ယေရှုခရစ်တော်နှင့် သင်၏အစပြုခြင်းအသစ်
ကျွန်တော်တို့အားလုံးဟာ ယေရှုခရစ်တော်ကြောင့်နဲ့၊ ကိုယ်တော့်အားဖြင့် အစပြုခြင်းအသစ်ကို ရရှိနိုင်ကြပါတယ်။ သင်လည်း အတူတူရရှိနိုင်ပါတယ်။
ကျမ်းစာတွင် အသေးအဖွဲသာဖော်ပြထားခြင်း၊ ယေရှုသည်ချမ်းသာကိုပေး၍ လှည့်လည်တော်မူ၏
ယေရှုက “ချမ်းသာကိုပေး၍ လှည့်လည်တော်မူ”ခဲ့ပါတယ်။ တမန်တော်ဝတ္ထုမှာ ဒီရိုးရှင်းတဲ့တင်ပြချက်ကို ကျွန်တော်တို့ဖတ်ရပါတယ်။ ဒါဟာ ဘယ်လောက်တောင် ကြီးမားတဲ့ အသေးအဖွဲဖော်ပြချက်သာ ဖြစ်လိုက်ပါသလဲခင်ဗျာ။ ယေရှုက အမှန်တကယ် ချမ်းသာကိုပေး၍ လှည့်လည်တော်မူခဲ့ပါတယ်။ ကိုယ်တော်ဟာ ကောင်းမြတ်ခြင်းတို့ရဲ့ ပကတိအကြောင်းအရင်းနဲ့ အရင်းမြစ်ဖြစ်ပါတယ်။ ကိုယ်တော်က သူ့ရဲ့လူ့ဇာတိဘဝတစ်ခုလုံးကို ကောင်းကျိုးချမ်းသာတွေပေးဖို့ မြှုပ်နှံခဲ့ပါတယ်။ ကိုယ်တော်ဟာ “ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်းနှင့် ကြွယ်ဝတော်မူ”ကာ၊ ကောင်းမြတ်ခြင်းတွင် အနန္တဖြစ်တော်မူပြီး ထာဝရကရုဏာတော်ရှိတော်မူပါတယ်။
ကိုယ်တော့်ရဲ့ ကောင်းမြတ်ခြင်းနဲ့ ကရုဏာတော်ကို ဖော်ပြဖို့ ဒါမှမဟုတ် အကျဥ်းချုံးပြဖို့ ကြိုးစားခြင်းတိုင်းက အသေးအဖွဲဖော်ပြခြင်းပဲဖြစ်ပါလိမ့်မယ်။ အမှန်တကယ်ပါပဲ၊ တမန်တော်ယောဟန် ရေးသားဖော်ပြခဲ့သလိုပဲ၊ ကျွန်တော်တို့ဟာ ကယ်တင်ရှင်၏ ကောင်းမြတ်ခြင်းရဲ့ ထင်ရှားတော်မူခြင်းတိုင်းကို ကြိုးစားမှတ်တမ်းတင်ကြမယ်ဆိုရင်၊ “မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြား”သွားပါလိမ့်မယ်။
ယေရှုခရစ်တော်က ကျွန်ုပ်တို့အယောက်ချင်းစီတိုင်းအား အစပြုခြင်းအသစ်အား ကမ်းလှမ်းပါသည်
ကျွန်တော်တို့ရဲ့ ကျမ်းစာတွေထဲမှာ အနှစ်သာရအပြည့်နဲ့အမြဲရှိနေတဲ့ ယေရှုရဲ့ “ချမ်းသာကိုပေး၍လှည့်လည်တော်မူခြင်း” အကြောင်း သီးသန့်ဥပမာတွေဟာ နက်ရှိုင်းတဲ့လေးစားအံ့သြမှုကို ဖြစ်ပေါ်စေပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့အဲဒီနေရာမှာရှိနေမယ်ဆို ဘယ်လိုဖြစ်မလဲ၊ ကိုယ်တော့်ရဲ့ အံ့ဖွယ်တွေကို တွေ့ရှိရမယ်ဆိုရင်၊ သူ့ရဲ့သွန်သင်မှုတွေကို လက်ခံရရှိပြီး၊ သူ့ရဲ့ အနာရောဂါပျောက်ကင်းအောင် ကုသပေးမှုကို ခံစားကြရမယ်ဆိုတာကို ကျွန်တော်တို့ တကယ်စဥ်းစားကြည့်ကြတဲ့အခါမှာပေါ့။ ကိုယ်တော်က လူမှုအဖွဲ့အစည်းကနေ အပယ်ခံထားရသူတွေနဲ့ စကားလက်ဆုံပြောပါတယ်၊ ရောဂါရှိသူနဲ့ မသန့်ရှင်းသူတို့ကို ထိတွေ့ပါတယ်၊ ပင်ပန်းကြသောသူတို့ကို သက်သာခြင်းယူဆောင်လာပေးပါတယ်၊ လွတ်မြောက်စေတဲ့ သမ္မာတရားတွေကို သွန်သင်ခဲ့ပါတယ်၊ ပြီးတော့ သူကအပြစ်သားတွေကို နောင်တရစေဖို့ခေါ်ခဲ့ပါတယ်။ နူနာစွဲသောသူ၊ မျက်စိကန်းသောသူနှင့် မှားယွင်းသောအမှုကိုပြုသောမိန်းမမှသည်၊ ခြေဆွံ့သောသူအထိ၊ နားပင်းသူနှင့် ဆွံ့အသူ၊ ဝမ်းနည်းကြေကွဲနေသောမိခင်၊ စိတ်ပျက်နေသော ဖခင်၊ ပူဆွေးနေသော မုဆိုးမ မှသည်၊ အပြစ်တင်ခံရသူ၊ ရှက်ကြောက်သူနှင့် ဝေဒနာခံစားရသူများ၊ ရုပ်ကိုယ်ခန္ဓာသေသောသူနှင့် ဝိညာဥ်ရေးရာသေသောသူတို့ကို၊ ကိုယ်တော်လုပ်ပေးခဲ့တာကတော့ အစပြုခြင်းအသစ်တစ်ခုကို ကမ်းလှမ်းခဲ့တာပါပဲ။ ဟုတ်ပါတယ်၊ မယုံနိုင်လောက်အောင်သေးဖွဲ့တဲ့ ဖော်ပြချက်နောက်တစ်ခုပါပဲ။
ကိုယ်တော်မိန့်တော်မူပြီး ပြုလုပ်ခဲ့တိုင်းအရာတိုင်းက သူကုသပေးခဲ့သူတွေ၊ ကောင်းချီးပေးခဲ့သူတွေ၊ သွန်သင်ခဲ့သူတွေနဲ့ အပြစ်ကနေ သက်သာစေခဲ့သူ အယောက်တိုင်းအတွက် အစပြုခြင်းအသစ်ကိုပေးခဲ့ပါတယ်။ ကိုယ်တော်က သူတို့ဆီကနေ မစွန့်ခွာခဲ့ပါဘူး၊ သင့်ဆီကလည်း ကိုယ်တော်သေချာပေါက် စွန့်ခွာမှာမဟုတ်ပါဘူး။ ဒီအချိန်မှာ သူ့ဆီကနေ အောက်ပါ ဘဝခွန်အားပေးစကားတွေ ကြားနာရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ၊
“ငါ့သား၊ သင်၏အပြစ်ကို လွတ်စေပြီ။”
“မိန်းမငယ်၊ ထလော့ ငါဆို၏။”
“သန့်ရှင်းခြင်းသို့ ရောက်စေ။”
“ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်။”
“ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။”
အဲဒီလူတစ်ဦးချင်းတိုင်းအတွက် ကယ်တင်ရှင်ရဲ့ စကားလုံးတွေက တိုတောင်းပါတယ်၊ ဒါပေမယ့် ကိုယ်တော်က သူ့ရဲ့ အပြစ်ဖြေခြင်းတန်ခိုးတော်နဲ့ သွန်သင်မှုတွေနဲ့ ခွင့်လွှတ်ခြင်း၊ အနာကင်းစေခြင်း၊ ပြန်လည်ဆောင်ယူခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ထာဝရအသက်တာတို့ကို သူတို့ကိုပေးသနားတော်မူခဲ့ပါတယ်။ ကောင်းမြတ်တဲ့သတင်းကောင်းကတော့၊ ကိုယ်တော်က အဲဒီတူညီတဲ့ အစပြုခြင်းအသစ်ကို သင်နဲ့ ကျွန်တော့်ကိုလည်း ကမ်းလှမ်းထားပါတယ်။ ကျွန်တော်တို့အားလုံးဟာ ယေရှုခရစ်တော်ကြောင့်နဲ့၊ ကိုယ်တော့်အားဖြင့် အစပြုခြင်းအသစ်ကို ရရှိနိုင်ကြပါတယ်။ သင်လည်း အတူတူရရှိနိုင်ပါတယ်။ အစပြုခြင်းအသစ်တွေဟာ အဘရဲ့ သူ့သားသမီးတွေအတွက် အစီအစဥ်မှာ အချက်အချာကျပါတယ်။ ဒီအသင်းတော်ဟာ အစပြုခြင်းအသစ်ဖြစ်တဲ့ အသင်းတော်ဖြစ်ပါတယ်။ ဒီအသင်းတော်ဟာ လန်းဆန်းစွာစတင်နိုင်ခြင်းအတွက် အသင်းတော်ဖြစ်ပါတယ်။
ဤအသင်းတော်သည် အစပြုခြင်းအသစ်ဖြစ်သော အသင်းတော်ဖြစ်ပါသည်
ရေနှင့် ဝိညာဥ်တော်နှင့် ဗတ္တိဇံခံကြတဲ့အခါ၊ ကျွန်တော်တို့ဟာ “ဒုတိယမွေးခြင်း” ရှိပြီး “အသစ်သောအသက်၌ ကျင်လည်”ကြပါတယ်။ အဲဒီ အစပြုခြင်းအသစ်က အပြစ်ဝန်ရဲ့ အောက်မှာ ခက်ခဲစွာခြေလှမ်းနေရသူတစ်ဦး ဒါမှမဟုတ် ဒုက္ခများတဲ့ဘဝရဲ့ သက်ရောက်မှုတွေနဲ့ ပျက်စီးယိုယွင်းနေတဲ့ ဆက်ဆံရေးတွေကြောင့် ခံစားနေရတဲ့သူတစ်ဦးအတွက် မျှော်လင့်ချက်တွေဘယ်လောက်တောင် ယူဆောင်လာပေးနိုင်ပါမလဲခင်ဗျာ။ ယေရှုက သူ့ကိုယ်သူ အပြစ်ကနေခွင့်လွှတ်ခြင်း သို့မဟုတ် အသက်တာမှာပြန်လည်အစပြုခြင်းရှိဖို့ မလိုအပ်ခဲ့ပါဘူး၊ ဒါပေမယ့် သူကိုယ်တိုင်က ဗတ္တိဇံခံပြီး၊ ကိုယ်တော်က ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းအတွက် ထွင်းထုပေးတော်မူခဲ့တဲ့ အစပြုခြင်းအသစ်ကို အမြင့်မားဆုံးစတင်နိုင်မယ့်နည်းလမ်းကိုပြသခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်တို့ရဲ့ အစပြုခြင်းအသစ်ဆိုတာ တစ်ကြိမ်တစ်ခါတည်းပဲ ဖြစ်ပေါ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဗတ္တိဇံခံခြင်းဟာ အစပြုခြင်းအသစ်အတွက် တစ်ကြိမ်ထဲရှိတဲ့အခွင့်အရေးလို့ ထင်ကြပါတယ်။ အဲဒါမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အခွင့်အရေးတစ်ကြိမ်တည်း ရှိတာမဟုတ်ပါဘူး။ ဒီအစပြုခြင်းအသစ်တွေဟာ နေ့တိုင်းဖြစ်ပေါ်နိုင်ပါတယ်။ ကျွန်တော်တို့လိုအပ်သလောက် အစပြုခြင်းအသစ်တွေကိုပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့ သေဆုံးတော်မူခဲ့တဲ့၊ ကျွန်တော်တို့ရဲ့ ပြည့်စုံတော်မူသော ကယ်တင်ရှင်ရဲ့ ဆုကျေးဇူးကို သတိရသောအနေဖြင့် သေးငယ်တဲ့မုန့်တစ်ဖဲ့နဲ့ ရေခွက်ငယ်တစ်ခွက်ကိုသောက်ကြတာနဲ့အမျှ၊ ဒီအစပြုခြင်းအသစ်က သေချာပေါက် အပတ်တိုင်းဖြစ်ပေါ်ပါတယ်။ ယေရှုက ကျွန်တော်တို့လိုအပ်သလောက် အစပြုခြင်းအသစ်တွေကို ပေးပါတယ်။
ခရစ်တော်၌အသက်တာအသစ်ကို ကတိတော်ပြုခြင်းနဲ့ ဝမ်းမြောက်ခြင်းမှာ၊ ကျွန်တော်တို့ဟာ ဟောင်းသောအရာများကုန်လွန်ပြီး ခပ်သိမ်းသောအရာများမှာအသစ်ဖြစ်လာတဲ့ “အသစ်ပြုပြင်သောလူ” ဖြစ်လာနိုင်ကြပါတယ်။ ပြိုလဲနေတဲ့ကမ္ဘာပေါ် နေထိုင်ခြင်းရခြင်းမှာ ကျရှုံးမှုတွေရှိနေပေမယ့်လည်း၊ ကျွန်တော်တို့ရဲ့ ရွေးနုတ်ရှင်ရဲ့ အနာငြိမ်းစေခြင်းနဲ့ ပြန်လည်ဆောင်ယူခြင်းတန်ခိုးတော်အပေါ် ယုံကြည်ခြင်းဆက်ရှိဖို့ရွေးချယ်ခြင်းအားဖြင့် ကြိုးစားနေတယ့် သူတစ်ဦးကို ဒီလိုမျိုးအာရုဏ်ဦးနေ့သစ်က ဘယ်လိုသက်သာမှုမျိုး သယ်ဆောင်လာပေးပါသလဲ။ ခမည်းတော်ရဲ့ အလိုတော်ကိုဖြည့်ဆည်းပေးဖို့နဲ့ သူ့ရဲ့ မြင့်မြတ်တဲ့အပြစ်ဖြေခြင်းတာဝန်ကိုပြီးမြောက်ဖို့ ကတိတော်ကိုကယ်တင်ရှင်က ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ နာကျင်မှုက သူ့ကိုတုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေ၊ ထို့အတူ၊ ကိုယ်ခန္ဓာနှင့် စိတ်နှစ်ခုစလုံးကို ဒုက္ခဝေဒနာ ခံစားစေပြီး၊ ခါးသောဖလားကို မသောက်ရနိုင်ဖို့ အလိုရှိခဲ့တာတောင်မှ ကိုယ်တော်ကလက်မလျှော့ခဲ့ပါဘူး။ တဖန်၊ ကိုယ်တော်က ဘုရားသခင်နဲ့ ယုံကြည်ခြင်းပြည့်ဝတဲ့ အဆုံးတိုင်အောင်တည်ကြည်ခြင်းဆိုတာ ဘယ်လိုလဲဆိုတာ ကျွန်တော်တို့အတွက်သရုပ်ဖော်ပြသနေတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ပြုလုပ်တဲ့ ပဋိညာဥ်တိုင်းနဲ့ ၎င်းကိုစောင့်ထိန်းဖို့ ပြုလုပ်တဲ့အားထုတ်မှုတိုင်းနဲ့တကွ၊ ကျွန်တော်တို့ဟာ “စိတ်နှလုံးသစ်”နဲ့ ပိုပြည့်ဝတဲ့အတိုင်းအတာရှိတဲ့ “သဘောသစ်“ကို ရရှိနိုင်ပါတယ်။ နည်းနည်းချင်းစီ၊ ကိုယ်တော့်ရဲ့ကောင်းမြတ်ခြင်းတွေကို နှလုံးသားတွေထဲ ဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့ အသံတွေကို ပိုထုတ်ပစ်လေလေ၊ ကျွန်တော်တို့ဟာ သူ့ရဲ့လူတွေဖြစ်လာကြပါမယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တော့်ကို ကျွန်တော်တို့ရဲ့ ဘုရားသခင်အဖြစ် အမှန်တကယ်ထားရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ယေရှုက အလွန်စိတ်အားထက်သန်စွာ ကျွန်တော်တို့ရဲ့ ဘုရင်၊ သိုးထိန်းနဲ့ ငြိမ်သက်ခြင်း၏အရှင် ဖြစ်ချင်ပါတယ်၊ ကျွန်တော်တို့ကလည်း စိတ်နှလုံးသားတွေထဲမှာ ကိုယ်တော်ကို အဲလိုပြုလုပ်ဖို့ ရွေးချယ်နိုင်ကြပါတယ်။
အစပြုခြင်းအသစ်သည် ကျွန်ုပ်တို့နောက်တရခြင်းကို ကြည့်ရှုပုံဖြစ်ပါသည်
နောင်တရခြင်းက အစပြုခြင်းအသစ်၊ လန်းဆန်းသောအစပြုခြင်းနဲ့၊ ဒုတိယအကြိမ် အခွင့်အရေးတွေရဲ့ တံခါးကို ဖွင့်ပေးပါတယ်။ နောင်တရခြင်း၏ မြင့်မြတ်သောဆုကျေးဇူးတော်အကြောင်းကို နားလည်မှုလွဲနေတာတွေကို ကျွန်တော်တို့ရဲ့ ချစ်ရတဲ့ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ရဲ့ သွန်သင်ချက်တွေက ရှင်းလင်းပေးပြီးတော့၊ ကျွန်တော်တို့ နောက်ဆုံးမှာတော့ နားလည်စပြုလာကြပြီလို့ ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ လူငယ်တွေအတွက် နောင်တရခြင်းဟာ ဘယ်လိုအဓိပ္ပာယ်ရှိလည်းဆိုတာ ဖော်ပြတာကိုကြားရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ မကြာသေးခင်က၊ လူငယ်အမျိုးသမီးတစ်ဦးက၊ မျက်နှာပေါ်မှာအပြုံးနဲ့ ဒီလိုပြောတာကို ကြားခဲ့ရပါတယ်၊ “ကျွန်မ နောင်တရခြင်း၊ နေ့စဥ်နောင်တရခြင်းကို စဥ်းစားတဲ့အခါမှာ၊ ကြီးမားတဲ့ဝမ်းမြောက်မှုနဲ့ မျှော်လင့်ခြင်းကို ခံစားရပါတယ်။ ကျွန်မရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ ကယ်တင်ရှင်ရဲ့ ချစ်ခြင်းနဲ့ ပျော်ရွှင်ခြင်းကိုခံစားရပါတယ်။ ကျွန်မ ဘာနဲ့ပဲအခက်အခဲရှိနေပါစေ၊ ကောင်းကင်ဘုံရှင်အဘထံမှာလာပြီး ဆုတောင်းခြင်းနဲ့ သူ့ရဲ့အကူအညီတောင်းခံဖို့ မကြောက်ပါဘူး။ ကျွန်မ အမှားတစ်ခုခုလုပ်မှာကို သူတို့ကဖမ်းဖို့ကြိုးစားနေကြတာမဟုတ်ဘူးဆိုတာ သိပါတယ်။ ကိုယ်တော်တို့က သူတို့ရဲ့ လက်တော်တွေကို ဖွင့်ထားကြပါတယ်။ ဒါက ကျွန်မအတွက် နောင်တရခြင်းပါပဲ” လို့သူမပြောခဲ့ပါတယ်။ ဒီလူငယ်အမျိုးသမီးလေးက ယေရှုခရစ်တော်ကြောင့်၊ သူမ အစပြုခြင်းအသစ်တွေ ရှိနိုင်တယ်ဆိုတာကို နားလည်ပါတယ်။
အချိန်တိုင်း၊ လူတိုင်းအတွက် အစပြုခြင်းအသစ်
သင် အစပြုခြင်းအသစ်တစ်ခု လိုအပ်ပါသလား။ သင် လန်းဆန်းတဲ့စတင်ခြင်း လုပ်နိုင်ပါသလား။ ကယ်တင်ရှင် အမှုတော်ဆောင်ခဲ့သူတွေ—ကိုယ်တော်သွန်သင်ပေးခဲ့သူတွေ၊ ကုသပေးခဲ့သူတွေ၊ ထမြောက်ခြင်းပေးခဲ့သူတွေ၊ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ဆောင်ယူပေးခဲ့သူတွေအကြောင်း စဥ်းစားကြည့်ပါ။ ဒီလူတွေကို သီးသန့် စီးပွားရေးအဆင့်အတန်းတစ်ခုနဲ့ နောက်ကြောင်းတစ်ခုကနေ ကိုယ်တော်ရွေးချယ်ခဲ့ပါသလား။ ဖြောင့်မတ်သောသူနဲ့ အပြစ်ရှိသောသူကို ခွဲခြားခဲ့ပါသလား။ ကိုယ်တော်ဟာ တချို့လူတွေဟာပိုထိုက်တန်တာကြောင့် ဒါမှမဟုတ် ပိုအချစ်ခံသင့်တာကြောင့် တစ်ဦးချင်းခေါ်ဆွဲထုတ်ခဲ့ပါသလား။ မလုပ်ခဲ့ပါဘူး။
တချို့တွေက သူ့ဆီကို ကြီးမားတဲ့ယုံကြည်ခြင်းနဲ့၊ သူတို့ကို အနာကင်းစေဖို့ ကိုယ်တော့်ရဲ့တန်ခိုးတော်အပေါ် ယုံပြီး လာခဲ့ကြပါတယ်—သွေးသွန်အနာစွဲသော အမျိုးသမီး၊ ရောမတပ်မှူး၏ လက်ခြေသေသည့်အနာနှင့် ငယ်သား၊ နူနာစွဲသူ၊ ယာဣရု၊ သို့မဟုတ် ဗာတိမဲအမည်ရှိသော လူကန်းတို့ကဲ့သို့ လူတွေကိုဖြစ်ပါတယ်။. သူတို့တစ်ယောက်ချင်းစီတိုင်းက၊ နာဇရက်မြို့က တရားဟောဆရာဟာ သူတို့ရဲ့ဘဝတွေနဲ့ ရှေ့ရေးကို ပြောင်းလဲပေးနိုင်ဖို့ ကောင်းမြတ်ခြင်းနဲ့ တန်ခိုးတော်ရှိတယ်လို့ မျှော်လင့်ပြီး၊ သူတို့ရဲ့ ယုံကြည်ခြင်းကို ပြုမူဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ကိုယ်တော်က ပြောင်းလဲပေးခဲ့ပါတယ်။ သူရဲ့ အနာကင်းစေခြင်းတန်ခိုးတော်ကို ရက်ရောစွာ အသုံးပြုခဲ့ပါတယ်။
သင်လည်းလုပ်ဖူးကောင်းလုပ်ဖူးမှာပါ၊ “အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါ”လို့ ဟစ်အော်တဲ့ နာမကျန်းသော ကလေးငယ်၏ဖခင်လိုမျိုး ယိမ်းယိုင်တဲ့ ယုံကြည်မှုရှိတဲ့သူတွေကိုလည်း ယေရှုက ကောင်းချီးပေးခဲ့ပါတယ်။ ကိုယ်တော်က သူ့ကိုလုံးဝမရှာဖွေကြသူတွေကိုတောင် မေတ္တာကရုဏာသွန်းလောင်းတော်မူခဲ့ပါတယ်၊ မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတစ်ယောက်၊ နာဣနမြို့မှ မုဆိုးမ၊ဗေသေသဒအမည်ရှိသော ရေကန်မှ မျက်ကန်းသောသူနှင့် ၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတို့လိုမျိုး လူတွေဖြစ်ပါတယ်။ သင်က ကိုယ်တော့်ကို မရှာဖွေနေတာ ဒါမှမဟုတ် လိုက်မလျှောက်နေတာတောင်မှ သင့်ရဲ့ဘဝမှာ သူက ကောင်းကျိုးချမ်းသာတွေပေးနေတယ်လို့ ခံစားဖူးပါသလား။
ဒီကျမ်းစာလာ ပုဂ္ဂိုလ်တွေ တစ်ယောက်ချင်းစီတိုင်းနဲ့၊ ကြားနာပြီး တုံ့ပြန်ကြတဲ့လူတိုင်းကို ကိုယ်တော်က အပြစ်ကိုခွင့်လွှတ်ပြီးသည့် အသက်တာအသစ်ဖြစ်စေ၊ အနာရောဂါပျောက်ကင်းသွားသည့် အသက်တာအသစ်ဖြစ်စေ၊ သို့မဟုတ် သေခြင်းမှ ထမြောက်ခဲ့သောအသက်တာအသစ်ကိုဖြစ်စေ၊ အစပြုခြင်းအသစ်တစ်ခုကို ပေးခဲ့ပါတယ်။
ဒါက သင်နဲ့ ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်ရှိပါသလဲခင်ဗျာ။ သူ့ရဲ့ ကောင်းမြတ်ခြင်း၊ ကရုဏာတော်နဲ့ ချစ်ခင်ကြင်နာခြင်းက အကန့်အသတ်မရှိပါဘူး။ ခမည်းတော်ရဲ့ အစီအစဥ်မှာ အစပြုခြင်းအသစ်တွေဟာ အချက်အချာကျပါတယ်။ လန်းဆန်းသောအစပြုခြင်းတွေဟာ သားတော်ရဲ့ တာဝန်ဖြစ်ပါတယ်။ မနက်ခင်းအာရုဏ်သစ်၊ ဘဝစာမျက်နှာအသစ်များနဲ့ အခွင့်အလမ်းသစ်တွေဟာ ဧဝံဂေလိသတင်းကောင်းရဲ့ ရိုးရှင်းသော အဓိကအချက်ဖြစ်ပါတယ်။
ဒါဆို၊ သင်ဟာ အစပြုခြင်းအသစ်တစ်ခုရရှိဖို့အတွက် သင့်ရဲ့ ပဋိညာဥ်တွေကနေ အရမ်းဝေးကွာနေပါပြီလား။ မဟုတ်ပါဘူး။ နောက်ထပ်အခွင့်အရေးပေးခံရဖို့ အချို့အပြုအမူတွေကို အကြိမ်ပေါင်းများစွာ သင်လုပ်မိခဲ့ပါသလား။ မဟုတ်ပါဘူး။ ဒီနေရာကနေစပြီး ခရစ်တော်က သင့်ဇာတ်လမ်းအသစ်ရေးနိုင်ဖို့ ကူညီပေးနိုင်ဖို့အတွက် ကိုယ်တော်နဲ့ သင်အလွန်ဝေးကွာနေပါပြီလား။ မဟုတ်ပါဘူး။ သင် နစ်မြှုပ်နေပြီဆိုတဲ့ အတွေးအခေါ်ကနေ အကျိုးအမြတ်ရရှိနိုင်မယ့်သူကတော့ ရန်သူမာနတ်ရ်တစ်ဦးပဲရှိပါတယ်။ သင်က အကျိုးအမြတ်မရနိုင်ပါဘူး။
အစပြုခြင်းတွေက ကျွန်တော်တို့ရဲ့ အပြစ်တွေနဲ့ အမှားထက် အများကြီးကျော်လွန်ကောင်းမွန်ပါတယ်။ ကယ်တင်ရှင်ရဲ့ကောင်းမြတ်ခြင်းနဲ့ ကရုဏာတော်အားဖြင့်၊ အတွေးအခေါ်ဟောင်းတွေ၊ အကျင့်ဆိုးတွေ၊ ဒေါသကြီးတဲ့စိတ်တွေ၊ အဆိုးမြင်စိတ်တွေ၊ စွမ်းအားမဲ့တဲ့ခံစားချက်တွေ၊ အခြားသူတွေကို အပြစ်တင်လေ့ရှိခြင်းနဲ့ ကိုယ်ပိုင်တာဝန်တွေကိုရှောင်ရှားမှုတွေကို ပြောင်းလဲဖို့တွန်းအားပေးတဲ့ လန်းဆန်းတဲ့အစပြုခြင်းတွေနဲ့ စတင်နိုင်ပါတယ်။ သင့်ကို နှစ်ပေါင်းများစွာ ဝန်လေးပင်ပန်းစေခဲ့တဲ့ သင်ကိုယ်တိုင်ရဲ့ အကြောင်းအရာတွေကို အမှန်တကယ်ပြောင်းလဲနိုင်ပါတယ်။ အစပြုခြင်းအသစ်တွေရဲ့ အရှင်သခင်ရဲ့ ခွန်အားနဲ့ သင်ပြန်လည်စတင်နိုင်ပါတယ်။ ကိုယ်တော်က အစပြုခြင်းအသစ်တွေကို ကျွန်တော်တို့ကို ပေးဖို့ ဘယ်တော့မှငြီးငွေ့မှာမဟုတ်ပါဘူး။
တူညီတဲ့အပြစ် သို့မဟုတ် တူညီတဲ့နှောင့်နှေးမှုတွေနဲ့ ထပ်ခါထပ်ခါရုန်းကန်နေရသူတွေအတွက်၊ သင်တို့ ဆက်သွားပါ။ သင်တို့ရဲ့ အရှေ့မှာ ကိုယ်တော်က လမ်းမပိတ်ထားပါဘူး။ သူက သင့်ရဲ့ ဒုတိယအကြိမ်အခွင့်အရေးတွေအပေါ်မှာ ကန့်သတ်ချက်မထားထားပါဘူး။ သင်ရှေ့ဆက်ပါ။ သင်ရှေ့ဆက်ကြိုးစားပါ။ သင့်အနားက လူတွေဆီကနေ အကူအညီတောင်းခံပါ။ အဘထံသို့ စစ်မှန်သောနှလုံးသားနဲ့ သင်ပြန်လှည့်တဲ့အခါတိုင်းမှာ သင့်အတွက်အစပြုခြင်းအသစ်ရှိနေတာကို ယုံကြည်ပါ။ တမင်အပြစ်ကျူးလွန်ခြင်း၊ အမှတ်မထင် ထပ်ခါထပ်ခါပြုလုပ်ခြင်းနဲ့ မာနပြည့်နှက်တဲ့ပုန်ကန်ခြင်းတွေကို ၎င်းတို့ရဲ့ နေရာဖြစ်တဲ့ သင့်ရဲ့ အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ သင် အရင်ကဖြစ်ခဲ့ဖူးတဲ့သူ ဖြစ်ဖို့မလိုပါဘူး။ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းအသွေးတော်အားဖြင့် သင့်ကိုကမ်းလှမ်းခဲ့တဲ့၊ သင့်ရဲ့ လန်းဆန်းတဲ့ အစပြုခြင်း၊ သင့်ရဲ့ ဒုတိယ သို့မဟုတ် တတိယ သို့မဟုတ် စတုတ္ထ—သို့မဟုတ် အကြိမ်တစ်ရာပင်ရှိနိုင်တယ့် အခွင့်အရေးကို ထွေးပိုက်လိုက်ပါ။
ကျွန်တော်က ကျွန်တော့်ကို ပေးခဲ့တဲ့အစပြုခြင်းအသစ်များနဲ့ နောက်ထပ်ရရှိမယ့် အစပြုခြင်းအသစ်တွေအတွက် မဖော်ပြနိုင်လောက်အောင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။
နိဂုံး
ကျွန်တော်တို့ကယ်တင်ရှင်က နောက်ဆုံးရိုးရှင်းတဲ့ဖော်ပြချက်တစ်ခုကို မိန့်တော်မူခဲ့ပါတယ်၊ ထိုအရာမရှိဘဲ မျှော်လင့်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းတွေ ယနေ့ရှိနေမှာမဟုတ်ပါဘူး။ ဂေသရှေမန်မှာ မချိတင်ကဲဝေဒနာများခံစားပြီးနောက် ညှင်းပန်းနှိပ်စက်သည့် လက်ဝါးကပ်တိုင်ပေါ် အဆုံးတွင်၊ ကိုယ်တော်က၊ “အမှုပြီးပြီ” လို့ရိုးရှင်းစွာမိန့်တော်မူခဲ့ပါတယ်။ မေရှိယပရောဖက်ပြုချက် ပြည့်ဝခဲ့ပြီးတော့၊ လူသားတို့ရဲ့ အပြစ်တွေနဲ့ ဆင်းရဲဒုက္ခတွေအတွက် အကြွေးကို အပြည့်အဝပေးချေတော်မူခဲ့ပြီဖြစ်ပါတယ်။ ကိုယ်တော်က သူ့ရဲ့ အနန္တနဲ့ ထာဝရပေးဆပ်ခြင်းကို “ပြီးပြီ” လို့ကြေညာခဲ့ပါတယ်။ သို့သော်၊ ကိုယ်တော်တိုင် သုံးရက်မြောက်သောနေ့မှာ အသက်တာအသစ်၊ ခမည်းတော်၏တန်ခိုးတော်အားဖြင့် ဘုန်းတော်ထင်ရှားပြီး ရှင်ပြန်ထမြောက်သောကိုယ်တော်အဖြစ် အစပြုခြင်းအသစ် တစ်ခုကို မတွေ့ကြုံခင်အထိ သူ့ရဲ့ အပြစ်ဖြေခြင်းကပြီးမြောက်မှာမဟုတ်ပါဘူး။
ကိုယ်တော်ဟာ ခမည်းတော် နှစ်သက်တော်မူသောအမှုတို့ကို အစဉ်မပြတ်ပြုလုပ်ခဲ့တာကြောင့်၊ပြီးတော့ သူဟာ “အရာရာ၌ ခမည်းတော်၏အလိုတော်ကို ဆောင်ခဲ့”တာကြောင့်၊ သင်နဲ့ ကျွန်တော် အစပြုခြင်းအသစ်တွေကို ရရှိနိုင်ကြပါတယ်။ ယနေ့မှာတင်၊ ချက်ချင်းလက်ငင်း၊ သင်တို့ရဲ့ အစပြုခြင်းအသစ်ကို လက်ခံရရှိလိုက်ပါ။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့နဲ့အတူ မရေမတွက်နိုင်တဲ့ အခန်းအသစ်တွေရေးနေတဲ့၊ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ရဲ့ စာရေးသူနဲ့ အဆုံးသတ်ပေးသူဖြစ်ပါတယ်။ ကိုယ်တော်ဟာ အစပြုခြင်းနဲ့ အဆုံးသတ်ခြင်းဖြစ်ပါတယ်—ကျွန်တော်တို့ရဲ့ ရှက်ကြောက်မှုတွေနဲ့ ဒုက္ခဝေဒနာတွေရဲ့ အဆုံးသတ်ဖြစ်ပါတယ်၊ သူ့နဲ့အတူ အသက်တာအသစ်ကို အစပြုခြင်းဖြစ်ပါတယ်၊ သူ့ရဲ့ ကရုဏာတော်ကို ကျွန်တော်တို့ကို လက်ခံရရှိစေပါတယ်၊ အတိတ်ကိုနောက်မှာထားခဲ့ပြီး ကျွန်တော်တို့လိုအပ်သလောက် အကြိမ်ပေါင်းများစွာ အာရုဏ်ဦးအသစ်တစ်ခုနဲ့ တဖန်ပြန်လည်စနိုင်ဖို့ ကိုယ်တော်က အခွင့်ပေးပါတယ်။ အမှန်စစ်စစ်ပင်၊ ကိုယ်တော့်ရဲ့ “ကျေးဇူးနှင့်ကရုဏာကို [ကျွန်တော်တို့] [တစ်သက်လုံး]ခံစား”ကြရမှာဖြစ်ပါတယ်၊ ယေရှုခရစ်တော်၏နာမတော်ဖြင့်၊ အာမင်။