၂၀၁၀-၂၀၁၉
ပရောဖက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဟောပြောကြ၏
ဧပြီ ၂၀၁၈


5:24

ပရောဖက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဟောပြောကြ၏။

ပရောဖက်များရှိခြင်းသည် ဘုရားသခင်၏သားသမီးများ အတွက် သူ့ချစ်ခြင်းရဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ သူတို့သည် ဘုရားသခင်နှင့် ယေရှုခရစ်တော်၏ ကတိတော်များနှင့် မှန်သောသဘောကို ဖော်ပြကြပါသည်။

ကျွန်တော့ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ရဲ့မနေ့ကထောက်ခံမဲများအတွက် ကျွန်တော်ရိုးသားလေနက်စွာကျေးဇူတင်ကြောင်းဖော်ပြလိုပါတယ်။ ကျွန်တော်ဟာ အပြောမကောင်း၊ စကားနှေးတယ်လို့ မောရှေလိုခံစားရပေမယ့်လည်း၊ သူ့ကိုမိန့်တော်မူတဲ့ ကိုယ်တော်ရှင်ရဲ့စကားများဖြင့် ကျွန်တော့ကိုယ်ကျွန်တော်နှစ်သိမ့်ပါတယ်။

လူ၏နှုတ်ကို အဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်သောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ငါကိုယ်တော်ရှင် ဖန်ဆင်းထားတော်မူလေသည်မဟုတ်လော။

“သို့ဖြစ်၍၊ ယခုသွားလော့၊ သင်၏နှုတ်၌ ငါရှိ၍၊ သင် အဘယ်သို့ပြောရမည်ကို သွန်သင်မည်”( ထွ ၄း၁၁–၁၂အခန်းငယ် ၁၀ ကိုလည်းကြည့်ပါ)။

ကျွန်တော့ချစ်ဇနီးရဲ့ချစ်ခြင်းနဲ့ပံ့ပိုးမှုကြောင့်လည်း ကျွန်တော်အားရမိပါတယ်။ သူမဟာ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ ပြီးတော့ ကိုယ်တော်ရှင်ထံလုံးဝဆက်ကပ်ခြင်းတို့မှာ ကျွန်တော်နဲ့ ကျွန်တော့မိသားစုအတွက် ပုံသက်သေတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါတယ်၊ ကျွန်တော်တို့အပေါ်မှာထားတဲ့ သူ့ရဲ့ ကောင်းသောဩဇာသက်ရောက်ခြင်းအတွက်လည်း ကျေးဇူးတင်ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်ဟာ မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့ ပရောဖက်ဖြစ်ကြောင်း ကျွန်တော်သက်သေခံလိုပါတယ်။ သူ့ထက်ပိုပြီး ကြင်နာတတ်၊ ချစ်တတ်သူ တစ်ယောက်မျှ ကျွန်တော်မတွေ့ဖူးပါဘူး။ ကျွန်တော်ဟာ၊ ဒီသန့်ရှင်းမွန်မြတ်သော အမှုတော်ဆောင်တာဝန်အတွက် အတော်ကို မပြည့်စုံဘူးလို့ ခံစားရပေမယ့်လည်း၊ ဒီတာဝန်ကို သူကမ်းလှမ်းတဲ့အခါ၊ သူ့စကားများနဲ့ သူ့မျက်လုံးရဲ့နူးညံ့တဲ့အကြည့်များက ကျွန်တော့ကို ကယ်တင်ရှင်ရဲ့ ချစ်ခြင်းနဲ့ထွေးပွေ့ထားတယ်လို့ ခံစားရစေပါတယ်။ ကျေးဇူးတင်ပါတယ်၊ ဥက္ကဌနယ်လဆင်။ သင့်ကို ကျွန်တော်ထောက်ခံပါတယ်။ သင့်ကို ကျွန်တော်ချစ်ပါတယ်။

ကျွန်တော်တို့အသက်ရှင်ရာ ဒီနေ့ခေတ်မှာ၊ ကိုယ်တော်ရှင်ရဲ့အလိုတော်ကိုသိဖို့နဲ့ လိုက်လျှေက်ဖို့ကြိုးစားကြတဲ့ ပရောဖက်များ၊ မြင်သောသူများနဲ့ ဗျာဒိတ်ဟောသူများ မြေကြီးပေါ်မှာရှိရတာဟာ ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်ပါလားခင်ဗျာ။ အသက်တာမှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုများရှိသော်ငြားလည်း၊ လောကမှာ ကျွန်တော်တို့အထီးကျန်မဟုတ်ဘူးဆိုတာကို သိရတာက နှစ်သိမ့်စရာဖြစ်ပါတယ်။ ပရောဖက်များရှိခြင်းဟာ ဘုရားသခင်၏သားသမီးများ အတွက် သူ့ချစ်ခြင်းရဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ သူတို့သည် ဘုရားသခင်နှင့် ယေရှုခရစ်တော်၏ ကတိတော်များနှင့် မှန်သောသဘောကို မိမိတို့လူများကို ဖော်ပြကြပါတယ်။ ဒါကို ကျွန်တော့ကိုယ်တွေ့အတွေ့အကြုံအားဖြင့် သိခဲ့ရပါတယ်။

လွန်ခဲ့တဲ့တစ်ဆယ့်ရှစ်နှစ်တုန်းက၊ ပထမဥက္ကဌအဖွဲ့မှာ ဒုတိယအတိုင်ပင်ခံဖြစ်တဲ့ ဥက္ကဌ ဂျိမ်းစ် အီးဖောက်ဖုန်းဆက်တာကို ကျွန်တော့ဇနီးနဲ့ ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ သူကကျွန်တော်တို့ကို သာသနာပြုဥက္ကဌနဲ့လက်တွဲဖော်အဖြစ် ပေါ်တူဂီမှာ အမှုတော်ဆောင်ဖို့ တာဝန်ခန့်အပ်ပါတယ်။ ကျွန်တော်တို့သာသနာပြုမစမီ၊ သီတင်းပတ်ခြောက်ပတ်ပဲအချိန်ရတယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ဟာ၊ မပြင်ဆင်ရသေးဘူး၊ မပြည့်စုံဘူးလို့ခံစားရပေမယ့်လည်း တာဝန်ကို လက်ခံခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အစိုးရိမ်ဆုံးကတော့ အဲဒီနိုင်ငံမှာအမှုတော်ဆောင်ဖို့ လိုအပ်တဲ့ဗီဇာကို ရရှိဖို့ပဲဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင်၊ အရင်အတွေ့အကြုံအရ၊ အဲဒီလုပ်ငန်းစဉ်က၊ ပြီးတဲ့အထိဆိုရင် ခြောက်လကနေ၊ ရှစ်လအထိကြာတယ်ဆိုတာ ကျွန်တော်တို့သိလို့ပါပဲ။

ဒီဗီဇာပြဿနာကို ကျွန်တော်တို့ မြန်မြန်ဖြေရှင်းနိုင်စေဖို့ အလွန်တရာအံ့ဩဖွယ်အမှုတစ်ခုကို ကိုယ်တော်ရှင်ပြုတော်မူလိမ့်မည့်အကြောင်း၊ ကျွန်တော်တို့ယုံကြည်ခြင်းရှိမရှိ ဥက္ကဌဖောက်က အဲဒီအချိန်မှာမေးပါတယ်။ ကျွန်တော်တို့ရဲ့အဖြေကတော့ လုံးဝ ဟုတ်ကဲ့ပါပဲ။ ကျွန်တော်တို့လည်း အစီအစဉ်တွေချက်ချင်းစလုပ်ခဲ့ပါတယ်။ ဗီဇာအတွက်လိုအပ်တဲ့စာရွက်စာတမ်းများကိုပြင်ဆင်ပါတယ်။ ကျွန်တော်တို့ရဲ့ကလေးငယ်သုံးယောက်ကိုခေါ်ပြီး ကောင်စစ်ဝန်ရုံးကို မြန်နိုင်သမျှမြန်မြန်သွားခဲ့ကြပါတယ်။ အတော်သဘောကောင်းတဲ့အမျိုးသမီးတစ်ဦးက အဲဒီမှာ ကျွန်တော်တို့ကို တွေ့ပါတယ်။ ကျွန်တော်တို့ရဲ့စာရွက်တွေကိုပြန်စစ်ရင်းနဲ့၊ ပေါ်တူဂီမှာကျွန်တော်တို့လုပ်ဆောင်မယ့်အရာတွေကို သိလာတဲ့အခါ၊ သူက ကျွန်တော်တို့ဘက်လှည့်ပြီး” သင်တို့ဟာ ကျွန်မတို့နိုင်ငံကလူတွေကို တကယ်ပဲကူညီတော့မလို့လား” မေးပါတယ်။ ကျွန်တော်တို့က ဟုတ်ကဲ့လို့ အခိုင်အမာဖြေပြီးတော့၊ ယေရှုခရစ်တော်ကို ကိုယ်စားပြုမယ့်အကြောင်းရှင်းပြပြီး၊ သူနဲ့ လောကမှာ သူ့ရဲ့ မြင့်မြတ်သောသာသနာအကြောင်းကို သက်သေခံကြပါတယ်။ နောက်လေးပတ်ကြာတဲ့အခါ၊ အဲဒီကို ကျွန်တော်တို့ပြန်သွားကြပြီး၊ ဗီဇာရလို့၊ ကိုယ်တော်ရှင်ရဲ့ပရောဖက်က ကျွန်တော်တို့ကို ခိုင်းတဲ့အတိုင်းပဲ သာသနာပြုနယ်ကို ခြောက်ပတ်အတွင်း ဆိုက်ရောက်ခဲ့ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ပရောဖက်များဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးအားဖြင့် ဟောပြောတဲ့အကြောင်း ကျွန်တော့နှလုံးသားထဲကနေ ကျွန်တော်သက်သေခံပါတယ်။ ခရစ်တော်နဲ့ မြေကြီးပေါ်မှာ သူ့ရဲ့မြင့်မြတ်သောသာသနာအကြောင်းကို သူတို့သက်သေခံကြပါတယ်။ သူတို့ဟာ ကိုယ်တော်ရှင်ရဲ့စိတ်နဲ့နှလုံးသားကို ကိုယ်စားပြုကြပြီး၊ ကျွန်တော်တို့ကို ဘုရားသခင်နဲ့ သူ့သားတော်၊ ယေရှုခရစ်တော်မျက်မှောက်မှာ နေထိုင်ရန်ပြန်သွားဖို့ ကျွန်တော်တို့လုပ်ဆောင်ရမယ့်အရာကို သွန်သင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို ကျွန်တော်တို့ကျင့်သုံးပြီး၊ သူတို့ရဲ့သွန်သင်ချက်များနောက်ကို လိုက်လျှောက်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ကောင်းချီးခံစားရကြပါတယ်။ သူတို့နောက်ကို လိုက်လျှောက်ခြင်းအားဖြင့်၊ ကျွန်တော်တို့အသက်တာများ ပို၍ပျော်ရွှင်စရာကောင်းပြီး၊ ရှုပ်ထွေးခြင်းလျော့နည်းပြီး၊ ကျွန်တော်တို့ရဲ့အခက်အခဲများနဲ့ ပြဿနာများကိုလည်း ကြံ့ကြံ့ခံဖို့ ပိုပြီးလွယ်ကူကြပါတယ်။ ကျွန်တော်တို့ခေတ်မှာ ရန်သူတိုက်ခိုက်ခြင်းမှ ကျွန်တော်တို့ကို ကာကွယ်မယ့် ဝိညာဉ်ပကတိချပ်ဝတ်တန်ဆာကို ကျွန်တော်တို့ပတ်လည်မှာဖန်တီးကြပါတယ်။

ဒီအီစတာနေ့မှာ၊ ယေရှုခရစ်တော်ထမြောက်ပြီး၊ သူအသက်ရှင်လျက်၊ သူ့ရဲ့ပရောဖက်များ၊ မြင်သောသူများနဲ့ ဗျာဒိတ်ဟောသူများအားဖြင့် မြေကြီးပေါ်မှာ သူ့အသင်းတော်ကို သူလမ်းညွှန်တော်မူတဲ့အကြောင်း ကျွန်တော်အလေးအနက်သက်သေခံပါတယ်။ သူဟာ လောကရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်တော်မူသောအရှင်ဖြစ်ပြီး၊ သူ့အားဖြင့် ကျွန်တော်တို့ဟာ ကယ်တင်ခြင်းသို့ရောက်နိုင်ကြပြီး၊ ကျွန်တော်တို့ရဲ့ချစ်သောဘုရားသခင်မျက်မှောက်မှာ ချီးမြှောက်ခြင်းကို ခံရနိုင်ပါတယ်။ ကျွန်တော်သူ့ကို ချစ်ပါတယ်။ ကျွန်တော်သူ့ကို ကြည်ညိုပါတယ်။ ကျွန်တော် သူ့နောက်ကို လိုက်လျှောက်ချင်ပါတယ်။ သူ့အလိုတော်ကိုဆောင်လျက်၊ သူနဲ့ပိုပြီးတူလာချင်ပါတယ်။ ဒီအရာအားလုံးကို ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်နှိမ့်ချစွာ ပြောကြားပါတယ်၊ အာမင်။