“ဝမ်းမြောက်ဖွယ် ပဋိညာဉ်လမ်းကြောင်း၊” လီယာဟိုနာ၊ ဖေ၊ ၂၀၂၆။
လစဉ် လီယာဟိုနာ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၆
ဝမ်းမြောက်ဖွယ်ပဋိညာဉ်လမ်းကြောင်း
ခမည်းတော်နှင့် သားတော်၏ မျက်မှောက်၌ မိသားစုဝင်များအတူတကွ ပေါင်းစည်းခြင်း၏ အံ့သြဖွယ်ကောင်းမှုနှင့် ကြီးကျယ်ခမ်းနားမှုသည် ကျွန်တော့်စိတ်ဝိညာဉ်အား ထူးကဲသောမှင်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးပြီး ကျေးဇူးတင်သောစိတ်နှင့် ကျွန်တော့်ကို ပြည့်ဝစေပါသည်။
အသင်းလူကြီး ပက်ထရစ်ခီးရွန် နှင့် သူ၏ဇနီးသည်၊ ဂျန်နီဖာ
အစ္စရေးနှင့် အဲလိဇဘက် ဟေဗင် ဘားလိုးတို့သည် ၁၈၄၈ ခုနှစ်တွင် နော်ဗူးမြို့၊ အီလီနွိုက်ပြည်နယ်မှ ဆော့လိတ်ခ်ချိုင့်ဝှမ်းသို့ ထွက်ခွာသွားသောအခါ၊ သူတို့သည် နော်ဗူးသုသာန်ငယ်တွင် မြှုပ်နှံထားသော သားငယ်လေးအား ချန်ထားခဲ့ရပါသည်။ ၎င်းတို့၏ ပထမဆုံးကလေးဖြစ်သူ၊ ဂျိမ်းစ် နသန်နီရယ် ဘားလိုးလေးသည်၊ ၁၈၄၁ ခုနှစ် မေလတွင် မွေးဖွားပြီးမကြာမီ ကွယ်လွန်ခဲ့ပါသည်။
ဆော့လိတ်ချိုင့်ဝှမ်းသို့ ထွက်ခွာသွားချိန်တွင်၊ အစ္စရေးနှင့် အဲလိဇဘက်တို့သည် သူတို့သား၏ အုတ်ဂူသို့ နောက်ထပ်လှမ်းမျှော်ကြည့်ရန် ဘယ်သောအခါမှ မျှော်လင့်ခဲ့ကြဟန်မတူပါ။ သို့သော် နှစ်အနည်းငယ်အကြာတွင် အစ္စရေးအား အင်္ဂလန်သို့ သာသနာပြုအမှုတော်ဆောင်ရန် ခေါ်ဆိုခြင်းခံရသည့်အခါ၊ သူသည် အရှေ့ဘက်သို့ ခရီးနှင်ရင်း နော်ဗူးမြို့အား ဖြတ်သန်းသွားခဲ့ပါသည်။ အဲလိဇဘက်၏တောင်းဆိုချက်အရ၊ သူသည် သူတို့သား၏ အုတ်ဂူကိုရှာဖွေရန်နှင့် သူ၏ခန္ဓာအကြွင်းအကျန်များကို မြို့၏အရှေ့ဘက်ရှိ ပင်မသုသာန်သို့ ပြောင်းရွှေ့ရန် လမ်းတွင်ရပ်နားခဲ့ပါသည်။
အောင်မြင်မှုမရသော ရှာဖွေမှုတစ်နေ့ပြီးနောက်၊ အစ္စရေးသည် ဒေသခံသုဘရာဇာထံမှ အကူအညီ တောင်းခံခဲ့ပါသည်။ နောက်တစ်နေ့တွင်၊ သူတို့သည် ဂျိမ်းစ်၏မောင်နှမဝမ်းကွဲ မေရီ၏ဘေးတွင်တည်ရှိသည့်အုတ်ဂူအား တွေ့ရှိခဲ့ကြပါသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ အခေါင်းများသည် ဆွေးမြေ့ပျက်စီးနေခဲ့ကြပါသည်။ ဇနီးထံ ပေးပို့သော စာတွင်၊ အစ္စရေးက “အဲဒါကြောင့် ငါလှည့်ထွက်သွားခဲ့ပြီး အနာဂတ်အချိန်အထိ သူတို့ကို အဲဒီနေရာမှာပဲ ထားခဲ့မယ်လို့ ဆုံးဖြတ်ခဲ့တယ်”ဟု ရေးသားခဲ့ပါသည်။
သူသည် အုတ်ဂူမှ အဝေးသို့မရောက်ခင် အသံတစ်သံကို ကြားခဲ့ရပါသည်။ ထိုအတွေ့အကြုံကို ပြန်လည်အမှတ်ရပြီး၊ သူက ဤကဲ့သို့ရေးသားခဲ့ပါသည်၊ “အဲဒါက ကြားနိုင်လောက်တဲ့အသံ မဟုတ်ပေမဲ့၊ ငါ့စိတ်ထဲမှာ အရမ်းထင်ရှားလွန်းနေလို့ အဲဒါကိုငြင်းဆန်ဖို့မတတ်နိုင်ခဲ့ဘူး၊ ‘အဖေ၊ သားကို ဒီနေရာမှာ မထားခဲ့ပါနဲ့။’” အစ္စရေးသည် အုတ်ဂူသို့ ပြန်သွားပြီး၊ နောက်ဆုံးတွင် သူ၏သားငယ်လေးအား ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါသည်။ “ငါ့စိတ်ထဲမှာ အရင်က မခံစားခဲ့ရဖူးတဲ့ အလွန်ထူးခြားတဲ့ ငြိမ်သက်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ခံစားခဲ့ရတယ်။ … ငါ့ဘဝမှာ ဘယ်တာဝန်ကိုမှ ဒီလောက်ပိုတဲ့အသိစိတ်နဲ့ မလုပ်ဆောင်ခဲ့ဖူးဘူးဆိုတာအထိ ငါပြောနိုင်ပါတယ်။”
၁၈၅၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင်၊ အစ္စရေးဘားလိုးနှင့် သုဘရာဇာတို့သည် ဂျိမ်းစ်နှင့် မေရီတို့၏ အလောင်းများကို နော်ဗူး၏ ပင်မသုသာန်သို့ ပြောင်းရွှေ့ခဲ့ပြီး၊ ထိုနေရာကို “အုတ်ဂူများ၏ခေါင်းရင်းနှင့် ခြေရင်းတွင် ကျောက်တုံးများ” ထားကာ အမှတ်အသားပြုခဲ့ပါသည်။
အစ္စရေးသည် အဲလိဇဘက်အား ဤသို့ပြောခဲ့ပါသည်၊ သူသည် ဂူဘေးတွင် နေနေစဉ်၊ “ပထမထမြောက်ခြင်းရဲ့ နံနက်ယံမှာ [ဂျိမ်းစ်]နဲ့အတူထွက်ပေါ်လာအောင် ငါ့ကို ထိုက်တန်သူအဖြစ်သတ်မှတ်ခံရဖို့၊ ငါကိုယ်တိုင်နဲ့ ငါပိုင်ဆိုင်တယ်လို့ဆိုနိုင်သမျှအရာအားလုံးကို ကိုယ်တော်ရှင်ရဲ့လက်တော်ထဲ ဆက်ကပ်လိုတဲ့ဆန္ဒ ခံစားခဲ့ရတယ်။”
သန့်ရှင်းမွန်မြတ်သော ပဋိညာဉ်များအား စောင့်ထိန်းခြင်းနှင့်ပူးတွဲလျက် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အပေါ် အစ္စရေး၏ဆက်ကပ်အပ်နှံမှုသည်၊ ခရစ်တော်အား ကောင်းချီးများအားလုံးထဲမှ အကြီးမြတ်ဆုံးဖြစ်သည့်—ထာဝရအသက်—ကို သူ့အတွက်၊ သူ၏ ဘိုးဘွားများအတွက်နှင့် သူ၏သားစဉ်မြေးဆက်များအတွက် ဖြစ်မြောက်အောင် ပြုလုပ်စေခဲ့ပါသည်။
ကျွန်တော်တို့ အားလုံးအတွက်လည်း ထိုနည်းတူစွာပင် မှန်ကန်ပါသည်။
ဂျယ်ရီဂါးစ်၏ဓာတ်ပုံ၊ အသင်းတော်အသုံးပြုမှုအတွက်သာ ကူးယူခွင့်ပြုသည်
သန့်ရှင်းမွန်မြတ်သောကတိတော်များ
ကျွန်တော်တို့၏ ကောင်းကင်ဘုံရှင်အဘနှင့် သူ၏သားတော်၊ ယေရှုခရစ်တော်တို့သည် ကျွန်တော်တို့ တစ်ဦးချင်းစီအား ကျွန်တော်တို့ မှန်းဆနိုင်သည့်အရာအားလုံးထက်ကျော်လွန်၍ ချစ်မြတ်နိုးတော်မူပါသည်။ ထာဝရဘုရား၏အိမ်တော်အတွင်းနှင့် ဗတ္တိဇံ၌ ကျွန်တော်တို့အား ပေးအပ်သော ပဋိညာဉ်များနှင့် ဆက်စပ်သည့် ကတိထားတော်မူသည့်ကောင်းချီးများမှတစ်ဆင့် ၎င်းတို့၏ချစ်ခြင်းမေတ္တာကို ပိုမိုထင်ရှားစေသည့်နေရာ အခြားမရှိပါ။
“ဗျာဒိတ်ဖွင့်ပြထားတဲ့ဘာသာတရားရဲ့ အရေးအကြီးဆုံး အယူအဆတွေထဲကတစ်ခုကတော့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်ဆိုင်ရာ အယူအဆဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင် (၁၉၂၄-၂၀၂၅) က သွန်သင်ခဲ့ပါသည်။ “ဥပဒေအခေါ်အဝေါ်အရ၊ ပဋိညာဉ်ဆိုတာ အများအားဖြင့် နှစ်ဦး သို့မဟုတ် အဲ့ထက်ပိုတဲ့ အုပ်စုများအကြား သဘောတူညီချက်ကို ရည်ညွှန်းပါတယ်။ သို့သော် ဘာသာရေးဆိုင်ရာ နယ်ပယ်မှာ၊ ပဋိညာဉ်က များစွာပိုမို အရေးကြီးပါတယ်။ အဲဒါက ဘုရားသခင်နဲ့ပြုတဲ့သန့်ရှင်းမွန်မြတ်တဲ့ ကတိတော်တစ်ခုဖြစ်ပါတယ်။”
ကျွန်တော်တို့ ပြုလုပ်ပြီးစောင့်ထိန်းသည့် သန့်ရှင်းမွန်မြတ်သော ကတိတော်တိုင်းသည် ကျွန်တော်တို့ကို ကောင်းချီးပေးပါသည်။ ကောင်းကင်ဘုံရှင်အဘနှင့် ကျွန်တော်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်သည် ကျွန်တော်တို့အား သူတို့နှင့် ပိုမိုနီးကပ်စွာ ရှိစေလိုတော်မူပါသည်။ သူတို့သည် ကျွန်တော်တို့အား ယုံကြည်မှုနှင့် နားလည်မှုတွင် သင်ယူပြီးတိုးတက်စေရန် ကူညီလိုတော်မူပါသည်။ သူတို့သည် ကျွန်တော်တို့အား ကောင်းကင်ဘုံမှတန်ခိုးတော်ဖြင့် အပ်နှင်းလိုတော်မူပါသည်။ သူတို့သည် ကျွန်တော်တို့အား ထိုကဲ့သို့ကောင်းချီးများ ရှာရခက်နေဆဲ ကမ္ဘာလောက၌ အနာငြိမ်းခြင်းနှင့် ငြိမ်သက်ခြင်းကို ရှာဖွေတွေ့ရှိစေလိုတော်မူပါသည်။ သူတို့သည် ကျွန်တော်တို့အား ဤဘဝနှင့်လာမည့်ဘဝ၌ ဝမ်းမြောက်ခြင်းကို ခံစားရစေလိုတော်မူပါသည်။ ဤစုံလင်သော ချစ်ခြင်းမေတ္တာမှ စီးဆင်းလာပြီး၊ သူတို့သည် ကျွန်တော်တို့အား သူတို့နှင့် ပဋိညာဉ်နှောင်ကြိုးအတွင်းသို့ ဝင်ရောက်ရန်အခွင့်အရေးပေးပါသည်။ ကျွန်တော်တို့တွင် ပွဲတော်မင်္ဂလာအစည်းအဝေးအတွင်း အပတ်စဉ် ထိုပဋိညာဉ်များကို ပြန်လည်ကတိကဝတ်ပြုနိုင်သော ကောင်းချီးရှိကြပါသည်။
ကျွန်တော်တို့အတွက် နာကျင်ခံစား၊ အသွေးတော်သွန်းလောင်းပြီး အသေခံတော်မူသော—ကိုယ်တော်၏အပြစ်ဖြေခြင်းဆုကျေးဇူးအားဖြင့် ကျွန်တော်တို့အတွက်ပြသသည့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့်ကိုယ်တော်အား အောက်မေ့ခြင်း၊ ယေရှုခရစ်တော်၏နာမတော်အား ကျွန်တော်တို့အပေါ်၌ခံယူခြင်း၏ ဝမ်းမြောက်ဖွယ် ကောင်းချီးမင်္ဂလာရှိသောကြောင့် ကျွန်တော်တို့သည် ကျေးဇူးတင်သောစိတ်ဖြင့် ပွဲတော်မင်္ဂလာကို သုံးဆောင်ကြပါသည်။ ပွဲတော်မင်္ဂလာသည်လည်း ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းရန်၊ ကျွန်တော်တို့၏ပဋိညာဉ်များကို ပြန်လည်သစ်လွင်စေရန်နှင့် ပဋိညာဉ်အသစ်ပြုလုပ်ရန် ကျွန်တော်တို့၏လိုလားမှုကို ပြသနိုင်သည့် အပတ်စဉ်အခွင့်အရေးဖြင့် ကျွန်တော်တို့ကို ကောင်းချီးပေးပါသည် (ရှု သြဝါဒနှင့်ပဋိညာဉ်များ ၂၀:၇၇၊ ၇၉)။
“မကြာခဏ၊ ကျွန်တော်ကြားရတာက ဗတ္တိဇံမှာပြုလုပ်ခဲ့တဲ့ပဋိညာဉ်တွေကို ပြန်လည်သစ်လွင်စေဖို့ ကျွန်တော်တို့က ပွဲတော်မင်္ဂလာကို သုံးဆောင်တယ်ဆိုတဲ့ ထုတ်ဖော်ပြသမှုဖြစ်ပါတယ်။ အဲဒါက မှန်ပေမယ့်လည်း၊ အဲထက်မက ပိုပါတယ်” ဟု ဥက္ကဋ္ဌ နယ်လ်ဆင်က ဆိုခဲ့ပါသည်။ “ကျွန်တော်က ပဋိညာဉ်အသစ်ပြုလုပ်ခဲ့ပါတယ်။ သင်ကလည်း ပဋိညာဉ်အသစ်များ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ … အခု အပြန်အလှန်အနေနဲ့ ကိုယ်တော်ရဲ့ဝိညာဉ်တော်က ကျွန်တော်တို့နဲ့အစဉ်အမြဲရှိနေလိမ့်မယ်လို့ [ကိုယ်တော်ရှင်]က ကြေညာပါတယ်။ တကယ့်ကောင်းချီးမင်္ဂလာပါပဲ။”
ကျွန်တော်တို့သည် နောင်တရပြီး စင်ကြယ်သောစိတ်နှလုံးဖြင့် ပွဲတော်ကို သုံးဆောင်သောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိပြီး “ကျွန်တော်တို့သည် ဗတ္တိဇံကိုတဖန်ပြန်ခံသလို အပြစ်မှ သန့်စင်ခြင်း ခံကြရပါတယ်။ ဒါက ကျွန်တော်တို့အယောက်ချင်းစီတိုင်းကို ယေရှုပေးတဲ့ မျှော်လင့်ခြင်းနဲ့ ကရုဏာဖြစ်ပါတယ်။”
ခရစ်တော်၏ ရွေးနုတ်သောချစ်ခြင်းမေတ္တာအားဖြင့် နောင်တရပြီး ခွင့်လွှတ်ခံရခြင်းသည် မည်မျှပင် ဝမ်းမြောက်ဖွယ်ကောင်းပါသနည်း။
ဂျန်နီဖာ ရိုစ့် မက်ဒီ ၏ နော်ဗူး အီလီနွိုက်ဗိမာန်တော် ဓာတ်ပုံ
ကိုယ်တော်၏ဝမ်းမြောက်ဖွယ်အိမ်တော်
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ဥက္ကဋ္ဌဖြစ်လာပြီးနောက်၊ ဥက္ကဋ္ဌနယ်လ်ဆင်သည် အသင်းတော်၏ဥက္ကဋ္ဌအဖြစ် သူ၏ပထမဆုံးလူထုအတွက်သတင်းစကားတွင် စတင်ကာ၊ ပဋိညာဉ်လမ်းကြောင်းအကြောင်း မကြာခဏ ပြောဆိုခဲ့ပါသည်။ နောက်ပိုင်းအခမ်းအနားတစ်ခုတွင်၊ ကျွန်တော်တို့သည် “နောင်တရခြင်းနှင့် ရေဖြင့်ဗတ္တိဇံခံခြင်း” (၂ နီဖိုင်း ၃၁:၁၇) အားဖြင့် ထိုလမ်းကြောင်းသို့ ဝင်ရောက်ကြပြီး၊ “အဲဒီနောက် ကျွန်တော်တို့ဟာ ဗိမာန်တော်မှာ အဲဒီလမ်းကြောင်းထဲကို အပြည့်အဝ ဝင်ရောက်ကြပါတယ်” ဟု သူကဆိုခဲ့ပါသည်။
ပွဲတော်မင်္ဂလာသုံးဆောင်ခြင်းသည် ကျွန်တော်တို့၏ပဋိညာဉ်များနှင့် ၎င်းတို့နှင့်အတူပါရှိသော ကောင်းချီးမင်္ဂလာများကို ကျွန်တော်တို့အား သတိရစေသကဲ့သို့၊ ဗိမာန်တော်၌ ကိုယ်စားအမှုတော်ဆောင်ရွက်ခြင်းသည်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကွယ်လွန်သူများအတွက် ကိုယ်စားဘိသိက်မင်္ဂလာများ ဆောင်ရွက်သည့်အခါ၊ ကျွန်တော်တို့သည် မိမိတို့ပြုလုပ်ထားသော သန့်ရှင်းမွန်မြတ်သည့်ကတိများနှင့် ကျွန်တော်တို့ရရှိလာမည့် ကတိထားသောကောင်းချီးမင်္ဂလာများကို အောက်မေ့ကြပါသည်။
ပဋိညာဉ်လမ်းကြောင်းမှတစ်ဆင့်၊ ကျွန်တော်တို့သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ၎င်းတို့၏သားစဉ်မြေးဆက်များအား ကတိပြုခဲ့သော ကောင်းချီးမင်္ဂလာများအားလုံး၏ အမွေခံများ ဖြစ်လာကြပါသည်။ ထိုကတိထားသော ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် လွယ်ကူသောအသက်တာများ မရှိခဲ့ကြသကဲ့သို့ ကျွန်တော်တို့တွင်လည်း မရှိကြပါ။ သူတို့ကဲ့သို့ပင်၊ ကျွန်တော်တို့သည် “ခပ်သိမ်းသောအရာတို့၌ အစမ်းသပ်ခံကြရ”စဉ် (သြဝါဒနှင့်ပဋိညာဉ်များ ၁၃၆:၃၁၊ လည်းရှု ၁၀၁:၄–၅) ဒုက္ခ၊ ဆုံးမခြင်းနှင့် ဆုံးရှုံးမှုများကို ရင်ဆိုင်ကြရပါသည်။ သို့သော် ရှေးခေတ်ပရောဖက်များနှင့် ဖြောင့်မတ်သောသန့်ရှင်းသူများကဲ့သို့ပင်၊ ကျွန်တော်တို့သည် မည်သူ့ကိုကိုးစားနိုင်ကြောင်း သိရှိကြပါသည် (ရှု ၂ နီဖိုင်း ၄:၁၉)။
ကျွန်တော်တို့၏ သေခြင်းရှိရာဘဝသည် ကျွန်တော်တို့၏ဖြစ်တည်မှုအတွင်း ကာလတိုတစ်ခုသာဖြစ်သော်လည်း၊ ထိုကာလတိုသည်—တစ်ခါတစ်ရံ အလွန်ခက်ခဲပြီး—ထာဝရအရေးပါမှု ရှိပါသည်။ ဟုတ်ပါသည်၊ ကျွန်တော်တို့၏ ကောင်းကင်ဘုံရှင်အဘသည် ကျွန်တော်တို့ကို သင်ယူပြီးတိုးတက်စေလိုတော်မူပါသည်။ ထို့အပြင်၊ ဟုတ်ပါသည်၊ ထိုတိုးတက်မှုသည် တစ်ခါတစ်ရံ စိတ်ပျက်မှုနှင့် ဆင်းရဲဒုက္ခတို့ ပါဝင်နိုင်ပါသည်။ သို့ရာတွင် ကိုယ်တော်သည် ကျွန်တော်တို့၏အသက်တာများကို လှပပြီး မျှော်လင့်ချက်ရှိစေလိုတော်မူပါသည်။ ထိုရည်ရွယ်ချက်နှင့် ကိုယ်တော့်ထံသို့ ပြန်သွားရာကျွန်တော်တို့၏ခရီးကို လွယ်ကူစေရန်အတွက်၊ ကိုယ်တော်သည် ကယ်တင်ရှင်တစ်ပါးကို ပံ့ပိုးပေးထားပါသည်၊ ၎င်းသည် သူ၏ခမည်းတော်နှင့် ကျွန်တော်တို့ချုပ်ဆိုသော ပဋိညာဉ်များ၏ “အာမခံသူ” ဖြစ်ပါသည်။ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ ခမည်းတော်သည် ဗိမာန်တော်၌ သူ၏သားသမီးများထံပြုခဲ့သောကတိတော်များကို ပြည့်စုံစေပါသည်။
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် အပြစ်ဖြေပေးဆပ်မှုအားဖြင့်၊ ကျွန်တော်တို့၏ကယ်တင်ရှင်သည် ဘဝတွင် ကျွန်တော်တို့ကြုံတွေ့ရမည့် အရာတိုင်းကို ကိုင်တွယ်ဖြေရှင်းပြီး ကုစားပေးခဲ့ပါသည်။ ထို့အပြင် ကိုယ်တော်၏သန့်ရှင်းသောအိမ်တော်—ကိုယ်တော်၏ဝမ်းမြောက်ဖွယ်အိမ်တော်ကြောင့်—ဒုက္ခဆင်းရဲရှိသော်လည်း အရာခပ်သိမ်းသည် ကောင်းမွန်လာပါလိမ့်မည်။ ပဋိညာဉ်စောင့်ထိန်းခြင်း၏ ဆေးတစ်လက်သည် ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ ပူဆွေးခြင်းနှင့် စိတ်ပျက်ခြင်းတို့ကို ဖယ်ရှားပေးပါသည်။ ကျွန်တော်တို့သည် စိုးရိမ်စရာ သို့မဟုတ် ကြောက်ရွံ့စရာ မလိုပါ။ ယင်းအစား၊ ကျွန်တော်တို့၏ ရွေးနုတ်ခြင်းအဖိုးအခကို ပေးဆပ်ပြီးဖြစ်ကြောင်း (ရှု ၁ ကောရိန္သု ၆:၂၀)နှင့် ထာဝရအသက်သို့ ဦးတည်သော ပဋိညာဉ်လမ်းကြောင်းကို ခင်းကျင်းပေးထားပြီးဖြစ်သောကြောင့် ကျွန်တော်တို့ဝမ်းမြောက်နိုင်ကြပါသည်။
ပဋိညာဉ်လမ်းကြောင်းသည် ရွေးနုတ်တော်မူသောချစ်ခြင်းမေတ္တာ၏လမ်းကြောင်း ဧကန်အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဗိမာန်တော်၌ ကျွန်တော်တို့ပြုသည့် ပဋိညာဉ်များကိုစောင့်ထိန်းကြသောအခါ၊ ကျွန်တော်တို့သည် ပိုမိုကြီးမားသောတန်ခိုး၊ ပိုမိုကြီးမားသောချစ်ခြင်းမေတ္တာ၊ ပိုမိုကြီးမားသောကရုဏာ၊ ပိုမိုကြီးမားသောနားလည်မှုနှင့် ပိုမိုကြီးမားသောမျှော်လင့်ခြင်း ကောင်းချီးမင်္ဂလာများကို လက်ခံရရှိကြပါသည်။ ထာဝရခပ်သိမ်းအတွက် ချစ်ခြင်းမေတ္တာ၌မိသားစုဝင်များအတူတကွ ပေါင်းစည်းခြင်း၏—ဗိမာန်တော်တံဆိပ်ခတ်ခြင်းများ၏ အံ့သြဖွယ်ကောင်းမှုနှင့်ကြီးကျယ်ခမ်းနားမှုသည်—ကျွန်တော့်စိတ်ဝိညာဉ်အား ထူးကဲသောမှင်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးပြီး ကျေးဇူးတင်သောစိတ်နှင့် ကျွန်တော့်ကိုပြည့်ဝစေပါသည်။
“သင့်ဘဝမှာ အဘယ်သို့သော ကသောင်းကနင်းအမှုတွေဖြစ်ပေါ်တဲ့အခါတိုင်းမှာ၊ ဝိညာဉ်ပကတိ ဖြစ်ဖို့ ဘေးအကင်းဆုံးနေရာက သင့်ရဲ့ဗိမာန်တော်ပဋိညာဉ်တွေထဲမှာ နေထိုင်ခြင်းဖြစ်ပါတယ်။” ဥက္ကဋ္ဌနယ်လ်ဆင်မှ အကြံပြုထားပါသည်။ ကျွန်တော်၏ ကိုယ်ပိုင် ချိုမြိန်ပြီးတစ်ခါတစ်ရံခါးသက်သော သေခြင်းရှိရာဘဝအတွေ့အကြုံများမှ ထိုစကားများ၏ မှန်ကန်မှုကို ကျွန်တော်သိရှိပါသည်။
အစ္စရေးနှင့် အဲလိဇဘက် ဘားလိုး၏ ပထမဆုံးကလေးဖြစ်သည့် ဂျိမ်းစ် နသန်နီရယ် ဘားလိုးသည် ၁၈၄၁ ခုနှစ် မေလတွင် မွေးဖွားပြီးမကြာမီ ကွယ်လွန်ခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်၊ လိုဂန် ယုတဗိမာန်တော်၌ သူ့ကို သူ၏မိဘများထံ ကိုယ်စားတံဆိပ်ခတ်ခြင်းပြုခဲ့ပါသည်။
အယ်လင် ဂါးစ်၏ သရုပ်ဖော်ပုံ
သူတို့အားအိမ်တော်သို့စုရုံးကြလော့
အစ္စရေး ဘားလိုးသည် သူ၏သားငယ်လေးအား နောက်ဆုံးနှုတ်ဆက်ပြီးနောက်၊ ဇနီးထံ စာရေးသားခဲ့ပါသည်၊ “ဘဝမှာ [ဂျိမ်းစ်ရဲ့] အုတ်ဂူဆီ နောက်ထပ်ဘယ်တော့မှမပြန်နိုင်တော့ဘဲ၊ ကိုယ်တိုင်ဝေးရာကို ထွက်ခွာသွားမယ့်အတွေးတွေက၊ ငါသယ်ဆောင်ခဲ့တဲ့ ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံးကြိုးမျှင်ကို ညှစ်ထုတ်သွားစေခဲ့ပြီး သူ့ရဲ့အုတ်ဂူပေါ်မှာ မျက်ရည်တွေနဲ့ ပြတ်တောက်သွားခဲ့တဲ့အထိပါပဲ။”
၁၈၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မျက်ရည်များ ပိုမိုကျဆင်းခဲ့ပါသည်—ဤတစ်ကြိမ်တွင်မူ ဝမ်းမြောက်ခြင်းမျက်ရည်များ—ဟု ကျွန်တော်မှန်းဆမိပါသည်။ ထိုနေ့တွင်၊ ဂျိမ်းစ် နသန်နီရယ် ဘားလိုးလေးအား လိုဂန်ယုတဗိမာန်တော်၌ သူ၏မိဘများထံ တံဆိပ်ခတ်ခြင်းပြုခဲ့ပါသည်။ ထိုအချိန်တွင်၊ အစ္စရေးသည် ကွယ်လွန်သွားပြီဖြစ်သောကြောင့်၊ အခြားသူများသည် သူနှင့် ဂျိမ်းစ်အတွက် ကိုယ်စားရပ်တည်ခဲ့ကြပါသည်။
ညီအစ်မခီးရွန်နှင့် ကျွန်တော်သည် အစ္စရေးနှင့် အဲလိဇဘက်တို့အတွက် အထူးခံစားနားလည်မှုနှင့် ကြီးမားသော ကရုဏာရှိကြပါသည်။ ကျွန်တော်တို့၏ ပထမဆုံးကလေးဖြစ်သူ၊ ရှောင်န် အမည်ရှိသောသားလေးသည်၊ အသက်သုံးပတ်သားအရွယ်တွင် နှလုံးခွဲစိတ်မှုအတွင်း ကွယ်လွန်ခဲ့ပါသည်။ ဤသည်မှာ ကျွန်တော်တို့အတွက် ကမ္ဘာပြိုကျလောက်သည့်အထိ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ ထိုအချိန်က၊ ကျွန်တော်တို့သည် အသက်ရှင်ကျန်ရစ်နိုင်ကြပါ့မလားဟု တွေးတောခဲ့ကြပါသည်။ ကျွန်တော်တို့သည် သူ့အား အင်္ဂလန်ရှိ နာကျင်ဖွယ်ရာ သေးငယ်သောအုတ်ဂူတစ်ခုတွင် မြှုပ်နှံခဲ့ကြပါသည်။ ဆယ့်ငါးနှစ်အကြာတွင်၊ အသင်းတော်၌ အချိန်ပြည့်အမှုတော်ထမ်းဆောင်ရန် ကျွန်တော်တို့၏မိသားစုအား အင်္ဂလန်ရှိ ကျွန်တော်တို့၏အိမ်မှ ပြောင်းရွှေ့ရန်တောင်းဆိုခံခဲ့ရပြီး၊ ထိုအုတ်ဂူလေးကို ကျွန်တော်တို့ချန်ထားခဲ့ပါသည်။
ကျွန်တော်တို့ အနောက်ဘက်သို့ ခရီးနှင်စဉ် ကျွန်တော်တို့၏ကလေးငယ်ကို မဆုံးရှုံးခဲ့ပါ၊ ဘားလိုးတို့၏ နားလည်ရန် ခဲယဉ်းလှသော ဆင်းရဲဒုက္ခများကိုလည်း ကျွန်တော်တို့မခံစားခဲ့ရပါ၊ သို့သော် သူတို့ကြုံတွေ့ခဲ့ရသည်များကို ကျွန်တော်တို့ စတင်နားလည်လာကြပါသည်။ ကျွန်တော်တို့သားငယ်လေး၏အုတ်ဂူသည် အလွန်ဝေးကွာသော်လည်း၊ ဘားလိုးတို့ကဲ့သို့ပင်၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောတံဆိပ်ခတ်ခြင်းပဋိညာဉ်အားဖြင့် ကျွန်တော်တို့မိသားစု၏ထာဝရသဘောသဘာဝအပေါ် တည်မြဲသောယုံကြည်ခြင်း ရှိကြပါသည်။
ကျွန်တော်တို့အားလုံးတွင် “ငါ့ကို ဒီနေရာမှာ မထားခဲ့ပါနဲ့” ဟု ကျွန်တော်တို့အား ပြောနေသော ဘိုးဘေးများနှင့် အခြားဘဝကူးသွားသည့်ချစ်ရသူများ ရှိကြပါသည်။ ဗိမာန်တော်ပဋိညာဉ်များကြောင့်၊ မည်သူကိုမျှ နောက်တွင် ချန်ထားခဲ့ရန် မလိုအပ်ပါ။ ကျွန်တော်တို့၏တာဝန်မှာ သူတို့အားချစ်ရန်၊ သူတို့အား အစေခံရန်နှင့် သူတို့အား အိမ်တော်သို့စုရုံးရန် ဖြစ်ပါသည်။
ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘသည် ကျွန်တော်တို့၊ သင်နှင့် ကျွန်တော့်အား ချစ်မြတ်နိုးတော်မူပါသည်။ ကိုယ်တော်သည် ကျွန်တော်တို့အား ဗိမာန်တော်များကိုပေးအပ်ခဲ့ပါသည် ထို့ကြောင့် “မြေကြီးပေါ်၌ [ကျွန်ုပ်တို့] စည်းနှောင်သမျှသည် ကောင်းကင်ဘုံ၌ စည်းနှောင်လျက်ရှိလိမ့်မည်” (သြဝါဒနှင့်ပဋိညာဉ်များ၁၂၈:၈၊ လည်းရှု ရှင်မဿဲ ၁၈:၁၈)။ ကိုယ်တော်သည် သေခြင်း၏ကြိုးတို့ကိုဖြတ်ရန် သူ၏သားတော်ကိုစေလွှတ်တော်မူခဲ့ပြီး၊ ထာဝရဆက်နွယ်မှုများနှင့် ထာဝရမိသားစုပြန်လည်ပေါင်းစည်းခြင်းများအတွက် လမ်းခင်းပေးတော်မူခဲ့ပါသည်။
ထို့ကြောင့်ပင် ကျွန်တော်တို့တွင် ဘိသိက်မင်္ဂလာများ ရှိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့သည် ပဋိညာဉ်များပြုကြပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့သည် ဗိမာန်တော်များ ဆောက်လုပ်ကြပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့သည် ဘုရားသခင်၏အမှုတော်နှင့်ဘုန်းတော်အတွက် မိမိတို့ကိုယ်ကို ဆက်ကပ်ကြပါသည် (ရှု မောရှေ ၁:၃၉)။ ထို့ကြောင့်ပင် ကျွန်တော်တို့သည် ဝမ်းမြောက်ခြင်းမျက်ရည်များ ကျဆင်းကြပါသည်၊ ထာဝရပြန်လည်ပေါင်းစည်းခြင်းသည် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ချစ်ရသူများအား ခမည်းတော်နှင့်သားတော်မျက်မှောက်တော်၌ စောင့်မျှော်နေကြောင်း သိရှိကြပါသည်။
ကျွန်တော်တို့သည် ကျွန်တော်တို့၏ပဋိညာဉ်များကို စောင့်ထိန်းပြီး ကိုယ်တော်ရှင်၏ ဘုန်းထင်ရှားသော ကယ်တင်ခြင်းအမှုတော်၌ ပါဝင်သည့်အခါ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ရှာတွေ့နိုင်ကြပါစေသတည်း။
©၂၀၂၆ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, February 2026 ၏ဘာသာပြန်။ Burmese. 19933 256