ယခုအချိန်တန်ပါပြီ
သင်တို့ဘဝမှာ သင်တို့ဖြေရှင်းဖို့လိုအပ်တဲ့အရာ တစ်စုံတစ်ခု ရှိမယ်ဆိုလျှင်၊ ယခုအချိန်တန်ပါပြီ။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက၊ အလုပ်ကိစ္စခရီးသွားဖို့ ပြင်ဆင်နေရင်း၊ ကျွန်တော့ရင်ဘတ်မှာ နာကျင်မှုကို စပြီးခံစားခဲ့ရပါတယ်။ ကျွန်တော့အတွက် စိတ်ပူလို့ ကျွန်တော့ဇနီးက ကျွန်တော်နဲ့ အဖော်လိုက်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပထမဆုံးလေယာဉ်ခရီးစဉ်မှာ၊ ကျွန်တော်အသက်ရှူကျပ်တဲ့အထိ နာကျင်မှုက ပြင်းထန်လာခဲ့ပါတယ်။ လေယာဉ်ဆင်းတာနဲ့ ကျွန်တော်တို့လည်း လေဆိပ်ကနေထွက်ပြီး၊ ဒေသန္တရဆေးရုံကို သွားခဲ့ပါတယ်။ အဲဒီမှာ၊ စမ်းသပ်မှုများစွာပြုလုပ်ပြီးတာနဲ့၊ တာဝန်ကျသမားတော်က ကျွန်တော်တို့ကို ခရီးဆက်ဖို့ စိတ်ချရပြီလို့ ပြောပါတယ်။
ကျွန်တော်တို့လည်း လေဆိပ်ကိုပြန်လာပြီး၊ ကျွန်တော်တို့သွားလိုတဲ့ခရီးကိုရောက်မယ့်လေယာဉ်ပေါ်ကို တက်ခဲ့ကြပါတယ်။ ကျွန်တော်တို့လေယာဉ်ဆင်းနေစဉ်မှာပဲ ကျွန်တော်ဘယ်မှာလဲဆိုတာကို ဖော်ပြဖို့ လေယာဉ်မှူးက စကားပြောစက်ကနေ ကျွန်တော့ကို မေးပါတယ်။ လေယာဉ်အမှုထမ်းက အနားကပ်လာပြီးတော့၊ သူတို့ဆီ အရေးပေါ်တယ်လီဖုံးသတင်းဝင်လာခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော့ကို ဆေးရုံဆီခေါ်သွားဖို့ လူနာတင်ယာဉ်တစ်စီး လေဆိပ်မှာစောင့်နေတဲ့အကြောင်းကိုလည်း ပြောပြပါတယ်။
ကျွန်တော်တို့ လူနာတင်ယာဉ်ပေါ်တက်ပြီး၊ ဒေသန္တရအရေးပေါ်အခန်းဆီကို အပြေးအလွှားခေါ်သွားကြပါတယ်။ အဲဒီမှာ၊ စိုးရိမ်နေတဲ့ဆရာဝန်နှစ်ယောက်က ကျွန်တော်တို့ကို တွေ့ပါတယ်။ ကျွန်တော့ကို ရောဂါအရှာမှားခဲ့ပြီး၊ အမှန်က ကျွန်တော့အဆုတ်ထဲမှာ၊ ချက်ချင်းဆေးကုသမှုခံယူဖို့လိုတဲ့ ပြင်းထန်တဲ့ အဆုတ်သွေးကြောဆို့ခြင်း၊ သို့မဟုတ် သွေးခဲ ရှိနေခဲ့တဲ့အကြောင်း သူတို့ကရှင်းပြကြပါတယ်။ ဒီအခြေအနေမျိုးမှာ လူနာအတော်များများ အသက်မရှင်တဲ့အကြောင်း ဆရာဝန်တွေက ကျွန်တော်တို့ကို ပြောပြကြပါတယ်။ ကျွန်တော်တို့ဟာ အိမ်နဲ့ဝေးရာမှာရောက်နေကြပြီး၊ ဒီလိုဘဝကူးအဖြစ်အပျက်တွေအတွက် ပြင်ဆင်မှုရှိမရှိမသေချာတာကို သိနေကြလို့၊ ကျွန်တော်တို့ဘဝမှာ ဖြေရှင်းဖို့လိုအပ်တဲ့အရာတစ်စုံတစ်ခုရှိမယ်ဆိုလျှင်၊ ယခုအချိန်တန်ပြီလို့ ဆရာဝန်တွေကပြောကြပါတယ်။
အဲဒီစိုးရိမ်စရာတခဏမှာ၊ ကျွန်တော့အမြင်တစ်ခုလုံး ချက်ချင်းနီးပါး ဘယ်လိုပြောင်းလဲသွားခဲ့သလဲဆိုတာ ကျွန်တော်ကောင်းကောင်းမှတ်မိပါတယ်။ စောစောလေးက အလွန်အရေးကြီးတယ်လို့ထင်ခဲ့ရတဲ့အရာတွေဟာ ယခုမှာ အရေးကြီးရာမရောက်တော့ပါဘူး။ ကျွန်တော့အတွေးတွေက ယခုဘဝရဲ့စိုးရိန်ပူပန်မှုတွေဆီကနေ၊ ထာဝရအမြင်ဖြစ်တဲ့ မိသားစု၊ သားသမီးများ၊ ကျွန်တော့ဇနီး၊ ပြီးတော့ နောက်ဆုံးအနေနဲ့ ကျွန်တော့ဘဝရဲ့အကဲဖြတ်ခြင်းအကြောင်း အတွေးများဆီကို ပြောင်းလဲသွားခဲ့ပါပြီ။
ကျွန်တော်တို့တတွေ၊ မိသားစုတစ်စုအနေနဲ့ရော တစ်ဦးချင်းအနေနဲ့ရော ဘယ်လိုရှိခဲ့ကြပါသလဲ။ ကျွန်တော်တို့ပြုခဲ့တဲ့ပဋိညာဉ်များအတိုင်း၊ ကိုယ်တော်ရှင်ရဲ့မျှော်လင့်ချက်များအတိုင်း ကျွန်တော်တို့ဘဝကို နေထိုင်ခဲ့ကြပါသလား၊ ဒါမှမဟုတ်၊ အရေးအကြီးဆုံးအရာတွေဆီကနေ ကျွန်တော်တို့ကို စိတ်ပျံ့လွင့်စေဖို့ လောကီစိုးရိမ်မှုများကို အမှတ်တမဲ့အခွင့်ပေးကောင်းပေးခဲ့ကြပါသလား။
ဒီအတွေ့အကြုံကနေသင်ယူခဲ့ရတဲ့ အရေးကြီးတဲ့သင်ခန်းစာတစ်ခုကို စဉ်းစားကြဖို့ လောကီစိုးရိမ်မှုများအပေါ်အာရုံစိုက်တာကို ရပ်တန့်ပြီး၊ သင်တို့ဘဝကို အကဲဖြတ်ကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ ဆရာဝန်ရဲ့စကားတွေထဲကလိုပါပဲ၊ သင်တို့ဘဝမှာ ဖြေရှင်းဖို့လိုအပ်တဲ့အရာတစ်စုံတစ်ခုရှိမယ်ဆိုလျှင်၊ ယခုအချိန်တန်ပါပြီ။
ကျွန်တော်တို့ဘဝတွေကို အကဲဖြတ်ခြင်း
ဒီဘဝရဲ့ရှုပ်ထွေးခြင်းထဲက ရွေးထုတ်ဖို့နဲ့၊ ထာဝရထိုက်တန်တဲ့အရာတွေအပေါ်အာရုံစိုက်ဖို့ ပိုပိုပြီးခက်ခဲလာစေတဲ့ အမြဲတိုးလာနေသော စိတ်အနှောင့်အယှက်တွေစိုးမိုးနေတဲ့၊ သတင်းအချက်အလက် များလွန်းတဲ့လောကမှာ ကျွန်တော်တို့နေထိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဟာ၊ လျင်မြန်စွာပြောင်းလဲနေတဲ့နည်းပညာကို သုံးပြီးပြနေတဲ့ အာရုံကို ဆွဲဆောင်တဲ့ သတင်းခေါင်းစဉ်တွေဘက်ကို လှည့်နေကြပါတယ်။
ကျွန်တော်တို့ဟာ ဆင်ခြင်သုံးသပ်ဖို့ အချိန်မယူကြဘူးဆိုလျှင်၊ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ ကျွန်တော်တို့ပြုလုပ်တဲ့ ရွေးချယ်မှုများအပေါ်၊ လျင်မြန်စွာရွေ့လျားပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို သတိပြုမိနိုင်ကြမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဘဝတွေကို အင်တာနက်မှာ လျင်မြန်စွာပျံ့နှံ့တဲ့သတင်းအချက်အလက်များ၊ ဗီဒီယိုများ၊ ဆွဲဆောင်တဲ့သတင်းခေါင်းစဉ်များနဲ့ကုန်ဆုံးနေကြတာကို ကျွန်တော်တို့ တွေ့နိုင်ကြပါတယ်။ စိတ်ဝင်စားစရာကောင်း၊ ကြည့်လို့ကောင်းပေမယ့်လည်း၊ ဒီဟာတွေထဲက အများစုဟာ ကျွန်တော်တို့ရဲ့ထာဝရတိုးတက်ခြင်းနဲ့ အနည်းငယ်သာစပ်ဆိုင်မှာပါ။ ဒါပေမယ့်၊ ကျွန်တော်တို့ရဲ့ သေခြင်းရှိရာအတွေ့အကြုံကို တွေးမြင်တဲ့အပေါ်အဲဒါတွေက လွှမ်းမိုးပါတယ်။
လောကီစိတ်အနှောင့်အယှက်တွေကို လေဟိရဲ့အိပ်မက်ထဲကလူတွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သံတန်းကို လက်ကခိုင်မြဲစွာစွဲကိုင်ပြီး၊ ပဋိညာဉ်လမ်းကြောင်းအတိုင်း လျှောက်ကြတာနဲ့အမျှ၊ ကြီးမားကျယ်ဝန်းတဲ့အဆောက်အအုံဆီကနေ “လက်ညှိုးထိုးပြီး၊ ကဲ့ရဲ့နေကြတဲ့” သူတွေကို ကြားကြ၊ မြင်ကြပါတယ် (၁ နီဖိုင်း ၈း၂၇)။ ကျွန်တော်တို့ဟာ သိသိကြီးနဲ့အဲဒီလိုလုပ်ဖို့ မရည်ရွယ်လောက်ပါဘူး၊ ဒါပေမယ့်၊ တစ်ခါတစ်ရံမှ ကျွန်တော်တို့ခဏရပ်ပြီး၊ အဲဒါတွေကဘာတွေလဲဆိုတာသိရအောင် ကျွန်တော်တို့ရဲ့အာရုံကို ပြောင်းတတ်ကြပါတယ်။ ကျွန်တော်တို့အထဲက တစ်ချို့ဆိုရင်၊ သံတန်းကို လွှတ်ပြီးတော့တောင်မှ၊ ပိုပြီးကောင်းကောင်းမြင်ရဖို့ အနီးကပ်ရွေ့သွားတတ်ကြပါတယ်။ တစ်ခြားသောသူများဟာဆိုရင်၊ “သူတို့ကို ပြက်ရယ်ပြုနေကြသောသူများကြောင့်” လုံးဝ ရွေ့လျော့ဖောက်ပြန်တတ်ကြပါတယ် (၁ နီဖိုင်း ၈း၂၈)။
ကယ်တင်ရှင်က ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ် “ သတိပြုကြလော့ … လောကီစိုးရိမ်ခြင်းများအားဖြင့် သင်တို့စိတ်နှလုံးကို မပင်ပန်းစေခြင်းငှာပေတည်း” (လုကာ ၂၁း၃၄)။ များစွာသောသူတို့ ခေါ်သွင်းခံရသော်လည်း၊ အနည်းငယ်သာရွေးကောက်ခံရကြောင်း ယနေ့ခေတ်ဗျာဒိတ်တော်များက ကျွန်တော်တို့ကို သတိပေပါတယ်။ သူတို့ဟာ ရွေးကောက်မခံရကြပါဘူး ” ဘာဖြစ်လို့လည်းဆိုလျှင်၊ သူတို့စိတ်နှလုံးကို ဒီလောကီအရာတွေအပေါ်မှာထားကြပြီး၊ လူတွေရဲ့ချီးမွမ်းခြင်းကို ရရှိဖို့ကြိုးစား” နေကြလို့ပါပဲ (ဩဝါဒနှင့်ပဋိညာဉ်များ ၁၂၁း ၃၅၊အပိုဒ်ငယ် ၃၄ တွင်လည်းကြည့်ပါ)။ သင်တို့ရဲ့ဘဝကို အကဲဖြတ်ခြင်းက ကျွန်တော်တို့ကို လောကီစိုးရိမ်မှုများကနေရပ်တန့်ဖို့၊ ပဋိညာဉ်လမ်းကြောင်းပေါ်၌ ကျွန်တော်တို့ဘယ်နေရာမှာ ရှိကြသလဲဆိုတာ ဆင်ခြင်သုံးသပ်ဖို့၊ ပြီးတော့၊ ခိုင်မြဲခြင်းနဲ့ ရှေ့ကိုအာရုံပြုဖို့ သေချာစေရန် လိုအပ်လျှင်၊ ပြင်ဆင်ချက်များပြုလုပ်ဖို့ အခွင့်ပေးပါတယ်။
မကြာသေးမီက၊ တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်များဝတ်ပြုခြင်းအစည်းအဝေးမှာ၊ ဥက္ကဌရပ်ဆဲလ် အမ်နယ်လဆင်က၊ လူငယ်တွေကို လောကီစိုးရိမ်မှုများကနေရပ်တန့်ဖို့၊ လူထုဆက်သွယ်ရေးကွန်ရက်ကနေ ခုနစ်ရက်ရှောင်ခြင်းအားဖြင့် ကင်းလွတ်စေကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ညနေကပဲ၊ သူက ညီလာခံရဲ့အမျိုးသမီးများကဏ္ဍမှာ ညီအစ်မများကို အလားတူဖိတ်ခေါ်ခြင်းပြုခဲ့ပါတယ်။ အဲဒီနောက်၊ လူငယ်တွေကို သူတို့ဘယ်လိုခံစားမိသလဲ၊ သူတို့ဘာကိုတွေးမိသလဲ၊ ဒါမှမဟုတ် သူတို့ဘယ်လိုတွေးမိသလဲဆိုတဲ့နေရာမှာ တစ်စုံတစ်ခုသောခြားနားချက်ရှိမရှိ သတိပြုကြဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်၊ သင်တို့ရဲ့ခြေထောက်တွေ၊ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ မြဲမြံစွာရှိစေရန် ကိုယ်တော်ရှင်နဲ့ “ဘဝတစ်သက်တာအကဲဖြတ်ခြင်း”ကိုပြုကြဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ဘဝမှာ ပြောင်းလဲစရာများ ရှိခဲ့လျှင်၊ “ယခုအချိန်ဟာ ပြောင်းလဲဖို့ အကောင်းဆုံးအချိန်” ဖြစ်တဲ့အကြောင်း သူတို့ကို တိုက်တွန်းခဲ့ပါတယ်။
ကျွန်တော်တို့ဘဝမှာ ပြောင်းလဲဖို့လိုအပ်တဲ့အရာတွေကို အကဲဖြတ်တဲ့အခါ၊ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ်။ ကျွန်တော်တို့ဟာ ဒီလောကရဲ့စိတ်အနှောင့်အယှက်များကို ဘယ်လိုကျော်လွှားကြပါသလဲ၊ ကျွန်တော်တို့ရှေ့မှာရှိတဲ့ ထာဝရရူပါရုံအပေါ်မှာ ဘယ်လိုအာရုံစိုက်လျက်ရှိကြပါသလဲ။
၂၀၀၇ ခုနှစ်၊ ညီလာခံတုန်းက “ကောင်းသော၊ ပို၍ကောင်းသော၊ အကောင်းဆုံး” လို့ခေါင်းစဉ်တပ်ထားတဲ့ ဥက္ကဌဒယ်လင် အိပ်ခ်ျအုတ်ရဲ့ မိန့်ခွန်းက၊ ကျွန်တော်တို့ရဲ့ ကွဲလွဲနေသော လောကတောင်းဆိုချက်များစွာတွေထဲမှာ ရွေးချယ်မှုတွေကို ဘယ်လိုဦးစားပေးမလဲဆိုတာကို သွန်သင်ခဲ့ပါတယ်။ သူအကြံပြုခဲ့တာကတော့ “ကျွန်တော်တို့ဟာ ပိုကောင်းတဲ့၊ ဒါမှမဟုတ် အကောင်းဆုံးဖြစ်တဲ့ အခြားအရာတွကို ရွေးချယ်ရန်အလို့ငှာ ကောင်းတဲ့အရာအချို့ကို မပြုဘဲနေကြရမှာဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင်၊ အဲဒါတွေက ယေရှုခရစ်တော်အပေါ်၌ ယုံကြည်ခြင်းကို တိုးတက်စေပြီး၊ ကျွန်တော်တို့ရဲ့မိသားစုတွေကို ခွန်အားဖြည့်ပေးကြလို့ပဲဖြစ်ပါတယ်”။
ဒီဘဝမှာ အကောင်းဆုံးအရာတွေဟာ ယေရှုခရစ်တော်အပေါ်မှာ၊ ပြီးတော့၊ သူဘယ်သူလဲဆိုတာနဲ့ သူနဲ့ဆက်စပ်လို့ ကျွန်တော်တို့ဘယ်သူတွေလဲဆိုတဲ့ ထာဝရသမ္မာတရားတွေကို နားလည်ခြင်းအပေါ်မှာ ဗဟိုပြုထားတယ်ဆိုတဲ့အကြောင်း ကျွန်တော်အကြံပြုပါရစေ။
သမ္မာတရားကို ရှာပါ
ကျွန်တော်တို့ဟာ ကယ်တင်ရှင်ကို သိဖို့ကြိုးစားကြတဲ့အခါ၊ ကျွန်တော်တို့ဘယ်သူတွေလဲဆိုတာနဲ့ ကျွန်တော်တို့ ဘာကြောင့်ဒီမှာရှိနေကြတာလဲဆိုတဲ့ အခြေခံသမ္မာတရားကို မေ့မထားသင့်ပါဘူး။ အာမြူးလက်က ကျွန်တော်တို့ကို သတိပေးတာကတော့ “ဤအသက်တာသည်၊ ဘုရားသခင်နှင့်တွေ့ဖို့ ပြင်ဆင်ရာ အချိန်၊” ထာဝရကာလအတွက် ပြင်ဆင်ခြင်းငှာ ငါတို့ကို ပေးထားသည့်” အချိန်ဖြစ်၏ (အယ်လမာ ၃၄း၃၂–၃၃)။ လူသိများတဲ့ဆိုရိုးစကားတစ်ခု ကျွန်တော်တို့ကို သတိပေးသလိုပါပဲ၊” ကျွန်တော်တို့ဟာ ဝိညာဉ်ပကတိအတွေ့အကြုံရှိတဲ့ လူသတ္တဝါတွေမဟုတ်ပါ။ လူ့အတွေ့အကြုံရှိတဲ့ ဝိညာဉ်ပကတိသတ္တဝါတွေဖြစ်ပါတယ်။”
ကျွန်တော်တို့ရဲ့ မြင့်မြတ်သောဇစ်မြစ်ကိုနားလည်ခြင်းဟာ ကျွန်တော်တို့ရဲ့ ထာဝရတိုးတက်မှုအတွက် မဓာနကျပြီး၊ ကျွန်တော်တို့ကို ဒီဘဝရဲ့စိတ်အနှောင့်အယှက်များကနေ လွတ်မြောက်နိုင်စေပါတယ်။ ကယ်တင်ရှင်က သွန်သင်ခဲ့ပါတယ်။
“သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင်၊ ငါ့တပည့်အမှန်ဖြစ်ကြ၏။
သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုသမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” (ယောဟန် ၈း၃၁–၃၂)။
ဥက္ကဌဂျိုးဇက် အက်ဖ်စမစ်က ကြေညာခဲ့ပါတယ်၊ “ ဒီလောကမှာ လူသားရရှိနိုင်တဲ့ အကြီးဆုံးအောင်မြင်မှုကတော့၊ သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့သမ္မတရားနဲ့ အကျွမ်းဝင်စေခြင်းပဲဖြစ်ပါတယ်။ အလွန်စေ့စပ်သေချာစွာ၊ အလွန်စုံလင်စွာရှိနေလို့၊ လောကမှာနေထိုင်တဲ့ ဘယ်သတ္တဝါရဲ့ ပုံသက်သေ သို့မဟုတ် အပြုအမူကမျှ သူတို့ရရှိထားတဲ့အသိဉာဏ်ကို သံသယမရှိစေနိုင်ဖူးပါဘူး။
ဒီနေ့လောကမှာ၊ သမ္မာတရားနဲ့ပတ်သက်လို့ ငြင်းခုံခြင်းဟာ အထွတ်အထိပ်ကို ရောက်နေပါပြီ။ သမ္မတရားကို ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်ဖွင့်ဆိုသော နှိုင်းဆသဘောတရားတစ်ခုပမာ အဘက်ဘက်ကအခိုင်အမာဆိုနေကြပါတယ်။ လူငယ်လေးဂျိုးဇက်စမစ်ဟာ သူ့ဘဝမှာ “အလွန်ကြီးမားတဲ့ ရှုပ်ထွေးခြင်းနဲ့ ငြင်းခုံခြင်းတွေကို” တွေ့ရလို့၊ ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ သေချာတဲ့ကောက်ချက်တစ်စုံတစ်ခုချဖို့ မဖြစ်နိုင်ခဲ့ပါဘူး” (ဂျိုးဇက်စမစ်—သမိုင်း ၁း၈)။ “ဒီစကားစစ်ထိုးခြင်းနဲ့ ယောက်ယက်ခတ်သဘောအယူအဆတွေရဲ့အလယ်မှာ” သူဟာ သမ္မာတရားကိုရှာခြင်းအားဖြင့် မြင့်မြတ်သောလမ်းညွှန်မှုကို ရှာခဲ့ပါတယ်(ဂျိုးဇက်စမစ်—သမိုင်း ၁း၁၀)။
ဧပြီလအထွေထွေညီလာခံမှာ ဥက္ကဌနယ်လဆင်က သွန်သင်ခဲ့ပါတယ်၊ ”ကျွန်တော်တို့ဟာ များစွာသောအယူအဆတွေ၊ သမ္မာတရားကို တိုက်ခိုက်တဲ့ လူသားဒဿနတွေကို သေသေချာချာဆန်းစစ်ဖို့ မျှော်လင့်ချက်တစ်စုံတစ်ရာထားမယ်ဆိုလျှင်၊ ဗျာဒိတ်တော်လက်ခံရရှိဖို့ သင်ယူရမှာဖြစ်ပါတယ်။” ကျွန်တော်တို့ဟာ သမ္မာတရားဝိညာဉ်တော်ကို အားကိုးဖို့ သင်ယူရမှာဖြစ်ပါတယ်၊ “ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ” (ယောဟန် ၁၄း၁၇)။
ဒီလောကကြီးက ပုံမှန်မဟုတ်တဲ့အမှန်တရားဆီကို လျှင်မြန်စွာရွေ့လျားနေစဉ်မှာ၊ ကျွန်တော်တို့ဟာ ယာကုပ်ရဲ့စကားတွေကို သတိရကြရမှာဖြစ်ပါတယ်၊ အဲဒါကတော့ “ဝိညာဉ်တော်သည် သမ္မာတရားကို ဟော၍၊ မုသားဟောခြင်းမရှိ။ သို့ဖြစ်၍၊ အမှုအရာတို့အမှန်ရှိကြသည့်အတိုင်းနှင့် အမှုအရာတို့အမှန်ဖြစ်လာမည့်အတိုင်း ဟောတော်မူ၏။ သို့ဖြစ်၍၊ ငါတို့ဝိညာဉ်များ၏ကယ်တင်ခြင်းအတွက် ဤအရာတို့ကို ငါတို့အား ရှင်းလင်းစွာဖြင့် ထင်ရှားစွာပြတော်မူ၏” (ယာကုပ် ၄း၁၃) ။
ကျွန်တော်တို့တတွေ လောကီစိုးရိမ်မှုများအပေါ်အာရုံစိုက်တာကို ရပ်တန့်ပြီး၊ ကျွန်တော်တို့ဘဝတွေကို အကဲဖြတ်ကြမယ်ဆိုလျှင်၊ ယခုအချိန်ဟာ ဘယ်အပြောင်းအလဲတွေကို ကျွန်တော်တို့ပြုဖို့လိုအပ်သလဲဆိုတာ စဉ်းစားရမယ့်အချိန်ရောက်ပါပြီ။ ကျွန်တော်တို့ရဲ့ ပုံသက်သေ၊ ယေရှုခရစ်တော်က၊ တစ်ဖန်ပို့ဆောင်တော်မူကြောင်းကို သိခြင်းဆီကနေ ကြီးစွာသောမျှော်လင့်ခြင်းကို ကျွန်တော်တို့ ရရှိနိုင်ကြပါတယ်။ သူရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီမှာ၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို သူ့ရဲ့မြင့်မြတ်တဲ့အခန်းကဏ္ဍကို နားလည်စေဖို့ ကူညီရန် သူလုပ်ဆောင်စဉ်မှာ “သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်းချမ်းခြင်းရှိစေခြင်းငှာဖြစ်၏။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း၊ ကောင်းစွာရွှင်လန်းခြင်း ရှိကြလော့။ ငါသည် လောကကို အောင်ပြီ” ဟု သတိပေးခဲ့ပါတယ် (ယောဟန် ၁၆း၃၃)။ သူ့အကြောင်းကို၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်။ အာမင်။