၂၀၁၀-၂၀၁၉
ကယ်တင်ရှင်ပြုတော်မူသကဲ့သို့ အမှုတော်ဆောင်ခြင်း
ဧပြီ ၂၀၁၈


13:4

ကယ်တင်ရှင်ပြုတော်မူသကဲ့သို့ အမှုတော်ဆောင်ခြင်း

ကျွန်မတို့ရဲ့ထာဝရညီအစ်ကိုမောင်နှမများကို ချစ်ခြင်းနှင့်အမှုတော်ဆောင်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ကျေးဇူးတရားနဲ့ ဘုရားသခင်အားချစ်ခြင်းကို ပြနိုင်ကြပါစေ။

ဘုရားသခင်ထံမှ အဆက်မပြတ်တဲ့ဗျာဒိတ်တော်ကို ရရှိတဲ့ခေတ်မှာနေရတာ အံ့ဩဖွယ်ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ခေတ်အကြောင်း၊ ပရောဖက်ပြုဟောထားတဲ့ ဖြစ်စဉ်များအတိုင်း ယခုလက်ရှိနဲ့ လာမယ့်“အရာအားလုံးပြန်လည်အပ်နှင်းခြင်း” ကို မျှော်လင့်ပြီး၊ လှိုက်လှိုက်လှဲလှဲလက်ခံကြတာနဲ့အမျှ၊ ကျွန်မတို့ဟာ ကယ်တင်ရှင်ရဲ့ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်နေကြပါတယ်။

တစ်ယောက်ကိုတစ်ယောက်ချစ်ခင်စွာအမှုတော်ဆောင်ခြင်းအားဖြင့်၊ သူကဲ့သို့ ဖြစ်လာရန်ကြိုးစားဖို့ထက် သူနဲ့တွေ့ရန်ပြင်ဆင်ဖို့ ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ ယေရှုခရစ်တော်က၊ ဒီသာသနာတော်ကာလရဲ့အစမှာ သူ့နောက်လိုက်များကို “ သင့်တို့သည် ငါ့ကိုချစ်လျှင်၊ ငါ့ကိုအစေခံရမည်”လို့ သွန်သင်ခဲ့သလိုပါပဲ။ အခြားသူများကို ကျွန်မတို့ရဲ့အစေခံခြင်းဟာ တပည့်တော်ဖြစ်ခြင်း၊ ပြီးတော့ ဘုရားသခင်နှင့် သူ့သားတော်ယေရှုခရစ်တော်အတွက် ကျွန်မတို့ရဲ့ကျေးဇူးတရားနဲ့ချစ်ခြင်းအကြောင်း လက်တွေ့သရုပ်ပြခြင်းဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ၊ ကျွန်မတို့ဟာ မိမိတို့အိမ်နီးချင်းများကို အစေခံရာမှာ ကြီးကျယ်ပြီး၊ သူရဲကောင်းဆန်တယ်လို့ “ယူဆ”ရမယ့်အရာ တစ်စုံတစ်ခုကို လုပ်ရမယ်လို့ တွေးတတ်ကြပါတယ်။ သို့သော်လည်း၊ ရိုးရှင်းသောအစေခံခြင်းအပြုအမူများဟာ၊ အခြားသူများနဲ့ ကျွန်မတို့အပေါ်မှာ အကြီးအကျယ်အကျိုးသက်ရောက်မှုများ ရှိနိုင်ပါတယ်။ ကယ်တင်ရှင် ဘာလုပ်ခဲ့ပါသလဲ။ ဒီလှပတဲ့အီစတာဥပုသ်နေ့မှာ ကျွန်မတို့ကျင်းပတဲ့ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရှင်ပြန်ထမြောက်ခြင်း မြင့်မြတ်သောဆုကျေးဇူးများအားဖြင့်ကဲ့သို့ “မြေကြီးပေါ်မှာနေထိုင်လေသူ၊ နေထိုင်မည့်သူအားလုံးအပေါ် အလွန်ကြီးကျယ်သောလွှမ်းမိုးမှုဟာ အခြားဘယ်သူ့မှာမျှ မရှိခဲ့ပါဘူး။” သို့သော်၊ သူက ပြုံးပြခဲ့၊ အတူပြောခဲ့၊ အတူလျှောက်ခဲ့၊ နားထောင်ခဲ့ပြီး၊ အချိန်ပေးခဲ့တယ်။ အားပေးခဲ့၊ သွန်သင်ခဲ့၊ ကျွေးမွေးခဲ့ပြီး၊ ခွင့်လွှတ်ခဲ့ပါတယ်။ မိသားစုများနဲ့ မိတ်ဆွေများ၊ အိမ်နီးချင်းများနဲ့သူစိမ်းများကို တန်းတူအစေခံပြီး၊ အသိမိတ်ဆွေများနဲ့ ချစ်ခင်ရသူများကို သူ့ဧဝံဂေလိတရားတော်ရဲ့ကြွယ်ဝသောကောင်းချီးမင်္ဂလာများကို ခံစားဖို့ သူဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ “ရိုရှင်းသော” အစေခံခြင်းနဲ့ချစ်ခြင်း အပြုအမူများက ယနေ့ကျွန်မတို့အမှုတော်ဆောင်ခြင်းအတွက် စံနမူနာတစ်ခုကို ပေးပါတယ်။

သင့်ရဲ့အမှုတော်ဆောင်ကြိုးပမ်းမှုများမှာ ကယ်တင်ရှင်ကို ကိုယ်စားပြုဖို့ အထူးအခွင့်အရေးရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုမေးပါ၊ “ ငါဟာ ဧဝံဂေလိတရားတော်အလင်းကို ဒီလူ သို့မဟုတ် မိသားစုနဲ့ ဘယ်လိုဝေငှနိုင်သလဲ။ ငါပြုလုပ်စေဖို့ ဝိညာဉ်တော်လမ်းပြလှုံ့ဆော်နေတဲ့အရာက ဘာလဲ။”

အမှုတော်ဆောင်ခြင်းကို အမျိုးမျိုးသော သီးခြားနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒါဆိုရင် အဲဒါကဘာနဲ့ တူပါသလဲ။

အမှုတော်ဆောင်ခြင်းဟာ တာဝန်ပေးအပ်ခြင်းများအကြောင်းကို အသင်းလူကြီးအဖွဲ့ နဲ့ လူမှုသက်သာရေးအဖွဲ့ ဥက္ကဌအဖွဲ့ဝင်များ ဆုတောင်းချက်ထက်သန်စွာ တိုင်ပင်ခြင်းလိုပါပဲ။ ခေါင်းဆောင်များ စာရွက်စာတမ်းများကို ဝေငှနေရုံဆိုတာထက်၊ အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများကို တာဝန်များပေးအပ်ထားတဲ့အတိုင်း တစ်ဦးချင်းစီနဲ့ မိသားစုများအကြောင်း လူကိုယ်တိုင်၊ တိုင်ပင်နေသလိုပါပဲ။ လမ်းလျှောက်ထွက်သလို၊ ညဘက်ကစားဖို့အတူစုသလို၊ ပရဟိတလုပ်သလို၊ အတူတကွအစေခံကြသလိုပါပဲ။ လူကိုယ်တိုင်အလည်သွားသလို၊ သို့မဟုတ်၊ ဖုန်းနဲ့ပြောသလို၊ လိုင်းပေါ်မှာပြောသလို၊ သို့မဟုတ် စာရိုက်သလိုပါပဲ။ မွေးနေ့ကဒ်ပေးသလို၊ ဘောလုံးပွဲမှာ အားပေးသလိုပါပဲ။ အဲဒီတစ်စုံတစ်ယောက်အတွက်၊ အဓိပ္ပာယ်ရှိမယ့် ကျမ်းပိုဒ်တစ်ပိုဒ် သို့မဟုတ် ညီလာခံစကားမှ ကိုးကားချက်တစ်ခုကို ဝေငှသလိုပါပဲ။ ဧဝံဂေလိတရားမေးခွန်းကို ဆွေးနွေးသလို၊ ရှင်းလင်းခြင်းနဲ့ ငြိမ်းချမ်းခြင်းရဖို့ သက်သေခံချက်ဝေငှသလိုပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းဖြစ်လာပြီး၊ သူသို့မဟုတ် သူမအကြောင်းကို ဂရုစိုက်သလိုပါပဲ။ လိုအပ်ချက်များနဲ့အားသာချက်များကို ဂရုတစိုက်သင့်လျှော်စွာဆွေးနွေးတဲ့ အမှုတော်ဆောင်လူတွေ့အမေးအဖြေလိုလည်းဖြစ်ပါတယ်။ ပိုကြီးတဲ့လိုအပ်ချက်ကို ဖြေရှင်းဖို့အသင်းတော်စုကောင်စီက စီစဉ်သလိုပါပဲ။

ခင်ပွန်းသည်ဘွဲ့လွန်ကျောင်းစတက်တဲ့အခါ အိမ်ကနေအဝေးကိုရွှေ့ပြောင်း တဲ့ညီအစ်မတစ်ယောက်ကို ဒီလိုအမှုတော်ဆောင်ခြင်းမျိုးက ခွန်အားဖြည့်ပေးပါတယ်။ အလုပ်မဖြစ်တဲ့ဖုန်းနဲ့၊ ထိန်းရတဲ့ကလေးငယ်နဲ့အတူ သူမဟာ နေရာသစ်မှာ ဘယ်ရောက်မှန်းဘာလုပ်ရမှန်းမသိသလိုဖြစ်လို့၊ လုံးဝလမ်းပြောက်ပြီး၊ အထီးကျန်ခံစားရပါတယ်။ လူမှုသက်သာရေးအဖွဲ့ညီအစ်မတစ်ဦးဟာ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ၊ ကလေးငယ်အတွက် ဖိနပ်အသေးလေးတစ်စုံကို ယူလျက်၊ တံခါးပေါက်ကိုရောက်လာပြီး၊ သူတို့နှစ်ယောက်ကို ကားပေါ် တင်ပြီးတော့၊ ကုန်စုံဆိုင်ကိုရှာဖို့ ခေါ်သွားပါတယ်။ “သူမကကျွန်မရဲ့အသက်သွေးကြောပါပဲ” လို့ ကျေးဇူးတင်တဲ့ညီအစ်မက ပြန်ပြောပြပါတယ်။

အသင်းတော်အစည်းအဝေးများကို မတက်တာအတော်ကြာပြီဖြစ်တဲ့ညီအစ်မတစ်ဦးကို ရှာဖွေဖို့ တာဝန်အပေးခံရတဲ့၊ အာဖရိကမှ ညီအစ်မကြီးက၊ စစ်မှန်သောအမှုတော်ဆောင်ခြင်းကို သရုပ်ပြခဲ့ပါတယ်။ အဲဒီညီအစ်မအိမ်ကိုသွားခဲ့တုန်းက၊ အမျိုးသမီးမှာ အရိုက်ခံထားရ၊ ဓားပြအတိုက်ခံရ၊ စားစရာလည်း တော်တော်နည်းနည်းလေးရှိပြီး၊ တနင်္ဂနွေနေ့အသင်းတော်အစည်းအဝေးနဲ့ သင့်တော်မယ်လို့ထင်ရတဲ့အဝတ်လည်းမရှိဘူးဆိုတာတွေ့ခဲ့ရပါတယ်။ သူမကိုအမှုတော်ဆောင်ဖို့ တာဝန်းအပေးခံရတဲ့အမျိုးသမီးက၊ နားထောင်ပေးခြင်း၊ သူမရဲ့ခြံထွက်သီးနှံများ၊ ဖတ်စရာကျမ်းစာ၊ ပြီးတော့ ခင်မင်မှုတို့ကို ယူဆောင်လာခဲ့ပါတယ်။ “ပျောက်ဆုံးနေတဲ့” ညီအစ်မဟာ မကြာခင်မှာပဲ အသင်းတော်ကို ပြန်ရောက်လာခဲ့ပြီး၊ အခုဆိုရင် အမှုတော်ဆောင်တာဝန်တစ်ခုကို ယူထားပါတယ်။ ဘာကြောင့်လဲဆိုရင် သူမဟာ အချစ်ခံရ၊ တန်ဖိုးအထားခံရတယ်ဆိုတာ သိသွားလို့ပါပဲ။

လူမှုသက်သာရေးအဖွဲ့ကြိုးပမ်းမှုနှင့် ယခုပြန်လည်ဖွဲ့စည်းလိုက်တဲ့ အသင်းလူကြီးအဖွဲ့တို့ ပူးပေါင်းခြင်းက အံ့ဩဖွယ်ရလဒ်များထွက်နိုင်တဲ့ စည်းလုံးခြင်းကို ဖြစ်စေပါလိမ့်မယ်။ အမှုတော်ဆောင်ခြင်းဟာ “ အသင်းသားတိုင်းရဲ့အိမ်ကို လည်ပတ်” ဖို့နဲ့ အသင်းတော်ကို အမြဲကြည့်ရှုစောင့်ရှောက်လျက်၊ သူတို့နဲ့အတူရှိပြီး ခွန်အားဖြည့်ပေး” ဖို့ဆိုတဲ့ ယဇ်ပုရောဟိတ်အခွင့်တာဝန်ကိုပြီးပြည့်စေဖို့ ဖြစ်သလို၊ ထာဝရအသက်ကောင်းချီးမင်္ဂလာများအတွက်ပြင်ဆင်ရာမှာ တစ်ယောက်ကိုတစ်ယောက်ကူညီဖို့ဆိုတဲ့ လူမှုသက်သာရေးအဖွဲ့ရည်ရွယ်ချက်ကိုလည်းအောင်မြင်စေဖို့ စုပေါင်းဆောင်ရွက်တဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်လာပါတယ်။ သင်းအုပ်၊ အသင်းလူကြီးအဖွဲ့နဲ့ လူမှုသက်သာရေးဥက္ကဌအဖွဲ့ဝင်များရဲ့ ညွှန်ကြားချက်အောက်မှာ အတူတကွလုပ်ဆောင်ခြင်းဟာ တစ်ဦးချင်းနဲ့မိသားစုတိုင်းအတွက် ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ ဂရုစိုက်ရန် အကောင်းဆုံးနည်းလမ်းများကို ရှာဖွေကြတာနဲ့အမျှ၊ လမ်းပြလှုံ့ဆော်တာကို ခံရနိုင်ပါတယ်။

ကျွန်မဥပမာတစ်ခုပြပါရစေ။ မိခင်တစ်ဦး ကင်ဆာဖြစ်တာတွေ့ရှိခဲ့တယ်။ မကြာခင်မှာ၊ သူမ ဆေးစကုသမှုစတင်ခဲ့ပြီး၊ ချက်ချင်းဆိုသလိုပဲ၊ လူမှုသက်သာရေးညီအစ်မများက အစားအသောက်များ၊ ဆေးကုဖို့ချိန်းဆိုရာကိုသွားလာခြင်း၊ ပြီးတော့ အခြားအထောက်အပံ့တွေနဲ့ ဘယ်လိုအကောင်းဆုံးကူညီမလဲဆိုတာစီစင်ရင်းလုပ်ကိုင်ခဲ့ကြပါတယ်။ ရွှင်ရွှင်လန်းလန်းအဖော်ပြုရင်း၊ သူမဆီပုံမှန်လာမေးကြပါတယ်။ တစ်ချိန်တည်းမှာပဲ၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အဖွဲ့က အလျင်အမြန်ဆောင်ရွက်ကြပါတယ်။ လူမမာညီအစ်မကို ကြည့်ရှုစောင့်ရှောက်ရာမှာ၊ ပိုပြီးလွယ်ကူအဆင်ပြေအောင် ပုံစံတစ်မျိုးပြန်လုပ်ထားတဲ့ အိပ်ခန်းနဲ့ ရေချိုးခန်းထပ်ထည့်ရာမှာ လုပ်အားပေးခဲ့ကြပါတယ်။ လူငယ်အမျိုးသားများဟာ အဲဒီအရေးပါတဲ့ကြိုးပမ်းမှုမှာ ပါဝင်ဖို့ ကာယလုပ်အားပေးခဲ့ကြပါတယ်။ လူငယ်အမျိုးသမီးများလည်း ပါဝင်ခဲ့ကြပါတယ်။ သစ္စာရှိရှိနဲ့ နေ့တိုင်းပဲ ခွေးကို လမ်းလျှောက်ထွက်ပေးဖို့ ရွှင်ရွှင်ပျပျစီစဉ်ခဲ့ကြပါတယ်။ အချိန်ကြာလာတာနှင့်အမျှ၊ အသင်းတော်စုကလည်း လိုအပ်တဲ့နေရာမှာ ဖြည့်စွက်ပြင်ဆင်ခြင်းဖြင့် သူတို့အစေခံခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။အဲဒီအမှုဟာ၊ မေတ္တာလုပ်အားဆိုတာ ရှင်းပါတယ်။ အသင်းသားတိုင်းဟာ၊ သူသို့မဟုတ် သူမကိုယ်တိုင်ပေးဆပ်ရင်း၊ ဝေဒနာခံစားရတဲ့ညီအစ်မကိုသာမက၊ သူမရဲ့မိသားစုဝင်တိုင်းကို ကောင်းချီးပေးတဲ့ ကိုယ်နည်းကိုယ်ဟန်နဲ့ဂရုစိုက်ခြင်းတွေကို စည်းစည်းလုံးလုံးပြနေကြပါတယ်။

ရဲစွမ်းရှိသောကြိုးပမ်းမှုပြီးမှ၊ အဲဒီညီအစ်မဟာ နောက်ဆုံးမှာ ကင်ဆာကို မတွန်းလှန်နိုင်ဘဲ ဆုံးသွားခဲ့ပါတယ်။ အသင်းတော်စုဟာ စိတ်အေးသွားပြီဆိုပြီး၊ အလုပ်ကောင်းကောင်းပြီးလို့ ကောင်းကောင်းဖြတ်ကျော်ပြီးပြီလို့ ယူဆခဲ့ကြပါသလား။ မဟုတ်ပါဘူး။ လူငယ်အမျိုးသမီးများက နေ့တိုင်းပဲ၊ ခွေးနဲ့ ဆက်လက် လမ်းလျှောက်ထွက်ပေးကြပါတယ်။ ယဇ်ပုရောဟိတ်အဖွဲ့များက ဖခင်နဲ့ သူ့မိသားစုကို ဆက်လက်အမှုတော်ဆောင်ကြပါတယ်။ လိုအပ်ချက်များနဲ့ အားသာချက်များကို ရှာဖွေဖော်ထုတ်ဖို့ လူမှုသက်သာရေးအဖွဲ့ ညီအစ်မများကလည်း ချစ်ခြင်းဖြင့် ဆက်လက်ဖြန့်ကျက်ကြပါတယ်။ ညီအစ်ကိုမောင်နှမများရှင်၊ ဒါဟာအမှုတော်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါဟာ ကယ်တင်ရှင်ပြုသကဲ့သို့ ချစ်ခြင်းဖြစ်ပါတယ်။

ဒီစိတ်အားတက်စရာကြေညာချက်များရဲ့ အခြားကောင်းချီးကတော့၊ အသက် ၁၄နှစ် မှ ၁၈နှစ်ရှိလူငယ်အမျိုးသမီးများအဖို့၊ သူတို့အရွယ်လူငယ်အမျိုးသားများ မေလခိဇေဒက်ယဇ်ပုရောဟိတ်ညီအစ်ကိုများနဲ့ အမှုတော်ဆောင်တွဲဖက်များအဖြစ်အစေခံကြသလို၊ အမှုတော်ဆောင်ခြင်းမှာ လူမှုသက်သာရေးအဖွဲ့ညီအစ်မများနဲ့ တွဲဖက်များအဖြစ် ပါဝင်ဖို့အခွင့်အရေးဖြစ်ပါတယ်။ လူငယ်များဟာ၊ သူတို့ရဲ့ပြိုင်စံရှားတဲ့ ဆုကျေးဇူးများကို မျှေဝေနိုင်ပြီး၊ ကယ်တင်ခြင်းလုပ်ငန်းမှာ အရွယ်ရောက်သူများနဲ့အတူ အစေခံကြတာနဲ့အမျှ ဝိညာဉ်ရေးရာကြီးထွားနိုင်ကြပါတယ်။ အမှုတော်ဆောင်တာဝန်များမှာ လူငယ်များပါဝင်ခြင်းဟာ ပါဝင်ဆောင်ရွက်သောအသင်းသားအရေအတွက် တိုးလာခြင်းအားဖြင့်၊ လူမှုသက်သာရေးအဖွဲ့နဲ့ အသင်းလူကြီးအဖွဲ့တို့ရဲ့ အခြားသူများအား ကြည့်ရှုစောင့်ရှောက်ခြင်း ထိရောက်မှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။

ကျွန်မသိခဲ့တဲ့ အံ့ဩဖွယ်လူငယ်အမျိုးသမီးလေးများအကြောင်း စဉ်းစားမိတဲ့အခါ၊ မိမိတို့အတူယှဉ်တွဲအစေခံ သို့မဟုတ် မိမိတို့အမှုတော်ဆောင်စဉ်မှာ၊ လူငယ်အမျိုးသမီးတစ်ဦးရဲ့စိတ်အားထက်သန်မှု၊ ပါရမီများနဲ့၊ ဝိညာဉ်ရေးရာခံစားမှုအားဖြင့်ကောင်းချီးခံစားရခြင်းအထူးအခွင့်အရေးကို ရကြမယ့် လူမှုသက်သာရေးအဖွဲ့ညီအစ်များအတွက် ကျွန်မစိတ်လှုပ်ရှားမိပါတယ်။ လူငယ်အမျိုးသမီးများ သူတို့ရဲ့ လူမှုသေက်သာရေးအဖွဲ့ညီအစ်မများအားဖြင့်၊ သင်ပြလမ်းညွှန်ခံရ၊ သွန်သင်ခံရ၊ ခွန်အားဖြည့်ခံရကြမယ့် အခွင့်အလမ်းအတွက် ကျွန်မထပ်တူဝမ်းမြောက်ပါတယ်။ ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ခြင်းမှာ၊ ပူးပေါင်းပါဝင်ဖို့ ဒီအခွင့်အရေးဟာ၊ လူငယ်အမျိုးသမီးများအတွက်၊ အလွန်ကြီးမားတဲ့အကျိုးကျေးဇူးဖြစ်ပြီး၊ အသင်းတော်နဲ့ လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်များအဖြစ်၊ ပြီးတော့ သူတို့မိသားစုများမှာ ကူညီပံ့ပိုးသောတွဲဖက်များအဖြစ် သူတို့ရဲ့ကဏ္ဍများကို ပြီးပြည့်စေရန် ပြင်ဆင်ရာမှာ ပိုပြီးကောင်းကောင်းကူညီခြင်းဖြစ်ပါတယ်။ ညီအစ်မ ဘွန်နီ အယ်လ်အော်စကာဆန် မနေ့ကဝေမျှခဲ့တာက၊ လူငယ်အမျိုးသမီးများဟာ “ အစေခံခြင်းမှာ ရှိလိုကြပါတယ်။ သူတို့ဟာ တန်ဖိုးရှိပြီး၊ ကယ်တင်ခြင်းလုပ်ငန်းမှာ မရှိမဖြစ်သောသူများဖြစ်ကြောင်း သိဖို့လိုအပ်ပါတယ်။”

တကယ်တော့၊ လူငယ်အမျိုးသမီးများဟာ တာဝန်ပေးခြင်း သို့မဟုတ် အသိပေးခြင်း မရှိဘဲနဲ့ကို အမှုတော်ဆောင်နေကြပါပြီ။ ကျွန်မ မသိတဲ့ မိသားစုတစ်စုဟာ အသိတစ်ယောက်မှမရှိတဲ့၊ မိုင်ပေါင်းရာချီဝေးတဲ့နေရာသစ်ကို ပြောင်းခဲ့ကြတယ်။ ပထမပတ်မှာပဲ၊ သူတို့အသင်းတော်စုသစ်မှ ၁၄နှစ်သမီးမိန်းကလေးတစ်ဦးဟာ သူတို့တံခါးပေါက်ကို ကွတ်ကီးပန်းကန်တစ်ချပ်နဲ့အတူရောက်လာပြီး၊ ထိုဒေသမှ သူတို့ကိုကြိုဆိုခဲ့ပါတယ်။ သူမရဲ့အမေက၊ သမီးရဲ့အမှုတော်ဆောင်လိုတဲ့ဆန္ဒကို ဖြည့်ဆည်းရင်း၊ သဘောကောင်းကားသမားအဖြစ်နဲ့ နောက်ကနေပြုံးပြုံးလေးရပ်ပေးခဲ့ပါတယ်။

နောက်အမေတစ်ယောက်ကတော့၊ တစ်နေ့မှာ သူမရဲ့ ၁၆နှစ်အရွယ်သမီး ရောက်နေကျအချိန်အိမ်ပြန်မရောက်လို့ စိတ်ပူပန်ခဲ့တယ်။ နောက်ဆုံးမှာ မိန်းကလေးပြန်ရောက်တဲ့အခါ၊ ဘယ်ရောက်နေခဲ့သလဲလို့ အမေဖြစ်သူက မကျေမနပ်နဲ့မေးတယ်။ အနီးအနားမှာနေတဲ့ မုဆိုးမတစ်ယောက်ကို ပန်းတစ်ပွင့်သွားပေးတာပါလို့ ၁၆နှစ်သမီးက ရှက်ကိုးရှက်ကန်းနဲ့ဖြေပါတယ်။ အဲဒီညီအစ်မကြီး အထီးကျန်နေဟန်ရှိတာကို သတိပြုမိပြီး၊ အလည်သွားဖို့ လှုံ့ဆော်တာကို သူမခံစားခဲ့ရတယ်။ သူ့အမေရဲ့ ခွင့်ပြုချက်အပြည့်နဲ့ လူငယ်အမျိုးသမီးဟာ အမျိုးသမီးအိုကြီးဆီကို ဆက်ပြီးအလည်သွားခဲ့တယ်။ သူတို့ဟာ မိတ်ဆွေကောင်းများဖြစ်လာပြီး၊ ကြည်နူးစရာကောင်းတဲ့ဆက်ဆံရေးဟာ နှစ်များစွာဆက်လက်တည်ရှိခဲ့ပါတယ်။

ဒီလူငယ်အမျိုးသမီးများနှင့် သူတို့လိုနောက်ထပ်များစွာသောသူတို့ဟာ တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်ကို သတိပြုမိပြီး၊ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ကြပါတယ်။ လူငယ်အမျိုးသမီးများမှာ အရွယ်ရောက်ညီအစ်မတစ်ဦးနဲ့အတူ တွဲဖက်အမှုတော်ဆောင်ခြင်းအားဖြင့် ကောင်းကောင်းလမ်းညွှန်လို့ရနိုင် တဲ့ ဂရုစိုက်ဝေမျှလိုတဲ့ ပင်ကိုဆန္ဒရှိကြပါတယ်။

ကျွန်မတို့ဘယ်အရွယ်ပဲဖြစ်ပါစေ၊ အကျိုးအရှိဆုံးဖြစ်အောင်ဘယ်လို အမှုတော်ဆောင်မလဲလို့ စဉ်းစားကြတဲ့အခါ၊ “သူမ [သို့မဟုတ် သူ] ဘာလိုအပ်သလဲ” ဆိုတာကို ကျွန်မတို့မေးကြတယ်။ အဲဒီမေးခွန်းကို အစေခံဖို့ရိုးသားတဲ့ဆန္ဒနဲ့ ချိတ်ဆက်ပြီးတဲ့အခါ၊ လူတစ်ဦးချင်းစီကို မြှင့်တင်ခွန်အားပေးမယ့်အရာကို လုပ်ဆောင်ရန် ဝိညာဉ်တော်က ကျွန်မတို့ကို ဦးဆောင်ပါတယ်။ ရိုးရှင်းတဲ့ကိုယ်အမူအရာပါဝင်ခြင်းနဲ့ အသင်းတော်မှာကြိုဆိုခြင်း၊ အလေးအနက်ထားတဲ့အီးမေးလ်၊ သို့မဟုတ် သတင်းစကားစာသား၊ ခက်ခဲတဲ့အချိန်မှာ ကိုယ်တိုင်အဆက်အသွယ်လုပ်ခြင်း၊ အဖွဲ့လိုက်လှုပ်ရှားမှုမှာ ပါဝင်ရန်ဖိတ်ခေါ်ခြင်း၊ သို့မဟုတ် စိန်ခေါ်တဲ့အခြေအနေမှာ ကူညီဖို့ ကမ်းလှမ်းခြင်းတို့အားဖြင့် ကောင်းချီးခံစားရသော ညီအစ်ကိုမောင်နှမများရဲ့ မရေတွက်နိုင်တဲ့အကြောင်းအရာတွေကို ကျွန်မကြားခဲ့ရပါတယ်။ တစ်ကိုယ်ရေမိဘများ၊ ပြောင်းလဲလာသူအသစ်များ၊ တက်ကြွမှုနည်းသောအသင်းသားများ၊ မုဆိုးမများနှင့် မုဆိုးဖိုများ၊ သို့မဟုတ် ရုန်းကန်နေရသောလူငယ်များဟာ အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများထံမှ ထပ်ဆောင်းအာရုံစိုက်မှုနဲ့ ဦးစားပေးအကူအညီ လိုကောင်းလိုပါမယ်။ အသင်းလူကြီးအဖွဲ့နဲ့၊ လူမှုသက်သာရေးဥက္ကဌအဖွဲ့ဝင်များစုပေါင်းဆောင်ရွက်မှုက မှန်ကန်သောအလုပ်တာဝန်များခန့်ထားစေဖို့ ဖြစ်နိုင်အောင်လုပ်ထားပါတယ်။

အဆုံးသတ်မှာတော့၊ ချစ်ခြင်းဆိုတဲ့ တွန်းအားနဲ့အတူ တစ်ယောက်ပြီးတစ်ယောက် မှန်သောအမှုတော်ဆောင်ခြင်းကို ပြီးမြောက်စေပါတယ်။ ရိုးသားတဲ့အမှုတော်ဆောင်ခြင်းရဲ့၊ တန်ဖိုး၊ ကောင်းမြတ်မှုနဲ့ အံ့ဩဖွယ်ကတော့ အသက်တာများစွာကို တကယ်ပြောင်းလဲစေတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့နှလုံးသားကို ဖွင့်ထားပြီး၊ ချစ်ဖို့၊ ပါဝင်ဖို့၊ အားပေးဖို့နဲ့ နှစ်သိမ့်စေဖို့ လိုလိုလားလားရှိကြတဲ့အခါ၊ ကျွန်မတို့ရဲ့အမှုတော်ဆောင်ခြင်းတန်ခိုးဟာ တွန်းလှန်မရတဲ့အရာဖြစ်လာပါလိမ့်မယ်။ ချစ်ခြင်းဆိုတဲ့ တွန်းအားနဲ့အတူ၊ အလွန်တရာအံ့ဩဖွယ်ဖြစ်လာပါလိမ့်မယ်၊ ပြီးတော့၊ ကျွန်မတို့ရဲ့ “ပျောက်ဆုံးနေသာ” ညီအစ်ကိုမောင်နှမများကို ယေရှုခရစ်တော်၏အားလုံးပါဝင်ထွေးပိုက်တဲ့ ဧဝံဂေလိတရားတော်ထဲသို့ ခေါ်ဆောင်လာဖို့ နည်းလမ်းများကို ကျွန်မတို့တွေ့ရှိပါလိမ့်မယ်။

ကယ်တင်ရှင်ဟာ အရာရာတိုင်းမှာ ကျွန်မတို့ရဲ့ပုံသက်သေဖြစ်ပါတယ်။ ကျွန်မတို့ဘာလုပ်သင့်သလဲဆိုတဲ့အရာမှာသာမက၊ ကျွန်မတို့ဘာကြောင့်လုပ်သင့်သလဲဆိုတဲ့အရာမှာလည်း ပါဝင်ပါတယ်။ “မြေကြီးပေါ်မှာ သူ့အသက်တာဟာ ကျွန်မတို့ရဲ့အတွေးအမြင်ကို အနည်းငယ်မြှင့်တင်ဖို့၊ ကျွန်မတို့ကိုယ်တိုင်ရဲ့ပြဿနာတွေကို မေ့ထားဖို့နဲ့၊ အခြားသူများဆီကို ဖြန့်ကျက်ဖို့ ကျွန်မတို့အတွက် ဖိတ်ခေါ်မှုတစ်ခုဖြစ်ပါတယ်။” ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမများကို လှိုက်လှိုက်လှဲလှဲအမှုတော်ဆောင်ဖို့ အခွင့်အရေးကို ကျွန်မတို့လက်ခံတာနဲ့အမျှ၊ ဝိညာဉ်ရေးရာပို၍သန့်စင်လာဖို့၊ ဘုရားသခင်ရဲ့အလိုတော်နဲ့ပို၍ကိုက်ညီလာဖို့နဲ့ အယောက်စီတိုင်းကို သူ့ဆီပြန်လာရာမှာ ကူညီဖို့ဆိုတဲ့ သူ့အစီအစဉ်ကို ပို၍နားလည်နိုင်စေဖို့ ကျွန်မတို့ကောင်းချီးခံစားရပါတယ်။ ကျွန်မတို့ဟာ သူ့ရဲ့ကောင်းချီးမင်္ဂလာများကို ပို၍အလွယ်တကူအသိအမှတ်ပြုလာကြပြီး၊ အဲဒီကောင်းချီးမင်္ဂလာများကို အခြားသူများထံ ဖြန့်ဝေဖို့ စိတ်အားထက်သန်လာကြပါလိမ့်မယ်။ ကျွန်မတို့ရဲ့နှလုံးသားက ကျွန်မတို့ရဲ့အသံနဲ့ သံပြိုင်သီဆိုကြပါမယ်။

ကယ်တင်ရှင်၊ ကျွန်ုပ်ညီအစ်ကိုကို ကျွန်ုပ်ချစ်စေပါ။

ကိုယ်တော် ကျွန်ုပ်ကိုချစ်တာ ကျွန်ုပ်သိသကဲ့သို့

ကျွန်၏ခွန်အား၊ ကျွန်ုပ်၏မီးပြတိုက်ကို ကိုယ်တော်၌တွေ့ပါ၏။

အကြောင်းမူကား၊ ကိုယ်တော်၏အစေခံ အကျွန်ုပ်ဖြစ်လိမ့်မည်။

ကယ်တင်ရှင်၊ ကျွန်ုပ်ညီအစ်ကိုကို ကျွန်ုပ်ချစ်စေပါ။

ကိုယ်တော်ရှင်၊ ကိုယ်တော်နောက်သို့ ကျွန်ုပ်လိုက်ပါမည်။

ကျွန်မတို့ရဲ့ထာဝရညီအစ်ကိုမောင်နှမများကို ချစ်ခြင်းနှင့်အမှုတော်ဆောင်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ကျေးဇူးတရားနဲ့ ဘုရားသခင်အားချစ်ခြင်းကို ပြနိုင်ကြပါစေ။အကျိုးဆက်ကတော့ ရှေးအမေရိကလူများ သူတို့ပြည်မှာ ကယ်တင်ရှင်ပေါ်လာပြီးနောက် နှစ်၁၀၀အကြာမှာ ကြည်နူးပျော်ရွှင်ခဲ့ကြသကဲ့သို့ပင် စည်းလုံးခြင်းခံစားချက်ပဲဖြစ်ပါတယ်။

ဤသို့အားဖြင့်အချိန်တန်လာသောအခါ လူတို့၏စိတ်နှလုံးထဲ၌ နေထိုင်တော်မူသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကြောင့် … အငြင်းပွားခြင်းမရှိ။

“ … ဂုဏ်ပြိုင်ခြင်းများမရှိ။ ရန်တွေ့ခြင်းများလည်းမရှိ၊ ဘုရားသခင်၏လက်တော်အားဖြင့် ဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့၌ သာ၍ပျော်ရွှင်သောလူမျိုး ဧကန်အမှန်မရှိနိုင်။”

ဒီဗျာဒိတ်တော်အားဖြင့်အပြောင်းအလဲများဟာ ဘုရားသခင်ထံမှ လမ်းပြလှုံ့ဆော်တာဖြစ်ကြောင်း၊ ကျွန်မတို့ဟာ အဲဒါတွေကို လိုလားသောစိတ်နှလုံးဖြင့် ထွေးပွေ့ကြတာနဲ့အမျှ၊ သူ့သားတော်၊ ယေရှုခရစ်တော်ကို၊ ကြွလာတော်မူတဲ့အခါမှာ တွေ့ဆုံကြဖို့ ပို၍ကောင်းစွာပြင်ဆင်ကြပြီးသားဖြစ်လိမ့်မယ့်အကြောင်း၊ ကျွန်မရဲ့ ကိုယ်ပိုင်သက်သေနဲ့ ဝမ်းမြောက်စွာ သက်သေခံပါတယ်။ ကျွန်မတို့ဟာ၊ ဇိအုန်လူများဖြစ်လားခြင်းနဲ့ ပို၍နီးစပ်လာပြီး၊ တပည့်တော်ဖြစ်ခြင်းလမ်းကြောင်းတစ်လျှောက်မှာ ကျွန်မတို့ကူညီခဲ့တဲ့သူများနဲ့အတူ၊ ထူးကဲသောဝမ်းမြောက်ခြင်းကို ခံစားရကြမှာဖြစ်ပါတယ်။ ကျွန်မတို့ အဲဒီလိုလုပ်ဆောင်ကြမည့်အကြောင်း၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်မရဲ့ ထက်သန်နှိမ့်ချတဲ့ဆုတောင်းခြင်းဖြစ်ပါတယ်။ အာမင်။

မှတ်စုများ

  1. တမန်တော်ဝတ္ထု ၃း၁၉–၂၁ ကိုကြည့်ပါ။

  2. ရောဘတ် ဒီ ဟေးလ်စ် “ဒုတိယအကြိမ်ကြွလာခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းအတွက် ပြင်ဆင်ခြင်းများ၊ ‘ငါ့လက်တော်သည် သင့်အပေါ်တွင်ရှိမည်၊’”လီယာဟိုနာ၊ နိုဝင်ဘာ၊ ၂၀၀၅၊ ၈၈–၉၂ ကိုကြည့်ပါ။

  3. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၂၉

  4. အသက်ရှင်သောခရစ်တော်၊ တမန်တော်များ၏သက်သေခံချက်၊” လီယာဟိုနာ၊မေ ၂၀၁၇၊ အရှေ့မျက်နှာဖုံးအတွင်းပိုင်း။

  5. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၄၇၊ ၅၃

  6. လက်စွဲစာအုပ် ၂၊ အသင်းတော်စီမံအုပ်ချုပ်ခြင်း (၂၀၁၀)၊ ၉၊ ၁၊ ၁ ကိုကြည့်ပါ။

  7. ဘွန်နီ အယ်လ် အော်စကာဆန်၊ “အမှုတော်၌ လူငယ်အမျိုးသမီးများ လီယာဟိုနာ၊ မေ ၂၀၁၈၊ ၃၈။

  8. ဧဖက်ဩဝါဒစာ ၅း၂ ကိုကြည့်ပါ

  9. ရပ်ဆဲလ် တီ အော့စ်ဂုဟော “ချစ်ခြင်းသည်သာ ကျွန်ုပ်တို့၏တစ်ခုတည်းသောအကြောင်းရင်းဖြစ်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း” ( ဘရင်ဟမ်ယန်း တက္ကသိုလ် ဝတ်ပြုအစည်းအဝေး မတ်၊ ၈၊ ၂၀၁၁၊ ၇၊ speeches.byu.edu.

  10. “ကိုယ်တော်ရှင်၊ ကိုယ်တော်နောက်သို့ ကျွန်ုပ်လိုက်ပါမည်၊” ဓမ္မသီချင်း၊ စဉ်၊ ၂၂၀။

  11. မောဇိယ ၂း၁၇ ကိုကြည့်ပါ။

  12. ၄ နီဖိုင်း ၁း၁၅–၁၆