၂၀၁၀-၂၀၁၉
ကျွန်တော်တို့အားလုံးဆက်လျှောက်ကြပါစို့
ဧပြီ ၂၀၁၈


6:1

ကျွန်တော်တို့အားလုံး ဆက်လျှောက်ကြပါစို့

ဒီလွန်ခဲ့တဲ့နှစ်ရက်မှာ သင်တို့ခံစားခဲ့ရတဲ့အရာတွေကို သင်တို့ အောက်မေ့ပြီး၊ ပြန်လည်သုံးသပ်တာနဲ့အမျှ၊ သင်တို့ရဲ့နာခံလိုသောဆန္ဒ တိုးမြင့်လာပါလိမ့်မယ်။

ကျွန်တော်ချစ်တဲ့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီသမိုင်းဝင်အထွေထွေညီလာခံရဲ့ နိဂုံးကို ကျွန်တော်တို့ရောက်လာတာနဲ့အမျှ ကိုယ်တော်ရှင်ရဲ့လမ်းညွှန်ခြင်းနဲ့ လမ်းပြလှုံ့ဆော်သောအရှိန်အဝါတို့အတွက် ကျေးဇူးတော်ချီးမွမ်းရာမှာ ကျွန်တော် ခင်ဗျားတို့နဲ့ ပူးပေါင်းပါတယ်။ ဂီတကလှပပြီး အားတက်စေပါတယ်။ အမှာစကားများက ပညာပေးနေရုံမျှမကပဲ၊ အသက်တာပြောင်းလဲခြင်းကိုလည်းဖြစ်စေခဲ့ပါတယ်။

ခမ်းနားတဲ့အစည်းအဝေးမှာ၊ ကျွန်တော်တို့ ပထမဥက္ကဌအဖွဲ့အသစ်ကို ထောက်ခံကြပါတယ်။ ကြီးမြတ်တဲ့ပုဂ္ဂိုလ်နှစ်ဦးကို တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ထဲမှာ နေရာချထားပြီးပါပြီ။ ခုနစ်ကျိပ်ဝင် အထွေထွေအာဏာရှိ ရှစ်ဦးကိုလည်း ဖိတ်ခေါ်ပြီးပါပြီ။

ယခုအခါမှာ အကြိုက်ဆုံးဓမ္မသီချင်းက ကျွန်တော်တို့ရဲ့ အသစ်ပြုထားတဲ့ဆုံးဖြတ်ချက်၊ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှု၊ ကျွန်တော်တို့ရဲ့တာဝန် များနဲ့ ရှေ့ဆက်သွားဖို့ အနှစ်ချုပ်လိုက်ပါတယ်။

ကျွန်တော်တို့အားလုံး ကိုယ်တော်ရှင်ရဲ့အမှုတော်မှာ ဆက်လျှောက်ကြပါစို့။

ဒါက အသက်တာပြီးတဲ့အခါ ကျွန်တော်တို့ ဆုလာဘ်ရနိုင်ခြင်းဖြစ်ပါတယ်။

အမှန်တရားအတွက်တိုက်ခိုက်ရာမှာ ဓားကို ကျွန်တော်တို့စွဲကိုင်ကြပါစို့။

အားကြီးတဲ့ သမ္မာတရားဓားဖြစ်ပါတယ်။

ရန်သူလှောင်သော်လည်း မကြောက်ကြပါနဲ့။

သတ္တိရှိကြပါ၊ ကျွန်တော်တို့ဘက်မှာ ကိုယ်တော်ရှင်ရှိတော်မူလို့ပဲဖြစ်ပါတယ်။

ဆိုးညစ်သူတွေပြောမယ့်အရာကို ကျွန်တော်တို့နားထောင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် ကိုယ်တော်ရှင်တစ်ပါးတည်းကိုသာ ကျွန်တော်တို့နာခံကြပါမယ်။

ဒီအထွေထွေညီလာခံမိန့်ခွန်းများကို နောက်ခြောက်လအတွင်းမှာ မကြာခဏ ထပ်တလဲလဲ လေ့လာကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။ ဒီအမှာစကားများကို၊ သင်တို့ရဲ့ မိသားစုအိမ်တွင်းညနေ၊ ဧဝံဂေလိတရားသွန်သင်ခြင်း၊ မိသားစု၊ မိတ်ဆွေများနဲ့စကားပြောခြင်း၊ သင်တို့ရဲ့ယုံကြည်ခြင်းမတူတဲ့သူများနဲ့ ဆွေးနွေးရာမှာတောင်မှ ထည့်ပြောဖို့ နည်းလမ်းများကို အသိဉာဏ်ရှိရှိရှာကြပါ။ ဒီညီလာခံမှာသွန်သင်ခဲ့တဲ့သမ္မာတရားကို ချစ်ခြင်းနဲ့ပေးတဲ့အခါ၊ ကောင်းမြတ်တဲ့သူများစွာတို့ တုံ့ပြန်ပါလိမ့်မယ်။ ဒီလွန်ခဲ့တဲ့နှစ်ရက်မှာ ခင်ဗျားတို့ခံစားရပြီးဖြစ်တဲ့အရာကို အောက်မေ့သုံးသပ်တာနဲ့အမျှ၊ ခင်ဗျားတို့ရဲ့နာခံလိုတဲ့ဆန္ဒသည်လည်းတိုးမြင့်လာပါလိမ့်မယ်။

ဒီအထွေထွေညီလာခံက အမှုတော်ဆောင်ခြင်းခေတ်သစ်တစ်ခုကို အစပြုလိုက်ပါတယ်။ ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ရာမှာ အရေးကြီးတဲ့ပြင်ဆင်ချက်များကို ကိုယ်တော်ရှင်ပြုတော်မူခဲ့ပါတယ်။ ညီအစ်မများနဲ့ ညီအစ်ကိုများ—လူကြီး၊ လူငယ်တို့ဟာ— ပိုပြီးသန့်ရှင်းတဲ့ နည်းလမ်းအသစ်နဲ့ အချင်းချင်း အစေခံကြပါလိမ့်မယ်။ ကမ္ဘာအနှံ့ ယောက်ျား၊ မိန်းမနဲ့ ကလေးများရဲ့ဘဝများကို ကောင်းချီးပေးဖို့ သင်းထောက်လူကြီးအဖွဲ့ကို ခွန်အားဖြည့်ပေးပါလိမ့်မယ်။ လူမှုသက်သာရေးအဖွဲ့ညီအစ်မများဟာ ပို၍ငယ်ရွယ်သောညီအစ်မများကို သင့်တော်စွာတာဝန်ပေးထားတဲ့အတိုင်း သူတို့နဲ့ပူးပေါင်းဖို့ အခွင့်အလမ်းများကို ကမ်းလှမ်းလျက် သူတို့ရဲ့ ပြိုင်ဘက်ကင်းပြီးချစ်စရာကောင်းတဲ့နည်းနဲ့ ဆက်ပြီးအမှုတော်ဆောင်ပါလိမ့်မယ်။

လောကကိုပြောတဲ့ ကျွန်တော်တို့ရဲ့အမှာစကားများဟာ ရိုးရှင်းပြီးဖြောင့်မှန်ပါတယ်။ ကန့်လန့်ကာရဲ့နှစ်ဖက်စလုံးက ဘုရားသခင်ရဲ့သားသမီးအားလုံးကို သူတို့ရဲ့ကယ်တင်ရှင်ထံလာကြဖို့၊ သန့်ရှင်းသောဗိမာန်တော်ရဲ့ကောင်းချီးမင်္ဂလာများကို လက်ခံရရှိကြဖို့၊ တည်မြဲတဲ့ဝမ်းမြောက်ခြင်းကို ရရှိကြဖို့နဲ့ ထာဝရအသက်အတွက် အရည်အချင်းပြည့်စုံစေကြဖို့ ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။

အပြီးသတ်ချီးမြှောက်ခြင်းက ကိုယ်တော်ရှင်ရဲ့အိမ်တော်ထဲမှာ ကျွန်တော်တို့ပြုလုပ်တဲ့ ပဋိညာဉ်နဲ့ ကျွန်တော်တို့ရရှိတဲ့ ဘိသိက်မင်္ဂလာများအပေါ် ကျွန်တော်တို့ရဲ့ ပြည့်စုံသောသစ္စာရှိခြင်းကို ယခုလိုအပ်ပါတယ်။ ယခုအချိန်တွင်၊ ကျွန်တော်တို့မှာ လည်ပတ်နေတဲ့ဗိမာန်တော် ၁၅၉ ခုရှိပြီး၊ နောက်ထပ်တည်ဆောက်ဆဲတွေလည်းရှိပါတယ်။ အသင်းတော်ရဲ့ တိုးပွားနေတဲ့အသင်းသားများနဲ့ ပိုနီးရာသို့ ဗိမာန်တော်များကို ဆောင်ယူလာဖို့ ကျွန်တော်တို့အလိုရှိကြပါတယ်။ ဒါကြောင့်၊ အခုဆိုရင် ကျွန်တော်တို့ဟာ နောက်ထပ် ဗိမာန်တော်ခုနစ်ခု တည်ဆောက်ရန်အစီအစဉ်ကို ကြေညာရတာကျေနပ်အားရမိပါတယ်။ အဲဒီဗိမာန်တော်များဟာ အောက်ပါဒေသများမှာ တည်ရှိမှာဖြစ်ပါတယ်။ အဲဒါတွေကတော့၊ ဆော့လတာ၊ အာဂျင်တီးနား။ ဘင်ဂေါလူရူ၊ အိန္ဒိယ။ မာနာဂွါ၊ နီကာရာဂွါ။ ကာဂေရန်ဒီအော်ရို၊ ဖိလစ်ပိုင်။ လေးတန်၊ ယုတ။ ရစ်ချမုန်၊ ဗာဂျီနီးယား။ ရုရှရှိ မဆုံးဖြတ်ရသေးတဲ့ မြို့ကြီးတစ်မြို့တို့ဖြစ်ပါတယ်။

ကျွန်တော်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီဗိမာန်တော်များတည်ဆောက်ခြင်းက၊ သင့်အသက်တာကို ပြောင်လဲချင်မှပြောင်းလဲပါလိမ့်မယ်၊ ဒါပေမယ့်၊ ဗိမာန်တော်ထဲရှိသင်တို့ရဲ့အချိန်ကတော့ ဧကန်အမှန် ဖြစ်လာပါလိမ့်မယ်။ အဲဒီစိတ်ဝိညာဉ်နဲ့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးတာကတော့၊ ဗိမာန်တော်ထဲမှာ သင်တို့အချိန်ပိုသုံးနိုင်ဖို့ သင်တို့ဘေးဖယ်ထားနိုင်တဲ့အရာများကို ခွဲခြားနိုင်စေဖို့ဖြစ်ပါတယ်။ သင်တို့ရဲ့အိမ်မှာ ပို၍ကြီးစွာသောညီညွတ်ခြင်းနဲ့ ချစ်ခြင်း၊ သင်တို့ရဲ့ထာဝရမိသားစုဆက်ဆံရေးကို ဂရုစိုက်ဖို့ ပို၍လေးနက်သောဆန္ဒတို့ဖြင့် သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်အပေါ် တိုးလာသောယုံကြည်ခြင်း၊ သူရဲ့မှန်သောတပည့်တော်များအဖြစ် သူ့နောက်သို့လိုက်ဖို့ ပို၍ကြီးသောစွမ်းအားတို့ဖြင့် သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။

ကျွန်တော်အခုပြုသလို၊ သင်တို့သက်သေခံချက်အသံကို မြှင့်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်မှာဖို့ပါဝင်ကြစေဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ ယေရှုဟာ ခရစ်တော်ဖြစ်ပါတယ်။ ဒီအသင်းတော်ဟာ၊ ဆီလိမ်းခန့်အပ်ထားတဲ့သူ့ကျွန်များမှတစ်ဆင့် သူလမ်းညွှန်တဲ့ သူ့အသင်းတော်ဖြစ်ပါတယ်။ သင်တို့တစ်ယောက်ချင်းစီအတွက် ကျွန်တော့ချစ်ခြင်းခံစားချက်နဲ့ အခုလိုသက်သေခံပါတယ်၊ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. “ကျွန်တော်တို့အားလုံး ဆက်လျှောက်ကြပါစို့၊” ဓမ္မသီချင်း စဉ်၊ ၂၄၃

  2. ဩဝါဒနှင့်ပဋိညာဉ်များ ၁၄း၇တွင် “ဘုရားသခင်၏ဆုကျေးဇူးအပေါင်းတို့အထဲမှ အကြီးမြတ်ဆုံး” ဟု အနက်ဖွင့်ထားပါသည်။