၂၀၁၀-၂၀၁၉
သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလော
အောက်တိုဘာ ၂၀၁၈


10:58

သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလော

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကျွန်တော်တို့ဟာ နောင်တရဖို့နဲ့ ကျွန်တော်တို့စိတ်နှလုံးကို ကယ်တင်ရှင်ဆီသို့ လုံးလုံးလှည့်ဖို့ ရွေးချယ်ကြလျှင်၊ သူက ကျွန်တော်တို့ကို ဝိညာဉ်ပကတိမှာ အနာငြိမ်းစေပါလိမ့်မယ်။

သာသနာပြုခြင်းမှာ လအနည်းငယ်ကြာပြီးတဲ့အခါ၊ ကျွန်တော်တို့ရဲ့သားနဲ့ သူ့ရဲ့ သာသနာပြုအဖော်တို့ဟာ သင်ခန်းစာပြီးတဲ့အချိန်မှာ ကျွန်တို့ရဲ့သားက ခေါင်းထဲမှာ နည်းနည်းကိုက်သလိုခံစားရတယ်။ သူထူးထူးဆန်းဆန်းခံစားရတယ်။ ပထမဆုံး၊ သူ့လက်မောင်းလှုပ်လို့မရဘူး၊ အဲဒီနောက်၊ လျှာထုံသွားတယ်။ မျက်နှာဘယ်ဘက်ခြမ်း အောက်ကိုတွဲကျတယ်။ စကားပြောလို့ခက်တယ်။ တစ်ခုခုမှားနေပြီဆိုတာ သူသိတယ်။ သူမသိတာကတော့ သူ့ဦးနှောက်ရဲ့နေရာသုံးခုမှာ အကြီးအကျယ် လေဖြတ်နေပြီဆိုတာကိုပါပဲ။ သူလေတစ်ခြမ်းဖြတ်လာတဲ့အချိန်မှာ ကြောက်ရွံ့စပြုလာခဲ့ပါတယ်။ လေဖြတ်ဝေဒနာရှင်တစ်ယောက် မြန်မြန်စောင့်ရှောက်ပြုစုခံရခြင်းက၊ သူ့ရဲ့ပျောက်ကင်းခြင်းအတိုင်းအတာပေါ်မှာ ထူးခြားတဲ့သက်ရောက်မှုရှိပါတယ်။ သူ့ရဲ့သစ္စာရှိသာသနာပြုအဖော်က ပြတ်ပြတ်သားသားဆောင်ရွက်ပါတယ်။ ၉၁၁ ကိုဖုန်းခေါ်ပြီးနောက်၊ သူ့ကို ကောင်းချီးပေးပါတယ်။ အလွန်အံ့ဩဖွယ်ပါပဲ၊ လူနာတင်ယာဉ်က ငါးမိနစ်ခရီးအကွာမှာရှိနေခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့သားကို ဆေးရုံအပြေးအလွှားပို့ပြီးနောက်၊ ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေကို မြန်မြန်အကဲဖြတ်ပြီး၊ လေဖြတ်ခြင်းအကျိုးဆက်တွေကို တဖြည်းဖြည်းလျော့သွားစေဖို့ ကျွန်တော်တို့သားကို ဆေးတစ်မျိုးနဲ့ကုသရမယ်လို့ ဆုံးဖြတ်ကြပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့သား လေဖြတ်တာမဟုတ်လျှင်၊ အဲဒီဆေးက ဦးနှောက်ထဲမှာ သွေးထွက်တာမျိုး ပြင်းထန်တဲ့ အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့သား ရွေးချယ်ရပါတယ်။ ဆေးကုသမှုကို ခံယူဖို့ သူရွေးချယ်ခဲ့ပါတယ်။ လုံးဝပျောက်ကင်းဖို့ရာ ခွဲစိတ်ခြင်းများစွာနဲ့ လပေါင်းများစွာ လိုအပ်တာမိုလို့ ကျွန်တော်တို့ရဲ့သား နောက်ဆုံးမှာ ပြန်လာခဲ့တယ်၊ လေဖြတ်ခြင်းရဲ့အကျိုးဆက်တွေ တော်တော်လေးပျောက်သွားပြီးတဲ့နောက်မှ သူ့ရဲ့သာသနာပြုခြင်းကို ပြီးမြောက်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဟာ အလုံးစုံသောတန်ခိုးနဲ့ပြည့်စုံပြီး၊ အရာခပ်သိမ်းကို သိပါတယ်။ ကျွန်တော်တို့ရဲ့ဇာတိအခက်အခဲတွေကို သူသိပါတယ်။ ဖျားနာခြင်း၊ ရောဂါ၊ အိုမင်းခြင်း၊ မတော်တဆဖြစ်ခြင်းနဲ့ မွေးရာပါ ကစဉ့်ကလျားဖြစ်ခြင်းတို့ကြောင့်ဖြစ်တဲ့ ဇာတိနာကျင်မှုတွေကို သူသိမြင်ပါတယ်။ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်ကျခြင်း၊ သို့မဟုတ် စိတ်ရောဂါဖြစ်ခြင်းတို့နဲ့ဆက်နွယ်နေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုဆိုင်ရာအခက်အခဲတွေကို သူသိမြင်ပါတယ်။ မတရားမှုကိုခံရသူ၊ သို့မဟုတ် အစော်ကားခံရသူတစ်ယောက်ချင်းစီကို သူသိပါတယ်။ ကျွန်တော်တို့ရဲ့အားနည်းချက်များ၊ အထုံဝါသနာများ၊ ကျွန်တော်တို့ရုန်းကန်နေရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း သူသိပါတယ်။

သေခြင်းရှိရာဘဝမှာ ကျွန်တော်တို့ဟာ မကောင်းမှုအစား ကောင်းမှုကို ရွေးမရွေး သိရအောင် အစမ်းသပ်ခံကြရပါတယ်။ သူ့ရဲ့ပညတ်တော်တွေကို စောင့်ထိန်းတဲ့သူများဟာ “အဘယ်တော့​မျှအဆုံး​မရှိသော​ ပျော်ရွှင်ခြင်း​အခြေ​အနေမှာ​ သူနှင့်​ အတူ​နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။” သူလိုဖြစ်လာစေရန်ကျွန်တော်တို့ရဲ့တိုးတက်ခြင်းမှာ ကူညီဖို့ ကောင်းကင်ဘုံရှင်အဘဟာ အလုံးစုံသောတန်ခိုးနဲ့ အသိဉာဏ်ကို သူ့သားတော်ယေရှုခရစ်တော်အား ပေးခဲ့ပါတယ်။ ခရစ်တော်မကုစားနိုင်တဲ့ ဇာတိဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ သို့မဟုတ် ဝိညာဉ်ပကတိဆိုင်ရာ အဖျားအနာတစ်ခုမှမရှိပါဘူး။

ကယ်တင်ရှင်ရဲ့ သေခြင်းရှိရာဘဝအမှုတော်ဆောင်ကာလမှာ၊ ဇာတိပကတိ ဒုက္ခခံစားရတဲ့သူများကို ကုစားရန် ယေရှုခရစ်တော် သူ၏မြင့်မြတ်တဲ့တန်ခိုးကို အသုံးပြုခဲ့တဲ့ အလွန်တရာအံ့ဩဖွယ်အဖြစ်အပျက်များစွာကို ကျမ်းစာများက ဖော်ပြပါတယ်။

အားအင်ကုန်ခန်းချည့်နဲ့ခြင်းကို နှစ်ပေါင်း ၃၈နှစ်ခံစားခဲ့ရတဲ့သူတစ်ယောက်အကြောင်းကို ယောဟန်ရဲ့ တရားကဖော်ပြပါတယ်။

ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟုသိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ရောက်လိုသလောဟု မေးတော်မူ၏။

နာသောသူကလည်း သူအလိုအပ်ဆုံးအချိန်မှာ သူ့ကိုကူညီမယ့်သူ အနားမှာတစ်ယောက်မျှမရှိကြောင်း ဖြေပါတယ်။

ယေရှုကလည်း ထလော့၊ ကိုယ့်အိပ်ရာကိုဆောင်၍၊ လှမ်းသွားလော့ဟု မိန့်တော်မူသည်။

ခဏခြင်းတွင်၊ ထိုသူသည် ကျန်းမာခြင်းသို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။”

ဒီလူမှာတစ်ယောက်တည်းဘယ်လောက်ကြာအောင်ခံစားရသလဲ(၃၈ နှစ်) ဆိုတာနဲ့ ခရစ်တော်ပါဝင်လာတဲ့အခါ ပျောက်ကင်ခြင်းက ဘယ်လောက်လျင်မြန်သလဲဆိုတာကို စဉ်းစားကြည့်ပါ။ ပျောက်ကင်းတာ “တခဏခြင်း”ဖြစ်ပါတယ်။

တစ်ခြားဖြစ်စဉ်တစ်ခုကတော့၊ ၁၂ နှစ်ပတ်လုံး သွေးသွန်အနာစွဲနေလို့ ရှိသမျှဥစ္စာကို ဆေးသမားတွေ … ကို ပေးရလို့ကုန်တဲ့မိန်းမက နောက်တော်သို့ ချဉ်းကပ်ပြီး၊ အဝတ်တော်အနားကို တို့လို့၊ သွေးသွန်အနာ ခဏခြင်းရပ်တဲ့အကြောင်းဖြစ်ပါတယ်။ …

“ယေရှုကလည်း တစ်စုံတစ်ယောက်သောသူသည် ငါ့ကို တို့လေပြီ။ ငါ့ကိုယ်မှ တန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။”

“ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင်၊ သူအဘယ်ကဲ့သို့ ခဏခြင်းပျောက်ကင်းကြောင်း လူအပေါင်းတို့ရှေ့ ၌ ကြေားလျှောက်လေ၏”

ခရစ်တော်ဟာ ဇာတိခန္ဓာကိုယ်ကို အောင်နိုင်တော်မူကြောင်း သူ၏အမှုတော်ဆောင်ကာလတစ်လျှောက်မှာ သွန်သင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတိအဖျားအနာတွေကို ခရစ်တော်ရဲ့ကုစားခြင်းအချိန်က ဘယ်အချိန်မှာဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့မထိန်းချုပ်နိုင်ပါဘူး။ ပျောက်ကင်းခြင်းက သူ့အလိုတော်နဲ့ဉာဏ်ပညာအတိုင်းဖြစ်ပွားပါတယ်။ ကျမ်းစာလာတာကတော့၊ အချို့ဆိုလျှင်၊ ဆယ်စုနှစ်များစွာကြာအောင်ခံစားရပါတယ်။ အခြားသူတွေဆိုလျှင်၊ သူတို့ရဲ့သေခြင်းရှိရာဘဝတစ်လျှောက်လုံးပါပဲ။ သေခြင်းရှိရာဘဝရဲ့အနာရောဂါတွေက ကျွန်တော်တို့ကို သန့်စင်စေနိုင်ပါတယ်။ ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ အားကိုးခြင်းကို လေးနက်စေပါတယ်။ ဒါပေမယ့် ခရစ်တော်ကို ပါဝင်စေဖို့ ကျွန်တော်တို့အခွင့်ပေးကြတဲ့အခါ၊ သူက ကျွန်တော်တို့ကို ဝိညာဉ်ပကတိအားဖြင့် အမြဲခွန်အားဖြည့်ပေးမှာမိုလို့၊ ကျွန်တော်တို့ရဲ့ဒုက္ခတွေကို ကြံ့ကြံ့ခံဖို့ ပို၍ကြီးစွာသောခွန်အားကို ကျွန်တော်တို့ရရှိနိုင်ကြပါတယ်။

နောက်ဆုံးမှာ၊ ဇာတိအဖျားအနာ၊ ရောဂါ၊ သို့မဟုတ် မပြည့်စုံခြင်းမှန်သမျှဟာ ရှင်ပြန်ထမြောက်ခြင်းမှာ ပျောက်ကင်းကြမှာဖြစ်ပါတယ်။ ဒါဟာ လူသားအပေါင်းတို့အတွက် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာရဲ့ဆုကျေးဇူးဖြစ်ပါတယ်။

ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ ဇာတိခန္ဓာကိုယ်ထက်ပိုတဲ့အရာတွေကိုပါ ကုစားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကိုလည်း သူကုစားနိုင်ပါတယ်။ စိတ်ဝိညာဉ်အားနည်းတဲ့သူတွေကို ခရစ်တော်ဘယ်လိုကူညီပြီး၊ ကျန်းမာစေခဲ့တယ်ဆိုတာ ကျမ်းစာအားဖြင့် ကျွန်တော်တို့သိရပါတယ်။ ဒီအတွေ့အကြုံတွေကို ကျွန်တော်တို့နှလုံးသွင်းတဲ့အခါ၊ ကျွန်တော်တို့ရဲ့ဘဝတွေကို ကောင်းချီးပေးဖို့ ခရစ်တော်အပေါ် ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းတိုးပွားပါတယ်။ ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့စိတ်နှလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော်တို့တွေကြုံကောင်းတွေ့ကြုံနိုင်တဲ့ မတရားမှုနဲ့စော်ကားမှုအကျိုးဆက်များကို ကုစားနိုင်ပါတယ်။ ဆုံးရှုံးခြင်းနဲ့ စိတ်နှလုံးနာကျင်ခြင်းတွေကို ကြံ့ကြံ့ခံဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်ကို ခွန်အားဖြည့်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ဘဝရဲ့ဒုက္ခတွေကို ကြံ့ကြံ့ခံရန်ကူညီဖို့ ငြိမ်းချမ်းခြင်းကို ကျွန်တော်တို့ဆီ ယူဆောင်လာနေပြီး ကျွန်တော်တို့ကိုစိတ်ပိုင်းဆိုင်ရာကုသပေးနေပါတယ်။

ကျွန်တော်တို့အပြစ်ပြုတဲ့အခါမှာလည်း ခရစ်တော်က ကျွန်တော်တို့ကို ကုစားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ပညတ်တရားတွေကို သိလျက်နှင့်တမင်ချိုးဖောက်တဲ့အခါ အပြစ်ပြုကြပါတယ်။ ကျွန်တော်တို့အပြစ်ပြုကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့ဝိညာဉ်က မစင်ကြယ်တော့ပါဘူး။ အဘယ်မစင်ကြယ်သောအရာမျှ၊ ဘုရားသခင်နဲ့မနေထိုင်နိုင်ပါဘူး။ “အပြစ်ကနေစင်ကြယ်ဖို့ဆိုတာ ဝိညာဉ်ပကတိမှာ ပျောက်ကင်းရဖို့ဖြစ်ပါတယ်။”

အဘဘုရားသခင်ဟာ ကျွန်တော်တို့အပြစ်ပြုလိမ့်မယ်ဆိုတာကို သိတော်မူပါတယ်၊ ဒါပေမယ့်၊ ကျွန်တော်တို့ရွေးနှုတ်ခံရဖို့နည်းလမ်းတစ်ခုကို သူပြင်ဆင်ထားပါတယ်။ အသင်းလူကြီး လင်း ဂျီရော်ဘင်က သွန်သင်ခဲ့ပါတယ်၊ “နောင်တရခြင်းဟာ ကျွန်တော်တို့ကျရှုံးကောင်းကျရှုံးနိုင်မယ့်အခြေအနေအတွက် [ဘုရားသခင်ရဲ့]အရန်အစီအစဉ်မဟုတ်ပါဘူး။ နောင်တရခြင်းဆိုတာ ကျွန်တော်တို့အမှားလုပ်လိမ့်မယ်ဆိုတာ သိတဲ့အတွက် ဆွဲထားတဲ့ သူရဲ့အစီအစဉ်ဖြစ်ပါတယ်။” ကျွန်တော်တို့အပြစ်ပြုတဲ့အခါ၊ အကောင်းနဲ့အဆိုးကို ခွဲခြားရွေးချယ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။ ကျွန်တော်တို့ဟာ အပြစ်ပြုကြပြီးနောက်၊ နောင်တရတဲ့အခါမှာ အကောင်းကို ရွေးချယ်ကြပါတယ်။ ယေရှုခရစ်တော်နဲ့ သူ၏အပြစ်ဖြေခြင်းယဇ်အားဖြင့်၊ ကျွန်တောတို့ရဲ့အပြစ်များဆီကနေ ရွေးနှုတ်ခံရနိုင်ပါတယ်၊ ကျွန်တောတို့နောင်တရကြမယ်ဆိုလျှင်၊ အဘဘုရားသခင်ရဲ့မျက်မှောက်သို့ ပြန်လည်ဆောင်ယူခံရနိုင်ပါတယ်။ ဝိညာဉ်ပကတိကုစားခြင်းဆိုတာ တစ်ဖက်သတ်တည်းမဟုတ်ပါ ကယ်တင်ရှင်ရဲ့ရွေးနှုတ်ခြင်းတန်ခိုးနဲ့၊ အပြစ်သားဘက်မှ ရိုးသားတဲ့နောင်တရခြင်းကို လိုအပ်ပါတယ်။ နောင်တမရဖို့ရွေးချယ်တဲ့သူများဟာ၊ ခရစ်တော်အခွင့်ပေးတဲ့ကုစားခြင်းကို ငြင်းပယ်နေကြခြင်းဖြစ်ပါတယ်။ သူတို့အတွက်ကတော့၊ ရွေးနှုတ်ခြင်းကို ပြုထားတာမရှိသလိုပါဘဲ။

နောင်တရဖို့ကြိုးစားနေကြတဲ့အခြားသူတွေကို ကျွန်တော်အကြံပေးတဲ့အခါ၊ အပြစ်ထဲမှာနေကြတဲ့သူများဟာ မှန်တဲ့ဆုံးဖြတ်ချက်ပြုရာမှာ အခက်အခဲရှိကြတယ်ဆိုတာကို ကျွန်တော်အံ့အားသင့်ရပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က သူတို့ကိုစွန့်ခွာသွားခဲ့ပါလိမ့်မယ်။ သူတို့လည်း ဘုရားသခင်နဲ့ပိုနီးရာသို့ သူတို့ကိုဆောင်ယူမယ့်ဆုံးဖြတ်ချက်များကို ပြုဖို့ အကြိမ်ကြိမ်ရုန်းကန်ကြရပါတယ်။ သူတို့ဟာ လပေါင်းများစွာ၊ သို့မဟုတ် နှစ်ပေါင်းများစွာတောင် အားပြိုင်ကြရ၊ သူတို့အပြစ်များရဲ့အကျိုးဆက်တွေကို ရှက်ရွံ့ကြသို့မဟုတ် ကြောက်ရွံ့ကြပါတယ်။ သူတို့ဟာ အဘယ်တော့မျှမပြောင်းလဲနိုင်ကြ၊ သို့မဟုတ် ခွင့်လွှတ်မခံရနိုင်တော့ဘူးလို့ အကြိမ်ကြိမ်ခံစားကြရပါတယ်။ သူတို့ပြုလုပ်ခဲ့တဲ့အရာတွေကို သူတို့ချစ်တဲ့သူတွေသိများသွားလျှင်၊ သူတို့ကို အချစ်ရပ်သွားမလား၊ သို့မဟုတ် စွန့်ခွာသွားမလားဆိုတဲ့ သူတို့ရဲ့စိုးရိမ်ခြင်းအကြောင်းပြောပြတာကို ကျွန်တော်အကြိမ်ကြိမ်ကြားခဲ့ရပါတယ်။ သူတို့ဟာ အဲသလိုအတွေးများ ရှိတဲ့အခါ၊ ငြိမ်ငြိမ်လေးဆက်နေပြီး၊ နောင်တရခြင်းကို အချိန်ဆွဲကြပါတယ်။ သူတို့ဟာ ကိုယ်ချစ်တဲ့သူတွေကို ပိုပြီးမနာကျင်စေရအောင်လို့ အခုနောင်တမရဘဲနေတာကပိုကောင်းတယ်လို့ မှားယွင်းစွာခံစားကြပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ၊ နောင်တရခြင်းဖြစ်စဉ်အတိုင်း အခုကျော်ဖြတ်ရတာထက်၊ ဒီဘဝပြီးမှခံစားရတာက ပိုကောင်းတယ်လို့ တွေးကြပါတယ်။ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ရဲ့နောင်တရခြင်းကို ဖင့်နွှဲခြင်းဟာ ဘယ်တော့မှ ကောင်းတဲ့အကြံမဟုတ်ပါဘူး။ ယေရှုခရစ်တော်အပေါ်၌ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအတိုင်း ချက်ချင်းလုပ်ဆောင်ခြင်းမှနေ ကျွန်တော်တို့ကို တားဆီးခြင်းငှာ ကြောက်ရွံ့ခြင်းကို မာရ်နတ်က အကြိမ်ကြိမ်အသုံးပြုပါတယ်။

ချစ်တဲ့သူများဟာ အပြစ်များတဲ့အပြုအမူအကြောင်းအမှန်တရားနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အတော်လေးနာနာကျင်ကျင်ခံစားရပါလိမ့်မယ်၊ သူတို့ဟာ ရိုးသားစွာနောင်တရတဲ့အပြစ်သားကို ပြောင်းလဲစေဖို့နဲ့ ဘုရားသခင်နဲ့မိတ်သဟာယဖွဲ့စေဖို့ အကြိမ်ကြိမ်ကူညီလိုကြပါတယ်။ အမှန်စင်စစ်၊ အပြစ်သားက ဝန်ခံပြီး၊ မိမိတို့ကိုချစ်တဲ့၊ မိမိတို့အပြစ်များကို ကျောခိုင်းဖို့ ကူညီတဲ့သူများနဲ့ ဝန်းရံခံရတဲ့အခါ ဝိညာဉ်ပကတိပျောက်ကင်းခြင်းက အရှိန်မြင့်လာပါတယ်။ ယေရှုခရစ်တော်ဟာ မိမိထံသို့လာတဲ့ အပြစ်ရဲ့သားကောင်ဖြစ်တဲ့ အပြစ်ကင်းသူများကို ကုစားသောကြောင့် သူဟာတန်ခိုးကြီးတယ်ဆိုတဲ့အကြောင်းကို ကျေးဇူးပြု၍၊ သတိရကြပါ။

ဥက္ကဌဘွိုက် ကေပက်ကာက ဖော်ပြခဲ့ပါတယ်၊ “ ကျွန်တော်တို့ အမှားပြုကြ၊ အပြစ်ကျူးလွန်ကြတဲ့အခါ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်များ ပျက်စီးကြပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ရဲ့ သေခြင်းရှိရာခန္ဓာကိုယ်လိုမဟုတ်ဘဲ၊ နောင်တရခြင်းဖြစ်စဉ် ပြီးဆုံးတဲ့အခါ၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့်မိုလို့ အမာရွတ်တစ်ခုမျှ မကျန်ရစ်ခဲ့ပါဘူး။ ကတိတော်ကတော့၊ ‘ရှုလော့၊ မိမိအပြစ်များမှ နောင်တရသောသူသည် ခွင့်လွှတ်ခြင်းကို ခံရ၏၊ ငါကိုယ်တော်ရှင်သည်လည်း၊ ထိုအပြစ်များကို နောက်ထပ် မမှတ်မိတော့’ [ဩဝါဒနှင့်ပဋိညာဉ်များ ၅၈း၄၂]။”

ကျွန်တော်တို့ ”စိတ်နှလုံးအကြွင်းမဲ့ဖြင့်” နောင်တရကြတဲ့အခါ၊ ကျွန်တော်တို့ဘဝမှာ ” ကြီးစွာသောရွေးနှုတ်ခြင်းအစီအစဉ် တခဏခြင်းပဲဖြစ်လာပါလိမ့်မယ်”။ ကယ်တင်ရှင်က ကျွန်တော်တို့ကို ကုစားပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့သား၊ သာသနာနယ်မှာ လေဖြတ်ဝေဒနာခံစားရတဲ့သူကို ကူညီခဲ့တဲ့ သာသနာပြုအဖော်နဲ့ ဆေးပညာရှင်တွေက လျင်မြန်စွာလုပ်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့သားက လေဖြတ်ပျောက်ဆေးကို လက်ခံဖို့ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့သေခြင်းရှိရာဘဝရဲ့ကျန်တဲ့အပိုင်းတစ်လျှောက်မှာ ကျန်နေနိုင်မယ့် လေဖြတ်လို့ ကိုယ်လက်အင်္ဂါသေခြင်းအကျိုးဆက်တွေက ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုပါပဲ၊ ကျွန်တော်တို့ မြန်မြန်နောင်တရပြီး၊ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကို ကျွန်တော်တို့ဘဝထဲကို ဆောင်ယူလေ၊ အပြစ်ရဲ့အကျိုးဆက်တွေကနေ ကျွန်တော်တို့ မြန်မြန်ပျောက်ကင်းနိုင်လေပါပဲ။

ဥက္ကဌရပ်ဆဲလ် အမ်နယ်လဆင်က ယခုလိုဖိတ်ခေါ်ခဲ့ပါတယ်၊ “ သင်တို့ဟာ လမ်းကြောင်းပေါ်ကနေ လွှဲခဲ့မယ်ဆိုလျှင်၊ ကျေးဇူးပြု၍ ပြန်လာကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သင်တို့ရဲ့စိုးရိမ်မှုတွေက ဘာတွေပဲဖြစ်နေပါစေ၊ သင်တို့ရဲ့စိန်ခေါ်မှုတွေက ဘာတွေပဲဖြစ်နေပါစေ၊ ကိုယ်တော်ရှင်ရဲ့အသင်းတော် ဒီနေရာထဲမှာ၊ သင်တို့အတွက် နေရာတစ်ခုရှိပါတယ်။ ပဋိညာဉ်လမ်းကြောင်းပေါ်ကို ပြန်လာဖို့ ယခုပြုတဲ့သင်တို့ရဲ့လုပ်ရပ်များအားဖြင့် သင်တို့နဲ့ မမွေးသေးတဲ့မျိုးဆက်တွေ ကောင်းချီးခံစားကြရပါလိမ့်မယ်”။

ကျွန်တော်တို့ရဲ့ဝိညာဉ်ပကတိပျောက်ကင်းခြင်းမှာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင် ဖော်ပြခဲ့တဲ့သတ်မှတ်ချက်တွေကို ကျွန်တို့လိုက်နာစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မနှောင့်နှေးရပါဘူး၊ ဒီနေ့လုပ်ဆောင်ရပါမယ်။ ဝိညာဉ်ပကတိအင်္ဂါသေခြင်းက ကျွန်တော်တို့ရဲ့ထာဝရ တိုးတက်ခြင်းကို မဟန့်တားစေဖို့ ယခုပဲလုပ်ဆောင်ကြပါ။ သင်တို့အမှားလုပ်ခဲ့ဖူးတဲ့သူတစ်စုံတစ်ဦးဆီက ခွင့်လွှတ်ခြင်းကို တောင်းခံဖို့ လိုတယ်လို့ ကျွန်တော်နေရင်းနဲ့ပဲ သင်တို့ခံစားမိလျှင်၊ ယခုပြုလုပ်ဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သင်တို့လုပ်ခဲ့တဲ့အရာတွေကို သူတို့ကိုပြောပြပါ။ သူတို့ရဲ့ ခွင့်လွှတ်ခြင်းကို တောင်းခံပါ။ သင်တို့ရဲ့ဗိမာန်တော်ဆိုင်ရာထိုက်တန်ခြင်းအပေါ် ထိရောက်စေတဲ့ အပြစ်ကို ကျူးလွန်မိတယ်ဆိုလျှင်၊ ဒီနေ့ပဲ သင်တို့ရဲ့သင်းအုပ်နဲ့ဆွေးနွေးဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ မနှောင့်နှေးပါနဲ့။

ကျွန်တော့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ချစ်သောကောင်းကင်ဘုံရှင်အဘဖြစ်ပါတယ်။ သူ့ရဲ့ချစ်သား ယေရှုခရစ်တော်အား အလုံးစုံသောတန်ခိုးနဲ့ အသိဉာဏ်ကို သူပေးတော်မူခဲ့ပါတယ်။ သူ့ကြောင့်ပဲ၊ လူသားအားလုံးဟာ တစ်နေ့မှာ ဇာတိအဖျားအနာမှန်သမျှကနေ ထာဝရပျောက်ကင်းကြပါလိမ့်မယ်။ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကျွန်တော်တို့ဟာ နောင်တရဖို့နဲ့ ကျွန်တော်တို့စိတ်နှလုံးကို ကယ်တင်ရှင်ဆီသို့ လုံးလုံးလှည့်ဖို့ ရွေးချယ်ကြလျှင်၊ သူက ကျွန်တော်တို့ကို ဝိညာဉ်ပကတိမှာ ပျောက်ကင်းစေပါလိမ့်မယ်။ အဲဒီပျောက်ကင်းခြင်းက ခဏခြင်းစတင်နိုင်ပါတယ်။ ရွေးချယ်မှုကတော့ ကျွန်တော်တို့ပြုရမယ့်အရာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာခြင်းသို့ ရောက်လိုကြပါသလားခင်ဗျာ။

ကျွန်တော်တို့ကို ကျန်းမာခြင်းသို့ ရောက်နိုင်ကြစေဖို့ ယေရှုခရစ်တော်က အဖိုးအခပေးခဲ့တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ဟာ သူပေးတဲ့အဲဒီပျောက်ကင်းဆေးကို သောက်ရန် ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီနေ့သောက်ကြပါ။ မနှောင့်နှေးပါနဲ့။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်။ အာမင်။

မှတ်စုများ

  1. တီပီအေ ဟုခေါ်သောဆေး (တစ်ရှူးကလပ်စည်း နှိုးဆွပစ္စည်း)

  2. မောဇိယ ၂း၄၁

  3. မဿဲ ၄း၂၄ တွင်ကြည့်ပါ။ ခရစ်တော်သည် ဖျားနာသောလူများ၊ အမှန်စင်စစ် “အမျိုးမျိုးသောရောဂါရှိသူများ၊” “စိတ်ဆင်းရဲကိုယ်ဆင်းရဲရှိသူများ” “နတ်ဆိုးစွဲသူများ” “ရူးသွပ်သောသူများ” ကို လှည့်လည်၍ အနာကင်းစေ၏။

  4. ယောဟန် ၅း၅–၉ တွင်ကြည့်ပါ။ အထူးပြုခြင်းထပ်ဖြည့်ထား၏။

  5. လုကာ ၈း၄၃–၄၇တွင်ကြည့်ပါ။ အထူးပြုခြင်းထပ်ဖြည့်ထား၏။

  6. အယ်လမာ ၄၀း၂၃ဟေလမန် ၁၄း၁၇တွင်ကြည့်ပါ။

  7. လုကာ ၅း၂၀၊ ၂၃–၂၅ တွင်ကြည့်ပါ။ ဂျိုးဇက်စမစ်ဘာသာပြန်၊ လုကာ ၅း၂၃၊ footnote a): ဖျားနာသောသူကို ထ၍လမ်းလျှောက်စေဖို့ထက် အပြစ်များကို ခွင့်လွှတ်ဖို့ ပို၍တန်ခိုးလိုအပ်သလော။

  8. ယောဟန်ဩဝါဒစာ ပဌမ စောင် ၃း၄ တွင်ကြည့်ပါ။

  9. ၃ နီဖိုင်း ၂၇း၁၉ တွင်ကြည့်ပါ။

  10. ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ သာသနာပြုအစေခံလမ်းညွှန်၊ rev. ed. (2018), lds.org/manual/missionary.

  11. လင်း ဂျီရော်ဘင်၊“Until Seventy Times Seven,”လီယဟိုနာ၊ မေ ၂၀၁၈၊ ၂၂။

  12. မောဇိယ ၁၆း၅ တွင်ကြည့်ပါ။

  13. သစ္စာနှင့် ယုံကြည်မှုစည်းကို ချိုးဖောက်ခဲ့သောလူတစ်ဦးကို မိသားစုဝင်တွေက ဝိုင်းပြီးကူညီပံ့ပိုးကြပြီး သူတို့ရဲ့ဘ၀များမှာ ကယ်တင်ရှင်ရဲ့အနာငြိမ်းခြင်းတန်ခိုးတော်အတွက် သူ့ထံပို၍ပြည့်ပြည့်၀၀ပြန်လာဖို့ သူတို့ကို ကူညီသောအခါ၊ သူတို့ရဲ့အနာငြိမ်းခြင်းအရှိန်မြင့်လာသည်ကို များစွာသောအခိုက်အတန့်များမှာ ကျွန်တော်တွေ့မြင်ခဲ့ရပါတယ်။ မှန်စွာနောင်တရသောသူများပြောင်းလဲဖို့ ရိုးသားစွာကြိုးစားကြလျှင်၊ ဧဝံဂေလိတရားတော်လေ့လာခြင်း၊ ရိုးသားသောဆုတောင်းချက်နှင့် ခရစ်တော်ကဲ့သို့အစေခံခြင်းတို့ဖြင့် ကူညီသောမိသားစုဝင်များသည် အပြစ်သားကို ပြောင်းလဲရန်ကူညီရုံသာမက၊ သူတို့၏ဘ၀များတွင် ကယ်တင်ရှင်ထံမှ အနာငြိမ်းခြင်းတိုးလာရန်အတွက် တံခါးကိုလည်းဖွင့်ပေးပါသည်။ သင့်လျော်သောအချိန်တွင်၊ အပြစ်ကင်းသောဒုက္ခသည်များသည် မည်သည့်အရာကို အတူတကွလေ့လာရ၊ မည်သို့အစေခံရ၊ နောင်တရသောသူအားပြောင်းလဲစေဖို့နှင့် ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးအားဖြင့် အကျိုးရှိစေဖို့ မိသားစုဝင်များထောက်ပံ့ခွန်အားဖြည့်ပေးရန် မည်သို့ပါဝင်ရမည်ဟူသော ကောင်းကင်ဘုံရှင်လမ်းညွှန်ချက်ကို ရှာခြင်းအားဖြင့် လမ်းလွဲသောအပြစ်သားကို ကူညီနိုင်ပါသည်။

  14. ဘွိုက် ကေပက်ကာ၊“The Plan of Happiness,”လီယဟိုနာ၊ မေ ၂၀၁၅၊ ၂၈။

  15. ၃ နီဖိုင်း ၁၈း၃၂

  16. အယ်လမာ ၃၄း၃၁။ အထူးပြုချက်ထပ်ဖြည့်ထား၏။

  17. ရပ်ဆဲလ်အမ်နယ်လဆင်၊“As We Go Forward Together,” လီယဟိုနာ၊ ဧပြီ၊ ၂၀၁၈၊ ၇။