လူသာပဓာန
အသင်းတော်ဆိုတာ ချစ်ခြင်းဖြင့်၊ နောက်တော်ကို လိုက်လျှောက်ပြီး၊ ပဋိညာဉ်အားဖြင့် မိမိတို့အပေါ်မှာ နာမတော်ကိုကို ခံယူထားပြီးဖြစ်သောသူများဆိုတဲ့၊ ကိုယ်တော်ရှင်ရဲ့တပည့်တော် သင်တို့အားလုံးသာ ပဓာနဖြစ်ပါတယ်။
ခမ်းနားတဲ့ ပဲရစ်ပြင်သစ်ဗိမာန်တော်ဆောက်လုပ်ရေးအတွက် ပြင်ဆင်နေစဉ်တုန်းက၊ ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်တဲ့ အတွေ့အကြုံတစ်ခုရခဲ့ပါတယ်။ ၂၀၁၀မှာ၊ ဗိမာန်တော်အတွက် မြေကွက်ရှာတွေ့တဲ့အခါ၊ မြို့တော်ဝန်က ကျွန်တော်တို့အသင်းတော်အကြောင်းကို ပိုပြီးသိဖို့ ကျွန်တော်တို့နဲ့တွေ့ဖို့တောင်းဆိုခဲ့ပါတယ်။ ဒီအစည်းအဝေးက အဆောက်အဦးခွင့်ပြုချက်ရရှိရေးမှာ အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ နောက်ပိုင်းကာလသူတော်စင်ဗိမာန်တော်များရဲ့ အထင်ကြီးလေးစားစရာပုံအမျိုးမျိုးပါဝင်တဲ့ တင်ပြချက်တစ်ခုကို ကျွန်တော်တို့ အသေးစိတ်ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော့အထက်သန်ဆုံးမျှော်လင့်ချက်ကတော့၊ ကျွန်တော်တို့လုပ်ငန်းကို မြို့တော်ဝန်ထောက်ပံ့စေဖို့ ဗိသုကာအလှတွေက ဆွဲဆောင်လိမ့်မယ်ဆိုတာပါပဲ။
အံ့ဩဖို့ကောင်းတာက၊ မြို့တော်ဝန်ဟာ ကျွန်တော်တို့တင်ပြချက်ကို ဆန်းစစ်တာထက်၊ ကျွန်တော်တို့ဘယ်လိုအသင်းတော်မျိုးလဲဆိုတာကို သိရဖို့ သူ့တို့ဖာသာသူတို့စုံစမ်းခြင်းပြုဖို့ သူနဲ့သူ့အဖွဲ့က ပိုလိုလားကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘာသာရေးသမိုင်းပါမောက္ခဖြစ်ခဲ့ဖူးတဲ့ မြို့တော်ကောင်စီဝင်တစ်ဦးရဲ့အစီရင်ခံစာကို ကြားနာဖို့၊ နောက်တစ်လမှာ၊ ကျွန်တော်တို့ကို ပြန်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ သူမက “ ဒါတွေထက်အရေးကြီးတာက၊ ရှင်တို့ဘုရားကျောင်းက အသင်းသားတွေဟာ ဘယ်သူတွေလဲဆိုတာကို ကျွန်မတို့နားလည်ချင်ကြပါတယ်။ ပထမ၊ ရှင်တို့ရဲ့ပွဲတော်မင်္ဂလာတစ်ခုကို ကျွန်မတို့တက်ရောက်ခဲ့ပါတယ်။ ဘုရားဝတ်ပြုခန်းရဲ့နောက်တန်းမှာ ကျွန်မတို့ထိုင်ပြီးတော့၊ ပရိတ်သတ်ထဲကလူတွေ ဘာလုပ်သလဲဆိုတာကို ဂရုတစိုက်ကြည့်ခဲ့ပါတယ်။ အဲဒီနောက် ရှင်တို့ရဲ့မြိုနယ်ဗဟိုဌာနပတ်ဝန်းကျင်မှာနေထိုင်သူများဖြစ်တဲ့ ရှင်တို့အိမ်နီးချင်းတွေကို ကျွန်မတို့တွေ့ပြီး၊ မော်မုန်တွေဟာ ဘယ်လိုလူမျိုးတွေလဲဆိုတာကို မေးခဲ့ပါတယ်” လို့ပြောပါတယ်။
ကျွန်တော်ကလည်း၊ စိုးရိမ်စိတ်အနည်းငယ်နဲ့ “ဒါဆိုရင်၊ သင့်ရဲ့ကောက်ချက်ကဘာတွေလဲ” လို့မေးပါတယ်။ သူမက “ယေရှုခရစ်တော်၏နောက်ပိုင်းကာလသူတော်စင်များအသင်းတော်ဟာ ကျွန်မတို့သိတဲ့အခြားအသင်းတော်အားလုံးထက် ယေရှုခရစ်တော်ရဲ့မူရင်းအသင်းတော်နဲ့ အနီးစပ်ဆုံးဖြစ်တယ်ဆိုတာ ကျွန်မတို့တွေ့ရှိရပါတယ်”လို့ ဖြေပါတယ်။ ကျွန်တော်က “ အဲဒါအပြည့်အစုံမမှန်ပါဘူး၊ အနီးစပ်ဆုံးဖြစ်တဲ့အသင်းတော်မဟုတ်ပါဘူး၊ ယေရှုခရစ်တော်ရဲ့အသင်းတော်—အတူတူဖြစ်တဲ့အသင်းတော်၊ မှန်တဲ့အသင်းတော်ဖြစ်ပါတယ်” လို့ပြောလုနီးပါး၊ ကန့်ကွက်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်ကိုယ်ကျွန်တော်ထိန်းပြီးတော့မှ၊ အဲလိုပြောမယ့်အစား၊ တိတ်တိတ်လေးပဲကျေးဇူးတော်ချီးမွမ်းဆုတောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ၊ မြို့တော်ဝန်က သူတို့တွေ့ရှိချက်အရ၊ သူတို့အနီးဝန်းကျင်မှာ ဗိမာန်တော်ဆောက်လုပ်ခြင်းကို သူနဲ့သူ့အဖွဲ့က ကန့်ကွက်ခြင်းမရှိကြောင်း ကျွန်တော်တို့ကို အသိပေးခဲ့ပါတယ်။
ဒီနေ့မှာ၊ အဲဒီအလွန်တရာအံ့ဩဖွယ်အတွေ့အကြုံအကြောင်းကို ကျွန်တော်စဉ်းစားမိတဲ့အခါ၊ မြို့တော်ဝန်ရဲ့ ဉာဏ်ပညာနဲ့၊ ခွဲခြားသိမြင်တဲ့စိတ်အတွက် ကျွန်တော်ကျေးဇူးတင်ခံစားမိပါတယ်။ အသင်းတော်ကို နားလည်ခြင်းအတွက် အဓိကသော့ချက်က၊ အဆောက်အဦးရဲ့ အပြင်ပန်းအသွင်သဏ္ဌာန် သို့မဟုတ်၊ ကောင်းစွာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ပင် သိမြင်ဖို့မဟုတ်ဘဲ၊ ယေရှုခရစ်တော်ရဲ့ပုံသက်သေနောက်သို့လိုက်ဖို့ နေ့တိုင်းကြိုးစားနေတဲ့ သစ္စာရှိအသင်းသားသန်းပေါင်းများစွာတို့အားဖြင့် သိမြင်ဖို့ဖြစ်တယ်ဆိုတာ သူသိခဲ့ပါတယ်။
အသင်းတော်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကမော်မုန်ကျမ်းရဲ့ ကျမ်းပိုဒ်တစ်ပိုဒ်မှ ဆင်းသက်လာတာဖြစ်နိုင်ပါတယ်၊ အဲဒီမှာဖော်ပြတာက၊ “သူတို့ (ကိုယ်တော်ရှင်ရဲ့တပည့်တော်များ) ခရစ်တော်၏နာမတော်၌ နှစ်ခြင်းခံကြသူများကို ခရစ်တော်၏ဘုရားကျောင်မှလူများလို့ခေါ်ပါတယ်။”
တစ်နည်းအားဖြင့်၊ အသင်းတော်မှာ လူသာပဓာနဖြစ်ပါတယ်။ ချစ်ခြင်းဖြင့်၊ သူ့နောက်ကို လိုက်ပြီး၊ ပဋိညာဉ်အားဖြင့် မိမိတို့အပေါ်မှာ သူ့နာမတော်ကိုကို ခံယူထားပြီးဖြစ်သောသူများဆိုတဲ့၊ ကိုယ်တော်ရှင်ရဲ့တပည့်တော် သင်တို့အားလုံးသာ ပဓာနဖြစ်ပါတယ်။
ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်က အသင်းတော်ကို မော်တော်ကားကောင်းတစ်စီးနဲ့ တစ်ခါကနှိုင်းယှဉ်ပြဖူးပါတယ်။ ကျွန်တော်တို့ကားက သန့်ရှင်းတောက်ပြောင်နေလျှင်၊ ကျွန်တော်တို့အားလုံးနှစ်သက်ကြပါတယ်။ ဒါပေမယ့်ကားရဲ့ ရည်ရွယ်ချက်က စွဲမက်စရာစက်တစ်ခုအဖြစ် မြင်သာထင်သာဖြစ်ဖို့မဟုတ်ပါဘူး။ လူတွေကို ကားနဲ့သယ်ဆောင်ဖို့ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ ကျွန်တော်တို့ဟာ၊ အသင်းတော်ရဲ့အသင်းသားများအဖြစ်၊ သန့်ရှင်းပြီး ကောင်းကောင်းထိန်းသိန်းထားတဲ့၊ လှပတဲ့ကိုးကွယ်ရာနေရာတွေရှိရတာကို တန်ဖိုးထားရမှာဖြစ်ပြီး၊ ကောင်းကောင်းလည်ပတ်နေတဲ့အစီအစဉ်များနဲ့လည်း ပျော်မွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့်ဒီဟာတွေက အထောက်အပံ့စနစ်သက်သက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အထူးရည်မှန်းချက်ကတော့၊ ဘုရားသခင်ရဲ့သားသမီးတိုင်းကို ခရစ်တော်ထံသို့လာရန် ဖိတ်ခေါ်ဖို့နဲ့၊ သူ သို့မဟုတ် သူမကို ပဋိညာဉ်လမ်းကြောင်းတစ်လျှောက် လမ်းညွှန်ဖို့ဖြစ်ပါတယ်။ ဘယ်အရာကမှ ပိုပြီးအရေးမကြီးပါဘူး။ ကျွန်တော်တို့ရဲ့အလုပ်မှာ လူများနဲ့ ပဋိညာဉ်များသာအဓိကဖြစ်ပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့အသင်းတော်ကို ဗျာဒိတ်တော်အားဖြင့်ပေးထားတဲ့ အမည်က ဧဝံဂေလိတရားပဋိညာဉ်တစ်ခုစီမှာ အရေးအကြီးဆုံးအချက်နှစ်ချက်ကို အတူပေါင်းစည်းထားတာ အံ့ဩစရာမကောင်းဘူးလားခင်ဗျာ။ ပထမက ယေရှုခရစ်တော် ရဲ့အမည်ဖြစ်ပါတယ်။ ဒီအသင်းတော်ကို သူပိုင်ပါတယ်။ သူ့ရဲ့သန့်ရှင်းစေသော အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ပဋိညာဉ်များဟာ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းအတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်။ ဒုတိယအမည်က သူတော်စင်များ၊ သို့မဟုတ် တစ်နည်းပြောရရင်၊ သူ့ရဲ့သက်သေများနဲ့ သူ့တပည့်တော်များဖြစ်တဲ့ ကျွန်တော်တို့ကို ရည်ညွှန်းပါတယ်။
လူတွေအပေါ်အာရုံစိုက်ခြင်းရဲ့အရေးကြီးပုံကို ပြင်သစ်မှာ ကျွန်တော်မြို့နယ်ဥက္ကဌအဖြစ်အမှုတော်ဆောင်စဉ်က သိခဲ့ရပါတယ်။ ကျွန်တော့အမှုတော်ဆောင်စမှာ၊ မြို့နယ်အတွက် ရည်မှန်းချက်ကြီးတဲ့ ပန်းတိုင်အချို့ ကျွန်တော့စိတ်ထဲမှာ ရှိခဲ့ပါတယ်။ အသင်းတော်စုများတည်ထောင်ခြင်း၊ ဝတ်ပြုရာနေရာအသစ်များတည်ဆောက်ခြင်း၊ ကျွန်တော်တို့ဒေသထဲမှာ ဗိမာန်တော်တစ်ခုဆောက်လုပ်ရေးတောင်မှပါဝင်ပါတယ်။ ခြောက်နှစ်ကြာပြီးတဲ့နောက် ကျွန်တော်ဖြေလွှတ်ခံရတဲ့အခါ၊ ဒီရည်ရွယ်ချက်တွေထဲက တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။ အဲဒီခြောက်နှစ်တာကာလအတွင်းမှာ ကျွန်တော့ရည်ရွယ်ချက်တွေ တစ်မျိုးတစ်ဖုံဖြစ်လာတာကလွဲလို့ လုံးဝကျရှုံးခြင်းတစ်ခုအဖြစ်ခံစားခဲ့ရပါတယ်။
ကျွန်တော့ကို ဖြေလွှတ်တဲ့နေ့က၊ စင်ပေါ်မှာ ကျွန်တော်ထိုင်နေစဉ်မှာ၊ အလွန်လေးနက်သောကျေးဇူးတင်ခြင်းနဲ့ ပြီးမြောက်ခြင်းတို့ရဲ့အသိနဲ့မွန်းခဲ့ပါတယ်။ ရာပေါင်းများစွာသောတက်ရောက်သူအသင်းသားတွေရဲ့မျက်နှာကို ကျွန်တော်ကြည့်ခဲ့ပါတယ်။ သူတို့တစ်ယောက်ချင်းနဲ့ဆက်စပ်နေတဲ့ ဝိညာဉ်ပကတိအတွေ့အကြုံကို ကျွန်တော်မှတ်မိနိုင်ခဲ့ပါတယ်။
နှစ်ခြင်းခံရာရေထဲကို ဆင်းခဲ့သူညီအစ်ကိုမောင်နှမများ၊ သန့်ရှင်းမွန်မြတ်တဲ့ဗိမာန်တော်ဘိသိက်မင်္ဂလာများကို ရရှိစေဖို့ ပထမဆုံးထောက်ခံချက်ကို ကျွန်တော်လက်မှတ်ထိုးပေခဲ့ရသူများ၊ အချိန်ပြည့်သာသနာပြုများအဖြစ်၊ ကျွန်တော်ရွေးထား သို့မဟုတ် ဖြေလွှတ်ပေးခဲ့ရတဲ့ လူငယ်များနဲ့ စုံတွဲများလည်းရှိခဲ့ပါတယ်။ ဘဝမှာ စုံစမ်းခြင်းနဲ့ ဘေးဒုက္ခများကို ကြုံရစဉ်မှာ ကျွန်တော်အမှုတော်ဆောင်ပေးခဲ့ရတဲ့ အခြားသူများစွာရှိခဲ့ပါတယ်။ သူတို့အယောက်စီတိုင်းအတွက် ညီအစ်ကိုအရင်းပမာပြင်းထန်တဲ့ချစ်ခြင်းကို ကျွန်တော်ခံစားခဲ့ရပါတယ်။ သူတို့ကို အစေခံရာမှာ စင်ကြယ်သောဝမ်းမြောက်ခြင်းကို ကျွန်တော်တွေ့ခဲ့ရပြီး၊ ကယ်တင်ရှင်၌ သူတို့ရဲ့ တိုးလာတဲ့သစ္စာရှိခြင်းနဲ့၊ ယုံကြည်ခြင်းတို့မှာ ရွှင်လန်းဝမ်းမြောက်ခဲ့ပါတယ်။
ဥက္ကဌအမ်၊ ရပ်ဆဲလ်ဘောလာ့က သွန်သင်ခဲ့တာကတော့” ကျွန်တော်တို့အသင်းတော်တာဝန်တွေမှာ အရေးအကြီးဆုံးက၊ အစီရင်ခံတဲ့စာရင်းအင်းများ၊ သို့မဟုတ် ကျင်းပတဲ့အစည်းအဝေးများမဟုတ်ပါဘူး၊ လူတစ်ဦးချင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ—ကယ်တင်ရှင်ပြုခဲ့သကဲ့သို့ပင် တစ်ကြိမ်မှာတစ်ဦးကို အမှုတော်ဆောင်ပြီး—အားပေးခံရ၊ တိုက်တွန်းခံရပြီး နောက်ဆုံးမှာပြောင်းလဲခြင်းဖြစ်ပါတယ်။
ကျွန်တော့ချစ်စွာသောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဧဝံဂေလိတရားတော်မှာ ကျွန်တော်သို့ တက်ကြွကြပါသလား၊ သို့မဟုတ်၊ အသင်းတော်ထဲမှာ ကျွန်တော်တို့အလုပ်များရုံသက်သက်ပဲရှိကြပါသလား။ အဓိကအချက်က အရာရာမှာ ကယ်တင်ရှင်ရဲ့ပုံသက်သေနောက်ကိုလိုက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုလုပ်မယ်ဆိုရင်၊ ကျွတ်တော်တို့ဟာ လုပ်ငန်းတွေဆောင်ရွက်နေတာ၊ အစီအစဉ်တွေအကောင်အထည်ဖော်နေတာထက် တစ်ဦးချင်းကို ကယ်တင်ရာမှာ အလိုလိုအာရုံစိုက်ကြပါလိမ့်မယ်။
ကယ်တင်ရှင်က နောက်တနင်္ဂနွေနေ့မှာ သင်တို့ အသင်းတော်စု သို့မဟုတ် အသင်းခွဲကို လာကြည့်မယ်ဆိုရင် ဘယ်လိုဖြစ်လိမ့်မလဲလို့ သင်တို့ကိုယ်ကို မေးဖူးပါသလား။ သူဘာလုပ်မှာပါလဲ။ သရုပ်ပြသင်ထောက်ကူပစ္စည်းတွေကောင်းမကောင်း၊ ကုလားထိုင်တွေကို စာသင်ခန်းထဲမှာ ကောင်းကောင်းချထားမထားပူပန်မှာပါလား။ သို့မဟုတ်၊ သူချစ်နိုင်၊ သွန်သင်နိုင်၊ ကောင်းချီးပေးနိုင်တဲ့တစ်စုံတစ်ယောက်ကို ရှာမှာပါလား။ သူဟာ အသင်းသားအသစ်တစ်ယောက်၊ သို့မဟုတ် မိတ်ဆွေတစ်ယောက်ကို ကြိုဆိုဖို့ ကြိုးစားကောင်းကြိုးစားပါလိမ့်မယ်။ နှစ်သိမ့်မှုလိုအပ်နေတဲ့ ဖျားနာသူညီအစ်ကို သို့မဟုတ် ညီအစ်မ၊ သို့မဟုတ် အားပေးတိုက်တွန်းဖို့ လိုအပ်နေတဲ့လူငယ်တစ်ယောက်ကို လက်ပြနှုတ်ဆက်ကောင်းနှုတ်ဆက်ပါလိမ့်မယ်။
ဘယ်အတန်းကို သူလာကြည့်မှာပါလဲ။ မူလတန်းကလေးများကို သူပထမဆုံးလာကြည့်မယ်ဆိုရင် ကျွန်တော်အံ့ဩမှာမဟုတ်ပါဘူး။ သူဟာ ဒူးထောက်ချပြီး၊ သူတို့ကို ရင်းရင်းနှီးနှီးပြောကောင်းပြောပါလိမ့်မယ်။ သူ့ချစ်ခြင်းကို ပြပြီး၊ ပုံပြင်များပြောလျက်၊ သူတို့ဆွဲတဲ့ရုပ်ပုံတွေကိုချီးကျူးပြီး၊ သူ့ရဲ့ကောင်းကင်ဘုံရှင်အဘအကြောင်းကို သက်သေခံပါလိမ့်မယ်။ သူ့သဘောထားက၊ ဟန်ဆောင်မှုမပါဘဲ ရိုးရှင်း၊ စစ်မှန်ပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီလို လုပ်နိုင်ပါသလား။
သင်တို့ဟာ ကိုယ်တော်ရှင်ရဲ့ လုပ်ငန်းစဉ်မှာရှိတာနဲ့အမျှ၊ သင်တို့ ကူညီပြီး၊ ကောင်းချီးပေးနိုင်တဲ့သူများကို ရှာဖွေခြင်းထက် ဘယ်အရာကမျှပိုပြီးအရေးမကြီးဘဲရှိလာပါလိမ့်မယ်။ အသင်းတော်မှာ၊ သင်တို့ဟာ၊ တစ်ဦးချင်းစီကို သွန်သင်ခြင်းနဲ့၊ သူတို့စိတ်နှလုံးကို တို့ထိခြင်းတို့အပေါ်မှာ အာရုံစိုက်ကြပါလိမ့်မယ်။ သင်တို့ရဲ့အလေးထားခြင်းက၊ စုံလင်သောလှုပ်ရှားမှုကို စီစဉ်တာထက်၊ ဝိညာဉ်ပကတိအတွေ့အကြုံကိုအားပေးဖို့၊ သင်တို့အလည်အပတ်ပြုတဲ့အရေအတွက်ကို ဇယားမှာ စစ်ကြည့်တာထက် သင်တို့အပေါင်းအဖော်အသင်းသားများကို အမှုတော်ဆောင်ဖို့ဖြစ်ပါလိမ့်မယ်။ သင်တို့အကြောင်းမဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမများလို့ ကျွန်တော်တို့ခေါ်တဲ့သူတို့ရဲ့အကြောင်းဖြစ်ပါတယ်။
ဘုရားကျောင်းသွားတာ ကို ကျွန်တော်တို့အကြိမ်များစွာပြောကြပါတယ်။ ဒါပေမယ့်၊ အသင်းတော်ဆိုတာ အဆောက်အဦးတစ်ခု သို့မဟုတ် အထူးနေရာတစ်ခုထက် ပိုပါတယ်။ ဆော့လိတ်မြို့ရှိ အသင်းတော်ရုံးချုပ်မှာကဲ့သို့ပင်၊ ကမ္ဘာ့အဝေးလံဆုံးဒေသရှိ အနှိမ့်ချဆုံးအိမ်များမှာလည်း အမှန်အသက်ရှင်ပါတယ်။ ကိုယ်တော်ရှင်ကိုယ်တိုင်က “အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍၊ အတူတကွစည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်” ဟု မိန့်တော်မူ၏။
ကျွန်တော်တို့ဟာ အသင်းတော်ကို ကျွန်တော်တို့သွားတဲ့နေရာသယ်သွားကြပါတယ်။ အလုပ်ကို၊ ကျောင်းကို၊ အပန်းဖြေခရီးကို၊ ပြီးတော့ ကျွန်တော်တို့ရဲ့အိမ်များမှာဖြစ်ပါတယ်။ ကျွန်တော်တို့တကယ်ရှိနေခြင်းနဲ့လွှမ်းမိုးခြင်းက ကျွန်တော်တို့ရောက်ရှိရာနေရာတိုင်းမှာ ကျွန်တော်တို့ကိုယ်ကို သန့်ရှင်းသောနေရာဖြစ်စေဖို့ လုံလောက်နိုင်ပါတယ်။
ကျွန်တော်တို့ယုံကြည်ခြင်းနဲ့မတူတဲ့မိတ်ဆွေတစ်ယောက်နဲ့ စကားပြောခဲ့ရတာကို ကျွန်တော်သတိရပါတယ်။ ကျွန်တော်တို့အသင်းတော်ရှိ ထိုက်တန်တဲ့အမျိုးသားဘယ်သူမဆို ယဇ်ပုရောဟိတ်အခွင့်ကို လက်ခံရရှိနိုင်ကြောင်းသိရတာကို သူအံ့အားသင့်ခဲ့ပါတယ်။ “ ဒါပေမယ့်၊ သင့်အသင်းတော်စုမှာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူ ဘယ်နှစ်ဦးရှိသလဲလို့” သူကမေးပါတယ်။
“၃၀နဲ့ ၄၀ကြား” ရှိတယ်လို့ ကျွန်တော်ဖြေပါတယ်။
ဇဝေဇဝါဖြစ်ပြီး၊ “ ကျွန်တော့လူစုလူဝေးထဲမှာဆိုရင်၊ ယဇ်ပုရောဟိတ်တစ်ဦးပဲ ကျွန်တော်တို့မှာရှိတယ်။ တနင်္ဂနွေနေ့မှာ သင်တို့ဘာဖြစ်လို့ ယဇ်ပုရောဟိတ်တွေအများကြီးလိုအပ်တာလဲ”လို့ သူကဆက်မေးပါတယ်။
သူ့မေးခွန်းကြောင့်၊ စိတ်ဝင်တစားဖြစ်သွားပြီး “ သင်နဲ့သဘောတူတယ်။ တနင်္ဂနွေနေ့ အသင်းတော်မှာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတွေအဲဒီလောက်အများကြီး ကျွန်တော်တို့လိုအပ်တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့်၊ အိမ်တိုင်းမှာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ယောက် ကျွန်တော်တို့တကယ်လိုအပ်ပါတယ်။ အိမ်တစ်အိမ်မှာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူမရှိတဲ့အခါ၊ အဲဒီမိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ အမှုတော်ဆောင်ဖို့ တစ်ခြားယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများဟာ တောင်းဆိုခံရပါတယ်။” လို့ဖြေဖို့ ကျွန်တော်စိတ်ထက်သန်ခဲ့ပါတယ်။
ကျွန်တော်တို့အသင်းတော်က တနင်္ဂနွေနေ့တင်အသင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ကိုးကွယ်မှုက၊ သီတင်းပတ်ရဲ့နေ့တိုင်း ကျွန်တော်တို့ရောက်လေရာ၊ ကျွန်တော်တို့ပြုလေရာမှာ ဆက်ရှိနေပါတယ်။ အထူးသဖြင့်၊ ကျွန်တော်တို့အိမ်များဟာ “ ကျွန်တော်တို့ယုံကြည်ခြင်းရဲ့ အဓိကဝတ်ပြုရာဌာနများ” ဖြစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့အိမ်များထဲမှာ ကျွန်တော်တို့ မကြာခဏအများဆုံး ဆုတောင်းကြ၊ ကောင်းချီးပေးကြ၊ လေ့လာကြ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို သွန်သင်ကြပြီး၊ စင်ကြယ်သောချစ်ခြင်းဖြင့် အစေခံကြပါတယ်။ ကျွန်တော့ကိုယ်တိုင်အတွေ့အကြုံရ ကျွန်တော်တို့ရဲ့အိမ်များဟာ၊ ဝိညာဉ်တော်နဲ့ကြွယ်ဝနိုင်ရာ၊ သန့်ရှင်းမွန်မြတ်သောနေရာများဖြစ်ပါတယ်—အဲဒီလိုဖြစ်ရုံမျှမက၊ တစ်ခါတစ်ရံမှာ၊ ကျွန်တော်တို့ပုံမှန်ဝတ်ပြုရာနေရာများထက်တောင်ပိုတဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။
ဒီအသင်းတော်ဟာ ယေရှုခရစ်တော်ရဲ့အသင်းတော်ဖြစ်ကြောင်း၊ ကျွန်တော်သက်သေခံပါတယ်။ ဒီအသင်းတော်ရဲ့ ခွန်အားနဲ့ အားအင်ပြည့်ဖြိုးခြင်းဟာ အခြားသူများကို ဂရုစိုက်ခြင်းအားဖြင့်၊ သူ့ရဲ့အကြီးမြင့်ဆုံးပုံသေက်သေကို လိုက်ဖို့ နေ့တိုင်းကြိုးစားကြတဲ့၊ သူ့တပည့်တော်သန်းပေါင်းများစွာရဲ့နေ့စဉ်အပြုအမူများဆီကနေ လာတာဖြစ်ပါတယ်။ ခရစ်တော်အသက်ရှင်ပြီး၊ ဒီအသင်းတော်ကို လမ်းညွှန်ပါတယ်။ ဥက္ကဌရပ်ဆဲလ် အမ်၊နယ်လဆင်ဟာ ကျွန်တော်တို့ခေတ်မှာ ဦးဆောင်လမ်းညွှန်ဖို့ သူရွေးချယ်ထားတဲ့ ပရောဖက်ဖြစ်ပါတယ်။ ဒီအရာများကို ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။