လစဉ် လီယာဟိုနာ အမှာစကား၊ မေ ၂၀၂၅
ဘုရားသခင်၏ မျက်မှောက်တော်၌ စိတ်ချယုံကြည်မှု
ကျွန်တော်တို့၏အသက်တာများတွင် မေတ္တာနှင့် ကိုယ်ကျင့်သီလ ပြည့်နေစေရန် လုံ့လဝီရိယထက်သန်စွာ ကျွန်တော်တို့ရှာဖွေကြသည်နှင့်အမျှ၊ ဘုရားသခင်ထံချဉ်းကပ်ရာတွင် ကျွန်တော်တို့၏စိတ်ချယုံကြည်မှု တိုးလာပါလိမ့်မည်။
ချစ်လှစွာသောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဤအရေးကြီးသည့် အထွေထွေညီလာခံတွင် ဒီနေ့ သင်တို့ကို ဟောပြောခွင့်ရသည့်အတွက် ကျွန်တော်ကျေးဇူးတင်မိပါသည်။ ကျွန်တော့်မျက်လုံးတွေ အိုမင်းလာနေပါပြီ။ ကျွန်တော့်သတင်းစကားကို ဟောပြောသည့်အခါ သင်တို့၏နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။
ကျွန်တော်တို့သည် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အရှိန်အဟုန်မြင့်စွာတိုးတက်နေသည့်အချိန်ကာလတွင် ရှင်သန်နေကြပါသည်။ နယ်ပယ်အတော်များများတွင် တိုးတက်မှုများကိုတွေ့ရသည့်အခါ ကျွန်တော့်ကို ဝမ်းမြောက်ခြင်းဖြင့်ပြည့်စေပါသည်။
အထူးသဖြင့် ကျွန်တော်တို့၏လူငယ်များအားဖြင့် ကျွန်တော့်ကိုစိတ်အားထက်သန်စေပါသည်။ သူတို့သည် မြောက်မြားစွာသောအရေအတွက်နှင့် အမှုတော်ထမ်းဆောင်ပေးနေကြပါသည်။ သူတို့သည် သူတို့၏ဘိုးဘေးများကိုရှာဖွေနေကြပြီး ဗိမာန်တော်ထဲတွင် ဘိသိက်မင်္ဂလာများကို ဆောင်ရွက်ပေးနေကြပါသည်။ ကျွန်တော်တို့၏လူငယ်အမျိုးသားများနှင့် အမျိုးသမီးများသည် သာသနာပြုတာဝန်ထမ်းဆောင်ရန်အတွက် စံချိန်တင်အရေအတွက်ဖြင့် လျှောက်လွှာများ တင်နေကြပါသည်။ ကြီးပြင်းလာသောမျိုးဆက်သည် ယေရှုခရစ်တော်၏ရဲရင့်သောနောက်လိုက်များအဖြစ် ကြီးပြင်းလာနေ ကြပါသည်။
မကြာသေးခင်က ကျွန်တော်၏မြစ်မလေးအသစ်တစ်ယောက်နှင့် တွေ့ဆုံခဲ့ပါသည်။ သူမအသက်တာ၌ ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျွန်တော်စဉ်းစားကြည့်သည့်အခါ၊ ယေရှုခရစ်တော်၌ သူမ၏ယုံကြည်ခြင်း တည်ဆောက်ရာတွင် ကူညီပေးရန် ကြီးမားသောဆန္ဒတစ်ခုကို ကျွန်တော် ခံစားမိပါသည်။ သူမ၏အနာဂတ်ပျော်ရွှင်မှုအတွက် ကိုယ်တော်ရှင်၏ဧဝံဂေလိတရားတော်အတိုင်း အသက်ရှင်ခြင်းသည် မုချလိုအပ်ပါသည်။
သူမသည်လည်း၊ ကျွန်တော်တို့အယောက်စီတိုင်းကဲ့သို့၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရပါလိမ့်မည်။ ကျွန်တော်တို့အားလုံးသည် ဖျားနာမှု၊ စိတ်ပျက်မှု၊ သွေးဆောင်မှုနှင့် ဆုံးၡုံးမှုတို့ကို ကြုံတွေ့ရပါလိမ့်မည်။ ဤစိန်ခေါ်ချက်များသည် မိမိကိုယ်ကို စိတ်ချယုံကြည်မှုကို ပျက်ပြားစေနိုင်ပါသည်။ သို့သော်၊ ယေရှုခရစ်တော်၏တပည့်တော်များတွင် မတူကွဲပြားသောစိတ်ချယုံကြည်မှုတစ်မျိုးကို ရရှိနိုင်ကြပါသည်။
ကျွန်တော်တို့ ဘုရားသခင်နှင့် ပဋိညာဉ်များပြုလုပ်၍စောင့်ထိန်းသည့်အခါ၊ ကျွန်တော်တို့၌ ဝိညာဉ်တော်ဖြင့် မွေးဖွားလာသော စိတ်ချယုံကြည်မှုရှိနိုင်ပါသည်။ ကျွန်တော်တို့၏စိတ်ချယုံကြည်မှုသည် “ဘုရားသခင်၏ မျက်မှောက်တော်၌ အားကြီးလာ” နိုင်ကြောင်း ပရောဖက်ဂျိုးဇက်စမစ်အား ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါသည်။ ဘုရားသခင်၏မျက်မှောက်တော်၌ စိတ်ချယုံကြည်မှုရှိခြင်း၏ ကိုယ်စိတ်ချမ်းသာခြင်းကို စဉ်းစားကြည့်ပါ။
ဘုရားသခင်ရှေ့ မှောက်၌ စိတ်ချယုံကြည်မှုရှိခြင်းအကြောင်း ကျွန်တော်ပြောသည့်အခါ၊ ယခုအချိန်ဘုရားသခင်ထံ ချဉ်းကပ်ရာတွင် စိတ်ချယုံကြည်မှုရှိခြင်းကို ကျွန်တော်ရည်ညွှန်းနေခြင်းဖြစ်ပါသည်။ ကောင်းကင်ဘုံရှင်အဘသည် ကျွန်တော်တို့၏လိုအပ်ချက်များကို ကျွန်တော်တို့ထက်ပိုနားလည်ပြီး၊ ကျွန်တော်တို့ကိုနားညောင်းတော်မူကြောင်း စိတ်ချယုံကြည်မှုဖြင့် ဆုတောင်းခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ပါသည်။ ကိုယ်တော်ရှင်က ကောင်းကင်တမန်တော်များကို ကျွန်တော်တို့နှင့်၊ ကျွန်တော်တို့ချစ်ရသောသူများနှင့် အတူရှိရန် စေလွှတ်ပြီး၊ ကျွန်တော်တို့နားလည်နိုင်သည်ထက် ကိုယ်တော်ရှင်က ကျွန်တော်တို့ကို ပို၍ချစ်ကြောင်း စိတ်ချယုံကြည်မှုရှိခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့၏အမြင့်ဆုံးစွမ်းဆောင်နိုင်စွမ်းကိုရောက်ရှိရန် တစ်ဦးချင်းစီတိုင်းကို ကိုယ်တော်ရှင်မှကူညီပေးလိုကြောင်း စိတ်ချယုံကြည်မှုရှိခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ပါသည်။
ယခု၊ ထိုကဲ့သို့စိတ်ချယုံကြည်မှုမျိုးကို ကျွန်တော်တို့ မည်သို့ရရှိနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်က ဤမေးခွန်းအား ဤနှုတ်ကပတ်တော်များဖြင့် ဖြေပေးပါသည်၊ “သင်၏ ဝမ်းသည်လည်း … ခပ်သိမ်းသောလူတို့ဆီသို့၊ … မေတ္တာဖြင့် ပြည့်စေလော့၊ ကိုယ်ကျင့်သီလကိုလည်း သင်၏အတွေးများကို မရပ်မတန့် အလှဆင်စေလော့။ ထို့နောက်တွင်၊ သင်၏စိတ်ချယုံကြည်မှုသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အားကြီးလာလိမ့်မည်။”
ထိုတွင် အဖြေရှိနေပါသည်။ ကိုယ်တော်ရှင်၏ကိုယ်ပိုင်နှုတ်ကပတ်တော်အရ၊ မေတ္တာနှင့် ကိုယ်ကျင့်သီလသည် ဘုရားသခင်၏ရှေ့တော်၌ စိတ်ချယုံကြည်မှုရှိခြင်းအတွက် လမ်းဖွင့်ပေးပါသည်။ ညီအကိုမောင်နှမများခင်ဗျာ၊ ဤအရာကို ကျွန်တော်တို့ လုပ်နိုင်ပါသည်။ ကျွန်တော်တို့၏စိတ်ချယုံကြည်မှုသည် ဘုရားသခင်၏မျက်မှောက်တော်တွင် အမှန်တကယ်ပင် ယခုချက်ချင်း၊ အားကြီးလာနိုင်ပါသည်။
မေတ္တာနှင့် ကိုယ်ကျင့်သီလ နှစ်မျိုးစလုံးကို စဉ်းစားကြည့်ကြပါစို့။
ပထမ၊ မေတ္တာ။ လွန်ခဲ့သောနှစ်နှစ်က၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏ပဋိညာဉ်ပြုထားသော နောက်လိုက်များအနေဖြင့်၊ ရန်ငြိမ်းစေသူများဖြစ်ကြရန် ကျွန်တော်မေတ္တာရပ်ခံခဲ့ပါသည်။ ထိုအချိန်တုန်းက ကျွန်တော်ပြောခဲ့သည်ကို ပြန်ပြောပါမည်၊ “ဒေါသက ဘယ်တော့မှ သွေးဆောင်နိုင်မှာမဟုတ်ပါဘူး။ ရန်လိုခြင်းက မည်သူ့ကိုမျှ မပျိုးထောင်ပေးပါဘူး။ အငြင်းပွားခြင်းက လှုံ့ဆော်ခံ ဖြေရှင်းနည်းတွေဆီ ဘယ်တော့မှ ဦးတည်မသွားပါဘူး။”
ခပ်သိမ်းသောလူတို့ထံ မေတ္တာစစ်ထားခြင်းသည် ရန်ငြိမ်းစေသူများ၏ ဝိသေသလက္ခဏာ ဖြစ်ပါသည်။ အများရှေ့မှာဖြစ်စေ၊ သီးသန့်ဖြစ်စေ ကျွန်တော်တို့ လူများနှင့်ပြောဆိုဆက်ဆံရာ၌ မေတ္တာရှိနေရန် အလွန်အရေးကြီးပါသည်။ ကျွန်တော်၏ယခင်အကြံပြုချက်ကို နှလုံးသွင်းလိုက်နာခဲ့သည့် သင်တို့ကို ကျွန်တော်ကျေးဇူးတင်ပါသည်။ သို့သော် ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါသေးသည်။
လူထုဆွေးနွေးမှုများနှင့် လူမှုမီဒီယာပေါ်တွင် ယခုကာလရန်လိုနေမှုများက ထိတ်လန့်စရာကောင်းပါသည်။ အာဃာတပြည့်စကားလုံးများသည် သေစေနိုင်သောလက်နက်များဖြစ်ပါသည်။ အငြင်းပွားခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့၏အမြဲတမ်းအဖော်ဖြစ်ခြင်းမှ တားဆီးပါသည်။
ယေရှုခရစ်တော်၏နောက်လိုက်များအနေဖြင့်၊ ကျွန်တော်တို့သည် ရန်ငြိမ်းစေသူများအဖြစ် ဦးဆောင်လမ်းပြသင့်ပါသည်။ မေတ္တာသည် ကျွန်တော်တို့၏ ဇာတိသဘာဝအစိတ်အပိုင်းဖြစ်လာသည်နှင့်အမျှ၊ အခြားသူများကို ရှုတ်ချလိုစိတ် ပျောက်ဆုံးသွားပါလိမ့်မည်။ ကျွန်တော်တို့ တခြားသူများကို စီရင်ဝေဖန်ခြင်း ရပ်တန့်သွားပါလိမ့်မည်။ ကျွန်တော်တို့တွင် ဘဝဇာတ်ခုံအသီးသီးမှလူများအတွက် မေတ္တာရှိလာပါလိမ့်မည်။ ခပ်သိမ်းသောလူတို့ထံမေတ္တာထားခြင်းသည် ကျွန်တော်တို့၏တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ မေတ္တာသည် ဘုရားသခင်လက္ခဏာ၏ မဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။
ကျွန်တော်တို့၏စိတ်နှလုံးများကို သာ၍ကြီးမားသောမေတ္တာဖြင့် ပြည့်နေစေရန်—အထူးသဖြင့် ချစ်ရန်ခက်ခဲနေသူများအတွက်ပါ—မေတ္တာသည် ယေရှုခရစ်တော်၏ စစ်မှန်သောနောက်လိုက်များအတွက် ကောင်းကင်ဘုံရှင်အဘထံမှလာသော ဆုကျေးဇူးတစ်ခုဖြစ်သောကြောင့် ကောင်းကင်ဘုံရှင်အဘထံ ကျွန်တော်တို့ အသနားခံကြပါစို့။ ကယ်တင်ရှင်သည် ငြိမ်သက်ခြင်း၏အရှင်ဖြစ်ပါသည်။ ကျွန်တော်တို့က ငြိမ်သက်ခြင်းအတွက် ကိုယ်တော်၏ကိရိယာတန်ဆာများဖြစ်ကြရပါမည်။
ယခု၊ ကိုယ်ကျင့်သီလအကြောင်း ပြောကြရအောင်။ ကျွန်တော်တို့၏အတွေးများကို ကိုယ်ကျင့်သီလနှင့် မရပ်မနားဘဲ အလှဆင်ဖို့ရန် ကိုယ်တော်ရှင်က ကျွန်တော်တို့ကို မိန့်တော်မူထားပါသည်။ ကိုယ်ကျင့်သီလနှင့် အပြုသဘောဆောင်သော အတွေးမှန်သမျှကို သင်မြှင့်တင်သည့်အခါ သင်ရရှိမည့် စိတ်ခွန်အားကို စိတ်ကူးကြည့်လိုက်ပါ။ ကိုယ်ကျင့်သီလသည် အရာရာကို သာလွန်ကောင်းမွန်စေပြီး ပို၌ပျော်ရွှင်စေပါသည်။ အခြားတစ်ဖက်တွင်လည်း၊ သင်သည် မသန့်စင်သောအတွေး၊ ရက်စက်ကြမ်းကြုတ်သောအတွေး သို့မဟုတ် စိတ်ပျက်စရာကောင်းသော အတွေးတစ်ခုထဲမှာ ကိုယ်ကျင့်သီလကို ဖြည့်စွက်လိုက်သည့်အခါ၊ မည်သို့ဖြစ်လာမည်ကို စိတ်ကူးကြည့်ပါ။ ကိုယ်ကျင့်သီလသည် ထိုအတွေးများကို ဖယ်ရှားပေးပါလိမ့်မည်။ ကိုယ်ကျင့်သီလသည် စိုးရိမ်ပူပန်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသောအတွေးများမှ သင့်ကို လွတ်မြောက်စေပါလိမ့်မည်။
ညီအကိုမောင်နှမများခင်ဗျာ၊ ကမ္ဘာကြီး ပိုမိုညစ်နွမ်းလာသည်နှင့်အမျှ၊ ကျွန်တော်တို့ ပိုမိုစင်ကြယ်ရန် လိုအပ်လာပါသည်။ ကျွန်တော်တို့၏အတွေးများ၊ စကားလုံးများနှင့် အပြုအမူများသည် မပြိုလဲသော ကိုယ်ကျင့်သီလရှိရန် လိုအပ်ပြီး ခပ်သိမ်းသောလူများထံ ယေရှုခရစ်တော်၏စင်ကြယ်သောချစ်ခြင်းဖြင့် ပြည့်နေရန် လိုအပ်ပါသည်။ ကျွန်တော်တို့ရှေ့ရှိ ကြီးမားသောအခွင့်အရေးက ဘုရားသခင် ကျွန်တော်တို့ကို ဖြစ်စေလိုသည့်သူမျိုး ဖြစ်လာရန်ဖြစ်ပါသည်။
ကိုယ်တော်ရှင်၏အိမ်တော်၌ ပုံမှန်ဝတ်ပြုခြင်းသည် မေတ္တာနှင့်ကိုယ်ကျင့်သီလနှစ်ခုစလုံးအတွက် ကျွန်တော်တို့၏စွမ်းရည်ကို တိုးလာစေပါသည်။ ထို့ကြောင့်၊ ဗိမာန်တော်၌ရှိချိန်က ကိုယ်တော့်ရှေ့တော်၌ ကျွန်တော်တို့၏ စိတ်ချယုံကြည်မှုကို တိုးလာစေပါသည်။ ဗိမာန်တော်၌ရှိချိန်တိုးမြင့်လာခြင်းက ကယ်တင်ရှင်၊ ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရာတွင်ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မည်။ ကိုယ်တော်ကြွလာမည့်နေ့ သို့မဟုတ် အချိန်နာရီကို ကျွန်တော်တို့မသိရှိကြပါ။ သို့သော် ထို“ကြောက်မက်ဖွယ်သောနေ့ရက်ကြီး” အတွက် အသင့်ရှိကြဖို့ ကျွန်တော်တို့ကို တိုက်တွန်းရန် ကိုယ်တော်ရှင်က ကျွန်တော့်ကို နှိုးဆော်နေကြောင်း ကျွန်တော်သိပါသည်။
ကျွန်တော်တို့၏အသက်တာများတွင် မေတ္တာနှင့်ကိုယ်ကျင့်သီလ ပြည့်နေစေရန် လုံ့လဝီရိယထက်သန်စွာ ကျွန်တော်တို့ရှာဖွေကြသည်နှင့်အမျှ၊ ဘုရားသခင်ထံချဉ်းကပ်ရာတွင် ကျွန်တော်တို့၏စိတ်ချယုံကြည်မှု တိုးလာပါလိမ့်မည်။ ကိုယ်တော်ရှင်ရှေ့တော်၌ သင့်၏စိတ်ချယုံကြည်မှုတိုးပွားလာရန် ရည်ရွယ်ချက်ရှိသော ခြေလှမ်းများစတင်ရန် သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါသည်။ ထို့နောက်၊ တိုးလာသောစိတ်ချယုံကြည်မှုဖြင့် ကောင်းကင်ဘုံရှင်အဘထံ ကျွန်တော်တို့သွားကြသည့်အခါ၊ ကျွန်တော်တို့ ပို၍ဝမ်းမြောက်ခြင်းနှင့်ပြည့်နေမည်ဖြစ်ပြီး ယေရှုခရစ်တော်၌ သင်တို့၏ယုံကြည်ခြင်း တိုးလာပါလိမ့်မည်။ ကျွန်တော်တို့၏အကြီးမြတ်ဆုံးမျှော်လင့်ချက်များထက်ပိုပြီး ဝိညာဉ်ရေးရာတန်ခိုးကို ကျွန်တော်တို့ စတင်ခံစားရပါလိမ့်မည်။
မကြာသေးခင်နှစ်များတွင် ဗိမာန်တော်ဆောက်လုပ်ရေးကို အရှိန်မြှင့်ပေးခဲ့သည့်အတွက် ကိုယ်တော်ရှင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏လမ်းညွှန်မှုအောက်တွင်၊ ယနေ့ အောက်ပါတည်နေရာ ၁၅ခုတွင် ဗိမာန်တော်ဆောက်လုပ်မည့် အစီအစဉ်များကို ကျွန်တော်တို့ကြေညာပါမည်၊
-
ရီနိုဆာ၊ မက္ကဆီကို
-
ခိုရီလို့စ်၊ ပီရူး
-
ရီဗီရာ၊ ဥရုဂွေး
-
ကမ်ပိုဂရန်းဒီ၊ ဘရာဇီး
-
ပေါ်တို၊ ပေါ်တူဂီ
-
ယူယို၊ နိုင်ဂျီးရီးယား
-
ဆန်ဂျိုးစ်ဒဲလ်မွန်တီ၊ ဖိလစ်ပိုင်
-
နူမီယာ၊ နယူးကယ်လီဒိုးနီးယား
-
လီဗာပူး၊ ဩစတြေးလျ
-
ကော့ဒ်ဝဲလ်၊ အိုင်ဒါဟို
-
ဖလက်စတက်ဖ်၊ အရီဇိုးနား
-
ရက်ပစ်စီးတီး၊ တောင်ဒကိုတာ
-
ဂရင်းဗီးလ်၊ တောင်ကာရိုလိုင်းနား
-
နော်ဖော့ခ်၊ ဗာဂျီးနီးယား
-
စပန်နစ်ရှ်ဖော့ခ်၊ ယုတ
ယေရှုခရစ်တော်က၊ သူ၏ဤအသင်းတော်ကို ဦးဆောင်နေသော၊ ဣသရေလ၏ရွေးနုတ်ရှင် ဖြစ်ကြောင်း ကျွန်တော်သက်သေခံပါသည်။ ကိုယ်တော်က တဖန်ကြွလာဖို့ရန် ပြင်ဆင်နေပါသည်။ ကိုယ်တော့်ကိုလက်ခံရန် ကျွန်တော်တို့ အလားတူပြင်ဆင်ကြရအောင်ခင်ဗျာ။ ဤအရာကို ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါသည်၊ အာမင်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, May 2025. ၏ဘာသာပြန်။ Burmese. 19602