တစ်ဦးနှင့်တစ်ဦးအားပေးခြင်း
ကျွန်မတို့တစ်ဦးချင်းစီရဲ့ ကန့်သတ်ချက်တွေနဲ့ စွမ်းရည်တွေကို ကိုယ်တော်ရှင်တစ်ပါးတည်းကသာ အပြည့်အဝသိတော်မူပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ စွမ်းဆောင်မှုကို အပြည့်အဝ အကဲဖြတ်နိုင်သူကလည်း ကိုယ်တော်ရှင်တစ်ပါးတည်းသာ ဖြစ်ပါတယ်။
မကြာသေးခင်က ကျွန်မဖတ်လိုက်ရတဲ့အဖြစ်အပျက်လေးတစ်ခုက စိတ်ထဲမှာကြာကြာစွဲကျန်နေခဲ့ပါတယ်။ အဲဒါက ယူအက်စ်အေ မာစတာပြေးခုန်ပစ်အမျိုးသားတံခွန်စိုက်ပြိုင်ပွဲလို့ခေါ်တဲ့—သက်ကြီးပုဂ္ဂိုလ်တွေအတွက်ပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။
အသက် ၁၀၀ ရှိတဲ့ အော်ဗယ် ရော်ဂျာစ်ဆိုတဲ့ပုဂ္ဂိုလ်က ၁၅၀၀ မီတာအပြေးပြိုင်ပွဲမှာပါဝင်ခဲ့ပါတယ်။ စာရေးသူက ဒီလိုရေးထားပါတယ်၊
“ပြိုင်ပွဲစဖို့ သေနတ်သံဖောက်လိုက်တာနဲ့၊ အပြေးသမားတွေ ထွက်ခွာကြပါတယ်၊ အော်ဗယ်ကတော့ ချက်ချင်းဆိုသလို နောက်ဆုံးနေရာကို ရောက်သွားပါတယ်၊ ပွဲတစ်ခုလုံးမှာ သူတစ်ယောက်တည်း နောက်မှာကျန်နေပြီး၊ ဖြည်းဖြည်းချင်း လှမ်းပြေးနေခဲ့ပါတယ်။ အော်ဗယ်ကလွဲရင် နောက်ဆုံးအပြေးသမားပြီးသွားတဲ့အချိန်မှာတောင်၊ သူ့မှာပြေးဖို့ နှစ်ကျော့နဲ့တစ်ဝက်ကျန်နေသေးပါတယ်။ ပရိတ်သတ် ၃၀၀၀ နီးပါးက တိတ်ဆိတ်စွာနဲ့ သူ့ကို ဖြည်းဖြည်းချင်း ပြေးနေတာကို စောင့်ကြည့်နေကြပါတယ်—သူဟာ လုံးဝကို တစ်ယောက်တည်း၊ တိတ်ဆိတ်ပြီး မသက်မသာဖြစ်နေပါတယ်။
“[ဒါပေမယ့်] သူရဲ့နောက်ဆုံးအကျော့ကိုစပြေးတဲ့အခါမှာတော့၊ ပရိတ်သတ်တွေ အားလုံး မတ်တတ်ထရပ်ပြီး အားပေးလက်ခုပ်တီးကြပါတယ်။ သူ ပန်းဝင်လမ်းကြောင်းကို ရောက်လာတာနဲ့၊ ပရိတ်သတ်တွေရဲ့ အားပေးသံတွေက ကျယ်လောင်လာပါတယ်။ ပရိတ်သတ်ထောင်ချီရဲ့ အားပေးသံတွေနဲ့အတူ၊ အော်ဗယ်ဟာ သူ့ရဲ့လက်ကျန်ခွန်အားအကုန်ထုတ်သုံးလိုက်ပါတယ်။ သူပန်းဝင်စည်းကို ဖြတ်ကျော်လိုက်တဲ့အခါ ပရိတ်သတ်တွေက ဝမ်းသာပျော်ရွှင်ကြပြီး သူ့ပြိုင်ဘက်တွေက သူ့ကို ပွေ့ဖက်ကြပါတယ်။ အော်ဗယ်က နှိမ့်ချစွာနဲ့ကျေးဇူးတင်စွာ ပရိတ်သတ်တွေဆီကိုလက်ဝှေ့ယမ်းပြပြီး သူ့သူငယ်ချင်းအသစ်တွေနဲ့အတူ ပြေးလမ်းကနေ ထွက်ခွာသွားပါတယ်။”
ဒါဟာ အော်ဗယ်ရဲ့ ပဉ္စမမြောက် ပြိုင်ပွဲဖြစ်ပြီး၊ သူဟာ အခြားပြိုင်ပွဲတိုင်းမှာလည်းနောက်ဆုံးနေရာပဲ ရခဲ့တာပါ။ တစ်ချို့လူတွေက အော်ဗယ်ကို ဝေဖန်ကြပါလိမ့်မယ်၊ သူ့အသက်အရွယ်နဲ့ ပြိုင်ပွဲမှာမပြိုင်သင့်ဘူး—သူကသူ့ရဲ့ပြိုင်ပွဲတွေမှာ လူတိုင်းကို သိသိသာသာအချိန်ကြာစေလို့ ဒီပြေးလမ်းပေါ်မှာမရှိသင့်ဘူးလို့ ထင်မိကြပါလိမ့်မယ်။
ဒါပေမယ့် အမြဲတမ်းနောက်ဆုံးနေရာကပန်းဝင်ခဲ့တဲ့ အော်ဗယ်ဟာ၊ အဲဒီနေ့မှာ ကမ္ဘာ့စံချိန်ငါးခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ သူပြေးတာကို ကြည့်နေတဲ့လူတိုင်းက ဒါဟာ ဖြစ်နိုင်ချေမရှိဘူးလို့ ထင်မိကြပါမယ်၊ ဒါပေမယ့် ပရိတ်သတ်တွေရော သူ့ပြိုင်ဘက်တွေပါ ဒိုင်လူကြီးတွေ မဟုတ်ကြပါဘူး။ အော်ဗယ်ဟာ ဘာစည်းကမ်းမှ မချိုးဖောက်ခဲ့သလို၊ ဒိုင်လူကြီးတွေကလည်း စံချိန်စံညွှန်းတွေကို နှိမ့်မပေးခဲ့ကြပါဘူး။ သူက တခြားပြိုင်ဘက်တွေလိုပဲ တူညီတဲ့အပြေးပြိုင်ပွဲကိုပဲပြေးခဲ့ပြီး တူညီတဲ့လိုအပ်ချက်တွေကိုပဲ ဖြည့်စွက်ခဲ့တာပါ။ ဒါပေမယ့် သူ့ကို အသက်၁၀၀နဲ့အထက် အုပ်စုထဲမှာထည့်သွင်းခြင်းဖြင့်၊ သူ့ရဲ့ အခက်အခဲအတိုင်းအတာ— ဒီဖြစ်စဉ်မှာတော့၊ သူ့အသက်အရွယ်နဲ့ ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေကို—တွက်ချက်စဉ်းစားခဲ့တာဖြစ်ပါတယ်။ ပြီးတော့ အဲဒီ အုပ်စုထဲမှာ၊ သူက ကမ္ဘာ့စံချိန်ငါးခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
အော်ဗယ်ဟာ အကြိမ်တိုင်းမှာ အဲဒီပြေးလမ်းပေါ်ကို ခြေလှမ်းလှမ်းရဖို့ သတ္တိအရမ်းလိုသလိုပဲ၊ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတချို့အတွက်လည်း နေ့စဉ်ဘဝဆိုတဲ့စင်မြင့်ပေါ်ကို ခြေလှမ်းလှမ်းရတာ သတ္တိအရမ်းလိုအပ်ပါတယ်၊ ကိုယ်တော်ရှင်နောက်ကိုလိုက်လျှောက်ဖို့နဲ့ ကိုယ်တော်ရှင်နဲ့ပြုထားတဲ့ ပဋိညာဉ်တွေကိုလိုက်နာစောင့်ထိန်းဖို့အတွက် ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ရပေမယ့် အကောင်းဆုံးကြိုးစားနေကြတဲ့သူတို့ကို မတရားသဖြင့် ဝေဖန်ကြမယ်ဆိုတာလည်း သူတို့ကသိရှိထားကြလို့ဖြစ်ပါတယ်။
ကျွန်မတို့က ကမ္ဘာပေါ်ကဘယ်နေရာမှာနေနေ၊ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်၊ သက်ဆိုင်တဲ့နေရာရှိတယ်လို့ ခံစားရဖို့၊ ကျွန်မတို့ကိုလိုအပ်ကြောင်းနဲ့အသုံးဝင်ကြောင်း၊ ကျွန်မတို့ရဲ့ဘဝမှာ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ရှိကြောင်း ခံစားရဖို့ဆိုတာ ကျွန်မတို့အားလုံးရဲ့ အခြေခံလိုအပ်ချက်တစ်ခုပါပဲ၊ ကျွန်မတို့ရဲ့ အခြေအနေတွေဘယ်လိုပဲရှိရှိ ကန့်သတ်ချက်တွေဘယ်လောက်ပဲရှိရှိပါ။
အပြေးပြိုင်ပွဲရဲ့ နောက်ဆုံးအကျော့မှာ၊ ပရိတ်သတ်တွေက အော်ဗယ်ကို လှိုက်လှိုက်လှဲလှဲအားပေးကြပြီး၊ ဆက်ပြေးနိုင်ဖို့ ခွန်အားပေးကြပါတယ်။ သူနောက်ဆုံးနေရာရလည်းကိစ္စမရှိပါဘူး။ ပြိုင်ပွဲဝင်တွေနဲ့ပရိသတ်အတွက်၊ ဒါဟာပြိုင်ပွဲတစ်ခုထက်အများကြီးပိုပါတယ်။ ဒါဟာ ကယ်တင်ရှင်ရဲ့ မေတ္တာတော်ကို ဘက်ပေါင်းစုံက လက်တွေ့ပုံဖော်ထားတဲ့ လှပတဲ့ပုံသက်သေပါပဲ။ အော်ဗယ် ပန်းဝင်သွားပြီးတဲ့အချိန်မှာ၊ သူတို့အားလုံးက အတူတူဝမ်းမြောက်ကြပါတယ်။
မာစတာတံခွန်စိုက်ပြိုင်ပွဲလိုပဲ၊ ကျွန်မတို့ရဲ့ ဘုရားကျောင်းတွေနဲ့ မိသားစုတွေဟာ ကျွန်မတို့တစ်ဦးနဲ့တစ်ဦးအားပေးကြတဲ့ စုဝေးရာနေရာတွေဖြစ်နိုင်ပါတယ်—တစ်ဦးနဲ့ တစ်ဦးအတွက် ခရစ်တော်ရဲ့ မေတ္တာတော်အားဖြင့်မောင်းနှင်ရတဲ့ ပဋိညာဉ်ခံလူ့အဖွဲ့အစည်းတွေဖြစ်နိုင်ပါတယ်—ကျွန်မတို့ရင်ဆိုင်နေရတဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေကိုမဆို ကျော်လွှားနိုင်အောင် အချင်းချင်းကူညီတဲ့နေရာ၊ တစ်ယောက်ကိုတစ်ယောက် ဝေဖန်မှုမရှိဘဲ ခွန်အားနဲ့အားပေးမှုတွေပေးတဲ့နေရာတွေဖြစ်နိုင်ပါတယ်။ ကျွန်မတို့ အချင်းချင်း လိုအပ်ကြပါတယ်။ ဘုရားသခင်ဆီကခွန်အားဟာ ညီညွတ်မှုကနေလာပါတယ်၊ ဒါကြောင့် စေတန်က ကျွန်မတို့ကို ခွဲခြားဖို့ ကြိုးစားနေတာပါ။
ကံမကောင်းစွာပဲ၊ ကျွန်မတို့ထဲက တချို့အတွက်၊ တစ်ခါတစ်ရံမှာ ဘုရားကျောင်းတက်ရတာ အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေတတ်ပါတယ်။ အဲဒီ တချို့ဆိုတာ ယုံကြည်ခြင်းဆိုင်ရာမေးခွန်းတွေနဲ့ ရုန်းကန်နေရတဲ့သူတစ်ဦးဖြစ်နိုင်သလို၊ လူမှုအသိုင်းအဝိုင်းမှာ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့တတ်သူ ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့သူတစ်ဦးလည်း ဖြစ်နိုင်ပါတယ်။ သူတို့က နိုင်ငံ သို့မဟုတ် လူမျိုးကွဲပြားတဲ့သူတစ်ဦးဖြစ်နိုင်သလို ဒါမှမဟုတ် မတူညီတဲ့ ဘဝအတွေ့အကြုံရှိတဲ့သူ ဒါမှမဟုတ် သူတို့ကပုံစံခွက်နဲ့မကိုက်ဘူးလို့ခံစားရပြီး အရာတိုင်းကိုကွဲပြားစွာမြင်တဲ့သူလည်း ဖြစ်နိုင်ပါတယ်။ သူတို့က အိပ်ရေးပျက်ပြီး စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်နေကြတဲ့ မွေးကင်းစကလေးတွေနဲ့ကလေးငယ်လေးတွေရဲ့မိဘတွေလည်း ဖြစ်နိုင်ပါတယ် ဒါမှမဟုတ် ဇနီးမောင်နှံတွေနဲ့ မိသားစုတွေ ပြည့်နေတဲ့ ဘုရားကျောင်းထဲမှာ အိမ်ထောင်မပြုရသေးသူတစ်ဦးလည်းဖြစ်နိုင်ပါတယ်။ သူတို့က နှစ်ပေါင်းများစွာကြာပြီးမှ အသင်းတော်ကို ပြန်လာဖို့သတ္တိမွေးနေရတဲ့သူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်မလုံလောက်ဘူး၊ ဘယ်တော့မှ အဲမှာသူတို့အတွက် သက်ဆိုင်တဲ့ နေရာမရှိဘူးလို့ ညည်းတွားနေသူလည်း ဖြစ်နိုင်ပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က အခုလိုပြောခဲ့ပါတယ်၊ “သင့်အသင်းတော်စုရှိ ဇနီးမောင်နှံတစ်တွဲကွာရှင်းပြတ်စဲသွားပါက၊ သို့မဟုတ် သာသနာပြုလူငယ်တစ်ဦး အိမ်သို့စောစောပြန်လာပါက၊ သို့မဟုတ် ဆယ်ကျော်သက်တစ်ဦး သူ့ရဲ့သက်သေခံချက်ကို သံသယဝင်ပါက၊ သင်သူတို့ကို ဝေဖန်ဖို့မလိုပါဘူး။ သင်ရဲ့စကားနဲ့ လုပ်ရပ်တွေမှာ ထင်ဟပ်နေတဲ့ ယေရှုခရစ်တော်ရဲ့ သန့်စင်တဲ့ချစ်ခြင်းမေတ္တာကို သူတို့ခံစားရန် လိုအပ်ပါတယ်။”
အသင်းတော်မှာ ကျွန်မတို့ရဲ့အတွေ့အကြုံဟာ ဝိညာဉ်ရေးရာနဲ့ စိတ်ခံစားမှုကျန်းမာရေးအတွက် အရမ်းလိုအပ်တဲ့၊ ကိုယ်တော်ရှင်နဲ့ အရေးကြီးတဲ့ဆက်သွယ်မှုတွေ၊ အချင်းချင်းဆက်သွယ်မှုတွေကို ပေးစွမ်းဖို့ ရည်ရွယ်ပါတယ်။ ဗတ္တိဇံခံခြင်းကစပြီး၊ ကိုယ်တော်ရှင်နဲ့ ကျွန်မတို့ပြုထားတဲ့ပဋိညာဉ်တွေမှာ ပါဝင်နေတဲ့အရာတစ်ခုကတော့၊ ဘုရားသခင်ရဲ့ မိသားစုဝင်တွေအနေနဲ့၊ ခရစ်တော်ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအနေနဲ့ အချင်းချင်းချစ်ခင်စောင့်ရှောက်ရမယ့်တာဝန်ပါပဲ၊ ကျွန်မတို့လုပ်ဖို့ မျှော်လင့်ထားခံရတဲ့ လုပ်စရာစာရင်းထဲက တစ်ခုလို ပြီးတဲ့အခါ အမှတ်အသားပြုလိုက်ရုံပဲမဟုတ်ပါဘူး။
ခရစ်တော်နည်းတူ မေတ္တာထားခြင်းနဲ့ စောင့်ရှောက်ခြင်းဟာ ပိုမြင့်မြတ်ပြီး ပိုသန့်ရှင်းပါတယ်။ မေတ္တာဟာ ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌနယ်လ်ဆင် သွန်သင်ခဲ့သလိုပါပဲ၊ “မေတ္တာဟာ ကျွန်တော်တို့အချင်းချင်းအပေါ်ဝန်တွေပိစေမယ့်အစား ‘အချင်းချင်းရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့’ [မောဇိယ ၁၈:၈] တွန်းအားပေးပါတယ်။”
ကယ်တင်ရှင်က ”သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာ ကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” လို့ မိန့်တော်မူခဲ့ပါတယ်။ ပြီးတော့ ဥက္ကဋ္ဌနယ်လ်ဆင်က ဒီလိုထပ်မံပြောကြားခဲ့ပါတယ်၊ “မေတ္တာဟာ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောနောက်လိုက်တစ်ဦးရဲ့ အဓိကလက္ခဏာဖြစ်ပါတယ်။” “ကယ်တင်ရှင်ရဲ့သတင်းစကားကရှင်းပါတယ်၊ သူ့ရဲ့ စစ်မှန်သော တပည့်တော်တွေဟာ တည်ဆောက်ကြ၊ မြှင့်တင်ကြ၊ အားပေးကြ၊ ယုံကြည်လက်ခံစေကြပြီး လှုံ့ဆော်ကြပါတယ်။ ကျွန်တော်တို့ တခြားသူတွေနဲ့စကားပြောပုံက တကယ်ကိုအရေးကြီးပါတယ်။”
ကယ်တင်ရှင်ရဲ့ ဒီအကြောင်း သွန်သင်ချက်က အရမ်းရိုးရှင်းပါတယ်။ အဲဒါကိုရွှေရောင်စည်းမျဉ်းမှာအကျဉ်းချုပ်ထားပါတယ်၊ တစ်ပါးသူအား သင်တို့အပေါ် ပြုမူစေချင်သည့်အတိုင်း သင်တို့လည်း တစ်ပါးသူကိုပြုမူပါ။ သင်က အဲဒီပုဂ္ဂိုလ်ရဲ့နေရာကိုဝင်ကြည့်ပြီး သင်သာသူတို့ရဲ့နေရာမှာဆိုရင် သင့်ကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း သူတို့ကို ဆက်ဆံပါ။
အခြားသူတွေကို ခရစ်တော်နည်းတူဆက်ဆံခြင်းဟာ ကျွန်မတို့ရဲ့ မိသားစုတွေနဲ့ အသင်းတော်အသိုင်းအဝိုင်းတွေထက် ပို ပါတယ်။ အဲဒီထဲမှာ တခြားယုံကြည်ကိုးကွယ်ခြင်းရှိသူတွေ ဒါမှမဟုတ် ဘာယုံကြည်ကိုးကွယ်ခြင်းမှမရှိတဲ့ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေလည်း ပါဝင်ပါတယ်။ တခြားနိုင်ငံတွေနဲ့ယဉ်ကျေးမှုတွေကလာတဲ့ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေလည်းပါဝင်ပါတယ်၊ ထို့အတူ မတူညီတဲ့ နိုင်ငံရေးအယူဝါဒရှိတဲ့သူတွေလည်းပါဝင်ပါတယ်။ ကျွန်မတို့ အားလုံးဟာ ဘုရားသခင်မိသားစုရဲ့ အစိတ်အပိုင်းတွေဖြစ်ကြပြီး၊ ကိုယ်တော်ရှင်က သူ့သားသမီးတွေအားလုံးကို ချစ်တော်မူပါတယ်။ ကိုယ်တော်ဟာ သူ့သားသမီးတွေ သူ့ကိုချစ်တာကိုလိုလားပြီး သူတို့အချင်းချင်းလည်း ချစ်ခင်ကြစေချင်ပါတယ်။
ကယ်တင်ရှင်ရဲ့အသက်တာဟာ လူ့အဖွဲ့အစည်းက ဖယ်ကျဉ်ခံရသူ၊ မသန့်ရှင်းသူတွေအဖြစ် စီရင်ခံထားရတဲ့သူတွေကိုတောင် ချစ်ခင်ပြီး၊ စုစည်းပြီး၊ မြှင့်တင်ပေးတဲ့ ပုံသက်သေတစ်ခုဖြစ်ပါတယ်။ ကိုယ်တော်ရှင်ဟာ ကျွန်မတို့ကို လိုက်နာဖို့ မိန့်တော်မူထားတဲ့ ပုံသက်သေတစ်ခုပါပဲ။ ကျွန်မတို့ဟာ ခရစ်တော်နည်းတူဂုဏ်ရည်များဖွံ့ဖြိုးလာဖို့နဲ့ နောက်ဆုံးမှာ ကယ်တင်ရှင်နည်းတူဖြစ်လာဖို့ ဒီနေရာမှာရှိနေကြတာပါ။ ကိုယ်တော်ရှင်ရဲ့ဧဝံဂေလိဟာ လုပ်ဆောင်စရာစာရင်းတွေရဲ့ ဧဝံဂေလိမဟုတ်ပါဘူး၊ ဒါဟာ ဖြစ်ပေါ်လာခြင်းရဲ့ ဧဝံဂေလိပါ—ကိုယ်တော်ရှင်နည်းတူဖြစ်လာခြင်းနဲ့ ကိုယ်တော်ရှင်နည်းတူချစ်ခင်တတ်လာခြင်းပါ။ ကိုယ်တော်ရှင်က ကျွန်မတို့ကို ဇိအုန်လူမျိုးတွေ ဖြစ်လာစေချင်တော်မူပါတယ်။
ကျွန်မ အသက် ၂၀ နှောင်းပိုင်းတုန်းက၊ စိတ်ဓာတ်ကျမှု အရမ်းဆိုးဆိုးဝါးဝါး ဖြစ်ဖူးပါတယ်၊ အဲဒီအချိန်တုန်းက၊ ဘုရားသခင်ရှိတယ်ဆိုတဲ့ အမှန်တရားဟာ ရုတ်တရက်ပျောက်ကွယ်သွားသလို ခံစားခဲ့ရပါတယ်။ ကျွန်မ ဘယ်လိုခံစားရလဲဆိုတာကို အပြည့်အဝရှင်းပြဖို့မလွယ်ပါဘူး၊ လုံးဝလမ်းပျောက်နေသလို ခံစားရတယ်လို့ပဲ ပြောရမှာပါ။ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မရဲ့ ကောင်းကင်ဘုံရှင်အဘဟာ အမြဲရှိနေတယ်၊ ကိုယ်တော်ရှင်နဲ့ စကားပြောလို့ရတယ်ဆိုတာ အမြဲသိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတော့ ဘုရားသခင်တစ်ပါးရှိလားဆိုတာတောင် ကျွန်မ မသိတော့ပါဘူး။ ကျွန်မဘဝမှာ အဲဒီလိုမျိုး ဘယ်တုန်းကမှ မကြုံဖူးခဲ့ပါဘူး၊ ကျွန်မရဲ့ အခြေခံအုတ်မြစ်အားလုံး ပြိုကွဲကျနေသလို ခံစားခဲ့ရပါတယ်။
အဲဒီအကျိုးဆက်အနေနဲ့ ကျွန်မ ဘုရားကျောင်းတက်ဖို့ အရမ်းခက်ခဲသွားပါတယ်။ ကျွန်မ ဘုရားကျောင်းတက်ခဲ့ရတဲ့ အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းတစ်ခုကတော့ “တက်ကြွစွာမပါဝင်သူ” ဒါမှမဟုတ် “ယုံကြည်ခြင်းအားနည်းသူ”လို့ တံဆိပ်ကပ်ခံရမှာကိုကြောက်လို့ပါ၊ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့တာဝန်ပေးခံရမယ့် လုပ်ငန်းစဉ်ဖြစ်သွားမှာကိုလည်း ကျွန်မကြောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မအမှန်တကယ်လိုအပ်ခဲ့တာက ပတ်ဝန်းကျင်ကလူတွေဆီက စစ်မှန်တဲ့မေတ္တာ၊ နားလည်မှုနဲ့ အားပေးမှုကို ခံစားရဖို့ပါ၊ ဝေဖန်မှုမဟုတ်ပါဘူး။
ကျွန်မကိုယ်တိုင်ဘုရားကျောင်းပုံမှန်မတက်တဲ့ သူတွေအပေါ် ထင်မြင်ယူဆချက်တချို့လုပ်ခဲ့ဖူးသလို၊ လူတွေက ကျွန်မအပေါ် အဲလိုလုပ်ကြလိမ့်မှာကို ကြောက်နေမိခဲ့ပါတယ်။ ဒီနာကျင်ဖွယ် ကိုယ်ပိုင်အတွေ့အကြုံကပဲ တစ်ဦးနဲ့တစ်ဦး မတရားသဖြင့်မဝေဖန်ဖို့ ကိုယ်တော်ရှင် ဘာကြောင့် ပညတ်တော်ထားရှိသလဲဆိုတာ ကျွန်မကိုတန်ဖိုးရှိတဲ့သင်ခန်းစာများသင်ကြားပေးခဲ့ပါတယ်။
ကျွန်မတို့ကြားထဲမှာ တိတ်တဆိတ် ဒုက္ခရောက်နေကြတဲ့သူတွေ၊ အခြားသူတွေ ဘယ်လိုတုံ့ပြန်ကြမလဲမသိလို့ သူတို့ရဲ့ ပုန်းကွယ်နေတဲ့ အခက်အခဲတွေကို လူတွေသိသွားမှာ ကြောက်ရွံ့နေကြတဲ့သူတွေ ရှိနေကြပါသလား။
ကျွန်မတို့တစ်ဦးချင်းစီရဲ့ ဘဝပြိုင်ပွဲကို ပြေးနေကြတဲ့ အမှန်တကယ် ခက်ခဲခြင်းအတိုင်းအတာ—အခြားသူတွေ မမြင်နိုင်တဲ့ ကျွန်မတို့ ထမ်းပိုးနေရတဲ့ ဝန်ထုတ်ဝန်ပိုးတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ကိုယ်တော်ရှင်တစ်ပါးတည်းကသာ အပြည့်အဝသိတော်မူပါတယ်။ ကျွန်မတို့ထဲက တချို့ အတိတ်မှာကြုံတွေ့ခဲ့ရပြီး ပစ္စုပ္ပန်မှာလည်းသက်ရောက်နေဆဲဖြစ်တဲ့ ဘဝနာစေတဲ့ဒဏ်ရာတွေနဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တော်ရှင်တစ်ပါးတည်းကသာ အပြည့်အဝနားလည်တော်မူပါတယ်။
မကြာခဏဆိုသလို၊ ကျွန်မတို့ဟာ ပြေးလမ်းပေါ်မှာ ဒီထက်ပိုပြီး ရှေ့ရောက်နေသင့်တယ်လို့ ထင်ကြပြီး၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြင်းထန်စွာ ဝေဖန်တတ်ကြပါတယ်။ ကျွန်မတို့တစ်ဦးချင်းစီရဲ့ ကန့်သတ်ချက်တွေနဲ့ စွမ်းရည်တွေကို ကိုယ်တော်ရှင်တစ်ပါးတည်းကသာ အပြည့်အဝသိတော်မူပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ စွမ်းဆောင်မှုကို အပြည့်အဝ အကဲဖြတ်နိုင်သူကလည်း ကိုယ်တော်ရှင်တစ်ပါးတည်းသာ ဖြစ်ပါတယ်။
ညီအစ်ကိုမောင်နှများရှင့်၊ ဒီအဖြစ်အပျက်ထဲက ပရိတ်သတ်တွေလိုပဲ ကျွန်မတို့ရဲ့ အခြေအနေဘယ်လိုပဲရှိပါစေ တပည့်တော်အဖြစ်ခရီးနှင်ရာမှာ အချင်းချင်းအားပေးကြရအောင်လားရှင်။ ဒီလိုလုပ်ခြင်းက ကျွန်မတို့ စည်းမျဉ်းတွေချိုးဖောက်ဖို့ ဒါမှမဟုတ် စံချိန်စံညွှန်းတွေကို လျှော့ချပစ်ဖို့ မလိုအပ်ပါဘူး။ ဒါဟာ တကယ်တော့ ကျွန်မတို့နဲ့စပ်ဆိုင်တဲ့သူတွေကို ကိုယ်နဲ့အမျှချစ်ဖို့—ဒုတိယမြောက် ကြီးမြတ်သောပညတ်တော်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ကယ်တင်ရှင်က၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ “သင်တို့သည် ဤသူတည်းဟူသော အငယ်ဆုံးသောသူတစ်ယောက်အား … ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” လို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တော်ရှင်က ကျွန်မတို့ကို၊ “သင်တို့သည် တစ်လုံးတစ်ဝတည်း မရှိကြလျှင် ငါ၏လူများမဟုတ်” လို့လည်း မိန့်တော်မူခဲ့ပါတယ်။
ကျွန်မတို့တစ်ဦးချင်းစီရဲ့ဘဝမှာ ကူညီမှုနဲ့အားပေးမှုကို လိုအပ်လာတဲ့အချိန်တွေရှိလာမှာပါ။ အခုကစပြီး တစ်ဦးနဲ့တစ်ဦး အဲဒီလို အမြဲ ကူညီပေးဖို့ ကတိပြုကြရအောင်လားရှင်။ အဲဒီလိုလုပ်ခြင်းအားဖြင့်၊ ကျွန်မတို့ဟာ ပိုမိုကြီးမားတဲ့ညီညွတ်မှုကို တည်ဆောက်နိုင်မှာဖြစ်ပြီး ကျွန်မတို့တစ်ဦးချင်းစီတိုင်းမှာ အနာငြိမ်းစေဖို့နဲ့ ပြောင်းလဲစေဖို့ဆိုတဲ့ ကယ်တင်ရှင်ရဲ့ မြင့်မြတ်သောအမှုတော်ကို ဆောင်ရွက်ဖို့ နေရာပေးနိုင်ကြမှာဖြစ်ပါတယ်။
ဘဝပြိုင်ပွဲဆိုတဲ့ ဒီသေခြင်းရှိရာခရီးစဉ်မှာ များစွာနောက်ကျ ကျန်ရစ်နေပြီလို့ ခံစားနေရတဲ့ သင်တို့အယောက်ချင်းစီတိုင်းရှင်၊ ကျေးဇူးပြုပြီး ဆက်သွားပါ။ သင်တို့က ဒီအချိန် ဘယ်နေရာမှာရှိနေသင့်တယ်ဆိုတာ ကယ်တင်ရှင်တစ်ပါးတည်းကသာ အပြည့်အဝစီရင်နိုင်ပြီး၊ ကိုယ်တော်ဟာ ကရုဏာတော်ပြည့်ဝပြီး တရားမျှတတော်မူပါတယ်။ ကိုယ်တော်ဟာ ဘဝပြိုင်ပွဲရဲ့ ကြီးမြတ်တဲ့ တရားသူကြီးဖြစ်တော်မူပြီး သင်ပြေးနေတာ၊ လျှောက်နေတာ၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်းသွားနေတာရဲ့ ခက်ခဲမှုအတိုင်းအတာ ကို အပြည့်အဝ နားလည်နိုင်တဲ့ တစ်ပါးတည်း တည်းသောသူသာဖြစ်ပါတယ်။ ကိုယ်တော်ဟာ သင့်ရဲ့ ကန့်သတ်ချက်တွေ၊ သင့်ရဲ့စွမ်းရည်၊ သင့်ရဲ့ဘဝအတွေ့အကြုံတွေ၊ သင် ထမ်းပိုးနေရတဲ့ ပုန်းကွယ်နေတဲ့ ဝန်ထုတ်ဝန်ပိုးတွေနဲ့အတူ သင့်ရဲ့စိတ်နှလုံးထဲက ဆန္ဒတွေကိုပါ ထည့်သွင်းစဉ်းစားတော်မူမှာပါ။ သင်လည်း အမှန်တကယ် သင်္ကေတအရ ကမ္ဘာ့စံချိန်ချိုးနေတာ ဖြစ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး မျှော်လင့်ချက်မပျောက်ပါနဲ့။ ကျေးဇူးပြုပြီး ဆက်သွားပါ။ ကျေးဇူးပြုပြီး ဆက်နေပါ။ သင်ဟာ ဒီနေရာနဲ့ တကယ်သက်ဆိုင်ပါတယ်။ ကိုယ်တော်ရှင်က သင့်ကိုလိုအပ်သလို ကျွန်မတို့ကလည်း သင့်ကိုလိုအပ်ပါတယ်။
သင်ဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာနေနေ၊ ဘယ်လောက်ဝေးကွာတဲ့နေရာပဲဖြစ်ဖြစ်၊ ကျေးဇူးပြုပြီး အမြဲသတိရပါ၊ ကောင်းကင်ဘုံရှင်အဘနဲ့ ကယ်တင်ရှင်ဟာ သင့်ကို အပြည့်အဝသိတော်မူပြီး စုံလင်တဲ့မေတ္တာတော်နဲ့ ချစ်ခင်တော်မူပါတယ်။ သင်ဟာ သူတို့အတွက် ဘယ်တော့မှအမေ့လျော့ခံဖြစ်မှာမဟုတ်ပါဘူး။ သူတို့က သင့်ကို အိမ်ပြန်လာစေချင်တော်မူပါတယ်။
ကယ်တင်ရှင်အပေါ်မှာ အာရုံထားပါ။ ကိုယ်တော် ဟာ သင့်ရဲ့ သံတန်းဖြစ်ပါတယ်။ ကိုယ်တော့်ကို လက်မလွှတ်လိုက်ပါနဲ့။ ကိုယ်တော်ဟာ အသက်ရှင်တော်မူပြီး သင်က သူ့ကို ယုံကြည်စိတ်ချနိုင်ကြောင်း ကျွန်မသက်သေခံပါတယ်။ ကိုယ်တော်ဟာ သင့်ကို အားပေးနေကြောင်းလည်း ကျွန်မသက်သေခံပါတယ်။
ကျွန်မတို့အားလုံး ကယ်တင်ရှင်ရဲ့ပုံသက်သေကို လိုက်လျှောက်ပြီး တစ်ဦးနဲ့တစ်ဦးအားပေးကြစေဖို့ ယေရှုခရစ်တော်နာမတော်အားဖြင့် ဆုတောင်းလိုက်ပါတယ်၊ အာမင်။