အထွေထွေညီလာခံ
သင်တို့အား အခေါ်​ခံရသည့်​နာမ
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


11:1

သင်တို့အား အခေါ်​ခံရသည့်​နာမ

ယေရှုရဲ့နာမတော်ဖြင့် ခေါ်ဆိုခံရခြင်းက ဘာကိုဆိုလိုပါသလဲ။

ကိုယ်တော်ရှင်သာ ကျွန်တော်တို့ကို တိုက်ရိုက်စကားပြောနေခဲ့မယ်ဆိုရင်၊ ပထမဆုံး သူသေချာစေမယ့်အရာကတော့ ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့- ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့သားသမီးတွေ၊ ပဋိညာဉ်ရဲ့သားသမီးတွေနဲ့၊ ယေရှုခရစ်တော်ရဲ့တပည့်တော်တွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့နားလည်စေဖို့ဖြစ်ကြောင်း ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က သင်ကြားခဲ့ပါတယ်။ ဘယ်သတ်မှတ်ချက်ကမှ နောက်ဆုံးမှာ ကျွန်တော်တို့ကို စိတ်ဓာတ်ကျစေမှာမဟုတ်ပါဘူး။

ကျွန်တော့်သားအကြီးဆုံးက သူ့ရဲ့ပထမဆုံးဆဲလ်ဖုန်းကိုရခဲ့တဲ့အချိန်မှာ၊ ကျွန်တော် ဒါကို ကိုယ်တိုင်သိရှိလိုက်ရပါတယ်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့၊ သူ့ရဲ့ဖုန်းစာရင်းထဲကို သူ့မိသားစုနဲ့သူငယ်ချင်းတွေရဲ့နာမည်ကို သူစသွင်းခဲ့ပါတယ်။ တစ်နေ့မှာ သူ့အမေခေါ်နေတာကို ကျွန်တော်သတိထားမိခဲ့ပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်မှာ “အမေ”ဆိုတဲ့ နာမည်ပေါ်လာခဲ့ပါတယ်။ ဒါက သင့်တော်ပြီးသိက္ခာရှိတဲ့ ရွေးချယ်မှုဖြစ်ပါတယ်—ပြီးတော့၊ ကျွန်တော်တို့အိမ်က ပိုကောင်းတဲ့မိဘကို လေးစားတဲ့သင်္ကေတတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ သဘာဝအလျောက်၊ ကျွန်‌တော်ဟာ စူးစမ်းချင်စိတ်ပေါ်ခဲ့ပါတယ်။ သူကျွန်‌တော့်ကို ဘာနာမည်များပေးထားသလဲ။

ဝင်ဒီက “အမေ”ဆိုရင် ကျွန်တော်က “အဖေ”ဖြစ်ရမယ်လို့ ခန့်မှန်းရင်း၊ ကျွန်တော်ဟာ သူ့ဖုန်းစာရင်းကို အထက်အောက်ရွှေ့ရှာကြည့်ခဲ့ပါတယ်။ အဲ့ထဲမှာ မရှိပါဘူး။ “‌ဖေဖေ”ဆိုတဲ့ နာမည်ကို ကျွန်တော်ရှာကြည့်ခဲ့ပါတယ်။ မရှိပြန်ပါဘူး။ ကျွန်‌တော့်ရဲ့သိချင်စိတ်ပြင်းပြခြင်းဟာ အနည်းငယ်စိုးရိမ်မှုဆီ ပြောင်းသွားခဲ့ပါတယ်။ “သူ ငါ့ကို ‘ခေါ်ရေ’ လို့များခေါ်သလား?” မဟုတ်ပါဘူး။ နောက်ဆုံးအကြိမ် ခန့်မှန်းတဲ့အနေနဲ့၊ “ကျွန်တော်တို့က ဘောလုံးသမားတွေဆိုတော့—သူ င့ါကို ‘ပီလီ’လို့ခေါ်တာများလား”လို့ ကျွန်တော်တွေးခဲ့ပါတယ်။ ဖြစ်ချင်တာကို စိတ်ကူးမိတာပါ။ နောက်ဆုံးတော့၊ ကျွန်‌တော်ကိုယ်တိုင်သူ့နံပါတ်ကိုခေါ်ခဲ့ပါတယ်၊ နောက်တော့ “အမေ မဟုတ်”ဆိုတဲ့ စကားလုံးနှစ်လုံးက သူ့ဖုန်းမျက်နှာပြင်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ကို ဘယ်နာမည်နဲ့ခေါ်ကြပါသလဲ။

ယေရှုက သူ့နောက်လိုက်တွေကို နာမည်များစွာနဲ့ခေါ်ခဲ့ပါတယ်။ သားများနှင့် သမီးများ။ ပရောဖက်တို့၏ အမျိုး​အနွယ်​များ​။ သိုးများ။ အဆွေများ။ လောက၏အလင်း။ သန့်ရှင်းသူများ။ နာမည်တစ်ခုချင်းစီက ထာဝရရည်ရွယ်ချက်ကို သယ်ဆောင်ပြီး ကယ်တင်ရှင်နဲ့ ကိုယ်ပိုင်ဆက်ဆံရေးကို ထင်ရှားစေပါတယ်။

ဒါပေမဲ့၊ ဒီနာမည်တွေအကြား၊ နာမည်တစ်ခုက ကျန်နာမည်များထက် ပိုအရေးကြီးပါတယ်—ခရစ်တော်ရဲ့နာမဖြစ်ပါတယ်။ မော်မုန်ကျမ်းထဲမှာ၊ ဗင်္ယာမိန်​မင်းကြီးက စွမ်းအားကြီးစွာ အခုလိုသင်ကြားခဲ့ပါတယ်၊

“ကယ်တင်ခြင်းရောက်လာစေသည့် ပေးထားသောအခြားနာမ မရှိ။ ထို့ကြောင့်၊ … သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူစေရန်ငါအလိုရှိ၏။ …

“ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဤအရာကို ပြုသောသူမှန်သမျှတို့ကို ဘုရားသခင်၏လက်ယာတော်ဘက်၌ တွေ့ရလိမ့်မည်။ အကြောင်းမူကား၊ ထိုသူသည် အခေါ်ခံရသည့်အမည်ကို သိလိမ့်မည်။ ခရစ်တော်၏နာမတော်အားဖြင့် အခေါ်ခံရလိမ့်မည်”

ခရစ်တော်၏​နာမတော်ကို မိမိအပေါ် ခံယူကြသူတွေဟာ ကိုယ်တော့်ရဲ့တပည့်တော်တွေနဲ့ သက်သေတွေ ဖြစ်လာကြပါတယ်။ တမန်တော်ဝတ္ထုမှာ၊ ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်၊ ရွေးချယ်ခံထားရတဲ့သက်သေတွေအား ယေရှုကို ယုံ​ကြည်​ပြီး ဗတ္တိဇံခံကာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိပြီးသူ​မှန်​သ​မျှ​တို့​က အပြစ်များမှလွှတ်ခြင်းကိုရရှိကြမယ့်အကြောင်း သက်သေခံဖို့ မိန့်တော်မူခဲ့တာကို ကျွန်တော်တို့ဖတ်ရပါတယ်။ အဲဒီသန့်ရှင်းမွန်မြတ်တဲ့ဘိသိက်မင်္ဂလာတွေကိုရရှိထားသူတွေဟာ အ​သင်း​တော်​နှင့်​ စည်း​ဝေးပြီး တပည့်တော်တွေဖြစ်လာကာ ခ​ရစ်​ယာန်​လို့ ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ​ခံ​ခဲ့​ကြပါတယ်။ မော်မုန်ကျမ်းကလည်း ခရစ်တော်၌ယုံကြည်သူတွေကို ခရစ်ယာန်များအဖြစ် ဖော်ပြပြီး ပဋိညာဉ်ပြုထားသူတွေကို “ခရစ်တော်၏သားသမီးများ၊ သူ၏သားများနှင့် သူ၏သမီးများ”အဖြစ် ဖော်ပြပါတယ်။

ယေရှုရဲ့နာမတော်ဖြင့် ခေါ်ဆိုခံရခြင်းက ဘာကိုဆိုလိုပါသလဲ။ အဲ့ဒါက ပဋိညာဉ်တွေကိုပြုလုပ်ခြင်းနဲ့စောင့်ထိန်းခြင်း၊ ကိုယ်တော့်ကို အစဉ်​အမြဲ​အောက်​မေ့​ခြင်း၊ ကိုယ်တော့်ပညတ်​တို့​ကို စောင့်​ရှောက်ခြင်း နဲ့ “ခပ်သိမ်းသော ကာလတို့ ၌​လည်းကောင်း၊ ခပ်သိမ်းသော​အရာတို့ ၌​လည်းကောင်း … ဘုရားသခင်၏ သက်သေများ​အဖြစ် ရပ်တည်ရန် … လိုလိုလားလား​ရှိ”ခြင်းကို ဆိုလိုပါတယ်။ အဲ့ဒါက ပရောဖက်တွေနဲ့ တမန်တော်တွေဟာ ခရစ်တော်ရဲ့သတင်းစကားကို ၎င်းရဲ့ဩဝါဒ၊ ပဋိညာဉ်တွေနဲ့ ဘိသိက်မင်္ဂလာတွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းဆီသယ်ဆောင်တဲ့အခါ သူတို့နဲ့အတူရပ်တည်ခြင်းကို ဆိုလိုပါတယ်။ အဲ့ဒါက ဒုက္ခဝေဒနာခံစားခြင်းကို သက်သာရာရစေဖို့၊ အလင်း​ဖြစ်ကြပြီး လူအပေါင်းတို့ဆီ ခရစ်တော်၌မျှော်လင့်ခြင်းကိုယူဆောင်ပေးဖို့ တစ်ပါးသူတွေကို အစေခံခြင်းကိုလည်း ဆိုလိုပါတယ်။ ဟုတ်ပါတယ်၊ ဒါဟာ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားရမယ့် အရာပါ။ ပရောဖက် ဂျိုးဇက်စမစ်က “ဒါဟာ ဘယ်သူမှ တစ်မုဟုတ်ချင်း ရောက်လာလို့ရတဲ့ ဘူတာရုံမဟုတ်ပါဘူး”လို့ သင်ကြားခဲ့ပါတယ်။

တပည့်တော်ဖြစ်ခြင်းခရီးစဉ်က “ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု” တည်ဆောက်ဖို့ အချိန်နဲ့ အားထုတ်မှုလိုတာကြောင့်၊ လောကီရေးရာခေါင်းစဉ်တွေထဲ ဖမ်းစားခံရဖို့ လွယ်ပါတယ်။ ဒါတွေက ယာယီတန်ဖိုးကိုပဲ ထုတ်ဖော်ပေးပြီး သူတို့ကိုယ်ပိုင်အစွမ်းနဲ့တော့ ဘယ်တော့မှလုံလောက်မှာမဟုတ်ပါဘူး။ ရွေးနုတ်ခြင်းနဲ့ ထာဝရဖြစ်တဲ့အရာတွေက “သန့်​ရှင်း​သော​မေရှိယ​ကိုယ်​၌​နှင့် မေရှိယ​အား​ဖြင့်သာ ဖြစ်​ပေါ်​လာ​”ပါတယ်။ ဒါကြောင့်၊ အထူးသဖြင့် ယှဉ်ပြိုင်နေတဲ့ အသံတွေနဲ့ လွှမ်းမိုးမှုတွေ များလွန်းတဲ့ခေတ်မှာ၊ တပည့်တော်ဖြစ်ခြင်းကို ဦးစားပေးထားဖို့ ပရောဖက်ဆိုင်ရာအကြံပြုချက်ကို လိုက်လျှောက်ခြင်းက အချိန်ကိုက်ပြီး အမြော်အမြင်ရှိပါတယ်။ ဗင်္ယာမိန်​မင်းကြီးက “ငါဆိုသည်ကား၊ ရေးထားလေသော​ [ခရစ်တော်၏]အမည်ကို သင်တို့​စိတ်နှလုံး၌ အစဉ်​အမြဲ​သတိရစေရန် အောက်မေ့​ကြစေခြင်းငှာ ငါအလို​ရှိ၏။ ထိုသို့အားဖြင့် … သင်တို့သည် အခေါ်ခံရမည့်​အသံ၊ ထို့အတူ၊ သင်တို့ကို သူခေါ်မည့်အမည်ကိုသာ ကြား၍၊ သိကြ၏” လို့ ပြောခဲ့တဲ့အခါ ဒါဟာ သူ့အကြံပြုချက်ရဲ့ အဓိကအချက်ဖြစ်ခဲ့ပါတယ်။

မာတင် ဂတ်စ်နာ

ကျွန်တော့်ကိုယ်ပိုင်မိသားစုထဲမှာ ဒါကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ နှိမ့်ချတဲ့ အသင်းတော်ခွဲဥက္ကဋ္ဌတစ်ဦးက ကယ်တင်ရှင်ရဲ့ခေါ်ဆိုမှုကို ထူးခဲ့တာကြောင့် ကျွန်တော့်အဘိုး မာတင် ဂတ်စ်နာ က ထာဝရပြောင်းလဲသွားခဲ့ပါတယ်။ ၁၉၀၉ခုနှစ် ဂျာမနီမှာ၊ ခက်ခဲနေတဲ့ အချိန်ဖြစ်ပြီး ငွေကြေးကျပ်တည်းနေခဲ့ပါတယ်။ မာတင်က ပိုက်ထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ ဂဟေဆော်သူအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်ဝန်ခံချက်အရ၊ လစာထုတ်ရက်အများစုကို ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ အရက်ဆိုင်မှာ ဝိုင်းခံခြင်းများဖြင့် အဆုံးသတ်လေ့ရှိသည်။ နောက်ဆုံးမှာ သူ့ဇနီးက သူမပြောင်းလဲဘူးဆိုရင် သူမ ထွက်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

တစ်နေ့မှာ၊ မာတင်ရဲ့အလုပ်ဖော်က သူ့လက်ထဲမှာ တွန့်ကြေနေတဲ့ ဘာသာရေးစာစောင်တစ်ခုနဲ့ မာတင်ကို အရက်ဆိုင်သွားတဲ့လမ်းမှာ တွေ့ခဲ့ပါတယ်။ သူက ဒါကို လမ်းပေါ်မှာတွေ့ခဲ့ပြီး ဝါ့ ဝစ်စန် ဆီ ဖွန် ဒေ မာမိုးနန် ဒါကို ဘာသာပြန်လိုက်ရင် မော်မုန်တွေအကြောင်း သင်ဘာများသိပါသလဲ လို့ ခေါင်းစဉ်တပ်ထားတဲ့ စာစောင်ကို ဖတ်ပြီးနောက် တစ်ခုခုထူးခြားတာကို သူခံစားခဲ့ရကြောင်း မာတင်ကိုပြောပြခဲ့ပါတယ်။ အဲ့ဒီခေါင်းစဉ်ပြောင်းသွားပြီဆိုတာ ကျွန်တော်သေချာပါတယ်။

အနောက်ဘက်မှာ ရိုက်နှိပ်ထားတဲ့ လိပ်စာက အသင်းတော်တည်နေရာကို ဖော်ထုတ်ဖို့ ဖတ်ရနိုင်ရုံလောက်ပဲ ရှင်းနေခဲ့ပါတယ်။ အသင်းတော်က အတော်လေးဝေးပါတယ်၊ ဒါပေမဲ့ သူတို့ဖတ်ခဲ့တဲ့အရာက သူတို့ကိုလှုံ့ဆော်ခဲ့ပြီး လေ့လာစုံစမ်းဖို့ အဲ့ဒီတနင်္ဂနွေနေ့မှာ ရထားစီးသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ရောက်တဲ့အခါမှာ၊ လိပ်စာက သူတို့မျှော်လင့်ထားတဲ့အသင်းတော်မဟုတ်ဘဲ ဈာပနအိမ်ကို သူတို့တွေ့ခဲ့ကြပါတယ်။ မာတင်က ဇဝေဇဝါဖြစ်ခဲ့ပါတယ်—ဘာကြောင့်လဲဆိုတော့ တကယ်ပဲ ဈာပနအိမ်မှာရှိတဲ့ အသင်းတော်လို့ကြားရတာ အဲ့နှစ်ခုကို အတူတွဲပြီးရတဲ့ ဝန်ဆောင်မှုလိုမျိုး တော်တော်လေးလွန်နေခဲ့လို့ပါ။

ဒါပေမဲ့ အပေါ်ထပ်က ငှားရမ်းထားတဲ့ခန်းမမှာ၊ သန့်ရှင်းသူအဖွဲ့ငယ်လေးတစ်ခုကို သူတို့တွေ့ခဲ့ပါတယ်။ လူတစ်ယောက်က သူတို့ကို သက်သေခံချက်အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မာတင်က ဝိညာဉ်တော်တို့ထိခံရပြီး ရိုးရှင်းကာ စိတ်ထက်သန်တဲ့သက်သေခံချက်တွေက သူ့ကိုအလွန်သဘောကျစေတာကြောင့် သူ့ရဲ့သက်သေခံချက်ကို သူဝေငှခဲ့ပါတယ်။ ပြီးတော့ ဘုရားကျောင်းက အဲ့ဒီ ဖြစ်နိုင်ခြေမရှိဆုံးနေရာမှာရှိတာကြောင့် ဒါဟာ မှန်ကန်ရမယ်ဆိုတာ သူသိခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ပြီးနောက်မှာ ထိုလူက သူ့ကိုယ်သူ အသင်းတော်ခွဲဥက္ကဋ္ဌဖြစ်ကြောင်း မိတ်ဆက်ခဲ့ပြီး သူတို့ ပြန်လာဦးမလားလို့ မေးခဲ့ပါတယ်။ မာတင်က သူဟာအလွန်ဝေးတဲ့နေရာမှာနေကြောင်းနဲ့ အပတ်စဉ်ခရီးထွက်ဖို့ မတတ်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ အသင်းတော်ခွဲဥက္ကဋ္ဌက “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ” လို့ ရိုးရိုးလေးပြောခဲ့ပါတယ်။

အသင်းတော်ခွဲဥက္ကဋ္ဌရဲ့မိတ်ဆွေအလုပ်လုပ်တဲ့ အနီးနားကစက်ရုံတစ်ရုံဆီကို သူတို့လမ်းအနည်းငယ် လျှောက်သွားခဲ့ကြပါတယ်။ စကားအနည်းငယ် ပြောပြီးနောက်၊ မာတင်နဲ့ သူ့မိတ်ဆွေ နှစ်ယောက်လုံးကို အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနောက် အသင်းတော်ခွဲဥက္ကဋ္ဌက သူတို့ကို တိုက်ခန်းအဆောက်အအုံတစ်ခုဆီကို ခေါ်ဆောင်သွားပြီး သူတို့မိသားစုတွေအတွက် အိမ်ရာစီစဉ်ပေးခဲ့ပါတယ်။

ဒါတွေအားလုံးဟာ နှစ်နာရီအတွင်းမှာဖြစ်သွားခဲ့ပါတယ်။ မာတင်ရဲ့မိသားစုဟာ နောက်အပတ်မှာပြောင်းရွေ့ခဲ့ကြပါတယ်။ ခြောက်လကြာပြီးနောက်မှာ သူတို့ဟာ ဗတ္တိဇံခံခဲ့ကြပါတယ်။ တစ်ချိန်က မျှော်လင့်ချက်မဲ့နေတဲ့အရက်သမားအဖြစ် သိခဲ့ကြတဲ့လူဟာ သူ့ဘာသာရေးအသစ်မှာ အလွန်တက်ကြွလာခဲ့တာကြောင့် မြို့ထဲကလူတွေက သူ့ကို အရမ်းရင်းနှီးတာမျိုးမရှိကြဘဲနဲ့တောင်၊ “ယဇ်ပုရောဟိတ်”လို့ စတင်ခေါ်ခဲ့ကြပါတယ်။

အသင်းတော်ခွဲဥက္ကဋ္ဌအကြောင်းကိုတော့၊ ကျွန်တော် သင်တို့ကို သူ့နာမည်မပြောပြနိုင်ပါဘူး—သူဘယ်သူဖြစ်ကြောင်းအထောက်အထားက အချိန်ကြာလာတဲ့အတွက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို တပည့်တော်၊ သံ​တ​မန်၊ ခရစ်ယာန်၊ ကောင်းသောရှ​မာ​ရိ၊ နဲ့ မိတ်ဆွေလို့ကျွန်တော်ခေါ်ပါတယ်။ သူ့အရှိန်အဝါကို ၁၁၆နှစ်ကြာပြီးနောက် ခံစားနေရဆဲဖြစ်ပြီး ကျွန်တော်ဟာ သူ့ရဲ့တပည့်တော်ဖြစ်ခြင်းမှ အကျိုးခံစားခဲ့ရပြီး အဲဒီအပေါ်မှာ ဆက်လက်လုပ်ဆောင်သွားပါမယ်။

ဗိမာန်တော်ရှိ ဂတ်စ်နာမိသားစုဝင်များ

ပန်းသီးတစ်လုံးထဲက အစေ့တွေကို သင်ရေတွက်နိုင်ပေမဲ့၊ အစေ့တစ်လုံးထဲကလာတဲ့ ပန်းသီးတွေကို သင်မရေတွက်နိုင်ပါဘူးဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။” အသင်းတော်ခွဲဥက္ကဋ္ဌ စိုက်ခဲ့တဲ့အစေ့ဟာ မရေတွက်နိုင်တဲ့အသီးတွေကို ဖြစ်ထွန်းစေခဲ့ပါတယ်။ ၄၈နှစ်အကြာမှာ၊ ကန့်လန့်ကာနှစ်ဘက်လုံးက မာတင်မိသားစုရဲ့ မျိုးဆက်ပေါင်းများစွာဟာ ဘန်း ဆွစ်ဇာလန် ဗိမာန်တော်မှာ ပေါင်းစည်းခဲ့ကြလိမ့်မယ်ဆိုတာကို သူမသိခဲ့လိုက်ရပါဘူး။

အကြီးမြတ်ဆုံးဒေသနာတော်တွေဟာ ကျွန်တော်တို့မကြားပေရမဲ့ ယေရှုကဲ့သို့ ကျေး​ဇူး​ပြု​လျက်လှည့်​လည်​ဖို့ ကြိုးစားနေကြတဲ့ သာမာန်လူတွေရဲ့အသက်တာတွေမှာ ကျင့်သုံးတဲ့ အေးချမ်းပြီး မဝင့်ဝါတတ်တဲ့အပြုအမူတွေနဲ့လုပ်ရပ်တွေမှာ ကျွန်တော်တို့မြင်တွေ့ရတဲ့အရာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကျေးဇူးပြုတဲ့အသင်းတော်ခွဲဥက္ကဋ္ဌလုပ်ခဲ့တဲ့အရာက လုပ်စရာစာရင်းရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်ခဲ့ပါဘူး။ မော်မုန်ကျမ်းထဲမှာ ဖော်ပြထားတဲ့အတိုင်း “… မွတ်သိပ်သော​သူများကို​ဖြစ်စေ၊ ရေငတ်သော​သူများကို​ဖြစ်စေ၊ ဖျားနာသော​သူများကို​ဖြစ်စေ၊ … အဘယ်​တစ်ဦး​တစ်ယောက်ကိုမျှ နှင်မ​ထုတ်ကြ။ သူတို့သည် အသက်ကြီး​သူနှင့် အသက်ငယ်သူ​နှစ်မျိုးစလုံး၊ … ယောက်ျားနှင့်​မိန်းမ​နှစ်မျိုးစလုံး၊ … ခပ်သိမ်းသော​သူတို့​အပေါ် စေတနာ​စိတ်ရှိ​ကြလေ၏”ဆိုတဲ့ ဧဝံဂေလိတရားတော်အတိုင်း သူဟာ ရိုးရှင်းစွာနေထိုင်နေခဲ့ပါတယ်။ ပြီးတော့၊ ကျွန်တော်တို့ ကျော်မသွားသင့်တဲ့အချက်ကတော့၊ သူတို့ဟာ “အသင်းတော်​အပြင်၌​ဖြစ်စေ၊ အသင်းတော်​အတွင်း၌​ဖြစ်စေ၊” အဘယ်​တစ်ဦး​တစ်ယောက်ကိုမျှ နှင်မ​ထုတ်ခဲ့ကြပါဘူး။

ခရစ်တော်ရဲ့နာမတော်ကို မိမိတို့အပေါ်မှာခံယူကြသူတွေဟာ ပရောဖက်ဂျိုးဇက်စမစ် ပြောခဲ့တဲ့အတိုင်း၊ “ဘုရားသခင်ရဲ့ချစ်ခြင်းဖြင့် ပြည့်ဝနေတဲ့လူတစ်ဦးက သူ့မိသားစုတစ်စုကိုသာကောင်းချီးပေးခြင်းနဲ့ မ‌ရောင့်ရဲဘဲ တစ်ကမ္ဘာလုံးကိုပတ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကိုကောင်းချီးပေးဖို့ စိတ်အားထက်သန်ပါတယ်”ဆိုတာကို အသိအမှတ်ပြုကြပါတယ်။

ယေရှုကဒီလိုမျိူး အသက်ရှင်ခဲ့တာပါ။ တကယ်တော့၊ ကိုယ်တော်က များစွာလုပ်ဆောင်ခဲ့တာကြောင့် သူ့တပည့်တော်တွေဟာ အကုန်လုံးကို မရေးချနိုင်ခဲ့ကြပါဘူး။ တမန်တော်ယောဟန်က၊ “ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​အ​များ ရှိ​သေး၏။ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို အ​သီး​အ​ခြား​ရေး​ထား​လျှင်၊ မြေ​ကြီး​မ​ဆံ့​နိုင်​အောင် ကျမ်း​စာ​များ​ပြား​လိမ့်​မည်​ဟု ထင်​မှတ်​ခြင်း​ရှိ၏”လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

ကောင်းမှုကိုပြုခြင်းနဲ့ ဘဝတစ်လျှောက်မှာ တပည့်တော်ဖြစ်ခြင်းကို ဦးစားပေးခြင်းဖြင့် ခရစ်တော်ရဲ့ ပုံသက်သေကို ကျွန်တော်တို့ကြိုးစားလိုက်လျှောက်ကြရအောင်လားခင်ဗျာ၊ ဒါမှ ကျွန်တော်တို့အခြားသူတွေနဲ့ အပြန်အလှန်ဆက်ဆံတဲ့အခါတိုင်းမှာ၊ ဘုရားသခင်ရဲ့ချစ်ခြင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အတည်ပြုပေးတဲ့တန်ခိုးတော်ကို သူတို့ခံစားကြပါလိမ့်မယ်။ အဲနောက်မှာ ကျွန်တော်တို့ဟာ ကျွန်တော့်ရဲ့အဘိုးနဲ့ တပည့်တော်အ​န္ဒြေ​လိုပဲ “ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​”လို့ ကြေညာခဲ့ကြတဲ့ သန်း‌ပေါင်းများစွာသောသူတွေနဲ့အတူ ပါဝင်နိုင်ကြပါတယ်။

နောက်ဆုံးမှာ၊ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လက္ခဏာကို လောကက မသတ်မှတ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့တပည့်တော်ဖြစ်ခြင်းကို ကျွန်တော်တို့ရရှိတဲ့ ဘိသိက်မင်္ဂလာတွေ၊ ကျွန်တော်တို့စောင့်ထိန်းတဲ့ပဋိညာဉ်တွေနဲ့ ဘုရားသခင်နဲ့ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကိုပြသတဲ့ ကျွန်တော်တို့ရဲ့ချစ်ခြင်းအားဖြင့် သတ်မှတ်ပါတယ်။ ဥက္ကဋ္ဌ နယ်လ်ဆင် သင်ကြားခဲ့တဲ့အတိုင်း၊ ကျွန်တော်တို့ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားသမီးတွေ၊ ပဋိညာဉ်ရဲ့သားသမီးတွေနဲ့ ယေရှုခရစ်တော်၏တပည့်တော်တွေ ဖြစ်ကြပါတယ်။

ယေရှုခရစ်တော်က အသက်ရှင်ပါတယ် ပြီးတော့ ကျွန်တော်တို့ကို ရွေးနုတ်ပေးခဲ့ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်ဟာ “သင့်​ကို … ​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏”လို့ ပြောခဲ့သူတစ်ပါးဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။