တစ်ပါးသောသူအား အမှုတော်ဆောင်ခြင်း၏ စွမ်းအား
ကျွန်တော်တို့ တစ်ပါးသောသူကို အမှုတော်ဆောင်ကြတာနဲ့အမျှ၊ ထိုသူကို ယေရှုခရစ်တော်ထံလာဖို့နဲ့ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာဝတ်ပြုဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ကြပါတယ်။
ညီအကိုမောင်နှမများခင်ဗျာ၊ ဒီလိုခက်ခဲတဲ့အချိန်တွေမှာ ယေရှုခရစ်တော်ထံလာပြီး သင့်ရဲ့ယုံကြည်မှုပြည့်ဝစွာ ဆက်ကပ်မြှုပ်နှံခြင်းအတွက် ကျေးဇူးတင်ပါတယ်။ သင်ဟာ အလွန်ကောင်းမွန်ပါတယ်၊ လှပပါတယ်၊ သင်တို့တစ်ဦးချင်းစီတိုင်းက ဘုရားသခင်ရဲ့ သားသမီးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့ ဆက်ကပ်သောတပည့်တော်တွေဖြစ်လာဖို့၊ ထိုသို့ဖြစ်လာဖို့လည်း တစ်ဦးနဲ့တစ်ဦး ကူညီကြပြီး၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာ ဝတ်ပြုကြတာနဲ့အမျှ သူ့ရဲ့ ဝမ်းမြောက်ခြင်းကို ခံစားကြရာမှာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လွှမ်းမိုးမှုကို သတိပြုနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဒီလိုကြေညာခဲ့ပါတယ်၊ “ယခုအချိန်ဟာ ကျွန်တော်နဲ့ သင်တို့အတွက် ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်၊ ခရစ်တော်ဖြစ်တဲ့ သခင်ယေရှုရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ တပည့်တော်ဖြစ်ခြင်းကို အမြင့်ဆုံးဦးစားပေးရမယ့်အချိန်ဖြစ်ပါတယ်။ ယိမ်းယိုင်စေတဲ့အာရုံထွေပြားမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ၊ ဒါကို ကျွန်တော်တို့ဘယ်လိုလုပ်နိုင်မလဲ။”
သူက အဖြေပေးခဲ့ပါတယ်၊ “ဗိမာန်တော်မှာ ပုံမှန်ဝတ်ပြုခြင်းက ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ၊ ကျွန်တော်တို့ ယေရှုခရစ်တော်ကို အာရုံစိုက်ကြပါတယ်။ … ကျွန်တော်တို့ ကိုယ်တော်နဲ့သိကျွမ်းလာကြပါတယ်။ … ယေရှုခရစ်တော်ကို စိတ်ရင်းမှန်ဖြင့်ရှာဖွေသူတိုင်းဟာ ဗိမာန်တော်မှာ သူ့ကိုတွေ့ပါလိမ့်မယ်။”
ဒါဆို ကျွန်တော်တို့ ယေရှုခရစ်တော်ရဲ့ ဆက်ကပ်သောတပည့်တော်တွေဖြစ်လာဖို့နဲ့ ထိုသို့ဖြစ်လာဖို့ တစ်ဦးနဲ့တစ်ဦး ဘယ်လိုကူညီနိုင်ကြပါသလဲ။ ကျွန်တော်တို့ တစ်ပါးသောသူကို အမှုတော်ဆောင်ရပါမယ်။ ကယ်တင်ရှင်ရဲ့ နည်းလမ်းအတိုင်းအမှုတော်ဆောင်ခြင်းမှာ စာနာရိုင်းပင်းမှု၊ ကြင်နာမှု၊ စိတ်ရှည်မှုနဲ့ ဝေဖန်ခြင်းမပါတဲ့ချစ်ခြင်းတွေ ပါဝင်ပါတယ်။ ကျွန်တော်တို့ တစ်ပါးသောသူကို အစေခံကြရာမှာ၊ ထိုသူကို ကိုယ်တော့်ရဲ့ရွေးနုတ်ခြင်း တန်ခိုးတော်ကိုရရှိဖို့အတွက် ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာဝတ်ပြုခြင်းနဲ့ ယေရှုခရစ်တော်ထံလာဖို့ ဖိတ်ခေါ်ကြပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်၊ တစ်ပါးသူကို ကိုယ်တော်ရှင်ရဲ့အိမ်တော်ကို ဦးတည်စေတဲ့နည်းလမ်း တွေနဲ့ ကျွန်တော်တို့အမှုတော်ဆောင်ကြတဲ့အခါ၊ ကျွန်တော်တို့ဟာ အချင်းချင်း ဆက်ကပ်သောတပည့်တော်တွေဖြစ်ဖို့ ကူညီနေကြတာဖြစ်ပါတယ်။
တစ်ပါးသောသူကို ဝေဖန်မှုမရှိဘဲ ချစ်ခြင်းဖြင့် အမှုတော်ဆောင်ခြင်းစွမ်းအားကို ကိုယ်တော်ရှင်ယေရှုခရစ်တော်ဆီက ကျွန်တော်တို့ သင်ယူရပါတယ်။ ရေတွင်းမှ ရှမာရိအမျိုးသမီးကို သင်မှတ်မိပါသလား။ အဲဒီအမျိုးသမီးက အရေးမပါခြင်း၊ တစ်ကိုယ်တည်းအထီးကျန်ခြင်း၊ အားငယ်ခြင်းနဲ့ မသိကျေးကျွန်ပြုခြင်းတွေကို ခံစားရကောင်းခံစားခဲ့ရမှာပါ။ သူမနဲ့ မသက်ဆိုင်ဘူးလို့ သူမခံစားကောင်းခံစားခဲ့ရမှာပါ။ သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ ယောကျ်ားငါးယောက်ရှိခဲ့ပြီးတော့၊ သူမနဲ့ အတူနေထိုင်နေတဲ့ အမျိုးသားဟာ သူမရဲ့ ယောကျ်ားမဟုတ်ခဲ့ပါဘူး။ တခြားသူတွေက သူမရဲ့ ဘဝအခြေအနေတွေကိုမသိရှိဘဲ ဖြောင့်မတ်ခြင်းမရှိတဲ့ ဝေဖန်မှုတွေပြုခဲ့နိုင်ပါတယ်။ အဲဒီအကြောင်းရင်းကြောင့် သူမက နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်မှာ ရေတွင်းကိုတစ်ယောက်တည်းလာတာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း၊ သူမဟာ ယေရှုခရစ်တော်က သူမေရှိယဖြစ်ကြောင်း ပထမဆုံးကြေညာတော်မူခဲ့တဲ့ လူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တော့်အတွက်၊ ဒီအမျိုးသမီးဟာ ဘုရားသခင်ရဲ့ သမီးဖြစ်ပါတယ်။
ယေရှုခရစ်တော်က အဲဒီအမျိုးသမီးကို သူ့အားဖြင့် လူတစ်ဦးဟာအသက်ရေကို သောက်သုံးပြီး ထာဝရအသက်တာကိုရရှိနိုင်ကြောင်း သွန်သင်ခဲ့ပါတယ်။ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်” လို့ ကိုယ်တော်က ကြေညာတော်မူခဲ့ပါတယ်။
ရှမာရိအမျိုးသမီးဟာ ကယ်တင်ရှင်ရဲ့ ချစ်ခြင်းကိုခံစားခဲ့ရပြီးတော့၊ ကိုယ်တော်ဟာ မေရှိယဖြစ်ကြောင်းကို ဝိညာဥ်တော်အားဖြင့် သက်သေခံခဲ့ရပါတယ်။ ဒီသက်သေခံပြီးနောက်မှာ၊ သူမဟာ မြို့ကိုပြန်ပြီး၊ တခြားသူတွေကိုလည်း လာပြီးကြည့်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်၊ လူများစွာက ယေရှုဟာ “လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်း” ယုံကြည်ခဲ့ကြပါတယ်။ ခရစ်တော်က တစ်ပါးသောသူကို ချစ်ခြင်းနဲ့ အမှုတော်ဆောင်ခဲ့ပြီး၊ ရလဒ်အနေနဲ့ လူများစွာဟာ ကိုယ်တော့်ရဲ့ ဆက်ကပ်သောတပည့်တော်တွေ ဖြစ်လာကြပါတယ်။
စာနာရိုင်းပင်းမှုနဲ့ တစ်ပါးသောသူကို အမှုတော်ဆောင်ခြင်းစွမ်းအားကို ခရစ်တော်ရဲ့ တမန်တော်ပေတရုနဲ့ယောဟန်ဆီကနေ ကျွန်တော်တို့ သင်ယူခဲ့ရပါတယ်။ အမိဝမ်းတွင်းမှာတည်းက ခြေမစွမ်းသောသူ၊ ဗိမာန်တော်သို့ ဝင်သောသူတို့ထံမှာ စွန့်ကြဲခြင်းကိုတောင်းခံတဲ့ အမျိုးသားတစ်ဦးကို သင်တို့မှတ်မိပါသလား။ အဲဒီအမျိုးသားဟာ အရေးမပါခြင်း၊ တစ်ကိုယ်တည်းအထီးကျန်ခြင်း၊ အားငယ်ခြင်းနဲ့ မသိကျေးကျွန်ပြုခြင်းတွေကို ခံစားရကောင်းခံစားခဲ့ရမှာပါ။ သူနဲ့ မသက်ဆိုင်ဘူးလို့ သူခံစားကောင်းခံစားခဲ့ရမှာပါ။
“ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုသည်။”
ရှင်ပေတရုက ထိုအမျိုးသားရဲ့ လက်ယာလက်ကို ဆွဲကိုင်ချီကြွပေးခဲ့ပြီး သူ့ကိုပြန်ကောင်းလာစေခဲ့ပါတယ်။ ဒီအံ့သြဖွယ် ဖြစ်ပြီးပြီးချင်းမှာပဲ၊ အမျိုးသားဟာ ရှင်ပေတရုနဲ့ ရှင်ယောဟန်တို့နဲ့ အတူ ဗိမာန်တော်ထဲဝင်ပြီး၊ “သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်”ရှိနေခဲ့ပါတယ်။ ရှင်ပေတရုနဲ့ ရှင်ယောဟန်တို့က တစ်ပါးသောသူကို ကိုယ်တော်ရှင်ရဲ့အိမ်တော်ကို ဦးတည်စေတဲ့နည်းလမ်းတွေနဲ့ အမှုတော်ဆောင်ခဲ့ပြီး၊ ထိုအမျိုးသားဟာ ခရစ်တော်ရဲ့ ဆက်ကပ်သောတပည့်တော်ဖြစ်လာခဲ့ပါတယ်။
ကျွန်တော်ရဲ့ မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်ရဲ့ ဘဝမှာလည်း အရေးမပါခြင်း၊ တစ်ကိုယ်တည်းအထီးကျန်ခြင်း၊ အားငယ်ခြင်းနဲ့ မသိကျေးကျွန်ပြုခြင်းတွေကို ခံစားခဲ့ရတဲ့ အခိုက်အတန့်များစွာရှိပါတယ်။ ကျွန်တော်လည်း ကျွန်တော်နဲ့ မသက်ဆိုင်ဘူးလို့ ခံစားခဲ့ရတာတွေရှိပါတယ်။ ကျွန်တော့် အသက်၁၉နှစ်မှာ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှာ အသင်းသားတစ်ဦးအဖြစ် ဗတ္တိဇံခံပြီး အတည်ပြုခြင်းရရှိခဲ့ပါတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ၊ အချိန်ပြည့်သာသနာပြုတစ်ယောက်အနေနဲ့ အစေခံဖို့ ခေါ်ဆိုခြင်းကို ကျွန်တော်လက်ခံခဲ့ပါတယ်၊ ဒါပေမယ့် အသင်းတော်ရဲ့ သမိုင်းအကြောင်း ကျွန်တော်မသင်ယူခဲ့ရသေးတာတွေ အများကြီး ရှိနေခဲ့ပါတယ်။
ကျွန်တော့်ရဲ့ သာသနာပြုအစေခံခြင်း အစောပိုင်းမှာ၊ လူမည်းအာဖရိကန်နွယ်ဖွားတွေဟာ ကိုယ်တော်ရှင်အိမ်တော်မှာ ဝတ်ပြုကိုးကွယ်ခြင်းရဲ့ ကောင်းချီးတွေ အားလုံး ကို ခံစားခွင့်မရှိတဲ့ကာလတစ်ခု ရှိခဲ့တာကို ကျွန်တော်လေ့လာခဲ့ရပါတယ်။ ဒါကို ပထမဆုံးသိခဲ့ရတဲ့အခါမှာ၊ ဒေါသ၊ ရှုပ်ထွေးမှု၊ သံသယနဲ့ ကြောက်ရွံ့မှုခံစားချက်တွေ သယ်ဆောင်လာခဲ့ပါတယ်။ ဒီခံစားချက်တွေက ပြင်းထန်လွန်းတာကြောင့်၊ သန့်ရှင်းသောဝိညာဥ်တော်ကို သတိပြုမိနိုင်မယ့် ကျွန်တော့်ရဲ့စွမ်းရည် ခဏတာ ပျောက်ဆုံးသွားပါတယ်။
ကံကောင်းစွာနဲ့ပဲ၊ ကျွန်တော့်ကို ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်းတို့နဲ့ အမှုတော်ဆောင်ခဲ့တဲ့၊ ကယ်လ်ဗင် ဗစ်ခ်လို့ခေါ်တဲ့ ကျွန်တော့်ရဲ့ အလုပ်ဖော်ကောင်းတစ်ယောက် ရှိခဲ့ပါတယ်။ ညတိုင်း ကျွန်တော့်ရဲ့ သံသယနဲ့ မသေချာခြင်းခံစားချက်တွေကို သူမြင်ခဲ့ရတဲ့အခါမှာ၊ သူကငယ်ရွယ်တဲ့ အယ်လ်ဒါ ဂျွန်ဆင်န်ကို၊ “သင့်ကို ကျွန်တော်ချစ်ပါတယ်”လို့ ရိုးရှင်းစွာပြောပါတယ်။ နှစ်ပတ်လောက်ကြာပြီးနောက်မှာတော့၊ ကျွန်တော် ကယ်ဗင်ရဲ့ ချစ်ခြင်းကိုခံစားနိုင်ဖို့ ကိုယ့်ကိုကိုယ် အခွင့်ပေးလိုက်ပါတယ်။ ကောင်းကင်ဘုံရှင်အဘကို ယေရှုခရစ်တော်ရဲ့ နာမတော်ဖြင့်ဆုတောင်းဖို့ ကျွန်တော်ခွန်အားရရှိခဲ့ပါတယ်။ ကျွန်တော်ဆုတောင်းခဲ့တဲ့အခါမှာ၊ သြဝါဒနှင့် ပဋိညာဥ်များ အပိုဒ်ငယ် ၆မှ၊ အခန်းငယ် ၂၁-၂၃က ကျွန်တော့်ကို စိတ်ဝင်စားစေခဲ့ပါတယ်၊ ၎င်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“ရှုလော့၊ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော် ဖြစ်၏။ … ငါသည် မှောင်မိုက်၌ တောက်ပသောအလင်းဖြစ်၏။ …
“… ဤအရာတို့၏အမှန်တရားနှင့်စပ်လျဉ်း၍ သိနိုင်စေကြောင်း၊ သင့်စိတ်နှလုံးဖြင့် ငါ့ထံသို့ တောင်းလျှောက်ရာညကို သတိရလော့။
“ထိုအမှုနှင့်စပ်လျဉ်း၍၊ သင်၏စိတ်သို့ ငြိမ်းချမ်းခြင်းကို ငါမဟောခဲ့သလော။ ဘုရားသခင်ထံမှ အဘယ်သာ၍ကြီးစွာသောသက်သေကို သင်ရရှိနိုင်သနည်း။”
ကျွန်တော်ဖတ်ခဲ့တဲ့အခါမှာ၊ သတိရခဲ့ပါတယ်။ ကျွန်တော်က မော်မုန်ကျမ်းဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ကြောင်း၊ ပြီးတော့ ဂျိုးဇက်စမစ်က ပြန်လည်ဆောင်ယူခြင်းရဲ့ ပရောဖက်ဖြစ်တယ်ဆိုတာသိဖို့ အစာရှောင်ပြီး ဆုတောင်းခဲ့တဲ့နေ့ကို သတိရခဲ့ပါတယ်။ ကျွန်တော့်ကို ယေရှုခရစ်တော်နဲ့ အတွင်းကျပြီး ရင်းနှီးကျွမ်းဝင်တဲ့နည်းလမ်းနဲ့ ဆက်သွယ်ပေးခဲ့တဲ့ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာပြုလုပ်ခဲ့တဲ့ ပဋိညာဥ်တွေကို သတိရခဲ့ပါတယ်။ ကျွန်တော်က ကယ်တင်ရှင်ရဲ့ ချစ်ခြင်း၊ သူ့ရဲ့ ကရုဏာတော်နဲ့ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ကမ္ဘာမြေပေါ်က ကိုယ်တော့်ရဲ့နိုင်ငံတော်ဖြစ်ပြီးတော့ သူ့ရဲ့ဒုတိယအကြိမ် ကြွလာတော်မူခြင်းအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ ကိုယ်တော့်ရဲ့အာမခံချက်ကို ခံစားခဲ့ရပါတယ်။ ဒါတွေကို သတိရခဲ့တာကြောင့်၊ ကျွန်တော်ဟာ သန့်ရှင်းသောဝိညာဥ်တော်ကို တဖန်ပြန်သတိပြုမိလာခဲ့ပြီးတော့၊ ယေရှုဟာခရစ်တော်ဖြစ်ကြောင်း၊ ကျွန်တော်ဟာ သူ့ရဲ့တပည့်တော်ဖြစ်ကြောင်းကို ပိုပြည့်ဝစွာနားလည်လာနိုင်ခဲ့ပါတယ်။
တစ်ခါတစ်လေမှာ၊ ကျွန်တော်တို့မှာ အဖြေမရှိတဲ့မေးခွန်းတွေနဲ့ အရေးမပါခြင်း၊ တစ်ကိုယ်တည်းအထီးကျန်ခြင်း၊ အားငယ်ခြင်းနဲ့ မသိကျေးကျွန်ပြုခြင်းခံစားချက်တွေ ရှိပါလိမ့်မယ်။ ဒါပေမယ့်၊ ကျွန်တော့်မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ ယေရှုခရစ်တော်အပေါ် ယုံကြည်ခြင်းနဲ့ ရှေ့ဆက်ပြီးတော့ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို သတိရကြရပါမယ်။
“သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။”
သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။”
ကျွန်တော်ဟာ ဒီစစ်မှန်ခြင်းတရားနဲ့ ကယ်တင်ရှင်၏ကောင်းချီးကတိတော်ရဲ့ သက်သေဖြစ်ပါတယ်။
ဒါဆို၊ ကျွန်တော်တို့ တစ်ပါးသူကို ကယ်တင်ရှင်ရဲ့နည်းလမ်းဖြင့် အမှုတော်ဆောင်ကြရာမှာ အကျိုးထိရောက်မှုအရှိဆုံးဖြစ်ဖို့ ဘယ်လိုသေချာစေနိုင်ပါမလဲ။ ခရစ်တော်ရဲ့ သြဝါဒကို ကျင့်သုံးခြင်းက ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ဥက္ကဋ္ဌ နယ်လ်ဆင် ဖော်ပြခဲ့သလိုပဲ၊ “ခရစ်တော်ရဲ့ ဩဝါဒကို ကျင့်သုံးခြင်း”က “အားအကောင်းဆုံး မြင့်မြတ်ခြင်းစက်ဝန်းကို ဖြစ်စေပါတယ်၊ ပြီးတော့ ကျွန်တော်တို့ဘဝတွေမှာ ဝိညာဉ်ပကတိအဟုန်ကို ဖန်တီးပါတယ်။
“ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ ပိုပြီးမြင့်မြတ်တဲ့ ပညတ်တွေကို ကျင့်သုံးဖို့ ကြိုးစားကြတာနဲ့အမျှ … ကယ်တင်ရှင်က ကျွန်တော်တို့ကို ပိုပြီးကြီးမြတ်တဲ့မေတ္တာ၊ နှိမ့်ချခြင်း၊ သဒ္ဒါတရား၊ ကြင်နာခြင်း၊ ပင်ကိုယ်စည်းကမ်း၊ ငြိမ်းချမ်းခြင်းနဲ့ ချမ်းသာခြင်းတို့နဲ့ ကောင်းချီးပေးခြင်းဖြင့် ဒီလောကရဲ့ ဆွဲအားအထက်ကို မြှင့်တင်ပေးပါတယ်။”
“အသင်းလူကြီး ဒေးလ် ဂျီ၊ ရန်လန် ရှင်းပြခဲ့သလိုပါပဲ၊ “[ခရစ်တော်ဩဝါဒ၌ အသက်ရှင်ခြင်းဖြင့် ဖြစ်ပေါ်လာသော အဟုန်]”ဟာ “ကျွန်တော်တို့ရဲ့ဘုရားသခင့်သဘာဝကို ကျွန်တော်တို့ရဲ့ထာဝရကံကြမ္မာအဖြစ်သို့ ပြောင်းလဲစေရုံသာမက အခြားသူတွေကို သင့်လျော်တဲ့နည်းလမ်းများဖြင့် [အစေခံနိုင်ရန်အတွက်]ကူညီပေးရန်လည်းကျွန်တော်တို့ကို လှုံ့ဆော်ပေးပါတယ်။” အသင်းလူကြီး ရန်လန်က ကျွန်တော်တို့ကို ဒီလိုသတိပေးခဲ့ပါတယ်၊ “ကယ်တင်ရှင်ရဲ့အမှုတော်က ကုသရန်[ကျွန်တော်တို့ကို ပြန်ကောင်းလာစေရန်] ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်ကချစ်ဖို့ဖြစ်ပါတယ်—အခြားသူတွေ ယေရှုခရစ်တော်ထံသို့ နီးစပ်လာစေဖို့ နည်းလမ်းဖြင့် ချစ်ခင်ပြီးအမှုတော်ဆောင်ရန် ဖြစ်ပါတယ်။”
ခရစ်တော်၏သြဝါဒကို ကျင့်သုံးဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်တွေဟာ မော်မုန်ကျမ်းကို နေ့စဥ်လေ့လာခြင်းနဲ့ ပွဲတော်မင်္ဂလာ အပတ်စဥ်သုံးဆောင်ခြင်းအားဖြင့် ကြွယ်ဝတိုးတက်လာပါလိမ့်မယ်။ ဥက္ကဋ္ဌ နယ်လ်ဆင်က မော်မုန်ကျမ်းဟာ၊ “ခရစ်တော်၏သြဝါဒကို သွန်သင်ပေး[ပြီး] … ၎င်းဟာ နေရာတိုင်းမှာတွေ့ရှိရသမျှအရာတွေထဲမှာ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းအကြောင်းကို အပြည့်အဝဆုံးနဲ့ အခိုင်မာဆုံး နားလည်ခြင်းပေးနိုင်တဲ့ ကျမ်းတစ်အုပ်ဖြစ်ပါတယ်”လို့ ကြေညာခဲ့ပါတယ်။” ကျွန်တော် ဒီစာအုပ်ကိုအရမ်းနှစ်သက်ပါတယ်။ ပြီးတော့ အပတ်စဥ် ဆုတောင်းမှုပြည့်ဝစွာ ပွဲတော်ဘိသိက်မင်္ဂလာကို သုံးဆောင်ခြင်းက ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းအပေါ် ကျွန်တော်တို့ရဲ့နားလည်ခြင်းကို တိုးတက်လာစေနိုင်ပါတယ်။ ပြီးတော့ ၎င်းက ကျွန်တော်တို့အသက်တာထဲကို ဝိညာဥ်ရေးရာ ပြန်လည်စတင်ခြင်း၊ နှစ်သိမ့်ခြင်းနဲ့ ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုးတို့ကို ပံ့ပိုးပေးပါလိမ့်မယ်။ “[ယဇ်ပုရောဟိတ်အခွင့်အာဏာ၏] ဘိသိက်မင်္ဂလာတို့တွင်၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုးကို ထင်ရှားစွာပြ”တယ်ဆိုတာ သတိရပါ၊ ယေရှုခရစ်တော်ထံမှလာတဲ့ ထိုတန်ခိုးတော်ဟာ တစ်ပါးသောသူကို အမှုတော်ဆောင်ဖို့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒနဲ့ စွမ်းရည်ကို အားကောင်းလာစေပါတယ်။
ကျွန်တော့်ရဲ့ မော်မုန်ကျမ်းစာကိုလေ့လာခြင်းနဲ့ ပွဲတော်မင်္ဂလာကိုသုံးဆောင်ခြင်းဟာ စိတ်ပျက်အားလျော့ခြင်း ခံစားချက်တွေကို လျော့နည်းစေပါတယ်၊ ကယ်တင်ရှင်ရဲ့ နည်းလမ်းနဲ့ တစ်ပါးသောသူကို အမှုတော်ဆောင်ဖို့ ကျွန်တော့်ရဲ့ စိတ်ပိုင်းဖြတ်ခြင်းကို ပိုတိုးမြှင့်ပေးပြီးတော့ တပည့်တော်ဖြစ်လာခြင်းကို ကျွန်တော်ရဲ့ အမြင့်ဆုံးဦးစားပေးဖြစ်စေဖို့ ကူညီပေးပါတယ်။
ကျွန်တော့်ရဲ့ မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ သြဝါဒကိုကျင့်သုံး ပြီး ကိုယ်တော်ရှင်ရဲ့ အိမ်တော်ကိုဦးတည်စေတဲ့ နည်းလမ်းတွေနဲ့ တစ်ပါးသောသူကို အမှုတော်ဆောင်ကြမယ်ဆိုရင်၊ အဖြေမရှိတဲ့မေးခွန်းတွေနဲ့ အရေးမပါခြင်း၊ တစ်ကိုယ်တည်းအထီးကျန်ခြင်း၊ အားငယ်ခြင်းနဲ့ မသိကျေးကျွန်ပြုခြင်းခံစားချက်တွေရဲ့ အလယ်မှာရှိနေရင်တောင်မှ ယေရှုခရစ်တော်ထံမှာ ယုံကြည်ချက်နဲ့ ကျွန်တော်တို့ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ပါးသောသူကို ယေရှုခရစ်တော်ထံသို့လာဖို့နဲ့ ကိုယ်တော့်ရဲ့ ရွေးနုတ်ခြင်းတန်ခိုးတော်နဲ့ ချစ်ခြင်းကို လက်ခံရရှိဖို့အတွက် ကိုယ်တော်ရှင်၏အိမ်တော်မှာ ဝတ်ပြုဖို့ ဖိတ်ခေါ်ကြပါမယ်။ ကိုယ်တော်ရှင်၏အိမ်တော်မှာ၊ ကျွန်တော်တို့ [ကယ်တင်ရှင်ရဲ့] ကရုဏာတော်ကို ခံစားနိုင်ပါတယ်။ [ကျွန်တော်တို့ရဲ့] ဦးနှောက်ခြောက်စရာမေးခွန်းတွေအတွက် အဖြေတွေကို တွေ့ပါလိမ့်မယ်။ [ပြီးတော့ ကျွန်တော်တို့] ကိုယ်တော်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ ဝမ်းမြောက်မှုကို ပိုနားလည်လာပါလိမ့်မယ်။” ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။