၂၀၁၀-၂၀၁၉
စိတ်ဝိညာဉ်များကို ဦးဆောင်ခြင်း
အောက်တိုဘာ ၂၀၁၈


15:11

စိတ်ဝိညာဉ်များကို ဦးဆောင်ခြင်း

ကျွန်တော်တို့ဟာ အခြားသူများဆီကို ချစ်ခြင်းနဲ့ ဖြန့်ကျက်ကြပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင်၊ အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်မိန့်တော်မူခဲ့တာဖြစ်လို့ပါပဲ။

မကြာသေးမီက၊ ကျွန်တော့မိတ်ဆွေတစ်ယောက်နဲ့စကားပြောနေရင်း၊ သူငယ်ငယ်က၊ အသင်းတော်မှာ ဗတ္တိဇံခံခါစအသင်းသားတစ်ယောက်ဖြစ်တဲ့သူ့ကို၊ သူ့အသင်းတော်စုက နွေးထွေးမှုမရှိတော့ဘူးလို့ သူစတင်ခံစားလာခဲ့ရတဲ့အကြောင်း ကျွန်တော့ကို သူပြောပြပါတယ်။ သူ့ကိုသွန်သင်ပေးတဲ့သာသနာပြုများက အဝေးကို ပြောင်းသွားကြပြီးပြီ။ အထီးကျန်တယ်လို့ သူခံစားရတယ်။ အသင်းတော်စုထဲမှာ မိတ်ဆွေတွေမရှိတော့၊ သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့တွေ့ပြီး သူ့ကို အသင်းတော်မှာပါဝင်ခြင်းကနေ နှုတ်ယူသွားတဲ့လှုပ်ရှားမှုတွေမှာ ပါဝင်စပြုလာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူဟာ အသင်းတော်နဲ့ဝေးကွာစေမယ့် ရွေးချယ်မှုတွေကို အစပြုခဲ့ပါတယ်။ အသင်းတော်စုအပေါင်းအဖော်အသင်းသားတစ်ဦးက သူ့ဆီ အမှုတော်ဆောင်ခြင်းလက်ကို ကမ်းလျက်၊ ပြန်လာဖို့ကိုလည်း နွေးထွေးဖော်ရွေစွာဖိတ်ခေါ်တဲ့အခါ သူဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ရှိသလဲဆိုတာကို သူ့မျက်ဝန်းက မျက်ရည်ကျလျက်ဖော်ပြခဲ့ပါတယ်။ လအနည်းငယ်အတွင်း၊ သူဟာ သူ့ကိုယ်သူနဲ့ အခြားသူတွေကို ခွန်အားဖြည့်ပေးရင်း အသင်းတော်မှာ တက်ကြွစွာပြန်လည်ပါဝင်ခဲ့ပါတယ်။ ဒီလူငယ်ကို လိုက်ရှာခဲ့တဲ့ ဘရာဇီးလ်က သိုးထိန်း၊ အသင်းလူကြီး ကားလို့စ် အေဂေါ့ဒွိုင်ကို ကျွန်တော်တို့ ကျေးဇူးအများကြီးတင်ရှိပါတယ်။ သူဟာ အခု ကျွန်တော့နောက်မှာ ခုနစ်ကျိပ်ဥက္ကဌအဖွဲ့ဝင်တစ်ဦးအဖြစ်ထိုင်နေပါတယ်။

ဒီလိုအားထုတ်မှုနည်းနည်းလေးတွေက ထာဝရအကျိုးဆက်တွေရရှိနိုင်တယ်ဆိုတာ အလွန်မှတ်သားစရာမကောင်းပါဘူးလားခင်ဗျာ။ ဒီအမှန်တရားဟာ အသင်းတော်ရဲ့အမှုတော်ဆောင်ခြင်းအားထုတ်မှုတွေရဲ့ ဗဟိုမှာရှိပါတယ်။ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ရဲ့ ရိုးရှင်းတဲ့၊ နေ့စဉ်အားထုတ်မှုတွေကို မှတ်ယူပြီး၊ အလွန်တရာအံ့ဩဖွယ်တစ်စုံတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဥက္ကဌနယ်လဆင်က “ကျွန်တော်တို့ဟာ အခြားသူများကို ဂရုစိုက်ခြင်းနဲ့ အမှုတော်ဆောင်ခြင်းအတွက် ပိုပြီးသစ်လွင်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့နည်းလမ်းကို အကောင်အထည်ဖော်ကြပါမယ်။ ဒီအားထုတ်မှုတွေကို ‘အမှုတော်ဆောင်ခြင်း’” လို့ ကျွန်တော်တို့ ရိုးရိုးရှင်းရှင်းရည်ညွှန်းကြပါမယ်” လို့ရှင်းပြရင်း “ကျွန်တော်တို့အချင်းချင်း ဂရုစိုက်ရာမှာ အရေးကြီးတဲ့ပြင်ဆင်ချက်များကို ကိုယ်တော်ရှင် ပြုတော်မူပြီးဖြစ်တဲ့” အကြောင်း ကြေညာခဲ့တာ ခြောက်လပဲရှိပါသေးတယ်။

ဥက္ကဌနယ်လဆင်က ရှင်းပြပါသေးတယ်၊ “ ကိုယ်တော်ရှင်ရဲ့ မှန်ကန်ပြီး အသက်ရှင်တဲ့အသင်းတော်၏ ထင်ရှားတဲ့ထူးခြားချက်ကတော့ ဘုရားသခင်ရဲ့သားသမီးတစ်ဦးချင်းစီနဲ့ သူတို့မိသားစုများကို အမှုတော်ဆောင်ဖို့ ဖွဲ့စည်းတဲ့၊ ညွှန်ကြားမှုရှိတဲ့ အားထုတ်မှုအဖြစ် အမြဲရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုလျှင်၊ ဒါက သူ့အသင်းတော်ဖြစ်လို့ပါပဲ၊ ကျွန်တော်တို့ဟာ သူ့ရဲ့အစေခံများအနေနဲ့ တစ်ယောက်ယောက်ကို ၊ သူ့လိုမျိုး အမှုတော်ဆောင်ကြပါမယ်။ သူ့နာမတော်ဖြင့်၊ သူ့တန်ခိုးအခွင့်အာဏာနဲ့၊ သူ့ရဲ့ချစ်သောကြင်နာခြင်းနဲ့ ကျွန်တော်တို့အမှုတော်ဆောင်ကြပါမယ်။”

အဲဒီကြေညာချက်ပြီးကတည်းက၊ သင်တို့ရဲ့တုံ့ပြန်မှုကတော့ မယုံနိုင်လောက်အောင်ကိုပါပဲ။ ကျွန်တော်တို့ရဲ့အသက်ရှင်တဲ့ပရောဖက်လမ်းညွှန်တဲ့အတိုင်း၊ ကမ္ဘာပေါ်ရှိပန္နက်နီးပါးတိုင်းမှာ ဒီအပြောင်းအလဲကို အကောင်အထည်ဖော်ရာမှ ကြီးမားတဲ့အောင်မြင်မှုအကြောင်းအစီရင်ခံစာများကို ကျွန်တော်တို့လက်ခံရရှိခဲ့ကြပါတယ်။ ဥပမာအားဖြင့်၊ အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများကို မိသားစုများ၊ လူငယ်အမျိုးသားများနဲ့ လူငယ်အမျိုးသမီးများအပါအဝင် အပေါင်းအဖော်များအတွက် ခန့်အပ်ဖွဲ့စည်းထားပြီး၊ အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းများပြုလုပ်နေကြပါတယ်။

“အိမ်နဲ့ အသင်းတော်ကြား ဧဝံဂေလိတရားတော်လမ်းညွှန်ချက် ဟန်ချက်အသစ်နဲ့ ဆက်သွယ်ချက်” ”အကြောင်း မနေ့က ဗျာဒိတ်ပြသော ကြေညာချက်မတိုင်မီ ခြောက်လတုန်းက အမှုတော်ဆောင်ခြင်းနဲ့ပတ်သက်လို့ ဗျာဒိတ်ပြသောကြေညာချက်ကို ထုတ်ပြန်ခဲ့တာဟာ တိုက်ဆိုင်မှုတစ်ခုလို့ ကျွန်တော်မထင်ပါဘူး။ ဇန္နဝါရီလကစပြီးတော့၊ ကျွန်တော်တို့အသင်းတော်ဝတ်ပြုခြင်းမှာ တစ်နာရီလျှော့သုံးကြတာနဲ့အမျှ၊ အဲဒီလစ်ဟာမှုကို ပိုပြီးမြင့်မြတ်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့၊ မိသားစုနဲ့ ချစ်ရသူများနဲ့အတူရှိတဲ့ အိမ်ဗဟိုပြု ဥပုသ်နေ့အတွေ့အကြုံအားဖြင့် ပြန်လည်ထိန်းညှိရာမှာ အမှုတော်ဆောင်ခြင်းအကြောင်း ကျွန်တော်တို့ သင်ယူခဲ့ရတဲ့အရာမှန်သမျှက ကူညီပါလိမ့်မယ်။

ဖွဲ့စည်းပုံ နေရာတကျရှိပြီးတဲ့နောက်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့နည်းအတိုင်း အမှုတော်ဆောင်နေကြတဲ့အကြောင်း ဘယ်လိုသိရမှာလဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ကောင်းသောသိုးထိန်းကို သူရည်ရွယ်တဲ့နည်းအတိုင်း ကျွန်တော်တို့ကူညီနေကြပါသလား။

မကြာသေးခင်က ဆွေးနွေးပွဲမှာ၊ သတိပြုဖွယ်အပြောင်းအလဲများ ပြင်ဆင်ခြင်းအတွက် သူတော်စင်များကို ဥက္ကဌဟင်နရီ ဘီအိုင်းရင်းက ချီးမွမ်းခဲ့ပါတယ်။ အမှုတော်ဆောင်ခြင်းဆိုတာ “သဘောကောင်းရုံသက်သက်” ထက်ပိုတာကို အသင်းသားများအသိအမှတ်ပြုကြကြောင်း သူ့ရဲ့ရိုးသားတဲ့မျှော်လင့်ခြင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ ဒါက၊ သဘောကောင်းခြင်းဟာ အရေးမကြီးဘူးလို့ ပြောတာမဟုတ်ပါဘူး။ အမှုတော်ဆောင်ခြင်းရဲ့ မှန်သောစိတ်သဘောကို နားလည်သူများက၊ ဒါကို သဘောကောင်းရုံသက်သက်ထက်ပိုတဲ့အကြောင်း သတိထားမိကြပါတယ်။ ကိုယ်တော်ရှင်ရဲ့နည်းအတိုင်း ပြီးမြောက်ခြင်းဖြင့်၊ အမှုတော်ဆောင်ခြင်းက ထာဝရကာလတစ်လျှောက် သက်ရောက်တဲ့ ကောင်းသောအဖို့ ကြာရှည်သောဩဇာသက်ရောက်မှုကို ရရှိနိုင်ပါတယ်။ အသင်းလူကြီးဂေါ့ဒွိုင်အကြောင်းလိုပါပဲ။

“ကယ်တင်ရှင်ဟာ ချစ်ခြင်းဖြင့် သူအစေခံစဉ်က အမှုတော်ဆောင်ခြင်းဆိုတာ ဘာလဲဆိုတာ ပုံသက်သေအားဖြင့် ပြခဲ့ပါတယ်။ သူက သွန်သင်ခဲ့၊ ဆုတောင်းခဲ့၊ နှစ်သိမ့်စေခဲ့၊ ပြီးတော့ သူ့ပတ်ဝန်းကျင်ကလူတွေကို ကောင်းချီးပေးခဲ့ပါတယ်။ သူ့နောက်ကိုလိုက်လျှောက်ဖို့လည်း အားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ အသင်းတော်အသင်းသားများဟာ (ပိုပြီးမြင့်မြတ်သန့်ရှင်းတဲ့နည်းလမ်းနဲ့) အမှုတော်ဆောင်ရင်း၊ ကိုယ်တော်အလိုရှိတဲ့အတိုင်း ဆုတောင်းချက်ထက်သန်စွာဖြင့် အစေခံဖို့ ‘အသင်းတော်ကို အမြဲကြည့်ရှုစောင့်ရှောက်ဖို့၊ သူတို့နှင့်အတူရှိပြီး ခွန်အားဖြည့်ပေးဖို့၊‘ ‘အသင်းသားတစ်ဦးချင်း၏အိမ်သို့ အကြည့်အရှုသွားရန်နှင့် အယောက်စီတိုင်းကို ခရစ်တော်၏စစ်မှန်သောတပည့်တော် ဖြစ်လာစေရန်“ ကူညီဖို့ ကြိုးစားကြပါတယ်။

စစ်မှန်သောသိုးထိန်းဟာ သူ့သိုးတွေကို ချစ်တယ်။ တစ်ကောင်ချင်းစီကို နာမည်နဲ့တွဲပြီးသိတယ်။ သူတို့၌ “ကိုယ်ပိုင်စိတ်ဝင်စားမှုရှိတယ်“ဆိုတဲ့အကြောင်းကို ကျွန်တော်တို့နားလည်ကြပါတယ်။.

တောင်ပေါ်မှသိုးများ

နှစ်ပေါင်းများစွာခင်ခဲ့တဲ့ ကျွန်တော့မိတ်ဆွေတစ်ယောက်ဟာ ကြမ်းတမ်းတဲ့ ကျောက်ဆောင်ပေါရာ တောင်တွေပေါ်မှာ ကျွဲနွားနဲ့ သိုးတွေမွေးမြူပြီး ခက်ခဲတဲ့အလုပ်ကိုလုပ်ရင်း စိုက်ပျိုးမွေးမြူရေးသမားတစ်ယောက်အနေနဲ့ အသက်မွေးပါတယ်။ သိုးမွေးမြူရေးနဲ့ဆက်စပ်တဲ့ စိန်ခေါ်မှုတွေနဲ့ ဘေးအန္တရာယ်တွေအကြောင်း ကျွန်တော့ကို တစ်ခါ ပြောပြခဲ့ဖူးပါတယ်။ နွေဦးရာသီစောစောမှာ၊ ကျယ်ပြန့်တဲ့တောင်တန်းပေါ်က နှင်းတွေအကုန်နီးပါးအရည်ပျော်တဲ့အခါ၊ သူဟာ မိသားစုပိုင် အကောင် ၂၀၀၀ လောက်ရှိတဲ့သိုးအုပ်ကို နွေရာသီအတွင်း တောင်ပေါ်မှာတင်ထားပါတယ်။ အဲဒီနေရာမှာ၊ သိုးတွေကို နွေစားကျက်ကနေ သဲကန္တရထဲရှိဆောင်းစားကျက်ကို ပြောင်းတဲ့အချိန်၊ ဆောင်းဦးရာသီနှောင်းပိုင်းအထိ ကြည့်ရှုစောင့်ရှောက်ပါတယ်။ သိုးအုပ်ကြီးကို ထိန်းကျောင်းရတာ—မနက်စောစောထပြီး၊ ညဉ့်နက်သည်အထိနေရတာ နေမထွက်ခင်အစောကြီးထပြီး၊ မှောင်ပြီးလို့ကြာမှ အလုပ်သိမ်းရတာ ဘယ်လောက်ခက်တယ်ဆိုတာ သူရှင်းပြပါတယ်။ သူတစ်ယောက်တည်း လုပ်နိုင်ဖို့မဖြစ်နိုင်ပါဘူး။

မွေးမြူရေးလုပ်သားနှင့် သိုးများ

အတွေ့အကြုံရှိ မွေးမြူရေးလုပ်သား၊ ကိုယ့်အပေါင်းအဖော်များရဲ့ အသိပညာကနေ အကျိုးရှိနေကြတဲ့ လူငယ်မွေးမြူရေးလုပ်သားများအပါအဝင် အခြားသူတွေက သိုးအုပ်ကို ကူပြီးထိန်းကျောင်းပေးကြပါတယ်။ မြင်းကြီးနှစ်ကောင်၊ လေ့ကျင့်နေဆဲမြင်းငယ်နှစ်ကောင်၊ သိုးကျောင်းခွေးကြီးနှစ်ကောင်၊ သိုးကျောင်းခွေးပေါက်နှစ်ကောင်သုံးကောင်တို့ကိုလည်း သူအားကိုးရပါတယ်။ နွေရာသီအတွင်းမှာ ကျွန်တော့မိတ်ဆွေနဲ့ သူ့သိုးတွေဟာ လေနဲ့မိုးသက်မုန်တိုင်းတွေ၊ အနာရောဂါတွေ၊ ထိခိုက်ဒဏ်ရာတွေ၊ မိုးခေါင်ခြင်းနဲ့ အခြားတွေးလို့ရတဲ့အခက်အခဲအားလုံးနီးပါးကို ရင်ဆိုင်ကြရပါတယ်။ တချို့နှစ်တွေမှာဆိုလျှင်၊ သိုးတွေအသက်ရှင်ဖို့အရေး၊ နွေရာသီတစ်ခုလုံး သူတို့ရေဆွဲကြရတယ်။ နောက်တစ်ခုက၊ နှစ်တိုင်းဆောင်းဦးရာသီနှောင်းပိုင်း၊ ဆောင်းရာသီစရောက်လာတဲ့အခါ၊ သိုးတွေကို တောင်ပေါ်ကနေမောင်းချပြီးရေတွက်တဲ့အခါမှာ အများအားဖြင့် အကောင် ၂၀၀ ကျော် ပျောက်ဆုံးနေတတ်ပါတယ်။

သိုးများကို ကျောင်းခြင်း
သိုးအုပ်

နွေဦးရာသီစောစောမှာ တောင်ပေါ်ကိုတင်ထားတဲ့ အကောင် ၂၀၀၀ သိုးအုပ်ဟာ ၁၈၀၀ ထက်လျော့နည်းသွားလေ့ရှိပါတယ်။ ပျောက်ဆုံးတဲ့ သိုးအများစုဟာ၊ ဖျားနာလို့၊ ဒါမှမဟုတ် ရိုးရိုးသေလို့မဟုတ် ဘဲ တောင်ခြင်္သေ့သို့မဟုတ် ဝံပုလွေကဲ့သို့သော သားရဲတွေကြောင့် ဆုံးရှုံးရတာဖြစ်ပါတယ်။ ဒီသားရဲတွေဟာ အများအားဖြင့်၊ သိုးအုပ်ဘေးကင်းရာကနေ လမ်းလွှဲသွားကြတဲ့၊ ကိုယ့်သိုးထိန်းရဲ့ကာကွယ်မှုဆီကနေ မိမိကိုယ်ကိုခွဲခွာသွားကြတဲ့ သိုးသူငယ်တွေကို ရှာဖွေကြပါတယ်။ ကျွန်တော်ယခုဖော်ပြခဲ့တဲ့အရာကို ဝိညာဉ်ပကတိရှုထောင့်ကနေ သင်တို့ခဏလောက်စဉ်းစားကြည့်ပါလားခင်ဗျာ။ သိုးထိန်းက ဘယ်သူလဲ။ သိုးအုပ်က ဘယ်သူလဲ။ သိုးထိန်းကို ကူညီတဲ့သူတွေက ဘယ်သူတွေလဲ။

ကောင်းသောသိုးထိန်း

ကိုယ်တော်ရှင်ယေရှုခရစ်တော်ကိုယ်တိုင်က ပြောခဲ့ပါတယ်” ငါသည် ကောင်းသောသိုးထိန်းဖြစ်၍၊ ငါ၏သိုးများကို သိ၏ … ငါသည်ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှာ စွန့်၏။”

ယေရှုမိမိသိုးများကို ကျွေးမွေးခြင်း

ယေရှုသည် “သူ့သိုးများကို ကျွေးမွေးလိမ့်မည်၊ သူတို့သည်လည်း သူ့ ၌ ကျက်စားရာကို တွေ့ရလိမ့်မည့်” အကြောင်း ပရောဖက်နီဖိုင်းကလည်း ထိုနည်းတူ သွန်သင်ခဲ့ပါတယ်။ “ကိုယ်တော်ရှင်ဟာ ကျွန်တော့သိုးထိန်း” ဖြစ်တဲ့အကြောင်း ကျွန်တော်တို့အယောက်စီတိုင်းကို သူသိပြီး၊ သူ့ရဲ့ဂရုစိုက်မှုအောက်မှာရှိကြောင်း သိရခြင်းမှာ တည်မြဲတဲ့ငြိမ်းချမ်းခြင်းရှိကြောင်း ကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တို့တတွေ၊ ဘဝရဲ့လေနဲ့မိုးသက်မုန်တိုင်းတွေ၊ ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ပြီးတော့ မိုးခေါင်ခြင်းတို့နဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ၊ ကိုယ်တော်ရှင်—ကျွန်တော်တို့ရဲ့သိုးထိန်းက—ကျွန်တော်တို့ကို အမှုတော်ဆောင်ပါလိမ့်မယ်။ သူက ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကို ပြန်လည်ဆောင်ယူပါလိမ့်မယ်။

ကျွန်တော့မိတ်ဆွေက လူကြီးလူငယ်မွေးမြူရေးလုပ်သားတွေ၊ မြင်းတွေ၊ သိုးထိန်းခွေးတွေရဲ့အကူအညီနဲ့ သူ့သိုးတွေကို ထိန်းကျောင်းသလိုမျိုးပဲ၊ ကိုယ်တော်ရှင်ကလည်း သူ့ သိုးအုပ်ထဲကသိုးတွေကိုစောင့်ရှောက်ခြင်းရဲ့ ခက်ခဲတဲ့အလုပ်တွေမှာ အကူအညီလိုအပ်ပါတယ်။

ယေရှုခရစ်တော်အမှုတော်ဆောင်ခြင်း

ချစ်သောကောင်းကင်ဘုံရှင်အဘရဲ့သားသမီးများအနေနဲ့၊ သူ့သိုးအုပ်ထဲက သိုးများအနေနဲ့၊ ယေရှုခရစ်တော်က တစ်ဦးချင်းစီအားအမှုတော်ဆောင်ပေးသော ကောင်းချီးမင်္ဂလာကို ကျွန်တော်တို့ ခံစားကြရပါတယ်။ တစ်ပြိုင်တည်းမှာပဲ၊ ကျွန်တော်တို့ကိုယ်တိုင် သိုးထိန်းများအဖြစ်၊ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ အခြားသူများကို အမှုတော်ဆောင်အကူအညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ “ငါ့ကို အစေခံ၍၊​ ငါ၏​နာမ​အားဖြင့်​ ထွက်​သွားလျက်၊​ ငါ၏​သိုးများကို​ အတူတကွ​ စုဝေး​လော့” လို့ဆိုတဲ့ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်တော်များကို ကျွန်တော်တို့ အလေးထားကြပါတယ်။

သိုးထိန်းက ဘယ်သူပါလဲ။ ဘုရားသခင်နိုင်ငံတော်ထဲရှိ ယောက်ျား၊ မိန်းမနဲ့၊ ကလေးတိုင်းဟာ သိုးထိန်းဖြစ်ပါတယ်။ အမှုတော်ဆောင်တာဝန်မလိုအပ်ပါဘူး။ ဗတ္တိဇံခံရာရေထဲမှ ကျွန်တော်တို့ထွက်လာတဲ့တခဏမှာပဲ၊ ကျွန်တော်တို့ဟာ ဒီအမှုတော်မှာ အခွင့်အာဏာပေးခန့်ထားခံရပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြားသူများဆီကို ချစ်ခြင်းနဲ့ ဖြန့်ကျက်ကြပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင်၊ အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင် မိန့်တော်မူခဲ့တာဖြစ်လို့ပါပဲ။ အယ်လမာကအလေးထားပြောဆိုခဲ့တာက “အကြောင်းမူကား၊ အဘယ်သို့သော သိုးထိန်းသည် သိုးများစွာရှိသော်လည်း တောခွေးများဝင်လာပြီး မိမိသိုးစုကို ကိုက်စားခြင်းမပြုရန် မကြည့်ရှုမစောင့်ရှောက်ဘဲနေမည်လော။ တောခွေးကို သူမောင်းမထုတ်သလော။“ ကျွန်တော်တို့နဲ့စပ်ဆိုင်သောသူများ ဇာတိပကတိ၌ဖြစ်စေ၊ ဝိညာဉ်ပကတိ၌ဖြစ်စေ စိတ်ပင်ပန်းတဲ့အခါတိုင်း သူတို့ကို ကူညီဖို့ ကျွန်တော်တို့ အမြန်သွားကြပါတယ်။ ကျွန်တော်တို့ဟာ အချင်းချင်းရဲ့ဝန်များကို ပေါ့စေခြင်းငှာ ထမ်းဆောင်ကြပါတယ်။ ငိုကြွေးမြည်တမ်းကြသူများနှင့်အတူ ငိုကြွေးမြည်တမ်းကြပါတယ်။ နှစ်သိမ့်ခြင်းလိုအပ်နေသူများကို နှစ်သိမ့်ကြပါတယ်။ ကိုယ်တော်ရှင်က ဒီဟာကို ကျွန်တော်တို့ဆီကနေ အမြတ်တနိုးမျှော်လင့်ပါတယ်။ သူ့သိုးအုပ်ကို အမှုတော်ဆောင်ရာမှာ ကျွန်တော်တို့ဂရုစိုက်ခြင်းအတွက် ကျွန်တော်တို့တာဝန်ရှိမယ့်နေ့ ကျရောက်လာပါလိမ့်မယ်။

စားကျက်ပေါ်မှာ သိုးများကြည့်ရှုစောင့်ရှောက်ခြင်းရဲ့ အရေးကြီးတဲ့ အခြားအချက်တစ်ချက်ကို ကျွန်တော့ရဲ့သိုးထိန်းမိတ်ဆွေက ဝေငှခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့သိုးများဟာ အထူးသဖြင့် သားရဲအန္တရာယ်နဲ့ ပိုပြီးထိခိုက်လွယ်တဲ့သဘောရှိကြောင်း သူကဖော်ပြခဲ့ပါတယ်။ အမှန်ကတော့၊ သူနဲ့ သူ့အဖွဲ့ရဲ့ အလုပ်ချိန်အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းကို ပျောက်တဲ့သိုးတွေရှာရာမှာ သီးသန့်သုံးခဲ့ရပါတယ်။ ပျောက်တဲ့သိုးတွေကို သိုးအုပ်ဆီကနေ အရမ်းဝေးဝေးရောက်မသွားမီမြန်မြန်တွေ့လေ၊ သိုးတွေအန္တရာယ်ကျရောက်နိုင်ခြေနည်းလေဆိုတာကို သူတို့သိခဲ့ရပါတယ်။ ပျောက်တဲ့သိုးတွေပြန်ရရှိခြင်းက သည်းခံခြင်း၊ စည်းကမ်းရှိခြင်းများစွာလိုအပ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ ဒေသန္တရသတင်းစာထဲမှာ အတော်ထူးဆန်းတဲ့ဆောင်းပါးတစ်စောင် ကျွန်တော်တွေ့လို့ သိမ်းထားခဲ့ပါတယ်။ ရှေ့စာမျက်နှာခေါင်းကြီးပိုင်းမှာ “စိတ်ခိုင်မာပြတ်သားသောခွေးသည် ပျောက်သောသိုးများကို မစွန့်ပစ်”လို့ ရေးထားပါတယ်။ ကျွန်တော့မိတ်ဆွေရဲ့ ခြံကနေသိပ်မဝေးတဲ့ မွေးမြူရေးခြံတစ်ခြံက သိုးအနည်းငယ်အကြောင်းကို ဒီဆောင်းပါးမှာဖော်ပြထားပါတယ်။ ဒီသိုးတွေဟာ နွေရာသီစားကျက်မှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကျန်နေခဲ့တာဖြစ်ပါတယ်။ နှစ်လသုံးလကြာတဲ့အခါ သူတို့ဟာ သောင်တင်နေပြီး တောင်ပေါ်မှာ နှင်းနဲ့ပိတ်မိနေခဲ့ကြပါတယ်။ သိုးတွေ နောက်ကျန်နေတဲ့အခါ သိုးထိန်းခွေးဟာ သူတို့နဲ့အတူနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုလျှင်၊ သိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ သူ့တာဝန်ဖြစ်လို့ပါပဲ။ ကြည့်ရှုစောင့်ရှောက်တာကို သူမရပ်လိုခဲ့ပါဘူး။ အဲဒီနေရာမှာ သူဆက်နေခဲ့ပါတယ်။ နှင်းတွေကျပြီးအေးနေတဲ့ရာသီမှာ လပေါင်းများစွာ သိုးတွေကို လှည့်ပတ်သွားလာနေပြီး ဝံပုလွေတွေ၊ တောင်ခြင်္သေ့တွေ၊ သို့မဟုတ် သိုးတွေကိုအန္တရာယ်ပြုမယ့် အခြားသားရဲတွေရဲ့ရန်ကနေ အကာအကွယ်အဖြစ် အစေခံနေခဲ့ပါတယ်။ သူဟာ သိုးတွေကို သိုးထိန်းနဲ့သိုးအုပ်ရှိရာ အန္တရာယ်ကင်းရာသို့ ပြန်ပို့ ဒါမှမဟုတ် ပြန်ရွှေ့လို့ရနိုင်တဲ့အချိန်အထိ အဲဒီနေရာမှာနေခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့အရှေ့စာမျက်နှာပေါ်မှာ ရိုက်ကူးထားတဲ့ပုံရိပ်က ဒီသိုးထိန်းခွေးရဲ့မျက်လုံးနဲ့ အမူအကျင့်တွေမှာ အစွမ်းအစကို မြင်ရစေပါတယ်။

ဒီသိုးထိန်းခွေး၏မျက်လုံးနှင့် အမူအကျင့်ရှိ အစွမ်းအစ

ပျောက်သောသိုးတွေရဲ့ သိုးထိန်းများ၊ အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများအဖြစ် ကျွန်တော်တို့ရဲ့ တာဝန်နဲ့စပ်ဆိုင်တဲ့ ပိုပြီးလေးနက်တဲ့အမြင်ကို ဖော်ပြတဲ့ ကယ်တင်ရှင်ဆီက ပုံဆောင်စကားနဲ့သွန်သင်ချက်ကို ဓမ္မသစ်ကျမ်းထဲမှာ ကျွန်တော်တို့တွေ့ရပါတယ်။

“တစ်စုံတစ်ယောက်သောသူ၌ သိုးတစ်ရာရှိ၍၊ သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ့်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သောသိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။

“တွေ့ပြီးလျှင်၊ ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာတင်ထမ်း၍”

မိမိအိမ်သို့ရောက်သောအခါ အဆွခင်ပွန်းအိမ်နီးချင်းများကို ခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြဟု ဆိုတတ်သည်မဟုတ်လော။”

ဒီပုံဥပမာက သွန်သင်တဲ့သင်ခန်းစာကို ကျွန်တော်တို့ အနှစ်ချုပ်မယ်ဆိုလျှင်၊ ဒီတန်ဖိုးရှိတဲ့ ဩဝါဒကို ကျွန်တော်တို့တွေ့ရပါတယ်။

  1. ပျောက်သောသိုးများကို ကျွန်တော်တို့ဖော်ထုတ်ရပါမယ်။

  2. သူတို့ကို မတွေ့မချင်း ကျွန်တော်တို့လိုက်ရှာကြပါတယ်။

  3. သူတို့ကို တွေ့တဲ့အခါ၊ အိမ်ကိုပြန်သယ်ဖို့ ကျွန်တော်တို့ပခုံးပေါ်မှာ ထမ်းရပါမယ်။

  4. သူတို့ပြန်ရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေနဲ့အတူ သူတို့ကို ဝိုင်းရံကြပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ပျောက်သောသိုးများကို ကျွန်တော်တို့အမှုတော်ဆောင်စဉ်မှာ ကျွန်တော်တို့ရဲ့ အကြီးဆုံးသောစိန်ခေါ်မှုများနဲ့ ကျွန်တော်တို့ရဲ့အကြီးဆုံးသောဆုလာဘ်များ ရောက်လာနိုင်ပါတယ်။ မော်မုန်ကျမ်းထဲမှာဆိုလျှင်၊ အသင်းတော်၏အသင်းသားများသည်” မိမိတို့လူများကို​ ကြည့်ရှု​စောင့်ရှောက်ပြီး၊​ ဖြောင့်မတ်ခြင်းနှင့်​စပ်ဆိုင်သည့်​အရာတို့နှင့်​ အားဖြည့်​ပေးကြပါတယ်။” ကျွန်တော်တို့ဟာ သူတို့ရဲ့ပုံသက်သေနောက်ကို လိုက်လျှောက်နိုင်ကြပြီး၊ အမှုတော်ဆောင်ခြင်းဆိုတာ “ဝိညာဉ်တော်အားဖြင့်ဦးဆောင်ဖို့၊ ပျော့ပျောင်းဖို့နဲ့၊ အသင်းသားတစ်ဦးချင်းရဲ့လိုအပ်မှုများအတိုင်း ပြုပြင်ဖို့” ဖြစ်ကြောင်းကို သတိရနိုင်ကြပါတယ်။”တစ်ဦးချင်းနဲ့ မိသားစုများကို သူတို့ရဲ့နောက်လာမယ့်ဘိသိက်မင်္ဂလာအတွက်ပြင်ဆင်ရန်၊ သူတို့ရဲ့ပဋိညာဉ်တွေကို စောင့်ထိန်းရန် ၊ ပြီးတော့ ကိုယ်ထူကိုယ်ထဖြစ်လာကြစေရန် ကျွန်တော်တို့ ကူညီဖို့ကြိုးစားတာ” အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘအဖို့ စိတ်ဝိညာဉ်တိုင်းဟာ အဖိုးထိုက်ပါတယ်။ အမှုတော်ဆောင်ဖို့ သူကိုယ်တိုင်ရဲ့ဖိတ်ခေါ်ခြင်းဟာ သူ့အဖို့ တန်ဖိုးအကြီးဆုံးနဲ့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုလျှင်၊ အဲဒါက သူ့ရဲ့အမှုတော်နဲ့ဘုန်းတော်ဖြစ်လို့ပါပဲ။ ထာဝရအမှုတော်အစစ်အမှန်ဖြစ်ပါတယ်။ သူ့အမြင်၌ သူ့သားသမီးတစ်ယောက်စီတိုင်းမှာ တိုင်းတာလို့မရနိုင်တဲ့အလားအလာတွေ ရှိပါတယ်။ သင်တို့ဘယ်ကနေစပြီးနားလည်ရမှန်းတောင်မသိနိုင်တဲ့အချစ်မျိုးနဲ့ သင်တို့ကိုသူချစ်ပါတယ်။ သစ္စာရှိတဲ့သိုးထိန်းခွေးလိုပါပဲ၊ ကိုယ်တော်ဟာ သင်တို့ကိုလေ၊ မိုးသက်မုန်တိုင်း၊ နှင်း အစရှိတာတွေကနေ ကာကွယ်ဖို့ တောင်ပေါ်မှာနေပါလိမ့်မယ်။

ပြီးခဲ့တဲ့ညီလာခံတုန်းက ဥက္ကဌရပ်ဆဲလ် အမ်နယ်လဆင်က ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ် “ လောကသို့ ကျွန်တော်တို့ရဲ့အမှာစကား (‘ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်သိုးအုပ်သို့‘လို့ ကျွန်တော်ထပ်ဖြည့်ပါရစေ)က ရိုးရှင်းပြီး ရိုးသားပါတယ်။ ကန့်လန့်ကာရဲ့နှစ်ဖက်လုံးမှာရှိတဲ့ ဘုရားသခင်ရဲ့သားသမီးအပေါင်းကို မိမိတို့ကယ်တင်ရှင်ဆီကို လာကြဖို့၊ သန့်ရှင်းသောဗိမာန်တော်ရဲ့ ကောင်းချီးမင်္ဂလာများကို ရရှိကြဖို့၊ ခိုင်မြဲတဲ့ဝမ်းမြောက်ခြင်းရှိကြဖို့နှင့် ထာဝရအသက်အတွက် အရည်အချင်းပြည့်စေကြဖို့ ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ရည်မှန်းချက်များကို ဒီပရောဖက်ရူပါရုံဆီသို့ မြှင့်တင်ကြပါစို့၊ ဤနည်းအားဖြင့်၊ ကျွန်တော်တို့ဟာ စိတ်ဝိညာဉ်များကို ဗိမာန်တော်ဆီသို့၊ နောက်ဆုံးမှာ ကယ်တင်ရှင် ယေရှုခရစ်တော်ဆီသို့ ဦးဆောင်နိုင်ကြပါတယ်။ နိမိတ်လကၡဏာတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို သူ မမျှော်လင့်ပါဘူး။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို သူ့ဆီကျွန်တော်တို့ခေါ်လာဖို့ကိုပဲ သူတောင်းဆိုတာပါ။ ဘာကြောင့်လည်းဆိုလျှင်၊ သူ့ မှာစိတ်ဝိညာဉ်များကို ရွေးနုတ်ဖို့တန်ခိုးရှိပါတယ်။ ကျွန်တော်တို့ အဲဒီလိုဆောင်ရွက်တဲ့အချိန်မှာ “သိုးထိန်းအကြီးပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသောပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်” ဆိုတဲ့ ဒီကတိတော်ကို ခိုင်မြဲနိုင်ကြစေပါလိမ့်မယ်။ ဒီအရာကိုကျွန်တော်သက်သေခံပြီး ယေရှုခရစ်တော်ကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နှင့် ကျွန်တော်တို့ရဲ့ရွေးနုတ်ရှင်အဖြစ် သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်။ အာမင်။