အထွေထွေညီလာခံ
မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို မစွန့်ပစ်ကြနှင့်
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


10:43

မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို မစွန့်ပစ်ကြနှင့်

သင့်မှာ လူသားဆန်တဲ့ချို့ယွင်းချက်တွေရှိနေပေမယ့် ဘုရားသခင်ဆီကအကူအညီနဲ့ချမ်းသာကို သင်ချက်ချင်းလက်ငင်း ရယူနိုင်ပါတယ်။

တစ်ခါတုန်းက ကျောင်းဆရာမတစ်ယောက်က ဝေလငါးတစ်ကောင်ဟာ—အလွန်ကြီးပေမယ့်လည်း—လူတစ်ယောက်ကို မျိုမချနိုင်ဘူးလို့ သင်ကြားဖူးပါတယ်၊ ဘာလို့လဲဆိုတော့ ဝေလငါးတွေမှာ သေးငယ်တဲ့လည်ချောင်းတွေရှိလို့ပါတဲ့။ ဒါကို မိန်းကလေးတစ်ယောက်က၊ “ဒါပေမယ့် ယောနကို ဝေလငါးကြီးမျိုချခဲ့တယ်လေ” လို့ ကန့်ကွက်လိုက်ပါတယ်။ ဆရာမက “ဒါက မဖြစ်နိုင်ဘူး”လို့ ပြန်ပြောပါတယ်။ မိန်းကလေးက မယုံကြည်သေးပဲ “ကောင်းပါပြီ၊ ကျွန်မ ကောင်းကင်ဘုံကိုရောက်ရင် သူကို မေးမှာပါ” လို့ ပြောလိုက်ပါတယ်။ ဆရာမက လှောင်ပြီးတော့၊ “ယောနက အပြစ်သားဖြစ်ပြီး ကောင်းကင်ဘုံကိုမရောက်ခဲ့ရင်ရော” လို့မေးပါတယ်။ မိန်းကလေးက “အဲဒီအခါ ဆရာမက သူ့ကိုမေးနိုင်တာပေါ့” လို့ ပြန်ဖြေလိုက်ပါတယ်။

ကျွန်တော်တို့ ရယ်မောကြပါတယ်၊ ဒါပေမယ့် “နှိမ့်ချပြီးပျော်ရွှင်မှုကိုရှာဖွေသည့်သူ”တိုင်းအတွက်၊ အထူးသဖြင့် ရုန်းကန်နေရသူတွေအတွက် ယောနဇာတ်လမ်းကပေးတဲ့ခွန်အားကို ကျွန်တော်တို့ လက်လွှတ်မခံသင့်ပါဘူး။

ဘုရားသခင်က ယောနကို “နိနေဝေမြို့ကြီးသို့သွားပြီး“ နောင်တရခြင်းအကြောင်း ထုတ်ဖော်ကြေညာဖို့ မိန့်တော်မူခဲ့ပါတယ်။ ဒါပေမယ့် နိနေဝေမြို့ဟာ ရှေးခေတ်ဣသရေလတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရန်သူဖြစ်တဲ့အတွက် ယောနဟာ ချက်ချင်းပဲ တခြားဆန့်ကျင်ဘက်လားရာဖြစ်တဲ့ တာရှုမြို့ဆီကို သင်္ဘောနဲ့သွားလိုက်ပါတယ်။ သူ့ရဲ့တာဝန်ကို ရှောင်တိမ်းပြီးထွက်ခွာသွားတဲ့အခါမှာ၊ သင်္ဘောပျက်စီးလောက်တဲ့ မုန်တိုင်းကြီးတစ်ခု စတင် ကျရောက်လာပါတယ်။ သူ့ရဲ့ မနာခံမှုကြောင့် ဒီမုန်တိုင်းကျရောက်တယ်လို့ သေချာသွားတဲ့အခါ၊ ယောနဟာ ပင်လယ်ထဲခုန်ချဖို့ ဆန္ဒပြုလိုက်ပါတယ်။ အဲဒီလိုလုပ်လိုက်ခြင်းဟာ လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ကိုငြိမ်သက်သွားစေပြီး၊ သင်္ဘောသားတွေကို ကယ်တင်ရာရောက်လိုက်ပါတယ်။

အံ့သြစရာကောင်းတာက၊ ကိုယ်တော်ရှင် “ခန့်ထားတော်မူတဲ့” “ငါးကြီး” တစ်ကောင်က သူ့ကိုမျိုချလိုက်ချိန်မှာ ယောနဟာ သေဘေးကနေ လွတ်မြောက်သွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ မယုံနိုင်လောက်အောင် မှောင်မိုက်ပြီး အနံ့ဆိုးထွက်နေတဲ့ အဲဒီနေရာမှာ သုံးရက်ကြာ ဒုက္ခခံနေရပြီးမှ၊ နောက်ဆုံးမှာ ကုန်းပေါ်ကို ပြန်အန်ထုတ်ခံလိုက်ရပါတယ်။ ဒီနောက်မှာတော့ သူဟာ နိနေဝေမြို့ဆီသွားဖို့ သူ့တာဝန်ကို လက်ခံလိုက်ပါတယ်။ ဒါပေမယ့်၊ မြို့ကြီးက နောင်တရပြီး ပျက်စီးခြင်းကနေ လွတ်မြောက်သွားတဲ့အခါမှာတော့၊ ယောနဟာ သူ့ရန်သူတွေအပေါ် ကရုဏာပြသခြင်းကို မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဘုရားသခင်ဟာ သူ့သားသမီးတွေအားလုံးကို ချစ်ခင်ကြောင်းနဲ့ ကယ်တင်ဖို့ကြိုးပမ်းကြောင်း ကိုယ်တော်က ယောနကို စိတ်ရှည်စွာ သွန်သင်ပေးခဲ့ပါတယ်။

သူ့ရဲ့တာဝန်တွေမှာ တစ်ကြိမ်မက လွဲချော်ခဲ့ပေမယ့်၊ ယောနဟာ သေခြင်းရှိရာဘဝမှာ “ခပ်သိမ်းသောသူတို့သည် လဲကျ၏“ ဆိုတဲ့အကြောင်း ရှင်းလင်းတဲ့သက်သေခံချက်ကို ပေးနေပါတယ်။ ကျွန်တော်တို့ဟာ လဲကျခြင်းအကြောင်း သက်သေခံချက်ကို မကြာခဏ ပြောလေ့မရှိကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တစ်ဦးချင်းစီဟာ ဘာကြောင့် ကိုယ်ကျင့်တရား၊ ရုပ်ပိုင်းဆိုင်ရာ၊ လက်တွေ့ဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေရသလဲဆိုတာ ဩဝါဒပိုင်းဆိုင်ရာနားလည်မှုနဲ့ ဝိညာဉ်ရေးရာသက်သေခံချက်ရှိခြင်းဟာ ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲဖြစ်ပါတယ်။ ဒီမြေကြီးပေါ်မှာ မလှပတဲ့ပေါင်းပင်တွေ ပေါက်နေသလို၊ ခိုင်မာတဲ့အရိုးတွေတောင် ကျိုးတတ်ပြီး၊ လူအပေါင်းတို့က “ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပါတယ်။“ ဒါပေမယ့် အာဒံနဲ့ဧဝတို့ရဲ့ ရွေးချယ်မှုတွေကြောင့် ဖြစ်လာရတဲ့ ဒီသေခြင်းရှိရာအခြေအနေဟာ “[ကျွန်တော်တို့] ဝမ်းမြောက်ခြင်းရှိနိုင်ကြစေကြောင်း“ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုမှာ မရှိမဖြစ်လိုအပ်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံးမိဘတွေ သိရှိခဲ့သလိုပဲ၊ လဲကျတဲ့လောကတစ်ခုရဲ့ ခါးသက်မှုကိုမြည်းစမ်းပြီး နာကျင်မှုကို ခံစားမှသာ ကျွန်တော်တို့ဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကို စိတ်ကူးယဉ်နိုင်မှာဖြစ်သလို၊ ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

လဲကျခြင်းအကြောင်းသက်သေခံချက်ဟာ အပြစ် ဒါမှမဟုတ် ဘဝရဲ့တာဝန်တွေမှာ ပေါ့ပေါ့တန်တန်ပြုမူခြင်းကို ခွင့်ပြုပေးတာဟုတ်ပါဘူး၊ ဒီတာဝန်တွေအတွက် အမြဲတမ်းလုံ့လဝီရိယ၊ ကိုယ်ကျင့်သီလနဲ့ တာဝန်ခံမှုတို့ လိုအပ်ပါတယ်။ ဒါပေမယ့် အရာကိစ္စရပ်တွေမှာ မှားယွင်းသွားတဲ့အခါ ဒါမှမဟုတ် မိသားစုဝင်၊ မိတ်ဆွေ ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးမှာ ကိုယ်ကျင့်တရားဆိုင်ရာချို့ယွင်းချက်တစ်ခုကို တွေ့ရတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်ပျက်အားလျော့မှုတွေကို အဲဒီသက်သေခံချက်အားဖြင့် ပြေပျောက်သင့်ပါတယ်။ ဒီလိုမျိုးမကြာခဏကြုံတွေ့နေရတဲ့အရာတွေက ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို ဆုတ်ယုတ်စေတဲ့ အငြင်းပွားဖွယ်ဝေဖန်မှုတွေ ဒါမှမဟုတ် မကျေမနပ်ဖြစ်မှုတွေထဲမှာ ကျွန်တော်တို့ကိုနစ်မြှုပ်စေပါတယ်။ ဒါပေမယ့် လဲကျခြင်းအကြောင်းခိုင်မာတဲ့သက်သေခံချက်ဟာ ကျွန်တော်တို့ကို ယောနက ဖော်ပြခဲ့တဲ့ ဘုရားသခင်နဲ့ ပိုတူလာအောင် ကူညီပေးနိုင်ပါတယ်၊ ဆိုလိုတာက၊ မလွှဲမရှောင်သာမပြည့်စုံတဲ့အခြေအနေမှာရှိကြတဲ့—ကျွန်တော်တို့ကိုယ်တိုင်အပါအဝင်—အားလုံးကို “သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ ကျေးဇူးပြုချင်သော“ သူတွေဖြစ်လာဖို့ ကူညီပေးသင့်ပါတယ်။

လဲကျခြင်းရဲ့အကျိုးဆက်တွေကို ထင်ရှားစေတာထက်ပိုပြီးအရေးကြီးတာက၊ ယောနရဲ့ဇာတ်လမ်းဟာ ဒီအကျိုးဆက်တွေကနေ ကျွန်တော်တို့ကို ကယ်တင်နိုင်တဲ့ကိုယ်တော့်ဆီကို အားကောင်းစွာညွှန်ပြနေတာပါပဲ။ ယောနဟာ သူ့ရဲ့ သင်္ဘောသားတွေကိုကယ်တင်ဖို့ မိမိကိုယ်ကို စွန့်လွှတ်မှုဟာ ခရစ်တော်နဲ့ တူပါတယ်။ ပြီးတော့ ယေရှုကို သုံးကြိမ်တိုင်တိုင် သူ့ရဲ့ဘုရားဂုဏ်တော်ကို သက်သေပြဖို့ အံ့ဖွယ်နိမိတ်လက္ခဏာတစ်ခုအတင်းတောင်းဆိုကြတဲ့အခါ၊ ကိုယ်တော်က “ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး … အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား မ​ပြ​ရာ”​ဟု အားကြီးစွာမိန့်တော်မူပြီး ယောနက “ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့”ဟု ကြေညာပါတယ်။ ကယ်တင်ရှင်ရဲ့ ပေးဆပ်ပြီးအသေခံခြင်းနဲ့ ဘုန်းထင်ရှားသောရှင်ပြန်ထမြောက်တော်မူခြင်းရဲ့ သင်္ကေတအဖြစ်၊ ယောနဟာ ချို့ယွင်းချက် ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ဝေလငါးဝမ်းထဲမှာ ယောနပေးခဲ့တဲ့၊ ယေရှုခရစ်တော်အပေါ် သူ့ရဲ့ကိုယ်ပိုင်သက်သေခံချက်နဲ့ကတိကဝတ်ကို၊ ပိုနက်ရှိုင်းစေပြီးလမ်းပြလှုံ့ဆော်စေတဲ့ အကြောင်းရင်းပါပဲ။

ယောနရဲ့အသနားခံမှုက သူ့ကိုယ်တိုင်ဖန်တီးထားတဲ့ အကျပ်အတည်းထဲမှာရှိနေတဲ့၊ လူကောင်းတစ်ယောက်ရဲ့ အသနားခံမှုပါပဲ။ သန့်ရှင်းသူတစ်ယောက်အတွက်၊ အခြားကောင်းတဲ့ရည်ရွယ်ချက်တွေ၊ ဖြောင့်မတ်မှုအတွက် အစွမ်းကုန်အားထုတ်မှုတွေများစွာရှိပေမယ့်၊ နောင်တရစရာ အလေ့အထ၊ မှတ်ချက်၊ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုကြောင့် ကပ်ဘေးကျရောက်တဲ့အခါ၊ အဲဒါက အထူးသဖြင့် စိတ်ဓာတ်ကျစရာဖြစ်ပြီး စွန့်ပစ်ခံရသလို ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးရဲ့ အကြောင်းရင်း ဒါမှမဟုတ် ပြင်းထန်မှုအတိုင်းအတာဘယ်လောက်ပဲရှိပါစေ၊ မျှော်လင့်ခြင်း၊ အနာငြိမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းအတွက် ကုန်းမြေဟာ အမြဲတမ်းရှိနေပါတယ်။ ယောနပြောတာကို နားထောင်ကြည့်ပါ၊

“ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍ … ၊ ငါ့မရဏနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်၏။ …

“ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်။ …

“ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကိုခံရသော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြုမြဲပြုပါမည်ဟု အောက်​မေ့​လျက်​နေ၏။

“ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှာဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏၊ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက် ရှိပါ၏။

“တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း … သော်လည်း အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။ …

“အကျွန်ုပ်သည် စိတ်ပျက်သောအခါ … ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသော ဗိမာန်တော်၌ … ဝင်ပါ၏။

“မုသားအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏

“အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်။”

နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာဆိုပေမယ့်၊ ကျွန်တော့်ကိုယ်ပိုင်ငရဲဝမ်းထဲမှာ ချောက်ကျနေတုန်းက ဒီကျမ်းပိုဒ်ကို တွေ့ရှိခဲ့တဲ့အချိန်မှာ၊ ကျွန်တော် ဘယ်နေရာမှာထိုင်နေခဲ့တယ်၊ ဘယ်လိုခံစားနေခဲ့ရတယ်ဆိုတာ အတိအကျပြောပြနိုင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်အရင်က ခံစားခဲ့ရသလိုမျိုး—စွန့်ပစ်ခံရပြီး၊ အနက်ရှိုင်းဆုံးရေထဲမှာ နစ်မြုပ်နေပြီး၊ ဦးခေါင်းမှာပင်လယ်မြက်တွေရစ်ပတ်နေကာ သမုဒ္ဒရာထဲကတောင်တွေက သင့်ပတ်ပတ်လည်ကို ပြိုကျလာနေသလို ခံစားနေရသူတိုင်းအတွက်—ယောနရဲ့လမ်းပြလှုံ့ဆော်မှုနဲ့အတူ၊ ကျွန်တော့်ရဲ့တောင်းလျှောက်ချက်ကတော့၊ မိမိတို့ကရုဏာခံရာအကြောင်းကို မစွန့်ပစ်ကြပါနဲ့။ သင့်မှာ လူသားဆန်တဲ့ချို့ယွင်းချက်တွေရှိနေပေမယ့် ဘုရားသခင်ဆီကအကူအညီနဲ့ချမ်းသာကို သင်ချက်ချင်းလက်ငင်း ရယူနိုင်ပါတယ်။ ဒီလောက်ထိ အံ့ဩဖွယ်ကောင်းတဲ့ ကရုဏာတော်ဟာ ယေရှုခရစ်တော်ထံမှနဲ့ ယေရှုခရစ်တော်အားဖြင့် ရောက်ရှိလာပါတယ်။ ကိုယ်တော်ဟာ သင့်ကိုစုံလင်စွာသိတော်မူပြီး ချစ်တော်မူတာကြောင့်၊ ဒီကရုဏာတော်ကို သင့်ရဲ့ “ကိုယ်ပိုင်”အဖြစ် ပေးအပ်တော်မူပါတယ်၊ ဆိုလိုတာက ဒီကရုဏာတော်ဟာ သင်နဲ့စုံလင်စွာ ကိုက်ညီမှုရှိပြီး၊ သင့်ရဲ့တစ်ကိုယ်ရေဝေဒနာတွေကို သက်သာစေဖို့နဲ့ သင့်ရဲ့ အထူးနာကျင်မှုတွေကို ပျောက်ကင်းစေဖို့ စီမံထားတာဖြစ်ပါတယ်။ ဒါကြောင့်၊ ကောင်းကင်ဘုံအတွက်ရော သင့်အတွက်ပါ၊ ဒါကို မငြင်းဆန်လိုက်ပါနဲ့။ လက်ခံလိုက်ပါ။ သင့်ရဲ့ဝိညာဉ်ရေးရာတာဝန်တွေကနေ အဝေးကိုထွက်ပြေးခြင်းဖြင့်သာ သက်သာရာရမယ်လို့ သင်ယုံကြည်လာအောင် သွေးဆောင်မယ့်၊ ရန်သူရဲ့ “မု​သား​အ​န​တ္တ​”ကို နားထောင်ဖို့ ငြင်းပယ်လိုက်ခြင်းနဲ့ စတင်လိုက်ပါ။ အဲဒီအစား၊ နောင်တရခြင်းရှိတဲ့ ယောနရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ပါ။ ဘုရားသခင်ထံ တောင်းလျှောက်ပါ။ ဗိမာန်တော်ကို ကိုးစားပါ။ သင်ရဲ့ပဋိညာဉ်တွေကို လိုက်နာစောင့်ထိန်းပါ။ ကိုယ်တော်ရှင်၊ ကိုယ်တော်ရှင်ရဲ့အသင်းတော်နဲ့ အခြားသူများကို စွန့်လွှတ်အနစ်နာခံသောစိတ်နဲ့ ကျေးဇူးတင်သောစိတ်တို့ ဖြင့် အစေခံပါ။

ဒါတွေကို လုပ်ခြင်းအားဖြင့် ဟေဗြဲသမ္မာကျမ်းက ဟက်ဆက်ဇ်လို့ခေါ်တဲ့ သင့်အတွက် ဘုရားသခင်ရဲ့အထူးပဋိညာဉ်ချစ်ခြင်းရဲ့ အမြင်အာရုံကို ရရှိလာမှာဖြစ်ပါတယ်။ ဘုရားသခင်၏ သစ္စာရှိသော၊ ငြီးငွေ့ခြင်းမရှိသော၊ ကုန်ခန်းခြင်းမရှိသော၊ “နူးညံ့သော ကရုဏာတော်”ရဲ့ တန်ခိုးကို သင်မြင်ပြီး ခံစားရပါလိမ့်မယ်၊ ဒီတန်ခိုးက ဘယ်အပြစ် ဒါမှမဟုတ် ဘယ်ရှုံးနိမ့်မှုကနေမဆို သင့်ကို “လွတ်​မြောက် … သည့်တိုင်အောင် … အား​ကြီး​စေတော်မူ”ပါတယ်။ အစောပိုင်းကာလနဲ့ ပြင်းထန်တဲ့ဝမ်းနည်းမှုတွေက အစပိုင်းမှာ ဒီအမြင်အာရုံကို မှုန်ဝါးစေနိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ “သင်သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကိုပြု”ဖို့ ဆက်လက်အားထုတ်နေမယ်ဆိုရင်၊ ဒီလိုအမြင်အာရုံဟာ သင့်ရဲ့ဝိညာဉ်ထဲမှာ ပိုပိုပြီးတောက်ပလာမှာဖြစ်ပါတယ်။ ပြီးတော့ ဒီအမြင်အာရုံနဲ့အတူ သင်ဟာ မျှော်လင့်ခြင်းနဲ့ အနာငြိမ်းခြင်းကိုသာမက၊ အံ့ဩစရာကောင်းတာက၊ သင့်ရဲ့အခက်အခဲတွေကြားထဲမှာတောင်၊ ဝမ်းမြောက်ခြင်းကို တွေ့ရှိမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင် ကျွန်တော်တို့ကို ကောင်းစွာသွန်သင်ထားသလိုပဲ၊ “ကျွန်တော်တို့ဘဝရဲ့ အာရုံစိုက်မှုက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအစီအစဉ်နဲ့ … သခင်ယေရှုခရစ်တော်နဲ့ ကိုယ်တော်ရဲ့ဧဝံဂေလိတရားအပေါ် မှာရှိနေတယ်ဆိုရင်၊ ကျွန်တော်တို့ဘဝမှာ ဘာတွေပဲဖြစ်ဖြစ်—မဖြစ်ဖြစ်—ဝမ်းမြောက်ခြင်းကို ခံစားရနိုင်ပါတယ်။ ဝမ်းမြောက်ခြင်းဟာ ကိုယ်တော့်ဆီကလာပါတယ်၊ ကိုယ်တော့်ကြောင့် ဖြစ်ပေါ်လာပါတယ်။”

ကျွန်တော်တို့ဟာ ယောနလို နက်ရှိုင်းတဲ့ကပ်ဘေးကြီးကို ရင်ဆိုင်နေရတာဖြစ်ဖြစ် မပြည့်စုံတဲ့ ဒီလောကရဲ့ နေ့စဉ်စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ဖြစ်၊ ဖိတ်ခေါ်ချက်ကတော့ တစ်ခုတည်းပါပဲ၊ မိမိတို့ကရုဏာခံရာအကြောင်းကို မစွန့်ပစ်ပါနဲ့။ ယောန၏နိမိတ်လက္ခဏာဖြစ်တဲ့၊ အသက်ရှင်တော်မူသော ခရစ်တော်ကို ကြည့်ပါ၊ ကိုယ်တော်ဟာ သင့်အတွက်အရာခပ်သိမ်းကိုအောင်မြင်ပြီး သုံးရက်တာသင်္ချိုင်းဂူမှ ထမြောက်တော်မူခဲ့ပါတယ်။ ကိုယ်တော့်ကို ကိုးစားပါ။ ကိုယ်တော့်ကို ယုံကြည်ပါ။ ကိုယ်တော့်ကို အစေခံပါ။ ပြုံးပါ။ ဘာလို့လဲဆိုတော့ ကိုယ်တော်၌သာ၊ ကိုယ်တော်တစ်ပါးတည်း၌သာ၊ ကျွန်တော်တို့အားလုံး အရေးတကြီးလိုအပ်ပြီး နှိမ့်ချစွာရှာဖွေနေကြတဲ့၊ လဲကျခြင်းမှ ပြည့်စုံပျော်ရွှင်သောအနာငြိမ်းစေခြင်းကို ရှာတွေ့မှာဖြစ်လို့ပါပဲ။ ဒီအရာဟာ မှန်ကန်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. အယ်လမာ ၂၇:၁၈။ ယောနကျမ်းသည် အခန်းငယ်ပေါင်း ၄၈ ခန်းမျှသာပါရှိကာ၊ ဩဝါဒဆိုင်ရာအမှန်တရားများနှင့် ဝိညာဉ်ရေးရာ သင်ခန်းစာများအား ကျစ်လစ်စွာ၊ ကဗျာဆန်စွာ ဖော်ပြထားသည့် ဂန္ထဝင်ကျမ်းတစ်ခုဖြစ်ပါသည်။ ရှု အဲလစ်စ် တီ၊ ရက်စမတ်ဆန်၊ A Latter-Day Saint Commentary on the Old Testament (၁၉၉၃)၊ ၆၅၃-၅၇၊ ဒီ၊ ကယ်လီ အော့ဂ်ဒန်နှင့် အန်ဒရူး စီ၊ စကင်နာ၊ Verse by Verse: The Old Testament, vol. 2, 1 Kings Through Malachi (၂၀၁၃)၊ ၁၃၃-၃၈။ ယောနကျမ်း၌ နောင်တရခြင်းအကြောင်း အားကောင်းသောသင်ကြားချက်များကြောင့်၊ ထိုကျမ်းကို “ယုဒလူမျိုးတို့အတွက် နှစ်၏အမြင့်မြတ်ဆုံးနေ့—နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်း အပေါ် လည်းအထူးအာရုံစိုက်သော—အပြစ်ဖြေခြင်းနေ့မြတ်၊ သို့မဟုတ် ယုံကိပ်ပူးနေ့ ၌ ဘုရားရှိခိုးကျောင်းများ၌ ဖတ်ရှုကြကြောင်း” အော့ဂ်ဒန်နှင့် စကင်နာမှ မှတ်သားပြုစုထားပါသည်။

  2. ရှု အော့ဂ်ဒန်နှင့် စကင်နာ၊ Verse by Verse: The Old Testament, ၁၃၄။

  3. ရှု ယောန ၁–၄

  4. အယ်လမာ ၃၄:၉

  5. ရောမ ၃:၂၃

  6. ရှု ၂ နီဖိုင်း ၂:၁၇–၂၅

  7. ယောန ၄:၂

  8. ရှု ရှင်လုကာ ၁၁:၂၉–၃၀၊ လည်းရှု ရှင်မဿဲ ၁၂:၃၉–၄၁၁၆:၁–၄

  9. ယောန ၂ သည် နောက်ပိုင်းသက်သေခံချက်နှင့် ကျေးဇူးတော်ချီးမွမ်းဆာလံသီချင်းဖြစ်ပြီး၊ အများစုမှာ ဝေလငါး၏ဝမ်းထဲမှ ယောန၏ဆုတောင်းချက်ကို ဖော်ပြထားပါသည်။

  10. ဤနည်းအားဖြင့်၊ ယောနသည် သူ့ထံရောက်လာသော ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ အပြစ်ကင်းသကဲ့သို့ပေါ်လွင်သော ယောဘနှင့် ကွဲပြားခြားနားပါသည်။ ဇာတ်လမ်းနှစ်ခုစလုံးသည် ကပ်ဘေးကြီးနှင့်ရင်ဆိုင်ရာတွင် ယုံကြည်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်း၏ ဇာတ်လမ်းများဖြစ်သော်လည်း၊ မိမိ၏ကိုယ်ပိုင်အမှုများကြောင့် တရားသောနာကျင်ခြင်းဖြစ်ရသည်ဟု ခံစားနေရသူများအတွက် ယောန၏ဇာတ်လမ်းသည် ပို၍ဆက်စပ်နိုင်ဖွယ်ရာရှိပါသည်။

  11. ဂျိုးဇက်စမစ်အတွက်မူ သူ၏အကျိုးတော်ဆောင် မာတင်ဟားရစ်အပေါ်တွင်ထားရှိသည့် သူ၏စစ်မှန်သော စာနာထောက်ထားမှုနှင့် အသိအမှတ်ပြုမှုကြောင့် မော်မုန်ကျမ်း၏ တန်ဖိုးရှိသော ဘာသာပြန်ပထမစာမျက်နှာ၁၁၆ခုအား မျှဝေမိခဲ့ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ “အရာအားလုံးဆုံးရှုံးသွားပြီ”ဟု ဂျိုးဇက်အား ငိုကြွေးမြည်တမ်းခြင်းဖြစ်စေခဲ့သောအခါတွင် ၎င်းသည် ဧကန်မုချဆက်စပ်မှုရှိခဲ့ပါသည် (ရှု Saints: The Story of the Church of Jesus Christ in the Latter Days, vol. 1, The Standard of Truth, 1815–1846 [၂၀၁၈]၊ ၄၅–၅၃)။

  12. ယောန ၂:၂–၉၊ အလေးပေးထည့်သွင်းထားသည်။

  13. ၁ နီဖိုင်း ၁:၂၀၊ ရှု ရပ်ဆဲ အမ်၊ နယ်လ်ဆင်၊ “ထာဝရတည်မြဲသောပဋိညာဉ်၊” လီယာဟိုနာ၊ အောက်၊ ၂၀၂၂၊ ၆၊ ၁၀။ ယောန ၂တွင်ပါသော ကရုဏာ အတွက် မူရင်းဟေဗြဲစကားလုံးမှာ ဟက်ဆက်ဇ် ဖြစ်ပြီး၊ ဥက္ကဋ္ဌနယ်လ်ဆင်က ၎င်းကို ဘုရားသခင်နဲ့ သန့်ရှင်းမွန်မြတ်သော ပဋိညာဉ်ပြုထားသူများအတွက် “အထူးချစ်ခြင်းနှင့်ကရုဏာမျိုး” အဖြစ်ရှင်းပြထားပါသည်—သစ္စာရှိသော၊ မငြီးငွေ့သောနှင့် ကုန်ခန်းခြင်းမရှိသော ကရုဏာတစ်မျိုးဖြစ်ပါသည်။

  14. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ဝမ်းမြောက်ခြင်းနှင့်ဝိညာဥ်ပိုင်းဆိုင်ရာအသက်ရှင်ခြင်း၊” လီယာဟိုနာ၊ နို ၊ ၂၀၁၆၊ ၈၂။