၂၀၂၀- ၂၀၂၄
ကိုယ်တော်ရှင်အဖို့အချိန်ယူပါ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


5:49

ကိုယ်တော်ရှင်အဖို့အချိန်ယူပါ

နေ့စဉ်နေ့တိုင်း—ဧကန်မလွဲ ကျရောက်လာမယ့် စိတ်ထိခိုက်မှုတွေကို ရှောင်ဖို့၊ သင်တို့ဘဝမှာ ကိုယ်တော်ရှင်အတွက် အချိန်ယူခြင်းအားဖြင့်၊ လောက‌သွေး‌ဆောင်မှုကို ‌ဆန့်ကျင်တိုက်ခိုက်ကြဖို့သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။

ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ မိမိတို့ကို ကိုယ်တော်ရှင်စေလိုတဲ့အရာကို သိရအောင်လုံ့လဝီရိယထက်သန်စွာရှာခဲ့သူတွေဖြစ်တဲ့ ကိုယ်တော်၏အစေခံများအားဖြင့် ကျွန်တော်တို့ နှစ်ရက်ကြားသွန်သင်ခံခဲ့ပါပြီ။

နောက်ခြောက်လအတွက် ကျွန်တော်တို့ လုပ်ရမယ့်တာဝန်တွေ ရခဲ့ပါပြီ။ ယခု၊ မေးခွန်းကတော့၊ ကျွန်တော်တို့ ကြားခဲ့၊ ခံစားခဲ့ရတဲ့အရာတွေကြောင့်၊ ကျွန်တော်တို့ ဘယ်လို တစ်မူထူးခြားနိုင်သလဲ ဆိုတာပါပဲ။

ကျွန်တော်တို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အခြေအနေအချိန်အခါမျိုးမှာ ဘဝဘယ်လိုလျှင်မြန်စွာပြောင်းလဲနိုင်တယ်ဆိုတာ ကပ်ရောဂါက သရုပ်ဖော်ခဲ့ပါပြီ။ သို့သော်လည်း၊ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဦးစားပေးမှုတွေရှိပါတယ်၊ ကျွန်တော်တို့ရဲ့ အင်အား၊ အချိန်နဲ့ ဥစ္စာကို ဘယ်လိုသုံးမလဲဆိုတာ သန္နိဋ္ဌာန်ချကြပါတယ်။ ကျွန်တော်တို့အချင်းချင်းဘယ်လိုသွန်သင်မလဲဆိုတာ ဆုံးဖြတ်ကြပါတယ်။ သမ္မာတရားနဲ့ လမ်းညွှန်မှုအတွက် ဘယ်သူ့ဆီသွားမလဲဆိုတာ ကျွန်တော်တို့ရွေးချယ်ကြပါတယ်။

‌လောကရဲ့ လွှမ်းမိုးမှုနဲ့ ဖိအားတွေဟာ ဆွဲဆောင်မှုလည်းရှိ၊ များလည်းအလွန်များပါတယ်။ ဒါပေမယ့်အလွန်များစွာသောလွှမ်းမိုးမှုတွေဟာ၊ လှည့်ဖြားတယ်၊ ညှို့ယူဖမ်းစားတယ်၊ ကျွန်တော်တို့ကို ပဋိညာဉ်လမ်းပေါ်ကနေလည်း လွဲစေပါတယ်။ ကျရောက်လာမယ့် ဧကန်မလွဲ စိတ်ထိခိုက်မှုတွေကို ရှောင်ဖို့၊ သင်တို့ဘဝမှာ ကိုယ်တော်ရှင်အတွက် အချိန်ယူခြင်းအားဖြင့်၊ လောက‌သွေး‌ဆောင်မှုကို ‌ဆန့်ကျင်တိုက်ခိုက်ကြဖို့သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။

သင်ရရှိတဲ့သတင်းအချက်အလက် အများစုဟာ လူမှု၊ သို့မဟုတ် အခြားကွန်ယက်က ရရှိတာဆိုလျှင်၊ သင့်ရဲ့ ဝိညာဉ်တော်၏တီးတိုးသံကို ကြားနိုင်စွမ်းလျော့နည်းလာမှာဖြစ်ပါတယ်။ သင်ဟာ နေ့စဉ်ဆုတောင်းခြင်းနဲ့ ဧဝံဂေလိတရားတော်လေ့လာခြင်းတို့ဖြင့် ကိုယ်တော်ရှင်ကို မရှာဘူးဆိုလျှင်လည်း၊ သင့်ကိုယ်ကိုစိတ်ဝင်စားစရာကောင်းပေမယ့် မမှန်တဲ့ ‌အတွေးအ‌ခေါ်တွေကို ခုခံနိုင်စွမ်းမရှိအောင်လုပ်တာပါပဲ။ သစ္စာရှိတဲ့သန့်ရှင်းသူတွေတောင်မှ၊ ဗာဗုလုန်တီးဝိုင်းရဲ့ ပုံမှန်စည်းချက်ကြောင့် လမ်းချော်နိုင်ပါတယ်။

ကျွန်တော့်ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကိုယ်တော်ရှင်အဖို့ အချိန်ယူကြဖို့ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။ သင့်ကိုယ်ပိုင်ဝိညာဉ်အုတ်မြစ်ကို ခိုင်မာစေပါ၊ သန့်ရှင်းသောဝိညာဉ်တော်ကို သင်နှင့် အမြဲရှိစေဖို့အခွင့်ပေးတဲ့ အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် စုံစမ်းချိန်မှာ ကြံ့ကြံ့ခံနိုင်စွမ်းရှိစေကြပါ။

“ဝိညာဉ်တော်မိန့်တော်မူတဲ့ … အမှုအရာတို့ အမှန်ဖြစ်သည့်အတိုင်းနှင့် အမှုအရာတို့ အမှန်ဖြစ်လာမည့်အတိုင်း”ဆိုတဲ့ လေးနက်သောသမ္မာတရားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ “၎င်းက သင်တို့ပြုရမည့်အရာမှန်သမျှကို ပြတော်မူပါလိမ့်မယ်။”

သင်တို့အာရုံကို ယေရှုခရစ်တော်အပေါ်မှာတည်စေခြင်းထက် ဘယ်အရာကမှ ဝိညာဉ်တော်ကို ပိုပြီးမဖိတ်ခေါ်ပါဘူး။ ခရစ်တော်အကြောင်းကို ပြောကြပါ၊ ခရစ်တော်၌ ရွှင်လန်းဝမ်းမြောက်ကြပါ၊ ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့ကြပါ၊ ခရစ်တော်၌ မြဲမြံခြင်းဖြင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်ကြပါ။ သင်တို့ ကိုယ်တော်ကို ကိုးကွယ်၍၊ ပွဲတော်ကိုသုံးဆောင်ခြင်း၊ သူ့နေ့ကို သန့်ရှင်းစေခြင်း ဖြင့်သင်တို့ဥပုသ်နေ့ကို ကြည်နူးဖွယ်ဖြစ်စေကြပါ။

ဒီမနက်မှာ ကျွန်တော်အလေးထားပြောခဲ့တိုင်းအတိုင်း၊ ကိုယ်တော်ရှင်အဖို့ သူ့ရဲ့ သန့်ရှင်းတဲ့အိမ်တော်ထဲမှာ ကျေးဇူးပြု၍ အချိန်ယူကြပါ။ သင့်ဝိညာဉ်အုတ်မြစ်ကို ဗိမာန်တော်အမှုဆောင်ခြင်းနဲ့ ဗိမာန်တော်ကိုးကွယ်ခြင်းလို ဘယ်အရာကမှ ခွန်အားဖြည့်ပေးမှာမဟုတ်ပါဘူး။

ကျွန်တော်တို့ဗိမာန်တော်အသစ်တွေမှာ အလုပ်လုပ်နေကြသူအားလုံးကို ‌ကျေးဇူးတင်ပါတယ်။ ဗိမာန်တော်တွေကို ကမ္ဘာတစ်ဝန်းမှာ တည်ဆောက်နေပါပြီ။ ယနေ့ အောက်ပါဒေသတွေမှာ ဒါမှမဟုတ် အနီးအနားမှာ ဗိမာန်တော်တွေ ထပ်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ကြေညာချင်ပါတယ်၊ ကော့ရှောင်၊ ထိုင်ဝမ်၊တာကလိုဘန်မြို့၊ ဖိလစ်ပိုင်နိုင်ငံ၊ မွန်ရိုးဗီးယား၊ လိုင်ဘေးရီးယား၊ ကန်နန်ဂါ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အန်တာနာနာရီဗို၊ မာဒဂက်စကာ၊ ကူလီယာကန်၊ မက္ကဆီကိုနိုင်ငံ၊ ဗီတိုရီယံ၊ ဘရာဇီး၊ လာပက်ဇ်၊ ဘိုလီးဗီးယား၊ စန်တီယာဂိုးဝက်စ်၊ ချီလီ၊ ဖော့ဝေါ့သ်၊ တက္ကဆက် ပြည်နယ်၊ ကိုဒီး၊ ဝိုင်မင်၊ ရက်ဇ်ဘာ့ဂ်မြောက်ပိုင်း၊ အိုက်ဒဟို၊ ဟေဗာချိုင့်ဝှမ်း၊ ယုဒ၊ အိုရမ် ယုဒဗိမာန်တော်ကို ဆက်ကပ်အပ်နှံပြီးတဲ့နောက် ပရိုဗို ယုဒဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ကျွန်တော်သင်တို့ကို ချစ်ပါတယ်၊ ညီအစ်ကို မောင်နှမများခင်ဗျာ။ ကိုယ်‌တော်ရှင်က သင်တို့ကို သိပါတယ်၊ ချစ်လည်းချစ်ပါတယ်။ သူက သင်တို့ရဲ့ ကယ်တင်ရှင်နဲ့ သင်တို့ရဲ့ရွေးနှုတ်ရှင်ဖြစ်ပါတယ်။ သူက သူ့အသင်းတော်ကို ဦး‌ဆောင်လမ်းညွှန်ပါတယ်။ သင်တို့ဘဝမှာ—နေ့စဉ်နေ့တိုင်း သင်တို့ သူ့အဖို့ အချိန်ယူမယ်ဆိုလျှင်၊ သူက သင်တို့ကို သင်တို့ရဲ့ကိုယ်ပိုင်ဘဝမှာ ဦးဆောင်လမ်းညွှန်ပါလိမ့်မယ်။

ကျွန်တော်တို့ တစ်ဖန်ပြန်တွေ့တဲ့အချိန်အထိ၊ ဘုရားသခင် သင်တို့နဲ့အတူရှိပါစေ၊ ယေရှုခရစ်တော်၏သန့်ရှင်းသောနာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်။

မှတ်စုများ

  1. ယာကုပ် ၄း၁၃အလေးပေးထည့်သွင်းပြောကြားခဲ့သည်။

  2. ၂ နီဖိုင်း ၃၂း၅

  3. ၂နီဖိုင်း ၃၁း၂၀တွင်ကြည့်ပါ

  4. ရှု ထွက်မြောက်ရာကျမ်း ၃၁း၁၃၊ ၁၆ဟေရှာယ ၅၈း၁၃