုးအနွယ်: ထာဝရပွားများခြင်း)၊ နှင့် အာဗြဟံ ၁:၁၈၂:၁၁ (ယဇ်ပုရောဟိတ်အခွင့်၊ အာဏာ၊ သော့များ၊ဘိသိက်မင်္ဂလာများ၊ ပဋိညာဉ်များနှင့် မြင့်မြတ်သောတန်ခိုးတော်)၊ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ယဇ်ပရောဟိတ်အခွင့်သော့များ၏ ဆုကျေးဇူး၌ပျော်မွေ့ခြင်း၊၊” လီယာဟိုနာ၊ မေ ၂၀၂၄၊ ၁၁၉-၂၃။

  5. “Carry On,” ဓမ္မသီချင်းများ၊ အမှတ်စဉ်၊ ၂၅၅။

  6. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Youth of the Noble Birthright: What Will You Choose?” (အရွယ်ရောက်ပြီးလူငယ်များအတွက် အသင်းတော်ပညာရေးစနစ် ဟောပြောပွဲ၊ စက်၊ ၆၊ ၂၀၁၃)၊ ဧဝံဂေလိ စာကြည့်တိုက်၊ လည်းရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Thanks for the Covenant,” speeches.byu.edu; ကျမ်းစာလမ်းညွှန်,“Firstborn,” ဧဝံဂေလိစာကြည့်တိုက်။

  7. ရှု ရှင်လုကာ ၁၂:၄၂၁၇:၇-၁၀

  8. ရှု ရောမဩဝါဒစာ ၈:၁၇၊ လည်း ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၇၆:၅၄-၅၅၈၈:၁၀၇

  9. ကိုယ်တော်ရှင် မိန့်တော်မူခဲ့သည်မှာ၊“သာမညအမှုဖြစ်၏”(၁ နီဖိုင်း ၂၁:၆)။

  10. ရှု ပေတရုဩဝါဒစာပဌမစောင် ၂:၉

  11. ကိုယ်တော်ရှင် မိန့်တော်မူခဲ့သည်မှာ၊ “အိုဣသရေလ၊ သင်သည် ငါ၏ကျွန်ဖြစ်၏”၁ နီဖိုင်း၂၁:၃

  12. ရှု ထွက်မြောက်ရာကျမ်း ၂:၂၅

  13. လူငယ်တို့အတွက်ခွန်အား၊ A Guide for Making Choices (၂၀၂၂)၊ ၄၊ လည်း ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၈၄:၁၈-၂၅၁၀၇:၁၈-၂၁၊ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ Youth of the Noble Birthright: What Will you Choose?

  14. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၂၀:၇၇

  15. ရှု ပေတရုဩဝါဒစာပဌမစောင်၂:၉

  16. ရှု မောရှေ ၁:၆၊ လည်းရှု “Aaronic Priesthood Quorum Theme,” ဧဝံဂေလိစာကြည့်တိုက်။

  17. Teachings of Presidents of the Church: Brigham Young (၁၉၉၇)၊ ၃၀၉။

  18. အာဒပ် ဂရင်နီ ကပ်၊ I Walk by Faith (၁၉၈၇)၊ ၉၇။

  19. ရှု မောဇိယ ၂:၂၂၊ ၄၁ဩဝါဒနှင့်ပဋိညာဉ်များ ၅၉:၂၃

  20. နီရလ် အယ်လ်၊ အန်ဒါဆင်၊ “ A Compensatory Spiritual Power for the Righteous” (Brigham Young University devotional၊ ဩ၊ ၁၈၊ ၂၀၁၅)၊ ၃၊ speeches.byu.edu.

  21. ရှု အာဗြဟံ ၁:၂

  22. ရှု ဒလျံ အိပ်ချ်၊ အုတ်စ်၊ With Full Purpose of Heart (၂၀၀၂)၊ ၃၈။

  23. ခန်းနစ် ကုပ်၊ “The Best for Last,” Voices (အယ်လ်ဘမ်၊ ၁၉၉၁)။

  24. ရှု အယ်လမာ ၅၃:၂၀၅၇:၂၇

  25. ရှု ဒီရက်တာ အက်ဖ်၊ ဥ‌‌ဒေါဖ့် ၊“The Gift of Grace,၊” လီယဟိုနာ၊ မေ ၂၀၁၅၊ ၁၀၇၊ လည်းရှု ကျမ်းစာလမ်းညွှန်၊ “Grace,”ဧဝံဂေလိစာကြည့်တိုက်။ ကျမ်းစာတွေထဲမှာ တောက်လျှောက်တွေ့ရတဲ့ ဘုရားသခင်ရဲ့ တန်ခိုး‌ကို ဖွင့်ဆိုချက်တွေအများကြီးကြောင့် ကျွန်တော်က ရှုပ်ထွေးခဲ့ဖူးပါတယ်။ သူတို့က ကျေးဇူးတော်ကို စွမ်း‌ဆောင်နိုင်စေသောတန်ခိုး အဖြစ်ပြောကြသလို (ရှု ဖိလိပ္ပိဩဝါဒစာ ၄:၁၃) ခရစ်တော်ရဲ့အလင်းကိုလည်း တန်ခိုးအဖြစ်ပြောကြပါတယ်။ (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၈၈:၁၃)။ ကျွန်‌တော်တို့က ယုံကြည်ခြင်းတန်ခိုး (ရှု အယ်လမာ ၁၈:၃၅)၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုး (ရှု မော်ရော်နိုင်း ၁၀:၇)၊ နှင့် ဗိမာန်တော်များ၌ကတိတော်ထားသည့် အထက်မှတန်ခိုး (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၃၈:၃၂၁၀၅:၁၁)တို့ကို ဖတ်ခဲ့ရပါတယ်။ ကျမ်းစာတွေက ယဇ်ပုရောဟိတ်အခွင့်၏တန်ခိုးကိုလည်း သင်ကြားပေးပါတယ်။ (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၁၃:၈)။ ကျွန်‌တော်က သူတို့ကို ဘယ်လိုခွဲခြားရမယ်မှန်း အဖြေရှာလို့မရခဲ့ပါဘူး။ ‌နောက်ဆုံးမှာတော့၊ ကျွန်‌တော် သဘောပေါက်သွားတာက “ရှုလော့၊ ဘုရားသခင်၏တန်ခိုးတော်မှတစ်ပါး၊ အခြားသောတန်ခိုးမရှိ” (ဩဝါဒနှင့်ပဋိညာဉ်များ ၈:၇၊ လည်းရှု ရောမဩဝါဒစာ ၁၃:၁)။ ဘုရားသခင်ရဲ့တန်ခိုးကို နာမည်အမျိုးမျိုးတပ်တယ်ဆိုတာ တန်ခိုးတွေမတူညီဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဒါပေမယ့် တူညီတဲ့တန်ခိုးကိုပဲ ပမာဏ၊ အသုံးပြုပုံနဲ့ ရှုထောင့် ကွာခြားသွားတာဖြစ်ပါတယ်။

  26. ရှု ယာကုပ် ၅:၇၂

  27. ရှု ယာကုပ် ၆:၅

  28. ရှု ၃ နီဖိုင်း ၂၂:၁၇

  29. ဓမ္မသီချင်းများအမှတ်စဥ်၊ ၂၅၅။

  30. ရှု ကမ္ဘာဦးကျမ်း ၂၅:၂၉-၃၄

  31. ရှု ၃ နီဖိုင်း ၂၀:၃၈၊ လည်းရှု ယေရှာယအနာဂတ္တိကျမ်း ၅၅:၂