အထွေထွေညီလာခံ
သိုးများအား အောက်မေ့ခြင်း
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


12:14

သိုးများအား အောက်မေ့ခြင်း

ရေတွက်ခြင်းနဲ့စာရင်းပြုစုခြင်းနည်းနာက အလုပ်ဖြစ်ပါတယ်။ အဲဒါက ကိုယ်တော်ရှင်ရဲ့နည်းလမ်းဖြစ်ပါတယ်။

ခရစ်တော်က ကောင်းသောသိုးထိန်းဖြစ်ပါတယ်။ သိုးအုပ်ထဲကသိုးတိုင်းဟာ ကိုယ်တော့်အတွက် တန်ဖိုးရှိပါတယ်ခင်ဗျာ။ ကိုယ်တော်က သိုးကျောင်းခြင်းကို စံနမူနာပြခဲ့ပြီး သိုးတွေကိုနာမည်နဲ့တကွသိခြင်း၊ သူတို့ကိုချစ်ခြင်း၊ ပျောက်ဆုံးနေတဲ့သိုးတွေကို ရှာဖွေခြင်း၊ ကျွေးမွေးခြင်းနဲ့ နောက်ဆုံးမှာ အိမ်ပြန်ဖို့လမ်းပြပေးခြင်းအပါအဝင် ကောင်းသောသိုးထိန်းရဲ့ အရည်အချင်းတွေကို စကားနဲ့အကျင့်အားဖြင့် ကျွန်တော်တို့ကို သွန်သင်ပေးခဲ့ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ကို သူ့ရဲ့လက်အောက်ခံသိုးထိန်းတွေအဖြစ် အလားတူလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့က ‌ရှေးကျတဲ့ပရောဖက်နဲ့ထူးချွန်တဲ့သိုးထိန်းဖြစ်တဲ့ မော်ရော်နိုင်းဆီကနေ ကိုယ်တော်ရှင်ရဲ့ နည်းလမ်းအတိုင်း အမှုတော်ဆောင်ခြင်းအကြောင်း များစွာလေ့လာနိုင်ပါတယ်။ သူက ဆဲလ်ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့၊ အင်တာနက်သုံးလို့မရတဲ့၊ အင်မတန်ခက်ခဲတဲ့အချိန်တွေမှာ နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူက သိုးတွေကို မျက်ခြေမပျက်စောင့်ကြည့်နိုင်ခဲ့ပါတယ်။ အဲဒါကို ဘယ်လိုများပြုလုပ်ခဲ့ပါသလဲ။ ကျွန်တော်တို့က ကိုယ်တော့်ရဲ့နည်းလမ်းစဉ်ကို မော်ရော်နိုင်း ၆ မှာ အနည်းငယ်တွေ့ရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဖတ်ရတာက အသင်းသားများသည် “ခရစ်တော်၏​အသင်းတော်​ရှိလူများ၌ ရေတွက်​ခံကြရ၏။ သူတို့၏​အမည်တို့​ကို​လည်း မှတ်​ယူ​ထားသည်မှာ၊ သူတို့ကို မှန်သော​တရား​လမ်း၌ ရှိ​စေရန်၊ သူတို့ကို အောက်​မေ့၍၊ ဘုရားသခင်၏​ကောင်း​မြတ်​တော်မူသော နှုတ်ကပတ်တော်​အားဖြင့် အား​ဖြည့်​နိုင်ကြခြင်းငှာ​ပေတည်း။ … အသင်းတော်သည် အစာ​ရှောင်ခြင်း​ငှာနှင့် ဆုတောင်းခြင်းငှာ၊ ထို့အတူ၊ သူတို့​စိတ်​ဝိညာဉ်၏​ကောင်း​ကျိုးကို အချင်း​ချင်း ပြော​ဆိုကြခြင်းငှာ၊ အကြိမ်​ကြိမ် အတူတကွ​တွေ့​ဆုံ​စုဝေးကြ၏” (မော်ရော်နိုင်း ၆:၄–၅၊ အလေးပေးထည့်သွင်းထားသည်)။

မော်ရော်နိုင်းအတွက်၊ လူတွေ—နာမည်တွေကအရေးအကြီးဆုံးဖြစ်ပါတယ်။ သူက ရေတွက်ခြင်းနဲ့စာရင်းပြုစုခြင်းဆိုတဲ့ နည်းနာကို ကျင့်သုံးခဲ့တာကြောင့် အားလုံးကို မှတ်မိနေမှာဖြစ်ပါတယ်။ ရုန်းကန်နေရသူ ဒါမှမဟုတ် လမ်းပျောက်နေသူဘယ်သူကိုမဆို သတိပြုမိခဲ့ပြီး၊ ကောင်စီအစည်းအဝေးပွဲတွေမှာ သူတို့ရဲ့ကောင်းကျိုးအတွက် သန့်ရှင်းသူတွေကို ဆွေးနွေးစေခဲ့ပါတယ်။ ကိုးဆယ့်ကိုးကောင်‌သောသိုးတွေကို (ဘေးကင်းလုံခြုံတယ်ဆိုတာ ကျွန်တော်သေချာပါတယ်) ထားခဲ့ပြီး ပျောက်သောသိုးတစ်ကောင်(ရှု ရှင်လုကာ ၁၅:၄–၇)ကိုလိုက်ရှာခဲ့တဲ့ သိုးထိန်းလို၊ ကျွန်တော်တို့ရဲ့သိုးအုပ်‌တွေကို စောင့်ကြည့်သလိုမျိုး ကျွန်တော်တို့ဟာတောင်းဆိုခြင်းခံရပါတယ်—သတိပြုပြီး အောက်မေ့ဖို့နဲ့ သွားပြီး အလားတူပြုဖို့ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက သာသနာခေါင်းဆောင်တစ်ဦးအနေနဲ့၊ ကျွန်တော်က လူငယ်အသင်းတော်ခွဲဥက္ကဋ္ဌတစ်ဦးကို လာမယ့်နှစ်အတွက် သူရဲ့ပန်းတိုင်အချို့အကြောင်း မေးမြန်းခဲ့တာကိုမှတ်မိပါတယ်၊ “မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို လက်ခံရရှိဖို့ အမျိုးသားဘယ်နှစ်ယောက်ကို ဥက္ကဋ္ဌ ပြင်ဆင်ပေးမလဲခင်ဗျာ။” သူက ချက်ချင်းပြန်ဖြေပါတယ် “ခုနစ်ဦးပါ။”

သူက အဲဒီအရမ်းတိကျတဲ့နံပါတ်ကို ဘယ်လိုစိတ်ကူးပြီးရခဲ့တာလဲဆိုတာ ကျွန်တော်သိချင်ခဲ့ပါတယ်။ ကျွန်တော် ပြန်မပြောနိုင်သေးခင်မှာပဲ၊ သူက ဘေးဘက်မှာ တစ် ကနေ ခုနစ် အထိ နံပါတ်တွေရေးထားတဲ့ စက္ကူတစ်ရွက်ကို ထုတ်ယူပြသခဲ့ပါတယ်။ ပထမမျဉ်းငါးကြောင်းမှာ နာမည်တွေရေးထားပါတယ်—အဲဒီနာမည်တွေက ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာကို သူတို့ရဲ့အသက်တာတွေမှာရရှိဖို့ သူနဲ့သူ့အသင်းလူကြီးအဖွဲ့က ဖိတ်ခေါ်ပြီးတိုက်တွန်းမယ့် အမှန်တကယ်ရှိတဲ့လူတွေဖြစ်ပါတယ်။ အဲတော့ ကျွန်တော်က ကွက်လပ်ဖြစ်နေတဲ့မျဉ်းနံပါတ် ခြောက်နဲ့ ခုနစ်အကြောင်း မေးရတော့တာပေါ့။ “အို၊ ဥက္ကဋ္ဌ” လို့ ကရုဏာသက်စွာနဲ့ သူကခေါင်းယမ်းပြီး ‌ပြောခဲ့ပါတယ်၊ “နှစ်ဆန်းပိုင်းမှာ အနည်းဆုံးအမျိုးသားနှစ်ဦးကို သေချာပေါက် ကျွန်တော်တို့ဗတ္တိဇံပေးမှာပါ အဲဒါဆို နှစ်ကုန်မှာ သူတို့က ယဇ်ပုရောဟိတ်အခွင့်ကို ရနိုင်မှာပါ။” ဒီထူးချွန်တဲ့ခေါင်းဆောင်က ရေတွက်ခြင်းနဲ့စာရင်းပြုစုခြင်းဆိုတဲ့ နည်းနာကို နားလည်ခဲ့ပါတယ်။

ခရစ်တော်ဟာ စိတ်ဝိညာဉ်တစ်ခုချင်းစီကို ချစ်မြတ်နိုးတဲ့အတွက်၊ တစ်ယောက်ကိုမှ မေ့လျော့ခြင်းမရှိရအောင် သူ့ရဲ့အသင်းတော်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အသင်းတော်စုတစ်ခုရှိ လူတိုင်းမှာ—အသက်အရွယ် ဒါမှမဟုတ် လိင် ဘယ်လိုပဲကွဲပြားပါစေ—သူတို့ကိုစောင့်ရှောက်ဖို့နဲ့အောက်မေ့စေဖို့ တာဝန်ပေးထားတဲ့—သိုးထိန်းများ—တာဝန်ခံသူအများအပြားရှိပါတယ်။ ဥပမာအားဖြင့်၊ လူငယ်တစ်ဦးမှာ သူရဲ့ကောင်းကျိုးအတွက် တာဝန်ယူထားတဲ့ သင်းအုပ်နဲ့အတိုင်ပင်ခံအဖွဲ့၊ အမှုတော်ဆောင်ညီအစ်ကိုတွေ၊ အရွယ်ရောက်လူငယ်အတိုင်ပင်ခံတွေ၊ သက်ငယ်ကျမ်းစာသင်တန်းကျောင်းဆရာတွေ၊ အမျိုးသားဥက္ကဋ္ဌအဖွဲ့တွေနဲ့ တချို့သူတွေရှိပါတယ်—သူတို့အားလုံးက အဲဒီလူငယ်လဲကျရင်ဖမ်းယူပေးဖို့ သူ့ရဲ့အောက်ခြေမှာ ခိုင်မြဲစွာဆွဲထားတဲ့ လုံခြုံရေးပိုက်ကွန်တွေအဖြစ် ဆောင်ရွက်ပေးကြပါတယ်။ ကွန်တစ်ခုကိုပဲ မှန်မှန်ကန်ကန်တပ်ဆင်ထားရင်တောင်၊ အဲဒီလူငယ်က လုံခြုံပါတယ်၊ သတိပြုလဲခံရသလို၊ အောက်မေ့ခြင်းခံရပါမယ်။ ဒါပေမယ့်လည်း၊ ဘယ်ကွန်တစ်ခုမှ မှန်မှန်ကန်ကန်တပ်ဆင်ခြင်းမရှိတာ မကြာခဏတွေ့ရပါတယ်။ လူတွေက အမြဲတမ်းဆိုသလို အမှောင်ထုထဲကို မျက်စိလည်သွားကြပါတယ်—ပြီးတော့ ဘယ်သူမှလည်း သတိမပြုမိကြပါဘူး။ ကျွန်တော်တို့တွေက ပိုကောင်းတဲ့ သိုးထိန်းတွေဘယ်လိုဖြစ်နိုင်ကြပါသလဲ။ ကျွန်တော်တို့တွေက ရေတွက်ပြီး စာရင်းပြုစုဖို့ သင်ယူနိုင်ပါတယ်။

အသင်းတော်က ကျွန်တော်တို့ အောက်မေ့စေဖို့သက်သက် မှတ်တမ်းတွေနဲ့ကိရိယာတွေကို ထောက်ပံ့ပေးထားပါတယ်။ သုံးလပတ်မှတ်တမ်းက အဓိကကျတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ အဲဒါက အသင်းသားတစ်ဦးချင်းစီကို အကြိမ်များစွာ ရေတွက်ဖို့နဲ့စာရင်းပြုစုဖို့ ကျွန်တော်တို့ကိုခွင့်ပေးပြီး ပျောက်ဆုံးနေသူတွေ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အကူအညီနဲ့ မေတ္တာကို လိုအပ်နေသူတွေကို သတိပြုမိစေပါတယ်။ လုပ်ဆောင်မှုနဲ့လူတွေ့မေးမြန်းမှုစာရင်းက ဗိမာန်တော်ထောက်ခံချက်အခြေအနေအစီရင်ခံစာနဲ့ တခြားစာရင်းတွေလိုပဲ၊ လက်ရှိကျွန်တော်တို့ရဲ့အာရုံစိုက်မှု လိုအပ်နေသူတွေကို ဖော်ထုတ်ပေးပါတယ်။ ဒီလိုရေတွက်ခြင်းနဲ့စာရင်းပြုစုခြင်းကိရိယာတွေက ကျွန်တော်တို့ကို လူတွေအပေါ်မှာ အာရုံစိုက်စေပါတယ်။ ဘယ်သူက အမှုတော်ဆောင်တာဝန်၊ ယဇ်ပုရောဟိတ်အခွင့်တိုးမြှင့်မှု၊ ဒါမှမဟုတ် မိသားစုနာမည်ကို ဗိမာန်တော်ဆီယူဆောင်ဖို့ အကူအညီ လိုအပ်နေပါသလဲ။ ဘယ်သူ့ကို အချိန်ပြည့်သာသနာပြုလုပ်ငန်းအတွက် ပြင်ဆင်ဖို့ ကျွန်တော်တို့ကူညီနိုင်ပါသလဲ။ ဒီလမှာ ဘယ်သူပျောက်သွားပါသလဲ။ ဒီကိရိယာတွေက လူတွေကို အောက်မေ့စေဖို့ ကျွန်တော်တို့ကိုကူညီပါတယ်။

ကျွန်တော်က အာဖရိကမှာ တာဝန်ကျတဲ့ အမေရိကန်ပြည်ထောင်စုက မိသားစုတစ်စုကို သိခဲ့ပါတယ်။ သူတို့ရဲ့ပထမဆုံးတနင်္ဂနွေနေ့မှာ၊ နိုင်ငံတွင်းမှာရှိတဲ့ တစ်ခုတည်းသော အသင်းတော်အ‌ဆောက်အဦးထဲ သူတို့လမ်းလျှောက်ဝင်လာခဲ့ပါတယ်၊ အဲ့ဒီမှာ သူတို့ကို စိတ်အားထက်သန်စွာကြိုဆိုကြပါတယ်။ နံနက်ပိုင်းအပြီးမှာ၊ ထိုအမျိုးသားရဲ့ဇနီးသည်ကို လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်နဲ့ သူ့ကိုလည်း လူငယ်အမျိုးသားအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ကြပါတယ်။ သူက ပင်ပန်းနွမ်းနယ်နေဟန်ရှိတဲ့ အသင်းတော်ခွဲဥက္ကဋ္ဌကို လူငယ်အမျိုးသား ဘယ်လောက်ရှိလဲဆိုတာ မေးခဲ့ပါတယ်။ ဒီသစ္စာရှိတဲ့၊ ပထမမျိုးဆက်ခေါင်းဆောင်က ပွဲတော်မင်္ဂလာခန်းမရဲ့နောက်ဘက်ကို ညွှန်ပြပြီး “ဟိုမှာရှိတဲ့ နှစ်ယောက်ပါ” လို့ ပြောခဲ့ပါတယ်။ သူက သံသယရှိသင့်သလောက်ရှိခဲ့ပါတယ်၊ ဒါကြောင့် အသင်းတော်ခွဲတာဝန်ကျစာရင်းကို အိမ်ကိုယူသွားခဲ့ပြီး စာရင်းမှာ တကယ်တမ်း လူငယ်အမျိုးသားအယောက်၂၀ ရှိကြောင်း မြန်မြန်ဆန်ဆန်သတိပြုမိခဲ့ပါတယ်။ သူက အသင်းတော်ခွဲဥက္ကဋ္ဌဆီပြန်သွားပြီး သူ့ရဲ့အတိုင်ပင်ခံတွေအဖြစ်ဆောင်ရွက်ဖို့ သွက်လက်ပြီး ဘာသာစကားနှစ်မျိုးပြောနိုင်တဲ့ အရွယ်ရောက်လူငယ်နှစ်ဦးကို တောင်းဆိုခဲ့ပါတယ်၊ ပြီးတော့ အဲဒီအတိုင်ပင်ခံတွေနဲ့ ကောင်လေးနှစ်ယောက်နဲ့အတူထိုင်ပြီး နာမည်တွေကို ပြန်လည်စီစစ်ခဲ့ပါတယ်။

အဲဒီနောက် အဲဒီလုံ့လဝီရိယရှိတဲ့ လူငယ်တွေက အလုပ်စလုပ်ခဲ့ကြပါတယ်။ နောက်လအနည်းငယ်အကြာမှာ၊ သူတို့က စာရင်းထဲမှာပါတဲ့ ကောင်လေးတိုင်းကို တွေ့ရှိခဲ့ကြပါတယ်။ နာမည်အလိုက်၊ အဲဒီပျောက်ဆုံးနေတဲ့သိုးတွေကို သူတို့ရဲ့အပေါင်းအဖော်တွေက ပြန်လည်ကြိုဆိုခဲ့ကြပြီး၊ ဝိညာဉ်ရေးရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်တင်းပေးခဲ့ပါတယ်။ တစ်နှစ်အတွင်း၊ ဘယ်တနင်္ဂနွေနေ့မှာမဆို၊ ပျမ်းမျှလူငယ်အမျိုးသား ၂၁ ဦး တက်ရောက်ခဲ့ပါတယ်။ ရေတွက်ပြီး စာရင်းပြုစုခဲ့တဲ့ လူငယ်အမျိုးသားတွေကို ကောင်းစွာကျေးဇူးတင်ရှိပါတယ်။

ကျွန်‌‌‌တော်ချစ်ခင်ရတဲ့မိတ်ဆွေတစ်ဦးက၊ လူငယ်ဘွဲ့ရကျောင်းသားတစ်ဦးအနေနဲ့၊ သူ့ပညာရေးကိုဆက်လက်သင်ယူဖို့ မိသားစုနဲ့အတူ အမေရိကမြို့ကြီးတစ်မြို့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ကို ချက်ချင်းပဲ အသင်းလူကြီးအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပန္နက်ဥက္ကဋ္ဌနဲ့ သူ့ရဲ့ပထမဆုံးလူတွေ့မေးမြန်းမှုအတွက် အနည်းငယ်စိတ်လှုပ်ရှားနေပေမယ့်၊ ပြင်ဆင်ထားဖို့ သူစိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ သူက ပန္နက်ဥက္ကဋ္ဌကို လာမယ့်နှစ်အတွက် ပန်းတိုင်သုံးရပ်ရှိကြောင်း ပြောကြားခဲ့ပါတယ်၊ (၁) ၉၀ ရာခိုင်နှုန်း အမှုတော်ထမ်းရွက်ခြင်း၊ (၂) အပတ်စဉ်ထိရောက်တဲ့ဧဝံဂေလိသင်ခန်းစာနဲ့၊ (၃) လစဉ် စနစ်တကျစီစဉ်ထားတဲ့ အမျိုးသားအဖွဲ့လိုက်လှုပ်ရှားမှုတို့ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့မိတ်ဆွေကို ပြုံးပြပြီး၊ အဲဒီအမြော်အမြင်ရှိတဲ့ ပန္နက်ဥက္ကဋ္ဌက ဒီလိုမေးခဲ့ပါတယ်၊ “ဒီနှစ်မှာ သူ့မိသားစုနဲ့အတူ ဗိမာန်တော်ဆီရောက်ဖို့ သင်ကူညီနိုင်မယ့် ပါဝင်မှုအားနည်းတဲ့ အသင်းသားတစ်ယောက်ရဲ့နာမည်ကို ပြောပြနိုင်မလား။” အဲဒီစကားက ကျွန်တော့်ရဲ့မိတ်ဆွေကို အံ့အားသင့်စေခဲ့ပါတယ်။ သူက ဂရုတစိုက်စဉ်းစားပြီး နာမည်တစ်ခုကို ပြောခဲ့ပါတယ်။ “အဲဒါကို ရေးမှတ်ထားပါ” လို့ ပန္နက်ဥက္ကဋ္ဌက ညွှန်ကြားခဲ့ပါတယ်။ ပြီးတော့ အဲဒီအတွေ့အကြုံရှိတဲ့ခေါင်းဆောင်က တူညီတဲ့မေးခွန်းကို နောက်ထပ်သုံးကြိမ်မေးမြန်းခဲ့ပြီး— လူတွေ့မေးမြန်းမှု ပြီးဆုံးသွားခဲ့ပါတယ်။ ဒီလူငယ်အမျိုးသားက ခေါင်းဆောင်မှုနဲ့ အမှုတော်ဆောင်ခြင်းအပေါ် သူ့ရဲ့အကြီးမားဆုံးသင်ခန်းစာတွေထဲက တစ်ခုကိုသင်ယူရင်း အဲ့ဒီလူတွေ့မေးမြန်းမှုကနေ ထွက်ခွာလာခဲ့ပါတယ်။ သူက အစီအစဉ်တွေ၊ သင်ခန်းစာတွေ၊ လှုပ်ရှားမှုပွဲတွေကိုပြင်ဆင်ပြီး လူတွေ့မေးမြန်းမှုကို ဝင်ရောက်ခဲ့ပါတယ်။ သူက နာမည်တွေနဲ့ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီနာမည်လေးခုက နောက်ပိုင်းမှာ သူ့ရဲ့အမှုတော်ဆောင်ခြင်းနဲ့ သူ့အဖွဲ့ရဲ့ အဓိကအာရုံစိုက်မှုဖြစ်လာခဲ့ပါတယ်။

သာသနာခေါင်းဆောင်တစ်ဦးအနေနဲ့၊ တနင်္ဂနွေနံနက်ခင်းတစ်ခုမှာ ကျွန်တော့်ရဲ့အသင်းတော်ခွဲတွေထဲကတစ်ခုကို ကျွန်တော်သွားရောက်လည်ပတ်ခဲ့ပါတယ်။ အသင်းတော်ခွဲဥက္ကဋ္ဌက စာရွက်ကဒ်ပြားတစ်ခုကို သူ့ရဲ့အိတ်ကပ်ထဲကနေထုတ်ပြီး ကဒ်ပေါ်မှာရေးသားနေတာကို ကျွန်တော်သတိပြုမိခဲ့ပါတယ်။ အပိတ်ဆုတောင်းအပြီးမှာ အဲဒီအကြောင်းကို သူ့ကိုမေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ အစည်းအဝေးပြီးဆုံးသွားပြီး ကျွန်တော်ကဒ်အကြောင်းမမေးရသေးခင်မှာပဲ၊ အသင်းတော်ခွဲသာသနာခေါင်းဆောင်က စင်မြင့်ဆီကို ပြေးသွားခဲ့ပြီး၊ စာရွက်ကို လက်လွှဲယူလိုက်ပါတယ်။ ကျွန်တော်က အဲဒီစိတ်အားထက်သန်တဲ့ခေါင်းဆောင်ကိုမေးဖို့ သူ့ရဲ့အပတ်စဉ် အသင်းတော်သာသနာပြုညှိနှိုင်းရေးအစည်းအဝေးဆီ မြန်မြန်လိုက်သွားခဲ့ပါတယ်။ သူတို့မစတင်ခင်၊ သူက စာရွက်ကို သူ့အိတ်ကပ်ထဲကနေ ထုတ်ယူလိုက်ပါတယ်။ အဲဒီစာရွက်မှာ ပွဲတော်မင်္ဂလာအစည်းအဝေးကနေ ပျောက်ဆုံးနေတဲ့ အသင်းသားတွေရဲ့နာမည်နဲ့ ပြည့်နှက်နေခဲ့ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ၊ ကောင်စီဝင်တစ်ဦးချင်းစီက နာမည်တစ်ခု ဒါမှမဟုတ် နှစ်ခုကို ရွေးချယ်ခဲ့ပြီး၊ သူတို့အဆင်ပြေကြောင်းသေချာဖို့နဲ့ သူတို့ကိုသတိရကြောင်းသိစေဖို့ အဲဒီနေ့မှာပဲ သူတို့ဆီ သွားရောက်လည်ပတ်ဖို့ ကတိကဝတ်ပြုကြပါတယ်။ အဲဒါက ရေတွက်ခြင်းနဲ့ စာရင်းပြုစုခြင်းပဲ ဖြစ်ပါတယ်။

အနီးဆုံးဗိမာန်တော်ကနေ လေယာဉ်နဲ့ နာရီပေါင်းများစွာသွားရတဲ့ ခရိုင်တစ်ခုကို ကျွန်တော်မှတ်မိပါတယ်၊ အဲဒီမှာ လက်ရှိဗိမာန်တော်ထောက်ခံချက်ကို ဘယ်တော့မှမသုံးဖြစ်ဖို့များပေမယ့်၊ အဲဒါကို ထိန်းသိမ်းခြင်းက အမြင့်ဆုံးဦးစားပေးဖြစ်ပါတယ်။ လတိုင်းရဲ့ပထမတနင်္ဂနွေနေ့မှာ၊ ခေါင်းဆောင်တွေက သူတို့ရဲ့ဝိညာဉ်ပကတိအပ်နှင်းခံထားတဲ့ အသင်းသားတွေအတွက် သူတို့ရဲ့ရေတွက်ရေးကိရိယာတွေကို အသုံးပြုကြပါတယ်။ ထောက်ခံချက်က မကြာမီသက်တမ်းကုန်ဆုံးတော့မယ်ဆိုတာကို သူတို့တွေ့ရင်၊ အလုပ်အမှုဆောင်အတွင်းရေးမှူးက သက်တမ်းတိုးလူတွေ့မေးမြန်းမှုကို စီစဉ်ပေးပါလိမ့်မယ်။ သက်တမ်းကုန်ဆုံးသွားတဲ့ ထောက်ခံချက်ရှိသူတွေကို အကြံပြုတိုက်တွန်းပါတယ်၊ အဲနောက် ပဋိညာဉ်လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရာမှာ သူတို့ကိုကူညီဖို့ရှာဖွေကြပါတယ်။ သူတို့ရဲ့ဝိညာဉ်ပကတိအပ်နှင်းခံထားတဲ့အသင်းသား ဘယ်နှစ်ယောက်မှာ လက်ရှိထောက်ခံချက်ရှိသလဲလို့ ကျွန်တော်မေးမြန်းခဲ့ပါတယ်။ အဖြေက အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ ၉၈.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ ထောက်ခံချက်သက်တမ်းကုန်ဆုံးသွားတဲ့ ခြောက်ဦးအကြောင်း ကျွန်တော်မေးမြန်းတဲ့အခါ၊ ခေါင်းဆောင်တွေက သူတို့ကို နာမည်နဲ့တကွဖော်ထုတ်နိုင်ခဲ့ပြီး၊ သူတို့ပြန်လာစေဖို့ ဆောင်ရွက်နေတဲ့အားထုတ်မှုတွေကို ကျွန်တော့်ကို ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊ ကျွန်တော့်မိသားစုက အမေရိကန်ပြည်ထောင်စုကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ပိုသေးငယ်ပြီး၊ ပိုသီးသန့်ဆန်တဲ့ဘုရားကျောင်းတွေမှာ အံ့သြဖွယ် ၂၆ နှစ်ကိုကုန်ဆုံးပြီးတော့ ဒီနေရာမှာ ဘုရားကျောင်းကိုတက်ရောက်ဖို့ ကျွန်တော်တို့စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော့်ကို အသင်းတော်စုသာသနာပြုအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့ အသင်းတော်စုသာသနာခေါင်းဆောင်ရှိပြီး ကျွန်တော်တို့က စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အရာတွေကိုပြုလုပ်ပြီး ‌အံ့သြဖွယ်ကောင်းတဲ့သူတွေကို သင်ကြားပေးကြပါတယ်။ ကျွန်တော်က လေ့လာဖို့နဲ့ ကျွန်တော်တို့နဲ့အတူတူအလုပ်လုပ်နေတဲ့ မိတ်ဆွေတွေအတွက် သူတို့ရဲ့အကူအညီရဖို့ အသင်းတော်စုကောင်စီအစည်းအဝေးကို တက်ရောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးခဲ့သမျှအားလုံးက လာမယ့်အသင်းတော်စုလှုပ်ရှားမှုပွဲတစ်ခုအကြောင်းပဲ ဖြစ်နေခဲ့တဲ့အခါ ကျွန်တော်အံ့သြသွားပါတယ်။ အဲဒါပြီးတော့ ကျွန်တော်က အသင်းတော်စုသာသနာခေါင်းဆောင်ဆီချဉ်းကပ်ခဲ့ပြီး၊ ကျွန်တော်တို့ရဲ့ လူတွေအကြောင်း သူပြန်လာပြီးအစီရင်ခံခွင့်မရခဲ့ဘူးလို့ ကျွန်တော့်အမြင်ကိုပြောခဲ့ပါတယ်။ သူ့ရဲ့တုံ့ပြန်ချက်က ဘာများပါလဲ။ “အိုး၊ ကျွန်တော် ဘယ်တော့မှအစီရင်ခံခွင့်မရပါဘူး။”

ယခင်ရက်သတ္တပတ်များက ပါကစ္စတန်၊ လာဟိုရ်မှာ ကျွန်တော်တက်ရောက်ခဲ့တဲ့ အသင်းတော်ခွဲကောင်စီအစည်းအဝေးတစ်ခုနဲ့ ဒါကိုနှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ ဒီအဖွဲ့ငယ်လေးက စားပွဲငယ်တစ်ခုပတ်လည်မှာ အတူတကွထိုင်ကြပြီး၊ သူတို့ဆွေးနွေးခဲ့သမျှအားလုံးက လူတွေအကြောင်းပဲဖြစ်ပါတယ်။ နာမည်တွေဖြစ်ပါတယ်။ ခေါင်းဆောင်တိုင်းက သူတို့ရဲ့တာဝန်ခံအရာနဲ့ သူတို့စိုးရိမ်နေရတဲ့ လူတစ်ဦးချင်းနဲ့ မိသားစုတွေအကြောင်း အစီရင်ခံခဲ့ကြပါတယ်။ ဆွေးနွေးခံရသူတွေကို သူတို့ကောင်းချီးပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေအပေါ် သူတို့ရဲ့ထင်မြင်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ သူတို့အားလုံး အခွင့်အရေးရခဲ့ကြပါတယ်။ အစီအစဉ်တွေချမှတ်ပြီး တာဝန်တွေပေးအပ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ပထမမျိုးဆက် ညီအစ်ကိုမောင်နှမတွေဆီကနေရတဲ့ နာမည်ဖြင့် ရေတွက်ခြင်းနဲ့စာရင်းပြုစုခြင်းဆိုင်ရာ အင်မတန်ကောင်းတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။

ယေရှုခရစ်တော်ရဲ့အသင်းတော်မှာ၊ ဘယ်လိုအမှုတော်ဆောင်သင့်ကြောင်း ယခင်ပရောဖက်တွေနဲ့လက်ရှိပရောဖက်အားဖြင့်သော်လည်းကောင်း၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က သတ်မှတ်ထားတဲ့ပုံစံအားဖြင့်သော်လည်းကောင်း ကျွန်တော်တို့ကို လမ်းညွှန်ထားခဲ့ပါတယ်။ ကျွန်တော်တို့ နာမည်တွေကို မှတ်ယူကြတယ်၊ ‌အောက်မေ့ကြတယ်၊ ပြီးတော့ စိတ်ဝိညာဉ်တွေရဲ့ကောင်းကျိုးအတွက် ကျွန်တော်တို့ အကြံပြုကြပါတယ်။ အဲဒီလိုပြုလုပ်တဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ကောင်စီအစည်းအဝေးတွေမှာ ဆွေးနွေးစရာကိစ္စ ဘယ်တော့မှ ကုန်ခမ်းသွားမှာမဟုတ်ပါဘူး။ ရေတွက်ခြင်းနဲ့စာရင်းပြုစုခြင်းနည်းနာက အလုပ်ဖြစ်ပါတယ်။ အဲဒါက ကိုယ်တော်ရှင်ရဲ့နည်းလမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ စကြဝဠာကိုဖန်ဆင်းတော်မူပြီး အရာခပ်သိမ်းကိုအုပ်စိုးတော်မူသော ဘုရားသခင်အတွက်၊ ဒီအမှုတော်—သူ့အမှုတော်နဲ့ ဘုန်းတော်—ဟာကိုယ်တိုင်ကိုယ်ကျပင် ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်တော့်ရဲ့အံ့သြဖွယ်ကောင်းတဲ့ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းအမှုတော်မှာ သူ့ရဲ့လက်တော်ထဲက တန်ဆာတွေအနေနဲ့၊ ဒီနည်းနာဟာ ကျွန်တော်တို့တစ်ဦးချင်းစီအတွက် ဖြစ်သင့်ပါတယ်။ စစ်မှန်တဲ့လူတွေရဲ့အသက်တာမှာ အလွန်တရာအံ့ဩဖွယ်အမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။