ကာမဂုဏ်ချုပ်တည်းခြင်း၏ ကိုယ်ကျင့်သီလဖြင့် တန်ဆာဆင်ခြင်း
ခရစ်တော်ကဲ့သို့ ကာမဂုဏ်ချုပ်တည်းခြင်းရဲ့ကိုယ်ကျင့်သီလဖြင့် ကျွန်တော်တို့ရဲ့စိတ်တွေနဲ့နှလုံးသားတွေကို တန်ဆာဆင်ဖို့ ကျွန်တော်တို့အားလုံးကို ကျွန်တော်အလွန်အလေးအနက်ထား ဖိတ်ခေါ်အပ်ပါတယ်။
၂၀၂၁ ခုနှစ် မေလမှာ၊ ဆော့လိတ်ဗိမာန်တော်ရဲ့ ပြန်လည်မွမ်းမံတဲ့လုပ်ငန်းကို လည်ပတ်နေချိန်၊ အကန့်အသတ်ရှိတဲ့အရင်းအမြစ်တွေနဲ့ မဆုတ်မနစ်တဲ့ယုံကြည်ခြင်းဖြင့် ဇာတိပကတိနှင့် ဝိညာဥ်ပကတိ လက်ရာတစ်ခုအဖြစ်ကာလရှည်ကြာစွာခံနိုင်ခဲ့တဲ့ ဒီသန့်ရှင်းမွန်မြတ်တဲ့အဆောက်အအုံကို ဆောက်လုပ်ခဲ့ကြတဲ့ ရှေ့ဆောင်သူတွေရဲ့အားထုတ်မှုတွေကို ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က အံ့သြချီးမွမ်းခဲ့ပါတယ်။ ဒါပေမဲ့၊ တည်ဆောက်ထားပုံ အားဖြည့်ဖို့လိုအပ်တဲ့ ထင်ရှားတဲ့လက္ခဏာတွေ၊ ဗိမာန်တော်ရဲ့ မူလအုတ်မြစ်ကျောက်တုံးတွေအကြား အင်္ဂတေမတည်ငြိမ်ကွာဟချက်တွေကြောင့် အချိန်ကြာလာတာနဲ့အမျှဖြစ်လာတဲ့ တိုက်စားမှုရဲ့အကျိုးဆက်တွေကို ပရောဖက်က သတိပြုမိခဲ့ပါတယ်။
အဲ့နောက် ကျွန်တော်တို့ရဲ့ ချစ်လှစွာသောပရောဖက်က သဘာဝရဲ့တွန်းအားတွေကို ကြံ့ကြံ့ခံဖို့ရာ ဗိမာန်တော်ရဲ့အုတ်မြစ်ကို ခိုင်မာစေဖို့ အဓိကကျတဲ့ဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်သလိုပဲ၊ ယေရှုခရစ်တော်၌ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဝိညာဉ်ရေးရာအုတ်မြစ်ကို ခိုင်မာစေဖို့ ကျွန်တော်တို့လည်း—အရင်ကတစ်ခါမှမလုပ်ဖူးတဲ့—ထူးခြားတဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်ကြောင်း ကျွန်တော်တို့ကို သင်ကြားပေးခဲ့ပါတယ်။ သူရဲ့မမေ့နိုင်တဲ့ သတင်းစကားမှာ၊ ဥက္ကဋ္ဌက ကျွန်တော်တို့ကို ကိုယ်ပိုင်ဆင်ခြင်သုံးသပ်ဖို့ နက်နဲတဲ့မေးခွန်းနှစ်ခု ပေးထားခဲ့ပါတယ်၊ “သင့်ရဲ့အုတ်မြစ် ဘယ်လောက်ခိုင်မြဲပါသလဲ။ ပြီးတော့ သင့်ရဲ့သက်သေခံချက်နဲ့ ဧဝံဂေလိတရားတော်ကို နားလည်ခြင်းအတွက် ဘယ်လိုအားဖြည့်မှုတွေကို လိုအပ်ပါသလဲ။”
ကျွန်တော်တို့ကို ဘုရားအားဖြင့် လမ်းပြလှုံ့ဆော်ခံရပြီး ကျွန်တော်တို့စိတ်ဝိညာဉ်တွေထဲက ဝိညာဉ်ရေးရာတိုက်စားမှုကို ကာကွယ်ဖို့၊ ကျွန်တော်တို့ရဲ့အုတ်မြစ်ကို ကြီးစွာအားဖြည့်ဖို့၊ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ကွာဟမှုတွေကိုရှောင်ရှားဖို့နဲ့ ကျွန်တော်တို့ရဲ့သက်သေခံချက်နဲ့ဧဝံဂေလိရဲ့မြင့်မြတ်တဲ့ သမ္မာတရားတွေအပေါ် နားလည်မှုတွေကြား မတည်ငြိမ်မှုကို ကူညီပေးနိုင်ဖို့ ထိရောက်တဲ့နည်းလမ်းတွေကို ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်က ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့ အထူးသဖြင့် သက်ဆိုင်တဲ့အခြေခံသဘောတရားတစ်ခုကို ဩဝါဒနှင့် ပဋိညာဉ်များကျမ်းရဲ့ အပိုဒ်ငယ် ၁၂ မှာ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ဂျိုးဇက်နိုက်သို့ပေးခဲ့တဲ့ ဗျာဒိတ်တော်မှာ တွေ့ရပါတယ်။ ဂျိုးဇက်နိုက်ဟာ အပြင်ပိုင်းပြောင်းလဲမှုအတွက်သာမဟုတ်ဘဲ၊ သူ့ရဲ့တပည့်တော်ဖြစ်ခြင်းမှာ မဆုတ်မနစ်ရပ်တည်ဖို့—“ကောင်းကင်တိုင်တွေအတိုင်း ခိုင်မြဲ”ဖို့ ကိုယ်တော်ရှင်ရဲ့အလိုတော်ကို နားလည်ရန် အလေးအနက်ရှာဖွေခဲ့တဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တော်ရှင်က ကြေညာခဲ့ပါတယ်၊
“ရှုလော့၊ သင့်ထံသို့၊ ထို့အတူ ဤအမှုကိုထူထောင်ပြီး တည်ဆောက်ခြင်းငှာ အလိုဆန္ဒရှိကြသောသူအပေါင်းတို့ထံသို့လည်း ငါမြွက်ဆို၏။
“နှိမ့်ချခြင်း၊ ချစ်ခြင်းနှင့်ပြည့်ဝ၍၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာရှိလျက်၊ မိမိ၏ဂရုစိုက်ခြင်းသို့ ယုံကြည်လွှဲအပ်မည့် အရာရာ၌ ဣန္ဒြေစောင့်သောသူမှတစ်ပါး အဘယ်သူမျှ ဤအမှု၌မကူညီနိုင်။”
ဒီသန့်ရှင်းမြင့်မြတ်တဲ့ဗျာဒိတ်တော်မှာ မှတ်တမ်းတင်ထားတဲ့ ကယ်တင်ရှင်ရဲ့လမ်းညွှန်မှုက ကာမဂုဏ်ချုပ်တည်းခြင်းဟာ ယေရှုခရစ်တော်၌ ခိုင်မြဲတဲ့အုတ်မြစ်အတွက် ပဓာနကျတဲ့အားဖြည့်မှုတစ်ခုဖြစ်ကြောင်း ကျွန်တော်တို့ကို သတိပေးပါတယ်။ ဒါဟာ မရှိမဖြစ်တဲ့ကိုယ်ကျင့်သီလတစ်ခုဖြစ်ပြီး၊ အမှုတော်ဆောင်ဖို့ ခေါ်သွင်းခံရသူတို့အတွက်သာမက၊ ကိုယ်တော်ရှင်နဲ့သန့်ရှင်းမွန်မြတ်တဲ့ပဋိညာဉ်တွေပြုလုပ်ပြီး သစ္စာရှိစွာသူ့နောက်လိုက်ဖို့ လက်ခံသူတွေအားလုံးအတွက်လည်းဖြစ်ပါတယ်။ ကာမဂုဏ်ချုပ်တည်းခြင်းက ဒီဗျာဒိတ်တော်မှာဖော်ပြထားတဲ့ ခရစ်တော်ကဲ့သို့သောအခြားဂုဏ်ရည်တွေဖြစ်တဲ့- နှိမ့်ချခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ မေတ္တာနဲ့ သူ့ထံမှစီးလာသော စင်ကြယ်သောချစ်ခြင်းနဲ့ ညီညွတ်စေပြီး အားဖြည့်ပေးပါတယ်။ ဒါ့အပြင်၊ ကာမဂုဏ်ချုပ်တည်းခြင်းကိုပျိုးထောင်ခြင်းက ယေရှုခရစ်တော်၌ ကျွန်တော်တို့ရဲ့အုတ်မြစ်ကို အားနည်းစေနိုင်တဲ့ လောကီရေးရာလွှမ်းမိုးမှုတွေအားဖြင့် ဖြစ်ပေါ်စေတဲ့ သိမ်မွေ့သော်လည်း အဆက်မပြတ်ဖြစ်တဲ့ ဝိညာဉ်ရေးရာတိုက်စားမှုကို ဆန့်ကျင်ကာ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကို ကာကွယ်ဖို့ လေးနက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ခရစ်တော်ရဲ့စစ်မှန်တဲ့တပည့်တော်တွေကို တန်ဆာဆင်တဲ့ အရည်အသွေးတွေကြားမှာ၊ ကာမဂုဏ်ချုပ်တည်းခြင်းက မြင့်မြတ်တဲ့လွှမ်းမိုးမှုကို ဖွင့်ဟလက်ခံသူအားလုံးရရှိနိုင်တဲ့ အဖိုးထိုက်သောဝိညာဉ်အသီးတစ်လုံးဖြစ်ပြီး ကယ်တင်ရှင်ကိုယ်တော်တိုင်ရဲ့ ပုံရိပ်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒါဟာ စိတ်နှလုံးကို သာယာငြိမ်းချမ်းမှု ဆောင်ယူပေးပြီး ဆန္ဒတွေနဲ့ ခံစားချက်တွေကို ဉာဏ်ပညာနဲ့တည်ငြိမ်အေးချမ်းမှုဖြင့် ပုံဖော်ပေးတဲ့ ကိုယ်ကျင့်သီလပဲဖြစ်ပါတယ်။ ကျမ်းစာတွေမှာ၊ ကာမဂုဏ်ချုပ်တည်းခြင်းကို ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာခရီးမှာ တိုးတက်ခြင်းအတွက် ပဓာနကျတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ဖော်ပြပြီး၊ ၎င်းက ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ စကားလုံးတွေနဲ့ အပြုအမူတွေကို သန့်စင်နေချိန်မှာ ကျွန်တော်တို့ကို သည်းခံခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနဲ့ ကရုဏာတရားသို့ ဦးဆောင်လမ်းပြပေးပါတယ်။
ခရစ်တော်ကဲ့သို့ ဒီဂုဏ်ရည်ကိုပျိုးထောင်ဖို့ ကြိုးပမ်းကြတဲ့ခရစ်တော်ရဲ့တပည့်တော်တွေဟာ တဖြည်းဖြည်း ပိုမိုနှိမ့်ချပြီး မေတ္တာပြည့်ဝလာကြပါတယ်။ တည်ငြိမ်တဲ့ခွန်အားတစ်ရပ်သူတို့ထဲမှာ ပေါ်ထွက်လာပြီး၊ ဒုက္ခရဲ့လေပြင်းတွေ ကြမ်းတမ်းစွာ တိုက်ခတ်တဲ့အခါမှာတောင်၊ သူတို့ဟာ အမျက်ကိုချုပ်တည်းခြင်း၊ စိတ်ရှည်ခြင်းကို ပျိုးထောင်ခြင်းနဲ့ တစ်ပါးသူတွေကို သည်းခံခြင်း၊ လေးစားမှုနဲ့ ဂုဏ်သိက္ခာဖြင့် ဆက်ဆံခြင်း ပိုမိုတတ်စွမ်းနိုင်လာကြပါတယ်။ သူတို့ဟာ မဆင်မခြင်ပြုမူခြင်းမပြုဘဲ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ သိမ်မွေ့အောက်ကျို့ပြီး နူးညံ့တဲ့လွှမ်းမိုးမှုအားဖြင့် လမ်းပြပေးတဲ့ ဝိညာဉ်ရေးရာဉာဏ်ပညာဖြင့်ပြုမူဖို့ ရွေးချယ်ရန် ကြိုးပမ်းကြပါတယ်။ ကိုယ်တော့်အကြောင်း သူတို့ရဲ့သက်သေခံချက်ကို တုန်လှုပ်စေနိုင်တဲ့ စုံစမ်းခြင်းတွေကိုရင်ဆိုင်ရာမှာတောင်၊ သူတို့ဟာ တမန်တော်ပေါလုသင်ကြားခဲ့တဲ့အတိုင်း၊ သူတို့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို သူတို့တတ်စွမ်းနိုင်ကြောင်း သိကြတာကြောင့် ဒီနည်းလမ်းနဲ့ ဝိညာဉ်ရေးရာတိုက်စားခြင်းကို ပိုပြီးခံနိုင်ရည်ရှိလာကြပါတယ်။
တိတုထံပို့တဲ့အမှာစာမှာ၊ ရှင်ပေါလုက ကယ်တင်ရှင်ကိုကိုယ်စားပြုဖို့နဲ့ ယုံကြည်ခြင်းနဲ့ဆက်ကပ်ခြင်းဖြင့် ကိုယ်တော့်ရဲ့အလိုတော်ကိုဆောင်ရွက်ဖို့ ဆန္ဒရှိသူတွေရဲ့အရည်အချင်းတွေနဲ့စပ်လျဉ်းပြီး သန့်ရှင်းမွန်မြတ်တဲ့အကြံဉာဏ်ကို ပေးပို့ခဲ့ပါတယ်။ သူတို့ဟာ ကာမဂုဏ်ချုပ်တည်းခြင်းရဲ့သက်ရောက်မှုကို ရှင်းလင်းစွာထင်ဟပ်စေတဲ့ အရည်အသွေးတွေရှိတဲ့—ဧည့်ဝတ်ပြုတတ်သော၊ ဣန္ဒြေစောင့်သော၊ ဖြောင့်မတ်သော၊ သန့်ရှင်းသောသူတွေ ဖြစ်သင့်ကြောင်း ရှင်ပေါလုပြောခဲ့ပါတယ်။
သို့သော်၊ သူတို့ဟာ “ကိုယ်အလိုသို့ လိုက်တတ်သော၊ စိတ်တိုသော၊ … [ထို့အတူ] သူတစ်ပါးကို ရိုက်ပုတ်သောသူတွေမဖြစ်” သင့်ကြောင်းလည်း ရှင်ပေါလုက သတိပေးခဲ့ပါတယ်။ ဒီလိုစရိုက်လက္ခဏာတွေက ကယ်တင်ရှင်ရဲ့သင်ကြားမှုတွေနဲ့ဆန့်ကျင်ပြီး စစ်မှန်တဲ့ဝိညာဉ်ရေးရာကြီးထွားမှုကို ဟန့်တားပါတယ်။ ကျမ်းစာဆိုင်ရာစကားစပ်မှာ၊ “ကိုယ်အလိုသို့ မလိုက်တတ်သောသူ”ဆိုတာ မောက်မာပြီး မာနနဲ့ပြုမူဖို့ ငြင်းဆိုသူဖြစ်ပါတယ်၊ “စိတ်မတိုသောသူ”ဆိုတာ သည်းမခံဘဲစိတ်ဆိုးလာစေတဲ့ ဇာတိပကတိတွန်းအားကို ရှောင်ရှားသူဖြစ်ပါတယ်၊ ပြီးတော့ “သူတစ်ပါးကို မရိုက်ပုတ်သောသူ”ဆိုတာ စကားဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ စိတ်ခံစားချက်ဖြင့်ဖြစ်စေ ငြင်းခုံ၊ ရန်လိုပြီး ကြမ်းတမ်းတဲ့ အပြုအမူကို ငြင်းပယ်တဲ့သူဖြစ်ပါတယ်။ ယုံကြည်ခြင်းနဲ့ နှိမ့်ချခြင်းဖြင့် ကျွန်တော်တို့ရဲ့အပြုအမူကို ပြောင်းလဲဖို့ကြိုးပမ်းကြတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ ကိုယ်တော့်ကျေးဇူးတော်ရဲ့ ခိုင်မာတဲ့ကျောက်ပေါ်မှာ ခိုင်မြဲစွာချိတ်တွယ်နိုင်ပြီး သူ့ရဲ့သန့်ရှင်းတဲ့လက်တော်ထဲမှာ စင်ကြယ်ပြီးတောက်ပြောင်တဲ့တန်ဆာတွေ ဖြစ်လာနိုင်ပါတယ်။
ကာမဂုဏ်ချုပ်တည်းခြင်းရဲ့ကိုယ်ကျင့်သီလကို ပျိုးထောင်ဖို့ လိုအပ်ချက်ကိုဆင်ခြင်သုံးသပ်ရာမှာ၊ ကြီးမားတဲ့စုံစမ်းမှုတွေအပြီးမှာတောင် ကိုယ်တော်ရှင်ကို ကျေးဇူးတော်ချီးမွမ်းတဲ့သီချင်းသီဆိုခဲ့တဲ့၊ အံ့ဖွယ်ယုံကြည်ခြင်းရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်တဲ့ ပရောဖက်ရှမွေလရဲ့မိခင် ဟန္နရဲ့စကားတွေကို ကျွန်တော်သတိရမိပါတယ်။ သူမက၊ “ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏” လို့ ပြောခဲ့ပါတယ်။ သူမရဲ့သီချင်းက ဆုတောင်းချက်ထက်ပိုပါတယ်—ဒါက နှိမ့်ချခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနဲ့ သင့်တင့်စွာနေခြင်းဖြင့် ပြုမူဖို့ မိမိကိုယ်ကိုပေးတဲ့ဖိတ်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ ဟန္နက စစ်မှန်တဲ့ဝိညာဉ်ရေးရာခွန်အားကို စိတ်လိုက်မာန်ပါ တုံ့ပြန်မှုတွေ သို့မဟုတ် မောက်မာတဲ့ စကားလုံးတွေနဲ့ မဖော်ပြဘဲ၊ ကိုယ်တော်ရှင်ရဲ့ ဉာဏ်ပညာနဲ့ကိုက်ညီတဲ့ ဆင်ခြင်စဉ်းစားတတ်တဲ့ စိတ်သဘောထားတွေနဲ့ ဖော်ပြကြောင်း ကျွန်တော်တို့ကိုသတိပေးပါတယ်။
မကြာခဏဆိုသလို၊ လောကဟာ ရန်လိုမှု၊ မောက်မာမှု၊ စိတ်မရှည်ခြင်းနှင့် လွန်ကဲခြင်းတို့မှလာတဲ့ အပြုအမူတွေကိုချီးမြှောက်ပြီး၊ နေ့စဉ်ဘဝရဲ့ဖိအားတွေနဲ့ အသိအမှတ်ပြုခံရခြင်းနဲ့ထင်ပေါ်ကျော်ကြားမှုဆီကို တိမ်းညွှတ်ခြင်းအားဖြင့် အဲလိုစိတ်သဘောထားတွေကို မကြာခဏဆိုသလို မှန်ကန်ကြောင်းလက်ခံကြပါတယ်။ ကျွန်တော်တို့ဟာ ကာမဂုဏ်ချုပ်တည်းခြင်းရဲ့ကိုယ်ကျင့်သီလမှ မျက်နှာလွှဲပြီး ကျွန်တော်တို့ရဲ့ပြုမူဟန်နဲ့ပြောဆိုဟန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့နူးညံ့ပြီး လျော်ကန်တဲ့လွှမ်းမိုးမှုကို လျစ်လျူရှုတဲ့အခါ၊ ကျွန်တော်တို့ဟာ ရန်သူရဲ့ထောင်ချောက်ထဲကို လွယ်ကူစွာကျသွားပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့လူမှုရေးမှာဖြစ်စေ၊ မိသားစုမှာဖြစ်စေ သို့မဟုတ် ဓမ္မဆိုင်ရာ ဆက်ဆံရေးတွေမှာပင်ဖြစ်စေ ကျွန်တော်တို့အလွန်အမင်းနောင်တရစေမယ့် စကားလုံးတွေကိုပြောဆိုဖို့နဲ့ စိတ်သဘောထားတွေခံယူဖို့ ကျွန်တော်တို့ကို မလွှဲမသွေဦးဆောင်ပေးနေပါတယ်။ လူတစ်ဦးရဲ့စရိုက်မှန်ကို အထူးသဖြင့်စိန်ခေါ်မှုကြုံတွေ့ရချိန်တွေမှာ အတိအကျဖော်ထုတ်တာကြောင့် ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်က ဒီကိုယ်ကျင့်သီလကိုကျင့်သုံးဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်။ မာတင် လူသာ ကင်း ဂျူနီယာ၊ တစ်ခါကပြောခဲ့တဲ့အတိုင်း၊ “လူတစ်ဦးရဲ့စစ်မှန်တဲ့ကိုယ်ကျင့်တရားအတိုင်းအတာက ကိုယ်စိတ်ချမ်းသာပြီး အဆင်ပြေချောမွေ့တဲ့အခိုက်အတန့်တွေမှာမဟုတ်ဘဲ၊ စိန်ခေါ်မှုနဲ့ အငြင်းပွားဖွယ် ကြုံတွေ့ရချိန်တွေမှာဖြစ်ပါတယ်။”
ပဋိညာဉ်ပြုထားတဲ့လူတွေအနေနဲ့၊ ကိုယ်တော့်ရဲ့စုံလင်တဲ့ဥပမာအားဖြင့် သူသက်သေထူခဲ့တဲ့ပုံစံကို ဂရုတစိုက်လိုက်လျှောက်ကာ၊ ကိုယ်တော်ရှင်ထံကျွန်တော်တို့ပြုခဲ့တဲ့ သန့်ရှင်းမွန်မြတ်တဲ့ကတိတော်တွေမှာ နှလုံးသားတွေ ခိုင်မြဲစွာအမြစ်စွဲနေထိုင်ဖို့ ကျွန်တော်တို့ကိုခေါ်ဆိုထားပါတယ်။ အပြန်အလှန်အားဖြင့်၊ “သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာသည် ငါ၏ဩဝါဒဖြစ်၏၊ ဤအရာအပေါ်၌ တည်ဆောက်သောသူသည် ငါ၏ကျောက်ပေါ်၌ တည်ဆောက်၏။ ငရဲ၏တံခါးတို့သည်လည်း သူတို့ကို မနိုင်ရာ”လို့ ကိုယ်တော်က ကတိပေးခဲ့ပါတယ်။
Let Not Your Heart Be Troubled၊ ဟားဝါ့ဒ် လီယွန် မှ၊ ဟေဗန်လိုက်တ် မှပေးအပ်ခြင်း
ကမ္ဘာပေါ်ရှိ ကယ်တင်ရှင်ရဲ့အမှုတော်ဆောင်ခြင်းကို သူ့ရဲ့စရိုက်လက္ခဏာရဲ့ ရှုထောင့်အလုံးစုံမှာ ကာမဂုဏ်ချုပ်တည်းခြင်းရဲ့ကိုယ်ကျင့်သီလအားဖြင့် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ ကိုယ်တော့်ရဲ့စုံလင်တဲ့ဥပမာအားဖြင့်၊ ကျွန်တော်တို့ကို “ဆင်းရဲဒုက္ခများ၌ သည်းခံလော့၊ ကဲ့ရဲ့ပြောဆိုသောသူများကို ဆန့်ကျင်၍ကဲ့ရဲ့ပြောဆိုခြင်း မပြု”ဖို့ ကိုယ်တော်သင်ကြားခဲ့ပါတယ်။ ကိုယ်တော်က အငြင်းပွားမှုတွေနဲ့ ငြင်းခုံခြင်းတွေကြောင့် အမျက်ဒေါသကို ကျွန်တော်တို့ အခွင့်မပေးသင့်ကြောင်း သင်ကြားခဲ့တဲ့အခါ၊ “သင်တို့သည် နောင်တရ၍ ကလေးသူငယ်ကဲ့သို့ ဖြစ်လာကြ”ဖို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တော်က စိတ်နှလုံးမှအကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် သူ့ထံသို့လာကြဖို့ ဆန္ဒရှိသူအားလုံးက သူတို့အမျက်ထွက်နေတဲ့သူတွေနဲ့ သို့မဟုတ် သူတို့အပေါ် မနှစ်သက်စိတ်ရှိသူတွေနဲ့ မိတ်သဟာယဖွဲ့ရမယ်လို့လည်း သင်ကြားပေးခဲ့ပါတယ်။ ကြမ်းတမ်းမှု၊ မကြင်နာမှု၊ မလေးစားမှု သို့မဟုတ် ဥပေက္ခာပြုခြင်းတို့ဖြင့် ကျွန်တော်တို့ဆက်ဆံခံရတဲ့အခါ၊ ကိုယ်တော်ရဲ့ကြင်နာခြင်းက ကျွန်တော်တို့ထံမှ ရွေ့မှာမဟုတ်ဘဲ၊ သူ့ရဲ့ငြိမ်းချမ်းခြင်းပဋိညာဉ်လည်း ကျွန်တော်တို့ရဲ့အသက်တာတွေမှ လှုပ်ရှားမှာမဟုတ်ကြောင်း၊ ဆင်ခြင်တဲ့စိတ်သဘောထားနဲ့ ကရုဏာတော်ပြည့်တဲ့နှလုံးသားဖြင့် ကိုယ်တော်က ကျွန်တော်တို့ကို စိတ်ချစေခဲ့ပါတယ်။
လွန်ခဲ့သောနှစ်အနည်းငယ်က၊ ကျွန်တော့်ဇနီးသည်နဲ့ကျွန်တော်ဟာ မက္ကဆီကိုမြို့ရှိအသင်းတော်ရဲ့ သစ္စာရှိတဲ့အသင်းသားအချို့နဲ့စည်းဝေးဖို့ မွန်မြတ်တဲ့အခွင့်ထူးရခဲ့ပါတယ်။ သူတို့အများစုဟာ၊ သူတို့ကိုယ်တိုင်ကိုယ်ကျ သို့မဟုတ် သူတို့ချစ်ရသူတွေ ကြုံတွေ့ခဲ့ရတဲ့ ပြန်ပေးဆွဲမှုတွေ၊ လူသတ်မှုတွေနဲ့ အခြားစိတ်ထိခိုက်ဖွယ်ဝမ်းနည်းစရာတွေအပါအဝင် ဖော်မပြနိုင်တဲ့စုံစမ်းခြင်းတွေကို ကြံ့ကြံ့ခံခဲ့တဲ့သူတွေဖြစ်ပါတယ်။
အဲဒီသန့်ရှင်းသူတွေရဲ့မျက်နှာတွေကို ကျွန်တော်တို့ကြည့်တဲ့အခါ၊ အမျက်ဒေါသ၊ မကျေမချမ်းမှု သို့မဟုတ် လက်စားချေလိုစိတ်ကို ကျွန်တော်တို့မတွေ့ခဲ့ရပါဘူး။ အဲဒီအစား၊ အေးချမ်းတဲ့နှိမ့်ချခြင်းကို ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်။ သူတို့ရဲ့မျက်နှာထားတွေက ဝမ်းနည်းခြင်းအရာထင်နေပေမဲ့၊ အနာငြိမ်းခြင်းနဲ့နှစ်သိမ့်ခြင်းအတွက် စိတ်ရင်းနဲ့တောင့်တမှုကို ပြသခဲ့ပါတယ်။ ဒုက္ခဝေဒနာခံစားခဲ့ရတာကြောင့် သူတို့ရဲ့နှလုံးသားတွေကြေကွဲနေပေမဲ့လည်း၊ ဒီသန့်ရှင်းသူတွေဟာ ယေရှုခရစ်တော်၌ယုံကြည်ခြင်းဖြင့် ရှေ့သို့ဆက်ပြီးကြိုးစားအားထုတ်ခဲ့ကာ သူတို့ရဲ့ဆင်းရဲဒုက္ခတွေက သူတို့ရဲ့ယုံကြည်ခြင်းမှာ ကွာဟမှုတွေမဖြစ်လာစေဖို့ သို့မဟုတ် ဧဝံဂေလိတရားတော်အပေါ် သူတို့ရဲ့သက်သေခံချက်မှာ မတည်ငြိမ်ခြင်းမဖြစ်ပွားစေဖို့ ရွေးချယ်ခဲ့ကြပါတယ်။
အဲဒီသန့်ရှင်းမွန်မြတ်တဲ့စုဝေးခြင်း အဆုံးသတ်မှာ၊ ကျွန်တော်တို့ သူတို့အယောက်တိုင်းကို နှုတ်ဆက်ခဲ့ကြပါတယ်။ လက်ဆွဲနှုတ်ဆက်ခြင်းတိုင်း၊ ပွေ့ဖက်ခြင်းတိုင်းဟာ ကိုယ်တော်ရှင်ရဲ့အကူအညီဖြင့် ဘဝရဲ့စိတ်ပျက်စရာတွေနဲ့ စိန်ခေါ်မှုတွေကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်တုံ့ပြန်ဖို့ ကျွန်တော်တို့ရွေးချယ်နိုင်ကြောင်း အေးချမ်းတဲ့သက်သေခံချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့အေးချမ်းပြီးကျိုးနွံတဲ့ဥပမာက အရာရာတိုင်းမှာ ကာမဂုဏ်ချုပ်တည်းခြင်းဖြင့် ကယ်တင်ရှင်ရဲ့လမ်းကိုလျှောက်ဖို့ နူးညံ့သိမ်မွေ့တဲ့ ဖိတ်ခေါ်ချက်တစ်ခုသဖွယ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကင်တမန်တွေရဲ့မျက်မှောက်မှာရှိနေသလို ခံစားခဲ့ရပါတယ်။
ယေရှုခရစ်တော်၊ ခပ်သိမ်းသောသူတို့ထက် အကြီးမြတ်ဆုံးဖြစ်သူဟာ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်တဲ့အထိ ကျွန်တော်တို့အတွက် ဒုက္ခဝေဒနာခံစားခဲ့ပေမဲ့၊ သူ့ရဲ့နှလုံးသားကိုတောက်လောင်စေဖို့ အမျက်တော်ကို ဘယ်သောအခါမှအခွင့်မပေးခဲ့သလို၊ အဲဒီဆင်းရဲဒုက္ခအကြားမှာတောင်၊ သူ့ရဲ့နှုတ်တော်မှ ကြမ်းတမ်း၊ စက်ဆုပ်ဖွယ် သို့မဟုတ် စော်ကားတဲ့စကားလုံးတွေ မထွက်ခဲ့ပါဘူး။ စုံလင်တဲ့ကာမဂုဏ်ချုပ်တည်းခြင်းနဲ့ အတုမရှိတဲ့သိမ်မွေ့အောက်ကျို့ခြင်းဖြင့်၊ ကိုယ်တော်က သူကိုယ်တိုင်အတွက်မစဉ်းစားခဲ့ဘဲ ဘုရားသခင်ရဲ့သားသမီးအယောက်တိုင်းအတွက်—အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို စဉ်းစားပေးခဲ့ပါတယ်။ တမန်တော်ပေတရုက “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏”လို့ ကြေညာကာ ခရစ်တော်ရဲ့မြင့်မြတ်တဲ့စိတ်သဘောထားကို သက်သေခံခဲ့ပါတယ်။ သူ့ရဲ့အကြီးမားဆုံးဝေဒနာခံစားနေချိန်တွင်းမှာတောင်၊ ကယ်တင်ရှင်က စုံလင်ပြီးမွန်မြတ်တဲ့ကာမဂုဏ်ချုပ်တည်းခြင်းကို သရုပ်ပြခဲ့ပါတယ်။ “သို့သော်လည်း၊ ဘုန်းတော်သည် ခမည်းတော်အဖို့ဖြစ်ပါစေသတည်း၊ ငါသည်လည်း သောက်သုံး၍၊ လူသားတို့အတွက် ငါ၏ပြင်ဆင်ခြင်းများကို ပြီးဆုံးစေ၏”လို့ ကိုယ်တော် ကြေညာခဲ့ပါတယ်။
ကျွန်တော်ချစ်ရတဲ့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ချစ်ရတဲ့ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ရဲ့ ပရောဖက်ပြုတောင်းဆိုချက်အား သန့်ရှင်းမွန်မြတ်တဲ့တုံ့ပြန်မှုတစ်ခုအဖြစ် ခရစ်တော်ကဲ့သို့ ကာမဂုဏ်ချုပ်တည်းခြင်းရဲ့ကိုယ်ကျင့်သီလဖြင့် ကျွန်တော်တို့ရဲ့စိတ်တွေနဲ့နှလုံးသားတွေကို တန်ဆာဆင်ဖို့ ကျွန်တော်တို့အားလုံးကို ကျွန်တော်အလွန်အလေးအနက်ထား ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော်တို့ရဲ့အပြုအမူတွေနဲ့ စကားလုံးတွေထဲမှာ ကာမဂုဏ်ချုပ်တည်းခြင်းကို ထည့်သွင်းဖို့ ယုံကြည်ခြင်းနဲ့လုံ့လဝီရိယဖြင့် ကြိုးပမ်းကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့အသက်တာတွေကို ကျွန်တော်တို့ရွေးနုတ်ရှင်ရဲ့ သေချာတဲ့အုတ်မြစ်အပေါ် ပိုမိုခိုင်မြဲစွာ အားဖြည့်ပြီးချိတ်တွယ်လာမယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။
ကာမဂုဏ်ချုပ်တည်းခြင်းကို အဆက်မပြတ်လိုက်စားခြင်းက ကယ်တင်ရှင်ရှေ့မှာ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကို စင်ကြယ်စေပြီး ကျွန်တော်တို့ရဲ့နှလုံးသားကို သန့်စင်စေပါတယ်၊ ဒါက ကိုယ်တော့်ထံပိုမိုနီးကပ်အောင် ကျွန်တော်တို့ကိုညင်သာစွာဆွဲခေါ်ပြီး သူ့ရဲ့ဒုတိယအကြိမ်ကြွလာတော်မူခြင်းမှာ ကျွန်တော်တို့သူ့ကိုတွေ့ဆုံတဲ့အခိုက်၊ အဲဒီအသရေထင်ရှားတဲ့နေ့ရက်အတွက်၊ မျှော်လင့်ခြင်းနဲ့ငြိမ်သက်ခြင်းဖြင့် ကျွန်တော်တို့ကို ပြင်ဆင်ပေးမယ်ဆိုတာကို လေးနက်စွာသက်သေခံပါတယ်။ ဒီသန့်ရှင်းမွန်မြတ်တဲ့စကားလုံးတွေကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့် ကျွန်တော်ဝေမျှပါတယ်၊ အာမင်။