2025
“ငါ့ထံသို့ ချဉ်းကပ်ကြလော့”
မေ ၂၀၂၅


လစဉ် လီယာဟိုနာ အမှာစကား၊ မေ ၂၀၂၅

“ငါ့ထံသို့ ချဉ်းကပ်ကြလော့”

ယေရှုခရစ်တော်သည် ကျွန်တော်တို့အယောက်စီတိုင်းကို ချစ်ပါသည်။ ကိုယ်တော်က ကျွန်တော်တို့ကို သူ့ထံသို့ချဉ်းကပ်ကြရန် အခွင့်အရေးပေးပါသည်။

ကျွန်တော်ချစ်ရသော ညီအစ်ကိုညီမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ဤအထွေထွေညီလာခံ၌ သင်တို့နှင့်အတူရှိခြင်းက ကျွန်တော့်အတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။ ဤသည်မှာ သူ၏အသင်းတော်ဖြစ်ပါသည်။ ကိုယ်တော်၏နာမတော်၌ ကမ္ဘာတစ်ဝှမ်းလုံးရှိ အဆောက်အအုံများနှင့်နေအိမ်များတွင် ကျွန်တော်တို့ စုဝေးကြပါသည်။

ပဋိညာဉ်အားဖြင့် ကိုယ်တော်၏နိုင်ငံတော်သို့ ကျွန်တော်တို့ဝင်ရောက်ကြသည့်အခါ ကိုယ်တော်၏နာမတော်ကို ကျွန်တော်တို့အပေါ်မှာခံယူကြပါသည်။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ပြီး ဘုန်းထင်ရှားသော ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ ကျွန်တော်တို့သည် အပြစ်နှင့်သေခြင်း၏ဩဇာခံ၊ လူ့ဇာတိများဖြစ်ကြပါသည်။ သို့သော်လည်း၊ ကျွန်တော်တို့အယောက်စီတိုင်းအတွက် သူ၏မေတ္တာတော်ကြောင့်၊ ကယ်တင်ရှင်က သူ့ထံသို့ချဉ်းကပ်ကြရန် ကျွန်တော်တို့ကို ဖိတ်ခေါ်ပါသည်။

သင်္ချိုင်းမှ ပေါ်ထွက်လာသော ကယ်တင်ရှင်။

ဤသည်မှာ ကျွန်တော်တို့အတွက် သူ၏ဖိတ်ခေါ်ချက်ဖြစ်ပါသည်၊ “ငါ့ထံသို့ ချဉ်းကပ်ကြလော့၊ ငါသည်လည်း သင်တို့ထံသို့ ချဉ်းကပ်တော်မူမည်။ ငါ့ကို လုံ့လဝီရိယထက်သန်စွာ ရှာကြလော့၊ သင်တို့သည် ငါ့ကို တွေ့ကြလိမ့်မည်။ တောင်းကြလော့၊ သင်တို့ရကြလိမ့်မည်။ ခေါက်ကြလော့၊ သင်တို့အား ဖွင့်ပေးလိမ့်မည်။”

ကယ်တင်ရှင်ယေရှုခရစ်တော်ထံသို့ နီးကပ်မှုကို ကျွန်တော်တို့ ခံစားရသည့်အချိန်များရှိပါသည်။ သို့သော်လည်း၊ တစ်ခါတစ်ရံ ကျွန်တော်တို့၏သေခြင်းရှိရာစုံစမ်းခြင်းများအတွင်း၊ ကိုယ်တော့်ထံမှ အနည်းငယ်ဝေးကွာသည်ဟု ကျွန်တော်တို့ခံစားရပြီး ကျွန်တော်တို့နှလုံးသားထဲရှိအရာကို ကိုယ်တော်သိရှိကာ တစ်ဦးချင်းစီအတိုင်း ကျွန်တော်တို့ကို ချစ်ကြောင်း ယုံကြည်စိတ်ချမှုအတွက် အလိုရှိကြပါသည်။

ကယ်တင်ရှင်၏ဖိတ်ခေါ်ချက်တွင် ထိုယုံကြည်စိတ်ချမှုကိုခံစားရရန်နည်းလမ်းပါဝင်ပါသည်။ ကိုယ်တော့်အားအစဉ်အမြဲအောက်မေ့ခြင်းအားဖြင့် သူ့ထံသို့ ချဉ်းကပ်ကြပါ။ ကျမ်းစာလေ့လာခြင်းမှတဆင့် ကိုယ်တော့်ကို လုံ့လဝီရိယထက်သန်စွာ ရှာဖွေပါ။ သူ၏ချစ်လှစွာသောသားတော်နှင့် နီးကပ်မှုကိုခံစားရရန် ကောင်းကင်ဘုံရှင်အဘထံ နှလုံးသားအပြည့်နှင့်ဆုတောင်းခြင်းဖြင့်တောင်းလျှောက်ပါ။

ဤအကြောင်းကိုစဉ်းစားရန် ရိုးရှင်းသောနည်းလမ်းတစ်ခုရှိပါသည်။ ထိုအရာသည် ချစ်ခင်ရသောမိတ်ဆွေများထံမှ တစ်ခဏကြာ သင့်ကိုခွဲခွာထားမည်ဆိုလျှင် သင်ပြုလုပ်မည့်အရာပင်ဖြစ်ပါသည်။ သူတို့နှင့် ဆက်သွယ်ရန်နည်းလမ်းကို သင်ရှာဖွေပါလိမ့်မည်၊ သူတို့ထံမှရရှိခဲ့သော မည်သည့်အမှာစကားကိုမဆို သင်တန်ဖိုးထားသိမ်းဆည်းပြီး သူတို့ကိုကူညီရန် သင်တတ်နိုင်သမျှကို လုပ်ပါလိမ့်မည်။

ထိုသို့ဖြစ်လာမှုများလေလေ၊ အချိန်ပိုကြာလေလေဖြစ်ကာ ပိုမိုလေးနက်သော ချစ်ခြင်းမေတ္တာ၏ နှောင်ကြိုးကို အားဖြည့်ပေးလိမ့်မည်ဖြစ်ပြီး သင်ကိုယ်တိုင်ပို၍နီးရာသို့ပင် ချဉ်းကပ်လာနေသည်ကို ခံစားရပါလိမ့်မည်။ တန်းဖိုးထားရသောဆက်သွယ်မှုနှင့် အချင်းချင်းကူညီရန်အခွင့်အရေးမရှိဘဲ အချိန်အတော်ကြာကုန်လွန်သွားခဲ့လျှင် နှောင်ကြိုးသည် အားလျော့သွားပါလိမ့်မည်။

ယေရှုခရစ်တော်က ကျွန်တော်တို့အယောက်စီတိုင်းကို ချစ်ပါသည်။ သူ့ထံသို့ချဉ်းကပ်လာရန် ထိုအခွင့်အရေးကို သူပေးပါသည်။ ချစ်ခင်ရသောမိတ်ဆွေတစ်ဦးနှင့်အတူရှိသကဲ့သို့၊ ယေရှုခရစ်တော်၏နာမတော်၌ ကောင်းကင်ဘုံရှင်အဘထံ ဆုတောင်းခြင်းမှတဆင့် ဆက်သွယ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အဖိုးထိုက်သောလမ်းညွှန်မှုကို နားစွင့်ခြင်း၊ ပြီးနောက် ကယ်တင်ရှင်အတွက် တစ်ပါးသူများကို ရွှင်လန်းစွာ အစေခံခြင်းအားဖြင့် သင်လည်း အလားတူနည်းလမ်းအတိုင်း ပြုလုပ်ပါလိမ့်မည်။ မကြာခင်မှာ ကိုယ်တော့်ထံသို့ချဉ်းကပ်ခြင်း၏ ထိုကောင်းချီးကို သင်ခံစားရပါလိမ့်မည်။

ကျွန်တော်၏ငယ်ရွယ်စဉ်ဘဝတွင် ၊ ပညတ်တော်များကိုနာခံခြင်း၏ ရိုးရှင်းသောအပြုအမှုများအားခြင့် ကယ်တင်ရှင်ထံပိုမိုနီးကပ်လာခြင်းနှင့် ကျွန်တော့်ထံသို့ ကိုယ်တော်၏ပိုမိုနီးကပ်လာခြင်း၏ဝမ်းမြောက်မှုကို ကျွန်တော်တွေ့ကြုံခဲ့ရပါသည်။ ကျွန်တော်ငယ်စဉ်အခါက၊ ပွဲတော်မင်္ဂလာကို ညနေအစည်းအဝေးတစ်ခုအတွင်းမှာ ဝေငှခဲ့ပါသည်။ လွန်ခဲ့သော ၇၅နှစ်ကျော်က၊ အပြင်ဘက်တွင် မှောင်မိုက်ပြီး အေးစက်နေသော ညတစ်ညကို ကျွန်တော်မှတ်မိနေပါသေးသည်။ သူ၏သားတော်အား အစဉ်အမြဲအောက်မေ့ပြီး သူ၏ပညတ်တော်များကိုစောင့်ထိန်းရန် ကျွန်တော်တို့၏ ကောင်းကင်ဘုံရှင်အဘနှင့် ပဋိညာဉ်ပြုရင်း၊ ပွဲတော်မင်္ဂလာသုံးဆောင်ဖို့ သန့်ရှင်းသူများနှင့်စု‌ဝေးရန် ပညတ်တော်ကို ကျွန်တော်စောင့်ထိန်းခဲ့ကြောင်း နားလည်သဘောပေါက်ခဲ့စဉ်မှာ အလင်းနှင့်နွေးထွေးမှုခံစားချက်တစ်ခုကို ကျွန်တော်အောက်မေ့မိပါသည်။

ထိုညကအစည်းအဝေးအပြီးတွင်၊ “အို ကယ်တင်ရှင်၊ ဤညကျွန်ုပ်နှင့်နေမူပါ” အမှတ်ရစရာစကားလုံးများဖြင့်၊ “ကျွန်ုပ်နှင့်နေမူပါ၊ ညနေရောက်လုခါ၊” ဓမ္မတေးသီချင်းကို ကျွန်တော်တို့သီဆိုခဲ့ကြပါသည်။

ငယ်ရွယ်သောကောင်ကလေးတစ်ယောက်အဖြစ်နှင့်ပင်၊ ကျွန်တော့်ထံ ဝိညာဉ်တော်၏ စွမ်းအားထက်သောခံစားမှုတစ်ခုကို ဤစကားလုံးများက ယူဆောင်ပေးခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်မှုအားဖြင့် ထိုညနေခင်း၌ ကယ်တင်ရှင်၏ချစ်ခြင်းနှင့် နီးကပ်မှုကို ကျွန်တော်ခံစားခဲ့ရပါသည်။

ကျွန်တော်ငယ်စဉ်က ထိုပွဲတော်မင်္ဂလာအစည်းအဝေးအတွင်း ကိုယ်တော်ရှင်အားကျွန်တော်ခံစားခဲ့ရသည့် ကယ်တင်ရှင်၏ချစ်ခြင်းနှင့် နီးကပ်မှု၏ အလားတူခံစားချက်ကို နှစ်များစွာကြာပြီးနောက် ကျွန်တော်ပြန်လည်ဆန်းသစ်လိုခဲ့ပါသည်။ ထို့ကြောင့် နောက်ထပ်ရိုးရှင်းသောပညတ်တော်ကို ကျွန်တော်စောင့်ထိန်းခဲ့ပါသည်၊ ကျွန်တော် ကျမ်းစာများကို စေ့စေ့ကြည့်ရှုခဲ့ပါသည်။

ရှင်လုကာခရစ်ဝင်ကျမ်းတွင်၊ သစ္စာရှိသောအစေခံတို့သည် ကယ်တင်ရှင်အားချစ်ခြင်းကြောင့် ကိုယ်တော်၏အ​လောင်း​တော်​ကို ဆီလိမ်းရန်လာကြသည့်အခိုက်၊ ကိုယ်တော်၏ကွပ်မျက်ခံရခြင်းနှင့် သင်္ဂြိုဟ်ခြင်းပြီးနောက် သုံးရက်မြောက်နေ့အကြောင်း ကျွန်တော်ဖတ်ခဲ့ပါသည်။ သူတို့ရောက်ရှိသောအခါ၊ သင်္ချိုင်းမှပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို သူတို့တွေ့​မြင်ပြီး ကိုယ်တော်၏အ​လောင်း​တော်​ကိုထိုအရပ်တွင်မတွေ့ခဲ့ကြပါ။

ခရစ်တော်၏သင်္ချိုင်းအပြင်ဘက်ရှိ ကောင်းကင်တမန်တပါး။

ကောင်းကင်တမန်နှစ်ပါးတို့သည်ရပ်လျက် အဘယ်ကြောင့် သူတို့ကြောက်လန့်ကြသနည်းဟု မေးခဲ့ပါသည်။

“သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။

“ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။ ဂါ​လိ​လဲ​ပြည်၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို အောက်​မေ့​ကြ​ဦး​၊

“လူ​သား​သည် ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု ဆို​ကြ​သည်​။”

ဧ​မောက်​ရွာသို့သွားရာလမ်းရှိ ခရစ်တော်နှင့်တပည့်တော်များ။

ထိုညနေစောင်းနေဝင်ချိန်တွင်၊ တပည့်တော်နှစ်ယောက်သည် ယေ​ရု​ရှ​လင်​မြို့မှ ဧ​မောက်​ရွာသို့သွားရာလမ်း၌ လမ်းလျှောက်ခဲ့ကြပြီး ရှင်ပြန်ထမြောက်သောကိုယ်တော်ရှင်သည် သူတို့ထံပေါ်လာခဲ့ကာ သူတို့နှင့်အတူလမ်းလျှောက်ခဲ့ပါသည်။

ရှင်လုကာခရစ်ဝင်ကျမ်းသည် ထိုညနေခင်းတွင် သူတို့နှင့်အတူ လမ်းလျှောက်ရန် ကျွန်တော်တို့ကိုအခွင့်ပေးပါသည်၊

“ထို​သို့ ဆွေး​နွေး​ပြော​ဆို​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် ချဉ်း​ကပ်၍ သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။

“ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။

“ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊

“သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။”

ယေရှုသည် ဣသရေလလူမျိုး၏ရွေးနုတ်ရှင်ဖြစ်လိမ့်မည်ဟု သူတို့ယုံကြည်ခဲ့လျက်နှင့် ကိုယ်တော်သေဆုံးသွားခဲ့သည့်အကြောင်း သူတို့၏ဝမ်းနည်းခြင်းကို ကိုယ်တော့်အား ပြောပြခဲ့ကြပါသည်။

ဤဝမ်းနည်း၌ငိုကြွေးမြည်တမ်းနေသောတပည့်တော်နှစ်ယောက်အား ကိုယ်တော်စကားပြောသည့်အခါ ထမြောက်လာသောကိုယ်တော်ရှင်၏အသံတော်တွင် ချစ်ခြင်းမေတ္တာပါရှိခဲ့သည်မှာ သေချာပါသည်။

ကျွန်တော် ဆက်လက်ဖတ်ရှုခဲ့သောအခါ၊ ကျွန်တော် ငယ်ရွယ်သောကောင်လေးတစ်ယောက် ဖြစ်ခဲ့စဉ်က ကျွန်တော်ခံစားရခဲ့သည့်အတိုင်းပင်၊ ကျွန်တော့်နှလုံးသားကို နွေးထွေးစေသော ဤစကားများ ပေါ်ထွက်လာခဲ့ပါသည်။

“ထို​တ​ပည့်​တော်​တို့​သည် သွား​သော​ရွာ​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သည် ထို​ရွာ​ကို​လွန်၍ သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ပြ​တော်​မူ​လျှင်၊

“ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန်ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။”

တပည့်တော်များနှင့်အတူထိုင်နေသောခရစ်တော်။

ကယ်တင်ရှင်သည် ထိုညတွင် သူ၏တပည့်တော်များ၏အိမ်သို့ဝင်ရန် ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ပါသည်။ ကိုယ်တော်သည် စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​၏။ ကိုယ်တော်သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​၏။ သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။

ရှင်လုကာသည် ထိုကောင်းချီးခံရသောတပည့်တော်တို့၏ခံစားချက်များကို ကျွန်တော်တို့အတွက်မှတ်တမ်းတင်ခဲ့ပါသည်၊ “တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည်မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။”

ထို့နောက် တပည့်တော်နှစ်ယောက်တို့သည် ဖြစ်ပျက်ခဲ့သည်ကို တစ်ဆယ့်တစ်ပါးသော တမန်တော်တို့အား ပြောပြရန် ယေရုရှလင်မြို့သို့ အလျင်အမြန် ပြန်သွားခဲ့ကြပါသည်။ သူတို့၏အတွေ့အကြုံကို သူတို့ဝေငှနေစဉ်၊ ကယ်တင်ရှင်သည် နောက်တစ်ကြိမ် ပေါ်လာတော်မူခဲ့ပါသည်။

ကိုယ်တော်သည် သူတို့အလယ်တွင်ရပ်ခဲ့ပြီး “သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်းဟု​မိန့်​တော်​မူ၏။” ထိုနောက် ကိုယ်တော်သည် သူ့အဘ၏သားသမီးအားလုံး၏အပြစ်များအတွက် အပြစ်ဖြေပေးရန်နှင့် သေခြင်း၏ကြိုးတို့ကိုဖြတ်ရန် သူ့သာသနာတော်၏ ပရောဖက်ပြုဟောချက်များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။

“ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။

“ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။

“သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။”

မော်မုန်ရေများ​၌ သွန်သင်ပေးနေသောအယ်လမာ။

သူ၏ချစ်လှစွာသောတပည့်တော်များကဲ့သို့ပင်၊ ဗတ္တိဇံခံခြင်းတံခါးအားဖြင့် ဝင်ရောက်ရန်ရွေးချယ်ခဲ့သော ကောင်းကင်ဘုံရှင်အဘ၏ကလေးတိုင်းသည် ကယ်တင်ရှင်၏သက်သေဖြစ်ရန်နှင့် ကျွန်တော်တို့၏သေခြင်းရှိရာအသက်တာများတစ်လျှောက် လိုအပ်သူများကို ပြုစုစောင့်ရှောက်ကြရန် ပဋိညာဉ်အောက်၌ရှိကြပါသည်။ လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက မော်မုန်ရေများ၌ မော်မုန်ကျမ်း၏ ကြီးမြတ်သောပရောဖက်အယ်လမာအားဖြင့် ကျွန်တော်တို့အတွက် ဤကတိကဝတ်ပြုမှုကို ထင်ရှားစွာပြုခဲ့ပါသည်။

“သင်တို့သည် ဘုရားသခင်၏​သိုးစုထဲသို့ဝင်၍ သူ၏​လူမျိုးဟု အခေါ်​ခံရရန် အလို​ရှိလျက်၊ တစ်ယောက်နှင့်တစ်ယောက်၏​ဝန်များကို ပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန် လိုလား​ကြသဖြင့်၊

“ထိုမှတစ်ပါး၊ ငိုကြွေးမြည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်းရန် လိုလိုလားလားရှိကြ၏။ ထိုမှတစ်ပါး၊ နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကိုနှစ်သိမ့်ပြီး၊ ခပ်သိမ်းသောကာလတို့၌လည်းကောင်း၊ ခပ်သိမ်းသောအရာတို့၌လည်းကောင်း၊ … ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း သေခြင်းသို့တိုင်အောင်ပင် ဘုရားသခင်၏ သက်သေများအဖြစ် ရပ်တည်လျက်ရှိသည်မှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့်၊ ရွေးနုတ်တော်မူခြင်းကိုခံလျက်၊ … ထာဝရအသက်ကို ရရှိနိုင်ကြစေခြင်းငှာပေတည်း။”

သင်တို့သည် ဤကတိတော်များအား သစ္စာရှိကြသည်နှင့်အမျှ၊ သင်တို့၏ဝန်များကိုပေါ့စေရန်ပြုလုပ်ပေးကာ သင်တို့၏အစေခံခြင်း၌ ကိုယ်တော်ရှင်သည် သင်တို့နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာရန် သူ၏ကတိကိုတည်ကြောင်း သင်တို့တွေ့ရှိပါလိမ့်မည်။ သင်တို့သည် ကယ်တင်ရှင်ကိုသိကျွမ်းလာပြီး၊ အချိန်တန်လာသည့်အခါ သင်တို့သည် ကိုယ်တော်ကဲ့သို့ဖြစ်လာကြ၍ “သူ့​အားဖြင့် စုံလင်ရာသို့ ရောက်​စေကြလော့။” ကယ်တင်ရှင်အတွက် တစ်ပါးသူများကိုကူညီခြင်းအားဖြင့်၊ သင်တို့သည်သူ့ထံသို့ပိုမိုချဉ်းကပ်လာကြောင်း တွေ့ရှိပါလိမ့်မည်။

သင်တို့အများစုတွင် ထာဝရအသက်လမ်းမှလမ်းလွဲနေသောချစ်ခင်ရသောသူများရှိကြပါသည်။ သူတို့ကိုပြန်ခေါ်ဆောင်လာရန် သင်ဘာများထပ်လုပ်ပေးနိုင်သည်ကို သင်တွေးမိပါလိမ့်မည်။ ကိုယ်တော်ရှင်အားယုံကြည်ခြင်းဖြင့် သင်အစေခံသည်နှင့်အမျှ သူတို့ထံပိုမိုချဉ်းကပ်လာရန် ကိုယ်တော့်အား သင်အားကိုးနိုင်ပါသည်။

ဂျိုးဇက်စမစ်နှင့်ဆစ်ဒနီရစ်ဂဒွန်တို့သည် ကိုယ်တော်၏အမှုတော်များအတွက် သူတို့၏မိသားစုများမှဝေးကွာနေသောအချိန်တွင် သူတို့အားပေးသော ကိုယ်တော်ရှင်၏ကတိတော်ကို သင်အောက်မေ့နိုင်ပါသည်၊ “ငါ၏အဆွေခင်ပွန်း ဆစ်ဒနီနှင့် ဂျိုးဇက်၊ သင်တို့မိသားစုများသည် ကောင်းစွာရှိကြ၏။ သူတို့သည် ငါ၏လက်တော်ထဲ၌ ရှိကြ၏၊ ငါကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း သူတို့ကို ပြုတော်မူမည်။ အကြောင်းမူကား၊ ငါ့၌ ခပ်သိမ်းသောတန်ခိုးရှိ၏။”

လိုအပ်နေသူများ၏အနာများကို သင်စည်းပေးသည်နှင့်အမျှ၊ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် သင့်ကိုထောက်မပါလိမ့်မည်။ ကိုယ်တော်၏လက်တော်သည် သင်၏လက်နှင့်အတူ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘ၏ သားသမီးများကို မစရန်နှင့် ကောင်းချီးပေးရန် ဆန့်တန်းပါလိမ့်မည်။

ယေရှုခရစ်တော်၏ပဋိညာဉ်ပြုထားသောအစေခံတိုင်းသည် ကိုယ်တော့်အတွက် တစ်ပါးသူများကိုကောင်းချီးပေးပြီး အစေခံသည်နှင့်အမျှ ဝိညာဉ်တော်ထံမှ ကိုယ်တော်၏လမ်းညွှန်မှုကို ရရှိပါလိမ့်မည်။ ထို့နောက် သူတို့သည် ကယ်တင်ရှင်၏ချစ်ခြင်းကိုခံစားရပြီး သူ့ထံသို့ချဉ်းကပ်လာခြင်း၌ ဝမ်းမြောက်မှုကို တွေ့ရှိပါလိမ့်မည်။

ဧမောက်ရွာသို့သွားရာလမ်းရှိ အိမ်ထဲ၌ တပည့်တော်နှစ်ယောက်နှင့်အတူ ကျွန်တော်အမှန်ပင်ရှိနေသကဲ့သို့ ကျွန်တော်သည်ကိုယ်တော်ရှင်၏ရှင်ပြန်ထမြောက်ခြင်း၏ သက်သေတစ်ဦးဖြစ်ပါသည်။ ကိုယ်တော်အသက်ရှင်ကြောင်း ကျွန်တော်သိပါသည်။

ဤသည်မှာ ကိုယ်တော်၏စစ်မှန်သောအသင်းတော်—ယေရှုခရစ်တော်၏အသင်းတော် ဖြစ်ပါသည်။ တရားစီရင်သောနေ့တွင်၊ ကျွန်တော်တို့သည် ကယ်တင်ရှင်ရှေ့တော်၌ မျက်နှာချင်းဆိုင်ရပ်ကြပါမည်။ ဤဘဝတွင် ကိုယ်တော်၏အမှုတော်၌ သူ့ထံသို့ချဉ်းကပ်ခဲ့ကြပြီး “သာဓု၊ သစ္စာရှိသော ငယ်သားကောင်း” ဟုဆိုသည့် ကိုယ်တော်၏စကားတော်ကို ကြားရရန် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနိုင်သောသူတို့အတွက် ကြီးမြတ်သောဝမ်းမြောက်ခြင်းအချိန်ဖြစ်လာပါမည်။

ထမြောက်တော်မူသောကယ်တင်ရှင်နှင့် ကျွန်တော်တို့၏ရွေးနုတ်ရှင်၏ သက်သေတစ်ဦးအဖြစ် ကျွန်တော်သက်သေခံပါသည်၊ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။

မှတ်စုများ

  1. ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၆၃

  2. “ကျွန်ုပ်နှင့်နေမူပါ၊ ညနေရောက်လုခါ၊” ဓမ္မသီချင်းများ၊ နံပါတ်၊ ၁၆၅။

  3. ရှင်လုကာ ၂၄:၅-၇

  4. ရှင်လုကာ ၂၄:၁၅-၁၈

  5. ရှင်လုကာ ၂၄:၂၈-၂၉

  6. ရှင်လုကာ ၂၄:၃၂

  7. ရှင်လုကာ ၂၄:၃၆

  8. ရှင်လုကာ ၂၄:၄၆-၄၈

  9. မောဇိယ ၁၈:၈-၉

  10. မော်ရော်နိုင်း ၁၀:၃၂

  11. ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၀:၁

  12. ရှင်မဿဲ ၂၅:၂၁