“ယေရှုခရစ်တော်က ကျွန်တော်တို့ကို ပွဲတော်သုံးဆောင်ရန် မိန့်တော်မူခဲ့ပါတယ်၊” Liahona,မတ် ၂၀၂၁
လစဉ် Liahona အမှာစကား၊ မတ် ၂၀၂၁
ယေရှုခရစ်တော်က ကျွန်တော်တို့ကို ပွဲတော်သုံးဆောင်ရန် မိန့်တော်မူခဲ့ပါတယ်
ကျွန်တော်တို့ဟာ သီတင်းပတ်တိုင်းမှာ ကယ်တင်ရှင်ကို အောက်မေ့ကြတဲ့အခါ သန့်ရှင်းစင်ကြယ်စေခြင်းနဲ့ အနာငြိမ်းစေခြင်းကို ခံကြရပါတယ်။
ကားလ် ဟိန်းရစ် ဘလော့ခ်ျ၏ နောက်ဆုံးညနေစာ
ယေရှုခရစ်တော်ဟာ မသေခင်မှာ၊ နောက်ဆုံးညနေစာလို့ခေါ်တဲ့ အစားအစာကို စားခဲ့ပါတယ်။ ဒီအစားအစာစားပြီးတဲ့အခါမှာ၊ သူ့နောက်လိုက်တွေအတွက် ပွဲတော်ကို စတင်ခဲ့ပါတယ်။ မုန့်ကိုဖဲ့ပြီး ကောင်းချီးပေးခဲ့ပါတယ်။ “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့၊” ဟု မိန့်တော်မူခဲ့ပါတယ် (လုကာ ၂၂း၁၉)။ အဲဒီနောက် စပျစ်ရည်တစ်ခွက်ကို ကောင်းချီးပေးပြီးဝေငှခဲ့ပါတယ်။
အပတ်စဉ်ကိုးကွယ်ခြင်း၏တစ်စိတ်တစ်ပိုင်း
ယေရှုခရစ်တော်၏အသင်းတော်ကို မြေကြီပေါ်သို့ ပြန်လည်ဆောင်ယူတဲ့အခါ၊ ပွဲတော်ဟာ အပတ်စဉ်ကိုးကွယ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်။ အသင်းတော်အချိန်အတွင်းမှာ၊ ပွဲတော်ကို ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်ထားသော သူတို့က ကောင်းချီးပေး၍ ဝေငှကြပါတယ်။ သူတို့ဟာ ကျမ်းစာထဲက စကားလုံးတွေကို သုံးပြီးဆုတောင်းကြပါတယ် (မော်ရိုနိုင်း ၄၊ ၅တွင်ကြည့်ပါ)။ အဲဒီနောက် ပရိတ်သတ်ထဲက လူတိုင်းဟာ ယေရှုခရစ်တော်၊ ပြီးတော့ ကျွန်တော်တို့အတွက် သူ့ရဲ့ယဇ်ကို အောက်မေ့ကြဖို့ မုန့်ကိုစား၊ ရေကိုလည်းသောက်ကြပါတယ်၊ ကျွန်တော်တို့ကို သူခိုင်းတဲ့ အတိုင်းပါပဲ။
အိန်ဂျယ်လာ ဆုတာ၏ ဓာတ်ပုံ
သုံးဆောင်ရန်ပြင်ဆင်ခြင်း
ပွဲတော်ကို သုံးဆောင်ရန် အဆင်သင့်ဖြစ်စေဖို့၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘဝတွေနဲ့ ရွေးချယ်မှုတွေအကြောင်းကို ရိုးသားစွာ စဉ်းစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခွင့်လွှတ်ခြင်းအတွက် ဘုရားသခင်ဆီတောင်းပန်ခြင်းအပါအဝင်၊ လွန်ခဲ့တဲ့သီတင်းပတ်က အမှားတွေနဲ့ အပြစ်တွေကနေ နောင်တရကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပွဲတော်သုံးဆောင်ဖို့ စုံလင်စရာမလိုပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့နှလုံးသားတွေမှာ နှိမ့်ချရမှာ ဖြစ်ပါတယ်။
ဒယ်လ် ပါဆန်၏ ဂေသရှေမန်မှ ဆုတောင်း
မုန့်နှင့်ရေဆိုတာထက် အဓိပ္ပာယ်ပိုရှိပါတယ်
ပွဲတော်သုံးဆောင်ခြင်းဟာ သန့်ရှင်းမွန်မြတ်သော၊ သန့်ရှင်းသောအချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပေါင်မုန့်နဲ့ရေကို သုံးဆောင်တဲ့အခါ၊ ကျွန်တော်တို့အတွက် ယေရှုခရစ်တော်ပေးခဲ့တဲ့ ခန္ဓာကိုယ်နဲ့ အသွေးကို အောက်မေ့လျက်ရှိကြကြောင်း ပွဲတော်ဆုတောင်းခြင်းများက ကျွန်တော်တို့ကို သတိပေးပါတယ်။ ကျွန်တော်တို့ဟာ သူ့နောက်ကို လိုက်လျှောက်ရန်နဲ့ ခရစ်ယာန်အသက်တာနဲ့ အသက်ရှင်ရန် ကတိပေးကြပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းရန် ကတိပေးကြပါတယ်။ အပြန်အလှန်အနေနဲ့ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို နှစ်သိမ့်မှာ၊ လမ်းညွှန်မှာ၊ ပြီးတော့ အနာငြိမ်းစေမှာဖြစ်ပါတယ်။
ပဋိညာဉ်များပြန်၍တည်ဆောက်ခြင်း
ကျွန်တော်တို့ဗတ္တိဇံခံပြီးတဲ့သူတွေဟာ စင်ကြယ်သောစိတ်နှလုံးနဲ့ ပွဲတော်သုံးဆောင်တဲ့အခါ၊ ဗတ္တိဇံမှာ ကျွန်တော်တို့ပြုခဲ့တဲ့ ပဋိညာဉ်တွေကို ပြန်၍တည်ဆောက်ကြပါတယ်။ ဤအရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းနဲ့ ကျွန်တော်တို့တစ်ဖန် ဗတ္တိဇံခံသကဲ့သို့ပင် အပြစ်မှ သန့်ရှင်းစေခြင်းတို့ပါဝင်ပါတယ်။ ဒါက ကျွန်တော်တို့အယောက်တိုင်းကို ယေရှုခရစ်တော်ပေးတဲ့ မျှော်လင့်ခြင်းနဲ့ ကရုဏာဖြစ်ပါတယ်။ နောင်တရဖို့နဲ့ ခွင့်လွှတ်ခံရဖို့ဆိုတာ ဘယ်တော့မှ အလွန်နောက်မကျပါဘူး။
ဂယ်ရီ အယ်လ်၊ ကက်ပ်၏ သင်တို့ ငါ့ကို အစဉ်အမြဲအောက်မေ့ကြောင်း၊ ကူးယူခွင့်မရှိပါ
ပွဲတော်အကြောင်း ကျမ်းစာများက မည်သို့ရှင်းပြပါသနည်း။
ကျွန်တော်တို့ဟာ ပွဲတော်မသုံးဆောင်မီမှာ အတွင်းစိတ်ကို ရိုးသားစွာကြည့်၍ ကျွန်တော်ကိုယ်ကျွန်တော်တို့ ဝိညာဉ်ပကတိမှာ စစ်ဆေးရမှာဖြစ်ပါတယ် (ကောရိန္သုဩဝါဒစာ ပထမစောင် ၁၁း၂၈ တွင်ကြည့်ပါ)။
ယေရှုဟာ ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ၊ အမေရိကမှာရှိတဲ့ သူ့လူမျိုးတွေကို ပွဲတော်ကို မည်သို့သုံးဆောင်ရမည့်အကြောင်းဖော်ပြခဲ့ပါတယ် (၃ နီဖိုင်း ၁၈ တွင်ကြည့်ပါ)။
ယခုခေတ်ပရောဖက်တွေက ကျွန်တော်တို့ကို ပေါင်မုန့်နဲ့ရေကို ပွဲတော်အဖြစ်သုံးဆောင်ဖို့ပြောပြခဲ့ပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့ စားတဲ့၊ သောက်တဲ့အရာက တကယ်အရေးမကြီးပါဘူး (ဩဝါဒနှင့်ပဋိညာဉ်များ ၂၇း၂တွင်ကြည့်ပါ)။ တစ်ခါတစ်ရံမှာ ဓာတ်မတည့်တဲ့သူတွေအတွက်ဆိုရင် ပေါင်မုန့်နဲ့တူတဲ့အရာမျိုးကို အသုံးပြုဖို့ လိုအပ်ပါတယ်။
© 2021 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ထောက်ခံချက် ၆/၁၉. Monthly Liahona Message, March 2021.၏ဘာသာပြန် Burmese 17464 256
ကားလ် ဟိန်းရစ်ခ်ျဘလော့၏ နောက်ဆုံးညနေစာ၊၊ အိန်းဂျယ်လာ ဆုတာ၏ ဆုတောင်းနေသောအမျိုးသမီးငယ်ဓာတ်ပုံ၊ ဒယ်လ် ပါဆန်၏ ဂေသရှေမန်မှ ဆုတောင်း၊ ဂယ်ရီ အယ်လ်၊ ကက်ပ်၏ သင်တို့ ငါ့ကို အစဉ်အမြဲအောက်မေ့ကြောင်း၊ ကူးယူခွင့်မရှိပါ