“သူတို့နှင့်အတူရှိပြီး ခွန်အားဖြည့်ပေးပါ”
ဒီနေ့မှာ ကျွန်တော်တို့ဆုတောင်းတာကတော့၊ အမျိုးသားအမျိုးသမီးတိုင်း တစ်ယောက်နဲ့တစ်ယောက် လှိုက်လှဲသောဂရုစိုက်ခြင်းအတွက် ပို၍လေးနက်စွာကတိကဝတ်ထားပြီး ဒီအထွေထွေညီလာခံမှ ပြန်မည့်အကြောင်းဖြစ်ပါတယ်။
ရပ်ဝေါ်လဒိုအီမာဆင်ရဲ့ စကားကို ပြန်ပြောရလျှင်၊ “အသက်တာမှာ အမှတ်ရစရာအကောင်းဆုံးအချိန်တွေကတော့ ဗျာဒိတ်တော်ရဲ့ အရေးတကြီးကိစ္စကို ကျွန်တော်တို့ခံစားရတဲ့အချိန်များဖြစ်ပါတယ်”။ ဥက္ကဌနယ်လဆင်၊ ဒီစနေတနင်္ဂနွေမှာ ကျွန်တော်တို့ဦးစီးနိုင်တဲ့ “အရေးတကြီးကိစ္စတွေ”နောက်ထပ် ဘယ်လောက်များရှိဦးမလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ထဲက တစ်ချို့ဆိုရင် စိတ်နှလုံးအားနည်းကြပါတယ်။ ဒါပေမယ့်၊ ကျွန်တော်စဉ်းစားမိတော့၊ သင်တို့လည်း အဲဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဘယ်လောက်အံ့ဩစရာကောင်းတဲ့ ပရောဖက်တစ်ပါးပါလဲ။
လွန်ခဲ့တဲ့ညနဲ့ ဒီမနက်မှာ ဥက္ကဌ နယ်လဆင်ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ ကြေညာချက်များနဲ့ သက်သေခံဝိညာဉ်အားဖြင့်၊ ကျွန်တော့ကိုယ်တိုင် သက်သေကိုဖော်ပြရလျှင်၊ ဒီပြင်ဆင်ချက်များဟာ အသင်းတော်ကို အစကတည်းကလမ်းညွှန်ခဲ့တဲ့ဗျာဒိတ်တော်ရဲ့ ပုံသက်သေများဖြစ်ကြောင်းပါပဲ။ အဲဒါတွေဟာ ကိုယ်တော်ရှင်က သူ့အမှုတော်ကို အချိန်နဲ့အညီအရှိန်မြှင့်တော်မူခြင်းအကြောင်း ပိုပြီးထင်ရှားလာခြင်းဖြစ်ပါတယ်။
ဒီကိစ္စများကို အသေးစိတ်သိလိုသူများခင်ဗျာ၊ ဒီညီလာခံကဏ္ဍနိဂုံးချုပ်ပြီးပြီးချင်းပဲ၊ ကျွန်တော်တို့ဆီမှာ အီးမေးလိပ်စာရှိတဲ့အသင်းသားတိုင်းဆီကို၊ ဒီပုံစံအတိုင်းဖြစ်ချင်မှဖြစ်မယ့်၊ ပထမဥက္ကဌအဆင့်အဖွဲ့မှ စာပို့ခြင်းပါဝင်တဲ့အစီအစဉ်ကို စပါလိမ့်မယ်။ ယဇ်ပုရောဟိတ်အခွင့်နဲ့ အကူခေါင်းဆောင်များအားလုံးအတွက် အမေးအဖြေခုနစ်မျက်နှာပါတဲ့၊ စာရွက်စာတမ်း ပူးတွဲပါရှိပါလိမ့်မယ်။ နောက်ဆုံးမှာ၊ ဒီအရာတွေကို ministering.lds.org မှာ ချက်ချင်းဖော်ပြပါမယ်။ “တောင်းကြလော့၊ တောင်းလျှင် သင်တို့ထံ ပေးလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့တွေ့ကြမည်။”
ယခုဆိုရင်၊ ဥက္ကဌရပ်ဆဲလ် အမ်၊နယ်လဆင်က ကျွန်တော်နဲ့ ညီအစ်မဂျင်း ဘီ၊ဘင်ဟမ်ကို ပေးခဲ့တဲ့အံ့ဩဖွယ်တာဝန်ရှိနေပါပြီ။ ညီအစ်ကိုမောင်နှမများခင်ဗျာ အဖွဲ့လိုက်နဲ့ အကူခေါင်းဆောင်များရဲ့ အလုပ်က အဖွဲ့လိုက် ရင့်ကျက်ဖွံဖြိုးတာနဲ့အမျှ၊ အဲဒီနောက်မှာ၊ ကျွန်တော်တို့ကိုယ်တိုင်လည်း—ခံစားချက်မပါတဲ့ အလိုအလျောက်လုပ်နေကျအလုပ်တစ်စုံတစ်ခုထက် လောကအမှုတော်ဆောင်ခြင်းရဲ့အဆုံးမှာ ကယ်တင်ရှင်ရှင်းပြခဲ့တဲ့ လှိုက်လှဲသောတပည့်တော်အဖြစ်သို့ တစ်ဦးချင်းအလိုက်တိုးတက်လာပြီး၊ ရင့်ကျက်ဖွင့်ဖြိုးရမှာဖြစ်ပါတယ်။ အပြစ်ကင်းလျက်ရှိပြီး၊ အတော်စိတ်ရှုတ်နေတဲ့ သူ့တပည့်တော်စုကို စွန့်ခွာဖို့ သူပြင်ဆင်စဉ်မှာ၊ သူတို့လိုက်နာရမယ့် စီမံခန့်ခွဲမှုအချက်များစွာကိုသူမပြု၊ သို့မဟုတ်၊ မိတ္တူသုံးစောင်တွဲမှာဖြည့်ဖို့ လက်တစ်ဆုပ်ပြည့်တဲ့မှတ်တမ်းတွေကို သူတို့ကို မပေးခဲ့ပါဘူး။ မဟုတ်ပါဘူး၊” သင်တို့ကို ငါချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့”ဟု သူတို့ရဲ့လုပ်ငန်းကို အခြခံပညတ်တော်တစ်ခုနဲ့အကျဉ်းချုပ်မိန့်တော်မူခဲ့ပါတယ်။” သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ ဤအမှုကိုထောက်၍၊ သင်တို့သည် ငါ၏တပည့်တော်များဖြစ်ကြကြောင်းကို လူအပေါင်းတို့ သိကြလိမ့်မည်။”
ကျွန်တော်တို့ကို အဲဒီဧဝံဂေလိတရားတော်စံနမူနာနဲ့ ပိုပြီးနီးစေဖို့ကြိုပမ်းရာမှာ၊ ဒီမကြာမီကကြေငြာခဲ့တဲ့ ယဇ်ပုရောဟိတ်အခွင့်နဲ့ လူမှုသက်သာရေးအဖွဲ့ အမှုတော်ဆောင်အယူအဆမှာ၊ အခြားအရာများအနက်၊ အောက်ပါအချက်များပါဝင်မှာဖြစ်ပါတယ်။ အဲဒီအထဲက တစ်ချို့ဆိုရင်၊ လူမှုသက်သာရေးအဖွဲ့မှာကျင့်သုံးနေပြီဖြစ်ပြီး အံ့ဩဖွယ်အောင်မြင်မှုရနေပါပြီ။
-
ကျွန်တော်တို့ဟာ အိမ်လည်သွန်သင်ခြင်းနဲ့ အလည်အပတ်သွန်သင်ခြင်းအသုံးအနှုန်းကို သုံးတော့မှာမဟုတ်ပါဘူး။ အဲဒါက တစ်စိတ်တစ်ပိုင်းအနေနဲ့၊ ကျွန်တော်တို့အမှုတော်ဆောင်ခြင်းများစွာဟာ အိမ်မှာထက်၊ ထူထောင်ခြင်းတွေမှာရှိမှာဖြစ်လို့ပါပဲ။ တစ်စိတ်တစ်ပိုင်းအနေနဲ့၊ လိုအပ်လျှင် သင်ခန်းစာကိုဝေငှရမှာ အမှန်ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့အဆက်အသွယ်ကို ပြင်ဆင်ထားတဲ့သင်ခန်းစာတစ်ခုနဲ့ သတ်မှတ်မှာမဟုတ်လို့ပါပဲ။ ဒီအမှုတော်ဆောင်ခြင်းစိတ်ကူးရဲ့ မူလရည်ရွယ်ချက်ဟာ အယ်လမာခေတ်က လူတွေအကြောင်းပြောသလို၊ “ သူတို့လူများကို ကြည့်ရှုစောင့်ရှောက်ပြီး၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့်အရာများနှင့် အားဖြည့်ပေးကြ”ဖို့ဖြစ်ပါတယ်။
-
ကျွန်တော်တို့ဟာ အိမ်တွေကို တတ်နိုင်သလောက် လည်ပတ်မှာဖြစ်ပါတယ်၊ ဒါပေမယ့် များသောအရေအတွက်၊ ဝေးသောခရီး၊ ကိုယ့်လုံခြုံရေးနဲ့ အခြားခက်ခဲသောကန့်သတ်ချက်များ အစရှိသည့် ဒေသအခြေအနေများက အိမ်တိုင်းကို လတိုင်းလည်ပတ်ဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ပထမဥက္ကဌအဖွဲ့မှ လွန်ခဲ့တဲ့နှစ်များစွာက အကြံပေးခဲ့သလို၊ သင်တတ်နိုင်သမျှအကောင်းဆုံးကိုလုပ်ပါ။ အမှန်လည်ပတ်ခြင်းအတွက် သင်ဆွဲထားတဲ့ဘယ်အချိန်ဇယားကိုမဆို၊ အဲဒီပြက္ခဒိန်ကို ဖုန်းခေါ်ခြင်း၊ ရေးထားသောမှတ်စုများ၊ စာများ၊ အီးမေးလ်၊ ဗီဒီယိုစကားပြော၊ အသင်းတော်အစည်းအဝေးမှာ စကားစမြည်ပြောခြင်းများ၊ မျှဝေအစေခံခြင်းစီမံကိန်းများ၊ လူထုလှုပ်ရှားမှုများ၊ ပြီးတော့ လူမှုဆက်သွယ်ရေးလောကမှာ အခွင့်အလမ်းအမြောက်အမြားဖြင့် ထပ်လောင်းဖြည့်စွက်နိုင်ပါတယ်။ သို့သော်လည်း၊ ဒီအတွေးအမြင်သစ်တွင်၊ ကားဘမ်ပါစတစ်ကာတစ်ခုပေါ်မှာ ကျွန်တော်မကြာသေးမီကတွေ့ခဲ့တဲ့ ဝမ်းနည်းဖွယ်ဖော်ပြချက်တော့ မပါဝင်ပါဘူး။ ရေးထားတာက” ငါဟွန်းတီးလျှင်၊ မင်းအိမ်လည်သွန်သင်ခံရပြီးလို့ဖြစ်မှာပါ။” ကျေးဇူးပြု၍၊ ကျေးဇူးပြု၍၊ ညီအစ်ကိုများခင်ဗျာ၊( အသင်းတော်ရဲ့ ညီအစ်ကိုများကို ကျွန်တော်ပြောတာဖြစ်လို့၊ ဒါနဲ့ပတ်သက်ပြီး ညီအစ်မများ လိပ်ပြာမသန့် မဖြစ်လောက်ပါဘူး)၊ ဒီပြင်ဆင်ချက်များအားဖြင့် ကျွန်တော်တို့မှာ ဂရုစိုက်ခြင်းနဲ့ အလေးထားခြင်း ပိုပြီးလိုအပ်ပါတယ်။ လျော့မသွားပါဘူး။
-
ဒီပို၍သစ်လွင်ပြီး၊ ဧဝံဂေလိတရားပေါ်ပိုပြီးအခြေခံတဲ့၊ အမှုဆောင်ခြင်းသဘောတရားနဲ့ဆိုလျှင်၊ သင်တို့ဟာ အစီရင်ခံစာမှာ ဘာထည့်ရမလဲလို့ အတော်စိတ်ပူစပြုကြတယ်ဆိုတာ ကျွန်တော်ခံစားမိပါတယ်။ ကောင်းပါပြီ၊ စိတ်လျော့ပါ၊ အစီရင်ခံစာတစ်ခုမျှမရှိလို့ပါပဲ။ အနည်းဆုံး၊ လရဲ့ ၃၁ရက်နေ့မှာ၊ “ကျွန်တော်အဲဒီအစီရင်ခံစာကို ပြီးတယ်ဆိုရုံလေးပြီးခဲ့ပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ ရင့်ကျက်ဖို့ ကြိုးစားနေကြပါပြီ။ ရေးရမယ့် တစ်ခုတည်းသောအစီရင်ခံစာကတော့၊ သုံးလအတွင်း အသင်းတော်စုမှာ ခေါင်းဆောင်များက အမှုတော်ဆောင်မိတ်ဆွေအဖွဲ့များနဲ့ပြုလုပ်တဲ့ လူတွေ့မေးမြန်းခြင်းအရေအတွက်ပဲဖြစ်ပါတယ်။ အဲဒီလောက်ကိုရိုးရှင်းပါတယ်၊ ကျွန်တော့မိတ်ဆွေများခင်ဗျာ၊ အဲဒီလူတွေ့မေးမြန်းခြင်းတွေဟာ လုံးဝအရေးပါပါတယ်။ အဲဒီသတင်းအချက်အလက်မရှိဘဲနဲ့ဆိုလျှင်၊ သင်းအုပ်ဟာ သူ့လူတွေရဲ့ ဝိညာဉ်ပကတိနဲ့ ဇာတိပကတိအခြေအနေတွေနဲ့ပတ်သက်လို့ သူလိုအပ်တဲ့ သတင်းအချက်အလက်ကို ရရှိစရာအကြောင်းမရှိပါဘူး။ “အမှုတော်ဆောင်ညီအစ်ကိုများဟာ သင်းအုပ်အတိုင်ပင်ခံအဖွဲ့၊ အသင်းလူကြီးဥက္ကဌအဖွဲ့တို့ကို ကိုယ်စားပြုတယ်ဆိုတာ သတိရကြပါ။ သူတို့ကို အစားထိုးတာမဟုတ်ပါဘူး။ သင်းအုပ်နဲ့ အဖွဲ့ဥက္ကဌရဲ့သော့ချက်က ဒီအမှုတော်ဆောင်ခြင်းသဘောတရားထက်များစွာပိုပါတယ်။
-
ဘာကြောင့်လဲဆိုလျှင်၊ ဒီအစီရင်ခံစာက အရင်က ကျွန်တော်တို့ပို့လေတဲ့အရာမှန်သမျှနဲ့ ကွဲပြားလို့ပါပဲ။ ကျွန်တော်အလေးထားပြောပါရစေ၊ အသင်းတော်ရုံးချုပ်မှာရှိတဲ့ ကျွန်တော်တို့ဟာ သင်တို့လူတွေနဲ့သင်တို့ဘယ်လို၊ သို့မဟုတ် ဘယ်နေရာမှာသို့မဟုတ် ၊ဘယ်အချိန်မှာ အဆက်အသွယ်ပြုသလဲဆိုတာကို မသိလိုကြပါဘူး၊ သင်တို့ တကယ် ဆောင်ရွက်တယ်၊ တတ်နိုင်တဲ့နည်းအမျိုးမျိုးနဲ့ သင်တို့လူများကို ကောင်းချီးပေးကြတယ်ဆိုတာကိုပဲ ကျွန်တော်တို့ ဂရုစိုက်ကြပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ အသင်းတော်တစ်ခုလုံးအနေနဲ့ “ဘုရားသခင်ရှေ့ မှာမညစ်ညမ်းတဲ့စင်ကြယ်သောဘာသာတရားကို” သရုပ်ပြဖို့ ဘုရားမတဲ့အခွင့်အရေးကို ရရှိကြပါတယ်—“အချင်းချင်း၏ဝန်တို့ကို ပေါ့စေလိုခြင်းငှာ၊ ထမ်းဆောင်ဖို့”၊ “နှစ်သိမ့်ခြင်းလိုအပ်နေသူများကို နှစ်သိမ့်၊”ဖို့ မုဆိုးမများနဲ့ အဘမရှိသောသူငယ်၊ အိမ်ထောင်ရှိနဲ့ အိမ်ထောင်မဲ့၊ အားကြီးသူနှင့် သောကရောက်သူ၊ အဖိနှိပ်ခံနှင့် ခိုင်မာသူ၊ ပျော်ရွှင်သူနဲ့ ဝမ်းနည်းသူတို့ကို အမှုတော်ဆောင်ဖို့—လိုရင်းပြောရရင်၊ ကျွန်တော်တို့အားလုံး၊ ကျွန်တော်တို့အယောက်တိုင်း၊ နွေးထွေးတဲ့ခင်မင်မှုလက်ကို ကျွန်တော်တို့အားလုံး ကိုင်ရဖို့၊ ယုံကြည်ခြင်းရဲ့ခိုင်မာသောကြေငြာချက်ကို ကြားရဖို့ လိုအပ်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ်၊ သင်တို့ကို ကျွန်တော်သတိပေးပါတယ်၊ ကျွန်တော်တို့ဟာ ဒီအမှုကို ရဲရင့်တဲ့၊ အသစ်ဖြစ်တဲ့၊ ပိုသန့်ရှင်းတဲ့နည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်တယ်လို့ မမြင်ရင် နာမည်အသစ်၊ ပျော့ပျောင်းမှုအသစ်၊ လျော့နည်းတဲ့အစီရင်ခံစာများက ကျွန်တော်တို့အစေခံခြင်းမှာ ခြားနားချက်နည်းနည်းလေးကိုမျှဖြစ်စေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဝိညာဉ်ပကတိအမြင်များကို ချစ်ခြင်းပညတ်တရားမှာ ပိုပြီးကျယ်ပြန့်စွာကျင့်သုံးခြင်းဆီကို မြှင့်တင်တာနဲ့အမျှ၊ အဲဒီနည်းနဲ့ နှစ်ပေါင်းများစွာအစေခံပြီးတဲ့ မျိုးဆက်များစွာတို့ကို ကျွန်တော်တို့လေးစားရာရောက်ပါတယ်။ ကျွန်တော်တို့ညီအစ်ကိုမောင်နှမများနဲ့”အတူရှိပြီး၊ ခွန်အားဖြည့်ပေး” ဖို့ ပို၍များတဲ့ဗိုလ်ခြေတို့ဟာ ကိုယ်တော်ရှင်ရဲ့ပညတ်တော်ကို စွဲကိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ခြင်း၌ ထိုကဲ့သို့ဆက်ကပ်ခြင်းရဲ့ မကြာသေးမီက ပုံသက်သေတစ်ခုကို ကျွန်တော်ဖော်ပြပါရစေ။
လွန်ခဲ့တဲ့ဇန္နဝါရီလ ၁၄ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီကျော်ကျော်လေးမှာ၊ ကျွန်တော့သူငယ်ချင်း ဘရက်နဲ့ ခရစ်စတင်းဟမ်ဗလင်တို့ဟာ ဘရက်က သင်းအုပ်အတိုင်ပင်ခံအဖွဲ့မှာ နေ့အစေခံခြင်း၊ ခရစ်စတင်းက သူတို့ရဲ့ကလေးငါးယောက်ကိုဂရုစိုက်ရင်း အလုပ်များနေပြီးမှ၊ တမ်ပီ၊ အရီဇိုနားရှိ သူတို့အိမ်မှာစကားစမြည်ပြောနေကြပါတယ်။
ကြည့်ရတာ အရင်နှစ်ကရင်သားကင်ဆာရှင်းရှင်းပျောက်ခဲ့တဲ့ ခရစ္စတင်းဟာ ရုတ်တရက်မေးမရခေါ်မရဖြစ်သွားခဲ့ပါတယ်။ ၉၁၁ ကိုခေါ်တော့၊ အရေးပေါ်အဖွဲ့ရောက်လာပြီး သူ့ကို သတိပြန်လည်လာစေဖို့ အသည်းအသန်ကြိုးစားကြပါတယ်။ ဘရက်က အသနားခံဆုတောင်းပြီး၊ အခြားဖုန်းနှစ်လုံးကိုသာ အမြန်ခေါ်ခဲ့ပါတယ်။ တစ်ခုကတော့ ကလေးတွေကို ကူထိန်းဖို့ သူ့အမေဆီကိုတောင်းဆိုတာပါ၊ အခြားတစ်ခုကတော့ သူ့ရဲ့အိမ်လည်သွင်သင်ဆရာ အက်ဒဝင်ပေါ်တာကို ခေါ်တာဖြစ်ပါတယ်။ နောက်ခေါ်တဲ့စကားပြောတစ်ခုလုံးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
အက်ဒဝင်ဟာ ဖုန်းခေါ်တဲ့နံပါတ်ကို သတိပြုမိပြီး၊ “ ဟေး၊ ဘရက် ဘာဖြစ်တာလဲ” လို့မေးပါတယ်။
ဘရက်ရဲ့ အော်ပြောမတတ်ဖြစ်တဲ့အဖြေက “ ငါ မင်းကို ဒီကိုလာစေချင်တယ်—အခုပဲ”
မိနစ်အနည်းငယ်ကြာပြီးမှပဲ ဘရက်ဟာ သူ့ယဇ်ပုရောဟိတ်အဖော်က သူ့ဘေးရောက်လာပြီး၊ ကလေးတွေကိုကူထိန်းရင်း၊ ညီအစ်ကို ဟမ်ဗလင်ရဲ့မိန်းမကို လူနာတင်ကားနောက်ခန်းမှာတင်ပြီးတော့ ဆေးရုံဆီမောင်းနေတာကို သတိပြုမိပါတော့တယ်။ အဲဒီမှာ၊ ခရစ္စတင်းမျက်စိမှိတ်စကနေ၊ မိနစ်၄၀မကြာခင်မှာ ဆုံးတဲ့အကြောင်းကို သမားတော်ကပြောပါတယ်။
ဘရက်ရှိုက်ငိုနေစဉ်မှာ၊ အက်ဒဝင်က ဖက်ပြီးတော့ တော်တော်ကြာအောင်သူနဲ့အတူငိုပါတယ်။ အဲဒီနောက်မှာ၊ ဘရက်ကို စုဝေးရောက်လာခဲ့တဲ့အခြားမိသားစုဝင်တွေနဲ့အတူ ငိုဖို့ထားခဲ့ပြီး၊ အက်ဒဝင်ဟာ ဖြစ်ပျက်ခဲ့တာကို ပြောပြဖို့ သင်းအုပ်ရဲ့အိမ်ကို မောင်းသွားခဲ့ပါတယ်။ အက်ဒဝင်က ဟမ်ဗလင့်အိမ်ကို မောင်းသွားစဉ်မှာ အံ့ဩဖွယ် သင်းအုပ်က ဆေးရုံးကို ချက်ချင်းသွားခဲ့ပါတယ်။ အဲဒီမှာ သူနဲ့အတူ အပြေးလိုက်လာတဲ့သူ့ဇနီးချားလက်ဟာ လတ်တလောအမိမဲ့ဖြစ်နေတဲ့၊ ၁၂ နှစ်ကနေ ၃ နှစ်အထိ ဟမ်ဗလင်ကလေးငါးယောက်နဲ့ကစားပေးပါတယ်။ သူတို့ကို ညနေစာကျွေး၊ ကြုံသလိုသီချင်းဆိုပေးပြီးတော့၊ အိပ်ရာဝင်စေဖို့ ကူညီခဲ့ပါတယ်။
ကျွန်တော့ကို ဘရက်နောက်မှပြောပြတာကတော့၊ “ဒီအဖြစ်အပျက်ရဲ့ အံ့ဩစရာကောင်းတဲ့အပိုင်းကတော့၊ ကျွန်တော်ခေါ်တဲ့အခါ၊ အက်ဒဝင်လာခဲ့တဲ့အကြောင်းမဟုတ်ပါဘူး။ အရေးပေါ်အခြေအနေမှာ၊ ကူညီလိုတဲ့သူတွေအမြဲရှိပါတယ်။ မဟုတ်ပါဘူး၊ ဒီအဖြစ်အပျက်ရဲ့ အံ့ဩစရာအပိုင်းကတော့၊ သူဟာ ကျွန်တော်စဉ်းစားမိခဲ့တဲ့သူဖြစ်တဲ့အကြောင်းပါပဲ။ အခြားလူတွေလည်းရှိပါတယ်။ ခရစ္စတင်းမှာ သုံးမိုင်တောင်မဝေးတဲ့နေရာမှာ အစ်ကို နဲ့ အစ်မရှိပါတယ်။ ကျွန်တော်တို့မှာ အံ့ဩဖွယ်သင်းအုပ်၊ အံ့ဩဖွယ်အကောင်းဆုံးသူရှိပါတယ်။ ကျွန်တော်နဲ့ အက်ဒဝင်ကြားမှာရှိတဲ့ဆက်ဆံရေးဟာ၊ ကျွန်တော်အကူအညီလိုတဲ့အခါ သူ့ကို ခေါ်ရမယ်လို့ အလိုအလျောက်ခံစားမိတဲ့အရာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဘုရားသခင်နဲ့ပိုပြီးနီးရာကိုရောက်စေဖို့ ကူညီတဲ့၊ ချစ်ဖို့၊ အစေခံဖို့၊ ပြီးတော့ ကျွန်တော်တို့ညီအစ်ကိုမောင်နှမများနဲ့ ဆက်ဆံရေးကို ဖွံ့ဖြိုးဖို့ ဒုတိယပညတ်ကို ပိုပြီးကောင်းကောင်းကျင့်သုံးဖို့ ဖွဲ့စည်းထားတဲ့နည်းလမ်းကို အသင်းတော်က ကျွန်တော်တို့ကို ပေးပါတယ်။”
အက်ဒဝင်က ဒီအတွေ့အကြုံအကြောင်းကို ပြောပြပါတယ်၊ “ ဒါတွေအားလုံးရဲ့ ပြောင်းပြန်ကတော့၊ ဘရက်ဟာ ကျွန်တော်တို့မိသားစုရဲ့ အိမ်သင်ဆရာဖြစ်လာခဲ့တာ ကျွန်တော် သူတို့မိသားစုရဲ့ အိမ်သင်ဆရာဖြစ်ခဲ့တာထက် ပိုပြီးကြာလှပါပြီ။ အဲဒီကာလတစ်လျှောက်၊ သူဟာ ကျွန်တော်တို့ဆီကို တာဝန်အရဆိုတာထက်၊ သူငယ်ချင်းတစ်ယောက်အဖြစ် လာခဲ့ပါတယ်။ သူဟာ ကောင်းမြတ်တဲ့ပုံသက်သေတစ်ခုပါ။ တက်ကြွပြီး၊ ပါဝင်တဲ့ ယဇ်ပုရောဟိတ်အခွင့်ဆောင်တစ်ဦးဆိုတာ ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ စံနမူနာဖြစ်ပါတယ်။ ကျွန်တော့ဇနီး၊ ကျွန်တော့သားများ၊ ကျွန်တော်တို့က သူ့ကို လကုန်တဲ့အခါတိုင်းမှာ ကျွန်တော်တို့ဆီ အမှာစကားယူလာဖို့ ဝတ္တရားရှိတဲ့သူတစ်ဦးလို့ မမြင်ကြပါဘူး။ ကျွန်တော်တို့က သူ့ကို တစ်လမ်းထဲ၊ အနီးအနားမှာနေတဲ့၊ ကျွန်တော်တို့ကို ကောင်းချီးပေးဖို့ ဒီလောကထဲမှာ ဘယ်အရာကိုမဆို ပြုလုပ်မယ့်သူငယ်ချင်းတစ်ယောက်လို့ အောက်မေ့ကြပါတယ်။ သူ့ကို ကျွန်တော်ပေးစရာရှိတဲ့အကြွေးထဲက အနည်းငယ်လေးကို ပြန်ပေးနိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့သမိုင်းတစ်လျှောက်မှာ သစ္စာရှိစွာ ချစ်ပြီးတော့ အစေခံခဲ့တဲ့ ရပ်ကွက်ဆရာ၊ အသင်းစုဆရာ၊ အိမ်သင်ဆရာ၊ အလည်အပတ်သင်ဆရာတိုင်းကို အလေးပြုရာမှာ သင်တို့နဲ့ ကျွန်တော်ပူးပေါင်းပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ဆုတောင်းချက်ကတော့၊ အမျိုးသားအမျိုးသမီးတိုင်း၊ ကျွန်တော်တို့ရဲ့ သက်ကြီးလူငယ်အမျိုးသား၊ လူငယ်အမျိုးသမီးများ၊ တစ်ယောက်နဲ့တစ်ယောက် လှိုက်လှဲသောဂရုစိုက်ခြင်းအတွက် ပို၍လေးနက်စွာကတိကဝတ်ထားပြီး၊ အဲဒီလိုပြုဖို့ ခရစ်တော်၏စင်ကြယ်သောချစ်ခြင်းအားဖြင့်သာ တွန်းအားပေးတာကို ရရှိပြီး၊ ဒီအထွေထွေညီလာခံမှ ပြန်ကြမည့်အကြောင်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးခံစားမိတဲ့ ကန့်သတ်ချက်များနဲ့ မပြည့်စုံခြင်းများ၊ ကျွန်တော်တို့အားလုံးမှာ၊ စိန်ခေါ်မှုများရှိသော်ငြားလည်း၊ ကျွန်တော်တို့ဟာ၊ စပျစ်ဥယျာဉ်ရဲ့ကိုယ်တော်ရှင်နဲ့ အတူလက်တွဲပြီး၊ ကျွန်တော်တို့အားလုံးရဲ့ အဘဘုရားသခင်အား ကူညီသောလက်ကိုကမ်းလျက်၊ သူ့ရဲ့ကြောက်ခမန်းလိလိ လုပ်ငန်းဖြစ်သော၊ ဆုတောင်းချက်များကို ဖြေဆိုခြင်း၊ နှစ်သိမ့်မှုပေးခြင်း၊ မျက်ရေများသုတ်ပေးခြင်း၊ အားနည်းသူများကို ခွန်အားဖြည့်ပေးခြင်းတို့ကို ကျွန်တော်တို့ဆောင်ရွက်နိုင်ပါစေ။ကျွန်တော်တို့ အဲဒီလိုလုပ်မယ်ဆိုလျှင်၊ ကျွန်တော်တို့ဖြစ်လိုတဲ့ ခရစ်တော်ရဲ့မှန်သောတပည့်တော်များနဲ့ ပိုပြီးတူပါလိမ့်မယ်။ ဒီအီစတာတနင်္ဂနွေနေ့မှာ၊ ကျွန်တော်တို့ကို သူချစ်သကဲ့သို့၊ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ချစ်နိုင်ပါစေ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်။ အာမင်။