၂၀၁၀-၂၀၁၉
နိဂုံးချုပ်အမှာစကား
၂၀၁၉ အောက်တိုဘာလအထွေထွေညီလာခံအစည်းအဝေးပွဲ


11:44

နိဂုံးချုပ်အမှာစကား

တစ်ဦးချင်းထိုက်တန်မှုမှာ ကိုယ်တော်ရှင်နဲ့ပိုပြီးတူလာစေဖို့ စိတ်နဲ့နှလုံးသားရဲ့ လုံးဝပြောင်းလဲခြင်းလိုအပ်ပါတယ်။

ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီသမိုင်းဝင်ညီလာခံရဲ့နိဂုံးကို ကျွန်တော်တို့ရောက်လာခဲ့ပါပြီ၊ ကိုယ်တော်ရှင်ရဲ့လမ်းပြလှုံ့ဆော်မှုနဲ့ ကာကွယ်မှုတို့အတွက် သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျွန်ကျွန်တော်တို့ဟာ ဝိညာဉ်ပကတိပွဲခံခြင်းကို အမှန်ပင်ပျော်မွေ့ခဲကြပါတယ်

ယေရှုခရစ်တော်ရဲ့ ဩဝါဒကို ကြားနာပြီး၊ နားထောင်ကြမယ့် လူတွေဆီကို သူ့ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်က မျှော်လင့်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေကို ဆောင်ယူလာမယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ အိမ်တိုင်းဟာ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းနဲ့ ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော် ကိန်းဝပ်မယ့်နေရာ၊ မှန်သောယုံကြည်ခြင်းနဲ့ခိုလှုံရာဖြစ်လာမယ်ဆိုတာကိုလည်း ကျွန်တော်တို့သိကြပါတယ်။

သိကြတဲ့အတိုင်းပါပဲ၊ ပြန်လည်ဆောင်ယူခြင်းရဲ့ အထွဋ်အမြတ်ရတနာဟာ သန့်ရှင်းသောဗိမာန်တော်ဖြစ်ပါတယ်။ အဲဒီဗိမာန်တော်ရဲ့ သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများနဲ့ ပဋိညာဉ်များဟာ ကယ်တင်ရှင်ကို သူ့ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူချိန်မှာ ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေသူများဖြစ်ဖို့ ပြင်ဆင်ရာမှာ အချက်အချာကျပါတယ်။ ယခုလက်ရှိမှာ ကျွန်တော်တို့မှာ ဆက်ကပ်ထားတဲ့ ဗိမာန်တော် ၁၆၆ ခုရှိပါတယ်၊ နောက်ထပ်ပြီးတော့လည်း ဆောက်နေပါပြီ။

မွန်းမံထားတဲ့ဗိမာန်တော်အသစ်တစ်ခုချင်းရဲ့ ဆက်ကပ်ခြင်းမတိုင်မီ ဖွင့်ပွဲအခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ယုံကြည်ခြင်းမတူတဲ့ မိတ်ဆွေများစွာဟာ အဲဒီဗိမာန်တော်တွေကို အလည်အပတ်လာပြီးပါဝင်ဆင်နွှဲကြမှာ၊ ဗိမာန်တော်ကောင်းချီးမင်္ဂလာများအကြောင်းကို လေ့လာကြာမှာဖြစ်ပါတယ်။ အဲဒီဧည့်သည်တွေထဲက အချို့ဟာ ပိုပြီးသိချင်လာကြမှာပါ။ အချို့ဆိုရင်၊ သူတို့တတွေဟာ ဗိမာန်တော်ကောင်းချီးမင်္ဂလာများအတွက် ဘယ်လိုနည်းနဲ့ အရည်အချင်းပြည့်မီနိုင်ကြမလဲလို့ ရိုးသားစွာမေးကြပါလိမ့်မယ်။

အသင်းတော်ရဲ့အသင်းသားများအနေနဲ့၊ ကျွန်တော်တို့ဟာ သူတို့ရဲ့မေးခွန်းတွေကို ဖြေရန် ပြင်ဆင်ပြီးသားရှိဖို့ လိုအပ်ပါတယ်။ မိမိတို့ကိုယ်ကို ပြင်ဆင်မယ့်သူ အဘယ်သူအတွက်မဆို၊ လူအားလုံးအတွက် ဗိမာန်တော်ကောင်းချီးမင်္ဂလာများကို ရရှိနိုင်ကြောင်း ကျွန်တော်တို့ရှင်းပြနိုင်ကြပါတယ်။ ဒါပေမယ့်၊ သူတို့ဟာ ဆက်ကပ်ထားတဲ့ဗိမာန်တော်ကို မဝင်ရောက်နိုင်ခင်မှာ အရည်အချင်းပြည့်မီဖို့ လိုအပ်ပါတယ်။ ကိုယ်တော်ရှင်က သူရဲ့သားသမီးအားလုံးကို သူ့ရဲ့ဗိမာန်တော်ထဲမှာ ရရှိနိုင်တဲ့ ထာဝရကောင်းချီးမင်္ဂလာတွေကို သုံးဆောင်ကြစေလိုပါတယ်။ သူ့ရဲ့ သန့်ရှင်းတဲ့အိမ်တော်ကို ဝင်ရောက်ဖို့ လူတိုင်းပြုလုပ်ရမယ့်အရာတွေကို သူညွှန်ပြခဲ့ပါတယ်။

အဲဒီလိုသင်ကြားပေးခြင်းအခွင့်အလမ်းကို စတင်ဖို့ကောင်းတဲ့နေရာကတော့ ဗိမာန်တော်ရဲ့အပြင်ဘက်မှာ ရေးထွင်းထားတဲ့ “ကိုယ်တော်ရှင်အဖို့ သန့်ရှင်းခြင်း၊ ကိုယ်တော်ရှင်၏အိမ်တော်”ဆိုတဲ့ စကားလုံးတွေကို အာရုံစိုက်ဖို့ဖြစ်ပါတယ်။ ဥက္ကဌ ဟင်နရီ ဘီ၊ အိုင်ရင်းရဲ့ ဒီနေ့အမှာစကားနဲ့ အခြားများစွာတို့က ကျွန်တော်တို့ကို ပိုပြီးသန့်ရှင်းလာကြစေဖို့ လမ်းပြလှုံ့ဆော်ခဲ့ပါတယ်။ ဗိမာန်တော်တိုင်းဟာ သန့်ရှင်းတဲ့နေရာဖြစ်ပါတယ်။ ဗိမာန်တော်နာယကတိုင်းဟာ ပိုပြီးသန့်ရှင်းလာကြဖို့ ကြိုးစားကြပါတယ်။

ဗိမာန်တော်ကိုဝင်ရောက်ဖို့ လိုအပ်ချက်အားလုံးဟာ ကိုယ်ပိုင်သန့်ရှင်းခြင်းနဲ့ ဆက်နွယ်ပါတယ်။ အဲဒီအဆင်သင့်ဖြစ်ခြင်းကို ဆုံးဖြတ်ဖို့၊ ဗိမာန်တော်ကောင်းချီးမင်္ဂလာတွေနဲ့မွေ့လျော်လိုတဲ့လူတိုင်းဟာ လူတွေ့မေးမြန်းခြင်းနှစ်ခုကို ဖြေရမှာဖြစ်ပါတယ်။ ပထမက သင်းအုပ်၊ သင်းအုပ်အတိုင်ပင်ခံအဖွဲ့တိုင်ပင်ဘက်၊ သို့မဟုတ် အသင်းတော်ခွဲ ဥက္ကဌနဲ့ ဖြစ်ပါတယ်။ ဒုတိယကတော့ ပန္နက် သို့မဟုတ် သာသနာပြုဥက္ကဌ သို့မဟုတ် သူ့ရဲ့တိုင်ပင်ဘက်တွေထဲက တစ်ဦးနဲ့ဖြစ်ပါတယ်။ အဲဒီလူတွေ့မေးမြန်းခြင်းတွေမှာ အမျိုးမျိုးသောမေးခွန်းတွေကို မေးပါလိမ့်မယ်။

အဲဒီမေးခွန်းတွေထဲက အချို့ကို ရှင်းလင်းခြင်းအတွက် လောလောဆယ် တည်းဖြတ်ထားပါတယ်။ သင်တို့အဖို့ အဲဒါတွေကို ကျွန်တော်ယခု ပြန်လည်သုံးသပ်ပြလိုပါတယ်။

  1. သင့်မှာ ဘုရားသခင်၊ ထာဝရအဘ၊ သူ့သားတော်၊ ယေရှုခရစ်တော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်တို့ကို ယုံကြည်ခြင်းရှိပါသလား၊ သက်သေခံချက်လည်းရှိပါသလား။

  2. သင့်မှာ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာအကြောင်းနှင့် သင်၏ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ် သူ၏ကဏ္ဍအကြောင်း သက်သေခံချက်ရှိပါသလား။

  3. သင့်မှာ ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်အကြောင်း သက်သေခံချက်ရှိပါသလား။

  4. သင်သည် ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ဥက္ကဌကို ပရောဖက်၊ မြင်သောသူနဲ့ ဗျာဒိတ်ဟောသူအဖြစ်၊ ထို့အတူ ကမ္ဘာပေါ်၌ ယဇ်ပုရောဟိတ်အခွင့် သော့များအားလုံးကို အသုံပြုရန် အခွင့်အာဏာရှိသည့် တစ်ဦးတည်းသောသူအဖြစ် ထောက်မပါသလား။

    သင်သည် ပထမဥက္ကဌအဖွဲ့နှင့် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့မှ အဖွဲ့ဝင်တို့ကို ပရောဖက်များ၊ မြင်သောသူများနှင့် ဗျာဒိတ်ဟောသူများအဖြစ် ထောက်မပါသလား။

    သင်သည် အသင်းတော်၏ အခြားအထွေထွေအခွင့်အာဏာရှိသူများနှင့် ဒေသန္တရခေါင်းဆောင်များကို ထောက်မပါသလား။

  5. ခပ်သိမ်းသောအရာတို့ကို သူ့ရှေ့၌ “သန့်ရှင်းခြင်းဖြင့် ဆောင်ရွက်စေရမည့်”အကြောင်း ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါတယ်ဩဝါဒနှင့် ပဋိညာဉ်များ ၄၂:၄၁

    သင်သည် သင်၏အတွေးများနှင့် အပြုအမူများ၌ ကိုယ်ကျင့်တရားဆိုင်ရာသန့်ရှင်းခြင်းအတွက် ကြိုးစားပါသလား။

    သင်သည် ကာမအပြစ်ကင်းစင်ခြင်းဥပဒေကို လိုက်နာပါသလား။

  6. သင်သည် သင်၏မိသားစုဝင်များ၊ အခြားသူများနှင့် ကိုယ်တွင်း ကိုယ်ပအမူအရာ၌ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ သွန်သင်ခြင်းများကို လိုက်လျှောက်ပါသလား။

  7. သင်သည် ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်နှင့် ဆန့်ကျင်သည့် သွန်သင်ခြင်းများ၊ အမူအကျင့်များ၊ သို့မဟုတ် ဩဝါဒတစ်ခုခုကို ထောက်ပံ့ပါသလား သို့မဟုတ် အားပေးပါသလား။

  8. သင်သည် အိမ်နှင့် ဘုရားကျောင်း နှစ်ခုစလုံး၌ ဥပုသ်နေ့ကို သန့်ရှင်းစွာထားရန်၊ သင်၏အစည်းအဝေးများကို တက်ရောက်ရန်၊ ပွဲတော်အတွက် ပြင်ဆင်ပြီး၊ ထိုက်တန်စွာသုံးဆောင်ရန်၊ သင်၏ဘဝကို ဧဝံဂေလိတရားတော်၏ ဥပဒေများနှင့် ပညတ်တော်များနှင့်အညီ နေထိုင်ရန် ကြိုးစားပါသလား။

  9. သင်သည် သင်ပြုလုပ်သောအရာအားလုံး၌ ရိုးသားရန် ကြိုးစားပါသလား။

  10. သင်သည် ဆယ်ဖို့တစ်ဖို့ အပြည့်ပေးပေးသောသူတစ်ယောက်ဖြစ်ပါသလား။

  11. သင်သည် ဥာဏ်ပညာစကားကို နားလည်ပါသလား၊ ထို့အတူ လိုက်နာပါသလား။

  12. သင့်မှာ ယခင်အိမ်ထောင်ဖက်အတွက် သို့မဟုတ် သားသမီးများအတွက် ငွေရေးကြေးရေး သို့မဟုတ် အခြား ဝတ္တရားများ ရှိပါသလား။

    ရှိလျှင်၊ သင်သည် ယခုတွင် ထိုဝတ္တရားများကို ကျေပွန်ပါသလား။

  13. သင်သည် ဝိညာဉ်ပကတိအပ်နှင်းခြင်း၌ သွန်သင်ထားသည့်အတိုင်း ဗိမာန်တော်အဝတ်တန်ဆာကို ဝတ်ဆင်ခြင်းအပါအဝင်၊ ဗိမာန်တော်ထဲ၌ သင်ပြုထားသည့် ပဋိညာဉ်များကို စောင့်ထိန်းပါသလား။

  14. သင်၏ နောင်တရခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ ယဇ်ပုရောဟိတ်အခွင့်အာဏာရှိသူများနှင့် ဖြေရှင်းရန် လိုအပ်သည့် ပြင်းထန်သောအပြစ်များ သင်၏ဘဝမှာ ရှိပါသလား။

  15. သင်သည် ဗိမာန်တော်သို့ ဝင်ရောက်ရန်နှင့် ဗိမာန်တော်ဘိသိက်မင်္ဂလာများ၌ ပါဝင် ဆင်နွှဲရန် ထိုက်တန်သည်ဟု သင့်ကိုယ်သင် မှတ်ယူပါသလား။

မနက်ဖြန်မှာဆိုရင်၊ ဒီပြန်လည်ပြင်ဆင်ထားတဲ့ ဗိမာန်တော်ထောက်ခံချက်မေးခွန်းတွေကို အသင်းတော်ခေါင်းဆောင်များမှတစ်ဆင့် တစ်ကမ္ဘာလုံးကို ဖြန့်ဝေမှာဖြစ်ပါတယ်။

အဲဒီမေးခွန်းတွေကို သူတို့ရဲ့ ရိုးသားစွာ ဖြေကြားခြင်းမှာ ထပ်လောင်းချက်အနေဖြင့်၊ အရွယ်ရောက် ဗိမာန်တော်နာယကတိုင်းဟာ သူတို့ရဲ့ပုံမှန်အဝတ်အစားအောက်မှာ သန့်ရှင်းမွန်မြတ်သော ယဇ်ပုရောဟိတ်အခွင့်အဝတ်တန်ဆာကို ဝတ်ဆင်ကြမှာဖြစ်ကြောင်း နားလည်ရပါတယ်။ ဒီဟာက ကိုယ်တော်ရှင်နဲ့ ပိုပြီးတူလာစေရန် နေ့တိုင်းကြိုးစားဖို့ အတွင်း ကတိကဝတ်တစ်ခုရဲ့ သင်္ကေတဖြစ်ပါတယ်။ ပြုထားတဲ့ပဋိညာဉ်များကို နေ့တိုင်း ဆက်ပြီးသစ္စာရှိဖို့နဲ့၊ နေ့တိုင်း ပိုပြီးမြင့်မြတ်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့နည်းနဲ့ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ လျှောက်ဖို့ ကျွန်တော်တို့ကို သတိပေးတာလည်းဖြစ်ပါတယ်။

အခု၊ တစ်ခဏလောက်၊ ကျွန်တော်တို့ရဲ့လူငယ်တွေကို ကျွန်တော်ပြောလိုပါတယ်။ အကန့်အသတ်နဲ့သာ အသုံးပြုရတဲ့ ဗိမာန်တော်ထောက်ခံချက်များအတွက် အရည်အချင်း ပြည့်မီကြစေရန် သင်တို့ကို ကျွန်တော်တို့တိုက်တွန်းပါတယ်။ ကိုယ်စားဗတ္တိဇံနဲ့ အတည်ပြုခြင်း ဘိသိက်မင်္ဂလာများအတွက် သင်တို့ရဲ့ ပြင်ဆင်ခြင်းမှာ သင်တို့နဲ့သင့်လျော်တဲ့ အဲဒီမေးခွန်းတွေကိုသာ သင်တို့ အမေးခံရမှာဖြစ်ပါတယ်။ သင်တို့ရဲ့ထိုက်တန်ခြင်းနဲ့ အဲဒီ သန့်ရှင်းမွန်မြတ်သောဗိမာန်တော်အမှုမှာ ပါဝင်ဆင်နွှဲရန်လိုလိုလားလားရှိခြင်းတို့အတွက် ကျွန်တော်တို့ အင်မတန်ကျေးဇူးတင်ရှိပါတယ်။ သင်တို့ကို ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။

ကိုယ်တော်ရှင်ရဲ့ အိမ်တော်ကို ဝင်ရောက်ဖို့ တစ်ဦးချင်းထိုက်တန်ခြင်းမှာ၊ တစ်ဦးချင်းဝိညာဉ်ပကတိပြင်ဆင်ခြင်းများစွာ လိုအပ်ပါတယ်။ သို့ပေမယ့်၊ ကိုယ်တော်ရှင်ရဲ့အကူအညီနဲ့ဆိုရင်၊ မဖြစ်နိုင်တာ မရှိပါဘူး။ အချို့ကိစ္စတွေမှာ၊ ဗိမာန်တော်တစ်ခုအတွက် ပြင်ဆင်ထားတဲ့လူတွေကို တည်ဆောက်ရတာထက်၊ ဗိမာန်တော်တစ်ခုကို တည်ဆောက်ရတာက ပိုပြီးလွယ်ကူပါတယ်။ တစ်ဦးချင်းထိုက်တန်မှုမှာ ကိုယ်တော်ရှင်နဲ့ ပိုပြီးတူလာစေဖို့၊ ရိုးသားသောနိုင်ငံသားတစ်ယောက်ဖြစ်စေဖို့၊ ပိုကောင်းတဲ့ ပုံသက်သေတစ်ခုဖြစ်စေဖို့၊ ပြီးတော့ ပိုပြီးသန့်ရှင်းတဲ့လူတစ်ယောက်ဖြစ်စေဖို့၊ စိတ်နဲ့ နှလုံးသားရဲ့ လုံးဝပြောင်းလဲခြင်းကို လိုအပ်ပါတယ်။

အဲဒီလိုပြင်ဆင်ခြင်းအလုပ်က ယခုဘဝမှာ ရေတွက်မရတဲ့ ကောင်းချီးမင်္ဂလာများ၊ နောက်လာမယ့်ဘဝမှာ သင်၏မိသားစုအသိုက်အဝန်းကို ထာဝရကာလတစ်လျှောက် ဘယ်တော့မျှအဆုံးမရှိသောပျော်ရွှင်ခြင်းအခြေအနေ၌ အမဲမပြတ်ရှိစေခြင်းအပါအဝင် စိတ်မကူးနိုင်လောက်တဲ့ ကောင်းချီးမင်္ဂလာများကို ဆောင်ယူလာတဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။

အခု ကျွန်တော် တစ်ခြားအကြောင်းအရာကို ပြောင်းလိုပါတယ် လာမယ့်နှစ်အတွက် အစီအစဉ်များ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်နွေဦးဆိုလျှင်၊ ပထမရူပါရုံအဖြစ် ကျွန်တော်တို့သိကြတဲ့၊ ဘုရားသခင်ထံမှ ဖော်ပြခြင်းကို ဂျိုးဇက်စမစ်တွေ့ကြုံခဲ့ရတာ အနှစ် ၂၀၀ တိတိရှိမှာဖြစ်ပါတယ်။ အဘဘုရားသခင်နဲ့ သူ့ချစ်သား၊ ယေရှုခရစ်တော်တို့၊ ၁၄ နှစ်သားလူငယ်လေးတစ်ဦးဖြစ်တဲ့ ဂျိုးဇက်စမစ်ဆီကို ပေါ်လာတော်မူခဲ့ပါတယ်။ သန့်ရှင်းသောသမ္မာကျမ်းမှာ အတိအကျ ကြိုတင်ဟောပြောထားတဲ့အတိုင်း ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို အပြည့်အစုံဖြင့် ပြန်လည်ဆောင်ယူခြင်း စတင်ပုံကို အဲဒီအဖြစ်အပျက်က ဖော်ပြပါတယ်။

အဲဒီနောက်မှာ၊ မော်ရော်နိုင်း၊ ဗတ္တိဇံဆရာယောဟန်၊ ရှေးဦးတမန်တော်များဖြစ်တဲ့ ပေတရု၊ ယာကုပ်နဲ့ ယောဟန်အပါအဝင် ကောင်းကင်ဘုံရှင်တမန်တော်များရဲ့ အကြည့်အရှုကြွရောက်ခြင်း ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ မောရှေ၊ ဧလိုင်ယ၊ ဧလိယ အပါအဝင် အခြားသူများ နောက်ကရောက်လာခဲ့ပါတယ်။ တစ်ဦးချင်းစီဟာ ဘုရားသခင်ရဲ့သားသမီးများကို မြေကြီးပေါ်မှာ တစ်ဖန် ကောင်းချီးပေးဖို့ မြင့်မြတ်သောအခွင့်အာဏာကို ဆောင်ယူလာခဲ့ပါတယ်။

အလွန်တရာအံ့ဩစရာပါပဲ၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်အကြောင်း တစ်ခြားသောသက်သေခံချက်၊ သန့်ရှင်းသောသမ္မာကျမ်းရဲ့ တွဲဘက်ကျမ်းစာတစ်ခုဖြစ်တဲ့ မော်မုန်ကျမ်းကိုလည်း လက်ခံရရှိခဲ့ကြပါတယ်။ ဩဝါဒနှင့် ပဋိညာဉ်များကျမ်းနဲ့ မြတ်ပုလဲကျမ်းတို့မှာ ပြောကြားထားတဲ့ ဗျာဒိတ်တော်များကလည်း ဘုရားသခင်၏ပညတ်တော်များနဲ့ ထာဝရသမ္မာတရားအကြောင်း ကျွန်တော်တို့ရဲ့နားလည်ခြင်းကို ကြီးစွာတိုးတက်စေခဲ့ပါတယ်။

တမန်တော်၊ ခုနှစ်ကျိပ်အဖွဲ့၊ အမျိုး၏အဘ၊ ယဇ်ပုရောဟိတ်မင်း၊ အသင်းလူကြီး၊ သင်းအုပ်၊ ယဇ်ပုရောဟိတ်၊ ဆရာနဲ့ သင်းထောက်တို့ရဲ့ အမှုအရာများအပါအဝင် ယဇ်ပုရောဟိတ်အခွင့်ရဲ့ သော့များနဲ့ အမှုအရာများကို ပြန်လည်ဆောင်ယူထားပြီးပါပြီ။ ကိုယ်တော်ရှင်ကိုချစ်တဲ့ အမျိုးသမီးများဟာ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို အပြည့်အစုံဖြင့် ပြန်လည်ဆောင်ယူခြင်းရဲ့ အလွန်အရေးအကြီးတဲ့ အစိတ်အပိုင်းများဖြစ်တဲ့ လူမှုသက်သာရေးအဖွဲ့၊ မူလတန်း၊ လူငယ်အမျိုးသမီးအဖွဲ့၊ တနင်္ဂနွေကျောင်းနဲ့ အသင်းတော်၏ အခြားအမှုတော်ဆောင်တာဝန်များမှာ စွမ်းစွမ်းတမံ အစေခံကြပါတယ်။

ဒီလိုနဲ့ပဲ၊ ၂၀၂၀ ခုနှစ်ဟာ နှစ် ၂၀၀ ရာပြည့်နှစ်အဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ နောက်ဧပြီမှာ ကျင်းပမယ့် အထွေထွေညီလာခံဟာ ယခင်ညီလာခံနဲ့ ကွဲပြားမှာဖြစ်ပါတယ်။ နောက်ခြောက်လမှာ၊ အသင်းသားတိုင်းနဲ့ မိသားစုတိုင်းဟာ ပြန်လည်ဆောင်ယူထားတဲ့ဧဝံဂေလိတရားတော်၏ အုတ်မြစ်အမှန်ကို အမှတ်တရကျင်းပမယ့် တစ်မူထူးတဲ့ညီလာခံတစ်ခုအတွက် ပြင်ဆင်ကြမှာ ဖြစ်ပါတယ်။

သင်တို့ဟာ မြတ်ပုလဲကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ ဂျိုးဇက်စမစ်၏ ပထမရူပါရုံအကြောင်း မှတ်တမ်းကို အသစ်တစ်ဖန်ဖတ်ရှုခြင်းအားဖြင့် သင်တို့ရဲ့ ပြင်ဆင်ခြင်းကို အစပြုဖို့ ဆန္ဒရှိနိုင်ကြပါတယ်။ နောက်နှစ်အတွက် ငါ့နောက်သို့လိုက်လော့အစီအစဉ်ရှိ ကျွန်တော်တို့လေ့လာရမယ့် အကြောင်းအရာက မော်မုန်ကျမ်း ဖြစ်ပါတယ်။ သင်ဟာ အခုလိုအရေးကြီးသောမေးခွန်းများကို စဉ်းစားဆင်ခြင်ဖို့ ဆန္ဒရှိကောင်းရှိနိုင်ပါတယ်။ “မော်မုန်ကျမ်းမှ ရရှိထားတဲ့ ကျွန်ုပ်၏အသိဉာဏ်ကို ရုတ်တရက်နှုတ်ယူသွားလျှင်၊ ကျွန်ုပ်၏ဘဝ မည်သို့ ကွဲပြားသွားလိမ့်မည်လဲ” သို့မဟုတ် “ပထမရူပါရုံနောက်က ဖြစ်လာခဲ့တဲ့ အဖြစ်အပျက်များက ကျွန်ုပ်နှင့် ကျွန်ုပ်ချစ်သောသူများအတွက် ကွဲပြားမှုတစ်ခုကို မည်သို့ပြုခဲ့ပါသလဲ” ယခု ရရှိနိုင်လာနေပြီဖြစ်တဲ့ မော်မုန်ကျမ်းဗီဒီယိုများကို သင်တို့ရဲ့ တစ်ဦးချင်းနဲ့ မိသားစုလိုက် လေ့လာရာမှာ ပေါင်းစပ်ရန်လည်း သင်တို့ဆန္ဒရှိနိုင်ကြပါတယ်။

သင်၏ကိုယ်ပိုင် မေးခွန်းတွေကို ရွေးချယ်ပါ။ သင်၏ကိုယ်ပိုင်အစီအစဉ်ကို သတ်မှတ်ပါ။ ပြန်လည်ဆောင်ယူခြင်း၏ အသရေထင်ရှားသောအလင်း၌ သင့်ကိုယ်သင် နှစ်မြှုပ်ပါ။ သင်ပြုလုပ်တာနဲ့အမျှ၊ နောက်ဧပြီအထွေထွေညီလာခံဟာ သတိရဖွယ်ကောင်းရုံမက၊ မေ့မရတဲ့အရာဖြစ်မှာပါ။

ယခုနိဂုံးချုပ်အနေနဲ့၊ သင်တို့အယောက်တိုင်းဟာ ဖြတ်ကျော်နေတဲ့နေ့တိုင်းမှာ ပိုပြီးပျော်ရွှင်လာ၊ ပိုပြီးသန့်ရှင်းလာနိုင်ကြပါစေမည့်အကြောင်း ကျွန်တော့ရဲ့ ချစ်ခြင်းနဲ့ ကျွန်တော့ရဲ့ ကောင်းချီးမင်္ဂလာကို သင်တို့နဲ့အတူ ထားခဲ့ပါတယ်။ ကြားကာလမှာ၊ အသင်းတော်၌ ဗျာဒိတ်တော်ဆက်၍ ရှိတဲ့အကြောင်းနဲ့ “ဘုရားသခင်ရဲ့ ရည်ရွယ်ချက်များ ပြီးမြောက်၍၊ ကြီးမြတ်သော ယေဟောဝါက အမှုတော်ပြီးပြီဟု မိန့်တော်မူတဲ့အထိ ဆက်၍ရှိနေမှာလည်း ဖြစ်ကြောင်း ယုံကြည်စိတ်ချကြပါ”။

ဘုရားသခင်အသက်ရှင်တဲ့အကြောင်း၊ ကျွန်တော့ရဲ့ သက်သေခံချက်နဲ့အတူ သင်တို့အတွက် ကျွန်တော်ရဲ့ချစ်ခြင်းကို ထပ်၍အခိုင်အမာပြုပါတယ်။ ယေရှုဟာ ခရစ်တော်ဖြစ်ပါတယ် ဒီဟာက သူ့ရဲ့အသင်းတော်ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာလည်း သူ့ရဲ့လူမျိုးတွေဖြစ်ကြပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. မောဇိယ ၂-၄၁

  2. ဟေရှာယ ၂:၂၂၉ယေဇကျေလ ၃၇:၁၅-၂၀၊ ၂၆-၂၈ဒံယေလ ၂:၄၄အာမုတ် ၃:၇တမန်တော်ဝတ္ထု ၃:၂၁ဧဖက်ဩဝါဒစာ ၁:၁၀ဗျာဒိတ်ကျမ်း ၁၄:၆

  3. အသင်းတော်၏ဥက္ကဠများ၏သင်ကြားမှုများ၊ ဂျိုးဇက်စမစ်၊ ၁၄၂